Lotayamm

search
မာတိကာ

contents

ထိပ်ဆုံးစာမျက်နှာ > ဝတ္ထုများ

အာနိုး နှင့် ကြော်ငြာ
Chapter1
အကြည်တော်

“ဒေါက်… ဒေါက် … ဒေါက်”
“ဘာကိစ္စတုံး”
“ကျွန်တော် ကြော်ငြာ ဒါရိုက်တာ စိန်အုံးပါ”
လုံးဝထင်မှတ်စရာမရှိသော အသားမည်းမည်း၊ သွားကျဲကျဲ၊ ဆံပင် အရောင်မွဲမွဲ၊ အရပ်နည်းနည်းပုသူ လူတစ်ဦး ကျွန်ုပ်၏ အိမ်ရှေ့တွင် မိမိကိုယ်မိမိ ကြော်ငြာဒါရိုက်တာဟု မိတ်ဆက်ရင်း တွေ့လိုက်ရ၏။
“အိမ်ထဲ ဝင်လကွယ်”
ထိုသူငယ် ကျွန်ုပ်၏အနောက်မှ ခေါင်းငုံ့၍လိုက်လာ၏။ ခေါင်ငုံ့လိုက်ခဲ့ခြင်းမှာ ကျွန်ုပ်အား ရိုသေလှ၍တော့ မဟုတ်။ ကျွန်ုပ်၏ အိမ်ခေါင်မှာ အရပ်ပုလွန်းသော အနှီသူငယ် ခေါင်းမလွတ်၍ ဖြစ်ပြီး အရှေ့မှ ဦးဆောင်သွားနေသော အရပ်ရှည်သည့် ကျွန်ုပ်ပင် ဖင်တွန်းဖင်တွန်းနှင့် ဧည့်ခန်းသို့ တရွေ့ရွေ့နှင့် ဦးဆောင် ခေါ်သွားရ၏။
“ဂျွတ်”
ခင်းထားသော ဝါးခြမ်းပြား ကျိုးသံကြောင့် အနှီသူငယ် တုန်တုန် ယင်ယင်ဖြင့်….
“အဘ အိမ်က ခိုင်ပါတယ်နော်”
ကျွန်ုပ်လည်း အေးဆေးစွာ အဖြေပေးလိုက်၏။
“ကံတရားပေါ့ကွယ်၊ ကဲ . . . လာရင်းကိစ္စကို ဆိုစမ်းပါဦး”
ထိုသူငယ် ကျွန်ုပ်၏ ခြောက်ပေပတ်လည် အိမ်တစ်လုံးကို ဝေ့ကြည့်ရင်း
“ကျွန်တော် ကြော်ငြာလေး တစ်ခု ရိုက်ချင်လို့ပါ”
“ဟဲ့ . . . အဲသဟာနဲ့ ငါ ဘာဆိုင်သတုံး”
ထိုသူငယ် ဟန်ပါပါ တစ်ချက်ပြုံးရင်း . . .
“ဒီလိုပါ အဘ၊ ကျွန်တော် အခုရိုက်မယ့် ကြော်ငြာက နည်းနည်း ကြီးကျယ်တယ်။ ကုန်ပစ္စည်းကိုလည်း ကမ္ဘာကို ဖြန့်မယ်ဆိုတော့ ကြော်ငြာကိုလည်း တစ်ကမ္ဘာလုံးသိအောင် ကမ္ဘာကျော်မင်းသားနဲ့ ရိုက်ချင်လို့ပါ”
“ဟဲ . . . အဲ့သဟာနဲ့ ငါ ဘာဆိုင်ပြန်သတုံး”
ထိုသူငယ် မည်းညစ်ညစ်လက်ကို ကာပြရင်း . . .
“ရှင်းပြမယ်လေ။ အဲသည်လို ကမ္ဘာကျော်တွေ ငှားဖို့ဆိုတာ အဘတို့လို ရှေ့မီနောက်မီ လူတွေနဲ့ ငှားမှ ရမှာမို့ အဘကို အကူအညီလာတောင်းတာပါ”
“သြော် . . . ဒါကြောင့်ကိုး။ ဒါနဲ့ မောင်ရင်တို့က ဘယ်သူ့ကို ငှားချင်တာတုံး”
ထိုသူငယ်ခါးကိုဆန့်ရင်း . . .
“အာနိုး”
“ဂျွတ် . . .”
