contents

ထိပ်ဆုံးစာမျက်နှာ > ဝတ္ထုများ

လပြည့်ည ကဗျာဆရာ
အစ/အဆုံး
မြင့်သန်း

ဟိတ်လို့ ခေါ်သံကြားတာနဲ့ လှည့်ကြည့်လိုက်တော့ သူဖြစ်နေတယ်။ ဟိုတစ်နေ့ဆီက ဖုန်းဆက် စကားပြောကြတော့ နောက်လလောက် ကျရင် ငါလဲခွင့်ယူဦးမယ်လို့ သူကပြောတယ်။ ကျွန်တော်က တော့ ငါလဲ ငွေတောင်မျှော်ခြံဆီ သွားဦးမယ်လို့ ပြောလိုက်သေးတယ်။ တနင်္လာနေ့ကျရင် ကလပ်ပိတ်တော့ အားတဲ့အခါ အပျင်းပြေလာပြီး ကျွန်တော့်ဘာသာ ကျင်းစိမ်လေ့ရှိတယ်။ နင့်ဖေဖေက ဂေါ့ကွင်း သွားတယ်ဆိုလို့ လိုက်လာတာလို့ သူကပြောတယ်။ အကြောင်းထူး ရှိလားလို့ ကျွန်တော်ကမေးတော့ နင့်ဆီ အကြောင်းထူးရှိမှ ငါက လာရမှာလားလို့ သူက ပြန်မေးတယ်။ ကျွန်တော်က ဘာမျှ ပြန်မဖြေတော့ဘူး။ ဘကြီးသုခ ပြောဖူးတဲ့ “မိန်းမတွေဟာ အဖြေမပေးပဲ၊ မေးခွန်းကို အဖြေလိုသဘောထားပြီး ပြန်မေးတတ်တာ မွေးရာပါစွမ်းရည်တစ်ခု ဖြစ်လိမ့်မယ်ဆိုတာကို သတိရလိုက်မိလို့ပဲ။

နင် ပရိုက်တစ်လုပ်လို့ပြီးပြီလားလို့ သူက ပြန်မေးတယ်။ ဘာရယ်မဟုတ်ဘူး။ အားနေတာနဲ့ ထွက်လာတာပဲလို့ ကျွန်တော်က ဖြေလိုက် တယ်။ ဒီနေ့ကလပ်ပိတ်တော့ ဘာမျှ စားစရာ၊ သောက်စရာမရဘူး။ နမ်စင်းသွားပြီး တစ်ခုခုစားရင်း စကားပြောရအောင်လို့ ကျွန်တော်က ပြောတော့ သူကရယ်တယ်။ သူရယ်နေပုံမှာအဓိပ္ပာယ်တစ်ခုခုပါတယ်။ လူတိုင်းရဲ့ အရယ် အပြုံးတွေမှာ အနက်ပါတာချည်းပဲ။ အပျင်းပြေ ပြုံးတယ်ရယ်တယ်ဆိုတာမှ မရှိပဲ။ အနည်းဆုံး မသိစိတ်ရဲ့ စေ့ဆော်မှုတစ်ခုတော့ ရှိနေမှာချည်းပဲ။ သူရယ်တာ ရပ်တဲ့အထိ ကျွန်တော် စောင့်နေလိုက်တယ်။ ကျွန်တော်က မမေးရသေးခင် သူကပဲ စပြီးပြောတယ်။ နင်သွားချင်ရင်တော့သွား၊ ငါကတော့ နမ်စင်းတော့ မသွားချင်ဘူးလို့ ပြောတယ်။ ဘာလို့လဲလို့မေးတော့ သူက ရယ်ပြန်တယ်။ ပြီးတော့ ဟိုတစ်ယောက်မွေးနေ့တုန်းက နင်တို့ နှစ်ယောက်သား နမ်စင်းမှာ စားနေသောက်နေကြတာတွေ့တယ်လို့ ထွန်းမြင့်ကပြောတယ်လို့ သူကပြောတယ်။ စီအိုင်ဒီက ထွန်းမြင့် လေလို့ သူက ထပ်ပြောပြန်တယ်။ ဒီတော့ ကျွန်တော်က ပြုံးလိုက်မိတယ်။ သူက ကြည့်နေတယ်။ နင်က မနာလိုဖြစ်နေလို့လားလို့ သူ့ကိုမေးလိုက်တော့ သူက မသိမသာမျက်နှာပျက်သွားပြီး ပြန်ပြုံးပြရင်း ဘာကိစ္စ မနာလိုရမှာလဲ။ ငါနဲ့ နင်နဲ့က ဘာမှမဟုတ်ဘဲ။ နင်နဲ့သူနဲ့ကကော တစ်ခုခုဖြစ်နေကြလို့လားလို့ သူက ပြန်ပြီးစူးစမ်းတဲ့သဘောနဲ့ မေးတယ်။ ကျွန်တော်က ပြန်မဖြေဘဲ ခေါင်းခါပြလိုက် မိတယ်။ ခေါင်းခါတယ် ခေါင်းငြိမ့်တယ်ဆိုတာရဲ့နောက်မှာလဲ အနက်ဖော်စရာ အများကြီးပဲ။ “ဟုတ်တယ်.. မဟုတ်ဘူးလား” လို့ ဆိုကြတာမျိုးလိုပဲ။ သူ့ကို လိမ်လိုက်တာပဲလို့တော့ ကျွန်တော် မထင်မိဘူး။ ဒါဖြင့် လေယာဉ်ကွင်း သွားကြရအောင်။ ဒီအချိန်ဆို ချာလီတောင်ရှိချင်ရှိဦးမှာလို့ သူကပြောတယ်။ ကျွန်တော်တို့ လေယာဉ်ကွင်းဆီ ထွက်ခဲ့ကြတယ်။ အဲဒီနေ့က သူကိုယ်တိုင် ကားမောင်း လာတာ။

