Lotayamm

search
မာတိကာ

contents

ထိပ်ဆုံးစာမျက်နှာ > ဝတ္ထုများ

ယနေ့ခတ် အချစ်ဝတ္ထုတစ်ပုဒ်
1
မောင်လွန်းကြင်

နေ့စဉ် မြင်တွေ့နေကျ ရှုခင်းဖြစ်သော်လည်း ယနေ့နံနက်မှာမှ ပိုပြီးသာယာနေသလို စိတ်ထဲ ထင်မှတ် နေမိသည်။
တိုက်အမိုး တံစက်မြိတ်သို့ မှေးမှီငိုက်ယွန်းနေသည့် ဒန့်ဒလွန်ပင်။ စိမ်းလက်သော ရွက်လွှာများအကြားမှ ဖြူဆွတ်သော အပွင့်ခိုင်များ ခပ်ကျဲကျဲရက်ဖောက်ထားသည့် အကြော်ပင်အုပ် ညှို့မှောင်မှောင်။ ဆောင်းအမီ မပွင့်လိုက်ရဘဲ နွေလယ်ကူးတော့မှ ရုတ်တရက် နိုးထ ပွင့်ဝေခွင့် ရကြသည့် ဘေးညှက်သော ပွင့်နုငယ်များကို ကျိုးကျဲဆင်သည့်ဆိတ်ဖလူးပင်ပျို နွဲ့နွဲ့နှောင်း…။ လက်သီးဆုပ်သာသာ အရွယ်အစားရှိတော့မည့် အသီးများ တွဲရ ရွဲဆိုင်းနေသည့် ကျွဲကောပင်အိုကြီးမြင်သည့်နောက်မှာတော့ သရက်ပင်၊ နှင်းသီးပင်၊ တညင်းပင်တန်း…။ သူတို့ နောက်မှာမှ ရဲတိုက်စောင့်စစ်သူကြီးပမာ ဣနြေ္ဒသိက္ခာကြီးနှင့် မားမားမတ်မတ်ရပ်နေကြသည့် အုန်းပင်ရှည်ကြီး များ…။ သည်မှလွန်လျှင် တစ်ဖက် စာပေဗိမာန် ပုံနှိပ်တိုက်ခြံဝင်း အတွင်းရှိ ဆိုရန်တိုဗီလာ အဆောက်အဦး၏ ခေါင်မိုးတစ်ဝက်တစ်ပျက်။ သည့်နောက်မှာတော့ အသံလွှင့်ရုံ ခြံဝင်းအတွင်းမှ မြင့်မား ရှည်သွယ်လှသည့် အသံလွှင် ကောင်းကင်ကြိုး တိုင်ကြီး။

ကျွန်တော့်စာရေးစာပွဲ ပြတင်းပေါက်မှ ရှေ့တည့်တည့် မြောက်ဘက်သို့ လှမ်းမျှော်ကြည့်လျှင် သည်ရှုခင်း အမြဲမြင်တွေ့နေရသည်။ သည်နေ့အိပ်ရာမှ စောစောထခဲ့သည်။ နံနက်နိုးထစကပင် ပူအိုက်မြဲ သည်ရာသီမှာ သည်နေ့နံနက် ထူးထူးခြားခြားပူအိုက်ခြင်းမရှိ။ နံနက်ဦး လေပြည်ထဲမှာ အအေးဓာတ်ကလေးပင် အမည်မဖော်နိုင် သော ပန်းရနံ့တစ်မျိုးနှင့် ရောနှောစီးမျောလာသလိုခံစားရသည်။ ခါတိုင်းလို ကောင်းကင်ပြာမှာ အုံပျသော တိမ်ညို ရိပ်ကို မမြင်ရ။ အဝေးသစ်တောရိပ်ဆီမှာ နှင်းကြွင်းနှင်းကျန် ကလေးများပင် ရေးရေးရိပ်ရိပ်ခြယ်သမ်းနေသည်ကို လှမ်းမြင်ရသည်။ ၀င်းတောက်သော နေခြည်နုက သစ်လွင်စိမ်းမြသည့် သစ်ရိပ်အုပ်အပေါ် ဖြာဆင်းကျရောက်နေ သည်။
သည်မြင်ကွင်းက ကျွန်တော့်စိတ်ကို ကြည်နူးချမ်းမြေ့စေသည်။ ထို့ကြောင့် ကော်ဖီသောက်ပြီး စာရေးမည့် အကြံနှင့် စာရေးစားပွဲမှာ ထိုက်မိသည်။
ဟန်သစ်အဖွဲ့က ကျွန်တော်နှင့် တွေ့တိုင်းဝတ္ထုစာမူ တောင်းကြသော်လည်း ရေးမပေးဖြစ်ခဲ့။ ဘားလမ်းထဲရှိ ထိုင်နေကျ သိင်္ဂီရွှေရည် လက်ဖက်ရည်ဆိုင်မှာ သူတို့နှင့် ဆုံပြန်တော့ သူတို့မဂ္ဂဇင်းအတွက် မဖြစ်ဖြစ်အောင် ရေးပေးပါ။ လဆန်း ၁၅ရက်နေ့လောက်မှာ မဂ္ဂဇင်း ဖောင်ပိတ်မည်ဖြစ်ရာ ထိုရက်မတိုင်မီ အိမ်သို့လာရောက်ပြီး စာမူ ကော်ပီလာယူကြမည်ဟု နေ့ရက်နှင့်အတိအကျပြောသည်။ ပြီးတော့ “ဆရာ့ကို စာဖတ်ပရိသတ်က မေတ္တာဘွဲ့ ရသစာရေးဆရာအဖြစ် အသိအမှတပြုထားကြတော့ မေတ္တာဘွဲ့၊ အချစ်ဘွဲ့ပဲ ရေးပေးပါ။ ဆရာ အချစ်ဝတ္ထုမရေး တာလဲ အတော်ကြာပြီ”ဟုလည်း ပြောကြပြန်သည်။
စာရေးစာပွဲမှာထိုင်ကာ အပြင်ရှုခင်းကို ငေးမောနေရာက “အစ်ကိုလေး တယ်လီဖုန်းလာတယ်”ဟု အခန်းဝ ဆီမှ အိမ်ဖော်မိန်းကလေး လှမ်းပြောသံကို ကြားရသည်။

