Lotayamm

search
မာတိကာ

contents

ထိပ်ဆုံးစာမျက်နှာ > ဝတ္ထုများ

ပင်လယ်ထဲခုန်ချတဲ့သုည
Chapter 1
တာရာမင်းဝေ

ဖြစ်ပိုင်း(၁)
လိုဏ်ဂူဝမှာ ရပ်၍ မိုးပတ်ပတ်လည်ကို ကိုယ်မျှော်ကြည့်နေဆဲ အဘိုးအို၏ စကားသံက ကျောဘက်ဆီမှ တိုးညှင်းစွာ ထွက်ပေါ်လာသည်။
“လိုဏ်ဂူထောင့်ဆုံးမှာ ပန်းပုဆရာကြီး စုပုံသွားတဲ့ ပန်းပုရုပ်တွေကို တွေ့ ပြီးပြီလား”
ခေါင်းညိတ်ပြပြီး လိုဏ်ဂူထဲသို့ ကိုယ်လှည့်ဝင်လိုက်သော အခါ အဘိုးအိုက ခြေသံတရှပ်ရှပ်ပေးပြီးနောက်မှ လျှောက်လိုက်လာ၏။ပန်းပုရုပ် အစုအပုံကြီးရှေ့ သူ့ ကိုတစ်ချက်ငဲ့ကြည့်ပြီး လက်ထဲမှကျောက်တို့ ဖြင့် ကိုယ် မီးခတ်၏။ပန်းပုရုပ်များကြားသို့ မီးတောက်က ငေါက်ခနဲလျောဝင်ပေါက်ကွဲသွားသည်။
“ဝုန်း”
“အို”
အဘိုးအိုက အံ့သြလန့် ထိတ်ပြီး ဆောက်တည်ရာမရဖြစ်သွားချိန်မှာ မီးလျှံများ ပန်းပုရုပ်တို့ ကို ဟူးဟူးဟဲဟဲ ကိုက်ခဲထားပြီဖြစ်၏။တဖောက်ဖောက် တဖျစ်ဖျစ် အသံထွက်ကာ ပန်းပုရုပ်များတွန့် လိမ်လောင်ကျွမ်းခဲ့သည်။
“မင်း……မင်း…….ဘာဖြစ်လို့  မီးရှို့ လိုက်တာလဲ”
မီးတောက်ကိုငေးကြည့်နေရင်း အဘိုးအို၏အမေးကို အေးတိအေးစက် ကိုယ်ဖြေဖြစ်၏။
“မီးတောက်ကိုကြည့်စမ်း အဘိုး၊ ဘာဖြစ်လို့ ဒီလောက်အားကောင်းနေရတယ်ဆိုတာ မတွေးမိဘူးလား၊ဒီပန်းပုရုပ်တွေကို သူလောင်စာဖျန်းထားခဲ့တယ်။မီးရှို့ မလို့ ပုံထားပြီး မရှို့ ဖြစ်ခင် သူဆုံးသွားတာ။သူဟာ သူဆုံးပြီးရင် ကမ္ဘာမြေမှာ သူရဲ့ အကောင်းဆုံး ပန်းပုရုပ်နှစ်ရုပ်ကိုပဲ ထားသွားချင်တယ်။တစ်ရုပ်ကတော့ တောင်ထိပ်မှာ အဘိုးအိုတို့  ကိုးကွယ်ထားတဲ့ ဗုဒ္ဓရုပ်ပွားတော်ပဲ၊အားလုံးသိထားတဲ့အတိုင်း ပန်းပုအရာမှာ အတုမဲ့ အပြိုင်မဲ့ဖြစ်အောင်ထုဆစ်ပြနိုင်ခဲ့တဲ့လက်ရာပဲ။ဒီလောက်သက်ဝင်ငြိမ်းအေးတဲ့ဗုဒ္ဓရုပ်ထုမျိုးကို ဘယ်သူမှ လိုက်ထုနိုင်မှာ မဟုတ်ဘူး”
အဘိုးအိုက မှုန်မှိုင်းသီရီစွာ ကိုယ့်စကားမှာ ငေး,အနေ၏။ကိုယ့်စကားတို့ က လိုဏ်ဂူထဲမှာ အုံ့ အုံ့ ရှရှ လွင့်ပြန့် နေ၏။
အဘိုးအိုက အိပ်မက်မက်သူတစ်ယောက်လို လက်တွေကို မြှောက်ရမ်းရင်း မေး၏။
“ဒါ….ဒါဖြင့်…..နောက်….နောက်တစ်ရုပ်ကကော”
လိုဏ်ဂူနံရံကို ကပ်လျက်လှဲလျောင်းနေရသော ပန်းပုထုရန် အကြမ်းထွင်းထားသည့် သစ်တုံးကြီးတစ်တုံးကို ကိုယ်ညွှန်ပြလိုက်စဉ်မှာ အဘိုးအို၏မျက်လုံးများက ပြူးကျယ်လာကြသည်။
