contents

ထိပ်ဆုံးစာမျက်နှာ > ဝတ္ထုများ

ကျာကျူး (အပိုင်း (၃) ဇာတ်သိမ်း)
အစ/အဆုံး
ခင်ခင်ထူး

တစ်ရက်မှာတော့ ကျာကျူးတို့ သားအမိ ဈေးသွားကြပြီး ဘုရားကြီးကို ဘုရားဖူးသွားကြတယ်။ မသွားခင် မနက်က ကျွန်မတို့အိမ်ဘက် ကူးလာလို့ ကျွန်မက မုန့်ဖိုးသုံးထောင် ထည့်ပေးလိုက်တယ်။ ဘုရားကြီးမှာ နေကုန်ကြမှာ ဆိုတော့ လမ်းစရိတ်ကော၊ စားစရိတ်ကော ကုန်ကြမှာကိုး။ အဲသည့်မနက်က ကျာကျူးက ရှိုးအပြည့်နဲ့ပါ။ မျက်နှာကလည်း မိတ်ကပ်တွေ ပိန်းလို့။ နှုတ်ခမ်းနီကလည်း ရဲတွတ်လို့။ ကျာကျူးတို့ ဘုရားက ပြန်လာတော့ မိုးချုပ်နေပါပြီ။ အဝတ်အစား လဲပြီး ကျွန်မတို့ အိမ်ဘက်ကို ကူးလာတော့ မျက်နှာက ချွေးစေးတွေနဲ့ ကွက်ကျားရိုက်လို့။

"ဆရာမကြီး ကုသိုလ်ရအောင် ဆရာမကြီးပေးတဲ့ ပိုက်ဆံနဲ့ ကျွန်မဘဲကလေး လေးကောင် ဝယ်လာတယ် တစ်ကောင် ငါးရာ တဲ့... တန်တယ် ဆရာမကြီးရဲ့... သည်ဘဲတွေ ကြီးလာရင် ပြန်ရောင်းမယ်... ဆရာမကြီး သာဓုခေါ်တော့"
"အေးပါအေ... သာဓုပါ... ပိုက်ဆံပေးလိုက်တာ ညည်းတို့ စားဖို့ လှူဖို့လေ... ဘုရားမှာ မလှူခဲ့ဘူးလား ကျာကျူး ရဲ့ "
"နှစ်ရာ လှူခဲ့တယ်လေ... လှူတဲ့လူတွေ အများကြီးပဲ ဆရာမကြီးရဲ့... ကျွန်မတို့ ရောက်တော့တောင် ဘုရားမှာ ပိုက်ဆံတွေ အများကြီး ရနေပြီ"

ကျွန်မလည်း ဘာပြန်ပြောရမှန်းတောင် မသိတော့ပါဘူး။ ဆရာမကြီး ကုသိုလ်ရအေင် ဘဲကလေးတွေ ဝယ်ခဲ့သတဲ့။ ကျွန်မကိုတောင် သာဓုခေါ်တော့တဲ့။ ဘဲလေးကောင်ကို နှစ်ထောင်ဖိုး ဝယ်ခဲ့ပြီး ဘုရားတော့ နှစ်ရာ ဖျစ်ဖျစ်မြည် လှူခဲ့သတဲ့။ သူတကာတွေ လှူနေကြလို့ ဘုရားမှာ ပိုက်ဆံတွေ ရလှပေါ့တဲ့။ သူပြောချင်တာကို စိတ်ထဲရှိတဲ့အတိုင်း ပြောနေတာပါ။ ငေါက်ရခက် ငန်းရခက်။ ကျာကျူးက ပြောနေသေးတာ။

"ဘဲလေးကောင်ကို ကျွန်မတို့ မီးနင်းပွဲ နီးတော့မှ ရောင်းမယ်... အဲသည်ကျရင် ကျွန်မ ဖန်လက်ကောက် လေးကွင်း ဝယ်မယ်၊ ဒါမှ ဘီလားကို ကျွန်မ နိုင်မယ်... ဘီလားမှာ နှစ်ကွင်းပဲ ရှိတယ်"