စာရေးမယ် စိတ်ကူးပါမှ အနှောင့်အယှက်တစ်ခု ပေါ်လာရပြန်ပြီဟု တွေးရင်း “ဘယ်သူတဲ့လဲ”ဟု မေးလိုက် ရသည်။
“ကိုထွေးတဲ့”
ကိုထွေးဆိုလျှင်တော့ “အစ်ကိုလေးမရှိဘူး၊ အပြင်ထွက်သွားတယ်”ဟု ပြောခိုင်းလျှင်လည်း ရမည်မဟုတ်။ မတွေ့တွေ့အောင် အိမ်ကို လိုက်လာမည့်သူဖြစ်သည်။ ထို့ကြောင့် စာရေးစားပွဲမှ ထကာ တယ်လီဖုန်းရှိရာ တိုက်အောက်ထပ် ဧည့်ခန်းသို့ ဆင်းလာခဲ့သည်။
ထိုထွေးတို့ အဖေအမေများနှင့် ကျွန်တော့်ဦးလေးမှာ ဓမ္မမိတ်ဆွေများဖြစ်ကြပြီး ဆွေမျိုးလို ရင်းနှီးနေကြ သည်။ သူတို့အိမ်မှာ ကျွန်တော်တို့၏ စားအိမ်သောက်အိမ်ဖြစ်သည်။ ကိုထွေးမှာ မောင်နှမ သုံးယောက်တွင် အငယ်ဆုံးဖြစ်ပြီး ကျွန်တော်နှင့်ပိုပြီး ခင်မင်ရင်းနှီးသည်။ သူ၏ကိုယ်ရေးကိုယ်တာကအစ ပြဿနာ တစ်စုံတစ်ခု ပေါ်လာလျှင် ကျွန်တော့်ကို တိုင်ပင်လေ့ရှိပြီး ကျွန်တော့်ထံက အကြံဥာဏ်အကူအညီ တောင်းတတ်သည်။ ကုန်ခဲ့ သောနှစ်က ရန်ကုန်တက္ကသိုလ်မှဘွဲ့ရပြီး အပြင်အလုပ်ထွက်မလုပ်ဘဲ ဗိုလ်ချုပ်ဈေးထဲဖွင့်လှစ်ထားသည့် သူတို့ အထည်ဆိုင်မှာ အစ်မများကို ကူညီနေသူဖြစ်သည်။ ကျွန်တော်မှာ သင်္ကြန်မကျမီကပင် ရှမ်းပြည်ဘက်သို့ ရည်ရှည် ခရီးထွက်နေခဲ့ရာ လွန်ခဲ့သည့် သုံးရက်ခန့်ကမှ ရန်ကုန်သို့ပြန်ရောက်ခဲ့သည်။ ကိုထွေးနှင့် ကျွန်တော် မတွေ့ကြ သည်မှာ တစ်လနီးနီးရှိတော့မည်။

ကျွန်တော်က တယ်လီဖုန်းကို ကောက်ကိုင်လိုက်ပြီး “ကိုထွေးလားဟေ့၊ စောစောစီးစီး ဆိုစမ်းပါဦး၊ ဘာပြဿနာ ပေါ်လာပြန်ပြီလဲ၊ ကိုယ်က ဘာအကြံဥာဏ်ပေးရမလဲ”ဟု မေးလိုက်သည်။
“ဒီတစ်ခါတော့ ကိုမောင့်ဆီက အကြံဥာဏ်မတောင်းဘူး၊ သော့တောင်းမလို့ပါပဲ”ဟုကို ထွေး၏ ပြုံးပြီး ပြောမည်ဟု ခန့်မှန်းရသော အသံလွင်လွင်သာသာကို ကြားလိုက်ရသည်။
“မင်းနဲ့ မီမီ ငပလီကမ်ခြေကို ပျားရည်ဆမ်းခရီးထွက်မှာမို့၏ ဗိုလ်တဲသော့ တောင်းမှာမဟုတ်လား”
“ကိုမောင့်ဗိုက်ထဲမှာ ပုဏ္ဏားလေးရှိနေတယ် ထင်ရဲ့၊ ဒါပေမယ့်လဲ ဟောကိန်းက တစ်ဝက်ပဲ့မှန်တယ်။ ပျားရည်ဆမ်းခရီးအတွက် ကိုမောင်တို့ ဗိုလ်တဲသော့တောင်းမှာမှန်ပေမယ့် ပျားရည်ဆမ်းခရီး ထွက်မှာက မီမီနဲ့ မဟုတ်ဘူး။ တခြားတစ်ယောက်နဲ့ကိုမောင်ရဲ့”
ကျွန်တော်က “ဟင်”ဟု ရုတ်တရက် အသံထွက်သွားပြီး အံ့သြစိတ်နှင့် စကားဆက်မပြောဖြစ်ဘဲ နေမိ သည်။
“ကိုမောင် အံ့သြသွားမယ်ဆိုတာ ကျွန်တော်ကြိုတွက်ပြီးသားပါ။ ကိုမောင့်ကိုလဲ ဒီအကြောင်း ပြောပြမလို့ ပါပဲ၊ ငပလီကို ဒီနှစ်နွေမှာ ဧည့်သည်တွေ တော်တော်များများကို သွားကြတယ်လို့ သိရတော့ ကိုမောင်တို့ ဗိုလ်တဲ ကို တခြားကိုမောင့်မိတ်ဆွေတွေမဦးခင် ကျွန်တော်က ဦးအောင် ကြိုတင် စာရင်းပေးမလို့ပါပဲ”

“ဗိုလ်တဲသော့ကတော့ ရပါတယ်ကွာ။ ဒါထက် ငါ ခရီးမထွက်ခင် အချိန်မှာတောင် မင်းနဲ့ မီမီ အဆင်ပြေ နေကြတုန်းပဲမဟုတ်လား။ ဘယ်နှယ့် အခုမှ မင်းက ဘယ်လိုတခြားတစ်ယောက်နဲ့ပျားရည်ဆမ်းထွက်ရမှာလဲ”
“အဲဒီ အချိန်လောက်ကပဲ ဇာတ်လမ်းက စချင်ပြီဆိုပါတော့။ သူ့ဘက်က စလာတာပါကိုမောင်၊ လွန်ခဲ့တဲ့ တစ်လကျော်ကျော်လောက်ကစပြီး မီမီတို့အိမ်ကို အမြဲတမ်း ၀င်ထွက်သွားလာခွင့်ရတဲ့ ဧည့်သည်တစ်ဦး တိုးလာ ခဲ့တယ်။ အဲဒီသူကတော့ မန္တလေးက ရန်ကုန်ကို ပြောင်းလာတဲ့ အစိုးရဌာနတစ်ခုက အရာရှိကြီး တစ်ဦးရဲ့သား၊ ဆေးတက္ကသိုလ် နောက်ဆုံးနှစ်ကျောင်းသား၊ ဆရာဝန်လောင်းဆိုပါတော့ ကိုမောင်။ လိုရင်းကိုပြောရရင် သူ့မိဘက ကျွန်တော့်မိဘတွေထက်ပိုပြီး ဥစ္စာဓနကြွယ်ဝတယ်၊ သြဇာတိက္ကမ ပိုကြီးမားတယ်။ သူကိုယ်တိုင်ကလဲ ကျွန်တော့် ထက် အရည်အချင်းသာတဲ့သူ ဆိုပါတော့…။”