ကျွန်ုပ်မပြောနှင့် ဝါးကြမ်းပင် နာမည်ကြားရုံနှင့် လန့်ပြီး ကျိုးသွားပုံရ၏။
“နို့ မင်းသမီးကရော”
“မင်းသမီးကတော့ နိုင်ငံခြားမင်းသမီး မငှားနိုင်တော့ဘူး။ ဒီကနာမည်ကြီး ကြော်ငြာမင်းသမီးနဲ့ပဲ တွဲရိုက်မယ်”
ကလစ် . . . ကလစ် . . . ကလစ်
ကျွန်ုပ်၏ အိမ်မဟာကြီး အနည်းငယ် ယိုင်ကျသွားသည်။ အင်း . . . တလွဲတွေတော့ ဖြစ်ပြီထင့် . . .
“ဒါနဲ့ ကြော်ငြာမယ့် ကုန်ပစ္စည်းက”
ထိုသူငယ် မျက်လုံးမှေးစင်း၍ ကျွန်ုပ်ကို ဟန်ပါပါကြည့်ပြီး. . .
“ဝက်ခွာခြောက်စွပ်ပြုတ်”
“ဝုန်း”









အိမ်ပြိုသွားကတည်းက ဤကိစ္စ အကူအညီပေးမိသည်မှာ မှားယွင်းပြီဖြစ်ကြောင်း မရိပ်မိခဲ့၍ ယခုလို အပြည်ပြည်ဆိုင်ရာလေဆိပ်ကို ရောက်ခဲ့ခြင်းပင်။ ကျွန်ုပ်တို့ ရောက်ခဲ့ပြီး သိပ်မကြာခင်ပင် လေယာဉ်ပျံတစ်စီး ထိုးဆိုက်လာသည်။ ထိုလေယာဉ်ပျံကြီးပေါ်မှ ကျွန်ုပ်၏ မိတ်ဆွေကြီး အားနိုးပါရှိခဲ့လေ၏။ အာနိုးကြီး ကျွန်ုပ်ကို မြင်သည်နှင့် . . .
“ဟယ်လို အဘ နေကောင်းတယ်နော်” ဟု အင်္ဂလိပ်သံ ပီပီသသ ဖြင့် နှုတ်ဆက်သဖြင့် . . .
“ပို့သသော မေတ္တာကြောင့် ကျန်းခံ့သာလို့ မာပါရဲ့ဗျာ။ သြော် . . . ဒါနဲ့ မိတ်ဆက်ပေးရဦးမယ်။ သူက မောင်ရင်နဲ့ ကြော်ငြာရိုက်မယ့် ဒါရိုက်တာ စိန်အုံးပါ”
အာနိုးလည်း ကျွန်ုပ်ဘေးမှ ကြော်ငြာ ဒါရိုက်တာ စိန်အုံးကို
“ဟုတ်ကဲ့ တွေ့ရတာ ဝမ်းသာပါတယ်။ ဒါနဲ့ ကြုံတုန်း တစ်ခါတည်း ပြောရဦးမယ်။ ကျွန်တော် ဒီကြော်ငြာအတွက် အချိန် (၁)လပဲ ပေးနိုင်မယ်”
“ဘာဗျ”
စိန်အုံး ဘာကို ဒေါသထွက်သွားသည်မသိ။ မိုးကြိုးပစ်သလို အသံကြီးနှင့် အာနိုးထံပြေးသွားပြီး ကျွန်ုပ်အထင် အာနိုး၏ ကုပ်ကို လှမ်းဆွဲလိုက်ဟန်တူ၏။ သို့သော် အရပ်ပုလွန်းသော စိန်အုံး အရပ်မြင့်မားလွန်းသော အာနိုး၏ ချက်စပ်ကို သာဆွဲမိ၍ အာနိုးတစ်ချက်တွန့်သွား၏။ ကလိထိုးသလို ဖြစ်၍ ယားသွားပုံရ၏။
“ခင်များ စကားကို ဆင်ခြင်ပြောပါ။ ကျုပ်က ကြော်ငြာဒါရိုက်တာ မလုပ်ခင်ကတည်းက လက်ဖက်ရည်ဆိုင်မှာ ပလာတာရိုက်လာတဲ့ကောင်ဗျ။ ရိုက်သက်က ရင့်နေပြီ။ ဒီလိုကြောငြာကို မပြောနဲ့၊ ဗီဒီယိုတောင် (၂) ရက် တစ်ကားနှုန်း ရိုက်နေတာ။ ဒီကြော်ငြာကို တစ်ရက်တည်း အပြီးရိုက်မယ်။ မနက်ဖြန် ပိုက်ဆံယူပြီးပြန်”
ပြတ်သားလှပေစွ။








ရိုက်ကွင်းအတွက် ပြင်ဆင်ပြီးသော အာနိုးကြီးကို ကျွန်ုပ်လွန်စွာ အားကျမိ၏။ မေးရိုးကားကား၊ လက်မောင်းသားထွားထွားတွင် ဆေးအမည်းများ ဆေးအနီများဖြင့် အစင်းကြောင်းကြီးများ ဆွဲထားပြီး ကွန်မန်ဒို ဝတ်စုံဖြင့် လွန်စွာကြီးမားသော သေနတ် အတုများကို ခန္ဓာကိုယ်အနှံ့အပြား ချိတ်ဆွဲထားသောကြောင့် သူ၏ ရုပ်ကို ပိုအသက်ဝင်စေ၏။ သို့သော် . . .
