Lotayamm

search
မာတိကာ

contents

ထိပ်ဆုံးစာမျက်နှာ > ဝတ္ထုများ

ပြန်လည်ခံစားဂန္တဝင်ဝတ္ထုများ
Chapter 1
အကြည်တော်

လေနီရိုင်းက ဗြုတ်ဗြုတ်ဗြုန်းနေတော့သကိုး . . .
ကောင်းကင်မှ ကြမ်းတမ်းစွာ ဗြုတ်ဗြုတ်ဗြုန်းနေသော လေနီရိုင်းတို့သည် နီးစပ်ရာ သစ်ပင်အို သစ်ခြောက်ပင်များကို မွှေ့ယမ်းပြီးသကာလ မြေနီလမ်းကလေးသို့ အရှိန်ပြင်းစွာ ဆင်းသက်လာပြီး ပုတ်အဲ့အဲ့ ရေမြောင်းကိုဖြတ်ကာ ခြောက်ချောင်းနှစ်ပင်ကျယ် ခြံဝင်းတံခါးမှနေ၍ ခြုံတွင်းရှိ ရှုပ်ထွေးနေသော သပွတ်ပင်များကို လှီးလွှဲရင်း လေးတိုင်တစ်ခန်း ဝါးထရံအိမ်ကလေးထဲသို့ အရှိန်ပြင်းစွာဝင်လာ၏။
ထိုအိမ်ကလေးတွင်ရှိနေသော ကျွန်ုပ်အလှပြင်နေ၏။
ကျွန်ုပ်၏နီတျာတျာနှုတ်ခမ်းကို ပို၍ နီတျာတျာ ဖြစ်စေရန် ကွမ်းယာကို လှိမ့်ဝါးနေလိုက်၏။
သုံးလွန်းတင်မှယေင်ဖြစ်သော ကျွန်ုပ်၏ သျှောင်ထုံးကို ခပ်မြင့်မြင့် ထုံးလိုက်၏။ မှန်ကြည့်ပြီး သွားဖြဲကြည့်၏။ နီတျာတျာနှုတ်ခမ်းအောက် မည်းတက်လာသော ကွမ်းချိုးအထပ်ထပ် သွားနှစ်ချောင်းပေါ်လာ၏။ ကျွန်ုပ်ပို၍ သဘောကျသွား၏။ ဒါမှ ဓါတုကလျာသွား။ ကွမ်းဝါးလွန်း၍ သွားများမည်းနေသော ဓါတုကလျာအကြောင်း ကျွန်ုပ်စာအုပ်တစ်အုပ်ထဲတွင် ဖတ်ဖူး၏။ ဓါတုကလျာ၏ ထိုသွားမည်းမည်းကိုပင် နတ်ရှင်နောင်က အသားတုန်ဖူး၏။
ကျွန်ုပ်အား မည်သည့်မဒီကလေးများက အသားတုန်မည်နည်း။ ခန့်ညားလေစွ၊ ချောမောပေစွ၊ ကျက်သရေရှိလှပေစွ . . .
ဤကဲ့သို့ ရုပ်ရည်ရူပကာ တင့်တောင့်တင့်တယ်ရှိလွန်းလှသော ကျွန်ုပ်ကိုပင် တချို့က အပြစ်ဆိုချင်သေး . . .။ မည်သူတွေက ဆို၍နည်း မေးစရာရှိအံ့ . . ။
မည်သူရှိအံ့နည်း . . . ။
စိန်အုံးမှလွဲ၍ မည်သူရှိဦးမည်နည်း။
ကျွန်ုပ်ကား ဂျာနယ်တစ်စောင်တွင် အယ်ဒီတာလုပ်နေတုန်း အနှီစိန်အုံး၏ ဂျာနယ်စလစ်ကို ပိုက်ဘော မိသွားသည့်အကြောင်းကို မိတ်ဆွေတို့သိပြီးဖြစ်လိမ့်မည်။ ထိုစလစ်ထဲတွင်ရေးထားသော စာအပြည့်အစုံကိုတော့ မိတ်ဆွေ သိကောင်းမှ သိပေလိမ့်မည်။ ထိုစာတစ်စောင်ကောင်းမှုကြောင့်ပင် ကျွန်ုပ်မှာ အယ်ဒီတာအလုပ်က နှုတ်ထ်ွကလိုက်ပြီး ကျွန်ုပ်၏အခွက်မည်းမည်း အရှက်သည်းစွာဖြင့် အိမ်တွင်းရို့ရို့ ပုန်းလို့သာနေတော့ချေသည် တမုံ့။
မရှက်ခံနိုင်ရိုးလားမိတ်ဆွေ၊ အနှီစိန်အုံးရေးသားထားသော သက်ကြီးအဘိုးအို၏ စာပေနိဂုံး ဝတ္ထုကြီးမှာ ကျွန်ုပ်၏ငယ်ကျိုးငယ်နာ၊ ကြီးကျိုးကြီးနာ၊ အိုကျိုးအိုနာများကို စပါယ်ယာဆန်သော အသုံးအနှုန်း အပေါင်ဆိုင် ဆန်သော အရေးအသားများနှင့် ဟေးလားဝါးလားရေးသားထားသည်ကား ကျွန်ုပ်ကိုယ်ကျွန်ုပ်ပင် အော်ဂလီ ဆန်နေမိတော့၏။ (ဒါကြောင့် မှန်ကြည့်အလှပြင်နေတာ) ကြည့်လေ သူရေးသားထားသည်များက . . .