“အဲ….အဲဒါ၊သူက ဘာရုပ်ထုမလို့ လဲ”
ကိုယ်ပြန်မဖြေ။သို့ သော် ကိုယ်သိနေကြောင်းကို သူရိပ်မိလေသည်။ပင့်သက်ကို အယောင်ယောင်အမှားမှား ရှိုက်ရင်းလိုဏ်ဂူအမိုးကို သူစိုက်ကြည့်နေသည်။

ဆောက်နဲ့ ဓားကို လက်ဖဝါးမှာ ဆုပ်ကိုင်ပြီး ထိုသစ်ထွင်းတုံးကြီးရှေ့  ကိုယ်ရပ်သောအခါ သူ့ မျက်နှာမှာ အရိပ်အမျိုးမျိုးဖြတ်ပြေးနေပြန်၏။အတန်ကြာမှ အချို့ သောစကားများကို သူတစ်ဦးတည်းပြောသလိုလိုနှင့် ကိုယ့်ကိုမကြည့်ဘဲဆိုသည်။
“ဒီ လိုဏ်ဂူပန်းပုဆရာကြီးကွယ်လွန်သွားတာ နှစ်တွေရာချီကြာခဲ့ပြီ။ဒီလိုဏ်ဂူကို ယဉ်ကျေးမှုတောင်ကုန်းလေးတစ်ခုလို တက်ကြည့်ကြတဲ့ အနယ်နယ်အရပ်ရပ်က ပြည်သူတွေ၊ဒီဆရာကြီး ကမ္ပည်းတိုင်ကို တရိုတသေ လာရောက်ဦးညွှတ်ကြတဲ့ အတိုင်းတိုင်းအပြည်ပြည်က ပန်းပုဆရာတွေအများကြီး ကြုံခဲ့ဖူးပါပြီ။ဒါပေမဲ့ သူတို့ ဟာ မင်းလောက်ငါ့ကိုမအံ့သြစေခဲ့ဘူး သူငယ်”
“တခြား ပန်းပုဆရာတွေက သူတို့ ရဲ့ ပန်းပုရုပ်တွေနဲ့ လာတယ်။မင်းက လက်ဗလာနဲ့ လာတယ်။တခြားပန်းပုဆရာတွေက ဒီလိုဏ်ဂူထဲကို ဖိနပ်ချွတ်ပြီးမှ ဝင်ကြတယ်။မင်းက ဖိနပ်ချည်တဲ့ကြိုးကိုတောင်မဖြည်ဘူး။တခြားပန်းပုဆရာတွေက ဒီထဲကပန်းပုရုပ်တွေကို ရင်သပ်ရှုမောကြည့်ကြတယ်။မင်းကတော့ မထုံတက်တေးနဲ့ ဘဲကြည့်တယ်။အခုကြည့်စမ်း၊ ရှိပြီးသားပန်းပုရုပ်တွေကို မီးရှို့ ပြီးဘာပုံမှမပေါ်သေးတဲ့ သစ်ထွင်းတုံးကို မင်းဆက်ထုမလို့ လုပ်တယ် ဘုရား ဘုရား”
သစ်ထွင်းတုံးကို ငေးမောစိုက်ကြည့်နေရင်း ကိုယ့်လက်ဖဝါးထဲမှာ ကိုယ်ဆုပ်ကိုင်ထားသော ဆောက်နဲ့ ဓားက သရဲတစ်ကောင်၏ အရေပြားလို စိမ့်အေးမာကျောလာကြ၏။
“တချို့ ကိုတော့ မင်းပြောပြလို့ သိခဲ့ရပြီ၊ တချို့ ကိုတော့မင်းလုပ်ပြလို့ မြင်ရဦးမယ်ထင်ပါရဲ့ ၊ ကောင်းပြီ……ဒီသစ်ထွင်းတုံးကို မင်းဆက်ထုပါ၊ အင်မတန်သပ္ပါယ်တဲ့ ဘုရားရုပ်ထုကို အကောင်းမြတ်ဆုံးဖြစ်အောင်ထုခဲ့ပြီးမှ ဒီအတုမဲ့တဲ့ ပန်းပုဆရာကြီးမှာ ဘာရုပ်ထု ထုစရာကျန်သေးသလဲဆိုတာ ငါတို့ သိချင်တယ်၊မင်းဆက်ထုတာကို ငါတို့ စောင့်ကြည့်မယ်၊နှစ်တွေ ၊ လတွေ၊ ကြာချင်သလောက်ကြာပါစေ၊ ငါတို့ စောင့်မယ်၊မင်းရဲ့ အရည်အချင်းကို အတိုင်းအတာတစ်ခုအထိ ယုံကြည်မိလို့  ဒီစကားတွေငါပြောခဲ့တာပဲ၊ကဲ…..ငါ သွားမယ်”

ဖြစ်ပိုင်း(၂)