“ဟေ့လူ အာနိုး ခင်ဗျား ဘယ်လို လုပ်လာတာလဲ”
ကြော်ငြာဒါရိုက်တာ စိန်အုံးမှ မကျေမနပ်နှင့် ငေါက်၏။
“ဗျာ . . . ဘာဖြစ်လို့လဲ”
“ခင်ဗျား ဘယ်လိုပြင်ထားတာလဲ”
“ကွန်မန်ဒိုလေဗျာ။ ကျုပ် အုတ်နံရံတွေကို သေနတ်နဲ့ ပစ်မယ်လေဗျာ။ အဲဒီအထဲက ဝက်ခွာခြောက် စွပ်ပြုတ်ထုပ်ကို ဆွဲထုတ်လိုက်မယ်လေဗျာ။ မကောင်းဘူးလား”
“ဟာ . . . မကောင်းဘူး။ သင်ရိုးအဟောင်းတွေ လာရွတ်ပြမနေနဲ့။ အခုခေတ်မှာ လူတွေ ဘာကိုကြိုက်တယ်ဆိုတာ မသိဘဲနဲ့ ခင်ဗျားကို ရှင်းပြရတာနဲ့ပဲ အချိန်ကုန်တယ်။ မာမီရေ . . . အာနိုးကို လှလှလေး ပြင်ပေးလိုက်”
ဘယ်အချိန်ထဲက ရောက်နေမှန်းမသိသည့် အလှဖန်တီးရှင် (၂)ဦး ပြေးထွက်လာပြီး . . .
“ကမ္ဘာကျော်သာဆိုတယ် ပါးလည်း မဖောင်းဘူး” ဟု ဆို၍ အာနိုးကို အတင်းဆွဲခေါ်လေရာ . . .
“ဟ. . . ဟ . . . မလုပ်နဲ့လေဗျာ။ အဘ ကျွန်တော့်ကို ကယ်ပါဦး။ ဒီမှာ ဘာတွေလဲ မသိဘူး”
ကျွန်ုပ်အား လှမ်း၍ အကူအညီတောင်းသော်လည်း ကျွန်ုပ်မည်သို့မျှ မကူညီနိုင်။
သြော် ရုပ်ရှင်ထဲမှာ ရန်သူထောင်ပေါင်းများစွာကို သတ်ဖြတ်တတ်သည့် ကွန်မန်ဒိုကြီး အလှဖန်တီးရှင်ကျတော့ ကြောက်သား။
မကြာပါ။ အာနိုး ငိုမဲ့မဲ့နှင့်ထွက်လာ၏။ မိတ်ကပ်အဖုံဖုံ၊ နှုတ်ခမ်းနီပါးနီများနှင့် အင်္ကျီကျပ်ကျပ် ဘောင်းဘီရှည်ချက်ပြုတ်နှင့် ဘယ်လိုမှ ကြည့်ရှု၍ မျက်စိပသာဒ မဖြစ်။
“အဘ လုပ်ပါဦးဗျ။ ဒီမှာ ကျုပ်ပုံကိုလည်း ကြည့်ပါဦး။ အလှဖန်တီးရှင်ကြီးလို ဖြစ်နေပြီ”
ကျွန်ုပ်လည်း သက်ပြင်းချရုံအပြင် ဘာမှ မတတ်နိုင်တော့။
“သဗ္ဗေသက္ကာ၊ ကမ္မသကာပေါ့ကွယ်”
ထိုစဉ် . . .
