Lotayamm

search
မာတိကာ

contents

ထိပ်ဆုံးစာမျက်နှာ > ဝတ္ထုများ

Touch me if you can
Chapter 1
အရိုး

အိုင်ဖုန်း အိုင်ပတ်များနှင့် တစ်ကွ Android ဆိုသော နည်းပညာလွန်စွာ တွင်ကျယ်လာပြီး၍ နှစ်ပေါင်းများစွာ ကြာလာသော ကာလတွင်ဖြစ်၏။
လူတို့သည် လက်နှင့်ထိ၍ လိုရာပြီးသော အခြင်းအရာ အဖြစ်အပျက်များကို လွန်စွာ နေသားကျပြီးခဲ့လေပြီဖြစ်၏။ အကျိုးနည်း အင်အားစိုက်ထုတ်စရာမလို။ ထိရုံနှင့် ကိစ္စပြီးကြသည်က များခဲ့လေပြီ။ ဤကာလတွင် လူအများလွန်စွာ နူးညံ့ကြကုန်လေ၏။ လက်ဆွဲနှုတ်ဆက်လျှင်ပင် ထိရုံလေးဆက်ဆံ ပတ်သက်ကြကုန်၏။ နည်းပညာအရလည်း လွန်စွာတိုးတက်လာခဲ့ကြသည်ဖြစ်၍ ဘတ်စ်ကားမှတ်တိုင်ကို လက်နှင့် ထိလိုက်ရုံနှင့်ပင် ဘတ်စ်ကားမှ ကိုယ့်ကို လာခေါ်သောခေတ်ဖြစ်၏။ ဒရစ်ပိုက်နှင့် ဒရစ်အိတ်ကို နပ်စ်မမှ လက်နှင့်ထိလိုက်ရုံနှင့် ပင်အပ်က လူနာ၏အကြောကို သူ့ဟာသူရှာထိုး၍ ဆေးသွင်းပေးသောခေတ်ဖြစ်လေသည်။ ရဲမှ သူ့လက်ထိတ်ကို လက်နှင့်တို့လိုက်လျှင်ပင် လက်ထိတ်မှ ဖမ်းစရာလူကို သူ့ဟာသူရှာခတ်သော ခေတ်ဖြစ်၏။
ဤကာလတွင်...
ကိုဒိုးသည် သူခိုးဖြစ်၏။
ကိုဒိုး သူခိုးဖြစ်ခြင်းသည် မည်သူ့၏ ပယောဂကြောင့်မျှမဟုတ်။ သူ့ဟာသူ ခိုးချင်၍ ခိုးရမှ နေနိုင်သော သဘောရှိလေသည်ဖြစ်ရ ကား ကိုဒိုးသူခိုးဖြစ်ခြင်းသည် ထောင်ထဲမှ သူ့မိတ်ဆွေများပြောသကဲ့သို့ "ငဒိုးမှ မခိုးရင် သူခိုးမျိုးကန်းတာကြာပြီ" ဟူသောအခြေတွင်ရှိလေ၏။ ယခုခေတ်ကို ကိုဒိုးစက်ဆုပ်လေသည်။ ယခုခေတ်ကား ခိုးစရာရှားလေပြီ။ ပိုင်ဆိုင်သောပစ္စည်းများကို လုံခြုံစွာထားကြ၏။ ပိုင်ရှင်များက ရှိသေးသလား ရှိသေးသလားနှင့် Android စာမျက်နှာပြင်များပေါ် တိုးကာထိကာ မကြာခဏ ကြည့်ရှုကြခြင်းအားဖြင့် အရင်ခေတ်ကို တော်လှန်ထားကြ၏။ ကိုဒိုးမှာ သူခိုးဆိုသော်ငြား အကြီးစားမဟုတ်။ ခပ်သုတ်သုတ် ဝင်ဝက်ခိုးချင်တတ်သော သူခိုးသာဖြစ်၏။ လက်ဆုပ်လက်ကိုင်ပြစရာ ရှားသော ဤခေတ်တွင်ကာ ကိုဒိုး ခိုးစရာရှားလေပြီ။ သူကား စနစ်တကျသမားမဟုတ်။ ခပ်သုတ်သုတ်ဝင်လစ်ချင်တတ်သော အလစ်သမားသာသာ သူခိုးဖြစ်၏။ ထောင်မှလွှတ်၍ သုံးလခန့်ကြာသော တစ်ရက်တွင် သူ့အမဲကို သူတွေ့ရှိလေသည်။
ဦးကျော်ထင်ထက်မှာ ဥစ္စာရှိသူဖြစ်၏။
ဥစ္စာရှိသည်ဆိုငြား ဆိုငြား သူ့ဥစ္စာများကို အိမ်တွင်မထား။ ဘဏ်မှာသွားထားထား၏။ ဥစ္စာများကို မနက်တိုင်း Andriod နည်းပညာများနှင့် စစ်ဆေး၏။ ခက်သည်တစ်ခုကား ဦးကျော်ထင်ထက်သည်ရှေးရိုးသမားဖြစ်လေရကား သူတန်ဖိုးထားသော ဆုံးသွားခဲ့ပြီးသည်မှာ ကြာပြီဖြစ်သည့် သူ့မိန်းမ၏ ဖားဥစွဲနေပြီ ဖြစ်သော ဘရာစီယာတစ်ထည်ကိုအိမ်တွင် မီးခံသေတ္တာထဲ ထည့်၍သိမ်းထားခြင်းဖြစ်လေသည်။