ကျွန်ုပ်ငယ်စဉ်တောင်ကျေးကလေးဘဝကပေါက်ခဲ့ဖူးသော ဝဲစိုဝဲခြောက်အရေအတွက်ကို ပေါင်ခြံ ပေါင်ကြားပါမချန်ရေတွက်၍ ရေးပြသည့်ဝဲစာရင်း။ ကျွန်ုပ်၏အချစ်ဦးမှာ ပစ်ဂမီကဲ့သို့ ခေါင်းကြီး ကိုယ်သေး မမေပွေးပင်ဖြစ်ကြောင်း . . .။ ထိုပစ်ဂမီအပုမကပင် ကျွန်ုပ်ကို အသည်းခွဲသွားသဖြင့် အသည်းကွဲစာ များရေးပြီး စာရေးဆရာအမည်ခံခဲ့ကြောင်း။ စာပေလောကတွင် နှစ်ပေါင်းများစွာ ကျင်လည်ခဲ့သည်မှာလည်း အခြားအလုပ်ဘာအလုပ်မှ မယ်မယ်ရရ လုပ်မရ၍ဖြစ်ကြောင်း အခြားအလုပ်များကိုလည်း ချွေးစိုလျှင် မေးတိုမည်စိုး၍ လည်းကောင်း၊ ချွေးထွက်လျှင် မေးကွက်မည်စိုး၍လည်းကောင်း စသည်များအပြင်၊ စာပေကိုလည်း ဝါသနာပါ၍မဟုတ်ဘဲ တောင်ဒဂုံတစ်လုံး မြောက်ဒဂုံတစ်လုံးရေးပြီး အယ်ဒီတာများကို အရက်တိုက်ခါ အတင်းရော အဓမ္မရော အနိုင်ကျင့်ပြီး ထည့်ခိုင်းခြင်းဖြစ်ကြောင်း၊ မူးလျှင်လည်း အရစ်လွန်လှသဖြင့် မူလီစက်ရုံမှပင်အလုပ်ခေါ်ဖူးကြောင်း၊ ဂန္ထဝင်စာပေများကိုလည်း တစ်လုံးတစ်ပါဒမှ မရေးဖူးသည့်အပြင် တီထွင်ရေးသားသော စကားလုံးအသစ်အဆန်းလည်း ဘာတစ်ခုမှ မရှိကြောင်း။ ထို့ကြောင့် ကျွန်ုပ်မှာ စာပေသက်ကြား လူလုပ်စားကြီးဖြစ်ကြောင်း စသည်ဖြင့် ဖြစ်ကြောင်းကုန်စင်ကို မချွင်းမချန် ရေးသားထားသည့်အတွက် ကျွန်ုပ်စာပေနယ်အတွင်း၌ မည်သို့မျက်နှာပြရတော့အံ့နည်း . . .။ ကျွန်ုပ်အခွက် မည်းမည်းမည်သည့် ကြားဖွက်၍ အရှက်သည်းရတော့မည်နည်း။ (မိတ်ဆွေ . . . နေရာသိက ပြောပြပါ။)
ထို့ကြောင့် ကျွန်ုပ်ကား ဂျာနယ်အယ်ဒီတာအလုပ်မှ အနားယူ၍ ကျွန်ုပ်၏ စာပေသိက္ခာကို အဖတ်ဆယ်နိုင်ရန် အိမ်တွင်းအောင်းလျက် အလှပြင် (အဲလေ . . .) ဂန္ထဝင်စာပေရေးသားရန်အတွက် (အထင်ကရစာပေပညာရှင် စာရင်းဝင်နိုင်ရန်အတွက်) ထူးခြားဆန်းကျယ်သော ဂန္ထဝင်ဝတ္ထုကြီး၏အစ စာတန်းကို ဤသို့ပိုင်နိုင်စွာ ချရေးလိုက်လေတော့၏။
လေနီရိုင်းကား ဗြုတ်ဗြုတ်ဗြုန်းတော့သကိုး . . .
“မဟုတ်ဘူး . . . မဟုတ်ဘူး . . . ငါပြောတာ နင့်လက်ထဲက ကြက်ခြေထောက်”
“ဟေ့ကောင် . . . ဒါ . . . ငါ့ဟာကွ . . . ငါ့ဟာ”
“ဘာမင်းဟာလဲ . . . ငါ့ဟာတွေကို ပြန်မပေးရင်ထိုးမှာနော်”
“ခွပ် . . . ခွပ် . . .”
စကားပင်နောက်ကျ၏။ မြင်းပြေးသလို တခွပ်ခွပ် အသံများ . . .
“ဟင် . . . နင်က ငါ့မောင်ကို ထိုးတာပေါ့လေ ဟေ့ကောင် . . . ကဲကွာ . . .”
“ဂေါင် . . . ဂေါင်”
“အမေရေ့ကွဲပါပြီ . . .”
“တော့ . . . ကိုကောင်လေး . . . လာပါဦး . . . ကူပါဦး”
“ဟေ . . . ဘာတုံးဟ”
သွားပြီ လေနီရိုင်းဗြုတ်ဗြုတ်ဗြုန်းတာကနောက်၊ ဘေးအိမ်က ကောင်လေး၊ မိပွားတို့၏ မယားပါသား၊ လင်ပါသမီးတွေက တဗြုတ်ဗြုတ်ဗြုန်းကုန်ကြပေပြီ။
“မြန်မြန်လာပါဟဲ့ သေနာရဲ့ . . .”
“ဟ . . . ဘာဖြစ်တာတုံးဟ မိပွားရ . . .”
“ဘာဖြစ်ရမှာလဲ ရှင့်ကလေးတွေနဲ့ ကျွန်မကလေးတွေက ရှင်နဲ့ ကျွန်မရဲ့ ကလေးတွေကို ဝိုင်းရိုက်နေကြလို့ . . .”
“ဒုန်း . . . ဝုန်း၊ ဂလောင် . . .”
“အောင်မလေး . . . အမေရေ့ . . .”
“လုပ်ပါဦး အမေရဲ့”
“ဟဲ့ . . . မျောက်လောင်းတွေ . . . တော်ဆိုပြောလို့မရဘူးလား . . . ငါလေ . . . တယ် . . .”
သွားပြီ . . . မိပွားလည်းနိုင်ပုံမပေါ်တော့ . . .
“တော့ . . . ကိုကောင်လေး . . . မြန်မြန်လာပါဆို . . . ဒီမှာ ရှင့်ကလေးတွေနဲ့ ကျွန်မကလေးတွေ ရှင်နဲ့ကျွန်မရဲ့ကလေးတွေကို”
ကျွန်ုပ်လည်း မနေသာတော့ အိမ်ပေါ်ကဆင်း၍ သူတို့အိမ်ဘက်သို့ သုတ်ခြေတင်ရင်း . . .
“ဟဲ့ ဟဲ့ . . . တော်ကြပါတော့ကွာ . . . တော်ကြပါတော့ . . . အဘကပဲ ကြားကဝင်ပြီးတောင်းပန်ပါတယ် . . .”
