contents

ထိပ်ဆုံးစာမျက်နှာ > ဝတ္ထုများ

ဟင်းလင်းပွင့်လျက်အနေအထားအတိုင်း ထိုမြို့
Chapter 1
မိုးသက်ဟန်

ရင်ဘတ်တွေအစိမ်းလိုက်အခွဲခံထားရတယ်။ ကိုယ့်လိုလူတွေ ဘေးမှာ အပုံအပင်။ နှလုံးသားတွေကို သူတို့ထုတ်ယူလိုက်ကြ။ ပန်းရောင်နှလုံးသားတွေ တဆတ်ဆတ်တုန်ခါနေဆဲ။ ၀မ်းသာအားရ သူတို့သိမ်းဆည်းလိုက်ကြတယ်။ အေးစိမ့်နေတဲ့ ရေခဲခန်းကြီးထဲ စီစီရီရီ။ အသက်ရှိနေသေးတဲ့နှလုံးသားတွေ။ နောက်တော့ ပွင့်လျက် ရင်ဘတ်တွေ ထဲ သူတို့စိတ်ကြိုက် နှလုံးသားတွေ တစ်ယောက်တစ်မျိုး မစုံလင်ပဲ ပြန်ထည့်လိုက်ကြပြန်တယ်။ ပြီးတော့ ရင်ဘတ်တွေကို ပြန်ချုပ်ပေးတယ်။ လူတိုင်းဟာ နှလုံးသားအသစ်တွေနဲ့။ မတူညီတဲ့ နှလုံးသားတွေ ကိုယ်စီပိုင်လို့။ နောက် အပြည့်ပိတ်ထားတဲ့ ပါးစပ်ပေါက်တွေကို တစ်ဝက်လောက်စီ ပြန်ဖွင့်ပေးတယ်။ ကျွန်တော်တို့ တစ်ယောက်ချင်းစီကို စိတ်ကြိုက်ပြုပြင်ပြီးတဲ့နောက် ဂိတ်ဝမှာ တစ်ယောက်စီကို ပြန်လည်စီစစ်ထွက်ခွာခွင့်ပေးလိုက်တယ်။ လူသိန်းသန်းပေါင်းများစွာဆိုတော့ တစ်ယောက်ချင်း ထွက်ခွင့်ပေးနေတဲ့ ဂိတ်ပေါက်မှာ ကိုယ့်အလှည့်ရောက်ဖို့ နှစ်တွေ အကြာကြီး စောင့်ရပြန်တယ်။ နှစ်တွေ နှစ်တွေ ဘယ်လောက်ကြာပြီလဲတောင် မမှတ်မိနိုင်တော့တဲ့ နှစ်တွေ။ ဒီလိုပဲ ငတ်မွတ်စွာ စောင့်စားရင်း ကျွန်တော့် ထွက်ခွင့်အလှည့်ရောက်လာတယ်။ သူတို့ရှေ့မှာ ရိုရိုကျိုးကျိုးနဲ့ ဖြတ်လျှောက်သွားရပြီး ဂိတ်ပေါက်ကို ကျွန်တော် ဖြတ်ပြီးတဲ့နောက် တံခါးကို ဂျိုင်းခနဲ သူတို့ပိတ်လိုက်တဲ့အသံကြားရတယ်။
ကျွန်တော်လွတ်လပ်ခဲ့ပြီလား။

+++++
ကျွန်တော်တို့ဟာ ပျောက်ဆုံးနေပါတယ်ဆိုတဲ့ ဆင်ခြေထဲမှာ ကျွန်တော်တို့ ပျောက်ဆုံးနေခဲ့ကြတယ်။ ကြာပေါ့။ နှစ်လ၊သက္ကရာဇ်တွေ၊ ဟောဒီ့ တစ်သက်တောင် ရှိရောပေါ့။ ဘာများတတ်နိုင်မှာမို့လဲ။ စူပါမင်း ဆယ်ယောက်လောက်လာကယ်တောင် လတ်တလော မဖြစ်နိုင်သေးတဲ့ နေရာမှာ ကျွန်တော်တို့ရောက်ရှိနေကြတယ်။ ဆက်လက်ရှိနေဦးမယ်။ ခပ်ငယ်ငယ်ကတော့ သင်္ဘောပျက်လို့ ထွက်ပြေးတဲ့ ကြွက်တွေထဲမှာ ငါ မပါဘူးလို့ အော်ဟစ်ခဲ့ ပေမယ့် ကျွန်တော် တို့ရှိနေတဲ့ သင်္ဘောက ကျွန်တော်တို့ မမွေးခင် အစောပိုင်းကတည်းက ပျက်နေခဲ့တဲ့ သင်္ဘောဆိုတာကို သတိမထားမိခဲ့ဘူး။ ကျွန်တော်တို့ လွင့်မျောနေရဦးမှာလား။ သင်္ဘောက လုံးဝ ပျက်ပြီး အားလုံးနစ်မယ့်ပုံလည်း မပေါ်ဘူး။ မသေမရှင်နဲ့ လိုက်စီးရမယ့်အနေအထားပဲ။