လေယာဉ်ကွင်းရောက်တော့ မှန်ပြတင်းပေါက်နံဘေးကနေရာကောင်းကောင်းမှာ ထိုင်လိုက်ကြတယ်။ ချာလီတော့ မရှိတော့ဘူး။ စားရင်းသောက်ရင်း ဦးတည်ရာမဲ့စကားတွေ ပြောမိကြတယ်။ အဲဒီတုန်းမှာပဲ သူက ငွေတောင်မျှော်ခြံဆီ နင်ဘယ်တော့သွားမှာလဲလို့ မေးတယ်။ မကြာခင်သွားမယ်။ ဖေဖော်ဝါရီ၊ မတ်လောက်ဆို ဖေဖေ့ရဲ့လုပ်ငန်းတွေမှာ အလုပ်ပါးနေတော့ သိပ်အလုပ်မရှိဘူး။ အဲဒီသွားပြီး စာလေးဘာလေးဖတ်မလားလို့။ စိတ်ကူးပေါက်ရင်လဲ ကဗျာလေးဘာလေးစပ်ရတာပေါ့လို့ ဖြေလိုက်မိတယ်။ ငါတောင် မရောက်ဖူးတာကြာပြီလို့ သူကပြောပြီး တော့နစ်ရည်ကို အသာငုံလိုက်တယ်။ ကြာပြီပေါ့။ မေမေရှိတုန်းကနောက်ဆုံးရောက်တာဆိုတော့ နင်ဆယ်တန်းအောင်တဲ့နှစ်မဟုတ်ဘူးလားလို့ ကျွန်တော်က မေးလိုက်တယ်။ သူက ခေါင်းငြိမ့်ပြတယ်။ နွဲ့ကြီးတို့နွဲ့လေးတို့ကော လာကြမှာလားလို့ သူက မေးတယ်။ ဒီနှစ်တော့ နွဲ့ကြီးတို့နွဲ့လေးတို့ မလာဖြစ်ကြဘူး။ ရုလီဘက်သွားကြမယ်လို့ပြောတယ်လို့ ကျွန်တော်က ဖြေလိုက်တယ်။ နွဲ့ကြီးနဲ့နွဲ့လေးက ဖေဖေ့မိတ်ဆွေ ကျမိုင်းကြီးရဲ့ သားတွေ။ ကျွန်တော်နဲ့ အတူတူကြီးတာတော့ ညီအစ်ကိုတွေလိုပဲ။ နှစ်စဉ်လို ငွေတောင်မျှော်ခြံမှာ ဆုံကြတယ်။ တစ်ခါတစ်လေ တော့ပစ်ထွက်ကြတယ်။ ဒီလိုဆို နင်တစ်ယောက်ထဲ ပေါ့လို့ သူက မေးတယ်။ အေလို့ပြန်ဖြေပြီး ကျွန်တော်က ဘီယာခွက်ကို ကောက်ကိုင်သောက်လိုက်ရင်း သူ့မျက်နှာကို ကြည့်လိုက် မိတယ်။ သူက တစ်ခုခုပြောတော့မလိုလိုနဲ့ ပြုံးစိစိလုပ်နေတယ်။ ကျွန်တော်လဲ ဘီယာခွက်ကိုချပြီး နင်ဘာပြောချင်လို့လဲလို့ ပြောလိုက်တယ်။ ဆက်ပြုံးနေပြီး သူက အပြင်ဘက်ဆီကို လှမ်းကြည့်နေတယ်။ အောက်နှုတ်ခမ်းကို အပေါ်သွားနဲ့ အသာကိုက်ထားရင်း ပြုံးသလိုလိုလုပ်နေပြန်တယ်။ အပြင်ဘက်မှာ ပူနေပေတဲ့ လေယာဉ်ကွင်းထဲကစားသောက်ဆိုင်ကတော့ အေးနေတယ်။

ငါလိုက်ခဲ့လို့ရမလားလို့ သူက ကျွန်တော့်ကိုကြည့်ပြီး မေးတယ်။ သူ့မျက်နှာမှာ အပြုံးမပါတော့ဘဲ အဆုံးအဖြတ်တစ်ခုခုကို ချထားတဲ့ပုံပဲ။ ကျွန်တော်က အံ့သြသလို ဖြစ်သွားမိတယ်။ တကယ်တော့လဲ မအံ့သြမိဘူး။ သူက အမြဲလို ပြတ်သားတတ်တဲ့လူမျိုး။ သူက လူရဲ့ ဖြစ်နေခြင်းအပေါ်မှာ တန်ဖိုးထားချင်တဲ့ လူမျိုး။ တန်ဖိုးထားချင်တယ်ဆိုတာထက် တန်ဖိုးထားတတ်အောင်ကြိုးစားနေတယ်လို့ပြောရင် ပိုကောင်းမလားဘဲ။ ကျွန်တော်က ကဗျာဆရာဖြစ်ချင်တယ်လို့ပြောတာကို သူ သိပ်သဘောကျတယ်။ ခုချိန်ထိ သဘောကျတယ်ဆိုတာ ပြောတုန်းပဲ။ လေးတန်းငါးတန်းလောက်ကတုန်းက ငါ ကဗျာရေးတတ်ချင်တယ်၊ ကဗျာဆရာဆိုတာ ဖြစ်ချင်တယ်လို့ပြောတော့ သူအပါအ၀င် သူငယ်ချင်းတွေက ရယ်ကြတယ်၊ လှောင်ကြတယ်။ ကြီးလာတော့ သူက မလှောင်တော့ဘူး။ ဖေဖေ့ကိုလည်း ကျွန်တော် ကဗျာဆရာဖြစ်ချင်တယ်လို့ပြောတော့ ဖေဖေက ကဗျာဆရာဆိုတာ ဖြစ်ချင်နေလို့မရဘူး။ ဟန်လုပ်ပြီး လုပ်ယူလို့မရဘူုး။ ကြိုးစားပြီး ကိုယ့်ဘာသာတည်ဆောက်ယူရတဲ့ဟာလို့ ပြောတယ်။ ကိုးတန်းရောက်တဲ့နှစ်တုန်းကလဲ ဖေဖေ့ကို ပြောမိသေးတယ်။ ဖေဖေက ဒီတိုင်းပဲပြန်ပြောရုံတင်မကဘူး အနားမှာရှိတဲ့ ပိဋကတ် မြန်မာပြန်စာအုပ်ကြီးတစ်အုပ်ထဲက အစီဝရီ မြစ်ကမ်းပါးက ၀ါသေဌ သူဌေးသားအကြောင်း ဖတ်ခိုင်းတယ်။ ဖေဖေက သူပြောချင်တာကို ခိုင်အောင်လုပ်တာပဲ။ အဲဒီတုန်းက ဖေဖေပြောတာတစ်ခု ခုထိ နားထဲက မထွက်သေးဘူး။ မင်းကို ဒီတစ်သက် ထမင်းမငတ်အောင် ငါလုပ်ပေးနိုင်တယ်။ ကဗျာဆရာဖြစ်လာအောင်တော့ ငါမလုပ်ပေးနိုင်ဘူးတဲ့။ ခက်နေတာတစ်ခုက ကဗျာဆရာဖြစ်လာဖို့ ဖော်မြူလာမရှိတာပဲ။ ကျွန်တော်လည်း ဖြစ်ချင်တာပဲရှိတယ်။ ဘယ်ကစရမှန်းမသိဘူး။ ဒီတော့လည်း ကဗျာစာအုပ်တွေဝယ်ဖတ်တာနဲ့ပဲ အချိန်တွေ ကုန်ခဲ့ရတော့တာပဲ။