ကျွန်ုပ်ဝင်ရောက်ဆွဲတော့မှ ကလေးများ ငြိမ်ကျသွား၏။ ကျွန်ုပ်ဟာ လူကြီးသာမနိုင်တာ . . . ကလေးတွေကျတော့ ပြီး၏။ ဇယားမဆွဲနဲ့ ငြိမ်ဆိုငြိမ်ပဲ . . . မငြိမ်ရင် ဂေါ်လီရိုက်တမ်းမကစားပဲ နေလိုက်မည်။
“စိတ်ညစ်ပါတယ်အဘရယ် . . . ပွားပွားလည်း စိတ်ညစ်တယ် . . . အဟုတ်၊ သူ့အဖေကလည်း အသုံမကျ၊ ကလေးတွေက အစားသရဲ၊ အခုလည်းကြည့်လေ ကြက်ခြေထောက်တစ်ချောင်းကြောင့် ရန်ဖြစ်ကြသတဲ့”
“အာ၊ အဓိပ္ပါယ်မရှိတာ၊ သူတို့ဟာသူတို့ ကြက်ခြေထောက်ရိုးလုတာနဲ့ ငါအသုံးမကျတာနဲ့ ဘာဆိုင်လို့လဲ”
ကောင်လေး အိပ်ချင်မူးတူးနဲ့ ပြောသံကြောင့် ကျွန်ုပ်လည်းမနေနိုင်တော့ . . .
“ဟုတ်ပါတယ်မပွားရယ်”
“ဘာမဆိုင်ရမှာလဲ၊ ဘာမဆိုင်ရမှာလဲ ကိုကောင်လေးရဲ့၊ မယူခင်ကတည်းက ကျုပ်ပြောခဲ့သား . . . ဟင် ရှင်လုပ်ကျွေးနိုင်ပါ့မလားဆိုတာကို အဲ့ဒီတုန်းကတော့ အောင်မလေး . . . လုပ်ကျွေးနိုင်ပါတယ် ပွားရယ်၊ ပွားကလေးကရော ကောင့်ကလေးတွေရော ပွားနဲ့ထပ်မွေးလာတဲ့ကလေးတွေရော တင့်တောင့်တင့်တယ် ထားနိုင်တယ်ဆို . . . အခုတော့ သူ့လုပ်စာနဲ့ ကလေးတွေက စားရတစ်ရက် မစားရတစ်ရက်”
“အို . . . ငါလည်း ကြိုးစားနေတာပဲ ပွားပွားရယ်”
“ဘာကြိုးစားတာလဲ . . . ဘာကြိုးစားတာလဲ . . . ကလေးတွေပဲ တစ်ယောက်ပြီး တစ်ယောက် မွေးဖို့ ကြိုးစားနေတာလား . . . ဟင် . . . သူများတွေဆို ရုံးကကားလေးမောင်းရရင် ညဘက်အောက်ဆိုက်လေးဆွဲပြီး မိန်းမကရွှေနဲ့ ငွေနဲ့ ကြော့ကြော့လေး နေနိုင်တယ်။ ခုတော့ သူ့ရုံးကကားပေးထားပါတယ် . . . အောက်ဆိုက်လေးဆွဲပါဆိုတာ . . .”
“ဟ . . . ငါ့ကားက အချုပ်ကားကြီးဟ . . . ဘယ်သူစီးမှာလဲ”
“ပြောလိုက်ရင် ဒါပဲ ဆင်ခြေဆင်လက်ကရှေ့က”
“ကဲကဲ . . . အဘကပဲ ကြားကနေဝင်ပြီးတောင်းပန်ပါတယ် . . . မောင်ကောင်လေးကလည်း ပွားပွားပြောသလို မိုးကာလေး ဘာလေးအုပ်ပြီး ကြိုးစားကြည့်ပေါ့ ဟုတ်ပြီလား”
“အို ကျွန်တော်ကြိုးစားကြည့်တော့ အဘက စပါယ်ယာလိုက်ပေးမှာလား ”
“လိုက် . . . အဲလေ . . . မလိုက် . . .”
ကျွန်ုပ်မှာ မောင်ကောင်လေး၏စကားကြောင့် ဘာဆက်ပြောရမှန်းမသိတော့။ အလိုလိုနေရင်း၊ စာရေးဆရာဘဝမှ အချုပ်ကားစပါယ်ယာဖြစ်ရပေတော့မည်။ ဒါကို ပွားပွားက နှုတ်ခမ်းတလန်ပန်းတလန်နှင့် -
“တွေ့တယ်မဟုတ်လားအဘ . . . အလုပ်ကမလုပ်ရသေးဘူး . . . အဖေါ်ကမင်ပြီ အဘနဲ့ နှစ်ယောက်ဆုံလို့ကတော့ မူးရူးနေတာနဲ့တင် ဘာအလုပ်မှ လုပ်ဖြစ်မှာမဟုတ်ဘူး”
ဟယ် . . . ကိုယ့်ဘက်ကိုပါပြန်ပက်လာပြီ . . . ။ မဖြစ်ချေတော့ဘူး အမြန်စကားစဖြတ်မှဟု စိတ်ပိုင်းဖြတ်လိုက်ပြီး
“ကဲ . . . ကဲ တော်ကြပါတော့ကွာ . . . တော်ကြပါတော့။ မင်းတို့လုပ်မှပဲ ငါလည်းမဟုတ်တရုတ်တွေ ဖြစ်နေပြီ . . . ။ ကလေးတွေလည်းငြိမ်ကြတော့ မငြိမ်ရင် ငါ့ကို ဂေါ်လီရိုက်ဖို့ လာမခေါ်နဲ့ . . .”
ဟုဆို၍ လှည့်ထွက်လာရ၏။ ဒါတောင် ကလေးသားအကြီးကောင် ပကျစ်ရဲ့ -
“အခုမခေါ်လည်းအကြောင်းမဟုတ်ပါဘူး။ သူ သူငယ်ပြန်တဲ့အခါ သူ့ဖာသာသူ ရောက်လာလိမ့်မယ်”
ဆိုသည့်စကားသံကိုကြားဖြစ်အောင်ကြားလိုက်ရသေး၏။ အော် ဒုက္ခ . . .။ သက်ကြီးဖြစ်ရတာ တယ်မလွယ်ပါလား။ အခုထိ အပြောမလွတ်သေးပါလားနော် . . . ။
အို . . . ဒါတွေ တွေးနေလို့ မပြီးသေးပါဘူးလေ . . . ငါရဲ့ ဂန္ထဝင်ဝတ္ထုကြီးကို ပြန်ဆက်ရေးသီးမှပဲလေ .
လေနီရိုင်းက ဗြုတ်ဗြုတ်ဗြုန်းတော့သကိုး . . .
“လူလည်း၊ နတ်လည်း ဗြဟ္မာလည်းများစွာ ဘယ်လိုလဲ ကိုသောင်းစိန် နေကောင်းရဲ့လား . . .”