ဘီလားဆိုတာ ကူမဲက အဒေါ်တစ်ယောက်က မွေးတဲ့ ကျာကျူးနဲ့ ရွယ်တူ မိန်းကလေးပါ။ ကျာကျူး မျက်နှာကလေး တင်းနေပုံ ထောက်တော့ မီးနင်းပွဲပြန်တိုင်း ဘီလားက ဖန်လက်ကောက် တချွင်ချွင်နဲ့ လုပ်ပုံ ရတယ်။ ဒါကို ကျာကျူး မခံချင် ဖြစ်နေပုံလည်း ရရဲ့။ ကျွန်မက ဆရာမကြီး ဝယ်ပေးပါ့မယ်အေ၊ မီးနင်းပွဲ ရောက်ရင်သာ ပြောဆိုတော့ ကျာကျူး မျက်နှာကလေး ပြုံးသွားလေရဲ့။ နောက်ဆက်တွဲ စကားကြောင့် ကျွန်မ ဘာစကားဆက်ရမှန်း မသိ ဖြစ်သွားရတယ်။

"ဒါဆိုရင် ဘဲတွေကို အကောင်ပွားမယ်… အများဆို အများကြီးရမှ တစ်ခါတည်း ထုတ်ရောင်းမယ်… ပိုက်ဆံတွေ ရရင် ရွှေဝယ်မယ်… ရွှေဝတ်ရင် လူကျန်းမာတယ်လို့ အမေပြောတယ်… အခုက ကျွန်မတို့မှာ ရွှေမရှိလို့ ခဏခဏ နေမကောင်း ဖြစ်နေတယ်"

တစ်ခါတစ်ခါ ကျာကျူး နှုတ်က ထွက်လာတဲ့ စကားတွေက အဲသလိုပါ။

သည်နှစ်ထဲ ကျာကျူးက အရပ်ကလေး ထွက်လာတာ ကျွန်မ သတိထားမိတယ်။ အပျိုဖော်ကလေး ဝင်စဆိုတော့ ပေပေ ရေရေ နေတဲ့ကြားက အပျိုရည်ကလေးနဲ့ ဖူးဖူးပွင့်ပွင့် ရှိလာတာလည်း အမှန်ပဲ။ စာရယ်လို့ ကောင်းကောင်း မတတ်ပေမယ့် ဈေးဗန်းရွက်ပြီး ဈေးရောင်းတတ်လို့ တော်သေးရဲ့ အောက်မေ့မိတယ်။ သားအဖသုံးယောက် မန္တလေးလို မြို့ကြီးမှာ အိမ်လခ မကုန်၊ မင်းတိုင်း ကြေးမကုန် နေခွင့်ရကြတာကလည်း ကံထူးတယ် ပြောရမှာပါ။ မြို့မှာ နေစရိတ်ကလည်း ကြီးတာ မဟုတ်လား။ သည်ကြားထဲ ကျာကျူးတို့ အိမ်ကုပ်ကုပ်ကလေးထဲကို ကူမဲမြစ်သားဘက်က အမျိုးတွေ ရောက် ရောက်လာတတ်ကြလို့ ဘယ်လိုများ အိပ်ကြပါလိမ့်လို့ တွေးမိတယ်။ လာကြပြန်တော့ မနေကြဘူး ဆိုရင် လေးငါးရက် တော့ နေကြတာချည်းပဲ။ ကျာကျူးတို့ အိမ်ဘေးမီးဖိုက မီးခိုးတအူအူနဲ့ ချက်လို့ပဲ မပြီးနိုင်ဘူး။