သင်္ဘောကြီး ကို ကျွန်တော်တို့မေးကြတယ်။
“ခင်ဗျား ဘယ်ကိုသွားနေတာလဲ”
သင်္ဘောကြီးက ပြန်ဖြေတယ်။
“မင်းတို့ ဘယ်သွား ချင်နေမှန်းမှ မသိတာ” တဲ့။
ကျွန်တော်တို့ ရင်ဘတ်တွေ အောင့်သွားကြတယ်။
+++++++++++++
မြို့လေးတစ်မြို့ အပိုင်ဝယ်ဖူးတဲ့လူတစ်ယောက်ရှိဖူးတယ်။ သူ့နာမည်က ဒေါ်နယ်ဘာသမ်းတဲ့။ ဒေါ်နယ်ဒက်နဲ့တော့ မမှားကြ နဲ့နော်။ သူဟာ မြို့လေးတစ် မြို့ကို တကယ် ၀ယ်ယူလိုက်တာ။ သူ့ရဲ့ I Bought A Little City ဆိုတဲ့ ၀တ္တုတိုလေးထဲမှာပေါ့။
သူဟာ မြို့လေးကို ၀ယ်လိုက်ပြီးနောက် မြို့ထဲက လူတွေက သူ့ကို ဖယ်ခိုင်းတော့မယ်လို့ ထင်ခဲ့ကြတယ်။ ဒါပေမယ့် သူက အရင်လိုနေမြဲနေပါ၊ ဒိထက်မက ပိုကောင်းစေရမယ် လို့ အာမခံလိုက်ပေမယ့် မြို့နေလူတွေကတော့ မယုံရဲရဲ၊ယုံရဲရဲပဲ။ သူကတော့ ဒီမြို့လေးကို စိတ်ကူးယာဉ်ဆန်တဲ့ မြို့လေးဖြစ်လေးဖြစ်အောင် အကောင်းဆုံးတွေ ဆောင်ရွက်ပေးမယ်ပေါ့။ သူဟာ မြို့လေးကို ၀ယ်ယူပြီးတဲ့နောက် မြို့ထဲကို လှည့်လည် ကြည့်ရှုတယ်။ မြို့ထဲမှာ ဘယ်နေရာတွေက အကောင်းဆုံးဖြစ်လိမ့်မလဲပေါ့။ ဒီလိုနဲ့ သူ ဟိုတယ်တွေကို တွေ့သွားတယ်။ ဟိုတယ်တွေကို အဆင့်မြင့်အောင်တည်ဆောက် လိုက်ရင် ဘယ်သူမဆို ရှုခင်းကောင်းကောင်းနဲ့ ဟိုတယ် အခန်းတွေမှာ နေချင်ရှာမှာပဲ လို့ တွေးမိလေရဲ့။ မြို့သူ၊မြို့သားတွေကို ဘယ်လိုသဘောရကြလဲလို့ မေးမြန်းစုံစမ်းပြီးတဲ့နောက် သဘောတူညီမှုတွေနဲ့ နေအိမ်တွေကို ဖြိုချလိုက်တယ်။ ဟိုတယ် အထပ်မြင့်ကြီးတွေ ဆောက်လိုက်တယ်။ လူနေအိမ်တွေဖြိုလိုက်လို့ လွတ်သွားတဲ့ နေရာတွေမှာ သစ်ပင်၊ပန်းပင်တွေ ဝေေ၀ဆာဆာနဲ့ သူ ပန်းခြံတွေ ဆောက်ပေးလိုက်တယ်။ ဒီတော့ အခန်းတိုင်းဟာ ရှုခင်းတွေနဲ့ လှလို့ပလို့ပေါ့။ အစောပိုင်းမှာ သာသာယာယာပဲ။ ပန်းခြံတွေထဲမှာ အနားယူပျော်ပါးကြပေါ့။ ဟုတ်နေတာပဲ။ ဒီမြို့လောက်ကောင်းတဲ့ မြို့ ရှိပါဦးမလား။