“မင်းသမီးလာပြီ မင်းသမီးလာပြီ”
ဟော . . . မြန်မာကြော်ငြာ စူပါစတား မင်းသမီးလေး ရောက်လာပါပြီ။ သူတစ်ဦးတည်းမဟုတ်။ သူနှင့်အတူ သူ၏ ယောက်ျားလေးပါ ပါလာ၏။ ဒါရိုက်တာ စိန်အုံး မင်းသမီးကားဆီသွားပြီး ကားတံခါးကို ပြေးဖွင့်ကာ ပါးစပ်ကို အစွမ်းကုန်ဖြဲရင်း . . .
“မင်းသမီး နည်းနည်း နောက်ကျတယ်နော်”
မင်းသမီးလေးက ဒါရိုက်တာကို ဂရုမစိုက်ဟန်ဖြင့် . . .
“ကျွန်မ (၂)နာရီပဲ အချိန်ပေးနိုင်မယ်။ နောက်ရိုက်ကွင်းတွေ ရှိသေးတယ်”
“ဟုတ်ကဲ့ ဟုတ်ကဲ့ . . . ။ အခုစတော့မှာပါ”
“ရေစိမ်မယ်နော်။ အိုက်နေပြီ”
“စိတ်ချ မင်းသမီး၊ စိမ်ရစေမယ်။ ဟေ့ . . . အာနိုး”
“ဗျာ”
“ရိုက်ကွင်းစမယ်”
“ဟုတ်”
ရိုက်ကွင်းစမယ်ဆို၍ အာနိုး ကင်မရာရှေ့သွားပြီး သူ၏ ကမ္ဘာကျော် ကြွက်သားများကို ညှစ်၍ ခပ်မာမာ ရပ်နေ၏။
“ဟာ . . . ဟေ့လူ၊ ဘယ်လိုရပ်နေတာလဲ”
ဒါရိုက်တာ ငေါက်သည်။ အာနိုးမှာ အူလည်လည်ဖြင့် . . .
“ဒီမှာ ကြွက်သားလေဗျ။ ကြွက်သားပြထားတာ။ ဒီစွပ်ပြုတ်စားရင် ဒီလို အားရှိမယ်ဆိုတာလေ”
ဒါရိုက်တာ စိန်အုံးစိတ်ညစ်သွားဟန် တူသည်။
“ခင်ဗျားကို ဘယ်သူလုပ်ခိုင်းလို့လဲ၊ ဟိုဘက်လှည့်”
“ဗျာ”
“ဟိုဘက်လှည့်လေဗျာ”
အာနိုးကင်မရာကို ကျောခိုင်း၍ တစ်ဖက်သို့လှည့်၏။
“အဲ . . . ဟုတ်ပြီ။ တင်ပါးပေါ်ဝက်ခွာခြောက်ထုပိကိုင်ထားတဲ့ လက်ကိုတင်ထားလိုက်။ အေး . . . အေး ဟုတ်ပြီ။ ကင်မရာက တင်ပါးကို ချိန်ထား။ ဟုတ်ပြီ . . . ဟုတ်ပြီ၊ ကဲ . . . ရိုက်မယ် အာနိုး တင်ကိုလှုပ်ပြီး ကမယ်”
“ဗျာ”
“ဟာ . . . တင်လှုပ်ပြီး ‘က’ လေဗျာ”
“ဟာဗျာ . . . ကျွန်တော်မှ မလှုပ်တတ်တာဗျ”
“ဟာ . . . ကျွတ်”
ဒါရိုက်တာ စိန်အုံး စိတ်ညစ်သွားပုံရ၏။
“ခင်ဗျားကလည်းဗျာ၊ ကမ္ဘာကျော်လည်း ဆိုသေး တင်လေးတောင် မလှုပ်တတ်ဘူးလား။ ကဲ . . . မင်းသမီး တင်တစ်ချက်လောက်လှုပ်ပြလိုက်”
မင်းသမီးက သူ့ယောက်ျားနှင့် ဘာတွေပြောပြီး သဘောကျနေသည်မသိ။ လှည့်ပင်မကြည့်ဘဲ တင်ကို လှုပ်ပြသည်။
“ဒက်ဒက်ဒက် ဒက်ဒက်ဒက်ဒက် ဒက်ဒက်ဒက်ဒက်ဒက်ဒက်”
ကွယ် . . . မြန်လိုက်လေခြင်း။ အာနိုးကြီး ပါးစပ်အဟောင်းသားပင်ဖြစ်သွားလောက်အောင် တအံ့တသြကြည့်သည်။ ပြီးနောက် ကျွန်ုပ်အား လှမ်းခေါ်ပြီး . . .