ကိုယ့်လက်ချောင်းတို့ သည် ဆောက်သွားကိုမှ မကိုင်နိုင်လောက်အောင် ထုံကျဉ်ခဲ့ပေပြီ။
ထိုအခါမျိုးမှာ ခေတ္တဖြေနားရင်း လက်ကို နောက်ပစ်၍ကိုယ်တစ်ယောက်တည်းခေါက်တုံ့ ခေါက်ပြန်စဉ်းစားနေခဲ့ဖူးသည်။သေနေသော အိပ်မက်တစ်ခုအတွင်းမှ ပြန်လည်၍ ရုန်းကန်လူးထလာတာ ပန်းပုရုပ်ကိုလည်း ရန်သူတစ်ယောက်လို စိမ်းစိမ်းဝါးဝါးကြည့်ခဲ့ဖူးသည်။ တစ်ခါတစ်ခါ တိမ်ခိုးတွေ လွှင့်ထုတ်နေသည့်ပမာ ပန်းပုရုပ်က အိပ်ပျော်နေစဉ်မှာရော နိုးထစဉ်မှာပါ ကိုယ့်ကိုပြုစားတတ်သေး၏။
ပန်းပုရုပ်၏ အောက်ဘက်ခြေမှာ သူမလိုအပ်သော သစ်သားစတွေ ကျဲဖွာလွင့်ကျနေသည်။ဤလိုဏ်ဂူသည် ကိုယ်၏ စစ်မြေပြင်ဖြစ်၏။အနုပညာအတိပြီးသော ဓားဝါဒတစ်လက်ဖြင့် သစ်သားကိုကိုယ်အသက်သွင်းနေ၏။ကိုယ်နိုင်မည်လော သို့ တည်းမဟုတ် ကိုယ်ရှုံးမည်လော။
လေက ရိုင်းရိုင်းတိုက်၏။ အဝေးသို့ မျှော်ကြည့်နေရင်း ကိုယ့်အသားတွေအေးစက်ကာ ကိုယ့်ဝတ်ရုံကလည်း တဖျတ်ဖျတ်လှုပ်ခါနေသည်။အရှေ့ ဖက် တောတန်းကလေးမှာ ပန်းတွေဝေ၏။ရနံ့ တို့ သည် အပိုင်းပိုင်းအကန့် ကန့် သင်းပျံ့ ပြိုကွဲကာ လေထဲမှာ ဖရိုဖရဲမျောပါနေသည်။ လေစီးကြောင်းက တင်းခနဲ တစ်ချက်ဖြစ်သောအခါ ကိုယ့်မျက်ဝန်းတွေ ကျိန်းစပ်နာကျင်သွား၏။
ကိုယ်ရီဝေငေးမောနေမိသည်။
ဝေးလံသီခေါင်လှစွာသော ကျေးရွာကလေးတစ်ခုဆီမှ ကိုယ့်ခရီးကို စတင်ခဲ့ရခြင်းဖြစ်၏။ကိုယ့်လမ်းက ခိုင်ခန့် ကြမ်းတမ်း၊ကမ္ဘာမြေ၏ ကျောပြင်ပေါ်မှာ ပဲခွပ်နှင့် အခုတ်ခံထားရသော အမာရွတ်ကြီးပမာ ရှည်လျားကျည်းတန်လှစွာ တည်၏။
ထိုလမ်း စမ်းရေကို လက်ခုပ်နှင့်ဆယ်သောက်ရင်း မုဆိုးဒူးထောက် ကိုယ်ထိုင်ဖူး၏။လေက တဝေါဝေါ တိုက်သောအခါ ကိုယ့်ဆံပင်တွေ ကပိုကရိုလွင့်ပါနေသည်။ ကိုယ့်တစ်ကိုယ်လုံးမှာ ကျောက်စွန်းရှရာများက ထွန်ကြောင်းပမာ ကွေ့ စိုက်နစ်ဝင်လျက် မျက်နှာကို ရေစက်တို့ နှင့်ပက်တောက်ရင်း လေဆန်ကိုဦးတည်ကာ ကိုယ်ဆက်လျှောက်ခဲ့ရသည်။
ထိုလမ်းမှာ ရိက္ခာပြတ်လပ်ကာ ကိုယ်ခန္ဓာ စင်းစင်းလဲကျ၊ထိုလမ်းမှာ သားရဲတို့ ကိုတွန်းလှန်ရင်း ကိုယ့်ရင်က သွေးစိမ်းပွင့်အန်၊ ထိုလမ်းမှာ ကိုယ့်ကျင်းကိုယ်တူးပြီးမှ အားယူပြန်ထ၊ထိုလမ်းမှာ ကိုယ့်ဝိဥာဉ်ကိုယ်ပြန်ခူးပြီး အတိုင်းမသိ ရူးမူးရုန်းထွက် ၊ ထိုလမ်းမှာ ကိုယ့်ကိုယ်ကို အသံလွှင့်ပြီး နင့်သီးစွာ ကြုံးဝါးအော်ဟစ်……
ထိုသိုဖြင့်….