ကျွန်တော်က ကဗျာဆရာဖြစ်ချင်တယ်လို့ပြောတာကိုပဲ သူ့အမေက အတော် မျက်မုန်းကျိုးနေပုံရတယ်။ မင်းက ကဗျာဆရာ ဖြစ်ချင်တာဆိုတော့ အန်တီ့သမီးတော့ မမှန်းလေနဲ့လို့ နောက်သလိုလိုနဲ့ အတည်ပြောတယ်။ တစ်ကြိမ်မဟုတ်ဘူး။ ဆယ်တန်းဖြေတဲ့ နှစ်တုန်းကတော့ ပြန်ပက်ထည့်လိုက်ဖူးတယ်။ မိန်းမတစ်ယောက်အတွက်နဲ့ အချိန်ကုန်ခံနိုင်ပြီလို့ ကျွန်တော့်ကိုယ်ကျွန်တော် လက်ခံ လာနိုင်တဲ့တစ်နေ့မှာ အန်တီကြိုက်ကြိုက် မကြိုက်ကြိုက် အန်တီ့သမီးကို အရင်ဆုံးမှန်းရမှာပဲလို့ ပြောထည့်လိုက်တယ်။ အဲဒီကတည်းက သူ့အမေနဲ့ကျွန်တော် မျက်နှာချင်းမဆိုင်တော့ဘူး။ ဒီအကြောင်း ဖေဖေ့ကိုပြောပြတော့ ဖေဖေစိတ်ခုသွားပုံရတယ်။ ဒါပေတဲ့ သူ့ထုံးစံ အတိုင်းပဲ အကြာကြီးပြုံးနေပြီးမှ မင်းတကယ်ကြိုက်လို့ ပြဿနာရှိရင် ဖေဖေ့ကိုပြောလို့ပြောပြီး ပုခုံးပုတ်တယ်။ နောက်တော့ သူ့အဖေနဲ့ အမေက အိမ်ကိုလာပြီး ဖေဖေနဲ့ မေမေ့ကို တောင်းပန်ကြတယ်။ နောက်တာပါ ဘာဘာညာညာပေါ့။ တကယ်တော့ သူ့အဖေ တိုင်းမင်းကြီး ဖြစ်သွားတာ ဖေဖေ့ကျေးဇူးတွေ အများကြီးရှိတယ်။ ဖေဖေက စကားအထည့် ကောင်းလွန်းလို့။ မေမေကတော့ ကျွန်တော့်ကို ဆူတယ်။ မင်းကလည်းမင်းပဲ။ ကဗျာဆရာ ဖြစ်ချင်ရတယ်လို့။ ကဗျာဆရာဆိုတာကို ဘယ်သူက အထင်ကြီးလို့တုန်းတဲ့။ မေမေ့အမြင်မှာတော့ တစ်ခုခုဖြစ်အောင်လုပ်တယ်ဆိုတာ လူအထင်ကြီးခံရဖို့ပဲ။ ကဗျာဆရာဖြစ်တယ်ဆိုတာက လူအထင်ကြီးခံချင်လို့ လုပ်တာမဟုတ်ဘူး။ လူအထင်သေးမှာလည်း မမှုဘူး။ ကဗျာဆရာဆိုတာက ဗလာကျင်းနေတဲ့ ရပ်ဝန်းထဲမှာ ဝေဒနာကို သာယာကြည့် နေနိုင်တဲ့၊ နေတတ်တဲ့လူမျိုး။ မေမေက စာပေတို့ အနုပညာတို့နဲ့ လှမ်းတယ်။ ဒီတော့လည်း နားမလည်ဘူး။ မေမေ့မျက်စေ့ထဲမှာတော့ အပါးဝိုင်းကဘယ်လို ဆိုတာမျိုးတွေလောက်ပဲ မြင်တယ်။ သူ့အမေနဲ့ ကျွန်တော့်အမေနဲ့က အတော်လိုက်တယ်။ သူ့အမေက တိုင်းမင်းကြီးသမီးကနေ တိုင်းမင်းကြီးကတော်ဖြစ်လာတာဆိုတော့ တိုင်းမင်းကြီးနဲ့မညားတောင် အနည်းဆုံး တိုင်းမင်းကြီးသားလောက် နဲ့မှ ညားစေချင်ပုံရတယ်။ ဆေးကျောင်းကို သူရောက်တဲ့နှစ်တုန်းက နင်နဲ့ပေးစားဖို့ နင့်အမေကြီး ရှာနေတဲ့ တိုင်းမင်းကြီးသားတွေထဲမှာ ပင်နယ်စလင်ထိုးမနေရသေးတဲ့ကောင် တစ်ကောင်မှ မတွေ့သေးဘူးလားလို့ ကျွန်တော်က စလိုက်မိတယ်။ အဲဒီတုန်းက သုံးလေးပတ် ကြာအောင် ကျွန်တော့်ကို စကားမပြောဘူး။ ကျွန်တော်နဲ့သူနဲ့ အဲဒီလောက်ကြာအောင်စကားမပြောတာ အဲဒီတစ်ကြိမ်ပဲရှိတယ်။