ဟိုက် . . . သွားပြန်ပြီ . . . အလှူခံလော်စပီကာကြီး
ဒီအလှူခံက ဒီလမ်းဆုံးတဲ့အထိ တစ်နာရီခန့်ကြာဦးမည်။ ကြည့်လေ သူက အလှူခံရတာမရတာ အဓိကမဟုတ် . . .မိုက်ခွက်ကြီးနှင့် အော်ရရင်ပြီးရော ဆိုသည့် စိတ်နှင့်ထင့် အိမ်ပေါက်စေ့နှုတ်ဆက်ပြီး ကြုံသလိုပြောနေသေး၏။ အခုလည်းကြည့်လေ . . . ကျွန်ုပ်အိမ်ရှေ့၊ ကျွန်ုပ်ကိုမြင်သည်နှင့် လော်ကြီးရပ်ပြီး . . .
“ဘယ်လိုလဲ အဘရဲ့ အဘမှာလည်း တစ်ခါမှလှူတယ်ကိုမရှိပါလား၊ အခုလှူမှ နောင်ဘဝရမှာနော် အဘတို့ရှေးဘဝက ဒီလိုမလှူခဲ့လို့ ဒီလို လက်လှုပ်မှ ပါးစပ်လှုပ်ရတဲ့ ဆင်းရဲသားစာရေးဆရာ ဖြစ်နေတာပေါ့ မဟုတ်ဘူးလား အား ဟား . . . ”
ဆို၍ ရိသွားသေး၏။ ဒီကြားထဲသီချင်းသံစဉ်များထဲ တရားစာများစွပ်ထည့်၍ မထင်လျှင်မထင်သလို ဆိုတတ်သေး၏။
“အပါယ်ငရဲလားရမှာကို ကြောက်တယ် ကြောက်တယ်။ လူ့ဘဝရပ်ထံကိုလည်း ပြန်ရန်မလွယ်။ မဆုံးသေးခင် ဒါနရှိဖို့လိုတယ် ဆုံးပြီးမှ ပြန်လှူဖို့မလွယ်”
“ကိုင်း . . . အဲဒီလိုသံစဉ်လေးနဲ့ဆိုတော့ ရှင်းမသွားဘူးလား ဒေါ်ဖွားကြည် . . . အမေကြီး အသက်ကြီးပြီနော် ဒါနလေးတော့ မမေ့နဲ့ဟိုဘက်က စာရေးဆရာအဘိုးကြီးလိုမျိုး နောင်ဘဝ မုတ်ဆိတ် ပေါက်နေဦးမယ် ဟား . . . ဟား . . .”
တောက် . . . ဘာမဆိုင်ညာမဆိုင် ဟိုအဖွားကြီး သူ့ဖာသာသူ ပိုက်ဆံမလှူတာ ကျွန်ုပ်မုတ်ဆိတ်နှင့် ဘာဆိုင်လို့တုံး . . . စဉ်းစားသာ ကြည့် . . .
“ခုလို မင်္ဂလာဒါန အခါကျတော့ ဒါနပန်းလေး လက်ကမ်းပေးသွားတာကတော့ . . . ဟဲ့ . . . ဟိုကောင်လေး . . . နင့်လက်ထဲက ဝါးလုံးကြီးက ထိုးလည်းထိုးမိပါဦးမယ် . . .။ အဲ . . . ခုနလှူသွားတာဘယ်သူ . . . အော် . . . သီတာဝင်း . . . ဘယ်လောက် . . . ငါးကျပ် . . . ငါးကျပ်ထဲ . . . အင်း . . . ဒီအပျိုကြီးကလည်း ကပ်စေးနည်းလိုက်တာ . . . ကဲ . . . ဆုကတော့ ရှည်ရှည်ဝေးဝေး ပေးမနေတော့ပါဘူး။ ဆိုကြမယ် ပျော်ကြမယ်လေလေးနဲ့ပဲ ပေးလိုက်မယ် . . .။ အကောင်းဆုံး ယောက်ျားရပါစေကွယ် . . . ဟေ့ . . . မောင်တင်စိုး ဘော်လူးလေး နည်းနည်း တင်ပါဦး ဟုတ်ပြီ . . . ဟယ်လို . . . ဟယ်လို . . . ရပြီ . . .”
“ကျွီ . . . ကျွမ် . . . ဝေါင် . . . ဂွီ . . .”
ကျွန်ုပ်စိတ်ထဲ ဒေါသအမျက် အချောင်းလိုက်ထွက်ရချေပြီ . . . ဤနေရာဤဒေသ၌ မျက်ရည်ပင် ဖြန်းဖြန်းထွက်ရလောက်သည့် ဂန္ထဝင်ဝတ္ထုကြီး မည်သို့ရေးမည်နည်း . . . ။
စာရေးသည့်အလုပ်မှာ ဆိတ်ငြိမ်အေးချမ်းသည့်နေရာ၌ ဇိမ်နှင့်ရေးမှ ဇာတ်လမ်း၊ ဇာတ်ကွက်၊ ဇာတ်ကောင်များကို စိတ်ကြိုက်ဖန်တီးလို့ရမည် မဟုတ်တုံလော . . . ။
ဤကဲ့သို့ ဆူညံနေသောဒေသ၌ မည်ကဲ့သို့ဇာတ်ညွှန်း၊ ဇာတ်လမ်း ဖန်တီးမည်နည်း။ စာကောင်း ပေကောင်းရေးရန်မပြောနှင့် ကကြီးပင် မျက်စိထဲက ယပက်လက်လို့ပေါ်လို့ပေါ် အင်္ဂလိပ်အက္ခရာ (၃) လို ဖြစ်လိုဖြစ်နှင့် ဖြစ်ချင်တိုင်းပင်ဖြစ်နေပေပြီ . . . ။
မဖြစ်ချေဘူး . . . ။ ဆိတ်ငြိမ်အေးချမ်းသော နေရာတစ်ခုကို အရင်ရှာမှ . . .
စဉ်းစားစမ်း . . . စဉ်းစားစမ်း . . . ဘယ်နေရာ လူခြေတိတ်သနည်း . . . စဉ်းစားစမ်း
အဲ . . . ဟုတ်ပြီ . . . အဲဒီနေရာဆို မဆိုးဘူး . . . လူလည်းတိတ်တယ်။ ဟာဝိုင်ရီနဲ့လည်းဆင်တယ် . . . ဟု စဉ်းစားမိပြီး လိုအပ်သည့်ပစ္စအနည်းငယ်နှင့်ကိုင်နေကျ ထီးစုတ်ကြီးတစ်လက်ဆွဲပြီး ရပ်ကွက်အပြင်ဘက် သုတ်ခြေတင်ထွက်ခဲ့လေတော့၏ တမုံ့ . . . ။
ရပ်ကွက်အပြင်ဘက် အမှိုက်စွန့်သော ရေမြောင်းကြီးသို့ ရောက်လတ်သော် ကျွန်ုပ်သည်လည်း နဂိုကြံစည်ထားသည့်အတိုင်း ထီးစုတ်ကြီးကို ဖွင့်၍ ထင်းရူးပုံးအစုတ်ကြီးကိုခင်းကာ ခုံဖိနပ်စုတ်များ ဖြုတ်ကောင်များ ကြွက်သေများကို ပင်လယ်လိပ်များ စင်ရောငှက်များ ပင်လယ်ဖျံများအဖြစ် အသွင်ပြောင်းမြင်ကာ အတန်ငယ်စိတ်ကြည်လင်မှ ဂန္ထဝင်တွင်နိုင်မည့် စာတမ်းတစ်ခုကို ချရေးလိုက်တော့၏။
“လေနီရိုင်းက . . .”