ဆွေမျိုးသားချင်းတွေက ဝင်လိုက်ထွက်လိုက်ကြ၊ ခူးလိုက်ခပ်လိုက်ကြ၊ စားလိုက်သောက်လိုက်ကြနဲ့ ပျော်စရာတောင် ကောင်းသေးတော့။ ကျာကျူးတို့ကလည်း စိတ်ထဲ သွားချင်စိတ် ပေါက်လာရင် အိမ်တံခါး ပိတ်ပြီး ကူမဲ၊ မြစ်သားဘက် စုတ်ခနဲ ထသွားကြတာပါပဲ။ တစ်ခါတလေ ကျာကျူးတို့ တစ်ခါတည်းများ ပြောင်း သွားကြလေသလား အောက်မေ့မိတယ်။ ပြန်လာရင်တော့ ပြန်လာပုံ ပြန်လာနည်းကို အကဲခတ်ရုံနဲ့ ဘယ်လို ခံစားမှုနဲ့ ပြန်လာကြသလဲ ဆိုတာ ကျွန်မသိနှင့်ပါပြီ။ ညကြီးမိုးချုပ် မှောင်ကြီးထဲ ကျာကျူးတို့ သားအဖတစ်တွေ တိတ်တိတ်ကလေး ပြန်လာကြပြီဆိုရင် ဆွေမျိုးထဲက တစ်ယောက်ယောက်နဲ့ ရန်ဖြစ်လာကြတာ သေချာတယ်။ ညနေစောင်း နေမဝင်တဝင် ပြန်လာပြီး ချက်ကြ ပြုတ်ကြ သောသောညံနေပြီ ဆိုရင် အဆင်ပြေလာလို့ပေါ့လေ... အခြေအနေကို လိုက်လို့ နောက်မနက် ကျာကူးနဲ့ တွေ့လို့... ညည်းအေ ကိုယ့်ဆွေမျိုးတွေပဲဟာ ရန်ဖြစ်တာ မကောင်းပါဘူး... ကဲ ပြောစမ်း ဒီတခေါက်ဘယ်သူနဲ့ ရန်ဖြစ်လာတုံး... လို့များဆိုရင် ကျာကျူးက ကျွန်မကို အကြားအမြင်ရတဲ့ ဓာတ်ဆရာမကြီးလို ကြည့်နေသေးတာပါ ။

"အမေကြီးမှာ မြေးတွေ အများကြီးရှိတယ် ဆရာမကြီးရဲ့... အခုတခေါက် ရန်ဖြစ်တာက ချိုတီးနဲ့ဖြစ်တာ... သူက ကျွန်မကို နင်တို့က အမေကြီးအိမ်မှာ လာကပ်စားနေတာလို့ ပြောလို့ ကျွန်မနဲ့ ရန်ဖြစ်တာလေ... အမေကြီးလည်း ငါတို့အိမ် လာ ကပ်စားတာပဲလို့ ပြောလိုက်တာ သူက ကျွန်မကို ကုတ်ဆွဲတယ် ဆရာမကြီးရဲ့... ကျွန်မကလည်း ပြန်ကုတ်တာပေါ့... ဘာရမလဲ... ရန်ဖြစ်ကြရော"

အဲဒါမျိုးက ရန်ဖြစ်ပြန်လာတိုင်း ပြောနေကျပါ။ ရန်ဖြစ်တဲ့သူတော့ ကွဲပြားတာပေါ့လေ။ သည်တစ်ခေါက် လာလားနဲ့ ဖြစ်ရင် နောက်တစ်ခေါက်က ချိုတီးနဲ့ ဖြစ်တယ်။ နောက်တစ်ခေါက်ကျ အမေနဲ့ အဒေါ် တစ်ယောက်ယောက်နဲ့ ရန်ဖြစ်ကြတယ် ဆိုတာမျိုးပေါ့။ ကျာကျူးတို့သားအမိ ပျော်ပျော်ပါးပါးပြန်လာလို့ ချက်ပြုတ်စားသောက်နေကြရင် ကျွန်မက သည်တစ်ခေါက် ကျာကျူး ရန်မဖြစ်ခဲ့ဘူးဟေ့၊ ဟန်ကျချက်တော့လို့ ပြောရင် ကျာကျူးက အင်မတန် အံ့ဩရှာတာပါ။ ဆရာမကြီးက မန္တလေးမှာ နေပြီး ကူမဲက အကြောင်းတွေ သိတယ်နော်တဲ့။ ကျွန်မက ခပ်တည်တည်နဲ့ "သိပါ့အေ တို့အိမ်မှာ စလောင်း တပ်ထားတာ မမြင်ဘူးလား၊ စလောင်းကကြည့်ရင် ကျာကျူးတို့ ကူမဲက အိမ်ကို လှမ်းကြည့်လို့ရတယ်" လို့များဆိုရင် တကယ် ယုံရှာတာပါ။ ဒါပေမဲ့ သံသယတော့ ရှိတဲ့ပုံပါ။ ကျွန်မကို သေချာအောင် မေးနေသေးတာလေ။

