contents

ထိပ်ဆုံးစာမျက်နှာ > ဝတ္ထုများ

လမ်းဆုံး
အစ/အဆုံး
မြင့်သန်း

လမ်းဆုံးရင် ရွာတွေ့မယ်လို့ ပြောကြတယ်။ ဒီတော့၊ သူက လမ်းဆုံးအထိသွားတယ်။ ရွာက မတွေ့သေးဘူး။ လမ်းဆုံးမှာ ဘာရွာမှ မရှိဘူး။ လမ်းဆုံးကိုလွန်ပြီး ကိုယ့်ဖာသာ လမ်းထွင် သွားရတယ်။ အဲဒီတော့ အိမ်စုစုတွေ့ရတယ်။ ရွာဖြစ်ချင်လည်း ဖြစ်မယ်။ လူတစ်စု သူတို့ဖာသာ နေနေကြတာလည်း ဖြစ်ချင်ဖြစ်မယ်။ ဘယ်လိုပဲဖြစ်ဖြစ် သူ့မှာ ရွေးချယ်စရာမရှိဘူး။ ရွေးချယ်စရာ မရှိဘူးဆိုတာက နေစရာမရှိဘူး၊ စားစရာမရှိဘူး။ ပိုက်ဆံမရှိလို့တော့လည်း မဟုတ်ဘူး။ ဘ၀င်မကျလို့၊ အေးအေးချမ်းချမ်းနေချင်လို့။ အေးချမ်းဖို့ဆိုတာ လမ်းဆုံးရောက်မှ။ လမ်းဆုံးရောက်မှ အေးချမ်းမှာ။ ဒီတော့သူက လမ်းတစ်ခုကို ဆုံးတဲ့အထိလျှောက်ကြည့်တယ်။ လမ်းဆုံးရင်ရွာတွေ့ မယ်။ ရွာတွေ့ရင် အဲဒီမှာနေမယ်။ အဲဒီမှာ ငြိမ်းချမ်းတဲ့အရသာ ခံစားမယ်။ ဒါပေတဲ့ ပထမဆုံးပြဿနာက လမ်းဆုံးမှာ ရွာမရှိဘူး။

လမ်းကိုလွန်သွားတော့မှ ရွာလိုလိုဟာမျိုးကို တွေ့ရတယ်။ အမှန်တော့ သူထင်သလို လူတစ်စုနေတဲ့ အရပ်ပဲ။ ဘယ်သူဘယ်ဝါတွေ ရယ်လို့တော့ မသိဘူး။ အိမ်တွေအနားထိ လျှောက်သွားတော့ သစ်ပင်အောက်မှာ လူနှစ်ယောက် လှဲအိပ်ရင်း မိုးကောင်းကင်ကြီးကို ကြည့်နေတာ သူတွေ့လိုက်ရတယ်။ သူက ကျွန်တော် ဒီမှာနေချင်လို့ပါလို့ ပြောလိုက်တယ်။ အဲဒီလူနှစ်ယောက်စလုံးက လှဲနေရာက ထလိုက်ပြီး ပြုံးပြတယ်။ သူ့ကို လက်ဆွဲနှုတ်ဆက်တယ်။ ဘာမှတော့ မပြောဘူး။ အိမ်တစ်အိမ်ကို လက်ညှိုးထိုးပြတယ်။ သူက လှမ်းကြည့်လိုက်တော့ အဲဒီလူနှစ်ယောက်က အသာပဲ ခေါင်းညိတ်ပြတယ်။ ဒီတော့ သူလည်းခေါင်းညိတ်ရင်း အဲဒီအိမ်ဘက်ဆီ ထွက်လာခဲ့တယ်။ သူက လျှောက်နေရင်း ဒီလူတွေ အ များနေသလား။ နားများပင်းနေသလားလို့ တွေးကြည့်လိုက်မိတယ်။ မဟုတ်တန်ဘူး။ ဒီလူတွေကြည့်ရတာ အကောင်းကြီးတွေပဲ ပညာတတ်ပုံလည်းရတယ်။ သူတွေးကြည့်လို့မရဘူး။ ဒီလိုနဲ့ ညွှန်လိုက်တဲ့ အိမ်အနားဆီ ရောက်လာတယ်။