“ဒီလိုနဲ့ တစ်နေ့မှာ ခါတိုင်းလိုပဲ မိမိတို့အိမ်ကို ကျွန်တော်သွားတော့ မီမီနဲ့ အဲဒီဆေးကျောင်းသားနဲ့ ဧည့်ခန်းထဲမှာ နှစ်ယောက်တည်း နီးနီးစပ်စပ် တွဲထိုင်နေတာကို ကျွန်တော်လှမ်းမြင်ရတယ်။ ကျွန်တော့် စိတ်ထဲမှာ ဘယ်လိုခံစားလိုက်ရတယ် မသိဘူး။ ကားပေါ်ကတောင်မဆင်းတော့ဘဲ ကားကို ပြန်လှည့်ပြီးတစ်ချိုးတည်း မောင်းထွက်လာခဲ့တယ်။ အဲဒီနေ့မှာပဲ မီမီဆီကို ကျွန်တော်တယ်လီဖုန်း လှမ်းဆက်ပြီး မကျေနပ်ချက်ကို ရင်ဖွင့် လိုက်တယ်။ မီမီကတော့ အေးအေးဆေးဆေးပဲ တုံ့ပြန်တယ်။ သူတို့နှစ်ယောက်ကို လူကြီးချင်းသဘောတူထားကြ တာ ကြာပါပြီတဲ့။ သူ့အနေနဲ့ မိဘသဘောတူသူနဲ့သာ လက်ထပ်ချင်သတဲ့၊ မိဘကို မဆန့်ကျင်ရဲဘူးတဲ့၊ အကြောင်း ပြချက်တွေကတော့ ဘာမှမခိုင်လုံပါဘူး ကိုမောင်၊ ဒါပေမယ့် ကျွန်တော့်သဘောပေါက်ပါတယ်။ ကျွန်တော်ဘာမှ စောဒက မတက်တော့ဘူး၊ ဒီလောက်တိုတောင်းလှတဲ့ အချိန်အတောအတွင်း ဒီလောက်အပြောင်းအလဲမြန်မြန် ဆန်ဆန်ဖြစ်သွားရတာဟာ သူ့မိဘတွေရဲ့ စည်းရုံးရေး ကောင်းလွန်းလို့ပဲလား၊ သူကိုယ်တိုင်ကပဲ သာရာစီးမယ်ဆို တဲ့ ရည်မှန်းချက် ရှိနေခဲ့သလား ဆိုတာကိုပဲ ကျွန်တော် တအံ့တသြ တွေးခဲ့မိတယ်”
‘အဲဒီတော့ မင်းကဘာဆက်လုပ်သလဲ’
‘အခိုက်အတန့်မှာတော့ ဆောက်တည်ရာ မရနိုင်သလုဖြစ်သွားတာတော့ အမှန်ပါပဲ။ ဒေါသလဲဖြစ်တယ်၊ စိတ်လဲညစ်တယ်၊ အရက်လဲ သောက်တယ်ဆိုပါတော့၊ အမူးပြေသွားတဲ့ အချိန်မှာ ကျွန်တော်လေးလေးနက်နက် စဉ်းစားကြည့်တယ်၊ မီမီဟာ အဖက်ဖက်က ကျွန်တော့် ထက်သာသူကို အိမ်ထောင်ဘက် ရွေးချယ် သတ်မှတ်လိုက် တယ် ကျွန်တော့်ကို သူချစ်ပါတယ်လို့ ပြောပြီး အတူတွဲသွားလာနေတဲ့အချိန် ကာလကလေးဟာ ကျွန်တော့်ထက် သာသူကို မတွေ့သေးတဲ့ကြားကာလလို့ပဲ သတ်မှတ်ရတော့မယ်၊ မီမီရဲ့ သဘောထားကို ကောက်ချက်ရ ကြည့်လိုက်ရင် ဘယ်သူနဲ့ ဘယ်လိုပဲ တွဲသွားနေနေ အချိန်ကျလို့ အိမ်ထောင်ပြုမယ့်ခါမှာတော့ ငွေကြေးဓနနဲ့ သြဇာ တိက္ကမ ပိုပြီးကြီးထွားသူကို ရွေးချယ်လိုက်တာပဲမဟုတ်လား။’

“လက်ဦးတုန်းကတော့ တကယ်လို့ မီမီနဲ့မပေါင်းသင်းရဘဲ ကွဲသွားရရင်ကျွန်တော်ဘယ်လိုကျန်ရစ်ရမလဲ ဆိုတာတွေးတောင်တွေးမကြည့်ရဲခဲ့ဘူး။ တကယ်တမ်းဝေးကွာသွားကြတဲ့ အချိန်မှာ မီမီအပေါ် နာကျည်းလှတယ် ရယ်လို့လဲ မဟုတ်ဘူး၊ သူလဲ သာရာကို ရွေးချယ်သွားတာပဲလို့ အကောင်းဘက်ကလှည့်တွေးမိပြန်တယ်။ ထူးခြား တာကတော့ ကျွန်တော်ထင်ထားသလောက် မထိခိုက်မခံစားရတာပါပဲ။ ရုတ်တရက်တော့ ရင်ထဲဆူဝေသွားခဲ့ပေ မယ့် ခေါင်းအေးအေးနဲ့ စဉ်းစားကြည့်တော့ မီမီကိုအပြစ်မပြောချင်လှဘူးကိုမောင်၊ ကျွန်တော့်အဖို့လဲ ထင်သလောက် မနာကျင်မခံစားရတော့ ချစ်သူရည်းစားဆိုတာ အစားထိုးလို့ ရနိုင်တယ်ဆိုတာ ကျွန်တော် သဘော ပေါက်သွားတယ်။ အဲဒီတော့ လရောင်ကို ငေးမောပြီး စိမ်းကားသွားတဲ့ ချစ်သူကို လွမ်းဆွေးတမ်းတနေဖို့ဆိုတာ အချိန်မပေးနိုင်တော့ဘူး ကိုမောင်။ သူတောင်မှ ကျွန်တော့်ထက်သာသူကို ရွေးသွားတာ၊ ကျွန်တော်ကလဲ သူ့ထက် သာသူကို ရွေးနိုင်ရမှာပါလို့ တွေးမိတယ်။ ကျွန်တော်က ယောက်ျားသားပဲ။ ဒီကိစ္စမှာ ကျွန်တော့်ဘက်က ရှုံးတယ် လို့ ဘယ်သူပြောနိုင်မလဲ။ တကယ်တော့ ကျွန်တော်လိုက်ရှာနေစရာတောင်မလိုပါဘူး။ ကျွန်တော့် မိဘတွေက ကျွန်တော်နဲ့ပေးစားချင်တဲ့ မိန်းကလေးရှိပါတယ်။ အဖေတို့နဲ့ စီးပွားဖက်မြင်းခြံက ဆေးပေါ့လိပ်ခုံပိုင်ရှင်ရဲ့ တစ်ဦး တည်းသောသမီး၊ မန္တလေးတက္ကသိုလ်က ဘွဲ့ရ၊ ပစ္စည်းဥစ္စာဆိုတာလဲ မိမိတို့လက်ရှိ အခြေအနေထက် အများကြီး ချမ်းသာကြတယ်။ ဆွေမျိုး အင်အားလဲကောင်းတယ်၊ ဟိုတန်းက အမေတို့က ဒီအကြောင်းနဲ့ ပတ်သက်ပြီး စကား ရိပ် သန်းလာတိုင်း ကျွန်တော်က အိမ်ထောင်မပြုချင်သေးဘူးလို့ ယဉ်ကျေးစွာနဲ့ ငြင်းပယ်ခဲ့တယ်”