"ကျွန်မ ကူမဲမှာ ဘာလုပ်သလဲ... ဆရာမကြီး မြင်တာ ပြောပြပါ"
"ညည်းက မယုံလို့လား... ညည်းအမေကြီးကို လက်ဖက်ရည် ဝယ်ပေးတယ်အေ... သန်းရှာပေးတယ်အေ... ဒူးခေါင်းကို ဆေးလူးပေးတယ်အေ ကိုင်း"
"ဟုတ်တယ်... ကျွန်မနဲ့ ဘယ်သူနဲ့ လုပ်ပေးတာလဲ"
"နာမည်တော့ ဘယ်သိပါ့မလဲအေ့... ကုလားမလေးပဲ"
"အဲဒါလည်း ဟုတ်တယ်... အဲဒါက မာလာ"
"ဒါကြောင့် ပြောတာပေါ့... အကုန်မြင်ရပါတယ်ဆို"
"ဒါဆို ဆေးရုံကြီးရှေ့မယ်.. ကြည့်ပေးစမ်းပါ.. အမေရောင်းတဲ့ လိမ္မော်သီးတွေ ကုန်ကာနီးပြီလားလို့.. လိမ္မော်သီးသည်တွေ များတော့ မရောင်းရဘူး ဆရာမကြီးရဲ့… အမေ့ သနားလို့"
"ကုန်ကာနီးပါပြီအေ.. ရောင်းရပါတယ်"

သည်လိုများဆိုရင် ကျာကျူးက အင်မတန်ဝမ်းသာရှာတယ်။ ဘဲလေးကောင်ရောက်လာကတည်းက ကျာကျူးတစ်ယောက် အိမ်ရှေ့က ရေစပ်စပ် မြောင်းဘေးမှာ ငုတ်တုတ်။ ဘဲတွေက ရေကူးကြလို့။ သူ့ဘဲတွေ သူ့စိတ်နဲ့တွက်ပြီး ကြီးကောင်ဝင်စေ ချင်ပုံရတယ်။ သီချင်းတညည်းညည်း၊ မျက်နှာတပြုံးပြုံးနဲ့ ထိုင်နေတာပါ။ သူ့စိတ်ထဲမှာ ရွှေလက်ကောက်တွေ တချွင်ချွင်နဲ့ ဖြစ်နေပုံလည်း ရရဲ့။ တစ်ခါတော့ ကျွန်မက ဘဲထီး၊ ဘဲမ ညည်းသိလို့လား ဆိုတော့ ဘဲဥ အုတော့မှ ကြည့်ရမှာပဲတဲ့။

ဒါပေသိ ဘဲတွေက မအုလိုက်ရပါဘူး။ ခွေးဆွဲကြွက်ဆွဲနဲ့ နှစ်ကောင်သေတာလည်း ကြားလိုက်ရတယ်။ နောက်နှစ်ကောင် ကတော့ နည်းနည်းလေး ထွားလာလို့ ကျွန်မကတောင် အဖတ်တင်ပါစေလို့ ဆုတောင်းမိတယ်။ ဆုတောင်း မပြည့်ပါဘူး။ ရောဂါဝင်တာပဲလားတော့ မသိဘူး။ ရက်နည်းနည်းခြားပြီး နှစ်ကောင်စလုံး သေကုန်ကြတာပါပဲ။ ကျာကျူးက ငိုလိုက်တာမှ ကျူကျူပါလို့။ ကျွန်မက ဆရာမကြီး ပိုက်ဆံ ပေးပါ့မယ်အေ၊ ဘဲလေးငါးကောင် ထပ်ဝယ်လိုက်ပါ ဆိုတော့လည်း ကျာကျူးက အငိုမရပ်ဘူး။ သူ့ဘဲကလေးတွေကို သနားလွန်းလို့တဲ့။ မအေကတော့ ကျွန်မကို ကျာကျူး မသိအောင် ပြောရှာပါရဲ့။

"ဆရာမကြီးနှယ်.. ဘဲလေးကောင် ဝယ်ချင်လှချည့်ရဲ့ဆိုလို့ ဘုရားကအပြန် ခြင်းနဲ့ထည့်ရောင်းတဲ့ ဘဲကလေးတွေထဲက လေးကောင် ဇွက်ဝယ်တာ.. ကျွန်မ တားတာလည်း မရဘူး.. အမေနဲ့ ဈေးလိုက်ရောင်းပါ ဆိုတာ ပြောလို့ မရဘူး … ဘဲတွေ မထားခဲ့နိုင်လို့တဲ့.. အခုတော့ ဈေးပြန်လိုက်မယ် ထင်ပါရဲ့.. သားအမိ နှစ်ယောက် ရောင်းတော့ တွင်တာပေါ့"

