Lotayamm

search
မာတိကာ

contents

ထိပ်ဆုံးစာမျက်နှာ > ဝတ္ထုများ

သက်တံ့
အစ/အဆုံး
ပျိုးလက်ဟန်

တာရာ နောက်ကို လှည့်ကြည့်လိုက်စရာမလို။ ခြေသံကြားရုံနဲ့ လင်း ဆိုတာ တန်းသိတယ်။ ထင်းရှူးပင်တန်းကို ဖြတ်တိုက် သွားတဲ့ လေကို ရှူသွင်းလိုက်ပြီးတဲ့နောက် ခန္ခာကိုယ်ထဲက သွေးတွေတောင် သန့်စင်သွားသလို။ ပြီးတော့ လင်းရဲ့ ကိုယ်ရနံ့။ တာရာ့ ကိုယ်ထဲက သွေးတွေနွေးသွားသည်။ ဒီလောက်ပါပဲ။ လင်း က တာရာနဲ့ လိုက်မှီအောင် ဘေးချင်း ယှဉ်ရက် လိုက်လျှောက်လာသည်။ ထုံးစံ အတိုင်း တစ်ယောက်နဲ့တစ်ယောက် စကားမပြောမိသေး။ ခဏကြာတော့ တာရာက လမ်းမဘေးကို ဆင်းချလိုက်ပြီး ထင်းရှူးပင်စည်ကို မှီရပ်လိုက်တော့ လင်း ကလည်း ရွက်ကြွေတွေကို နင်းပြီး တာရာ့ဆီ လိုက်လျှောက်လာသည်။ လင်းရယ် ။ မောချင်ယောင်ဆောင်ပြီး မျက်လုံးမှိတ်ထားလိုက်သည်။

“တာရာ… မောနေပြီမဟုတ်လား ဘယ်လောက်မှလဲ လျှောက်ရသေးတာမဟုတ်”

အဲဒါ လင်းပဲ။ တာရာ့ထက် အသက် ၇ နှစ်ကြီးတာ အကြောင့်းပြုလို့ တာရာ့ကို ဆရာကြီး လုပ်မြဲ။ ဖခင်တစ်ယောက်ရဲ့ လေသံက အမြဲဖမ်းတတ်တာ။ တာရာ ကြိတ်ပြုံးလိုက်ပြီး လက်ထဲက မာဘိုရို ဗူးထဲက ဆေးလိပ် တစ်လိပ်ကို ဆွဲထုတ်၊ ၀တ်ထားတဲ့ ဟူဒီအင်္ကျီဘေးအိတ်ထဲက မီးခြစ်နဲ့ ညှိတော့ လင်းက မျက်နှာ လွဲသွားသည်။ စီးကရက် သောက်တာကို လင်းက မုန်းတယ်တဲ့။ တာရာ ကတော့ ချစ်တယ်။ လင်း မုန်းတာနဲ့ တာရာက စီးကရက်မသောက်ရတော့ဘူးလား။ လင်းကို မြှောက်ပင့်ရေးထားတဲ့ အင်တာဗျူးဆောင်းပါးတွေကို လင်းရိုက်တဲ့ ကြော်ငြာတချို့ကိုလည်း တာရာ မုန်းတာပဲ။ ဘာတဲ့.. ဆန်းသစ်သော စိတ်ကူး စိတ်သန်းများဖြင့် ဘလာ ဘလာ။ ဒီလောက်လဲ မဆန်းပါဘူး။ လင်း ပိုက်ဆံတွေ အများကြီး ရှာနိုင်တာတော့ အားကျသား။ တာရာကတော့ လူနဲနဲလေးပဲ သိတဲ့ စာရေးတဲ့ လူတစ်ယောက်မျှသာ။ ဒါပေမယ့် ဘယ်သူ့ရှေ့မှာမှ အထူးသဖြင့် လင်းရှေ့မှာတောင် သိမ်ငယ်မနေခဲ့ဘူး။ ဒါကို လင်း သိစေချင်တာ။တာရာဟာကိုယ့်ကံကြမ္မာ ကိုယ် ဖန်တီးရတာသာ လိုချင်တာ။