တစ်ညတော့ ကဗျာတစ်ပုဒ်ရေးမိတယ်။ ကဗျာလို့ထင်တာပဲ။ ဟုတ်ချင်မှလည်း ဟုတ်မယ်။ အင်းယားလိတ်မှာ ဘီယာသောက်ပြီး အိမ်ကို လမ်းလျှောက်ပြန်တော့ လသာနေတာကို သတိထားမိတယ်။ ဘီယာကလည်း တော်တော်သောက်ထားတာမို့ လမ်းတစ်ဝက်မှာရပ်ပြီး အတော်ကြာအောင် လကိုကြည့်နေမိတယ်။ လဟာ မသာတဲ့အခါမှာ ဘာများလုပ်နေပါ့မလဲလို့ အတွေးရမိတယ်။ လီပိုကိုလည်း သတိရလိုက်မိတယ်။ လီပိုသာဆို ကဗျာတစ်ပုဒ် ကောင်းကောင်းရေးဖြစ်မှာပဲ။ သူကတော့ လီပိုကိုး။ ငါကတော့ ငါပဲကိုးလို့ တွေးမိတယ်။ လီပိုနဲ့ကျွန်တော်နဲ့ တူတာကလည်း စိမ်ရည်ကြိုက်တာလောက်ပဲရှိတယ်။ အိမ်ပြန်ရောက်တော့ အိပ်မပျော်နိုင်သေးတာနဲ့ လကို ထိုင်ကြည့်နေရင်း ကဗျာတစ်ပုဒ် စပ်ကြည့်မိတယ်။ အဓိကကတော့ လဟာ မသာတဲ့အခါ ဘာများလုပ်နေပါ့မလဲ ဆိုတာပဲ။ အဖြေ မပါဘူး။ အမေးသက်သက်ပဲ။ အဖြေလိုချင်လို့မဟုတ်ဘူး နီရူဒါကြီး မေးခွန်းထုတ်သလိုပဲ။ ကဗျာလို့သာဆိုရတယ်။ ကာရန်တွေ၊ နရီတွေ၊ ကိုက်ချင်မှကိုက်မယ်။ ဒဿနတွေ ဗျဿနတွေ ဘာတွေညာတွေ ပါချင်မှပါမယ်။ စိတ်ထဲရှိတာ ချရေးလိုက်တာပဲ။ နောက်တစ်နေ့တော့ အယ်မလီနဲ့တွေ့တယ်။ အယ်မလီက ကျွန်တော့်နှမလိုပဲ။ သူကလည်း ဆေးကျောင်းတက်နေတာ။ ငါ ညက ကဗျာလားဘာလား မသိဘူး။ ချရေးထားတာ တစ်ခုရှိတယ်။ သူ့ကိုပေးလိုက်ပါလို့ ပြောပြီး ပေးလိုက်တယ်။ အဲဒီတုန်းက အယ်မလီက ငါရော ကောက်ချက် မချရဘူးလား၊ နည်းနည်းဝေဖန်လို့မရဘူးလားလို့ မေးသေးတယ်။ ငါ ရေးချင်လို့ ရေးလိုက်တာ။ ကောက်ချက်ချတာ ဝေဖန်တာခံဖို့ တွေးပြီး ကဗျာမရေးရဘူးလို့ ရေးထားတာတစ်ခု၊ ငါဖတ်ဖူးတယ်။ ငါ ထပြီးနာရင်းရိုက်တာ ခံချင်ရင် ဝေဖန်လို့ နောက်ပြီး ကျွန်တော် ပြောလိုက်မိသေးတယ်။

ညနေဘက်တော့ သူရောက်လာတယ်။ ဖေဖေ့ရဲ့နှင်းဆီခြံထဲမှာထိုင်ပြီး ကျွန်တော်က ကိုင်းသင်နေတာ။ ဆောင်းကုန်တော့မှာမို့ ဖေဖေက ကျွန်တော်အချိန်ရတဲ့အခါ သူ့နှင်းဆီပင် တချို့ကကိုင်းတွေ သင်ထားပေးဖို့မှာထားလို့။ နှင်းဆီပင်တန်းရဲ့အကြားမှာထိုင်ပြီး ကိုင်းတွေ ဖြတ်နေတုန်း သူရောက်လာတယ်။ အဲဒီနေ့ကမှ သူက ကျွန်တော့်ကိုပြန်ပြီး စကားပြောတာ။ သူ့ထုံးစံအတိုင်း ဟိတ်လို့ အရင် လှမ်းခေါ် လိုက်တယ်။ ကျွန်တော်ထိုင်နေတဲ့ နောက်ဖက်နားဆီကိုလာတယ်။ ပြီးတော့ သူ့ကိုယ်ကို အသာကိုင်းပြီး ကျွန်တော့် ပခုံးပေါ်ကို သူ့တံတောင်နဲ့ တစ်ဖက်စီထောက်လိုက်ရင်း ကျွန်တော့်နား နားကိုကပ်ပြီး အသံခပ်တိုးတိုးနဲ့ သိုင်းကျူးလို့ပြောတယ်။ ဘာကိုသိုင်းကျူး ချင်တာလဲလို့ သူ့အသံလာတဲ့ဖက်ဆီ ကျွန်တော်က အသာခေါင်းကိုလှည့်ရင်း မေးလိုက်မိတယ်။ ကျွန်တော့်ပါးနဲ့ သူ့နှာခေါင်း ထိနေတယ်။ နင်ရေးထားတဲ့ကဗျာကို ငါကြိုက်တယ်။ ငါသိမ်းထားချင်တယ်လို့ သူက ပြောတယ်။ အဲဒါကို ကဗျာလို့နင်ထင်သလားလို့ ကျွန်တော်က ခေါင်းကို ပြန်မလှည့်သေးဘဲ သူ့ကို မေးလိုက်မိတယ်။ မသိဘူး။ ခေါ်ချင်ရာခေါ်။ ငါ့အတွက် အရေးမကြီးဘူး။ ငါကြိုက်တယ်လို့ သူက ပြန်ပြောတယ်။ ကဗျာကိုလား၊ လူကိုလားလို့ ကျွန်တော်က ရယ်ရင်း မေးလိုက်မိတယ်။ သူကလည်း ရယ်ရင်း ကဗျာဆရာကိုလို့ ပြောတယ်။ ကျွန်တော်လည်း ကျွန်တော့်ခေါင်းပေါ်မှာ မှီထားတဲ့သူ့ခေါင်းကို လက်ပြန်နဲ့လှမ်းကိုင်လိုက်ရင်း သူ့ဆံပင်ကို အသာပွတ်ပေးလိုက်ပြီး သိုင်းကျူးလို့ ပြောလိုက်တယ်။ သူက ဘာလို့လဲလို့ ခပ်တိုးတိုးပြန်လေးတုန်း သူ့နှာခေါင်းက ရှူထုတ်လိုက်တဲ့လေက ကျွန်တော့်ပါးပေါ် နွေးသွားတယ်။ သူ့ဆံပင်စတချို့ ကျွန်တော့်မျက်နှာမှာ လာထိနေတယ်။ ပြီးတော့သူက မတ်မတ်ရပ်လိုက်တော့ ကျွန်တော်လဲ ထိုင်ရာက ထလိုက်မိတယ်။ အဲဒီတုန်းမှာပဲ နှင်းဆီခြံဘက်ဆီကို ဖေဖေလျှောက်လာတာ တွေ့လိုက်ရတယ်။