“အဘ အဲ့မင်းသမီး တင်ပါးမှာ ဘာတွေတပ်ထားလဲ။ မော်တာတွေ၊ စက်တွေပါလားဟင်”
ကျွန်ုပ်လည်း သေချာအောင်ရှင်းပြရတော့သည်။
“အော်ရီဂျင်နယ်ပါကွယ်”
အာနိုး ပါးစပ်အဟောင်းသားဖြင့်
“လှုပ်သွားတာ မသိလိုက် မသိဘာသာလေး။ ထင်တောင်မထင်ရဘူး။ ဒါပေမယ့် တော်တော်မြန်တယ်နော်”
“အေး ဒါတောင် နမူနာပဲရှိသေးတယ်”
“အင် . . .”
အာနိုးပို၍အံ့သြသွားဟန်တူ၏။
“ကဲ . . . ရိုက်မယ်။ အားလုံးဖယ်ထားပေးကြပါ။ အာနိုး ခုနပုံစံအတိုင်း ပြန်လုပ်မယ်”
ဒါရိုက်တာစိန်အုံး ၏ အသံကြောင့် ကျွန်ုပ်လည်း ရိုက်ကွင်းလွတ်ရာသို့ ရှောင်ပေးလိုက်ရ၏။ ကျွန်ုပ်၏ မိတ်ဆွေ အာနိုးကြီး အစွမ်းကုန်ကြိုးစား၏။ တစ်ကြိမ်၊ နှစ်ကြိမ်၊ သုံးကြိမ်၊ လေးကြိမ် အကြိမ်ပေါင်းများစွာ ရပြီ။ တစ်ခန်းတော့ အောင်မြင်သွားပြီ။ ဒါရိုက်တာ စိန်အုံး စိတ်ကြိုက်ဖြစ်ချိန်ဝယ် အာနိုးကြီးတော့ လမ်းလျှောက်လျှင်ပင် ဖင်တစ်ခါခါနှင့် ဖြစ်သွားပြီ။
“ကဲ . . . နောက်တစ်ခန်း ဆက်ရိုက်မယ်။ အာနိုး ရေကန်ထဲဆင်းပါ”
“ဗျာ . . .”
“ရေကန်ထဲဆင်းလေ”
“ဝက်ခွာခြောက်နှင့် ရေကန်ဘာဆိုင်လို့လဲ”
“ဟာ . . . ခင်ဗျား တယ်လျှာရှည်ပါလား။ ဆိုင်ဆိုင် မဆိုင်ဆိုင် ခေတ်အကြိုက်ဗျ။ ခေတ်အကြိုက်၊ ပြောနေကြာတယ် ကဲကွာ . . . ”
“ဝုန်း . . .”
လွန်စွာ စိတ်ဆတ်လှသော ကြော်ငြာဒါရိုက်တာ စိန်အုံးပေတကား။ သည်းမခံနိုင်တော့ရော့ထင့်။ ခြေမြန်လက်မြန်ပင် အာနိုးကြီးကို ရေကန်ထဲ တွန်းချလိုက်လေ၏။
“ကဲ . . . မင်းသမီးလေး၊ ရေကန်ထဲ ဆင်းပါ”
မင်းသမီးလေး ရေကန်ထဲဆင်းသွား၏။
“အာနိုးကြီးက ရေငုပ်နေမယ်။ ပြန်ပေါ်လာမှ ရိုက်မယ်။ ကဲ . . . ရယ်ဒီရိုက်မယ်”
ဆိုသည့် အသံကြားသည်နှင့် မင်းသမီးမျက်နှာပေါ်တွင် ကျွန်ုပ် တစ်ကြိမ်တစ်ခါ မတွေ့ခဲ့ဖူးသော အပြုံးကို အံ့သြစရာကောင်းလောက်အောင် တွေ့လိုက်ရ၏။
ချိုမြလေခြင်း၊ အေးမြလေခြင်း၊ လှပလေခြင်း။ ကလေးငယ်တစ်ဦး၏ အပြုံးမျိုး။ ယောက်ျား တစ်ယောက်ပြီးတစ်ယောက် ယူထားသည်မှာ မယုံနိုင်ဖွယ်ရာ အမူအရာမျိုး။
ဟော . . . အာနိုးကြီး ရေပေါ် ‘ဘွား’ ခနဲ ပြန်ပေါ်တတ်လာပြန်၏။ ကြီးမားသော လက်မောင်းကြီးနှစ်ဘက်ကို ကွေးပြီး ဂဏန်းလက်မကြီးသဖွယ် ပြုလုပ်၍ ပြန်ပေါ်တတ်လာသည်မှာ ကြက်သီးမွေးညင်းပင် ထလောက်စရာ။ သို့သော် . . .