တစ်ခါတုန်းက တာရာ့ကို လင်းက စိတ်ဓာတ်ခွန်အားတွေပေးခဲ့ဖူးသည်။ ဒါကို ကျေးဇူးတင်လို့ လင်းကို ပျော်ရွှင်စေချင်တာ။ အလုပ်တွေအောက်မှာ ပိနေပြီး ပိုက်ဆံတွေ အများကြီးရပြီး မျက်မှောင်ကျုံ့ထား ရတဲ့ လင်း ကို သနားတယ်။

“တာရာ အဲဒီ့ဆေးလိပ် ကို ဘယ်လောက်ကြာကြာသောက်နေမှာလဲ။ အကို မစောင့်နိုင်တော့ဘူး။ သွားတော့မယ်”

တာရာ နည်းနည်းတော့ ၀မ်းနည်းသွားတယ်။ တာရာက လင်း အကြောင်းတွေးနေတာ သိရဲ့လား။ စိတ်ထဲကနေ ပြောဖြစ် တယ်။

“သွားနှင့်.. ရတယ်။ တာရာ သီချင်းနားထောင်ပြီး ဆေးလိပ်ကုန်အောင်သောက်ဦးမယ်”

လင်းဟာ ပြတ်သားတာနဲ့ သူများခံစားချက်ကို လျစ်လျုရှုတာ မကွဲပြားသေး။ ပြီးတော့ ဖခင်တစ်ယောက်ရဲ့ အာဏာစက်နဲ့ အနိုင်က လိုချင်သေးတာ။ လင်းရဲ့ ဂရုစိုက်တတ်တဲ့ အင်မတန်နူးညံ့တဲ့ ဖခင်စိတ်ကိုတော့ ချစ်ပြီး အာဏာစက် မှန်သမျှ ကိုတော့ တာရာက ရွံမုန်းသည်။ လင်း ထွက်သွားတော့ မျို့ကျော့မြိုင် ရဲ့ လွင့်လွင့်သွားဆဲသီချင်းကို နားထောင်ရင်း ကျန်ခဲ့သည်။ လင်း နဲ့ တာရာ နဲ့ ကြားထဲမှာ အရာအားလုံးဟာ လွင့်လွင့်သွားဆဲပဲ။ ပုံရိပ်တစ်ခုကို တကယ်လား ဖမ်းဆုပ် ကြည့်လိုက် ။ ပြီးရင် လက်ထဲမှာ ဘာမှ ဖမ်းဆုပ်မရ။ ဒါပေမယ့် မြင်တော့မြင်နေရတယ်။

သီချင်းဆုံးတော့ တာရာက ခပ်သွက်သွက်လျှောက်လာလိုက်သည်။ လမ်းမပေါ်မှာ တာရာ တစ်ယောက်တည်း။ ကိုယ့် ဖိနပ်သံတောင် ကိုယ် ကြားနေရသည်။ ကိုယ့်ကိုကိုယ် ပိုင်စိုးတဲ့ ခံစားချက်လေးကို ရတယ်။ တာရာ ဘယ်သူ့ကိုမှ မပိုင်ချင် ပါဘူး။ တစ်ခါတလေမှာ ကိုယ့်ကိုကိုယ်ပဲ ပိုင်ချင်တာ ။ ရွေးချယ်မှုတွေကို ကိုယ်ကိုယ်တိုင်ပဲ လုပ်ချင်တာ။ တာရာ ဘာကို မလိုချင်ဘူးလဲ သေချာသိတယ်။ တာရာ မနာကျင်ချင်ဘူး။ မကျဆုံးချင်ဘူး။ မကျရှုံးချင်ဘူး။ လူလူချင်း မကိုးကွယ်ချင်ဘူး။ မနေ့ညက တာရာတို့ အုပ်စု အကင်စားကြတော့ တာရာ လင်းကို နည်းနည်း စနောက်မိသွားတယ်။ ကောင်မလေး တစ်ယောက်နဲ့ စမိသွားတာကို လင်း ဘာကြောင့် အကြီးအကျယ် စိတ်ဆိုးသွားလဲတွေးမရ။ လင်းကို ကောင်မလေး တစ်ယောက်နဲ့ အတူ တွဲမြင်ချင်တာလား တာရာ မသိဘူး။ လင်းရဲ့ အမုန်းကို တာရာ လိုချင်တယ်ဆိုတာတော့ နည်းနည်း ရိပ်မိတယ်။ ညက လင်း တာရာ့ကို စိတ်ဆိုးသွားတဲ့ အချိန်မှာ ကို က တစ်ချက်လှမ်းကြည့်ပြီး ဘာမှမပြော။ လင်း ဟိုတယ် အခန်းထဲ ၀င်သွားတော့ အားလုံးက ခဏတိတ်ဆိတ်သွားကြတယ်။ ဘာမှတော့ မပြောကြ။ ခဏနေတော့ ပြန်ဆူညံသွား ကြတာပဲ။