‘တိုတိုပဲ ပြောပါတော့ကွာ၊ အဲဒီတော့ မြင်းခြံက အမျိုးသမီးကို မင်းသဘောတူ လက်ခံလိုက်တယ်ဆိုပါတော့’
‘ဟုတ်တယ် ကိုမောင်၊ တမြန်နေ့ကပဲ ကမ်းနားလမ်း ဟိုတယ်မှာ စေ့စပ်ပွဲပြုလုပ်လိုက်တယ်။ ကိုမောင် ခရီးက ပြန်မရောက်သေးဘူးထင်တာနဲ့ အကြောင်းမကြားဖြစ်ခဲ့ဘူး၊ နောက်တစ်ပတ် အကြာမှာပဲ လက်ထပ် မင်္ဂလာပွဲ လုပ်ကြပါလိမ့်မယ်၊ သူ့မိဘများက ကျွန်တော်တိုပ မင်္ဂလာဆောင်ပြီးရင် နေကြဖို့အတွက် ရွှေတောင် ကြားလမ်းထဲက တိုက်ကလေး တစ်လုံးကို လက်ဖွဲ့ကြလိမ့်မယ်’
‘ဒီတော့ မင်းတို့ရဲ့အိမ်ထောင်ရေးဟာ တကယ့်အချစ်မပါတဲ့ အိမ်ထောင်ရေးလို့ ခေါ်ရမလား…’
ကိုထွေး၏ အသံခဏတိတ်ဆိတ်နေပြီးမှ ‘အဲဒီလိုပဲခေါ်ရမှာပေါ့’ဟု တွေးတွေးဆဆနှင့် ပြောဟန်ကြားရ သည်။
‘အချစ်မပါတဲ့ အိမ်ထောင်ရေးဟာ ကြာရှည်ခိုင်မြဲနေမယ်လို့ကော မင်းထင်သလား’
‘ကျွန်တော့် အနေနဲ့ကတော့ တိုးတက်ပြောင်းလဲနေတဲ့ ဒီနှစ်ဆယ်ရာစု ခေတ်သစ်ကြီးထဲမှာ ငွေကြေးဥစ္စာ ဓန မပါတဲ့အိမ်ထောင်ရေးသည်သာ ကြာရှည်မခိုင်မြဲနိုင်ဘူးလို့ ယုံကြည်တယ်။ ဒီနေ့ ရုန်းကန်လှုပ်ရှားနေကြတဲ့ လူတွေကို ကြည့်စမ်း၊ နေထွက်က နေ၀င် စားဝတ်နေရေးအတွက် အဓိကထား လှုပ်ရှားနေကြခြင်းပဲ၊ ဘ၀ရဲ့ တိုးတက်ရာ တိုးတက်ကြောင်းကို အပြိုင်အဆိုင် အလုအယက် ရှာကြံအားထုတ်နေကြရတဲ့ ဒီခေတ်သစ်ကြီးထဲမှာ တူနှစ်ကိုယ်တဲအိုပျက်ထဲမှာ ထမင်းရည်လျက်ပြီး တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်နေနိုင်ဖို့ဆိုတာ သိပ်ခဲယဉ်းသွားပြီ၊ ကိုယ့်ချစ်သူရဲ့ ကောင်းကျိုးချမ်းသာအတွက် ကိုယ်ကအနစ်နာခံ စွန့်လွှတ်ခဲ့တဲ့သဘောတရား အချစ်စစ် အချစ်မှန်ဆိုတဲ့ စကားတွေဟာ ဒီခေတ်သစ်ကြီးထဲမှာ မှေးမှိန်ဆိတ်သုဉ်းသွားပြီ ကိုမောင်၊ ကျွန်တော် အိမ်ထောင်ပြုမယ့် ကိစ္စကိုပဲ ကြည့်တော့၊ အချစ်စစ် အချစ်မှန် မပါပေမယ့်လဲ အလုပ်ဖြစ်တယ် မဟုတ်လား၊ ပြီးတော့ အချစ်စစ်အချစ်မှန်ဆိုတာ ဘယ်တော့မှ မသာယာမဖြောင့်ဖြူးနိုင်ဘူးလို့ အဆိုရှိလေတော့ ဘ၀သာယာ ဖြောင့်ဖြူးရေးအတွက် အချစ်စစ် အချစ်မှန်ဆိုတာ ပါစရာမလိုဘူးလို့ ပြောရတော့မှာပေါ့။ ကျွန်တော် ထင်တယ်လေ၊ ရတောင့်ရခဲလှတဲ့ လူ့ဘ၀မှာ လူလာဖြစ်ရတဲ့ အခိုက်အတန့် ကာလငယ်လေးအတွင်းအဆင့်အတန်းမြင့်မြင့် အများ နည်းတူ သွားလာစားသောက်နေထိုင်နိုင်ရေးဟာ အဓိကအချက်ပဲဆိုတာ နောက်ဆုံးပေါ်ကာ အပြိုင်အဆိုင် ၀ယ်စီးဖို့ တိုက်လှလှခြံကျယ်ကျယ်အပြိုင်အဆိုင်ဝယ်ပြီးနေနိုင်ဖို့၊ အဖိုးတန် နိုင်ငံခြားပစ္စည်းကောင်းကောင်း သုံးနိုင် ဖို့၊ စိန် ရွှေ ရတနာ အပြိုင်အဆိုင် ၀တ်စား ဆင်ယင်နိုင်ကြဖို့ ကိစ္စတွေမှာ အချစ်စစ် အချစ်မှန်ဆိုတာက ဘာတစ်ခု မှ အထောက်အကူမပြုနိုင်ပါဘူး ကိုမောင်၊ သစ္စာတို့ မေတ္တာတို့ ဆိုတာကလဲ လူပြတ်စကားပြောရရင် ဇာတ်သဘင် အဖွဲ့နာမည်ပဲ ရှိတယ်။ အပြင်မှာမရှိတော့ဘူး၊ ခေတ်ကြီးက ပြောင်းခဲ့ပြီ မဟုတ်လားကိုမောင်’

အချစ်စစ် အချစ်မှန် ဆိုတာနဲ့ပတ်သက်ပြီး ယနေ့ခေတ်လူငယ်တစ်ဦးဖြစ်သော ကိုထွေးနှင့် ကျွန်တော် ဆွေးနွေးငြင်းခုံလိုစိတ်မရှိ။ စောဒက တက်ဖွယ်လည်းမရှိ။ ကျွန်တော့်ဘက်က အမြင်ကို တင်ပြလိုခြင်းလည်းမရှိ။ ဒါဟာ သူတို့ခေတ်၊ သူတို့အမြင် သူတို့ခံယူချက်နှင့် သူတို့ပဲဖြစ်သည်။ ကိုထွေးနှင့် မီမီတို့၏ ခံယူချက်သဘောထား သည် ယနေ့ခေတ်လူငယ် အများစု၏ ခံယူချက် သဘောထားလား။ ကိုထွေး နှင့် မီမီ၏ အသံသည် ယနေ့ခေတ် လူငယ်တို့၏ အသံပဲလား။
‘ကဲ…အဲဒီတော့ ဈေးဘက်ရောက်ရင် ဆိုင်ကို ကိုမောင်ဝင်ခဲ့ဦးလေ၊ ဒါမှ မဟုတ်လဲ ကိုမောင့်ဆီ ကျွန်တော် လာခဲ့ဦးမယ်၊ အေးအေး ဆေးဆေးစကားပြောကြရအောင်၊ ဒီမနက်စောစော ကိုမောင့်ဆီ ဖုန်းဆက်တာကတော့ ကိုမောင်ရှမ်းပြည်က ပြန်ရောက် မရောက် သိချင်တာရယ်၊ ကျွန်တော့်ရဲ့မင်္ဂလာသတင်းကို ပြောချင်တာရယ်၊ ငပလီ ဗိုလ်တဲအတွက် ကြိုကြိုတင်တင် ဘွတ်ကင်လုပ်ထားချင်တာတွေရယ်ကြောင့်ပါပဲ’
‘မင်းရဲ့ မင်္ဂလာသတင်းကြားရတာတော့ အမှန်ပဲ ၀မ်းသာပါတယ်ကွာ၊ မင်းဆီကိုယ်လာခဲ့ပါဦးမယ်’ဟု ကျွန်တော်ပြောလိုက်ပြီး တယ်လီဖုန်းစကားပြောခွက်ကို ပြန်ချလိုက်သည်။
အပေါ်ထပ်သို့ ပြန်တက်လာခဲ့ပြီး စာရေးစားပွဲမှာ ကျွန်တော်ပြန်ထိုင်လိုက်သည်။ ယနေ့ခေတ်လူငယ် ကိုထွေးနှင့် မီမီတို့၏အဖြစ်ကို ၀တ္ထုတစ်ပုဒ်ရေးမည်ဟု စိတ်ကူးရသည်။ သည်ဝတ္ထုမှာ ရသဆိုသည့် အပိုင်း ကတော့ အလွန်အားနည်းချက်ရှိနေမည်ထင်သည်။ သို့သော် ကိုထွေး၏ခံယူချက် ဒဿနာအမြင်အတိုင်းအချစ်မပါပေမယ့် ခိုင်မြဲသည့် အိမ်ထောင်ရေး တည်ဆောက်နိုင်သလို ရသမပါပေမယ့်လည်း ယနေ့ခေတ်၏ အချစ်ဝတ္ထုတစ်ပုဒ်တော့ ဖြစ်ကောင်းဖြစ်နိုင်ပါလိမ့်မည်။