ကျာကျူးခမျာ မအေနဲ့အတူ ဈေးရောင်းပြန်ပါပြီ။ မနက်မနက် သနပ်ခါးအဖွေးသားနဲ့ ဈေးဗန်းရွက်ပြီး သားအမိနှစ်ယောက် အိမ်ရှေ့က ဖြတ်ကြပြန်ပါပြီ။ ကျွန်မက အိမ်ရှေ့လမ်းပေါ် တံမြက်စည်းကြမ်းနဲ့ လှည်းကျင်းနေရင်းက မြင်လိုက်ရင် ကျာကျူးက ဈေးရောင်းတော့ အဖြစ်တော့လို့ ချီးကျူးရတယ်။ မအေမှ ကူဖော်လောင်ဖက် ရပါစေတော့ဆိုတဲ့ သဘောနဲ့ ပြောရတာပါ။ နှစ်ရက်၊ သုံးရက်ရှိတော့ ဘဲအကြောင်း မပြောတော့ဘူး ဆိုလို့ ဈေးရောင်းတဲ့ဘက် ခေါင်းလည်အောင် မအေရော ကျွန်မပါ မြှောက်ပင့် ပေးနေရတယ်။

မအေကဆိုရင် "ဆရာမကြီးနှယ်.. ကျာကျူးက ကျွန်မထက်တောင် ဈေးရောင်းဖြစ်သေးတယ်" တဲ့။ မကြာပါဘူး။ ကျာကျူး ရောဂါဟောင်း ပြန်ပေါ်လာပြန်ပါရော။ မြို့ထဲက ငှက်ကလေး နှစ်ကောင် ဝယ်လာပြန်တာပါ။ စိမ်းစိမ်းပြာပြာ ကိုယ်လုံး ကလေးနဲ့ ချစ်စရာကောင်းတဲ့ ကျေးကြုတ် ငှက်ကလေး နှစ်ကောင်ပါ။ သေးသေးကလေးတွေ ဆိုတော့ အိမ်က ဘဲဥသံခြင်း ထဲ ထည့်မွေးထားသတဲ့။ တစ်ရက်များ ကျွန်မတို့ အိမ်ဘက် သံခြင်းကလေး မလာပြီး တကန်တက လာပြသေးတာလေ။ ကျွန်မက ကျာကျူးရယ် ကိုယ်က ဈေးရောင်းစားရတာ ငှက်မွေးလို့ ညည်းတို့ ဝင်ငွေ ဘယ်လိုရမှာလဲ ဆိုတော့ ကျာကျူး ပြောလိုက်တဲ့ စကားကြောင့် ကျွန်မတောင် လန့်သွားမိတယ်။

"ပိုက်ဆံတော့ မရဘူးပေါ့ ဆရာမကြီးရယ်.. ဒါပေမဲ့ ငှက်ကလေးတွေက လှတယ်.. သူတို့ အော်တာလည်း နားထောင် ကောင်းတယ်.. ကျွန်မမွေးတော့ သူတို့ စိတ်ချမ်းသာတယ်.. ငှက်ကလေးတွေလိုပဲ နောက်ဘဝကျရင် ကျွန်မလည်း လှမယ်၊ အသံလည်း ကောင်းမယ်၊ စိတ်လည်း ချမ်းသာမယ်"
"အလိုတော်.. ညည်းက ဘာတွေများ စိတ်မချမ်းသာစရာ ရှိလို့လဲဟဲ့"
"လူဆိုတာ လိုတာ ရတယ်နော် စိတ်ချမ်းသာတယ်.. လိုတာ မရဘူးနော် စိတ်မချမ်းသာဘူး.. ကျွန်မလည်း လိုတာ မရရင် စိတ်မချမ်းသာဘူး ဆရာမကြီးရဲ့"