အခန်းတစ်ခုထဲ စုပြီး သူတို့ ဖဲရိုက်ကြတော့ အခန်းထဲကနေ ဟိုတယ်လော်ဘီလေးရဲ့ အပြင်ဖက် ၀ရံတာကို ၀ီစကီခွက်လေး ကိုင်ပြီး ထွက်လာလိုက်တယ်။ တာရာ ခဏငိုမိတယ်။ တာရာ နဲ့ လင်းကြားမှာ ချောက်နက်နက် တစ်ခုရှိတယ်။ တာရာက ခုန်မချရဲဘူး။ လင်းက တာရာ ခုန်ဆင်းလာတဲ့အခါ ဆီးပြီး ပွေ့ထားလိုက်မယ်လို့ မသေချာလို့ပဲ။ ဒါပေမယ့် လင်းဟာ တစ်ခါတလေ ဘယ်သူ့ မျက်နှာမှ ဂရုမစိုက်ပဲ တာရာ့ကိုပဲ အလေးထားတဲ့အခါ ပျော်ရတယ်။ နည်းနည်းကြာတော့ ကို က မအိပ်သေးဘူးလားလို့ ဖုန်းနဲ့ လှမ်းခေါ်တယ်။ မအိပ်ချင်သေးဘူး။ သူတို့ အုပ်စုရဲ့ ဆူညံပျော်ရွှင်နေတဲ့ ၀ိုင်းမှာ လင်း နဲ့ တာရာတော့ မပါဘူး။ လင်းဟာ အိပ်ပျော်နေလိမ့်မယ်။ မနက် ၅ နာရီ အိပ်ရာက ထပြီး ည ၁၀ နာရီမှာ အိပ်ရာ ၀င်တတ်တဲ့ ကိုယ့်ကိုကိုယ် တင်းကြပ်သူ လင်း ဟာ တာရာ့ကို စိတ်ဆိုးသွားတာကို တော်ရုံနဲ့ ပြေပါ့မလားမသိ။ မတတ်နိုင်ဘူး။ တာရာ ပုခုံးတွန့်လိုက်မိတယ်။

ညက အကြောင်းတွေးနေရင်း လမ်းဆက်လျှောက်လာတော့ လမ်းချိုးလေး တစ်ခုမှာ လင်းကို မှီလာတယ်။ ကလေးလေး တစ်ယောက် ရှေ့မှာ ဒူးထောက်ရင်း စကားပြောနေတဲ့ လင်း။ မျက်နှာက ကြည်လင်လို့။ အလုပ်ခွင်ထဲမှာလို မျက်မှောင် ကျူံ့မထား။ ကလေးအမေက ပြုံးပြီးဘေးမှာ ရပ်စောင့်နေလို့။ တာရာ့ ကို မြင်သွားတော့ လင်းက ကလေးလေး၇ဲ့ ပါးကို ခပ်ဖွဖွတို့ လိုက်ပြီး တာရာ့ကို လက်ပြတယ်။ တကယ့် ကလေးအဖေ ကျနေတာပဲ ။ လင်း နဲ့ ကလေးလေးတွေက သိပ်လိုက်ဖက်တာပဲ။ လင်းတို့ဆီလျှောက်သွားတဲ့ အချိန်မှာ တာရာ့ အိုင်ပေါ့ထဲက သီချင်းက မဒီရဲ့ ကြယ်စုံချိန် အတွေး။

“ လူလိမ္မာ စည်းကမ်းများထဲ နှလုံးသားဆွံ့အ နေလေတော့ … အတွေးသံသရာအလယ် ဘယ်လို အတားအဆီးမျိုးနဲ့ တားထားလဲ ကြယ်တွေဆီ တို့နှစ်ယောက်အတူ လွတ်မြောက်ခဲ့..”