“ဟေ့လူ . . . ဘယ်လိုလုပ်လိုက်တာလဲ”
ကြော်ငြာဒါရိုက်တာစိန်အုံး ဒေါသတကြီး အော်၏။
အာနိုး မျက်စိသူငယ် နားသူငယ်ဖြင့်
“ဒီမှာလေဗျာ . . . လက်မောင်း ကြီး”
“ခင်ဗျားကို ဘယ်သူက လုပ်ခိုင်းလို့လဲ”
“ခင်ဗျာ”
“ခင်ဗျာတွေ ဘာတွေ လုပ်မနေနဲ့။ ရေပေါ်က ပြန်ပေါ်လာရင် မင်းသမီးကို နှုတ်ခမ်းလေးစူပြီး မျက်စောင်းလေးထိုးမယ် ဟုတ်ပြီလား”
“ခင်ဗျာ . . . နှုတ်ခမ်းစူပြီး မျက်စောင်းထိုးရမယ်။ ဟာဗျာ . . . ကျွန်တော်မှ မလုပ်တတ်ပဲ”
“ဟာ . . . နှုတ်ခမ်းစူပြီး မျက်စောင်းထိုးတာပဲ ဘာခက်လို့လဲ။ ဒီလိုလေဗျာ။ ဒီလို . . .”
ကန်ပေါင်ပေါ်တွင် ရပ်ကြည့်နေသော မင်းသမီးယောက်ျားမှ ဝင်၍ လုပ်ပြသည်။
ဟုတ်လိုက်လေခြင်း။ အာနိုးလိုက်လုပ်ကြည့်သည်။ မရ။ မင်းသမီးယောက်ျား ပို၍ စိတ်ဆိုးသွားသည်ထင့်။
“အဲလို မဟုတ်ဘူးလေဗျာ။ ဒီလိုလေ ဒီလို . . . ဒါလေးတောင် မလုပ်တတ်ဘဲ ကမ္ဘာကျော်လာတာ ကမ္ဘာသူကမ္ဘာသား နစ်နာတယ်”
“ဟုတ်ပ”
မင်းသမီးလေးက ထောက်ခံသည်။
“ဟာဗျာ . . . ကျွန်တော် မလုပ်တတ်ဘူးဗျာ။ ပိုက်ဆံမရရင် နေပစေတော့ ကျွန်တော် မရိုက်တော့ဘူး”
အာနိုး ငိုကြီးချက်မနှင့် ရေကန်ပေါ်ပြန်တတ်လာသည်။ ကြော်ငြာ ဒါရိုက်တာ စိန်အုံး ပျာပျာသလဲ ဖြစ်သွားသည်။
“ဟာ . . . အဲသည်လိုတော့ မလုပ်နဲ့လေဗျာ။ ကျုပ်တို့က စာချုပ်စာတမ်းနဲ့ လုပ်ထားတာနော်။ အဘ ကြည့်ပြောပါဦးဗျာ”
ကျွန်တော့ဘက်လှည့်၍ အကူအညီတောင်းသဖြင့် ကျွန်ုပ်လည်း ဝင်ပြောရလေပြီ။
“ဟုတ်သားပဲ မောင်အာနိုးရယ်။ ပြီးတော့မှာပဲ ဆက်လုပ်လိုက်ပါ”
“ဟာဗျာ . . . ကျွန်တော်မှ မလုပ်တတ်တာ”
“သြော် . . . မောင်ရင်ရယ်။ ဘယ်လောက်များ ခက်လို့လဲ။ ဒီလိုလေး ဒီလိုလေး”
နေ့စဉ်ကြော်ငြာများတွင် တွေ့နေရသည့် မြန်မာ့နည်း မြန်မာ့ဟန်မို့ ကျွန်ုပ်လည်း အလွတ်နီးပါး ရနေပြီဖြစ်သော ထိုအမူအရာကို အိုကြီးအိုမနှင့် မရှက်မကြောက်ပင် လုပ်ပြလိုက်ရ၏။ အဆင်ပြေဖို့သာ အရေးကြီးနေပြီကိုး။ အာနိုး ကျွန်ုပ်ကို စကားပင် မပြောနိုင်လောက်အောင် တအံ့တသြကြည့်ပြီး . . .