“ဗြုတ်”
“ဗြုတ်”
“ဗြုန်း”
“ဟဲ့ . . . ပလုတ်တုတ် . . . တော့သကိုး”
ကျွန်ုပ်ရှေ့မှောက်ကျရောက်လာသော လက်ရေးနာနာဖြင့် ရေးထားသော ကော်ပီစာအုပ်သုံးအုပ်။
ကျွန်ုပ်အပေါ်ကို မော့မကြည့်သေးဘဲ စာအုပ်ပေါ်ရေးထားသော စာတမ်းကို အရင်ဖတ်ကြည့်လိုက်ရာ
ဒေါ်နယ်စိန်အုံး၏ ရင်တွင်းခံစား ဂန္ထဝင်ဝတ္ထုများ . . . တဲ့
“အလို . . . ဘုရားသခင်”
သို့ကလိုရေရွတ်မိပြီး မော့ကြည့်လိုက်ရာ ကျွန်ုပ်အား ကြာကြည့်နာနာကြည့်လျက် ပြုံးနေသော စိန်အုံး .
“ရှာလိုက်ရတာအဘိုးကြီးရာ . . . ခင်ဗျားတို့သက်ကြီးတွေ တယ်ခက်သကိုး . . . အိမ်မှာမနေဘဲ ရပ်ကွက်ထဲ အလေလိုက်နေရတယ်လို့ . . . ခုရော . . . ဒီမြောင်းကြီးဘေးမှာ ဘယ်ကအဖွားကြီးနဲ့ ချိန်းထားပြန်တာလဲ”
ကျွန်ုပ်လည်း သူ့ကိုမြင်ကတည်းက ဒေသအမျက်ချောင်းချောင်းထွက်ရသည့်အပြင် သူ့ မရိုးမသား စကားကိုပါ ထပ်ကြားရ၍ ပို၍ဒေါသဖြစ်သွားရကာ
“ဟေ့ကောင် . . . မင်း ဘာကိစ္စနဲ့လာတာလဲ . . . ငါချိန်းထားတဲ့ အဖွားကြိးကလည်း . . . အဲလေ . . . ငါ့မှာ ဘာမှချိန်းထားတာမရှိဘူး။ ငါ့ဘာငါ ရှင်းရှင်းနေနေတာ ငါ့ကို လာမရှုပ်ထည့်နဲ့ . . . ”
“သိဘူးလေဗျာ ခင်ဗျားကြီးသူငယ်ပြန်ပြီး ရည်းစားများပြန်ထားချင်နေလားလို့ . . . ”
“ဟေ့ကောင် . . . တော်ဆိုတော် . . . ဒီမှာ ဝတ္ထုရေးဖို့ ဇာတ်လမ်းစဉ်းစားနေတာနော် . . . ဒရာမာမရေးမိဘဲ မင်းမျက်နှာကြီးပေါ်ကို ငါ့လက်သီးနုနုခပ်ဆတ်ဆတ်ဥသွားတဲ့အကြောင်း အက်ရှင် ဇာတ်ကောင်းကြီး ရေးမိနေဦးမယ် . . . ”
ကျွန်ုပ်၏ ဒေါသတကြီးစကားကို အနှီငတိက တစ်ချက်မှ မတုန်လှုပ်ဘဲ ကြွမသာမြင်သော လင်းတမျက်နှာကဲ့သို့ ဝင်းဖန့်ဖန့်ကြီးပြုံးလျက် . . .
“အော် . . . ဝတ္ထုရေးဖို့ ဇာတ်လမ်းရှာနေတာ . . . ဟုတ်စ . . . ကျွတ်ကျွတ် . . . သနားစရာကောင်းလိုက်တာ . . . အေးလေ . . . ဥာဏ်ကလည်းထိုင်းရှာသကိုး . . . ဒါကြောင့် ဟိုလူ့ကလော် . . . ဒီလူ့ကလပ်လောက်သာရေးတတ်တာပါ . . . ကျုပ်တို့လို ဥာဏ်ကောင်းရင် ဒီလိုမလုပ်ပေါင် . . .”
“အောင်မာ . . . မင်းကပဲဥာဏ်ကောင်တယ်ဆိုသေး . . . မင်းက ဘာဝတ္ထုများ အဖြစ်ရှိအောင် ရေးဖူးလို့လဲကွ . . . ဟေ . . . အခုနားပန်နားရင်း ဆတ်ဆတ်ကျင်းလိုက်လို့ ညထမင်းတောင် ယိုးဒယားကနဲ့ စားနေရဦးမယ် . . .”
ကျွန်ုပ်၏စကားကို အနှီငတိက အကယ်ဒမီမင်းသားလို တစ်ဖက်သို့လှည့်သွားပြီး . . .
“မဖြစ်သေးဘူး . . . မဖြစ်သေးဘူး အသက်ကပဲ သင်္ချိုင်းကုန်းခြေစုံခုန်ဝင်နေပြီ . . . လူမှုရေးကညံ့တုန်း . . . အဘကို လူမှုရေးကောင်းအောင် ဒေးကာနယ်ဂျီစာအုပ်တစ်အုပ်လောက် ဝယ်ပေးရဦးမယ်”
“အောင်မာ . . . ဟေ့ကောင် . . . မင်းလို ကမျောက်ကချောက်ကောင်အတွက် ငါက ဘာလူမှုရေးသိနေရမှာလဲ . . . ကိုင်း . . . ငါ့ဒေါသတွေ ငယ်ထိပ်မရောက်ခင် ထွက်သွားရင် ထွက်သွား၊ မထွက်သွားရင်တော့ ငါ့လက်သီးက မျက်နှာ မရွေးဘူးနော် . . . ”
ကျွန်ုပ်ဤမျှလောက်မနားတမ်းကြိမ်းသည်ကိုပင် အနှီငတိက မျက်နှာနီ အမဲဆီပွတ်ထားသည်ထက် ပြောင်သောစတီးဂန်ဖလားပြုံးပြုံးပြီး . . .