လူတွေ ပျော်နေတာကို ကြည့်ရင်း မြို့ပိုင်ရှင် ကြီး သူကတော့ ပီတိသောမနတွေ ဖြစ်လို့ပေါ့။ သူကိုယ်တိုင်လည်း ပန်းခြံထဲမှာ ထိုင်ရင်း လူတွေ ပျော်နေတာကို ကြည်နူးလျက်၊ ၀မ်းသာလျက် ဖြစ်လို့နေတော့ပါပဲ။ ပန်းခြံ ထဲမှာ လူမည်းတစ်ယောက်က ဘွန်ဂိုဗုံကို တီးခတ်နေတာကို သူ ကြား၊ တွေ့လိုက်တယ်။ သူဘွန်ဂို ဗုံသံကို အရမ်းမုန်းတယ်။ ဟေ့လူ ခင်ဗျားဗုံတီးနေတာကို ရပ်လိုက်လို့ ပြောမိသွားတယ်။ နောက်တော့ သူ့အနေနဲ့ သူတီးချင်ရင်တီးပေါ့ ဒါက ဒီမိုကရေစီရဲ့ အားနည်းချက်ပဲ ဆိုတာ သိလိုက်တယ်။ သူကိုယ်တိုင် ရွေးချယ်ထားတဲ့ အရာပဲလေ။ နောက်တော့ သူ စဉ်းစားမိပြန်တယ်။ သူနေရာရွှေ့ပေးထားတဲ့ လူတွေဟာ အမြဲတမ်းတော့ ဟိုတယ် မှာ နေနိုင်မှာမဟုတ်ဘူး။ သူတို့ ဘာလိုချင်ကြသလဲဆိုတာ သိအောင် လုပ်ဦးမှ ဆိုပြီး လူတွေကို လိုက်မေးတယ်။ တစ်ယောက်က ခြံဝင်းနဲ့ သစ်ပင်တွေနဲ့ အိမ်မှာနေချင်တယ်လို့ပြောလိုက်တယ်။ နောက်တစ်ယောက်က အဲဒီအိမ်မှာ ကားတွေ ထားဖို့ပါကင် ကောင်းကောင်း လိုတယ်လို့ ထပ်ပြောတယ်။ ဒီတော့ သူဟာ ၆၀x၁၀၀ ခြံထဲမှာ အိမ်တွေ ဆောက်ပေးလိုက်ပြန်ရော။ အိမ်တိုင်းကို လေးထောင့်ပုံစံလေးတွေ ဆောက်ပေးလိုက်တော့ သူ့မြို့လေးဟာ ကြည့်လို့လှနေပြန်တယ်။ သူကတော့ ပျော်လိုက်တာ။
ငါ့မှာ မြို.လေးရှိတယ်
မလှဘူးလားကွယ်
သီချင်းတောင် ညီးလိုက်သေးတယ်။ သူ့မြို့လေး လှနေတာကိုမြင်ရပြန်တော့ ပျော်တာပဲ။ လူတွေပျော်နေဖို့က သူ့တာဝန်လို့ ခံယူထားတာကိုး။ အဲဒီအချိန်မှာ သူ့မြို့လေးထဲ လူဦးရေ ၈၉၀၀၀ ရှိနေချိန်မှာ ခွေးအရေအတွက်က ၁၆၅၀၀၀ ရှိနေတာကြောင့် သူကိုယ်တိုင် ခွေးခြောက်ထောင်ကို ပစ်သတ်ပြီး ကျန်တာကို သူ့တပည့်တွေကို သတ်ခိုင်းလိုက်တယ်။ ဒီမှာတင် မြို့လေးမှာ ရှိတဲ့ သတင်းစာက ဘုရားသခင် ဖန်းတီးခဲ့ သမျှထဲတွင် အဆိုးဝါး၊ အရက်စက်ဆုံး သတ္တ၀ါ လို့ စာလုံးမည်းကြီးတွေ နဲ့ ရေးလိုက်တော့တယ်။ သူနားမလည်နိုင်ဘူး။ ဘာ့ကြောင့်လဲ။ လူတွေ အဆင်ပြေရေးအတွက် သူလုပ်တာမဟုတ်လား။ သူဟာ လူတွေကို အလိုလိုက်လွန်းတုန်း ကတောင်သူ့မိတ်ဆွေတွေက ဒါ ခင်ဗျားပိုင်တဲ့ မြို့ပဲ ကြိုက်တာလုပ်လေလို့ သတိပေးခဲ့ဖူးသေးတယ်။ ခုတော့ ခွေးတွေ အသတ်ခံရလို့ သူဟာ ခွေးပိုင်ရှင်တွေ ညိုညင်မှုအောက်မှာ အတော်လေး ဝေဖန် ခံလို့နေရတယ်။ သူ.ရဲ. စိတ်ကူးယဉ်ဆန်တဲ့ မြို့လေးတည်ဆောက်မှုကို သူဘာဆက်လုပ်ရတော့မလဲ။ #
• +++++++++++++