ကျာကျူးက သူပြောတတ်သလို ပြောနေတာပေမယ့် သူဘာကို ဆိုလိုတယ်ဆိုတာ ကျွန်မ သဘောပေါက်ပါတယ်။ ကျေးကြုတ်ကလေး နှစ်ကောင် ထွေးထွေးပိုက်ပိုက် မွေးခြင်းကုသိုလ်ကြောင့် နောင်ဘဝမှာ တူသော အကျိုးရမယ်လို့ ပြောနေတာ မဟုတ်လား။

"ကျာကျူးရယ်.. ညည်း သည်ဘဝမှာလည်း လှပြီးသားပဲဟာ.. ကျာကျူး မိဘကို နိုင်သမျှ လုပ်ကျွေးတယ်.. တိရစ္ဆာန် ကလေးတွေကို ချစ်တယ်.. စိတ်ကောင်း ရှိတယ်..သည့်ထက်ကောင်းတာ ဘာများ ရှိသေးလို့တုံး.. ညည်းစိတ်ရင်းကပဲ ညည်းကို စောင့်ရှောက်မှာပါ.. တစ်ခုတော့ ဆရာမကြီး ပြောချင်တယ်"
"ဘာကိုတုန်း ဆရာမကြီး"
"ငှက်ကလေးတွေကို ဘဲဥခြင်းထဲ ထည့်ထားတော့ သူတို့ မလွတ်လပ်ဘူးပေါ့.. ကျပ်ကျပ်သပ်သပ် နေကြရတော့ ငှက်ကလေးတွေခမျာ မွန်းမှာပေါ့… ညောင်းညာမှာပေါ့.. ပြီးတော့ သူတို့နေရာ မဟုတ်ဘူးလေ… ငှက်ဆိုတာ တောထဲ တောင်ထဲမှာ လွတ်လွတ်လပ်လပ် နေချင်ကြတာ မဟုတ်လား၊ အခုတော့ ကျာကျူးက မွေးထားတာ နဲ့တူနေတယ် လွှတ်လိုက်ရင် ပိုကုသိုလ်ရတာပေါ့… ကျာကျူး ပေးဝယ်ခဲ့တဲ့ ငှက်ဖိုးကို ဆရာမကြီးပေးမှာပါ “

ကျာကျူး ငိုင်သွားလေရဲ့။ ဘယ်လိုတွေးမိလို့လဲတော့ မပြောတတ်ဘူး။ နှစ်ရက်လောက်နေတော့ ကျာကျူး ငှက်ကလေး တွေကို လှောင်အိမ်ထဲက ဖွင့်ပြီး လွှတ်လိုက်သတဲ့။ ကျွန်မဆီကို ငှက်ဖိုးလာတောင်းလို့ သိရတာပါ။ ကျွန်မက ဝယ်ရင်းဈေး မေးတော့ တစ်ကောင် တစ်ထောင်တဲ့။ နှစ်ကောင်အတွက် ပိုက်ဆံပေးရင် သူ့ စိတ်ခံစားမှုကို သိချင်တာနဲ့ ညည်း ငှက်ကလေးတွေကို အဲသလို လွှတ်လိုက်တော့ မနှမျောဘူးလား ဆိုတော့ မျက်နှာကလေး အိုသွားရှာတယ်။ ပြီးမှ ပြုံးရှာတာပါ။

"လွှတ်တုန်းကတော့ နှမျောတယ်.. နောက်တော့ မနှမျောတော့ဘူး.. ဆရာမကြီး ပေးတဲ့ ပိုက်ဆံနဲ့ ပိုလှတဲ့ ငှက်နှစ်ကောင် ဝယ်လိုက်မယ်.. မနေ့က ငှက်ဆိုင်မှာ ငှက်ကလေးတွေ အများကြီး ထပ်ရောက်လာတယ်၊ အပြာနဲ့ အဝါနဲ့ပါတဲ့ ငှက်ကလေး တွေ အားကြီး ချစ်စရာကောင်းတယ်"

ကျွန်မဖြင့်လေ ကျာကျူး ခေါင်းကို မခေါက်မိအောင် မနည်း အောင့်အည်းနေလိုက်ရတယ်။

"အေးပေါ့ ကျာကျူးရယ်.. ညည်းက ဝယ်လာလိုက်၊ ပြန်လွှတ်လိုက်၊ ငါက ငှက်ဖိုး ပေးလိုက်ပေါ့အေ" ဆိုတော့
"အင်း ဟုတ်တယ် အဲဒါ ကောင်းတယ်" တဲ့လေ။