မြူငွေ့ တို့ တလူလူစီးမျောနေသော နွေဦးရာသီ၏ နံနက်ခင်းတစ်ခုမှာ နေရောင်ခြည်ထက် စောပြီး ဤအရပ်သို့ ကိုယ်ရောက်ရှိလာခဲ့ပေသည်။
ထို့ နောက် မနီးမဝေးမှ ကသစ်ပင်ကြီးရှိရာသို့  လှမ်းလျှောက်သွားကာ ကသစ်ပင်ခြေရင်းမှ အပြာရောင်အုတ်ဂူကလေးအား တမေ့တမော ကြည့်မိလျက်သားဖြစ်နေပြန်၏။
ကြည့်နေရင်း မျက်ဝန်းတို့ စိုစွတ်ကာ ကိုယ်နှင့် အုတ်ဂူကလေးအကြားမှာ တိမ်အဆင့်ဆင့် ပွင့်လာသလိုပင် မြင်ယောင်ခံစားရ၏။
ခြေလှမ်းအနည်းငယ် ဆက်လျှောက်သွားပြီး တိုင်ထူထားသော ကမ္ပည်းစာတို့ အား အသံတိုးတိုးဖြင့် ကိုယ်ဖတ်ကြား၏။ထိုကမ္ပည်းတိုင် အုတ်ဂူထဲမှာ ပန်းပုပညာရှင်ကြီးအကြောင်းကို မြင့်ခေါင်သော စာအဖွဲ့ တို့ ဖြင့် ရေးမှတ်စုပေါင်းထားသည်။
ထိုစာတို့ ကို တစ်ကြောင်းခြင်းဖတ်ရင်း ကိုယ့်ရင်ထဲမှာ ချမ်းမြေ့လေးနက်လာခဲ့သည်။ကမ္ပည်းတိုင်၏နံဘေးမှာ ကြာမြင့်စွာရပ်တန့် ရင်း နေလနှင့် မီးတောက်တို့ ထက် လင်းသော ဝိညာဉ်ပိုင်ရှင်ကို သန့် စင်စွာ ဦးခိုက်ခဲ့ပါသေး၏။
လေက ပစ်စလက်ခတ်တိုက်နေဆဲဖြစ်၏။အဝေးသို့ လွင့်နေသော ကိုယ့်အဝေးတို့ ကို ပြန်လည်စုယူလိုက်သောအခါ လိုဏ်ဂူထဲမှာ ပန်းပုရုပ်ကလည်း ကိုယ့်ကိုဆွဲယူမျိုးဝါးပြီးဖြစ်လေ၏။ကိုယ်သည်ဤအတိုင်း မနေနိုင်တော့။ဂူထဲသို့ လှည့်ဝင်ကာ ပန်းပုရုပ်ရှေ့ မှာ ကိုယ်ရပ်၏။ဆောက်ချက်တို့  အကြမ်းကြမ်းအထစ်ထစ်ဖြင့် ပန်းပုရုပ်သည် ရှင်အံ့ဆဲဆဲ အသက်ငင်နေသည်။
ထိုပန်းပုရုပ်ပေါ်မှ ဖုန်မှုန့် ဖုန်မွှားများကို ဖြည်းညင်းစွာ ကိုယ်ခါချ၏။ကိုယ့်လက်ချောင်းများကို ပြောင်းပျော့စွာ ပြန်စိုက်ကြည့်မိသလို ထက်မြသော ဆောက်သွားကိုလည်း လျှာဖျားနှင့်လျက်လိုက်မိသည်။
ထို့ နောက်ဘာကိုမှမသိတော့…….။


ဖြစ်ပိုင်း (၃)
လိုဏ်ဂူအတွင်း လွန်ကျူးခက်ခဲသော ပန်းပုရုပ်တစ်ရုပ်ကို ဤသို့ စိတ်ဖြာထုလုပ်ရင်း တိတ်ဆိတ်နေရခြင်းသည် ကိုယ့်အတွက် အိပ်ရေးပျက်တတ်သော နိဗ္ဗာန် သို့ ရောက်နေရခြင်းပင်ဖြစ်၏။ကိုယ်နေပျော်လေသည်။
