Lotayamm

search
မာတိကာ

contents

ထိပ်ဆုံးစာမျက်နှာ > ဝတ္ထုများ

ပုလွေသမား
Chapter1
အရိုး

လွန်ခဲ့သောရာစုနှစ်များစွာက “ကြွက်” ဟူသောအခေါ်အဝေါ်ရှိသည့် သတ္တဝါတစ်မျိုးကို “ပလိပ်” ဟူသော ရောဂါဆိုးနှင့်တွဲ၍ လူတို့ လွန်စွာကြောက်ရွံ့ခဲ့ကြဖူးလေ၏။ ကြွက်မြင်လျှင် ကိုင်ကြည့်ဖို့မဆိုထားနှင့် အထိတ်တလန့်ပင် ရှင်းလင်းမောင်းနှင် ပစ်တတ်ကြကုန်၏။ ရွာထဲမှ ကြွက်များအားလုံး ပုလွေသံဖြင့် ညှို့ငင်ခေါ်ဆောင်ကာ ရေထဲနှစ်၍ သေကုန်အောင် လုပ်ပေးခဲ့ဖူးသော လူစွမ်းကောင်းကြီး ပုလွေဆရာပုံပြင်မှ ပုလွေဆရာကို ဟီးရိုးကြီးတစ်ယောက်အဖြစ် သဘောကျခဲ့ကြဖူးလေ၏။ ကြွက်များကို ဤမျှအထိ လူတို့ မုန်းတီးခဲ့ကြ၏။ ထိုကြွက်ပုံပြင်ကို ယခုခေတ်တွင် ပြန်လည် အသက်သွင်းရသည်ရှိသော်. . .
တစ်နေ့သော နေ့လည်ခင်းတစ်ခု၌ ဟန်ဂေရီနိုင်ငံ၏ မြို့လေးတစ်မြို့အတွင်းသို့ ရှေးခေတ် အဝတ်အစားများဝတ်ဆင်ထားသည့် ရှေးခေတ် ဟန်ပန်အမူအရာနှင့်ရှေးခေတ်လူသားတစ်ယောက်သည် ပုလွေရှည်ရှည်တစ်ချောင်း လက်မှစွဲကာ ပိန်ရှည်ပိန်ရှည်နှင့် မြို့တွင်းသို့ ဝင်လာလေ၏။
ထိုသူသည် မြို့လယ်လမ်းတစ်လျှောက် ဟိုကြည့် သည်ကြည့်နှင့် လျှောက်လာရာမှ မြို့လည်ခေါင်သို့ ရောက်လာကာ အရက်ဘားတစ်ခုအတွင်းသို့ ဝင်လေ၏။ ဆိုင်တံခါးကို တွန်းဖွင့်ဝင်ကာ ဘားရှိရာသို့ တဒေါက်ဒေါက်လျှောက်သွားပြီး ခုံတစ်လုံးကို ဆွဲ၍ ခပ်တင်းတင်းတက်ထိုင်လျက် လက်မှ ကိုင်လာသော ပုလွေရှည်ကို ဘားကောင်တာပေါ်သို့ “ဒေါက်” ခနဲတင်လိုက်လေ၏။ ဘားမင်းသည် ထူးဆန်းလှသော ထိုသူကို ပြူး၍ကြည့်နေ၏။ ထိုသူမှ မျက်နှာထားတင်းတင်းနှင့် ဘားမင်းကို ကြည့်လျက်
“ဘာကြည့်နေတာလဲ၊ အရက်တစ်ခွက်လောက်ပေးစမ်း၊ ကျုပ် ခင်ဗျားတို့မြို့ကို ကယ်တင်ဖို့လာတာ”
ထိုစကားကိုကြားသော် ဆိုင်အတွင်းရှိနေကြသော လူများသည် ထိုသူအားဝိုင်းလှည့်ကြည့် ကြကုန်လျက် “ဘာလဲဟ” ဟူသော သဘောနှင့် အချင်းချင်း မေးဆတ်ပြကြပြီးနောက် နားများကို စွင့်ထား လျက်ရှိကြလေသည်။ ဘားမင်းသည်ဝီစကီတစ်ခွက်ကို ခပ်သွက်သွက် ထည့်ကာ သူ့ရှေ့မှလူရှေ့သို့ ချပေးလိုက်ပြီး မချိုမချဉ် ပြုံးစိစိမျက်နှာနှင့်
