Lotayamm

search
မာတိကာ

contents

ထိပ်ဆုံးစာမျက်နှာ > ဝတ္ထုများ

ဝတ်လစ်စားလစ်
အစ/အဆုံး
ပျိုးလက်ဟန်

မနက် ၅ နာရီခွဲလောက် အိပ်ရာထပြီး ငါ စာရေးလို့ ရပါ့ဦးမလား လို့ သံသယစိတ် ၀င်လာတဲ့ အခါ မေ့ပစ် ပြီး၊ ခြေရင်းဖက် ပြတင်းပေါက်ကနေ နေရောင်ကျလာပုံလေးကို ထိုင်ကြည့်နေမိတယ်။ နေလုံးက လိမ္မော်ရောင်ရင့်ရင့် ကနေ တဖြည်းဖြည်း အ၀ါရောင် ပြောင်းလာတယ် ၊ နောက်တော့ အ၀ါရောင် စူးစူးရဲရဲ။ စီးကရက်မီးခိုးတွေကို နေရောင်ထဲ မှုတ်ထုတ်လိုက် တယ်။ မီးခိုးအပြာရောင်ကို နေရောင်က ဆလိုက်ထိုး လိုက်သလိုဖြစ်တဲ့အခါ မီးခိုးတွေက လင်းသွားတာကို ကြိုက်တယ်။ ခုလို ဘာမှ မစဉ်းစားပဲနေရတာ ကြိုက်တယ်။ ဘာမှ မလုပ်ပဲနေရတာကို ကြိုက်တယ်။ ခုလို ကမ္ဘာကြီးပေါ်က အဖြစ်အပျက် တွေက ကိုယ်နဲ့ မဆိုင်သလိုနေနေရတာကို ကြိုက်တယ်။ မနက်ခင်းစောစောမှာ ဟိုတယ်သုံးထပ်ပြတင်းကနေ လမ်းမပေါ်ကို လှမ်းကြည့်တဲ့အခါ လူသွားလူလာ ကင်းနေတာကိုလည်း ကြိုက်တယ်။ ကော်ဖီဖျော်ဖို့ ရေနွေးကြိုထားရင်း ရေချိုးလိုက်တယ်။ဘာမှ မတွေးဖို့ကြိုးစားတယ်။ ခြေထောက်အောက်ကနေ စီးသွားတဲ့ဆပ်ပြာမြုပ်တွေကိုပဲ လိုက်ကြည့်ဖို့ ကြိုးစားတယ်။ ဆပ်ပြာမြှုပ်လေးတွေဟာ ကိုယ်ခန္ဓာပေါ်ကနေ ဖြည်းဖြည်းချင်းလျောဆင်းသွားတယ်။ ပြီးမှ ရေစီးကြောင်းလေးလို ဖြစ်ပြီး ရေဆင်းပေါက်ဆီဆင်းသွားတယ်။ ရေချိုးခန်းထဲမှာ ဒီအတိုင်းလေးပဲ ငြိမ်ပြီးရပ်နေတယ်။ အပြင်လက်တော့ပ်ထဲက ဖွင့်ထားတဲ့ Radio Head သီချင်းသံကို နားထောင်နေလိုက်တယ်။ သီချင်းက အမျောပဲ။ မျက်စိမှိတ်ထားလိုက်တော့ ဆပ်ပြာမြှုပ်တွေ တဖြည်းဖြည်းလျှောဆင်းသွားတဲ့ အထိအတွေ့။ ဟုတ်ပြီ ဒီအတိုင်း ဘာမှကို မတွေးနဲ့။ ဘာကိုမှ မစိုးရိမ်နဲ့ ဟုတ်ပြီလား။ ခေါင်းထဲမှာ နေ့တိုင်းတွေးနေရတဲ့ အလုပ်ကိစ္စတွေကို လုံးဝကို မတွေးနဲ့ ဟုတ်ပြီလား။ စာပဲရေးတော့မှာ ဒီနေ့တော့။

ရေချိုးပြီးလို့ ကော်ဖီခွက်ကို စကိုင်မိတဲ့အခါ ငါစာရေးလို့ ရမှရပါအုံးမလား ဆိုတဲ့ အတွေးဝင်လာပြန်တယ်။ရင်တွေ တဒိတ်ဒိတ် ခုန်လာလို့ အလန့်တကြား ထထိုင်ရသေးတယ်။ ခုရေးနေတာတွေကို တစ်ယောက်ယောက် ဖတ်မိသွားရင် ရယ်စရာဖြစ်နေမှာလား ရှက်မိသွားပြန်တယ်။ ရေမွန်ကာဗာဝတ္ထုတို ဘာသာပြန်စာအုပ်နဲ့ ဒေါင်းလုတ် လုပ်ထားတဲ့ အဲလစ်မန်ရိုး ၀တ္ထုတိုလေးတွေကို ဟိုရောက်ဒီရောက် ဖတ်နေမိပြန်တယ်။ သူတို့များ ရေးတတ်လိုက်တာနော်။ ရေမွန်ကာဗာရဲ့ အတိုလေးတွေကို သိပ်ကြွေတာ။ သူက ရေးပြီးရင် အထပ်ထပ် ပြန်ပြင်သေးတာတဲ့။ စာရေးပြီး အသက်မွေးဝမ်းကြောင်းလို့ရနေတာ ကံတော်တော်ကောင်းတာပဲ။ ဆေးလိပ်တစ်လိပ်ကို ထပ်ပြီး မီးညှိတယ်။ အခန်းထဲ ဖြာကျလာတဲ့ နေရောင်ကို ပြန်ငေးတယ်။ မျက်လုံးထောင့်က စူးခနဲ လက်ခနဲ ဖြစ်သွားတာကို ကြိုက်တယ်။ ငယ်ငယ်ကလို နေရောင်ရှေ့မှာ လက်ကလေး ဖြန့်ပြီး လက်ချောင်းတွေကြားက နေရောင် စီးကျလာတာကို ထိုင်ကြည့်နေလိုက်တယ်။ နေရောင်ခြည်ဟာ လက်ချောင်းတွေကြားမှာ အမျှင်တန်းတွေဖြစ်သွားတယ်။ သိပ်လှတာပဲ။