ပန်းပုရုပ်ရှေ့ မှာ မကြာမကြာ ရပ်တန့် တွေဝေရင်း မြေမှုန့် တမျှ သေးငယ်ဖူးသလို ဟိမဝန္တာတမျှလည်းကြီးကျယ်ဖူး၏။ကိုယ့်ကိုယ်ကို ပြန်လည်မရုတ်သိမ်းနိုင်သော အရိုင်းတောအုပ်ကြီးပမာ ဆူးပန်းတွေလည်း အပြိုင်းအရိုင်းပွင့်ထလာဖူးသည်။
အိပ်မက်ထဲမှာပင် ပန်းပုရုပ်နှင့် အပြန်အလှန် လုံးထွေးသတ်ပုတ်နေရပါတော့သည်။
ပန်းပုရုပ်၏ နှာခေါင်းပေါက်အတွင်းသို့ အငွေ့ တွေမှုတ်သွင်းကာ ဘာဖြစ်လာမလဲဟု ကိုယ်စောင့်ကြည့်ဖူး၏။ပန်းပုရုပ်၏ကျောနှင့်ရင်ကို လက်ဖဝါးနှင့် တဖြန်းဖြန်းရိုက်ပုတ်ကာ အခါခါလည်းကိုယ်လှုပ်နှိုးဖူး၏။တချို့ သောအချိန်များမှာ ပန်းပုရုပ်၏ အသားများကို ဖွဖွရွရွ ဆုပ်နယ်ဖျစ်ညှစ်လျက် ပင့်သက်ကို မော့လှန်ရှုလိုက်ရပြန်သည်။
နေ့ များ၊ညများက လေတစ်ချက် ရှပ်လိုက်သလို ဖြတ်ပြေးသွား၏။ဤဂူထဲတွင် ကိုယ်စားခဲ့သည့်တစ်ချို့ သော သစ်သီးများတစ်ကျော့နှစ်ကျော့ပြန်သီးကြပြီ။ကိုယ်က အားလုံးကို မေ့လျော့ကာ ပန်းပုရုပ်ထုလုပ်ခြင်းမှာ အကြွင်းမဲ့သက်ဝင်ဆဲ။
နောက်ပိုင်းကာလ၏ အချို့ ညများတွင် ကိုယ်သည်လိုဏ်ဂူမှ ထွက်ကာ ပန်းပုဆရာကြီး၏ အုတ်ဂူရှိရာသို့ လျှောက်သွားတတ်သည်။ ကမ္ပည်းတိုင်မှ စာတို့ ကို လရောင်အောက်မှာ မှုန်ဝါးဝါးနှင့်ရမ်းရော်ဖတ်ရင်း သန်းခေါင်ယံ လမွန်းတည့်ချိန် ကို ငေးမျှော်စောင့်စားနေခဲ့ဖူးလေသည်။
ထိုအချိန်၏ ညဥ့်လေက ပြေပြစ်သော်လည်း အေးလဲ့နေတတ်သည်။အုတ်ဂူတစ်လုံးနှင့်သစ်အိုတစ်ပင်၊ ကမ္ပည်းတိုင်တစ်တိုင်နှင့်လူငယ်တစ်ယောက်၊ကြောက်မက်ဖွယ်ရာ လူးလာပျံသန်းနေကြသော လင်းနို့ တောင်ပျံများ ၊တောင်စဉ်တန်း၏ကြီးကျယ်ခမ်းနားသော ညည်းတွားသံသဲ့သဲ့။
အုတ်ဂူကလေးနံဘေးမှာ ဒူးပိုက်ထိုင်ကာ ကိုယ့်အာရုံတွေရီရီဝေဝေ။
ဘာပဲဖြစ်ဖြစ် အနုပညာကို ကိုယ်ချစ်သည်။အနုပညာဟူသည် ကြယ်တို့  လွတ်လပ်လင်းဝေကြသော မိုးကောင်းကင်၊အနုပညာသည် ကိုယ်၏ဝိညာဉ်၊အနုပညာသည် ကိုယ်၏မြင်းရိုင်း၊အနုပညာသည် ကိုယ်၏ လရောင်ဓားကွေး၊ ( တစ်ခါတစ်ခါတော့လည်း )အနုပညာသည် ကိုယ့်ရင်အုံကို ဗုံလုပ်၍တီးသော စုန်းပျိုမ ထိုမျှ….