“ဟင် . . . အဘလည်း လုပ်တတ်တယ်။ ဟာဗျာ. . . ကျုပ်ကိုက အသုံးမကျတာဖြစ်မှာပါ။ ဟီး . . . ဟီး . . .”
ဆို၍ ငိုပြီး ကန်ထဲဆင်းသွားပြီး ထိုအမူအရာကို ကြိုးစား၍လုပ်၏။ နှုတ်ခမ်းကို အရင်စူကြည့်သည်။ နောက်တစ်ဆင့် မျက်စောင်းထိုးကြည့်သည်။ နောက်နှစ်ခုလုံးပေါင်းပြီး တစ်ခါတည်းလုပ်ကြည့်သည်။ တစ်ကြိမ်၊ နှစ်ကြိမ်၊ သုံးကြိမ်၊ လေးကြိမ်၊ အကြိမ်ပေါင်းများစွာ။ ရပြီ။ နောက်တစ်ခန်းတော့ အောင်မြင်သွားပြီ။ အာနိုးကြီးလည်း မျက်လုံးစွေလုလုဖြစ်သွားပြီ။ ဒီအတိုင်းနေလျှင်တောင် တွေ့သည့်လူကို မျက်စောင်းတထိုးထိုး၊ တင်တလှုပ်လှုပ် နှင့် အသည်းယားချင်စဖွယ် ဖြစ်သွားပြီ။ ယောက်ျားအချင်းချင်းပင် ရင်ခုန်ရပါလားကွယ်။
ထိုဇာတ်လမ်းသည် ထိုမျှနှင့်မပြီး။
“ကဲ . . . နောက်တစ်ခန်း ဆက်ရိုက်မယ်”
အာနိုးကြီး ကြော်ငြာဒါရိုက်တာ စိန်အုံး၏ အသံကြားသည်နှင့် တုန်တတ်သွားသည်။
“ဟာ . . . ထပ်ရိုက်ဦးမယ်”
ဒါရိုက်တာက အေးဆေးစွာပင်
“ရိုက်ဦးမယ်။ နောက်ပိုင်းက အမူအရာတွေလွယ်ပါတယ်။ ဘာမှ မခက်ဘူး။ မင်းသမီးနဲ့ အာနိုး ဟိုသောင်ပြင်မှာ နေရာယူပါ”
အာနိုးနှင့် မင်းသမီးသောင်ပြင်တွင် နေရာယူပြီး . . .
“အေး . . . ဟုတ်ပြီ။ မင်းသမီးအရှေ့ကပြေးမယ် အာနိုးက အနောက်ကလိုက်မယ် ပြေးတဲ့နေရာမှာ ခြေထောက်နှစ်ချောင်းခွင်ခွင်လေး အနောက်ကို ပစ်ထားပြီး သဲပြင်ကို ယက်ယက်ပြီး ဘဲတွေလိုပြေးမယ်။ တင်ကိုလည်း နောက်စိမထိတထိ ကောက်ထားရမယ်”
“ဟာဗျာ . . . အဲဒီမျိုးတွေ ကျုပ်မလုပ်တတ်ပါဘူးဆို”
ဒါရိုက်တာစိန်အုံး စိတ်ညစ်သွားပြန်သည်။
“ကျွတ် . . . ဘာများ ခက်လို့လဲဗျာ။ မင်းသမီးတစ်ချက်လောက် လှုပ်ပြလိုက်ပါဦး”
မင်းသမီး နမူနာလုပ်ပြသည်။ ဟုတ်လိုက်လေခြင်း။ မြန်မာစာလုံး နငယ်ပင် မြင်လျှင် ထိုင်ငိုလောက်သည့် ပုံစံမျိုး။ အာနိုးကြိုးစား၍ လုပ်ကြည့်သည်။ မရ။ အတန်တန်ကြိုးစား၏။ သို့သော်မရ။ ဘေးနားတွင်ရပ်ကြည့်နေသော မင်းသမီးယောက်ျားမှာ စိတ်မရှည်တော့ဟန်တူ၏။
“အဲလိုမဟုတ်ဘူးလေဗျာ။ ဒီလိုလေဗျာ . . . ဒီလို . . . ပြေးတာကဒီလိုလေ”
အာနိုးကြီးငိုပြီ . . .