“ဆိုစမ်းပါဦး၊ ကျုပ်တို့မြို့က ဘာဖြစ်နေလို့ ကိုယ့်လူက ဘယ်လိုကယ်တင်မှာတုံး”
ထိုသူက ဘားမင်းကို စိုက်ကြည့်လျက်
“ခင်ဗျားတို့မြို့မှာ mouse တွေမရှိဘူးလား”
ဘားမင်း ရုတ်တရက် ကြောင်သွားပြီးမှ
“mouse တွေ ဟုတ်လား”
“ဟုတ်တယ်လေ”
“mouse တွေ . . . mouse တွေ ရှိတာပေါ့။ ရှိတာမှ အများကြီးဥစ္စာ၊ ဘာဖြစ်လို့တုံး”
ထိုအခါထိုသူမှာ အောင်နိုင်သူတစ်ယောက်၏ အပြုံးကို အပေါ်စီးမှ ပြုံးကာ တစ်ခွန်းမှမပြောဘဲနှင့် ဘားကောင်တာပေါ်တင်ထားသော သူ၏ ပုလွေရှည်ရှည်ကို ကောင်းဘွိုင်တစ်ဦးသည် သူ၏ခါးကြားမှ ခြောက်လုံးပြူးအား မခိုးမခန့်နှင့် ရန်သူကို ပုတ်၍ပြသည့်အလား ဘားမင်းအား ပုတ်ပြလေ၏။ ဆိုင်တွင်မှ လူများလည်း ထိုသူ၏စကားနှင့် အမူအရာမှာ ထူးလှလေသောကြောင့် အံ့သြကာ ကြည့်နေကြလေသည်။ ဘားမင်းသည် စားပွဲပေါ်မှ ပုလွေကို တစ်လှည့် ထိုသူမျက်နှာအား တစ်လှည့်အားဖြင့် နားမလည်စွာ သုံးခါမျှ ခေါက်တုန့်ခေါက်ပြန်ကြည့်၍
“ဒါ ဒါကဘာလဲ”
“ပုလွေလေ”
“ဘာလုပ်တဲ့ပုလေလဲ”
ထိုသူသည် ဟက်ဟက်ပက်ပက် ရယ်မောကာ
“ဟား ဟား ဟား ဒီပုလွေကို ခင်ဗျားက သာမညောင်ည ပုလွေမှတ်လို့လား”
“ဒါ ဘာပုလွေမို့လို့လဲ”
ထိုအခါမတော့ ထိုသူသည် ဘားမင်းအား သနားစရာကောင်းသော ကလေးငယ် တစ်ယောက်ကိုကြည့်သလို ကြည့်လျက် တစ်ဆိုင်လုံးကြားအောင် ကျယ်လောင်စွာ ပြောလေ၏။
“ခင်ဗျားတို့ ကျုပ်အကြောင်းကို မကြားဖူးကြပဲကိုး၊ ဒီပုလွေဟာ သာမညောင်ည ပုလွေမဟုတ်ဘူး ကျုပ်ကလည်း သာမညောင်ည ကောင်စားမဟုတ်ဘူးဗျ”
ဘားမင်းမှ ထောက်ပေး၏။
“ဘာလဲဗျ ခင်ဗျားစကား”
ထိုသူမှာ လည်ချောင်းတစ်ချက် ရှင်း၍
“အဟမ်း . . . တခါတုန်းက ရွာတစ်ရွာမှာ ကျုပ်ဝင်သွားပြီ ဒီပုလွေကို မှုတ်လိုက်တာ ရွာမှာရှိသမျှ mouse တွေအားလုံးကို ဖျက်ဆီးပြီးသား ဖြစ်သွားတောတာပဲ၊ ခင်ဗျားတို့ မကြားဖူးကြဘူးကိုး”
ထိုသူစကားဆုံးသွားသည်နှင့် ဘားမင်းအပါအဝင် တစ်ဆိုင်လုံးမှ လူတိုင်း၏ကိုယ်များ အားလုံး ဆတ်ခနဲ မတ်သွားကြလေ၏။ ပုလွေဆရာ၏ နောက်ဘက်ခပ်ကျကျဝိုင်းမှ လူတစ်ယောက်မှာမူ မသိမသာ ထကာတံခါးအပြင်ဘက်လမ်းပေါ်ရောက်သည်နှင့် မြို့တော်ဝန်ရုံးသို့ သုတ်ခြေတင်လေတော့၏။ ထိုသူသည် မောကြီးပန်းကြီးနှင့် မြို့တော်ဝန်ရှေ့သို့ ရောက်သွားလေ၏။ မြို့တော်ဝန်သည် အူယားဖားယားရောက်လာသော ထိုသူအားကြည့်ကာ