အထက်က မြို့လေးထဲကို ပျက်လုလုသင်္ဘောတစ်စင်း ဆိုက်ကပ်လာတယ်။ ရင်ဘတ်မှာ ချုပ်ရိုးချုပ်သားတွေနဲ့ ပါးစပ်တွေက တစ်တစ်ပျက်သာ ပွင့်လျက်အနေအထားအတွေနဲ့။ ပိန်လှီ ချုံးကျလို့။ ဆာလောင်မွတ်သိပ်မှုမျိုးစုံနဲ့ လူအုပ်ကြီး ကမူးရှူးထိုး ကမ်းပေါ်ကနေ ပြေးဆင်းကြတယ်။ အားအင်တွေ ပြတ်လပ်နေကြတာကြောင့် သူတို့ခြေလှမ်းတွေက တုန့်တုန့်ဆိုင်းဆိုင်းပဲ။ သူတို့စိတ်တွေ တက်ကြွသလောက် ခန္ဓာကိုယ်တွေက မလိုက်နိုင်ကြဘူး။ လဲကျသူတွေ လဲကျလို့။ ပျော်ရွှင်နေကြသယောင်ယောင် ရှိကြပေမယ့် သူတို့တွေဟာ မပျော်ရတာ ကြာပြီဖြစ်တဲ့အတွက် ပျော်တယ်ဆိုဘာလဲတောင် မသိနိုင်ကြတော့ဘူး။ ဒယီးဒယိုင်တွေနဲ့ ရှေ့ကိုချီတက်ကြတယ်။ သင်္ဘောကနေ ကမ်းကို အကူးမှာ ရေထဲကျသူတွေက ကျလို့။ အော်သံဆူသံ ပွက်ပွက်ညံလို့။ ကမ္ဘာပျက်သလို၊ ကမ္ဘာသစ်တည်သလိုလို။ ဘယ်လို ဆုံးဖြတ်ရမှန်းတောင် မသိနိုင်တော့ဘူး။
သင်္ဘောဟာ လူတွေ ကိုထားပြီး ပြန်ထွက်သွားခဲ့တယ်။ ကောင်းမွန်ပြီးပြည့်စုံတဲ့ နေရာမှာ နေရစ်ခဲ့တော့ဆိုတဲ့ မျက်နှာမျိုးနဲ. သင်္ဘောဟာ ဂုဏ်ယူဝင့်ကြွားစွာ ပြန်လည်ထွက်ခွာသွားလေရဲ.။ ငါ့ကိုကျေးဇူးတင်နေကြပေရော့ဆိုတဲ့ အပေါက်မျိုးနဲ.ပေါ့။
တစ်ယောက်ပြီး တစ်ယောက် မြို့ထဲကို အလုအယက်ပြေးလို့ ၀င်သွားကြတယ်။ အားလုံးရဲ့အထင်က ဒီမြို့ထဲရောက်ရှိသွားတဲ့ အတွက် လွတ်လပ်လှပပြီဆိုတဲ့အထင်ပေါ့။ သူတို့ ရောက်တော့မှ မြို့ဟာ ဘာဆိုဘာမှ မရှိ၊ဗလာနတ္ထိဖြစ်နေတာကို တစ်မြို့လုံး လှည့်လည်ကြည့်ပြီးမှ တွေ့သွားကြလေရဲ့။ မြို့အခွံကြီးထဲ နှလုံးသားပုံမှန်မဟုတ်တဲ့သူတွေနဲ့၊ ပါးစပ်ပေါက်တစ်ဝက်သာ ဖွင့်ထားခွင့်ရတဲ့ လူတွေဟာ ဘာဆက်လုပ်ရမလဲဆိုတာ တွေးတော လို့မရကြသေးဘူး။
မြို့ကြီးကို ကြည့်ရင် ပစ်ရက်စရာ မရှိဘူး။ ခြံနဲ့ ၀င်းနဲ့ မြက်ခင်းနဲ့ အိမ်တွေ က အများကြီးရယ်။ ကြိုက်တဲ့ အိမ်တက်နေရုံသာ။ ရှော့ပင်းမော်လ်ကြီးကလည်း ဟီးဟီးထလို့။ ဆေးရုံကြီးကလည်း အံ့မခန်း ပြည့်စုံတဲ့နေရာကြီးတစ်ခု။ ခက်တာက အိမ်တွေထဲမှာ နေတဲ့ လူမရှိဘူး။ ရှော့ပင်းမောလ်ကြီးထဲမှာ ရောင်း မယ့်ဈေးသည်မရှိဘူး။ ဆေးရုံထဲမှာ ကုပေးမယ့် ဆရာဝန် မရှိဘူး။ ဒီ မြို့ထဲကိုတော့ နှလုံးသား ပုံမှန်မဟုတ်သူတွေ ရောက်လို့လာခဲ့ပါပေါ့။ ဘယ်ပုံဘယ်ဝါ ခရီးဆက်ကြမလဲဆိုတာ စိတ်ဝင်စားစရာ။
မြို့တစ်မြို့ကိုတည်ဆောက်ရန် ဘာလိုကြသလဲ။ နှလုံးသားပုံမှန် မဟုတ်သူတွေ စကားစပြောကြပြီ။