မင်းကိုတော့ကွာ။ ငါ နားကိုမလည်နိုင်သေးဘူးလို့ ဖေဖေက ခုထိ ပြောတုန်းပဲ။ မနေ့တစ်နေ့ကတင် သားအစ်ဖနှစ်ယောက်သား နှင်းဆီခြံထဲမှာ ထိုင်စကားပြောနေကြတော့ မင်း မိန်းမယူမယ်လို့များ စဉ်းစားဖူးသလားလို့ မေးသေးတယ်။ ကျွန်တော်ကလဲ တွယ်တာ စရာရှိသွားရင် ကဗျာဆရာဖြစ်မှာမဟုတ်တော့ဘူးထင်တယ်လို့ ဖြေလိုက်တော့ ဖေဖေက အတော် အံ့အားသင့်သွားပုံရတယ်။ ခုထိ မင်းကဗျာဆရာ ဖြစ်ချင်တုန်းပဲလားလို့ မေးပြန်တယ်။ ဖြစ်ချင်တုန်းပဲလို့ ကျွန်တော်က ပြန်ဖြေတော့ ဖေဖေက သောက်လက်စ ကော်ဖီခွက်ကိုလှမ်းယူပြီး သောက်နေရင်း ဘာမှမပြောပဲ ကျွန်တော့်ကို ကြည့်နေတယ်။ ကျွန်တော်ကပဲ ဆက်ပြောလိုက်မိတယ်။ ကဗျာဆရာမှာ အထီးကျန်မှုဟာ ဖန်တီးမှုအားလုံးရဲ့အစလို့ ဆိုကြတယ်။ အထီးကျန်မှုဆိုတာ ဖိုမဆက်ဆံရေးပေါ်မှာ အခြေခံတဲ့ သဘောကို ဆိုလိုတာမဟုတ်ဘူး။ သူ့ရဲ့ ဖြစ်ရှိနေတဲ့ အနေအထားအတွင်းမှာ သူ့ဘာသာ လစ်ဟာနေတာမျိုးပဲ။ အဲဒီ လစ်ဟာနေမှုဟာ သူ့ကို ဝေဒနာတစ်ရပ် ဖန်တီးပေးနိုင်တဲ့ဟာပဲ။ ကျွန်တော်ကတော့ အဲဒီ ထီးထီးကျန် ဖြစ်-ရှိနေရတဲ့ အနေအထားကို မရသေးဘူး ထင်တယ်။ ကိုယ့်ဘာသာနေလို့တောင် ထီးထီးကျန်ဖြစ်ရှိနေတဲ့ အနေအထားကို မခံစားရနိုင်သေးရင် အခြားလူတစ်ယောက်နဲ့ ရင်းရင်းနှီးနှီးနေလိုက်ရင် ပိုဆိုးသွားမှာ စိုးနေတယ်။ ပိုဆိုးသွားရင် ကဗျာဆရာဆိုတာ ဖြစ်မှာမဟုတ်တော့ဘူးထင်တယ်။ ကဗျာဆရာ ဆိုတာကလဲ မရရှိသေးတဲ့တစ်ခုခုကို ပျောက်ဆုံးသွားမှာစိုးနေတဲ့ လူမျိုးပဲလို့ ခပ်ရှည်ရှည်ရှင်းပြလိုက်မိတယ်။ ဖေဖေက ကော်ဖီခွက် ချလိုက်ပြီး ပြုံးတယ်။ မင်းကို ဖေဖေတစ်ခုပြောမယ်လို့ စကားခံလိုက်တယ်။ ဖေဖေဟာ သူဆိုလိုချင်တာတစ်ခုကို မက်တာဖောအဖြစ် ပြောင်းပြီး ပြောတော့မယ်လို့ ကျွန်တော် နားလည်လိုက်မိတယ်။ အဲဒါဟာ ဖေဖေ့ရဲ့ စကားပြောနည်းတစ်မျိုးပဲ။ ဘာသာစကားမှန်သမျှ ဟာ မက်တာဖောချည်းပဲလို့ ပညာရှင်တွေပြောကြသလိုပဲ။ ဖေဖေ့ရဲ့ ဘာသာစကားမှန်သမျှဟာ မက်တာဖောချည်းပဲ။

ဖေဖေ့မှာ နှင်းဆီပန်းတွေနဲ့ပတ်သက်ပြီး နှံ့စပ်တဲ့ လူငယ်မိတ်ဆွေ ကိုအောင်ကိုးဆိုတာရှိတယ်။ သူက နှင်းဆီပန်းတွေကို စီးပွားဖြစ် အောင်အောင်မြင်မြင် စိုက်နိုင်တဲ့လူ။ ဖေဖေက ၀ါသနာအရစိုက်တာ။ ဖေဖေက သည်ဒေါက်တာဆိုတဲ့ နှင်းဆီမျိုးကို မှာပြီး စိုက်မယ် လို့စဉ်းစားတော့ အဲဒီနှင်းဆီပန်းနဲ့ ပတ်သက်တဲ့ စာအုပ်စာတမ်းတွေ အများကြီးဝယ်ဖတ်တယ်။ တစ်နေ့တော့ သူ့ရဲ့ နှင်းဆီခြံမှာ စကားစပ်ရင်း ကိုအောင်ကိုးကို အဲဒီနှင်းဆီရဲ့အကြောင်း ဖတ်ထားရတာတွေကို ဘယ်သို့ဘယ်ပုံဆိုတာ ပြောမိတယ်။ ဒီတော့ ကိုအောင်ကိုးက အန်ကယ် ဟောဒီမှာ သည်ဒေါက်တာနှင်းဆီပင်တွေ။ ယူသွားချေ။ စိုက်ကြည့်။ ပြီးမှ အန်ကယ့်စာအုပ်တွေဖတ်လို့ ပြောတယ်။ မင်းဟိုမှာ မြင်နေရတဲ့ သည်ဒေါက်တာတွေဟာ ကိုအောင်ကိုးဆီကရတဲ့ မျိုးတွေပဲလို့ ဖေဖေက အရှည်ကြီးပြောတယ်။ ပြီးတော့ ဘာမျှဆက်မပြောဘူး။ သောက်နေကျ ချက်စတာဖီးလ် စီးကရက်တစ်လိပ်ကို ယူပြီး ဖွာနေတယ်။ သူဆိုလိုတာကို ကျွန်တော်ကတော့ ရေးတေးတေးပဲ။ စီးကရက်ကို ကျေနပ်လောက်အောင်ဖွာပြီးမှ ဖေဖေက မင်း အခု ကောင်မလေးတချို့နဲ့ ဆက်ဆံနေတာ ရင်းရင်းနှီးနှီးနေတယ်လို့ မထင်ဘူးလားလို့ မေးတယ်။ မသိဘူးလို့ပဲ ကျွန်တော်က ဖြေလိုက်တယ်။ ဖေဖေက ပြုံးတယ်။ ဘာမှထပ်မပြောဘူး။ အလုပ်ပါးတုန်း ငွေတောင်မျှော်ခြံမှာ တစ်ပတ်နှစ်ပတ်လောက် ကျွန်တော် သွားနေဦးမယ်လို့ပြောတော့ ဖေဖေက ခေါင်းညိတ်ပြတယ်။