အနုပညာကို ကိုယ်ချစ်ခဲ့ရလေသည်။ ပန်းပုရုပ်နှင့်ကိုယ်သည် ဗျည်းသံ၊သရသံတို့ မပါဘဲ စကားများစွာ ပြောခဲ့ကြသည်။ဆောက်သွားကိုင်မြှောက်ကာ သူ့ ကိုထုဆစ်နေရင်းက အာခေါင်လည်းခြောက်ခဲ့ရဖူးသည်။ရေလဲဆာခဲ့ရဖူးသည်။သူ့ ရှေ့ မှောက်မှာ အခါခါကျဆုံးပြီး ကိုယ့်ကိုယ်ကို ကျိန်ဆဲခဲ့ရသော အကျိန်တို့ သည်လည်း မနည်းတော့။
( အလကားဘဝ၊ ရင်ခွင်မှာ ချုပ်ကြောင်းတစ်ရာနဲ့ ကောင်၊မျက်နှာနဲ့ မဆန့် အောင်ပြုံးပြချင်တဲ့ လူမိုက်၊သဲကန္တာရကို ရေနဲ့ ပက်ပြီး ယပ်ခပ်ပေးနေတဲ့အရူး၊သူများတကာ မြင်းရထားလို လှိမ့်ထွက်သွားချိန်မှာ တိုင်မှီပြီးငေးကျန်ရစ်တဲ့လှည်းဘီးအစုတ်၊သံရှည်ဆွဲပြီး အူမိလို့ အသက်ရှုမဝဖြစ်နေတဲ့တောခွေး…..။)
နောက်တော့လည်း ကိုယ်ပြန်လည် ငြိမ်သက်လာသည်။ပန်းပုရုပ်ရှေ့ မှာ ဆောက်သွားကို ကိုင်မြှောက်လိုက်ပြန်သည်။စစ်ကူမရှိသောကြောင့် ကိုယ် ရဲရင့်ရပေမည်။

ဖြစ်ပိုင်း(၄)
ညက ကိုယ်အိပ်မက် မက်၏။ အိပ်မက်ထဲမှာ ကိုယ့်ပန်းပုရုပ်က သူ့ အရေခွံအတွင်းမှ ရုတ်ခနဲ ခုန်ထွက်သွားသည်။မျှော်ရင်းဝေးသော တောလမ်းဘေးတစ်ခုမှာ ပန်းလှလှလေးတစ်ရုံကို ခြေဖြင့်လှိမ့်ကန်ရင်း သူထွက်သွားခြင်းဖြစ်သည်။
ကိုယ်သတိပြုမိသည်ကတော့ သူထွက်သွားစဉ် ကောင်းကင်ပေါ်မှာ ငလျင်လှုပ်ပြီး အချို့ သော ဥက္ကာပျံများကောက်ကွေ့ လျက် အလင်းကြွေ ကြွေသွားခြင်းပဲဖြစ်လေသည်။
ရွှေမြို့ တော်တစ်ခု၏ နန်းအုတ်ရိုးပေါ်သို့ သူရောက်သော အခါ မြူငွေ့ ဝင်စားသော လရောင်ပြာပြာများက သူ့ ကိုယ်ပေါ်စီးဝင်ပျော်ကြလျက်ရှိခဲ့၏။သူရဲခို သူရဲပြေးများကြားမှ လျှောက်သွားနေရင်းက မြွေတစ်စင်းလို နှုတ်ခမ်းဖျားမှ တေ့လျက် တူရိယာသံကို” ဒလံ….ဒလံ’ဟု လိမ့်ထွက်အောင်သူမှုတ်၏။
ထို့ နောက် မြို့ ထဲသို့ တိုးဝင်သော အချို့ လူများ၏ နှာခေါင်းကို သူဖြုတ်ယူလာသည်။ အသက်ရှုမရတော့သော လူများမြေပေါ်သို့ ဖြည်းညင်းစွာ လဲကျသွားသည်။ပုရောဟိတ် တစ်ပါး၏ မျက်နှာကိုလည်း စဉ့် နှီးတုံးလုပ်ရန် သူချွတ်ခွာယူခဲ့ပြန်သည်။လိုဏ်ဂူသို့ ပြန်လာသောအခါ လယ်သမားတစ်ဦးကို အရိုးမပါ၊ အသားချည်းပဲ အိတ်နှင့်ထည့်ပြီး ယူလာလေသည်။
နိုးထလာသော ကိုယ်က သူ့ ဆီ ဒယီးဒယိုင် လျှောက်သွားပြီး လက်ထဲမှ ဆောက်သွားဖြင့် သူ့ ဘယ်ဘက်ရင်ခွင်ဆီ ထိုးစိုက်ချရန် ရွယ်မြှောက်လိုက်ပါသေး၏။ ထိုခဏမှာ ပတ်ဝန်းကျင်လည်း မညီမညာ တိတ်ဆိတ်သွားပါသည်။သက်ပြင်းကို မျှဉ်းချရင်းက ကိုယ့်ကိုယ်ကို ပြန်လည်ထိန်းချုပ်ရ၏။ ထို့ နောက် ထိုပန်းပုရုပ်အတွက် နောက်ဆုံးအဆင့်လက်ရာများကို အသက်ရှုတစ်ချက် မမှားရဘဲ ကိုယ်ထုဆစ်နေရပါတော့၏။