“ နိုင်ငံတစ်နိုင်ငံ၊ မြို့တစ်မြို့ တည်ထောင်မယ်ဆိုရင် အုပ်ချုပ်သူနဲ့ အုပ်ချုပ်ခံလူတန်းစား ရှိဖို့က နံပါတ် တစ်အရေးကြီးဆုံး ပါပဲ။ ကျွန်တော်တို့မှာ လူတွေ ရှိနေကြပြီ။ ဒီတော့ အုပ်ချုပ်မယ့် လူတန်းစားရှိဖို့လိုတယ်။ အုပ်ချုပ်မယ့် လူတန်းစားဆိုတာ ဒီမှာနေတဲ့ လူတွေ အဆင်ပြေအောင် အစစအရာရာ ဖန်တီးပေး ရမယ့်လူတွေပဲ။ ဒါမှ ကျွန်တော်တို့ဟာ ဒီမှာ ရေရှည်နေနိုင်ကြမှာ ဖြစ်တယ်” လို့ အသံပြာပြာနဲ့ ပညာတတ်ယောင်ယောင် နှလုံးသား ရှိသူတစ်ယောက်က ထပြောတယ်။
သူတို့တွေဟာ မြို့လယ်က ပန်းခြံကြီးထဲမှာ စုဝေးပြီး လူထုအစည်းအဝေး ပြုလုပ်လို့ နေကြတယ်။ လူပေါင်း တစ်သောင်းလောက်ရှိတဲ့ လူထု ညီလာခံပေါ့။ သူတို့လူအရေအတွက်နဲ့၊ မြို့မှာ ရှိပြီးသား နေရာထိုင်ခင်းတွေက ကွက်တိပဲ။ သူတို့တွေ အနေနဲ့ ဘာဆိုဘာမှ ထပ်ပြီးတော့ အားစိုက်စရာ မလိုတော့ဘူး။ ဒီမှာ အဆင်ပြေပြေ နေနိုင်ပြီးတော့ ရှေ့ဆက် ရေးသာ အရေးကြီးတာ မဟုတ်လား။ အားလုံး အဆင်ပြေပြေနေနိုင် ဖို့ ဒီနေရာ မှာ အဖြေရှာဖို့လိုအပ်နေတယ်။
ဒီနေရာမှာ လူတွေက နှလုံးသား မျိုးစုံနဲ့ဆိုတော့ကာ တောင်းဆိုမှုတွေကလည်း အမျိုးမျိုးပဲ။ မြို့တော်ဝန် နေရာကို လိုအပ်သူတွေ တစ်ရာလောက်ရှိသလို၊ ဒီမြို့ရဲ့ အချက်အချာအကျဆုံးနေရာမှာ နေထိုင်ချင်ကြတဲ့ လူတွေက လည်း တစ်ပြုံတစ်ခေါင်းပဲ။ အရေးကြီးဆုံးက မြို့မှာ အုပ်ချုပ်ရေးအဖွဲ့ စဖွဲ့ပြီး မြို့စတည်နိုင်ရေးပဲဆိုတာ အားလုံး လက်ခံကြတယ်။ ဒါမှသာ ကျန်တဲ့ လုပ်ငန်း စဉ်တွေ ဆက်လုပ်နိုင်မှာ မဟုတ်လား။
နှလုံးသား ပုံမှန် မဟုတ်တဲ့လူတွေဟာ မြို့ တစ်မြို့တည်ထောင်ရေးအတွက် မြို့ဖြစ်မြောက် ရေးကော်မတီ ဆိုတာ ကို စတင် ဖွဲ့စည်းလိုက်တယ်။ ဒီကော်မတီကို လည်လည်ဝယ်ဝယ် ရှိပြီး စီးပွားရေး နှလုံးသားရှိသူတွေက ဦးဆောင် တည်ထောင်လိုက်တာဖြစ်တယ်။ မြို့အုပ်ချုပ်ရေး မှာပါဝင်ချင်သူတွေကို အရင်ဆုံးခေါ်ထုတ်လိုက်တယ်။ လူပေါင်း တစ်ထောင်နီးပါး ရှေ့ထွက်လာ ခဲ့ကြတယ်။ လူတစ်သောင်းလောက်မပြည့်တစ်ပြည့် ရှိတဲ့နေရာမှာ လူတစ်ထောင်လောက် က အုပ်ချုပ်ရေးလုပ်ချင်နေတာဆိုတော့ ဒါကလည်းမဟုတ်သေးပြန်ဘူး။ လူဘယ်နှစ်ယောက်လောက်ဆို အဆင်ပြေ မလဲ။ ဒါကိုလည်း လူထုကို စစ်တမ်းကောက်ခံ လိုက်ကြတယ်။ တစ်ရာလောက်ဆို အတော်ပဲလို့ ၀ိုင်းဝန်းတောင်းဆိုကြတယ်။