ကြာသပတေးနေ့မနက်ကျတော့ ငါငွေတောင်မျှော်ခြံကို သွားတော့မယ်လို့ သူ့ကိုလှမ်းပြီး ဖုန်းဆက်ပြောလိုက်တယ်။ သူက ငါကိုင်နေတဲ့ ကေ့စ်နှစ်ခုကို တစ်ယောက်ယောက်နဲ့လွှဲပြီးတာနဲ့ တစ်ရက်နှစ်ရက်ကြာရင် လိုက်ခဲ့မယ်လေလို့ ပြောတယ်။ ဒါကတော့ နင့်သဘောပဲ။ နင့်ကို ငါမပိုင်သလို၊ ငါ့ကိုလည်း နင်မပိုင်ဘူးလို့ ကျွန်တော်က ပြန်ပြောတော့၊ နင်တော်လာပြီလို့ သူက ပြန်ပြောတယ်။ ငွေတောင်မျှော်ခြံ ကိုရောက်တော့ ရောက်ရောက်ချင်း ရိုးမဖျားဆီက မုဆိုးကျော် ဦးဖိုးမြတို့ သားအစ်ဖတွေ ရောက်လာကြတယ်။ သူတို့ယူလာတဲ့ ဆတ်သားခြောက်နဲ့ ကျွန်တော့်မှာပါလာတဲ့ မော့လ်ဝီစကီက အစပ်တည့်လေတော့ မိုးအတော်ချုပ်မှပဲ သူတို့လည်း ပြန်ဖြစ်ကြတယ်။ ပြန်ခါနီး ဦးဖိုးမြက တောပစ်ချင်သေးလားလို့မေးတော့ ဒီတစ်ခါတော့ ကဗျာတစ်ပုဒ်လောက်ဖြစ်အောင် စပ်ကြည့်ဦးမယ်ဗျာလို့ ဖြေလိုက် မိတယ်။ သဘက်ခါဆို လပြည့်ပဲ။ လရောင်နဲ့ဆို ညတောလည်း ပစ်လို့မကောင်းဘူး။ ဒါပေတဲ့ ဆောင်းအကုန်ဆိုတော့ သာယာသဗျာ။ ခင်ဗျား ကဗျာစပ်စာစပ်လုပ်ချင်တာနဲ့ နေရာကျမှာလို့ ဦးဖိုးမြက ပြောတယ်။ အဲဒီညကတော့ မိုးသားရှိနေလို့ လရောင်ကို မတွေ့ရဘူး။ စနေနေ့ နေ့ခင်းကျတော့ သူရောက်လာတယ်။ နင်က တကယ်လိုက်လာတာကိုး။ ငါက နင်နောက်နေတယ်ထင်တာလို့ပြောတော့ သူက ပြုံးတယ်။ ဒါနောက်စရာလို့ နင်ထင်သလားလို့ သူက ပြန်မေးတယ်။ သူ့အမေးကို မဖြေဘဲ နင့်အမေကြီးသာရှိနေသေးရင် ကျွန်မ သမီးလေး ကဗျာဆရာဆိုတဲ့အကောင်နောက် လိုက်သွားပြီဆိုပြီး ဖမ်းဝရမ်းထုတ်ခိုင်းမှာလို့ ကျွန်တော်က ထပ်ပြီးနောက်လိုက်တော့ သူက မကျေနပ်တဲ့မျက်နှာပေးနဲ့ ဟိတ် တစ်- နင်နဲ့ငါဟာ ကလေးတွေမဟုတ်တော့ဘူး။ နှစ်- ငါငွေတောင်မျှော်ကို လိုက်သွားဦးမယ်လို့ နင့်ဖေဖေကို ပြောခဲ့ပြီးသား။ ငါ့အတွက် ဘယ်သူမှ ပူနေစရာမရှိဘူး။ သုံး- ဒီမှာ ဘယ်သူမှမရှိဘူး။ နင်နဲ့ငါပဲ။ နင်မကျေနပ်ရင်ပြန် ငါမပြန်ဘူးလို့ ဒေါသသံနဲ့ ပြန်ပြောတယ်။