ထိုသတင်းကို ကိုဒိုးရ၏။
Android ကိစ္စများကို လွန်စွာသဘောကျနေသော ကိုဒိုးမှာ ထိုဘရာစီယာကို ခိုးရန်ကြံလေ၏။ ထိုကိစ္စမှာ သူခိုးအထာနှင့် ပြောရ လျှင် လွန်စွာမရေမရာကျလှ၏။ ဘရာစီယာရခဲ့လျှင် ဘယ်မှာမှ သွားရောင်းလို့ရသည့်အခြေအနေမဟုတ်။ သို့သော် ကိုဒိုးခိုးရန်ကြံလေ၏။
တိုတိုနှင့် လိုရင်းပြောရသော် ကိုဒိုးဝင်ခိုး၍ ဘရာစီယာရပြီးသည့်နောက် ဦးကျော်ထင်ထက် မိလေတော့၏။ ဘရာစီယာကို လုကြ၏။ နောက်နှစ်ဦးလုံးမှာ ပြဲမှာစိုး၍ ဘရာစီယာကို စားပွဲတစ်ခုပေါ်တင်ထားကာ ငြင်းခုံကြလေသည်။ အချီအချ ပြောကြသည်များကား...
ထက် - "ရှောက်သူခိုး... ငါခွေးထဲမှ၊ ဘာမှလုပ်မရတဲ့ ပစ္စည်းဝင်ခိုးရအောင် မင်းကဘာဒုံး"
ဒိုး - "ကျုပ်က လူလိုရတာခိုးချင်လို့ ဝင်ခိုးတာဗျာ ဘာဖြစ်တုံး"
ထက် - "ဟိုမှာတွေ့လား၊ ငါတစ်ချက်နှိပ်လိုက်တာနဲ့ လက်ထိတ်က မင်းအတွက် ရောက်လာမှာ"
ဒိုး - "အဲဒါ ကျုပ်မကြိုက်တာပေါ့၊ အိမ်ထဲသူခိုး ဝင်ခိုးတာ လုံးထွေးပြီး ဖမ်းပါလား ခင်ဗျားတို့ အခုခေတ်က အားလုံး ရှောက်တလွဲချည်းပဲ ကျုပ်က လူဖမ်းတာခံချင်လို့ ဝင်ခိုးတာဗျ"
ထက် - "လူက ဝင်မဖမ်းနိုင်လို့ ဒါတွေတပ်ထားတာလေကွာ"
ဒိုး - "ခင်ဗျားကျုပ်ကိုမဖမ်းဘူးလား"
ထက် - "ဖမ်းပါဘူး Android နဲ့ ဖမ်းလည်းမိတာကို"
ဒိုး - "လူဖမ်းတာမခံရတာ ဆယ့်ငါးနှစ်ရှိပြီဗျ။ ကျုပ်က လူဖမ်းတာခံချင်လို့ကို ဝင်ခိုးနေတာ ခင်ဗျားဗျာ"
ထက် - "ဟေ့ကောင် သူခိုး"
ပြောရင်းဖြင့် တစ်စုံတစ်ရာ နှိပ်လိုက်၏။ ကိုဒိုးရှေ့ တွင် အချုပ်ခန်းပုံပေါ်လာလေသည်။ ကိုဒိုးမှာ လွန်စွာ စိတ်ဆိုးလျက်
ဒိုး - "တစ်သက်လုံးနေလာတဲ့နေရာကို ခင်ဗျား ကျုပ်ကို လာမပြနဲ့၊ ပိုဆိုးတာက တကယ့်ဟာမဟုတ်တာကြီးလာပြနေတာပဲ"
ထက် - "ဘာပြောတာလဲ၊ မင်းရောက်မယ့်နေရာလေ"
ဒိုး - "ကျုပ်ရောက်နေကျဟာက ဒီနေရာနဲ့ တူတယ်လို့ခင်များထင်လို့လား"
ထိုအချိန်တွင် အလစ်ကိုစောင့်နေသော ဦးကျော်ထင်ထက် မှာ သူခိုးကိုဒိုး၏ နှဖူးကိုခုန်၍ ထိုးလေ၏။ ဤအခိုက်အတန့်တွင် အံ့အားသင့်ဖွယ်ကောင်းသော အဖြစ်တစ်ခုဖြစ်လေသည်။
ဦးကျော်ထင်ထက် ခုန်အုပ်ဖမ်းချိန်တွင် ကိုဒိုးမှာ သူ့ကိုယ်သူလက်ညှိုးနှင့် ထိုးလိုက်လေရာ သူသည်လူအကောင်ထဲမဟုတ်ပဲ ပုံရိပ်သာဖြစ်ကြောင်းအားလုံးသိသွားကြလေသတည်း။
ကိုဒိုးသေဆုံးသွားသည်မှာ ဆယ်နှစ်ကြာခဲ့ပြီဖြစ်၏။



Moblie Guide ဂျာနယ်၊ ဇွန်လ၊ ၂၀၁၁။

ပင်မစာမျက်နှာသို့ပြန်သွားမည် >>
နေ့စဉ် အသစ်အသစ်သော သတင်းများ ကို သိရှိနိုင်ရန် လိုတရ Application အား ဤနေရာတွင် နှိပ်၍ အခမဲ့ Download ရယူပါ။