ကျာကျူးအကြောင်း ရေးရင် ကုန်နိုင်ဖွယ် မရှိပါဘူး။ ချစ်စရာလည်း ကောင်းရဲ့၊ သနားစရာလည်း ကောင်းရဲ့။ တစ်ခါတစ်ခါ သည်စိတ်၊ သည်ခန္ဓာနဲ့ ရှေ့ဘယ်လိုများ ရှိရှာမှာပါလိမ့်လို့ ကျွန်မ တွေးမိတယ်။ တစ်ခါတော့ ကျွန်မက ကျာကျူး စားစေ ချင်လို့ ကားနဲ့ တင်ခေါ်သွားပြီး ဆိုင်မှာ ခေါက်ဆွဲ ကျွေးတယ်။ ကျာကျူးက တို့ကနန်း ဆိတ်ကနန်း လုပ်နေလို့ "စားပါဟဲ့ ကျာကျူးရဲ့… ညည်း အဲသလို မစားလို့ ပိန်နေတာ" ဆိုတော့ ကျာကျူးက မျက်လုံးပြူးကလေးနဲ့ ပြန်ပြောတယ်။

"ပိန်တာကောင်းတယ် ဆရာမကြီးရဲ့… ဈေးဖမ်းတွေ လိုက်တော့ ပြေးနိုင်တယ်… ဆရာမကြီးလို ဝရင် ဘယ်လို ပြေးနိုင်မလဲ ဆရာမကြီးကို မိသွားမှာပေါ့"
"ပိန်တာ ကောင်းပါတယ်အေ... ဒါပေသိ ညည်းက ပိန်လွန်းလို့ ပြောသာ"
"ပိန်တာ ဆင်းရဲလို့လေ... ချမ်းသာရင် မတရားစားမယ် မတရား ဝါးမယ်"

ကျာကျူးရဲ့ ဖီလိုဆိုဖီ ထင်ပါရဲ့။ ကျွန်မလည်း ရှေ့မတိုးသာလို့ ဘာမှ မပြောတော့ပါဘူး။ စူပါမတ်ကက်ကြီး တစ်ခုထဲ ဝင်ကြတော့ ကျာကျူး အံ့ဩနေတာ ကျွန်မ သတိထားမိတယ်။ သည်လို Shopping Mall ကြီး တွေထဲကို ကျာကျူး မရောက်ဖူးဘူး။ လေအေးစက် ပေးထားပြီး မီးရောင်တွေ ထိန်နေတဲ့ ခန်းမကြီးထဲ ရောက်တော့ ကျာကျူး မျက်လုံးကလေး ပြူးအောင် လိုက်ကြည့်တယ်။

"ဒါ ဆရာမကြီးတို့ ဝယ်တဲ့ ဈေးပေါ့"
" အေး... သည်မှာ အစုံရတယ်... ကျာကျူး ဘာလိုချင်သလဲ စဉ်းစားလိုက် အကုန်ရှိတယ်"
"နံနံပင် ရှိသလား"
"ရှိပါ့..."
"တညင်းသီး ရှိသလား"
"ရှိပါ့"
"ဒါဆို ကောင်းတယ် သည်ဆိုင် မဆိုးဘူး"

Shopping Mall ကြီးတွေထဲမှာ တညင်းသီးနဲ့ နံနံပင် မရှိလောက်ဘူး ထင်လို့ ရိုးရိုးသားသား မေးတာပဲလား၊ အစုံရှိတယ် ဆိုလို့ ကျွန်မကို ရွဲ့မေးတာလားတော့ မပြောတတ်ပါဘူး။ ကျွန်မသမီးက ခြင်းတစ်လုံးနဲ့ မုန့်တွေ၊ ကလေးစာအုပ်တွေ၊ ဆံကုတ်တွေ၊ ကလစ်တွေ ယူယူပြီး တစွပ်စွပ် ထည့်နေတာ တွေ့တော့လည်း ကျာကျူးက အံ့ဩနေတာပါပဲ။ " ဖွေးဖွေးက လူလည် ဖြစ်နေပြီ" တဲ့။ ကျွန်မက ကျာကျူးကြိုက်တဲ့ အလှကုန် ပစ္စည်းကလေးတွေ ဝယ်ပေးတော့ ပြုံးလို့။ ဖိနပ် ဝယ်ပေးတော့လည်း ကျောက်စီထားတဲ့ ဖိနပ်မှ ကြိုက်သတဲ့။ အင်္ကျီဝယ်ပေးတော့ ပုစွန်ဆီရောင် ဖိုးရိုးဖားရား ဒီဇိုင်းကို ရွေးသေးတာပါ။