“အင်းလေ . . . အဘတို့လို ပညာရှိယောင်ယောင်၊ ကပ္ပိယလူထွက်ယောင်ယောင် လူတွေက ဒီလိုပါပဲ . . . ဖြစ်တတ်ပါတယ်လေ၊ ဒါမျိုးကတော့ . . . ကဲ . . . အဲဒီမှာ အမျက်ဒေါသလုံးဝမထွက်တတ်တဲ့ ပညာရှိတစ်ယောက်ရဲ့ ဂန္ထဝင်စာပေလေးဖတ်ကြည့်ပါဦး . . . အဘရှေ့မှာ ချထားတယ် . . . ”
သူ၏စကားကြောင့် ကျွနု်ပ်လည်း စိတ်ထဲကျလိကျလိဖြစ်ရချိမ့်တကား . . . ။
“အောင်မာ . . . ငါကဘာလို့ဖတ်ရမှာလဲ . . . မင်းကရော ဘာပညာရှိမို့လဲကွ ဟေ . . . ”
ကျွန်ုပ်စကားကို အနှီငတိသက်ပြင်းချပြီး . . .
“အဲ့ဒါပဲ အဘတို့လူကြီးတွေခက်ပုံ . . . ကိုယ်ပညာမရှိတိုင်း ပညာရှိတဲ့လူတွေကိုလည်း မနာလိုချင်ပြန်ဘူး . . . ကျုပ်က အဘကို လေးစားလို့ ဂါရဝနဲ့လာပြတာကိုတော့ အားနာပါးနာနဲ့ နည်းနည်းဖတ်ရှုကြည့်သင့်ပါတယ်”
သူ့ထံမှလေပျော့ကလေးကြားရသည့်အတွက် ကျွန်ုပ်ပင် အနည်းငယ်ပျော့သွားမိ၏။ နောက် ဂါဝရ နှင့်လာပြသည်ဆိုတော့ . . .
“အေးလေ . . . ဂါဝရနဲ့ လာပြတာဆိုတော့ ကြည့်ရတာပ ကိုင်း မှန်း”
ဟုဆို၍ စာအုပ်ကိုလှမ်းဆွဲယူလိုက်သည်။ နောက် . . . စာရွက်ကို တစ်ရွက်နှစ်ရွက်လှန်ကြည့်လိုက်ရာ
အလို . . .
ကျွန်ုပ်စိတ်ထဲ အံ့အားသင့်စိတ်များကြီးထွားလာရ၏။
“ဟင် . . . ဒီစာတွေ ငါဖတ်ဖူးပါတယ် . . . ”
သူ့စာတွေက သူ့လက်ရေးနှင့်ရေးထားသော်မင့်၊ စာများမှာ ကျွန်ုပ်နှင့် လုံးလုံးကိုမစိမ်း . . .
ဒါ . . . ဒါ . . . ဘယ်မှာတွေ့ဖူးပါလိမ့် . . .
ကျွန်ုပ် အသေအချာစဉ်းစားလိုက်မှ . . .
“ဟင် . . . ဒါ . . . ဒါ . . . ဒါ ဆရာဒဂုန်တာရာရေးတဲ့ မေ . . . ဝတ္ထုမဟုတ်လား . . . ”
ကျွန်ုပ်၏စကားကိုကြားသည်နှင့် စိန်အုံးမှလည်း အားရဝမ်းသာဖြင့်
“ဟုတ်ပအဘရေ . . . ဟုတ်တာမှ ဆရာဒဂုန်တာရာရဲ့ မေဝတ္ထုမှ မေဝတ္ထုအစစ် . . . ”
သူသောကြောင့် ကျွန်ုပ်လည်း နောက်စာအုပ်တစ်အုပ်ထပ်ကောက်ကိုင်လိုက်ရာ . . .
“ဟင် . . . ဒါ . . . ဒါက ဂျာနယ်ကျော်မမလေးရဲ့ မုန်း၍မဟူ ဝတ္ထုကြီး”
ကျွန်ုပ်၏ တအံ့တသြစကားကို စိန်အုံးမှ အားရဝမ်းသာအံကြိတ်သံဖြင့်
“မှန်လိုက်လေအဘရယ် . . . မှန်လိုက်လေ . . . ဂျာနယ်ကျော်မမလေးရဲ့ မုန်း၍မဟူမှ မုန်း၍မဟူအစစ် . . . ”
နောက်တစ်အုပ် . . .
“ဒါ . . . ဒါက ဆရာကြိးရွှေဥဒေါင်းရဲ့ သိန်းထိုက်ဝတ္ထုမဟုတ်လား”
ကျွန်ုပ်၏စကားကို စိန်အုံးမှ သူ့ပေါင်သူပုတ်ပြီး . . .
“ဟုတ်ပအဘရေ . . . ဆရာကြီးရွှေဥဒေါင်းရဲ့ သိန်းထိုက်မှ သိန်းထိုက်”
“ဟင် . . . ဒါတွေ . . . ဒါတွေ မင်းဘာလုပ်ဖို့လဲ”
ကျွန်ုပ်၏အလောတကြီးစကားကို စိန်အုံးမှ ဝမ်းသာအားရဖြင့်
“စာအုပ်ထုတ်မှာလေ . . . အဘ လုံးချင်းစာအုပ်ပြန်ထုတ်မှာ”
သူ၏စကားကြောင့် ကျွန်ုပ်ပို၍ မျက်လုံးပြူးသွားရ၏။
“ဟင် . . . ဒါ . . . ဒါဆို မင်းအဲဒီ စာရေးဆရာတွေကို စာမူခပေးပြီးပြီလား . . .”