အိမ်တံခါးကို သူခေါက်လိုက်တယ်။ အမျိုးသမီးတစ်ယောက်ထွက်လာပြီး တံခါးဖွင့်ပေးရင်း ဧည့်ခန်းထဲက ကုလားထိုင် တစ်ခုမှာထိုင်ဖို့ လက်နဲ့ညွှန်တယ်။ ခဏစောင့်ပါဦးဆိုတဲ့ သဘောမျိုးနဲ့ လက်ဟန်ပြတယ်။ သူက သဘောပေါက် လိုက်မိတယ်။ အမျိုးသမီးက အခန်းတွင်းဆီပြန်ဝင်သွားပြီး မကြာခင် လူကောင်ကြီးကြီး၊ ဥပဓိရုပ်ကောင်းကောင်းနဲ့ လူကြီးတစ်ယောက်ထွက်လာတယ်။ သူက ရိုသေသမျှနဲ့ မတ်တတ်ရပ်လိုက်တော့ လူကြီးက လက်ဆွဲနှုတ်ဆက်ရင်း ပါးစပ်က ထိုင်ပါလို့ပြောတယ်။ ဒီတော့ သူက ပြန်ထိုင်လိုက်ရင်း ကျွန်တော်လိုရင်းပဲပြောပါရစေလို့ ပြောတယ်။ သူက ဘာပြန်ပြောရမှန်းမသိဘူး။ သူပြောချင်တဲ့ အဓိကလိုရင်းဖြစ်တဲ့ ဒီမှာနေချင်လို့ပါ လို့ပဲ ပြောလိုက်တယ်။ ဒီတော့ လူကြီးကချောင်းဟန့်လိုက်ပြီး လည်ချောင်းရှင်းလိုက်ရင်း ပြောတယ်။

ကျုပ်ကတော့ ဒီနေရာလေးရဲ့ ပြောရေးဆိုခွင့်ရှိတဲ့လူပဲ။ ပြောရေးဆိုခွင့်လို့ပြောရာမှာ တကယ့်ကို ဘာသာစကားသုံးပြီး ပြောနိုင်တဲ့ လူတစ်ယောက်ပဲ။ စကားပြောတယ်ဆိုရာမှာလည်း ခင်ဗျားလို အရပ်တစ်ပါးကလာတဲ့လူတွေကို ရှင်းပြဖို့အတွက်လောက်ပဲ။ ဒီကို ရောက်လာတဲ့ လူတွေကလည်း ခင်ဗျားလိုလူတွေပဲ။ တော်ရုံလူကလည်း ဒီကို မရောက်လာတတ်ကြဘူး။ ရောက်လာပြီး နေတဲ့လူတွေ ကလည်း သဘောကျသွားကြလို့ သူတို့လာခဲ့တဲ့အရပ်ဆီ မပြန်ကြတော့ဘူး။ ကျုပ်ဟာ ဒီနေရာကို ပထမဦးဆုံးရောက်လာတဲ့လူပဲ။ လမ်းဆုံးရဲ့ နောက်နားဆီမှာနေချင်လို့ နေရာရှာရင်း ဒီရောက်လာတာပဲ။ လမ်းဆုံးရဲ့နောက်ကိုရောက်မှ လမ်းဆုံးတာ။ လမ်းဆုံးဆိုတာ မှာရပ်နေရင် လမ်းဆုံးရဲ့အပေါ်မှာပဲ ရှိနေမှာကိုး။ ခင်ဗျား ဒီမှာနေချင်ရင် နေနိုင်ပါတယ်။ ခင်ဗျားလိုလူမျိုးတွေရောက်လာရင် ယာယီနေဖို့ အိမ်တစ်လုံးရှိတယ်။ အဲဒီမှာနေကြည့်ပေါ့။ တစ်နှစ်ခွဲလောက်ကြာလို့ ခင်ဗျားလာခဲ့တဲ့ဆီကို မပြန်ချင်တော့ ဘူးဆိုရင် ခင်ဗျားကြိုက်တဲ့ နေရာကလေးမှာ ဒီကလူတွေက ၀ိုင်းပြီး အိမ်လေးတစ်လုံးဆောက်ပေးကြလိမ့်မယ်။ ဒီနေရာရဲ့အဓိကစည်းကမ်းချက်ကတော့ စကား မပြောကြတာပဲ။ လိုအပ်ရင် ကျုပ်ကိုပြောနိုင်တယ်။ ပြောဖို့လိုအပ်ရင် ကျုပ်ကပဲပြောမယ်။