“အစ်ကိုက မင်းမင်းလက်ဖက်ရည်ဆိုင်က စောင့်လေ။ အရပ်ထဲထိ မလာနဲ့ အစ်ကိုရဲ့။ အိမ်ကသိသွားရင် မလွယ်ဘူး။ ဥမ္မာက သူငယ်ချင်း စက်ဘီးနဲ့ လာခဲ့မယ်သိလား”
ကျွန်တော်က သူမကို ပြုံး၍ကြည့်ရင်း ခေါင်းညိတ်ပြလိုက်သည်။ သူမသူငယ်ချင်းက စက်ဘီးလေး ထောက်ရင်း ခပ်လှမ်းလှမ်းမှ စောင့်နေသည်။
“အစ်ကို…သွားမယ်။ ဆက်ဆက်စောင့်နော်…။ ဥမ္မာသေချာပေါက်လာမှာ”ဟု ပြောရင်း ပြေးထွက်သွား သည်။ သူမ သူငယ်ချင်းနင်းသွားသော စက်ဘီးနောက်က ကယ်ရီယာပေါ်ပြေးခုန်တက်ရင်း ကျွန်တော့်ကို လျှာထုတ် ပြသွားသည်။
နောက်ရက်ရောက်တော့ သူမချိန်းထားသည့်အတိုင်း မင်းမင်းလက်ဖက်ရည်ဆိုင်က ထိုင်စောင့်သည်။ လက်ဖက်ရည်တစ်ခွက်မှာပြီး စိမ်ပြေနပြေ ထိုင်သောက်ကာ ဥမ္မာကို မျှော်နေမိ၏။ အား…. ကိုးနာရီခွဲပြီပဲ။ ပေါ်မလာသေးပါလား။ ချိန်းထားတဲ့အချိန်ထက် နာရီဝက်တောင် နောက်ကျနေပေါ့။ ဘာလို့မလာသေးပါလိမ့်။ ကျွန်တော့်မျက်စိထဲမှာတော မနေ့ညနေပိုင်း “ရွှေတြိဂံကဖေး”ကအထွက် စက်ဘီးပေါ်ခုန်တက်ရင်း လျှာထုတ်ပြ သွားတာကို မြင်ယောင်နေမိသည်။
“၁၉၈၅”စတိုင်လ် ကောင်မလေးတွေက သိပ်တော့မလွယ်လှ။ အခုလောက်ဆို သူ့အိမ်က သူ့အိပ်ခန်းထဲမှာ သူ့သူငယ်ချင်းနှင့် မေဆွိသီချင်း နားထောင်ရင်း လက်ဖက်ရည်ဆိုင်မှာ တစ်ယောက်တည်း ခပ်ငူငူထိုင်နေမည့် ကျွန်တော့်အကြောင်းပြောကာ ဟားနေကြမှာလား။
“ဖူး”ခနဲ စီးကရက်မီးခိုးငွေ့တွေ မှုတ်ထုတ်လိုက်ရသည်။ သည်ခေတ်က ကျွန်တော့်အသက် “၂၆”နှစ်ကိုပဲ “ဦး”လို့ခေါ်နေကြသည်။ စချင် ပြောင်ချင်နေကြသည်။ သူငယ်ချင်းဆရာ၏ ကျူရှင်မှာစတွေ့ကတည်းက သူငယ်ချင်း ၏ တပည့်မို့ ကိုယ်ကရှောင်သော်လည်း မရ။ လမ်းတွေ့တော့ စွတ်ရောသည်။ အအေးတိုက်ခိုင်းသည်။ နောက်တော့…၊ နောက်တော့….၊ ဟိုသည် လိုက်ပို့ခိုင်းသည်။ ကျွန်တော်လည်း ဘာသာနဲ့ထုထားတာမို့ ခံနိုင်ပါမည် လည်း။ သူငယ်ချင်းဆရာကိုတော့ သည်ရက်ပိုင်း မျက်နှာချင်း မဆိုင်မိအောင် ရှောင်နေမိသည်။ ဘာရယ်လို့တော့ မဟုတ်။