ကျွန်ုပ်၏အမေးကိုစိန်အုံးမှ စိတ်ဆိုးသွားသလိုဟန်မျိုးနှင့် -
“အို . . . ဘာလို့ပေးရမှာလဲ”
“ဟ . . . မပေးလို့ဖြစ်မှာလား . . . ဒါ သူတို့ရေးထားတဲ့ ဝတ္ထုတွေကို . . . ”
“အလိုဗျာ . . . သူတို့ရေးတဲ့ဝတ္ထုကို ကျုပ်ပြန်ရေးထားတာပဲ ဘာလို့ သူတို့ကို စာမူခပေးရမှာလဲ ဒီမှာကြည့် ကျုပ်လက်ရေး . . . အားလုံးကျုပ်ပြန်ကူးရေးထားတာ။ မူလအရသာပျက်မှာစိုးလို့ ၏သည်တောင် မလွဲအောင်ကူးထားတာ . . . ”
သူပြောလိုက်သောစကားကြောင့် ကျွန်ုပ် ဘာပြန်ပြောရမှန်းမသိ၊ ဒါတွေအားလုံး သူပြန်ရေးထားတာတဲ့ . . . မယုံရင်ကြည့် . . . သူ့လက်ရေးတွေတဲ့ . . . ။ ကျွန်ုပ်လည်းအတန်ကြာစဉ်းစားပြီးမှ
“အေးလေ . . . မင်းလက်ရေးတွေတော့ဟုတ်တယ် . . . ဒါပေမယ့် သူတိုရဲ့စာတွေလေ . . . ”
“ဟုတ်တယ် . . . သူတို့ရဲ့စာတွေပဲ ဘာဖြစ်လဲ”
“ဟ . . . ဒါဆို သူတို့စာတွေကိုသုံးရင် သူတို့ကို စာမူခပြန်ပေးရမှာပေါ့ . . . ”
“အို ဘာလို့ပေးရမှာလဲ . . . ”
ကျွန်ုပ်၏စကားကို စိန်အုံးမှ ဂန်ဖလားပြုံးပြုံးလိုက်ပြီး . . .
“အဲဒါခက်တာပဲ . . . အဘတို့လူကြီးတွေပြောရဆိုရ သိပ်လက်ပေါက်ကပ်တာ၊ အဘပဲစဉ်းစားကြည့်လေ . . . ရှေးခေတ်ရုပ်ရှင်ဇာတ်ကားတစ်ကားကို အခုခေတ်မင်းသားပြန်ရိုက်မယ်ဗျာ ဒါဆိုရှေးခေတ်မင်းသားကို သရုပ်ဆောင်ခပေးရဦးမှာလား . . . ”
သူ့စကားကြောင့် ကျွန်ုပ် ရုတ်ချည်းဇဝေဇဝါဖြစ်သွားရ၏။
“အဲ . . . ဒါ . . . ဒါကတော့ ဟို . . . ဘယ်ပေးရမှာလဲ”
“အူကြောင်ကြောင်လုပ်မနေနဲ့အဘရာ . . . ရှင်းအောင် ထပ်ရှင်းပြလိုက်ဦးမယ် . . . ဝင်းဦးရဲ့ ရုပ်ရှင် ဇာတ်ကားကို အခုခေတ်မင်းသားပြန်ရိုက်တော့ရော . . . ဝင်းဦးကို သရုပ်ဆောင်ခပေးရလို့လား . . . ”
“အဲ . . . အဲဒါကလည်း . . . မပေးရဘူးလေကွာ”
“ဘာအခုမှ အဲဒါကလည်းတွေ ဘာတွေနဲ့ ယောင်တိယောင်ကမ်း လုပ်နေတာလဲ . . . ကဲ . . . ဥသြဘသောင်ဆိုခဲ့တဲ့ သီချင်းကို အခုလူငယ်လေးတစ်ယောက်ပြန်ဆိုပြီတဲ့ . . . ဥသြဘသောင်ကို သီချင်းဆိုခ ပေးရဦးမှာလား . . . ”
“အဲ . . . အဲဒါကဟို . . . ဒါလည်း အဲ . . . ဘယ်ပေးရမလဲ”
“အေးလေ . . . အခုလည်း သူတို့ရဲ့စာတွေကို ကျွန်တော်ပြန်ရေးထားတယ်လေ ဟောဒီမှာ ကျွန်တော့ လက်ရေး ကျွန်တော့ဖာသာကျွန်တော် လက်အညောင်ခံပြန်ရေးထားတာ သူတို့ကို ဘာလို့ စာမူခပေးရမှာလဲ”
“အန်”
သူ့စကားကြောင့် ကျွန်ုပ် ဘာဆက်ပြောလို့ ပြောရမှန်းမသိတော့ စဉ်းစားကြည့်လေ။ ယခင်ရုပ်ရှင် ဇာတ်ကားတစ်ကားကိုတဲ့ ယခုလူငယ်တွေပြန်ရိုက်တော့တဲ့၊ အရင်မင်းသားကို သရုပ်ဆောင်ခပေးရလားတဲ့။ ဦးဝင်းဦးကားကို ယခုလူငယ်မင်းသားတွေပြန်ရိုက်တော့ရော . . . ဝင်းဦးကို သရုပ်ဆောင်ခပေးရမှာလားတဲ့ . . . ဥသြဘသောင်ဆိုခဲ့တဲ့ သီချင်းကို အခုလူငယ်လေးတစ်ယောက်ပြန်ဆိုတော့ရော သီချင်းဆိုခ ဥသြဘသောင် ကိုပေးရဦးမှာလားတဲ့။ ကျွန်ုပ်ခေါင်းထဲ ရုတ်ချည်း ပလုံစီထသွား၏။ သူပြောတော့လည်း ဟုတ်သလိုလို။ ဒါကို စိန်အုံးက မိန့်မိန့်ကြီးပြုံးပြီး . . .
“ပြောလေ . . . ပြောလိုက်စမ်းပါ။ အရင်လူတွေပေးခဲ့တယ်ဆို စိန်အုံးကလည်း စေးကုပ်တဲ့လူမဟုတ်ပါဘူး . . . ပြော . . . လိုက် . . . စမ်း . . . ပါ . . . ”
“အဲ . . . ဒါ . . . ဒါကတော့ ဟိုလေ . . . မင်းက ဟို . . . ဘယ်လိုပြောရမလဲပေါ့နော် . . . ဟင်းဟင်းပေါ့နော် . . . ခစ်ခစ်ပေါ့နော် . . . ”
ကျွန်ုပ်လည်း ဘာပြောရမှန်းမသိဘဲ ပါးစပ်ထဲက ထွက်ချင်တာတွေ ထွက်နေ၏။ ဒါကို စိန်အုံးက ငါးခူပြုံးဖြစ်သော နှုတ်ခမ်းမွေးထောင်ရုံလှစ်ခနဲပြုံးပြီး . . .