သူက အံ့အားသင့်သွားမိသည်။ လမ်းမှာတွေ့တဲ့လူနှစ်ယောက်က သူ့ကိုစကားမပြောကြတာကိုလည်း သဘောပေါက် သွားမိတယ်။ လမ်းဆုံးဆိုတာ ဒီလူကြီးပြောသလို မဆုံးမှမဆုံးသေးပဲကိုးလို့ တွေးလိုက်မိတယ်။ ဒီတော့ ကျွန်တော် တစ်ခုလောက်မေးပါရစေခင်ဗျာလို့ သူကပြောမိတယ်။ လူကြီးက ပြုံးပြီး ခေါင်းညိတ်ပြတယ်။ ဘာဖြစ်လို့ စကားမပြောရ တာပါလဲခင်ဗျာလို့ သူကမေးလိုက်တယ်။ လူကြီးက ဘာသာစကားဟာ ပြဿနာအလုံးစုံရဲ့အစပဲ။ စကားမပြောရုံတင် မကဘူး စာမဖတ်နိုင်ရင်လည်း ပိုတောင်ငြိမ်းချမ်းသေးတယ်။ ခင်ဗျား ဘာသာ စာတွေဘာတွေ ရေးချင်ရင်တော့ ရေးနိုင် ပါတယ်။ ဒီမှာ ဘာသာစကားကိုသုံးစွဲပြီး အပြန်အလှန်ဆက်ဆံရတာမျိုးတွေမရှိတော့ ပိုပြီးရင်းနှီးကြတယ်။ ချစ်ခင်ကြ တယ်။ ဘာသာစကားဟာ ခင်ဗျားအထဲမှာရှိနေသရွေ့ ဟုတ်နေတာပဲ။ ခင်ဗျားရဲ့အပြင်ကိုထွက်လာမှ ပြဿနာပေါ် တော့တာ။ ပြောတဲ့လူရဲ့ အနက်ရင်းကို တခြားလူကမရရင် ပြဿနာပဲ မဟုတ်ဘူးလားလို့ ပြောပြတယ်။ သူက ဘာပြန် ပြောရမှန်းမသိဘူး။ သူကိုယ်တိုင်က စာရေးဆရာကိုး။ ဒီပြဿနာမျိုးနဲ့ တိုးခဲ့ဖူးပြီပဲ။ ဒီတော့ သူ့ဘာသာ တွေးရင်း ဖြည်းဖြည်းခေါင်းညိတ် လိုက်မိတယ်။ လူကြီးက သူ့ကိုကြည့်ရင်း ကိုင်း၊ ခင်ဗျားနေကြည့်ချင်တယ်ဆိုရင် အိမ် ကလေးဆီကို သွားကြစို့။ ကျုပ်ကိုတိုင်လည်း ခင်ဗျားကို ဒီကနေ့ပဲစကားပြောမှာ။ နောက်နေ့တွေမှာ မပြောတော့ဘူး။ တစ်ခုခင်ဗျားစဉ်းစားကြည့်စမ်း။ စကားပြောပြီးမဆက်ဆံ ကြတော့ဘူးဆိုတဲ့အတွက် ကျုပ်နာမည်ကိုလည်း ခင်ဗျား သိစရာမလိုဘူး။ ခင်ဗျားနာမည်လည်း ကျုပ်သိစရာ မလိုတော့ဘူး။ ဘယ်သူ ဘယ်ဝါရယ်လို့ သိစရာမလိုရင် လူတိုင်းဟာ တန်းတူဆက်ဆံလို့ရသွားရော မဟုတ်လားလို့ ပြောပြန်တယ်။

