Lotayamm

search
မာတိကာ

contents

ထိပ်ဆုံးစာမျက်နှာ > ဝတ္ထုများ

တစ်ထောင့်ကိုးရာကိုးဆယ့်ခြောက်
Chapter1
မနော်ဟရီ

ခြေဆင်း

၁၉၉၆..။ ကိုယ် တောက်လျှောက်မှားခဲ့တဲ့သက္ကရာဇ်ပေါ့…။ မိစ္ဆာတွေပွဲလမ်းသဘင် ဆင်ယင်နေတဲ့ထဲ မှာကိုယ်က ဘုမသိဘမသိနဲ့ ချောက်ကမ်းပါးနားကပ်လျှောက်နေမိတဲ့အဖြစ်။ သစ်ကိုင်းကျိုးသံတွေက တဆိတ်တော့ ကျယ်လောင်လွန်းနေတယ်။ ကိုယ်ကကိုယ့်ရင်ခုန်သံ တိုးတိုးလေးကိုပဲ ရိုကျိုးတတ်တဲ့သူ။ ကိုယ့်နှလုံးသားရဲ့ တရားဓမ္မကိုကိုယ်ယုံကြည် ကိုယ့်သစ္စာတရားကိုပဲ ကိုယ်ပြာလွင်ချင်ခဲ့သူ။ ခုတော့လည်း အဲဒီကောင်းကင်ကမှော်ဆရာရဲ့ မိုးသားတိမ်လိပ်တွေ တရိပ်ရိပ် တက်လာခဲ့လိုက်တာ .. ခုထိ ပြန်ပြီး ကြည်စင်မလာခဲ့သေးဘူး။

(၁)
ကံ့ကော်ရနံ့တွေကို ကိုယ်စောင့်နတ်လိုအပါးမှာ ခေါ်ထားချင်ပြီး မိုးပိတောက်တွေကြွေရာလမ်းမှာ ရေတမာ ရင့်ရောင် မျှော်လင့်ချက်တွေနဲ့လမ်းလျှောက်ချင်ခဲ့သူတစ်ယောက်ရဲ့ အိပ်မက်တွေ ရိုက်ချိုးခံရတော့မယ့် ကံကြမ္မာက ကိုယ့်ဆီ တွားသွား ဝင်လာခဲ့တဲ့ နှစ်ပေါ့ ။အသိတရား မပါတဲ့ စိတ်တွေက ကံစေနှင်ရာအတိုင်း စည်းအပြင်က နှင်တံ တစ်ချောင်းကို အကြောင်းမဲ့ ရိုကျိုး.. အဲဒီတုန်းက စိတ်တွေ ခေါက်ရိုးကျိုးကုန်တယ် ..။ တစ်သွေး တစ်သံ တစ်မိန့်ကိုသာသိခဲ့တဲ့ စက်ရုပ်တစ်ရုပ်လိုလို ကိုယ်ဆောက်ခဲ့တဲ့ တံတိုင်းတွေ ကိုယ် ပြန်ပြန်ဖြိုချပေးနေမိတာဘာကြောင့်လဲ ..။ အစွမ်းထက်လွန်းတဲ့ မှော်အတတ်တွေကို ကျော်လွန်ပြီး ကံတရားတစ်ခုတည်းကိုပုံပုံချနေရတာ အားနာစရာကောင်းပါတယ်။

(၂)
လောကရဲ့ တံတျာတေရှင်တွေကို ဘယ်လိုလိုက်ဆိုရကောင်းမှန်းမသိပဲနဲ့များ ကိုယ်က ဗျတ်စောင်းတစ်လက် ကိုလွယ်လို့ ဟန်ကျပန်ကျ တီးခတ်ရင်း မောင်ပုံနဲ့စကားစမြည်တွေ ပြောနေခဲ့သေး။ သူ့ဆီက ရယ်သံ ခပ်သေးသေးကိုကျ နောက် နှစ်များစွာ ကြာမှအထိတ်တလန့် ပြန်ကြားခဲ့ရ .. အဲဒီတုန်းက ကိုယ့်နားတွေ ပတ်ဝန်းကျင်က အသံတွေအတွက် ကန်းဆွံ့နေခဲ့ကြပုံပါပဲ။ကြောက်စရာသိပ်ကောင်းတဲ့ လူတွေရဲ့ အဇ္ဈတ္တတွေကို ဘယ်လိုသင်ပုန်းနဲ့မှ ကြေအောင် သင်အံနိုင်တော့မယ်မထင်ပါဘူး။ ပြုတ်ကျ မလာသေးတဲ့ ပြည်ဖုံးကားကို မော့မော့ကြည့်ရင်း ခလုတ်ကန်သင်းတွေပဲတွေ့တွေ့ နေခဲ့ရ …။ နှစ်မချို့သေးပါပဲ ခါးသက် နေတဲ့ ပျားရည်တွေကို ဘာလို့ ကြိတ်မှိတ်မျိုချခဲ့တယ်လို့သင်ထင်ပါသလဲ။ တည်းတည်းမျှင်မျှင်လေး ကျန်နေသေးတဲ့ ရှင်သန်ခြင်းကို ခုတ်ချပစ်လိုက်ဖို့ဇာတ်ညွှန်းတစ်ကွက်ကျန်နေခဲ့တယ်။