လက်ပတ်နာရီကို ငုံ့ကြည့်မိသည်။ (၁၀)နာရီထိုးပြီ။ စိတ်မရှည်ချင်တော့။ ဘုရားကြီးသွားပြီး အပြန်မှာ ရုပ်ရှင်ကြည့်ချင်သည်ဆိုတော့ သည်အချိန်ထက် နေက်ကျလို့ မကောင်းတော့။ ကောင်မလေးနှယ်သေချာမှာသွားပြီး တော့…။ စီးကရက်တစ်လိပ် မီးထပ်ညှိသည်။
ဟော…၊ ကိုယ်တော်မက အခုမှ ရောက်လာပါလား။ သူ့သူငယ်ချင်း စက်ဘီးနောက်က ခုန်ဆင်းပြီး ကျွန်တော့်ကို နဖူးဆလံသပြသည်။ သူ့သူငယ်ချင်းကို ဘာပြောသည်မသိ။ သူ့သူငယ်ချင်း ခေါင်းယမ်းပြသည်။ ထို့နောက် သူ့သူငယ်ချင်းက ကျွန်တော့်ကို လှမ်း၍ “သွားမယ်”ဟု ဆိုကာ နှုတ်ဆက်ပြီး စက်ဘီးစီးကာ ထွက်သွား သည်။ ဥမ္မာက ကျွန်တော့်ဘေးကခုံကို ဆွဲယူထိုင်ပြီး….။
“ဆောရီး ကို….ရေ။ အရမ်းနောက်ကျသွားတယ်။ အစ်ကိုစောင့်မှစောင့်ပါ့မလားလို့ တထိတ်ထိတ်နဲ့ လာရ တာ။ ဥမ္မာဖို့ သံပရာရည်တစ်ခွက်ပဲ မှာပေးအစ်ကို။ သူငယ်ချင်းကလေ အရေးကြီးပါတယ်ဆိုမှ တော်တော်နဲ့ ပေါ်ကို မလာဘူး။ ရှစ်နာရီခွဲမှာထားတာ ကိုးနာရီကျော်မှ ပေါ်လာတယ်”
“ဥမ္မာကလည်းကွာ ဘာလို့စောင့်နေတာလဲ။ ကိုယ့်ဘာသာ ထွက်ခဲ့ပေါ့။ ဘာလဲ သူငယ်ချင်းပါမှ အိမ်က လွှတ်မှာမို့လား”ဟု ကျွန်တော်က စိတ်မရှည်သဖြင့် မေးမိသည်။
“ဟာ…အစ်ကိုကလည်း လုပ်ပြီ။ အိမ်က ပိုင်ပါတယ်။ တစ်ယောက်ထဲ လာရမှာကျတော့ ဝေးတယ် အစ်ကိုရ။ ပြီးတော့ ဗောဓိကုန်းကဆို အမှတ်(၃)ကားပဲ စောင့်စီးပြီး ဘူတာဆင်းရမှာ။ ပြီးတော့ ဒီဘက်ခြေကျင် လျှောက်ရဦးမှာ။ ကားစောင့်ရတာလည်း စိတ်မရှည်ပါဘူး အစ်ကိုရာ။ ဆိုက်ကားနဲ့လာရင်တော့ မြန်မှာ။ ဒါပေမယ့် ဆိုက်ကားတော့ မစီးရဲဘူး၊ ကြောက်တယ်”ဟု ပခုံးလေးနှစ်ဘက်တွန့်ပြပြီး စားပွဲထိုးလေးလာချသော သံပရာရည် ခွက်ကို လှမ်းယူကာ ခေါင်းငုံ့ပြီး ကိုက်ကလေးအား အငမ်းမရ စုပ်နေ၏။
ကျွန်တော်က တိုသွားသော စီးကရက်ကို စားပွဲပေါ်ဖိချေ မီးငြိမ်းပြီး…
“ဥမ္မာကလည်း အိမ်မှာ စက်ဘီးမရှိဘူးလား။ ဘာလို့ သူများစောင့်နေရမှာလဲ။ ကိုယ့်ဘာသာ ဘီးလေးစီး ထွက်ခဲ့ ပြီးတဲ့ဟာကို”
သံပုရာရည်ပိုက်လေး ခေါင်းငုံ့စုပ်နေသော ဥမ္မာတစ်ယောက် ဖျပ်ခနဲ ခေါင်းထောင်ကြည့်သည်။ ပခုံးပေါ် ထိလုထိခင် ဆံပင်လေးပင် ခါယမ်းသွား၏။
“ပြောတော့ လွယ်လိုက်တာ ကိုယ်တော်ရယ်။ ဥမ္မာမှ စက်ဘီးမစီးတတ်တဲ့ဟာကို”
ကျွန်တော် အံ့အားသင့်ကာ သူမကို ကြည့်မိသည်။ သူမ ပါးအို့လေးတွေက တောင်ပေါ်သူမို့ “မန္တလေး” နေမှာ ရဲရဲပွင့်လန်းနေ၏။
နောက်ပိုင်းမှာတော့….။
စက်ဘီးမစီးတတ်သော ဥမ္မာနှင့် ကျွန်တော်တို့ ချိန်းဆိုမှုတိုင်းလိုလိုပင် လွဲချော်မူတွေ ဖြစ်ကုန်တာ အကြိမ် ကြိမ်ဖြစ်သည်။ လွဲချော်မှုတွေ များလာတော့ နှစ်ယောက်စလုံးက အရဲကိုးကာ သူမအိမ်နှင့် မလှမ်းမကမ်းက ဒိုင်တော်ဓမ္မာရုံအနားထိ ထွက်စောင့်ပြီး ကျွန်တော့်စက်ဘီးနောက်မှာ ခုန်တတ်လိုက်သည်။ ဤသို့ဖြင့်….။
ဘာကြာတော့အံ့နည်း…။
ကျွန်တော်တို့ကိစ္စတွေ သူ့အိမ်က သိကာ လာရှိုးက အဘိုးအဘွားအိမ် ပို့လိုက်လေတော့သည်။
သည်ဇာတ်လမ်းက သိပ်တော့မဆန်း…။

သည်ဇာတ်လမ်းက သိပ်တော့မဆန်း…။
ပိုက်ဆံတွေ စစ်လိုက်တော့ စုစုပေါင်း (၃၁၀၀)ကျပ်။
ဒါကို မိန်းမက ရွေလော့ကက်သီး ၀ယ်ချင်သည် ပြော၏။ ကျွန်တော်ကတော့ တွက်ပြီးသား။ ဒီလို အရာ မရောက်သည့် ပစ္စည်းတွေပဲ ပူဆာမယ်ဆိုတာ။ ဒါကြောင့် မိန်းမစကားကြာတော့ သိပ်မဆန်းသလိုဘဲ ဖြစ်နေသည်။
ကျွန်တော့်အတွေးက သည်လိုမဟုတ်။ အခုလို မူးစုပဲစုနှင့် စုဘူးလေး ဖောက်လိုက်ပြီး စက်ဘီးလေးတစ်စီး ၀ယ်ဖို့ပဲ စိတ်ကူးထားသည်။ အရေးအကြောင်းဆိုလျှင် အိမ်မှာက စက်ဘီးတစ်စီးပဲရှိသည်။ မိသားစုသွားချင်လာချင် လျှင်ပင် ကလေးနှစ်ယောက်နှင့်မို့ စက်ဘီးတစ်စီးတည်းမဖြစ်။ စက်ဘီးတစ်စီးဆိုလျှင် လင်မယားနှစ်ယောက် တစ်ယောက် စက်ဘီးတစ်စီးနှင့် ကလေးနှစ်ယောက် တစ်ယောက်စီတင်ကာ သွားလို့လာလို့ရသည်။ အခုတော့ ဘယ်လိုမှ မဖြစ်။
သွားချင်လျှင် တစ်ယောက်ပဲသွား။ ဖြစ်နိုင်လျှင် ကလေးတစ်ယောက်ခေါ်သွား။ မိသားစုတစ်စုလုံးဆိုလျှင် ဖြင့် ဒုက္ခခံပြီး ဘတ်စ်ကားစီးချင်လျှင်စီး။ ခက်တာက မန္တလေးမှာ ဘတ်စ်ကားက တစ်နှစ်နေမှ တစ်ခါမစီးဖူးတော့ ဘတ်စ်ကားနှင့် မရင်းနှီးလှ။ ဘယ်နံပါတ်က ဘယ်ရောက်မှန်းပင် မသိလှ။
အဲ…ငွေကြေးတတ်နိုင်လျှင်တော့ သုံးဘီးငှား၊ မြင်းလှည်းငှား။ ဘာပဲပြောပြော အလွယ်ကူဆုံး စရိတ်အကျဉ်း ဆုံးက စက်ဘီးပဲဖြစ်သည်။ အခုငွေနဲ့ဆို နောက်ထပ် တစ်ထောင်လောက်ဖြည့်ပြီး တရုတ်ဘီးတစ်စီးဝယ်လိုက်ရင် အဆင်ပြေပြီ။