သူက ဘာမှပြန်မပြောတော့ဘူး။ လမ်းဆုံးရဲ့နောက်က တစ်နေရာမှာနေဖို့ ဆုံးဖြတ်လိုက်တယ်။ အိမ်ကလေးမှာနေတာ တစ်နှစ်ခွဲကျော် သွားတော့ အဲဒီကလူတွေက ၀ိုင်းပြီး သူကြိုက်တဲ့စမ်းချောင်းကလေးနားမှာ အိမ်ကလေးတစ်လုံး ဆောက်ပေးကြတယ်။ သူ့အိမ်ကလေး နဲ့သူ ဘ၀င်ကျကျေနပ်ပြီး နေနေတုန်း တစ်နေ့တော့ မြို့ကလာတဲ့ ရဲကြပ်တစ် ယောက်နဲ့ အဲဒီကလူကြီး သူ့အိမ်ကိုရောက်လာတယ်။ အကြောင်းကတော့ သူပျောက်သွားလို့ဆိုပြီး မြို့က သူ့သူငယ်ချင်းတွေက လူပျောက်မှုဖွင့်ထားလို့ပဲ။ သူဒီမှာ နေနေတယ်ဆိုတာ သတင်းရသွားကြလို့ သူတို့တွေက ဆက်သွယ်ပေတဲ့ သူ့ဆီက ဘာမှ အကြောင်းပြန်မလာလို့ စိတ်ပူနေကြတယ်ဆိုတာပဲ။ ခင်ဗျားဘာလို့ စာမပြန်သလဲလို့ လူကြီးကမေးတော့ သူက ပြုံးပြီးခေါင်းခါပြတယ်။ ရဲကြပ်ကြီးက မြို့ကခင်ဗျားမိတ်ဆွေတွေ ခင်ဗျားကို ဒီမှာ အတင်း ခေါ်ထားတာလို့ ထင်နေကြတယ်လို့ပြောတော့ သူက ဘာမှပြန်မပြောဘဲ ရယ်တယ်။ ရဲကြပ်ကြီးက ခင်ဗျားကိုလာတွေ့ ချင်ကြတယ်၊ လာရမလားလို့ သူ့ကိုကြည့်ပြီးမေးတော့ သူက လူကြီးကို လှမ်းကြည့်လိုက်တယ်။ လူကြီးက သဘောပေါက်တာမို့ ခင်ဗျားသဘောပဲ ကျွန်တော် ဘာမှ ကန့်ကွက်စရာမရှိဘူးလို့ ပြောတယ်။ ဒီတော့သူကပြုံးပြီး ရဲကြပ်ကြီးကို ခေါင်းညိတ်ပြလိုက်တယ်။

အဲဒီနောက် နှစ်လကြာတော့ ရဲကြပ်ကြီးက မြို့ကလာတဲ့သူ့သူငယ်ချင်းသုံးယောက်ကို သူ့အိမ်ကလေးဆီ ခေါ်လာတယ်။ ဒီနေရာလေး အကြောင်းကို ရဲကြပ်ကြီးက လမ်းမှာ သူတို့ကိုပြောပြခဲ့ပုံရတယ်။ လူကြီးလုပ်တဲ့လူလည်း ပါတယ်။ သူ့သူငယ်ချင်းတွေက တစ်ယောက် က ပန်းချီဆရာ၊ တစ်ယောက်က ကဗျာဆရာ၊ တစ်ယောက်က အရိုးကု ဆရာဝန်။ သူနဲ့တွေ့တယ်ဆိုရင် ကဗျာဆရာက မင်း ဘယ်လို လုပ်လိုက်တာလဲ။ မင်းတို့ငါတို့မှာ ဘာသာစကားဟာ ဘယ်လောက်အရေးကြီးတယ်ဆိုတာ မင်းမသိဘူးလားလို့ ပြောတယ်။ သူကတော့ ဘာမျှ ပြန်မပြောဘူး။ ငါ့လိုကောင်မှာ ဘာသာစကားမရှိရင် ဘာမှလုပ်လို့မရဘူးလို့ ကဗျာဆရာက ဒေါသသံနဲ့ပြောတယ်။ သူက ပြုံးပြလိုက်ရင်း ရင်ဘတ်ကို ပုတ်ပြလိုက်တယ်။ ဘာပြောချင်တာလဲ ရင်နာတယ်လို့ပြောချင်တာလားလို့ ပန်းချီဆရာက ၀င်မေးတယ်။ သူက ခေါင်းခါပြလိုက်တယ်။ ဒီတော့ နောက်နားဆီမှာရပ်နေတဲ့ အရိုးကုဆရာဝန်က ဘာသာစကားက ရင်ထဲမှာရှိနေတယ်လို့ ပြောချင်တာထင်တယ်လို့ လှမ်းပြောလိုက်တယ်။ အရိုးကုဆရာဝန်က မသေချာမှုရဲ့သေချာပုံကို ပြောချင်တာနဲ့ “ထင်တယ်” ဆိုတာကို ထည့်ပြောလိုက်တာပဲ။