(၃)
ကံတရားကို အမေ့မေ့ အလျော့လျော့ ဖြစ်နေလိုက်ပုံများရှေ့ဖြစ်ဖတ် ဆရာတစ်ယောက် ရှေ့မှောက် မှောက်လျက် လဲခဲ့ပါလျက်နဲ့ ကံတရားကို မသိလိုဘူးဆိုပြီးခေါင်းမာမာနဲ့ လှည့်ထွက်ခဲ့ဖူး။ တကယ့်တကယ်ကျ အဲဒီ ခေါင်းမာမှုကြောင့် လက်ခံရရှိလိုက်တာကကျိမ်စာ ..။ ကျိမ်စာ ဆိုတာဘာလဲ။ ကျောက်စာတွေမှာပဲ ရေးထိုးလို့ ရတဲ့ အရာလို့ ထင်ထားခဲ့တာ။ကိုယ့်အတွက်ကျ ဆုတွေတောင်း၊ သူများအတွက်ကျ ကျိမ်စာတွေထားခဲ့နဲ့ အထာမကျနိုင်တဲ့ စိတ်တွေကိုဆန်းစစ်ဖို့ အချိန်မရှိခဲ့ပါဘူး။ အဲဒီကျိမ်စာတွေကို ပယ်ဖျက်လို့ ရော.. ရသလား။ အဲဒါလည်းကိုယ် မသိဘူး။ အဲဒီတုန်းက အိပ်မက် အကြီးစားတွေကို ခေါက်သိမ်းထားလိုက် ပြန်ထုတ်လှန်းလိုက်၊ လုံခြုံအောင် သိမ်းထုပ်ထားလိုက် မှိုနံ့ စွဲလာရင် ပြန်ထုတ်လှန်းထားလိုက်နဲ့ ချာလပတ်ရမ်းနေခဲ့။ တံလျှပ်တွေကို ရေထင်ရလောက်အောင် ကိုယ်ညံ့ခဲ့ဖူးသလား။ ပဉ္စလက်နဲ့ ဖန်တီးပြထားတဲ့ မေတ္တာတရား အတုကြီး ပန်းနုရောင်အလျှံတွေတညီးညီး တောက်ပနေတာကို မင်သက်နေခဲ့တဲ့ထိ။ သတိရမိချိန်မှာ ကံ့ကော်ရနံ့တွေက ဆိတ်သုဉ်းသွားခဲ့ရပြီ။အဝါဖျော့ရောင် မိုးပိတောက်အကြွေတွေ မျက်ရည်မိုးစက်တွေနဲ့ကြေနွမ်းသွားခဲ့တာကို သိမှတ်မဲ့ လိုက်လံ ကောက်သိမ်းနေမိ…သူရူးတစ်ယောက်လို … ။

(၄)
အခက်အခဲတစ်ခုကို ဖြေရှင်းဖို့နည်းလမ်းပေါင်း ၇၀၀ ရှိသတဲ့။ အခက်အခဲတွေ သိပ်များလာတဲ့အခါ နည်းလမ်းတွေ ကြိုးရှုပ်ကုန်ကြတယ်ထင်ရဲ့..။ ၁၉၉၆ ရဲ့ နေ့ရက်တွေ ဗြုတ်စဗြင်းတောင်း ဖြစ်ကျန်ရစ်ခဲ့ပုံက သိပ်ကြည့်လို့ အဆင်မပြေတော့ဘူး။အရာရာဟာ ရှုပ်ရှုပ်ထွေးထွေး ပွေပွေလီလီ။ စွယ်တော်ပွင့်တွေရဲ့ သြဘာသံတွေ ဆိတ်သုဉ်းသွားကြတယ်။ရေတမာတွေလည်း စကားစမြည် မဆိုနိုင်ကြတော့ဘူး။ ခဏခဏ ပိတ်ပစ်လိုက်ရတဲ့ တံခါးမကြီးတွေရဲ့ဆီမဲ့ညည်းညူသံကို ကြားလိုက်ရတယ်။ ပထမတန်းစား စိတ်ကူး အိပ်မက်တွေနဲ့ ဒုတိယတန်းစားနေ့ရက်တွေကို ဆုပ်ကိုင်ရင်း တတိယတန်းစား အမှောင်ထဲ ကြယ်တွေ လက်ပစ်ကူးနေကြတာ မချိမဆန့်တွေ့လိုက်ရ .. ။ ကောင်းကင်ကို ခဏလောက် ပိတ်ထားလို့ ရရင်ကောင်းမယ်ဆိုတဲ့ စိတ်ကူးတွေလည်းအရောင်မဲ့သွားခဲ့။