အုပ်ချုပ်လိုသူနှလုံးသား ရှိသူတွေဟာ အုပ်ချုပ်ခွင့်ရရေးအတွက် ကျားကုပ်ကျားခဲ ကြိုးစားကြတယ်။ အုပ်ချုပ်ရပါမှ သူတို့တွေ အတွက် ဖြစ်တည်မှု အနှစ်သာရ ရှိမယ်လို့ ခံယူထားကြတယ်။ ဒီတော့ သူတို့ဟာ လူတစ်ရာလောက်သာကျန်ရစ်ရေးအတွက် အချင်းချင်းတိုက်ခိုက်လိုက်တာ လူပေါင်း နှစ်ဆယ်လောက်ပဲ ကျန်တော့တဲ့ အထိ သွေးသံတရဲရဲ တိုက် ကြတယ်။ ဗိုလ်လုပ်ချင်တဲ့ကောင်တွေ အတုံးအရုံး သေကုန်ကြတော့တာပေါ့။ သူတို့ဘာလို့ ဒီလောက်တောင် ရက်စက်ကြလဲလို့ မမေးကြနဲ့။ သူတို့တွေဟာ နှလုံးသား ပုံမှန်မှ မဟုတ်ကြတာလေ။ ကျန်တဲ့ အယောက် နှစ်ဆယ်ကို မှ ကံစမ်းမဲ စနစ်နဲ့ ရာထူးအသီးသီးခွဲပေးလိုက်တော့ မစ္စတာ ကေ ဆိုသူဟာ မြို့တော် ၀န် ဖြစ်လာတယ်။ ဒီလိုပဲ အရပ်ဖက် လူ့အဖွဲ့အစည်းအတွက်လည်း အသီးသီး ရွေးချယ်လိုက်ရာကနေ သွေးတွေ ချောင်းစီး ပြီး မြို့မှာလူပေါင်း ထောင် ဂဏန်းသာ ကျန်တော့လေရဲ့။
မြို့တစ်မြို့ ဖွဲ့စည်းပုံ ကျသွားပြီ ဆိုပါတော့။
++++++++++++++++++++++
မြို့မှာ ပွဲတော်ကြီးကို ခြိမ့်ခြိမ့်သဲသဲ ဝှဲချီးကျင်းပကြတယ်။ ခုနှစ်ရက်၊ခုနှစ်ညတိုင်တိုင် မြို့တော်ကို ရောက်ရှိခြင်း အခမ်းအနားတစ်ရပ်အနေနဲ့ အောင်ပွဲဆင်ကြတယ်။ ကျွန်တော်ဟာ မြို့တော်ရဲ့ ဒုတိယမျိုးဆက်အဖြစ် ရောက်ရှိလာသူတစ်ယောက် ပါပဲ။ ကျွန်တော်တို့ဟာရေ ၊မီးအစုံ နေရေး၊ စားရေး မပူမပန်ရပဲ မြို့တော်တစ်ခုကို ဆိုက်ဆိုက်မြိုက်မြိုက်ရောက်ရှိလာကြတာပါ။ ဒီ့အတွက် မြို့ကို လိုက်ပါပို့ဆောင်ပေးခဲ့တဲ့ သင်္ဘောအိုကြီးကို ကျေးဇူးတင်ရသလို၊ ဘာအကြောင်းကြောင့်မှန်းမသိပဲ မြို့ကြီးမြို့ကောင်းကို စွန့်ခွာသွားကြတာလား(သို့မဟုတ်) ပျောက်ကွယ်သွားကြတာလဲ မသိတဲ့ ယခင် မြို့နေလူထုကိုလည်း ကျေးဇူးတင်ရမှာပေါ့။ သူတို့ကြောင့် ကျွန်တော်တို့ဟာ ချွေးတစ်စက်မှ မကျပဲ မြို့တော်မှာ အခန့်သင့် နေထိုင်နိုင်ကြတာမဟုတ်လား။
ကျွန်တော် ဆို ကမ်းနဘေးမှာ ရှီတဲ့ မြက်ခင်း၊ ခြံဝန်း နဲ့ နှစ်ထပ်အိမ်ကလေးမှာ ကောင်းမွန်စွာ နေထိုင်ခွင့်ရနေပါတယ်။ ပွဲတော်ကို အိမ်အပေါ်ထပ်ကနေ အတိုင်းသားခံစားကြည့်ရှုလို့ရတယ်။ စိတ်ပါရင် ပွဲတော်ထဲ ကို လမ်းဆင်းလျှောက်လို့ရတယ်။ပွဲတော် ဟာ အံ့မခန်းပါပဲ။