ရင်ထဲမှာရှိလို့ ဘာသွားလုပ်ရမှာလဲလို့ ကဗျာဆရာကပြောတယ်။ ကဗျာဆရာရဲ့မျက်နှာက ရဲနေတယ်။ ဒေါသထွက်နေပုံရတယ်။ ရင်ထဲမှာ ခံစားရတယ်။ ခံစားချက်ကို ဘာသာစကားနဲ့ဖော်ထုတ်မှ ဝေဒနာတွေကူးစက်သွား မှာပေါ့လို့ ဖြေချလိုက်တဲ့အသံမျိုးနဲ့ ကဗျာဆရာက ပြောတယ်။ သူကတော့ ပြုံးနေရင်း ခေါင်းခါတယ်။ ပြီးတော့မှ ပန်းချီ ဆရာကို လက်ညှိုးထိုးလိုက်ရင်း ကောင်းကင်ကြီးကို၊ ပတ်ဝန်းကျင်က သစ်ပင်တောတောင်နဲ့ စမ်းချောင်းကလေးကို ညွှန်ပြနေတယ်။ ပန်းချီဆရာက လွယ်လွယ်ကူကူပဲ သဘောပေါက်သွားပုံ ရတယ်။ ငါ့အတွက်တော့ ဟုတ်တာပေါ့ဟ။ ငါ့ဘာသာစကားဟာ အသံမှမလိုပဲကိုးလို့ ပြန်ပြောတယ်။ ကဗျာဆရာကတော့ ကျေနပ်ပုံ မပေါ်ဘူး။ အရိုးကုဆရာဝန် ကတော့ လူမမာကို အကဲခတ်ပုံမျိုးနဲ့ ကြည့်နေတယ်။ မင်းတို့တစ်တွေ ဒီမှာ စကားမပြောကြဘူးဆိုတော့ ဘာတွေလုပ်နေကြသလဲလို့ ကဗျာဆရာက မကျေနပ်သံနဲ့ မေးတယ်။ သူက ခပ်လှမ်းလှမ်းက ချောင်းစပ်မှာ ငါးမျှားနေတဲ့လူနှစ်ယောက်၊ သစ်ပင်အောက်မှာ အိပ်နေတဲ့လူတစ်ယောက်၊ စွန်လွှတ်နေတဲ့ကလေးတစ်ယောက် စတဲ့လူတွေကို လက်ညှိုးနဲ့ညွှန်ရင်း ပြုံးပြတယ်။ ဒီတော့ အရိုးကုဆရာဝန်က လူမမာကို အခြေအနေမေးတဲ့ပုံမျိုးနဲ့ ဘ၀ဟာ ဒီမှာ ကျေနပ်စရာပဲလို့ပြောချင်တာလားလို့ မေးတယ်။ သူ့အသံထဲမှာ တက်သာဆုတ်သာအသံမျိုး ပါနေတယ်။