လင်းက သကြားလုံးလေး အခွံခွာပြီး ကလေးလေးရဲ့ ပါးစပ်ထဲ ထည့်ပေးလိုက်တယ်။ ဟုတ်တယ် ။ ကလေးလေးတွေ နဲ့ လင်း နဲ့ သိပ်ချစ်ဖို့ကောင်းတာပဲ။ လင်းက ရှေ့ကနေ ကျော်ပြီး လျှောက်သွားတယ်။ သူ့ နောက် က လိုက်နေရင်း ခပ်တိုတို ရိပ်ထားတဲ့ နားထင်က ဆံပင် စိမ်းစိမ်းလေးတွေဆီကို လက် နဲ့ ထိချင်လာတယ်။ ခပ်ရှရှနေမှာပဲ။ ဆံပင်စိမ်းစိမ်းလေးတွေ ကို ငေးရင်း ရင်ထဲမှာ ဆွတ်ပျံ့ဝမ်းနည်းလာတယ်။ စီးကရက် တစ်လိပ် ထုတ်သောက်မယ် လုပ်ရင်းက ပြန်ထည့်လိုက် တယ်။ တာရာ တို့နှစ်ယောက်ကြားမှာ တိတ်ဆိတ်နေတာကို ဘယ်လောက်ကြာကြာ သည်းခံဖြတ်ကျော်ရအုံးမလဲ။ ဘယ်သူကမှလဲ စကားစမပြော။ တာရာ့ ရင်ထဲမှာ ဆို့နင့်နေတာကို လင်း ဘယ်တော့မှ မြင်မှာမဟုတ်။

“တာရာက လူတွေကို ဒီလိုနေ ဒီကိုသွား တာရာ့ စိတ်ကြိုက်ပဲနေစေချင်တာ။ အကို လုပ်စရာတွေ အများကြီးရှိသေးတယ်။ ရှေ့ဆက်စရာတွေ အများကြီးရှိသေးတယ်။”

တစ်ခါက စကားများကြတဲ့ အခါ လင်းက တာ့ရာကို ပြောဖူးတယ်။ ဒီစကားက တာရာ့ကို လင်းဘ၀ထဲက ထုတ်ပစ်တဲ့ စကားပဲ။ တကယ်တော့ တာရာ ဘာလုပ်လုပ် ဘာပြောပြော လင်းက အပြစ်မြင်နေရင် အကောင်းဆုံးပဲ။ လင်း ကို စိတ်ချမ်းသာစေချင်တဲ့စိတ် ပျော်ရွှင်စေချင်တဲ့စိတ်ကို သူဘယ်တော့မှ နားလည်မှာ မဟုတ်။ သူ့မျက်စိထဲမှာ တာရာ့ကို ထင်ရာ လုပ်နေတဲ့ ကိုယ့်အတ္တပဲ ဗဟိုပြုတဲ့ စည်းမရှိကမ်းမရှိတဲ့ လူတစ်ယောက်လို့ပဲ မြင်နေတာ။ သူ့ရဲ့ အောင်မြင်မှုဟာ တာရာ့ အတွက်ဘယ်တုန်းကမှ ခေါင်းထဲ ရှိတဲ့ အရာ မဟုတ်ဘူး။ ဒါပေမယ့် တခြားလူတွေ ကြားမှာ သူဟာ တောက်ပတဲ့ ပုံပြင်တစ်ပုဒ်ဖြစ်စေချင်တယ်။ လင်းကို လူတွေ မုန်းမနေစေချင်ဘူး။ လင်းက လူတွေ ကို စေတနာထားသလောက် သူ့ ထက်မြက်မှုကို မလိုက်နိုင်ရင် သူ့စည်းကမ်းကို မလိုက်နိုင်ရင် အဲဒီ့လူတွေ ကို ချန်ထားတတ်တဲ့ အကျင့်ရှိတာ။ အမှီအခို ကင်းလွန်းပြီး သိပ်ကို ပါဖက်ရှင်နစ် ဖြစ်တာတွေကို တာရာက သိတယ်။ နောက်ဆုံးတော့ တာရာက လင်းကို စကား စပြောတယ်