သည်အစီအစဉ်ကို မိန်းမပြောပြတော့ သူက သဘောတူသည်။ သဘောတူမှာပေါ့ သူက စက်ဘီးနှင့်ဆို ဘယ်သွားရသွားရ နောက်မတွန့်သူ။ စက်ဘီးစီး ရဲတင်းသူ။ သူ့အပြော…စက်ဘီးစီး ကျွမ်းကျင်သူ။
“ကောင်းသားပဲ…၊ စက်ဘီးနှစ်စီးဆိုတော့ မိသားစု သွားရလာရ အဆင်ပြေတာပေါ့။ နောက်နှစ် အငယ်မ ကျောင်းထားရင် နှစ်ယောက်စလုံး ကျောင်းပို့ ကျောင်းကြိုလုပ်တော့ အိမ်မှာ စက်ဘီးတစ်စီး အပိုရှိမှဖြစ်မှာ”ဟု မိန်းမက ပြောသည်။
ဒါဖြင့် နောက်ထပ် ငွေတစ်ထောင်လောက်ရှိပြီး တရုတ်သီးဝယ်ရအောင်လေဟု ပြောတော့ မိန်းမက နေဦး၊ တရုတ်သီးက ခဏနဲ့ကျသွားမှာ။ ဖီးဆင့်စပို့ဖြစ်ဖြစ်၊ မိချောင်းဖြစ်ဖြစ် တစ်ပတ်ရစ် ကောင်းကောင်း ရှာကြည့်ပါလား။ အဲဒါ ပိုကောင်းမှာပေါ့ဟု ပြောသည်။ အင်း…ဒါကလည်းမဆိုး။ ဟိုနေ့က မိတ်ဆွေတစ်ယောက် သူ့သမီးဖို့ ဖီးဆင့်စပို့ ပစ္စည်းစုံနှင့်ဝယ်တာ (၉၁၀၀) ကျပ်တဲ့။ ခြင်းတွေ ဘာတွေညာတွေမပါရင် (၇၀၀၀)ကျော်နဲ့တောင် ရဆိုပဲ။ အဲ….တစ်ပတ်ရစ်ကို လေးငါးထောင်နဲ့ရရင် မဆိုးဘူးဟေ့လို့ ပြောရင်း မိန်းမအားစုံစမ်းထားရန် နားစွင့်ထားရန် သတိ ပေးကာ ပိုက်ဆံထုပ်လေး သိမ်းခိုင်းရသည်။

နောက်နေ့တွင် သံဂဟေဆိုင်လုပ်သော ညီတစ်ယောက် ရောက်လာပြီး စက်ဘီးကိစ္စ ပြောပြတော့…. “နေဦး…အစ်ကိုလေးရ။ ကျွန်တော်တို့ဆိုင်ကို အဲလိုတစ်ပတ်ရစ်မျိုး လာတတ်တယ်။ အခု သင်္ကြန်နီးလို့ အလုပ်ပါး နေတယ်။ သင်္ကြန်အပြီးမှာ မေးထားပေးမယ်။ ရတတ်ပါတယ်။ စောင့်ပါဦး”ဟု ပြောသည်။ မိန်းမကလည်း စက်ဘီး ဆိုင်များနှင့် နီးစပ်သော သူ့ဦးလေးအား မှာထားသေးသည်ဟု ပြောပြသည်။
မိမိတို့ စက်ဘီးအကြောင်းတွေ ပြောသံကြားတော့ သားကြီးက HMX ၀ယ်ပေးပါဟု ပူဆာ၏။ သားကြီးကို ကြီားလရင်လည်း စီးနိုင်အောင် စပို့ဘီး ၀ယ်မှာလို့ချော့ထားရသည်။ သည်ရက်ပိုင်းမှာဖြင့် ကျွန်တော်တို့ လင်မယား နှစ်ယောက်သည် စားလည်း စက်ဘီးအကြောင်း အိပ်လည်းစက်ဘီးအကြောင်းပဲ ပြောမိကြသည်။
ကိုယ်နှင့်မဆိုင်၍ တစ်ခါမျှ ကိုင်မကြည့်ဖူးသည့် မန္တလေး ကုန်ဈေးနှုန်း သတင်းစာရွက်ကို ၀ယ်ပြီး စက်ဘီးဈေးတွေ ဖတ်ကြည့်မိသည်။
ဖီးဆင့် ဘောင်တုတ် ရောင်စုံ (၁၁၂၀၀)ကျပ်။
ဟာ…ဒါကတော့ ဘယ်လိုမှ လိုက်မမှီဘူး။
ဖီးဆင့်ညှပ်အစိမ်း (၁၁၂၀၀)ကျပ်။
ဒါလည်း ထိုနည်းလည်းကောင်းပဲ…။
ဖီးဆင့် စပို့နီညို (၉၀၀၀) ကျပ်။
မှတ်တော့ထား…။
ဖီးဆင့်စပို့ အနက် (၉၀၀၀) ကျပ်….။
ထား….။
မိချောင်းနီညို၊ ပြိုင်ဘီး ထိုင်ဝမ်တွေက (၁၀၂၀၀) ကျပ်နဲ့ (၁၃၀၀၀) ကျပ်တွေ…။
ကျော်ခဲ့။
ပြိုင်ဘီးမြင်းနက် (၇၀၀၀)တဲ့။
ပြိုင်ဘီးမြင်းနက် ဆိုတာ ဘယ်လိုဟာပါလိမ့်။
(၇၀၀၀) ဆိုတော့ မဆိုးဘူး။ မေးတော့ကြည့်ဦးမှ။
ပြိုင်ဘီး ဆိတ်ငါးကောင် (၉၅၀၀)၊
အဲဒါထားဦး….။
ဆိတ်လက်ကိုင်ကောက် (၅၅၀၀)တဲ့။ ဒါလည်းမှတ်ထားမှ…။
အဲ…ပန်းခရမ်းမြင်းပါ (၂၆)၊ ပန်းကောက်မြင်းပါ (၂၆)၊ ပန်းကောက်မြင်းပါ (၂၄)၊ နိုင်လွန်တာယာ မစီး…။
အား…..(၄၀၀၀)နဲ့ (၅၁၀၀) ကြားပဲ။ မဆိုးဘူး…။