သူကပြုံးပြီး ခေါင်းတညိတ်ညိတ်လုပ်နေတယ်။ ဒီတော့ အရိုးကုဆရာဝန်က ပြန်ပြုံးပြနေရင်းနဲ့ သူပါ ခေါင်းတ ညိတ်ညိတ်လုပ်နေတယ်။ လူနာရဲ့အခြေအနေဟာ ကုမရတော့ဘူးဆိုတာကို သိသွားတဲ့ပုံမျိုးပဲ။ ကဗျာဆရာကတော့ ဘယ်လိုမှ မကျေနပ်နိုင်တဲ့ပုံမျိုးနဲ့။ ပန်းချီဆရာကတော့ ပန်းချီဆရာတို့ရဲ့ထုံးစံအတိုင်း မရေမရာဖြစ်နေတဲ့ ပုံမျိုးပဲ။ ဆေးတို့လိုက်ရမလား၊ ဒီကိစ္စကို ခဏမေးထားရမလား ဆိုပြီး မရေမရာဖြစ်နေပုံမျိုးပဲ။ ကောင်းကင်ကြီးကို မော့ကြည့် လိုက်တယ်။ ကျေနပ်သွားသလိုမျိုး မျက်နှာပေးနဲ့ ငါ့အတွက်တော့ အရောင်တွေ၊ လိုင်းတွေဟာ ဘာသာစကားပဲ။ ငါ့ဘာသာစကားက ဆက်သွယ်နိုင်ဖို့ပဲ။ ဟုတ်သားပဲ။ မင်းပြောသလို စကားလုံးတွေ မရှိလည်း၊ အသံတွေမရှိလည်း လောကကြီးဟာ နေလို့တော့ဖြစ်နေသားပဲလို့ ပန်းချီဆရာကပြောလိုက်တယ်။ ဒီတော့ အရိုးကုဆရာဝန် နားထဲရှုပ်သွားပုံရတယ်။ မင်းဟာက ကြီးကျယ်လိုက်တာကွာ။ လောကကြီးနဲ့ချီပြောရတယ်လို့များ… လို့ ဖြတ်ပြောလိုက်တယ်။ ဒေါသထွက်နေတဲ့ ကဗျာဆရာကတော့ ခုဟာက ဒီသတ္တ၀ါကိစ္စ။ သင်း၊ ဒီမှာပဲ တစ်သက်လုံး နေတော့မှာလား။ စကားမပြောတော့ဘူး လားလို့ မေးလိုက်တယ်။ သူက ခေါင်းညိတ်ပြရင်း ပြုံးနေတယ်။

သူက ပြုံးပြုံးကြီးလုပ်နေလေ ကဗျာဆရာက စိတ်ဆိုးလေပဲ။ စာလုံးတွေမရှိဘူး၊ စကားလုံးတွေမရှိဘူး။ အသံဟာ အရေးမပါတော့ဘူး ဆိုရင် ကဗျာဆရာ ဘယ်နားသွားနေရမလဲ။ ကဗျာဆရာ ဘာလုပ်ရမလဲ။ တကယ်တော့ ကဗျာရေးတာ ဝေဒနာကို ဖြန့်ဝေချင်လို့ပဲ ဖြစ်ဖြစ်၊ ဝေဒနာတွေကို လွှင့်ပစ်လိုက်ချင်လို့ပဲဖြစ်ဖြစ် ဘာသာစကားက ဆက်သွယ်ပေးရမှာ။ ကဗျာဆရာအတွက် ဘာသာစကား ဆိုတာက ပန်းချီဆရာလို အရောင်တွေ၊ တုံးတွေ၊ လိုင်းတွေနဲ့ မပြီးဘူး။ အကျိုးနဲ၊ ဒီကောင့်ကိုလာတွေ့မိတာဟာ ငါ့ဘ၀အတွက်တော့ ပျက်စီးရာပျက်စီးကြောင်းပဲ။ ဒါ ငှက်ပျောညွှန့် ရောင် ဆင်ဒရုမ်းများလား။ ငုဝါရောင် ဆိုဖိုနီများလား။ ငါ့မှာဖြင့် ကဗျာရေးတဲ့အခါ ကိုယ့်ဘာသာစကားနဲ့ မလုံလောက် လို့ သူများဆီက စာလုံးစကားလုံးတွေကိုတောင် ပြောင်ပြောင်ကြီး ကူးထည့်ထားရတာ။ သင်းကျမှ ဘာသာစကားမလို ဘူးတဲ့။ အကျိုးနဲ… လို့တွေးရင် လာ၊ ပြန်မယ်လို့ ပန်းချီဆရာနဲ့ အရိုးကုဆရာဝန်ကို လှမ်းခေါ်လိုက်တယ်။ ဘာလို့တုန်း လို့ အရိုးကုဆရာဝန်က လှမ်းမေးတယ်။ ဒီတုန်းမှာပဲ ပန်းချီဆရာက ငါတောင် သဘောကျချင်သလိုလိုဖြစ်လာပြီလို့ ကြားဖြတ်ပြောလိုက်တယ်။