ပန်းပုရုပ်ထုဆစ်၍ ပြီးဆုံးပါတော့မည်။ လိုဏ်ဂူထဲမှာ ကိုယ်အိပ်မက်မက်စဉ် တစ်ခါတစ်ခါ ခြေသံရှပ်ရှပ်ကြားရသလို ရှိ၏။ လိုဏ်ဂူထဲမှာလည်း ကိုယ်နှင့်ပန်းပုရုပ်ပဲရှိတာ သေချာသဖြင့် ပန်းပုရုပ်ကပင် အသက်ဝင်နေသယောင် ကိုယ်ထင်မိသည်။သူ့ ရင်ခုန်သံကို ရင်ဘတ်မှာ ကပ်နားထောင်ကြည့်ရင်းက ကိုယ်စိတ်မချ ဖြစ်မိသည်။ ထို့ ကြောင့် ကိုယ်အိပ်စက်ပြီဆိုလျှင် သူ့ ကိုစောင်အနက်ဖြင့်အုပ်၍ လိုဏ်ဂူထောင့်တစ်နေရာသို့ ရွေ့ ထားရပါတော့သည်။
ပြီးခဲ့သောရက်ပိုင်းအတွင်းမှာ လိုဏ်ဂူစောင့်သော အဘိုးအိုကိုယ့်ဆီလာသည်။သူက ဤသို့ မေး၍ ကိုယ်က ဤသို့ ဖြေခဲ့လေသည်။
“သူငယ်….. မင်းအခုထုနေတာ နတ်ရုပ်ဖြစ်နေပါရော့လား၊ နတ်ရုပ် ဘယ်လောက်ကောင်းကောင်း ဘုရားရုပ်ထုကို မီစရာမရှိဘူး၊ မင်းမှားသွားပြီထင်တယ် သူငယ်”
“အဘိုး ဒီပန်းပုရုပ်ဟာ အဘိုးပြောသလို ငြိမ်းအေးသပ္ပာယ်တဲ့ ပန်းပုရုပ်ထုကို အကောင်းဆုံးဖြစ်အောင် ထုဆစ်ပြီးကာမှ ပန်းပုဆရာတစ်ယောက်အနေနဲ့ ခန့် မှန်းတိုင်းဆလို့ ရမယ့် ရုပ်ထုတစ်မျိုးကိုပဲ”
“……………….”
ဘုရားရဲ့  ငြိမ်းအေးချမ်းမြေ့မှုကို ခံစားရပြီးကာမှ ဘုရားကို ရန်မူမည့်အမြင့်ဆုံးရန်သူရဲ့ အတိုင်းအတာကို ခန့် မှန်းနားလည်ရပါတယ်။ဟုတ်တယ်……အဘိုး။ဒီအရုပ်ဟာ နတ်ရုပ်ပါပဲ။ဘုရားရဲ့ အမြင့်မားဆုံးရန်သူဖြစ်သလို အနက်ရှိုင်းဆုံးပါရမီဖြည့်ဖက်လည်း ဖြစ်တယ်။ဒါ မာရ်နတ်ရဲ့ ရုပ်ထုပဲ”
ပန်းပုရုပ်ပေါ်အုပ်ထားသော ချည်စောင်အနက်ကို ကိုယ်ခွာချလိုက်၏။
“အို”


ဖြစ်ပိုင်း (၅)

သိဟ်ရာသီ၏ ညက ရင့်မှောင်လှ၏။ လျှပ်စီးတွေ လက်လက်ဝင်းပြက်ပြီး ၊ မိုးတိမ်များကလည်း တိုက်စည်လို ဂျိမ်းဂျိမ်းတီးရိုက်နေကြသည်။လေတွေက ဟူးဟူးတိုက်၏။လျှပ်ရောက်ပြေးတိုင်းမှာ ဆံမျှင်တို့ ရှည်လျားစွာဖြင့် မာရ်နတ်ရုပ်ထုကို ထမ်းပြီး တောင်ပတ်လမ်းမှ ရွေ့ ရွေ့ တက်လာသော ကိုယ့်ကိုမြင်ရလိမ့်မည်။
ဗုဒ္ဓလိုဏ်ဂူရှေ့ မှာ ကိုယ်ရပ်သည်။
“အို…….ရှင်တော်ဘုရား”