“အဟင်းအဟင်းတွေ ခစ်ခစ်တွေနဲ့ မျက်နှာချိုလာသွေးမနေပါနဲ့ အဘရယ် . . . ကျုပ် ဒီစာအုပ်တွေ ထုတ်ပြီး ဘက်ဆဲလားဖြစ်သွားရင် မတူသလိုမတန်သလိုဆက်ဆံမှာစိုးလို့လား . . . ။ စိတ်ချပါ ကျုပ်က မာနမကြီးတတ်ပါဘူး . . . ။ အဲ . . . ကလော်တာတော့ ကလော်မှာနော်”
“အို . . . မင်းကလော်တာ မကလော်တာ အရေးမကြီးမပါဘူး၊ ဒီစာအုပ်တွေထုတ်မယ်ဆိုရင်တော့ မူရင်းစာရေးဆရာတွေကို အကြောင်းကြားသင့်တယ်”
ကျွန်ုပ်၏စကားကို စိန်အုံးအကြီးအကျယ်စိတ်ဆိုးသွားပြီး . . .
“ရော် . . . ခက်နေပြန်ပါပြီ။ ဘာလို့အကြောင်းကြားရမှာလဲဗျ . . . အခုခေတ်မှာ ရှေးခေတ်က ရုပ်ရှင်တွေ၊ ရှေးခေတ်ကသီချင်းတွေပြန်ဆိုပြန်ရိုက်နေကြတာ အဲဒီရှေးခေတ် သရုပ်ဆောင်တွေ ရှေးခေတ်အဆိုတော်တွေကို အကြောင်းကြားရလို့လား”
“အဲ . . . ဒါ ဒါကတော့”
“အေးလေ . . . သူတို့တောင် ဒီလိုပဲ ပြန်ရိုက်၊ ပြန်ဆိုနေကြတာပဲ . . . ကျုပ်လည်းပြန်ရေးတဲ့ ဥစ္စာပဲ ဘယ်သူ့ကို အကြောင်းကြားရမှာလဲ”
“မဖြစ်ဘူးနော် မောင်စိန်အုံး”
“ဖြစ်တယ်လေ . . . ဟောဒီမှာ ကျုပ်ပြန်ရေးထားတာတွေ ခင်ဗျားကြီးမမြင်ဘူးလား . . . ကျုပ်လက်ရေးမှ ကျုပ်လက်ရေးစစ်စစ်၊ ကျုပ်ပြန်ရေးတာမဟုတ်ဘူးလို့ သူများငြင်းမှာစိုးလို့ မိန်းမကိုတောင် ပေးမရေးထားဘူး . . . ကဲ . . . ပြောနေကြာတယ်ဗျာ . . . အဘတို့လို သက်ကြီးတွေနဲ့ စကားပြောရတာမကောင်းပါဘူး . . . ဒီစာအုပ်တွေ ထုတ်ဖို့သွားလုပ်ရဦးမယ်”
“ဟ မင်း ဒီလိုပြန်ရေး၊ ပြန်ထုတ်လို့ဖြစ်မလား စာပေမှာ ဒီလိုပြန်ရေးစာပေမျိုး တစ်ခါမှ မကြားဖူးဘူး”
ကျွန်ုပ်စကားကြောင့် စိန်အုံးမျက်လုံးလက်ခနဲဖြစ်သွားပြီး . . .
“အဲဒါကြောင့်ပြောတာ အဲဒါကိုပြောနေတာ။ ဒီမြန်မာပြည်မှာ မပေါ်ဘူးသေးတဲ့ စာပေကော်ပီဗျ စာပေကော်ပီ။ ပြန်ရေးစာပေအစ စိန်အုံးကဆိုတဲ့ စကားပုံပေါ်လာဦးမှာ . . . ”
ကျွန်ုပ်ကား ဒေါသထွက်လွန်းသဖြင့် အသားတုန်ကာ အသံဗြဲကြီးနှင့်အော်ဟစ်မိချေပြီ . . . စိန်အုံးကလည်းမခံ . . . ဂျင်းဘောင်းဘီ စွန်တောင်ဆွဲလျက် . . .
“ဖြစ်တယ်ဗျ ဖြစ်တယ် . . . ”
“မဖြစ်ဘူးကွ လုံးဝမဖြစ်နိုင်ဘူး . . . ဖတ် ဖတ် ဖတ်”
ကျွန်ုပ်ကား ဘယ်လက်ဖဝါးပေါ် ညာလက်ခုံနှင့် ရိုက်၍အော်မိ၏။
စိန်အုံးကလည်း မျက်နှာနီရဲ နှပ်တွဲလွဲဖြင့် သံကုန်ပြန်အော်၏။
“မဖြစ်သေးတာပဲရှိတယ် . . . မဖြစ်နိုင်တာမရှိဘူး ဖြစ်တယ် ဖြစ်တယ် ဖြစ်တယ် . . . ”
“မဖြစ်ဘူး မဖြစ်ဘူး မဖြစ်ဘူး . . . မဖြစ်ဘူး . . . ကိုင်း ငါတစ်ခွန်းသာတယ် မဖြစ်တော့ဘူးကွ . . . ”
“ဖြစ်တယ် ဖြစ်တယ် ဖြစ်တယ် ဖြစ်တယ် ဖြစ်တယ် ဖြစ်တယ် ကိုင်း ဘာတတ်နိုင်သေးလဲ ခင်ဗျားကြီး ”
“မဖြစ်ဘူး ၁၀၀ကွ . . . ကိုင်း ဘယ့်နှယ့်ရှိစ . . . ”
“ဖြစ်တယ် ၁၀၀၀ ဗျ . . . မှတ်လော့ဘကြီး . . . ”
“မဖြစ် ၁၀၀၀၀၀ . . . . မှတ်ကရော့ညီလေး”
“ဖြစ် ၁၀၀၀၀၀၀ . .. . .”
“မဖြစ် ၁၀၀၀၀၀၀၀၀၀ . . . ”
ကျွန်ုပ်တို့ကား အသည်းနာနာ အကဲပါပါနှင့် ပဝါမကူ ရေမရှူစတမ်း အော်ဟစ်ငြင်းခုန်နေကြသည်။ နှစ်ဦးစလုံးမှာ မျက်ရည်လည်ရွဲ နှပ်တွဲလွဲလည်း ဖြစ်နေကြပြီ . . . ငြင်းရလွန်းသဖြင့် မျက်နှာများကပင် ဖေါသွပ်သွပ်ဖြစ်ကာ မျက်စိများလည်း ပယ်နေကြပြီ . . . နားလည်မှုကားမရကြသေး
လေနီရိုင်းကားတော်ရာသွား၍ ဗြုတ်ဗြုတ်ဗြုန်းနေတော့သကိုး . . .

ပင်မစာမျက်နှာသို့ပြန်သွားမည် >>
နေ့စဉ် အသစ်အသစ်သော သတင်းများ ကို သိရှိနိုင်ရန် လိုတရ Application အား ဤနေရာတွင် နှိပ်၍ အခမဲ့ Download ရယူပါ။