ဤသို့ဖြင့် လက်ဖက်ရည်ဆိုင်ထိုင်လည်း ဟိုစက်ဘီးလှမ်းကြည့်၊ သည်စက်ဘီးလှမ်းကြည့်၊ လမ်းသွားရင် လည်း ဟိုလူ့ဘီးကြည့် သည်လူ့ဘီးကြည့်…။ (၂၆)ဘီလမ်း နာရီစင်နာ ရောက်တော့လည်း ဟိုစက်ဘီးဆိုင်ငေး…။ သည်စက်ဘီးဆိုင်ငေး…။
ဒီလိုနဲ့ မကြာခင် ကျောင်းဖွင့်တော့မည်။ မှာထားသော၊ မေးထားသော၊ ဖီးဆင့်တစ်ပတ်ရစ်တွေ…။ မိချောင်း တစ်ပတ်ရစ်တွေက ဘယ်ဆီမှန်းမသိ…။ ဒါတွေ မျှော်လို့တော့မဖြစ်။
ကိုင်း…မထူးတော့တာမို့၊ တရုတ်ငှက်မြီးရှည်အသစ်ပဲ ၀ယ်တော့မည်။ လိုသောငွေအတွက် ရစရာလေးတွေ စဉ်းစားသည်။ ချေးလို့ရမည့်နေရာတွေ တွေးထားသည်။ သည်တော့ …မိန်းမထံ သိမ်းခိုင်းထားသည့် ငွေထုပ်လေး တောင်းရတော့သည်။
“ဘာရယ်…၊ ဘာရယ်… (၃၀၀၀) ဟုတ်လား။ ရှင်ပြန်စဉ်းစားဦးလေ။ ရေမီတာဖိုး (၃၆၀)ကို နောက်မှ ပြန်ထည့်မယ်ဆိုပြီး ယူတာရယ်၊ ရှင့်ကလေးတွေ လွယ်အိတ်နဲ့ ကျူရှင်လခလည်း ဒီထဲက…”
မိန်းမစကားမဆုံးမီ လက်ကာပြပြီး…
“ဟိုး…၊ ဟိုး….၊ ကိုယ်မှားပါတယ်ကွာ….၊ မေ့သွားလို့ဟေ့…။ အဲဒီတော့ ဒီလိုလုပ်…။ အခု ကျန်တဲ့ငွေ ထောင့်ခြောက်ရာထဲက တစ်ထောင်ကို ကိုဝင်းနိုင်ဆီ အကြွေးဆပ်လိုက်ကွာ…။ သူဆီက ယူထားတာလည်း ကြာပြီ။ ပိုတဲ့ခြောက်ရာ မင်းနဲ့ ကလေးတွေ အ၀တ်အစားသာ ကြည့်ဝယ်…၊ ကလေးတွေအတွက် ကျောင်းဝတ်စုံပဲ ၀ယ်နော် မင်းက ဖိနပ်မရှိရင် ဖိနပ်ဝယ်…ဒါပဲ”
မိန်းမက နှုတ်ခမ်းဆူပြီး သူ့ပိုက်ဆံထုပ် ပြန်သိမ်းသွားသည်။
ပြီးတော့ ပါးစပ်က ပွစိ ပွစိ ရွတ်နေ၏။
“ဒီကဖြင့် စက်ဘီးလေး စီးရမလားအောက်မေ့တယ်။ ဒီပုံစံဖြင့် တစ်သက်လုံး စက်ဘီးစီးရဖို့ မမြင်ပေါင်၊ ကြာရင် စက်ဘီးတောင်စီးတတ်တော့မှာ မဟုတ်ဘူး”တဲ့။

ထိုနေ့က အမှတ်မထင်ပဲ အမှတ် (၈)ကားဂိတ်မှာ ခင်ဆွေအေးနှင့် ပြန်တွေ့သည်။ မိမိက မမှတ်မိ။ သူက နာမည်ခေါ် နှုတ်ဆက်မှ မှတ်မိသည်။ သူက အိမ်ထောင်ကျပြီး အဝေးရောက်နေသည်ဟု ပြောသည်။ အခုလည်း အလည်လာတာဆို၏။ မိမိကိုလည်း အိမ်ထောင်ကျတာ ကြာပြီလားမေးသည်။ ကလေးနှစ်ယောက်ဟု လက်နှစ်ချောင်း ထောင်ပြသည်။ “မမိုးမိုးအေး”နေကောင်းလားဟု မေးသည်။ မိမိက မျက်မှောင်ကြုတ်ပြီး…
“ဟင်…သူတို့က ညောင်ဦးမှာလေ။ ငါ့ထက်အရင်စောပြီး အိမ်ထောင်ကျတာ”ဟု ပြောတော့ ခင်ဆွေအေးက အံ့အားတသင့်ဖြင့်”
“ဟင်…ဒါဖြင့် နင်က မမိုးမိုးအေးနဲ့ရတာ မဟုတ်ဘူးပေါ့ဟု ဆို၏။။”
“ဟာ… မဟုတ်တာ။ မိုးမိုးအေးက ငါ့အစ်မ၀မ်းကွဲဟ။ တစ်ဝမ်းပဲကွဲတာ မိုးကြိုးပစ်လိမ့်မယ်”ဟု ပြန်ပြော ရသည်။ ခင်ဆွေအေးမျက်နှာတွင် တစ်စုံတစ်ရာ ပြောင်းလဲသွားပြီး…
“ကျွတ်…သေလိုက်ပါတော့၊ နင် ပခုက္ကူသွားတုန်း ငါ့ဆီစာနဲ့ မုန့်တွေ လာလာပေးတာ မမိုးမိုးအေး မဟုတ်လား…။ ငါက အဲဒါ နင့်အိမ်က သဘောတူထားသူလို့ ထင်တာကိုးဟ။ နင်တို့ကလည်း အပြင်မှာ တတွဲတွဲမို့ မြင်သူတိုင်း ပြောကြတယ်လေ။ လူကြီးချင်းသဘောတူထားတာတဲ့”

ထိုနေ့က အမှတ်မထင်ပဲ အမှတ် (၈)ကားဂိတ်မှာ ခင်ဆွေအေးနှင့် ပြန်တွေ့သည်။ မိမိက မမှတ်မိ။ သူက နာမည်ခေါ် နှုတ်ဆက်မှ မှတ်မိသည်။ သူက အိမ်ထောင်ကျပြီး အဝေးရောက်နေသည်ဟု ပြောသည်။ အခုလည်း အလည်လာတာဆို၏။ မိမိကိုလည်း အိမ်ထောင်ကျတာ ကြာပြီလားမေးသည်။ ကလေးနှစ်ယောက်ဟု လက်နှစ်ချောင်း ထောင်ပြသည်။ “မမိုးမိုးအေး”နေကောင်းလားဟု မေးသည်။ မိမိက မျက်မှောင်ကြုတ်ပြီး…
“ဟင်…သူတို့က ညောင်ဦးမှာလေ။ ငါ့ထက်အရင်စောပြီး အိမ်ထောင်ကျတာ”ဟု ပြောတော့ ခင်ဆွေအေးက အံ့အားတသင့်ဖြင့်”
“ဟင်…ဒါဖြင့် နင်က မမိုးမိုးအေးနဲ့ရတာ မဟုတ်ဘူးပေါ့ဟု ဆို၏။။”
“ဟာ… မဟုတ်တာ။ မိုးမိုးအေးက ငါ့အစ်မ၀မ်းကွဲဟ။ တစ်ဝမ်းပဲကွဲတာ မိုးကြိုးပစ်လိမ့်မယ်”ဟု ပြန်ပြော ရသည်။ ခင်ဆွေအေးမျက်နှာတွင် တစ်စုံတစ်ရာ ပြောင်းလဲသွားပြီး…
“ကျွတ်…သေလိုက်ပါတော့၊ နင် ပခုက္ကူသွားတုန်း ငါ့ဆီစာနဲ့ မုန့်တွေ လာလာပေးတာ မမိုးမိုးအေး မဟုတ်လား…။ ငါက အဲဒါ နင့်အိမ်က သဘောတူထားသူလို့ ထင်တာကိုးဟ။ နင်တို့ကလည်း အပြင်မှာ တတွဲတွဲမို့ မြင်သူတိုင်း ပြောကြတယ်လေ။ လူကြီးချင်းသဘောတူထားတာတဲ့”

ပင်မစာမျက်နှာသို့ပြန်သွားမည် >>
နေ့စဉ် အသစ်အသစ်သော သတင်းများ ကို သိရှိနိုင်ရန် လိုတရ Application အား ဤနေရာတွင် နှိပ်၍ အခမဲ့ Download ရယူပါ။