“ခင်ဗျားက ဘာဖြစ်လာတာတုံး”
“ဟောဟဲ . . ဟူး . . အရေးကြီးတယ် မြို့တော်ဝန်ကြီး၊ တော်တော်အရေးကြီးတယ်၊ တစ်မြို့လုံး အတွက်ကို တော်တော် အရေးကြီးတာ ဟူး . . .”
ထိုအခါမြို့တော်ဝန်ကြီးမှာ မျက်မှောင်ကုတ်သွားပြီး
“ဘာအရေးကြီးတာတုံး၊ ရှင်းရှင်းပြောစမ်းပါ”
“ဟောဟဲ ဟူး . . . ဒီလိုခင်ဗျ”
“ဘယ်လိုတုံး”
“မြို့လယ်ခေါင်က ဘားဆိုင်မှာ ကျွန်တော်တို့ အရက်သောက်နေကြတုန်း ဘယ်ကမှန်းမသိတဲ့ လူတစ်ယောက် ဝင်လာတယ်၊ တစ်ခါမှလည်း မမြင်ဖူးဘူး၊ အဲဒီလူ လက်ထဲမှာ ပုလွေလဲ ပါလာတယ်ခင်ဗျ”
“စကားကို ရှင်းရှင်းပြောစမ်းကွာ၊ ဘာပုလွေလဲ၊ ဝံပုလွေကြီးဆွဲလာတာလား”
“မဟုတ်ဘူးခင်ဗျ၊ ရိုးရိုးမှုတ်တဲ့ပုလွေတစ်ချောင်းကိုင်လာတာ”
“ပုလွေပါလာတာ ဘာဖြစ်တုံး”
“ဘာဖြစ်ရမလဲ မြို့တော်ဝန်ကြီးရဲ့၊ အရက်တစ်ခွက်သောက်ပြီးတော့ အဲဒီလူကပြောတယ်၊ တစ်ခါက ရွာတစ်ရွာမှာ သူအဲဒီပုလွေကို မှုတ်လိုက်တာ တစ်ရွာလုံးက mouse တွေကို ဖျက်ဆီးပြီးသား ဖြစ်ရောတဲ့”
“ဟိုက် ရှောက်ကျိုးနည်း”
“အဲဒါပြောတာပေါ့ မြို့တော်ဝန်ကြီးရဲ့၊ အရေးကြီးပါတယ်ဆို”
မြို့တော်ဝန်ကြီးသည် သေသေချာချာ စဉ်းစားပြီးနောက်
“အေး တော်တော် အရေးကြီးတယ်၊ ဒီလိုလုပ် . . . မင်း အသာပြန်သွားပြီးတော့ အဲဒီလူကို အသာထိန်းထား၊ ငါရဲကို အကြောင်းကြားမယ်၊ ဟုတ်သော်ရှိ မဟုတ်သော်ရှိ၊ ဟုတ်နေရင်းလည်း အကျိုးနည်းကုန်မှာ”
ထိုသူလည်း ဘားဆိုင်သို့ သုတ်ခြေတင် ပြန်ပြေးလေသည်။ မြို့တော်ဝန်မှတစ်ဆင့် ထို သတင်းသည် တစ်မြို့လုံးသို့ ပျံ့သွားကာ ယောက်ယက်ခတ်ကုန်ကြ၏။ ဘားဆိုင် အတွင်းတွင်းတော့ အခြေအနေသည် လွန်စွာအေးစက်လျက် ရှိလေသည်။ မိုးသက်လေမထန်ခင် ပင်လယ်ပြင်ငြိမ်သက်နေသလိုမျိုး ဖြစ်၏။ ပုလွေဆရာမှာ သူ့ကို အရက်မတိုက်လျှင် ပုလွေကို မှုတ်လိုက်တော့မည်ဆိုသဖြင့် ဘားမင်းမှ တစ်ခွက်ပြီးတစ်ခွက် တိုက်နေရလေ၏။ ပုလွေဆရာမှာ တစ်ဆိုင်လုံးကို ဂရုမစိုက်ဘဲ အရက်ကို ဇိမ်ဆွဲသောက်နေလေသည်။ ဘားမင်းသည် ဆိုင်တွင်းမှ သူ့အရက်သမားများအား မျက်ရိပ်ပြလိုက်၏။ အရက်သမားများလည်း ခေါင်းညိတ်ပြကြကာ ထိုင်ရာမှ ဖြည်းညင်းစွာထကြ၍ ပုလွေဆရာကို ဝိုင်းကာ တဖြည်းဖြည်းချဉ်းကပ်လာကြကုန်၏။ အရက်သမားများ ပုလွေဆရာနား ရောက်လာကြသည်နှင့် ဘားမင်းမှာ သတိကြီးစွာထားသော လေသံဖြင့် ပုလွေဆရာအားခေါ်လိုက်၏။
“ဒီမှာ ကိုယ့်ဆရာ”
“ပြော” ဆိုသည့်သဘောဖြင့် ပုလွေဆရာအား မေးဆတ်ပြ၏။
“ဒီလောက်ထူးဆန်းတဲ့ ပုလွေကို ကျုပ်ခဏကိုင်ကြည့်ပါရစေဗျာ၊ တစ်သက်တစ်ကိုယ် ကိုင်ဖူးတယ် ရှိအောင်လို့ပါ”
“ရပါတယ်”
ပုလွေဆရာ စကားဆုံးသည်နှင့် ဘားမင်းမှာ ပုလွေကို ဆတ်ခနဲယူလိုက်ပြီး ခုံစောင်းတွင်း ဖျောင်းခနဲ ရိုက်ချိုးလိုက်လေတော့၏။ ပုလွေဆရာမှာ အံ့အားသင့်ကာ ကြောင်နေခိုက် ဝိုင်းထားသော အရက်သမားများသည် ပုလွေဆရာကို ဝုန်းခနဲ ခုန်အုပ်ကာ ဖမ်းဆီးချုပ်ထားကြလျက် တစ်ယောက်မှ ရွှီခနဲ လက်ခေါက်မှုတ်လိုက်လေလျှင် အပြင်တွင် အသင့်စောင့်နေသော ပုလိပ်များမှ ပြေးဝင်လာကြကာ ပုလွေဆရာ အား ဖမ်းချုပ်ခေါ်ဆောင်သွားကြလေတော့၏။ ဘားမင်းနှင့် အရက်သမားများမှာ ထိုအခါမှ သက်ပြင်းကိုယ်စီချကြကာ တစ်ယောက်မှ
“ဝှီး . . . တော်သေးတာပေါ့ကွာ၊ ဘယ်လို သောက်ရူးနဲ့ လာတွေ့တယ် မသိဘူး”
တစ်ယောက်မှ ထောက်ခံ၏။
“ရူးကြောင်ကြောင် သိပ္ပံသမားတစ်ကောင် ဖြစ်မှာပေါ့ကွာ၊ ငါ့နှယ်”
ထိုအခါ ဘားမင်းက ထောက်ခံလေသည်။
“အေးလေကွာ၊ ရှီးထဲမှ . . တစ်မြို့လုံးက mouse တွေကို ဖျက်ဆီးချင်ရတယ်လို့၊ mouse တွေ ပျက်စီးမှတော့ ငါတို့ ကွန်ပျူတာတွေ ဘာနဲ့ သွားသုံးတော့မလဲကွ”

နောက်တစ်နေ့ သတင်းစာများတွင်တော့ အန္တရာယ်ရှိသော ပုလွေဆရာကို အရူးထောင်သို့ တစ်ခါ တည်းပို့လိုက်သော သတင်းနှင့်ဘားမင်းနှင့်သူ့အရက်သမားများကို တစ်မြို့လုံးက ဝိုင်းဝန်းဂုဏ်ပြုကြသော သတင်းမှာ မျက်နှာဖုံးများတွင် ဓါတ်ပုံများဝေဝေဆာဆာဖြင့် ယှဉ်တွဲဖော်ပြပါရှိနေလေတော့သည်။

Mobile guide ဂျာနယ်၊ မေလ၊ ၂၀၁၁

ပင်မစာမျက်နှာသို့ပြန်သွားမည် >>
နေ့စဉ် အသစ်အသစ်သော သတင်းများ ကို သိရှိနိုင်ရန် လိုတရ Application အား ဤနေရာတွင် နှိပ်၍ အခမဲ့ Download ရယူပါ။