မီးရောင်အောက်မှာ လင်းမြစွာ ဖူးတွေ့ လိုက်ရသည့် ဗုဒ္ဓရုပ်ပွားတော်ကားကြည်ညို သပ္ပါယ်လွန်းလှ၏။အလွဲလွဲအမှားမှား ဖြစ်မိသော ဆုတောင်းစာတို့ ကို ထစ်ငေါ့စွာ ကိုယ်ရွတ်ဆိုရင်း ရင်တွင်းမှာ ငြိမ်းအေးရှင်းသန့် နေသည်။ထိုအခိုက်မှာပင် အသက်ရှုရပ်သွားစရာကောင်းသော မြင်ကွင်းတစ်ခုကို ကိုယ်ကြုံ၏။တလွင်လွင် လှုတ်ခတ်နေသော မီးရောင်အောက်မှာ ကိုယ့်နောက်ကကုန်းရုန်းထသော အရိပ်တစ်ခုကို တွေ့ လိုက်ရ၏။
“ဟင်”
နောက်သို့ လှည့်ကြည့်ရင်း ကိုယ့်သွေးတို့  ဖျဉ်းခနဲ ဆူသွား၏။တွေ့ လိုက်ရသည်ကား ကိုယ်၏ပန်းပုလက်ရာ၊ ကြောက်ခန်းမလိလိ လှပခက်ထန်သည့်ရန်သူ တော်မာရ်နတ်၊ ပြိုးဝင်းထင်ရှားကာ ကိုယ်၏ ဗုဒ္ဓရုပ်ပွားတော်အား စူးစိုက်ကြည့်နေတော့၏။
သူ့ အကြည့်များ မုန်းတီးစက်ဆုပ်မှု၊ သူ့ မျက်နှာမှာ နာကျင်ကြောက်ရွံ့ ခြင်း၊ သူ့ တစ်ကိုယ်လုံးက ဆူမြိုက်နေတဲ့ မီးလျှံလို ရုန်းရုန်းလွင်ခတ်၊ ကိုယ်တို့ ၏ ဗုဒ္ဓကို ခုန်အုပ်တိုက်လှဲချမည့်အသွင်ဖြင့်စိုက်ထားတဲ့ သွားစွယ်တွေကို ဖြန့် ထုတ်လိုက်သလို ခြေသည်းလက်သည်း တွေ ရှည်လျားချွန်မြ ထွက်လာမတတ်….မာရ်နတ်….အို……..မာရ်နတ်။
ကိုယ့်ခြေထောက်တို့ ကို နောက်သို့ ဖြည်းဖြည်းချည်း ရွှေ့ ဆုတ်နေမိ၏။ လိုဏ်ဂူအပြင် လည်း မိုးတွေလေတွေ ပို၍ ဟည်းချဆူညံလာသည်။ဗုဒ္ဓ ၏ရုပ်ပွားတော်က မာရ်နတ်၏အရှေ့ မှာပို၍တည်ငြိမ်ချမ်းမြေ့လာသည်ကို မျက်ဝါးထင်ထင် ငါမြင်၏။အေးမြစွာ မေတ္တာဖြင့်လွှမ်းပက်ရင်း ဂူထဲမှာ ဗုဒ္ဓဓာတ်တော်ကို ငြိမ်ဝပ်လာစေ၏။မာရ်နတ်ဆီမှ အမောက်ထောင်ထသော ညို့ လှိုင်းတို့ ကို အဖန်တလဲလဲ ပြတ်တောက်လွင့်ပြယ်ကြစေ၏။
ထိုအခိုက် လေကြမ်းပတ်တိုက်၏။ မီးတောက်က သေလုမတတ် ညှိုးမှိန်ကာ ဂူထဲမှာ ပိန်းမှောင်သွားပါတော့သည်။
သို့ သော် ဗုဒ္ဓနှင့်မာရ်နတ်တို့ က တောက်ဝန်းထည်ဝါလျက်ပင်ဖြစ်၏။ကိုယ့်ရင်တို့ တ ထိတ်ထိတ်ခုန်သည်။မီးရောင်ပြန်လင်း၏။သို့ သော် မာရ်နတ်က မီးရောင်ထက်လင်းပြီး ဗုဒ္ဓက အားလုံးထက်ပိုလင်း၏။ ကြက်သီးဖြန်းဖြန်းပွင့်ပြီး ကိုယ်နားလည်လိုက်သည်က မာရ်နတ်ကို ဗုဒ္ဓ တရားပြတော့မည်။
“……………….”
ဘာကြောင့်ရယ်မသိ။ကျယ်လောင်စွာ ကိုယ် ညှစ်အော်အလိုက် လေအဖြတ်အတိုက်မှာ မီးတိုင်းငြိမ်းသေ ခေါင်းထဲမှာ မူးမိုက်ကာ ကိုယ်……လဲ……ကာ…..သွား။

ဖြစ်ပိုင်း(၆)

တစ်ခါတုန်းက “သုည “ တစ်လုံးရှိခဲ့ပါသည်။ ထိုသုညသည် ပင်လယ်ထဲသို့ ခုန်ချခဲ့သည်။
ပင်လယ်ထဲသို့ နစ်သွားမလား၊ပင်လယ်နှင့်အတူ မျောနေမလား၊ ပင်လယ်က ပန်သော ပန်းတစ်ပွင့်ပဲ ဖြစ်လာမလား။ လောကကတော့ သူ့ ထုံးစံအတိုင်းဝေဝါးလျက်ပဲ ရှိလေသည်။

ပင်မစာမျက်နှာသို့ပြန်သွားမည် >>