ပစ္စည်းတွေနေရာချပြီးလို့ သူစိတ်ပြေလောက်တော့မှ စမ်းချောင်းကလေးဆီ သွားကြရအောင်လို့ သူကဆိုတာနဲ့ စမ်းချောင်းကလေးဆီ သွားကြတယ်။ စမ်းချောင်းကလေးဘေးမှာထိုင်ပြီး စကားပြောကြတာ စုံလို့ပဲ။ သူ့အဖေမဆုံးခင် သမီးစိတ်မချမ်းသာတာ ဘာမှ မလုပ်ဘူးဆိုတဲ့ကတိ သူ့အမေဆီက တောင်းခဲ့တဲ့အကြောင်း၊ သူ့အမေကြီးကတော့ သေသာသွားရော သူ့ကို မင်းကြီးသားတွေနဲ့ စပ်တုန်းပဲဆိုတဲ့အကြောင်း၊ သူကလည်း သူ့အဆုံးအဖြတ်နဲ့ ကျေနပ်သာယာတဲ့ လူတစ်ယောက်နဲ့ပဲ သူ့ဘ၀ကို ရှင်သန်နေသွား ချင်တဲ့အကြောင်းတွေပြောရင်း ထူးထူးခြားခြားတစ်ခု သူကပြောတယ်။ တဖြည်းဖြည်းနဲ့ နင်ပြောဖူးတာတစ်ခုကို ငါ သဘောပေါက် လာတယ်။ ကဗျာဆရာဟာ ဂေါက်သီးရိုက်တဲ့လူလိုပဲ။ ဘယ်သူ့ကိုမှ ပြိုင်နေစရာ မလိုဘူး။ ငါလုပ်နိုင်တယ်ဆိုတာ ကိုယ့်ဘာသာကိုယ်ပဲ သက်သေပြရတာ။ ကိုယ့်ရဲ့လက်ကို ကိုယ်သိတယ်။ ကိုယ့်ရဲ့အစွမ်းကို ကိုယ်သိတယ်လို့ နင်ပြောဖူးတယ်။ ငါကတော့ အဲဒီအထဲကို ချစ်ခြင်းကိုနားလည်တယ်ဆိုတာကိုတောင် ထည့်ထားချင်တယ်။ ချစ်တယ်မချစ်ဖူးဆိုတာဟာ ကိုယ့်ဘာသာ သိနေရတာမျိုး။ ကိုယ့်ကိုယ်ကို သက်သေပြရတာ မျိုးပဲ။ ဘယ်သူ့ကိုမှ သက်သေထူပြနေစရာမလိုဘူး မဟုတ်လားလို့ပြောပြီး ကျွန်တော့်ကို ကြည့်နေ တယ်။ ငါ့ခေါင်းထဲ အဆုံးအဖြတ်ပေးရလောက်အောင် ဦးနှောက်ကြီးပုံမရဘူးလို့ ကျွန်တော်က ဖြေလိုက်တယ်။ သူက ရယ်တယ်။ အဲဒီနောက် ကျွန်တော်တို့ချင်း ဘာမျှ ဆက်မပြောဖြစ်ကြဘူး။ ပြီးတော့မှ သူက ချောင်းစပ်စပ်က ရေစပ်စပ်ထဲမှာ သွားပြီးလမ်းလျှောက် ဦးမယ်လို့ပြောပြီး ချောင်းကလေးဆီ ဆင်းသွားတယ်။ ကျွန်တော်ကတော့ ထိုင်ပဲကြည့်နေလိုက်တယ်။ အတော်ကြာတော့ ကျွန်တော် ထိုင်နေတဲ့ နေရာဆီပြန်လာပြီး ရှေ့တည့်တည့် မလှမ်းမကမ်းမှာရပ်ရင်း ကျွန်တော့်ကို ကြည့်လိုက်တယ်။ ပြီးမှ ငယ်ငယ်တုန်းက ဆိုရင်တော့ နင့်ကို ငါနဲ့ ချောင်းထဲမှာ အတူတူလိုက်ပြီး လမ်းလျှောက်ဖို့ခေါ်မှာ၊ နင်မလာရင် ငါ့ကိုချစ်ရင်လာ၊ ချောင်းထဲမှာ လာပြီးလမ်းလျှောက်ချေ၊ မချစ်ရင် မလာနဲ့လို့ပြောမှာပဲ။ အခုတော့ ငါ အဲဒီလို မပြောတော့ဘူးလို့ပြောပြီး စမ်းချောင်းကလေးရဲ့ အောက်ဖက်ဆီ ဆက်လျှောက်သွားတယ်။ ကျွန်တော်လဲ ခဏဆက်ထိုင်နေပြီးမှ ထိုင်ရာကထပြီး သူလျှောက်သွားရာနောက် လိုက်သွားမိတယ်။ သူ့ကို မီလာတော့ ခွေးမလို့ ခပ်တိုးတိုးပြောလိုက်တယ်။ သူက ဘာမှပြန်မပြောဘဲ ပြုံးစိစိလုပ်နေတယ်။ သူ့ပုခုံးပေါ် လက်တင်ပြီး ချောင်းရိုးအတိုင်း နှစ်ယောက်သား ဆက်လျှောက်ခဲ့ကြတယ်။ အတော်ကြာတော့မှ သူက ကိုယ့်ကိုယ်ကိုယ်သိရင် ပြီးတာပဲလို့ ပြောတယ်။ ကျွန်တော်က ခုနကလိုပဲ ခွေးမလို့ ခပ်တိုးတိုးခေါ်လိုက်တယ်။ သူက ဒီတစ်ခါတော့ အသံထွက်အောင်ရယ်တယ်။

နေအတော်စောင်းတော့မှ ကျွန်တော်တို့လဲ အိမ်ဆီ ပြန်လာကြတယ်။ ညစာစားပြီးတော့ အပေါ်ထပ်က ၀ရံတာမှာ ထိုင်စကားပြော ကြရင်း လကို မျှော်နေမိကြတယ်။ လပြည့်နေ့ ဖြစ်ကောင်းဖြစ်မယ်။ အတော်ကြီးမိုးချုပ်လာပေတဲ့ လက ပေါ်မလာဘူး။ ဒီနေ့ည လမှ သာပါ့မလားမသိဘူး။ ဦးဖိုးမြကတော့ လပြည့်မယ်ပြောတာပဲ။ လသာရင် ကဗျာတစ်ပုဒ်လောက် စပ်ကြည့်ချင်တယ်လို့ ပြောလိုက်မိ တယ်။ သူက ရယ်ရင်း နင့်ကို ဘယ်သူက မစပ်ရဘူလို့ပြောသလဲ။ နင်က စာလုံးတွေရှိမှ ကဗျာစပ်လို့ရမယ်ထင်တာလားလို့ မေးတယ်။ မသိဘူး။ ဝေဒနာဆိုတာကတော့ စာလုံးထဲမှာမရှိတာ သေချာတယ်။ လူ့အထဲမှာ ဝေဒနာက ရှိနေတာ။ စာလုံးဆိုတာကို ဘယ်သူကမှ မပိုင်ဘူး။ ပုဂ္ဂလိကပိုင်ဆိုင်မှုအနေနဲ့ ထိန်းထားလို့မရဘူး။ ကဗျာဆရာက ဝေဒနာကိုဖမ်းဆုပ်ကြည့်ပြီး စာလုံး၊ စကားလုံးအဖြစ် ပြောင်းကြည့်တဲ့လူပဲလို့ ပြန်ဖြေလိုက်တယ်။ သူက စိတ်ပါလက်ပါနားထောင်နေရင်း တစ်ချက်သမ်းလိုက်တာ တွေ့ရတယ်။ နင် နားချင်ပြီလားလို့မေးတော့ နင့်သဘောပဲလေလို့ သူက ပြန်ဖြေတယ်။ ဒါဖြင့် အခန်းထဲ အခန်းထဲသွားကြရအောင်။ အခန်းထဲကနေ အရှေ့ဘက် တောင်ရိုးတွေကို မြင်နေရတယ်။ လထွက်လာရင် ကောင်းကောင်းမြင်ရမှာပဲ။ လရိပ်ဟာ လူကို အေးမြစေတယ်လို့ ဆိုကြတာပဲလို့ ကျွန်တော်က ပြောလိုက်မိတယ်။ သူက ထိုင်ရာကထရင်း နင်ပြောရင်ဟုတ်မှာပေါ့လို့ပြောပြီး သူ့လက်ကို ကမ်းတယ်။ ထိုင်ရာက ထလိုက်တော့ ကျွန်တော့်လက်မောင်းကို သူ့လက်နဲ့လှမ်းကိုင်ပြီး မှီလိုက်တယ်။ လွတ်ထွက်မသွားအောင် ဆုပ်ထားသလိုပဲ။ စိတ်လှုပ်ရှားနေသလိုပဲ။ အခန်းထဲရောက်တော့ ပြတင်းပေါက်က ခန်းဆီးတွေကို ဖယ်လိုက်တယ်။ ခုထိတော့ လကို မမြင်ရသေးဘူး။ ဒါပေတဲ့ လရောင်ဟာ အေးမြခြင်းကိုဖြစ်စေတယ်ဆိုတဲ့ အသိဟာ သာယာစရာတစ်ခုခုအဖြစ် ပြောင်းသွားပုံရတယ်။