နေ့အပူချိန်တွေကို မြို့အထက်တစ်နေရာမှာ မှန်ဘီလူးကနေတစ်ဆင့် ခံယူရင်း မီးတောက်တစ်ခုကိုဖန်ဆင်းထားတယ်။ ဒီမီးတောက်ဘေးမှာ ၀ိုင်းရံ ကခုန်သူတွေ ကခုန်လို့။ သေနတ်တွေ မိုးပေါ်ဖောက်သူတွေ ဖောက်လို့။ ဘာမှမဖြစ်ရင် ဘာမှ မဖြစ်ဘူးဆိုတဲ့ စကားကို အရက်မူးမူး အာလုတ်သံကြီးနဲ့လည်း ရေရွတ်နေကြတယ်။ ဘာမှတော့မဖြစ်ပါဘူး။ နားတွေ ညီးတယ်။ ပူတယ်ပေါ့။ ဒီလောက်ပါပဲ။ ဒီလိုနဲ့ပဲ ပွဲတော်ဟာ ပြီးဆုံးခဲ့တယ်။
ပွဲတော်ပြီးတဲ့နောက် မြို့ပြဖော်ဆောင်ရေးလုပ်ငန်းတွေ စလာတယ်။
+++++++++++++++++++++
ဆိုခဲ့တဲ့ အတိုင်းပဲ ဒီဝတ္ထုရဲ့အစမှာ နှလုံးသားခွဲထုတ်ခံရပြီး ပုံမှန်မဟုတ်တဲ့ နှလုံးသားတွေ နဲ့ လူတွေပါ လာတယ်။ ညှီရော်ဟောက်ပက် နှလုံးသားတွေ နဲ့လူတွေဟာ ထူးခြားတဲ့ မြို့တစ်မြှို့ထဲကို ရောက်ခဲ့ ပြီးပြီလို့ဆိုထားတယ်။ သူတို့တွေ အသင့် ရှိပြီးသား မြို့တစ်မြို့မှာ ပုံမှန်မဟုတ်တဲ့လူတွေ (ဝါ) နှလုံးသားအစိမ်းလိုက်ခွဲထုတ်ခံရပြီးမှ ဘာမှန်းမသိတဲ့ နှလုံးသားတွေ ပြန် အစားထိုးခံရသူတွေ ဘယ်လို ဘယ်နည်းနဲ့ အတူတကွ ယှဉ်တွဲနေထိုင်သွားမလဲဆိုတာ စောင့်ကြည့်ချင်စရာပါပဲ။ သူတို့လိုပုံစံမျိုးနဲ့ သူတို့လို အဲဒီမြို့မှာ မိတ်ဆွေ နေထိုင်ဖြစ်မယ်ဆိုရင် မိတ်ဆွေ ရဲ့ပုံစံ ကဘယ်လိုမျိုးများဖြစ်နေမလဲ။ သူတို့ပုံစံတွေက ဗဟိဒ္ဓိ ပိုင်းမှာ ဘာမှ ထူးထူးခြားခြား မရှိလှပါဘူး။ ခင်ဗျားတို့၊ ကျွန်တော်တို့လိုပဲ ပုခုံးနှစ်ဖက် ကြား ခေါင်းပေါက်နေတာပဲ။ ကျွန်တော်တို့နဲ့ ကွဲပြားတာက သူတို့ နှလုံးသားတွေ ပုံမှန်မဟုတ်တာပဲ။ ထားပါတော့လေ၊ အမည် မရှိသေးတဲ့ မြို့လေးမှာ ဘာတွေ ဆက်ဖြစ်လာမလဲ ဆိုတာ ကျွန်တော်တို့ အတူတူ စောင့်ကြည့်ကြရအောင်။
++++++++++++++++++++++++++
(၁) လမ်းမများ ခင်းကျင်းပြီး။ မြို့ နှင့်လိုက်ဖက်သော လိုအပ်သမျှ လမ်းအကျယ်အ၀န်းအတိုင်း။
(၂) လူနေအိမ်များ နှင့် စက်မှု လုပ်ငန်းများ ကို နေရာ ခွဲခြားကာ တည်ဆောက်ပြီးစီး။ စက်ရုံများနှင့် အခြား မွေးမြူရေး၊ စိုက်ပျိုးရေးလုပ်ကိုင်ရာ ဇုံများကို ခွဲခြားပြီး။
(၃) မြို့ပြ နှင့်ကိုက်ညီသော ပို့ဆောင်ရေး စနစ်ကို တည်ဆောက်ပြီးစီး။ မြို့တွင်းသုံး ဘက်စကားများနှင့် ရထားများ တည်ဆောက်ပြီးစီး။
(၄) အုပ်ချုပ်ရေး ရုံးများတည်ဆောက်ပြီးစီး။ လိုအပ်သော ရဲဋ္ဌာန နှင့် မီးသတ်ရုံးတို့ လည်းပါဝင်။
(၅) အပန်းဖြေစရာ ကမ်းခြေ၊ ပန်းခြံ နှင့် အခြား ပျော်ရွှင်ဖွယ်နေရာများဆောက်လုပ်ပြီးစီး။