ကဗျာဆရာရဲ့ဒေါက ကြီးမားလာတယ်။ သဘောကျရင် မင်းလည်း ဒီမှာနေပေတော့လို့လှမ်းပြောပြီး ကိုယ့်ဆရာ၊ သွားကြစို့လို့ အရိုးကုဆရာဝန်ကို လှမ်းပြောတယ်။ အေ အေ.. လို့ အရိုးကုဆရာဝန်က ပြန်ပြောတယ်။ ဘာကို အေအေမှန်းတော့ မသိဘူး။ ပြီးမှ သူ့ကိုယ်သူပြောသလိုလိုနဲ့ပြောတယ်။ ဟုတ်တော့လည်း ဟုတ်သားပဲ။ အသွေးကို အသားကို၊ ဘာကိုညာကို ကုလို့ရတယ်။ အစား ထိုးလို့၊ ပြောင်းပစ်လို့ရတယ်။ စာလုံးတွေ၊ စကားလုံးတွေကို အနက်ပြောင်းပစ်လို့မရဘူး။ ပြောင်းပစ်လို့မရပေတဲ့လည်း အနက်ယူတာ လွဲတတ်တယ်။ ဒီတော့ စာလုံးတွေ စကားလုံးတွေကို မသုံးဘဲနေရင် နေမှပဲ။ သုံးနေသရွေ့ အန္တရာယ်တော်တော်များတာလို့ ပြောတယ်။ ပန်းချီဆရာက နားထောင်နေရတယ်။ ကဗျာဆရာကတော့ တစ်လောကလုံးကို မကျေနပ်တဲ့မျက်နှာနဲ့ ကြည့်နေတယ်။ သူကတော့ ပြုံးနေတယ်။ အရိုးကုဆရာဝန်က သူ့အနားသွားပြီး တို့သွားမယ်။ တို့ဆီကို မင်း ပြန်လာချင်တဲ့အခါ ပြန်လာပေါ့။ ဒီမှာပျော်လည်း ဒီမှာပဲနေပေါ့။ လိုတာရှိရင် အကြောင်းကြားလိုက်လို့ပြောရင်း လက်ဆွဲနှုတ်ဆက်တယ်။ ပန်းချီဆရာက လည်း သူ့ပုခုံးကိုကိုင်ပြီး နှုတ်ဆက်လိုက်တယ်။ ကဗျာဆရာကတော့ သူရပ်နေတဲ့နေရာကပဲ လှမ်းလက်ပြပြီး ဘာမှမပြောဘဲ လှည့်ထွက်သွားတယ်။ သူကတော့ သူ့သူငယ်ချင်းတွေရဲ့ ကျောတွေကိုပဲ ကြည့်နေမိတယ်။ ကြည့်ရင်း ၀မ်းနည်းမိတယ်။ သူ့အတွက်တော့ မဟုတ်ဘူး။ သူတို့အတွက်ပဲ။ သူတို့က မအေးချမ်းချင်ကြသေးပဲကိုး။ ဘာသာစကားရဲ့အနှိပ်အစက်ကို ခံချင်နေကြသေးတာကိုး။ စကားလုံးတွေ စာလုံးတွေမရှိရင် အထိုက်အလျောက် ငြိမ်းချမ်းသွားတယ်ဆိုတာ သဘောမပေါက်ကြသေးပဲကိုး။ လမ်းဆုံးရဲ့နောက်နားဆီမှာ အေးငြိမ်းစရာတစ်နေရာ အမြဲရှိတယ်ဆိုတာ မသိကြရှာသေးပဲကိုးလို့ တွေးနေမိတယ်။