“ဟာဗျာ . . . ကျုပ် မလုပ်နိုင်ဘူးဗျာ။ ခင်ဗျားတို့ လုပ်တတ်ရင် ကိုယ့်ဘာသာလုပ်ကြတော့။ ကျွန်တော် ဒီကြော်ငြာ ကို ဆက်မရိုက်နိုင်တော့ဘူး။ ဟီး . . . ဟီး . . . ဟီး”
ကြော်ငြာဒါရိုက်တာ စိန်အုံး ဒေါသထွက်သွားသည်။
“ဟာ . . . ရမလားဗျ။ ခင်ဗျားကို ကျုပ်တို့က စာချုပ်စာတမ်းနဲ့ စရန်ပေးပြီး ငှားထားတာ”
“စရန်ပြန်ပေးမယ်ဗျာ။ မရိုက်တော့ဘူး ဟီး . . . ဟီး . . . ”
“ဟာ . . . ပြန်မယူဘူးဗျာ။ ခင်ဗျား ဒီကြော်ငြာပြီးအောင် ရိုက်ပေးရမယ်။ အဘကြည့်ပြောပါဦးဗျ။ ကျွန်တော်တို့ တရားစွဲလို့ရတယ်နော်”
ကျွန်ုပ်လည်း ဘာမှ မပြောလိုတော့။ သက်ပြင်းသာ ချနေလိုက်တော့၏။
“စွဲစွဲဗျာ အဘ၊ အဘကိုအားနာလို့ ကျုပ်ဒီလောက်ထိ လိုက်လုပ်ပေးနေတာ သူများမြင်လို့မှ မသင့်တော်တဲ့ အမူအရာမျိုး။ ကျုပ်ဆက်မလုပ်နိုင်တော့ဘူး။ ပြန်မယ် ဟီး ဟီး”
“ဟာ ပြန်လို့ ဖြစ်မလားဗျ။ ပြီးအောင် ဆက်ရိုက်သွားပေး”
“မရိုက်ဘူးဗျာ။ ပြန်မယ်”
“. . . . . . . .”
“. . . . . . . .”
စသည်ဖြင့် အငြင်းအခုံဖြစ်ပြီး မည်သို့ပြေလည်သွားသည်ကို ကျွန်ုပ်မသိတော့။ ကျွန်ုပ်လည်း စိတ်ညစ်ညူးလွန်းလှ၍ ပြိုနေသော ကျွန်ုပ်အိမ်သို့သာ ပြန်လှည့်လာခဲ့တော့၏။ ထိုကြော်ငြာသည်လည်း ထွက်မလာတော့။ သို့သော် ကျွန်ုပ်မိတ်ဆွေကြီး အာနိုးထံမှ ကျွန်ုပ်ထံပေးစာတစ်စောင် ရောက်လာ၏။ ထိုစာကို ဖတ်ရင်း ကျွန်ုပ်နဖူးမှ ချွေးဥများမှာ ခြေမသို့ တတောက်တော်က ကျဆင်းလာတော့၏။
အဘကိုကိုကြီးခင်ဗျား
အဘတို့ရဲ့ ကြော်ငြာသရုပ်ဆောင် အမူအရာများကို မလိုက်နိုင်၍ ကြော်ငြာကိစ္စပျက်သွားခဲ့ရပါတယ်။ ဒါပေမယ့်လည်း (၂)ရက်(၃)ရက်နဲ့ ဗီဒီယို တစ်ကားပြီးအောင် ရိုက်နိုင်ကြောင်း ဟောလိဝုဒ်မှ ဒါရိုက်တာများကို ပြောပြခဲ့ပါတယ်။ မည်သည့်အဆင့်မြင့် နည်းပညာများသုံး၍ ရိုက်ကြောင်း သိလိုလေ့လာလိုလှ၍ မကြာမီပင် ကမ္ဘာကျော် သူဌေး ဒါရိုက်တာ စတီဗင် စပီးဘာခ်ဦးဆောင်သော ဒါရိုက်တာအဖွဲ့ လာရောက်မည်ဖြစ်ပါတယ်။ အဘပဲ သိလိုသည်များကို လိုက်လံရှင်းပြသပေးပါရန် အနူးအညွတ် ပန်ကြားလိုက်ပါတယ်။

လေးစားလျက်
အာနိုး

ပင်မစာမျက်နှာသို့ပြန်သွားမည် >>
နေ့စဉ် အသစ်အသစ်သော သတင်းများ ကို သိရှိနိုင်ရန် လိုတရ Application အား ဤနေရာတွင် နှိပ်၍ အခမဲ့ Download ရယူပါ။