အမေ ဝတ်လို့ မရတာ ဝယ်မှ ကျွန်မချည်း ဝတ်ရမှာတဲ့လေ။ မအေ မဝတ်ရဲတဲ့ ဒီဇိုင်းဝယ်မှ သူချည်း ဝတ်ရမှာလို့ ပြောတာ ထင်ပါရဲ့။ တချို့ ထဘီတို့ ဖိနပ်တို့ဆိုရင် သားအမိ နှစ်ယောက် အတူတူ ဆူလှယ်နဲ့ ဝတ်ရတာကို ကျွန်မသိလို့ ကျာကျူး ပြောတာကို ကျွန်မ သဘောပေါက်ပါတယ်။ ရေခဲမုန့်ဝယ်ကျွေးတော့ ခေါင်းခါတယ်။ ကျွန်မက ကျာကျူး ကြိုက်မှန်းသိလို့ လက်ဖက်ရည်ဆိုင် ဝင်တော့ မက်မက်စက်စက် သောက်ပြန်ရဲ့။

"ညည်းက လက်ဖက်ရည်ကျတော့ ခေါင်းမခါ ပါလား ကျာကျူး" ဆိုတော့ ကမ္ဘာပေါ်မှာ လက်ဖက်ရည်လောက် ကောင်းတာ မရှိဘူး ဆိုပါရောလား။ ခက်များ ခက်ရချေရဲ့။ ထုံးစံအတိုင်းပါပဲ၊ ကျွန်မက ငြိမ်နေရုံပေါ့။

ကျာကျူးက ကျွန်မသမီးအရွယ်လောက် ရှိသေးပေမယ့် ကျာကျူးနဲ့ ဆက်ဆံရတာ ကျွန်မ စိတ်ချမ်းသာပါတယ်။ ကျာကျူးက ရိုးဖြောင့်တယ်။ ရင်ထဲရှိတဲ့အတိုင်း ပြောတယ်။ သစ္စာရှိတယ်။ ဘဝမှာ သူ နားလည်သလောက်နဲ့ ပျော်ပျော် ရွှင်ရွှင် နေတယ်။ နောက်ကိုလှည့်ပြီး မပူသလို ရှေ့ကိုမျှော်ပြီး ပူတာမျိုးလည်း မရှိသူပါ။ ကျာကျူး ဘဝကမှ အေးချမ်းပါ သေးကော။ တစ်ခါတော့ ကျာကျူး ကျွန်မတို့ အိမ်ကို ရောက်လာတယ်။ ကျောက်ဆည်ဘက်၊ မြစ်သားဘက် ထင်ပါရဲ့၊ သူတို့ဘာသာ ထုံးစံ မီးနင်းပွဲ သွားကြမလို့တဲ့။ ကျွန်မက မုန့်ဖိုးပေးတော့ ယူတယ်။

"ညည်းတို့ကော မီးနင်းကြမှာလား"
"မနင်းဘူး... မီးနင်းရင် ဥပုသ်စောင့်ရတယ်... အဖေကတော့ ပြောတယ်... ငါ မီးနင်းရင် ပူမှာ မဟုတ်ဘူးတဲ့... မီးက အဖေတို့လောက် မပူဘူးတဲ့... အဲဒါ ဟုတ်မှာပဲ "

သည်တစ်ခါတော့ ကျာကျူး စကားကြောင့် မီးကျီးခဲပေါ် ခြေဖဝါးချလိုက်သလို ထူပူသွားမိတာက ကျွန်မ ကိုယ်တိုင်ပါ။ ကျာကျူးရယ်... ညည်းနှယ် အေ...။

ခင်ခင်ထူး

ပင်မစာမျက်နှာသို့ပြန်သွားမည် >>
နေ့စဉ် အသစ်အသစ်သော သတင်းများ ကို သိရှိနိုင်ရန် လိုတရ Application အား ဤနေရာတွင် နှိပ်၍ အခမဲ့ Download ရယူပါ။