သူ့သူငယ်ချင်းသုံးယောက်ကတော့ အရိုးကုဆရာဝန်ကားနဲ့ မြို့ကိုပြန်လာကြတယ်။ အရိုးကုဆရာဝန်က ကားရှေ့ခန်းမှာ ကားမောင်းတဲ့ လူနံဘေးမှာ ထိုင်တယ်။ ကားကက်စက်ထဲကထွက်နေတဲ့ စိန်ချစ်တီးလက်သံကို နားထောင်ရင်း မှိန်းနေတယ်။ ပန်းချီဆရာကတော့ ကားလမ်းဘေးကမြင်ကွင်းတွေကို သူသဘောကျတာတွေ့ရင် စိတ်ထဲမှာ ဓာတ်ပုံရိုက်လိုက်တယ်။ ကဗျာဆရာကတော့ သူ့ဆီက ပြန်ထွက်လာကတည်းက ဒေါသထွက်နေတာ၊ ဘာလုပ်ရမှန်းမသိဘူး။ ကားပေါ်ရောက်တော့ အိတ်ထဲက ဗလာစာအုပ်နဲ့ ဘောပင်န် ထုတ်ပြီး သူ့ဒေါသတွေကို ကဗျာတစ်ပုဒ်အဖြစ်ရေးဖို့ ကြိုးစားနေတယ်။ ပန်းချီဆရာက သူ့သူငယ်ချင်းရေးနေတာကို မကြာမကြာ မသိမသာ လှမ်းအကဲခတ်နေတယ်။ မြို့ကိုပြန်ရောက်ကြလို့ ကဗျာဆရာအိမ်ရှေ့မှာ ကားရပ်ပေးလိုက်တော့ ကားပေါ်ကဆင်းတော့မယ် လို့ လုပ်နေတဲ့ကဗျာဆရာကို ပန်းချီဆရာက မင့်ဒေါသကဗျာကြီး ပြီးပြီလားလို့ လှမ်းမေး လိုက်တယ်။ ကဗျာဆရာက သူ့လက်ထဲက ဗလာစာအုပ်ထဲက စာရွက်တစ်ရွက်ကိုဆုတ်ပြီး လှမ်းပေးလိုက်တယ်။ ကဗျာဆရာဆင်းသွားတော့ ပန်းချီဆရာက စာရွက်ကို ဖင်တစ်ပြန် ခေါင်းတစ်ပြန် ကြည့်လိုက်မိတယ်။ စာရွက်ပေါ်မှာ ဘာမျှရေးမထားဘူး။ ကားရှေ့ခန်းမှာ ဆိုင်းသံနားထောင်ရင်း မှိန်းနေတဲ့ အရိုးကု ဆရာဝန်ကို ပြမယ်လို့ လုပ်မိတယ်။ အရိုးကုဆရာဝန်ကတော့ ဆိုင်းသံနားထောင်ရင်း အအုပ် အခံ ခုနစ်သံအကြောင်းတွေးရင်းက “သတ္တသတ္တန၀ါ စာလီသ” အရ လေးဆယ့်ကိုးသံမှာ မပြည့်စုံသေးဘူးလို့ထင်လို့ ထည့်ထားတယ်ဆိုတဲ့ “နတ်သံ” အကြောင်း ဆက်တွေးနေတယ်။ ဒီတော့လည်း ပန်းချီဆရာက ကဗျာဆရာရဲ့ ဒေါသသံကဗျာရှည်ကြီးကို မပြတော့ဘဲ စာရွက်ကို လုံးထွေးပြီး ကားပြတင်းပေါက်ကနေ အပြင်ဘက်ကို အသာလွှင့်ပစ်လိုက်တော့တယ်။ ။

မြင့်သန်း

ပင်မစာမျက်နှာသို့ပြန်သွားမည် >>
နေ့စဉ် အသစ်အသစ်သော သတင်းများ ကို သိရှိနိုင်ရန် လိုတရ Application အား ဤနေရာတွင် နှိပ်၍ အခမဲ့ Download ရယူပါ။