(၅)
လမ်းခွဲထွက်ခွာသွားတဲ့ ပန်းလှေလေးတွေကိုငေးမောကြည့်နေရင်း ခပ်တည်တည်နဲ့ ကံ့ကော်တွေချည်းပါတဲ့ သက်ငြိမ် ပန်းချီကားတစ်ချပ်ကိုရေးဆွဲနေခဲ့မိတယ်။ အစစ်အမှန်တရားတွေကို အတုလုပ်ပစ်ရတာ ရင်နာစရာချည်းပါပဲ။ အလွဲလွဲအချော်ချော်နဲ့ ဆေးစက်စွန်းပေသွားတဲ့ ပန်းချီကားတစ်ချပ်ဟာ အနီရောင်အနားသပ်တွေနဲ့ ။ စိတ်ကို စိတ်နဲ့ ပြန်ပြီး ချွေးသိပ်ရတာ ပျော်စရာကောင်းမယ်လို့ ခင်ဗျားထင်သလား။တရားသဘော ခပ်များများနဲ့ စီချယ်ထားတဲ့ ပန်းချီကားဘောင် တစ်ခုကို စိတ်လိုလက်ရ ရိုက်ချိုးပစ်လိုက်ရင်အရာအားလုံး အသစ်ပြန်လည် ဖြစ်တည်လာနိုင်မယ်တဲ့လား ..။ တစ်ခါမှ မကြားဖူးတဲ့ ဒဏ္ဍာရီတွေကဒီနေ့ထိ လူတွေရဲ့စိတ်နှလုံးကို ညှို့ငင်ဆွဲဆောင်နိုင်နေဆဲ။ အဲဒီ မျှော်လင့်ချက်ကြိုးကွင်းကြီးတွေလည်ပင်းမှာ တရမ်းရမ်းနဲ့ အရှိတရား ကြာပွတ်သံ တရွှမ်းရွှမ်းကို နာခံရင်း .. ၁၉ ၉ ၆ ဟာရင့်အိုကျလာခဲ့တယ်။

(၆)
ကိုယ်က သတိစကားတွေ အတန်တန် ပြောခဲ့လျက်နဲ့ဘယ်လို နှုတ်ဆက် စကားလုံး တစ်လုံးမှ ထားမသွားပဲ ကျော်စွာတစ်ယောက် ခရီးရှည်ကြီး တစ်ခုထွက်သွားတယ် ဆိုတဲ့ အချိန်မှာ တိုက်တိုက်ဆိုင်ဆိုင် ကိုယ်က ကိုယ့်ကို သတိစကားတွေ အတန်တန် လာပါးနေလျက်က ချောက်ကမ်းပါးပေါ်က ပြုတ်ကျသွားခဲ့တယ်။ (ခုန်ချပစ်လိုက်တာလည်းဖြစ်နိုင်တာပဲ .. ) သူ့ ခရီးစဉ်က နှစ်ပေါင်း ၅၀ကျော် ကြာမယ် လို့ လူ့ဘီလူးကြီး တွေကအတိအကျ ဆိုပေမယ့် ကိုယ့် ချောက်ကမ်းပါးကြီးရဲ့ အမြင့်ပေကျတော့ အတိုင်းအဆ မသိနိုင်အောင် နက်ရှိုင်းလွန်းလှလို့ ဘယ်သူမှ မမှန်းဆနိုင်ခဲ့ကြဘူး။တလွင့်လွင့် တငြိမ့်ငြိမ့် ကျဆင်းနေမှုကို သိနေလျက်က ပန်းရနံ့တွေ ရလိုရငြား လည်ဆန့်ကြည့်မိနေတဲ့အဖြစ်မျိုး။ ဘယ်သူဟာ ဒီကံကြမ္မာကို ပြင်ရေးဖို့ သတိရခဲ့မှာတဲ့လဲ။ မနက်လင်းတိုင်းပြတင်းဝမှာ ဝေနေတဲ့ ပဉ္စလက်နှင်းတွေက အသက်ကောင်းကောင်း ရှူလို့ မဝတာကို မေ့နေစေခဲ့တယ်။နှင်းစားလို့ ပဲ့ကြွေကျလာတဲ့ ကိုယ့်နှလုံးသားကိုယ် ပြန်မြင်မှ အထိတ်တလန့် ထရပ်မိ။အသိဝင်လာတဲ့ အချိန်မှာ ဒါဏ်ရာဒါဏ်ချက်အပြည့်နဲ့ အားအင်လည်း အတော်လေး ချိနဲ့နေခဲ့ပြီ။