လန့်နိုးသွားတော့ နာရီကို လှမ်းကြည့်လိုက်မိတယ်။ မနက် နှစ်နာရီထိုးတော့မယ်။ သူကတော့ အိပ်ပျော်နေတုန်းပဲ။ ကျွန်တော့်ကိုယ် လှုပ်လိုက်မိလို့ထင်တယ်။ သူလည်း နိုးလာတယ်။ ပြုံးလိုက်ရင်း နင်နိုးနေတာကြာပြီလားလို့ မေးတယ်။ ခုပဲလို့ဖြေပြီး လတော့ ထွက်နေပြီ ထင်တယ်။ အပြင်ဖက်မှာ လရောင်ကိုမြင်ရတယ်လို့ ကျွန်တော်က ပြောလိုက်တော့ သူက ပြတင်းပေါက်ဘက်ကို လှမ်းကြည့်နေတယ်။ စားပွဲပေါ်မှာတင်ထားတဲ့ သူ့ရဲ့ ဘရိ(ဖ်)ကေ့(စ်)ကို ဖွင့်လိုက်ပြီး ပလတ်စတစ်အုပ်ထားတဲ့ စာရွက်တစ်ရွက် ထုတ်ယူလာတယ်။ ပြတင်းပေါက်အနားဆီသွားပြီး ပြတင်းပေါက်ကို ကျောပေးလိုက်ရင်း လရောင်နဲ့ သူ့လက်ထဲက စာရွက်ကို ဖတ်လိုက်တယ်။ စ ဖတ်လိုက် တာနဲ့ ကျွန်တော် သိလိုက်မိတယ်။ သူဖတ်နေတာ သူသိမ်းထားတဲ့ ကျွန်တော့်ရဲ့ တစ်ပုဒ်တည်းသော ကဗျာလိုလိုဘာလိုလိုဟာပဲ။ သူဖတ်တာကို နားထောင်ရင်း လရောင်နောက်ခံနဲ့ သူ့ကို ကျွန်တော် ကြည့်နေမိတယ်။ ကဗျာဖတ်လို့ပြီးသွားတော့ နင်ကြိုက်သလားလို့ သူက မေးတယ်။ ကဗျာကိုတော့ မပြောတတ်ဘူး။ ကဗျာဖတ်တဲ့လူကိုတော့ ကြိုက်တာအမှန်ပဲလို့ ကျွန်တော် ဖြေလိုက်တယ်။ ကျွန်တော့် မျက်နှာကို အပေါ်က မိုးပြီးကြည့်ရင်း လပြည့်နေ့ညရောက်လာလို့ လရောင်ကို မြင်ရတော့ လ မထွက်ခဲ့တဲ့ လမိုက်ညတွေကိုရော နင် မလွမ်းမိဘူးလားလို့ မေးတယ်။ ဒီအကြောင်း တစ်ခါမျှ ကျွန်တော် တွေးမကြည့်မိဘူး။ သူပြောတော့လည်း လွမ်းလိုက်မိသလိုပဲ။ အကောင်းဝေဒနာ၊ အဆိုးဝေဒနာလို့ မခွဲတတ်ပေတဲ့ ဝေဒနာတစ်ခုခု ခံစားလိုက်ရသလိုပဲ။ တကယ်တော့လဲ ကဗျာဆရာဖြစ်ဖြစ် မဖြစ်ဖြစ်၊ ဘယ်သူက အသိအမှတ် ပြုပြု မပြုပြု လူတိုင်းဟာ အသက်ရှင်နေရတဲ့ ကာလတစ်ခုအတွင်းမှာ ကဗျာကောင်းကောင်း တစ်ပုဒ်လောက်ကိုတော့ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ကိုယ့်ဘာသာစကားနဲ့ကိုယ် ဖွဲ့ခဲ့စပ်ခဲ့မိကြမှာချည်းပဲလို့ ထင်တယ်။

အပြင်ဘက်က၀င်လာတဲ့ လရဲ့အလင်းရောင်ထဲမှာ သူ့မျက်နှာကို ကြည့်နေမိတယ်။ နင့်မျက်နှာကို ခုလိုမျိုး လရောင်နဲ့ ငါတစ်ခါကမျှ မကြည့်ခဲ့မိဘူးလို့ ထုတ်ပြောလိုက်တယ်။ သူ့မျက်လုံးတွေက ပြုံးနေတယ်။ ဘာမျှ ပြန်မပြောဘူး။ နင့်မျက်လုံးတွေ ခုလောက် နီးနီးကပ်ကပ် တစ်ခါမျှ ငါ မကြည့်ခဲ့ရဘူးလို့ ပြောနေတုန်း သူ့မျက်နှာတစ်ခုလုံးကို မမြင်ရတော့ဘူး။ သူ့မျက်လုံးတွေကိုပဲ ပိုပြီး နီးနီးကပ်ကပ်မြင်လာရတယ်။ သူ့မျက်လုံးတွေ ချည်းပဲ မြင်ရတော့တယ်။ နောက်တော့ ဖြည်းဖြည်းချင်း သူ့မျက်လုံးတွေ ပိတ်ထားတယ်။ ကျွန်တော့်မျက်လုံးတွေလဲ ပိတ်လိုက်တယ်။ ပိတ်ထားတဲ့ ကျွန်တော့်မျက်လုံးထဲကနေ လမထွက်ခဲ့တဲ့ လမိုက်ညတွေကို တမ်းတနေတဲ့ အလွမ်းဓာတ်ခံ သက်ပြင်းချသံတွေကို မြင်နေရတယ်။ ဟုတ်တယ်။ အသံတွေကို မြင်နေရတယ်။

မြင့်သန်း

ပင်မစာမျက်နှာသို့ပြန်သွားမည် >>
နေ့စဉ် အသစ်အသစ်သော သတင်းများ ကို သိရှိနိုင်ရန် လိုတရ Application အား ဤနေရာတွင် နှိပ်၍ အခမဲ့ Download ရယူပါ။