ဒီလိုနဲ့ ခေတ်မီ ဖွံ့ဖြိုးတိုးတက်သော မြို့တော်ကြီး ဖြစ်လို.သွားတယ်။
+++++++++++++
ဒီနေ့တော့ ကျွန်တော်တို့အားလုံး မြို့တော်ရဲ့ ရင်ပြင်မှာ စုဝေးနေကြတယ်။ နှလုံးသားပုံမှန်မဟုတ်တဲ့ လူတွေ စုဝေးနေတာကြောင့် တစ်ယောက်တစ်ပေါက် ဖြစ်နေတယ်ဆိုတာကို အထူးတလည် ပြောစရာ မလိုလောက်ဘူးထင်ပါတယ်။ တောင်းဆိုမှု မျိုးစုံ ပေါ်ထွက်နေတာကြောင့် ခုလို စုရုံးခေါ်တွေ့ တာလို့သိရတယ်။
ချမ်းအေးလွန်းတဲ့ ဆောင်းမနက်ခင်းဖြစ်ပေမယ့် အော်ဟစ်ဆူညံမှုတွေ ကြောင့် အကုန်လုံးချွေး တဒီးဒီး ကျလို့နေတယ်။ ဖျက်ဆီးရေးသမားတွေက သူတို့နှလုံးသားတွေ ရဲ့တောင်းဆိုချက်အတိုင်း တစ်နိုင်တစ်ပိုင် ဖျက်ဆီးလို့နေကြတယ်။ ထိုင်ခုံတွေ၊ ဓာတ်တိုင်တွေ ကို အကြောင်းမဲ့ ရိုက်ချိုး နေ ကြ တယ်။ သူတို့မှာတော့ အကြောင်းပြချက်ရှိတယ်လို့ဆိုတာပဲ။ အရာရာ အဆင်ပြေနေခြင်းကြောင့် သူတို့ဆူပူစရာမရှိလို့ ဆိုတဲ့အကြောင်းပြချက်နဲ့ အဖျက်အမှောင့် လုပ်ငန်းတွေကို ယုံယုံကြည်ကြည် လုပ်နေတော့တာပဲ။
သူတို့နဲ့အပြိုင် နှိမ်နင်းရေး နှလုံးသားပိုင်ရှင် တွေကလည်း တန်ပြန်နှိမ်နှင်းမှုတွေကို လက်စလက်န ပြင်းပြင်းနဲ့ ဆောင်ရွက်နေကြတယ်။
တစ်ချို့ကလည်း ဆန္ဒတွေပြနေကြတယ်။ ဆန္ဒပြခြင်းရဲ့အကြောင်းအရင်းကို မသိကြဘူး။ တစ်ချို့က ငါနဲ့မတူ ငါ့ရန်သူဆိုပြီး ပြဿနာတွေ ရှာနေကြတယ်။
လက်နက်ကိုင်တွေက လက်နက်တကားကားနဲ့ မြင်လေရာပစ်နေတော့တာပဲ။ တဒိုင်းဒိုင်း တဒုန်းဒုန်း အသံတွေ ဆူညံလို့နေပေါ့။
မြို့တော်ဝန်ဟာ ကတိပေးတာကလွဲပြီး ဘယ်အခါမှ လက်တွေ့လုပ်ဆောင်တတ်သူ မဟုတ်တာမို့ စင်ပေါ်မှာ ကတိစကားတွေ ကရားရေလွှတ်ပြောလို့နေတယ်။ ထောက်ခံသူတွေ တဟေးဟေးတဟားဟား။ ဆန့်ကျင်သူတွေ ဆဲရေးတိုင်ထွာလို့။
ဝရုန်းသုန်းကား လူအုပ်ကြီး ဖြစ်ချင်သလို ဖြစ်နေတာတွေအဆုံးသတ် ဖို့ကောင်းကင် ပေါ်ကနေ အသံကျယ်ကြီး တစ်ခုပဲ့တင် ပေါ်ထွက်လာတယ်။
“မင်းတို့ ပြသနာဘာလဲ”
“မင်းတို့ ပြသနာဘာလဲ”
“မင်းတို့ ပြသနာဘာလဲ”
“မင်းတို့ ပြသနာဘာလဲ”


မိုးသက်ဟန်
# I bought a Little City by Donald Barthelme ကို အကျဉ်းရုံးမြန်မာပြန်ကာ အသုံးပြုထားသည်။

ပင်မစာမျက်နှာသို့ပြန်သွားမည် >>
နေ့စဉ် အသစ်အသစ်သော သတင်းများ ကို သိရှိနိုင်ရန် လိုတရ Application အား ဤနေရာတွင် နှိပ်၍ အခမဲ့ Download ရယူပါ။