(၇)
အဲဒီနေ့ကစလို့ ကိုယ် horror ကားတွေမကြည့်ဖြစ်တော့ဘူး။ ဒိထက်ပိုမြင့်တဲ့ နေ ဆိုတာ လောကမှာ ရှိနိုင်သေးလို့လား။ သံမဏိတွေရဲ့မီးပြင်းတိုက်ခံရမှုကို သွေးအေးအေးနဲ့ ရယ်သွမ်းသွေးနေမိ။ အဲဒီ ရယ်သံခါးခါးတွေကိုကိုယ့်ကိုယ်ကို ပြန်မကြားနိုင်အောင် တံတိုင်းတွေ ခတ်ပစ်လိုက်ရ။ သိပ်အများကြီးမျှော်လင့်မထားခဲ့ပါဘူး။ ကိုယ့်နဂိုနေလေးပဲ ကိုယ်ပြန်လိုချင်ခဲ့တယ် ဆိုတာတောင်လောဘကြီးတယ်လို့ ကိုယ့်ကိုယ်ကို ခံစားနေမိ။ အဲဒါနဲ့ပဲ ရှိစုမဲ့စု A ကလေး တစ်လုံးစာအလင်းရောင်ကို ထည့်သိုရင်း အဲဒီ ၁၉ ၉ ၆ ကို ကိုယ်ထားပစ်ခဲ့လိုက်တာ .. ခုထိ ပြန်မရောက်ဖြစ်တော့ဘူး။

(၈)
ကလင် ကလင် ကလင် (တယ်လီဖုန်းမြည်သံဟုထင်ရ၊ တံခါး လူခေါ်ခေါင်းလောင်းသံလည်း ဖြစ်နိုင်) ဖြစ်နိုင်ခြေများ အားလုံးကို စုစည်းပြီးအတိုဆုံး ပြန်ထူးလိုက်မိ။ ဟဲလို ။ ခင်ဗျားဆီက ၁၉ ၉ ၆ တစ်စလောက် လိုချင်လို့ပါ။ဘယ်တော့လောက်လိုချင်တာလဲ ။ ဖြစ်နို်င်မယ်ဆိုရင်သိပ်ပြီး ပြန်မရှာရဘူးဆိုရင် တစ်ပတ်အတွင်းပေါ့။ အိုကေ ..ပို့လိုက်ပါ့မယ်။ (တစ်ခါမှ ပြန်မရောက်ဖြစ်တဲ့၁၉ ၉ ၆ ကို ပြန်ရှာလို့ လွယ်ပါ့မလား မသေချာပဲနဲ့ …)
….
တစ်ပတ်ခန့်အကြာ ..
ဒီမှာ ခင်ဗျား မှားပို့လိုက်တဲ့ ကြက်ခြေခတ်အနီတွေ ကျုပ်တို့ဆီ အုပ်စုဖွဲ့ပျံသန်းလာနေတယ်။ အဲဒါ ခင်ဗျားတို့ လိုချင်တယ် ဆိုတဲ့ ကိုယ့်ရဲ့၁၉ ၉ ၆ အစအနတွေပါပဲ …။ ကိုယ့် အသံတွေ တိုးဖျော့ ညင်သာ မနေခဲ့ပါပဲ တစ်ဖက်မှ ပြန်လည်ဖြေကြားသံကို မကြားရတော့ ။ လိုင်းကျသွားသံ တတီတီကိုသာ ကြာမြင့်စွာကြားလိုက်ရ …။

(အဆုံး)
ပေးလိုက်ရလို့ လျော့ကျသွားတဲ့ အရာတွေထဲမှာမှတ်တမ်းမှတ်ရာတွေ နာကျင်မှုတွေ မပါဝင်ဘူးဆိုတာ သိလိုက်ရပါရဲ့။

ပင်မစာမျက်နှာသို့ပြန်သွားမည် >>