ထိုင်နေတဲ့ နေရာက တစ်လက်မတောင်မရွေ့ဖြစ်ဘူး။ တကယ်ကို မရွေ့ဖြစ်တာ။ ငြိမ်ငြိမ်လေးပဲ ထိုင်နေဖြစ်တယ်။ ထိုင်ခုံကို ကျောရိုးနဲ့ ထိုင်ပြီးနေတဲ့ ကိုယ့် ပုံရိပ်ကို ပြတင်းမှန်ကနေ မြင်လိုက်တော့ ရယ်ချင်သွားတယ်။ ကျောရိုးမဲ့ ငပျင်းတစ်ကောင်။ ကိုယ့်ကိုကိုယ်အတင်းတွန်းပြီး လက်တော့ပေါ်က လက်ကွက်တွေပေါ် လက်ချောင်းတွေ တင်လိုက်တယ်။ အိုခေ စာရေးတော့ကွာ။ ဒီအချိန်လေးပဲရေးရတာ။ ခေါင်းထဲမှာ ဘာဆိုဘာမှပေါ်မလာသေး။ ဒါဆိုလဲ ချရေး။ ခု လုပ်နေတာတွေ။ ဟုတ်ပြီ။
အပျင်းကြီးနေတယ်
အပျင်းကြီးနေတယ်
အပျင်းကြီးနေတယ်
အပျင်း … … မဟုတ်သေးပါဘူး။ သွားပြီ ။ စာရေးဖို့ မင်းဒီတစ်သက်မစဉ်းစားနဲ့တော့။ ငိုချင်စိတ်က လည်ချောင်းပေါ်ကို အလိပ်လိုက်တက်လာတယ်။ မျက်လုံးထဲမှာလည်း မျက်ရည်တွေ စိမ့်တက်လာပြန်တယ်။ နှလုံးသားက တစ်ခုခုနဲ့ ဖိထားသလို နာကျင်တာရော၊ မွန်းကြပ်တာရော။ ဒဏ်ရာဟောင်းသိမ်ငယ်စိတ်က အလစ်ဝင်တိုက်တယ်။ ချောက်ထဲ တွန်းချခံရသလို ဟာ ခနဲဖြစ်သွားတဲ့ ရင်က ဗလာဖြစ်ခြင်း ခံစားချက်ကိုပေးတယ်။ မတွေးနဲ့လေ။ ဘာမှကို မတွေးနဲ့.။ ကိုယ့်ကိုကိုယ် မံထားတဲ့ အခွံတွေ ခြောက်သွေု့ပြီး တစ်လွှာချင်းစီ ကွာကျကုန်တယ်။ ဘာဆိုဘာမှ သုံးမရတာ သိပြီလား။ နည်းနည်းမှ အသုံးမကျတာ သိပြီလား။ ကိုယ့်ကိုကိုယ် ညာနေခဲ့တာတွေ သိပြီလား။ အလုပ်မလုပ်တာတွေ သိပြီလား။ ခေါင်းထဲမှာ သဲတွေချည်းပြည့်နေတာကိုရော သိပြီလား။ လူတွေရှေ့မှာ ၀တ်လစ်စားလစ် နဲ့ မတ်တပ်ရပ်နေရသူလိုပဲ ရှက်စိတ်နဲ့ ခိုက်ခိုက်တုန်လာတယ်။ မင်း ဘာအသုံးကျလဲ။ မင်း ဘာကိုမှ မဖန်တီးနိုင်ဘူး ။ ကိုယ့်ကိုကိုယ် အော်ဟစ် အပြစ်တင်လို့။ စီးကရက်မီးခိုးတွေကိုပဲ ကြည့်နေရင် အကောင်းသား။ ဒီလို ရှက်စိတ်ပေါ်ရမှာ မဟုတ်ဘူး။ စာရေးစားပွဲမှာ ထိုင်နေရင်း နေရောင်က အ၀ါစူးစူးရဲရဲ ကနေ လိမ္မော်သန်းလာပြီ။ ပြီးတော့ လိမ္မော်ဖျော့ဖျော့ ၊ပြီးတော့ လိမ္မော်မှောင်မှောင်။ ဟော ရုပ်ရှင်ရုံက နီယွန်မီးတွေတောင် လင်းလာပြီ။ခုထိ စာတစ်လုံးမှ ထွက်ကျမလာဘူး။ ရှက်စိတ်နဲ့ သိမ်ငယ်စိတ်က ဟိုထောင့်က ခုံပေါ် အတူထိုင်ရင်း ရယ်လို့မောလို့။

ပျိုးလက်ဟန်

ပင်မစာမျက်နှာသို့ပြန်သွားမည် >>

နေ့စဉ် အသစ်အသစ်သော သတင်းများ ကို သိရှိနိုင်ရန် လိုတရ Application အား ဤနေရာတွင် နှိပ်၍ အခမဲ့ Download ရယူပါ။