“ လင်း သိလား။ တာရာ ဒီမြို့လေးမှာလေ ဒီလမ်းကို အချစ်ဆုံးပဲ။ ပထမဆုံးအကြိမ် ဒီလမ်းကို စလျှောက်ဖူးကတည်းက အကိုလည်း ဒီလမ်းကို ကြိုက်မယ်လို့ သိတယ်”
“လမ်းချင်းကတော့ ဘယ်လမ်းဖြစ်ဖြစ် အတူတူပါပဲ တာရာရယ်။ လျှောက်ရတာပါပဲ”

တွေ့လား ဒါမျိုး ကိုးလို့ကန့်လန့်တွေက ပြောနေကျ။ ကိစ္စတော့မရှိ သူ့မျက်နှာ ပြုံးယောင်သန်းတာ တွေ့သားပဲ။ လူတစ်ယောက်ရဲ့ နှလုံးသား က ဘယ်လောက်စက်ရုပ်ဆန်နိုင်မှာမို့လဲ။

“လမ်းချင်းတူပေမယ့် ထင်းရှူးပင်တွေ ။ ချယ်ရီပင်တွေနဲ့ မြူတွေက လမ်းတိုင်းမှာမှ မရှိတာ”

ပြီးတော့ လမ်းတိုင်းကို လင်းနဲ့လျှောက်ရတာမှ မဟုတ်တာ။ ဒါက စိတ်ထဲမှာ ဆက်ပြောဖြစ်တာ။ နေရောင်နည်းနည်းလေး ထပ်ပွင့်လာတော့ နေရောင်ခြည်တွေက ထင်းရှူးပင်တန်းပေါ်ကို အလင်းတန်းတွေအဖြစ် ခပ်ဖျော့ဖျော့လေး ဖြာဆင်း လာသည်။ အခုလို လှတဲ့အချိန်မှာ တာရာက လင်းနဲ့ အတူရှိနေတာ။ လင်းဆီကို အကြည့်က ဖျတ်ခနဲအရွေ့မှာ မျက်လုံးချင်း ဆုံသွားသည်။ ဟိုး အရင်တစ်ခါက တာရာနဲ့ လင်း ကော်ဖီဆိုင်မှာ တခြားလူတွေကို ထိုင်စောင့်တုန်းက တာရာ့ ပါးပေါ်မှာ သကြားပွင့်တွေ ကပ်နေတယ် ဆိုပြီး လင်းက လက်ညှိုးနဲ့ အသာ ဖယ်ပေးခဲ့တာကို ဖျတ်ကနဲ သတိရသွားတယ်။ ခံစားချက်နဲ့ ပတ်သက်ရင် ခံစားသူမှာသာ တာဝန်ရှိတယ်လို့ တာရာက ယုံကြည်တယ်။ တာရာက တစ်စုံတရာကို ပြင်းပြင်းထန်ထန်ခုခံနေရတာမှာ လင်းရဲ့ တာဝန် တစ်စက်တောင်မရှိ။ တိမ်တွေ ဆိုတာ အငွေ့တွေ စုပြီး အစိုင်အခဲ အဖြစ်ရှိနေတာ။ လင်းသာ တော်လွန်းရင် တာရာ့ရဲ့ တိမ်တွေကို တွေ့မှာပဲ။ အရာအားလုံးက အဓိပ္ပာယ်ဖွင့်ဖို့ သက်သေပြဖို့မှ မလိုတာပဲ လင်းရယ်။

“လင်းရေ တာရာတို့ပြန်လှည့်ရအောင်”
“ တာရာ ပြန်ချင်ပြန်လေ အကို ဆက်လျှောက်အုံးမယ်”

တာရာ သိပါတယ်။ လင်း တာရာ မပါတဲ့ လမ်းတွေကို ဆက်လျှောက်ရမယ်။ တာရာ လိုက်မပေးနိုင်တဲ့ လမ်းတွေ။

“တာရာ ပြန်လှည့်တော့မယ်နော်”

ဘာမှ ပြန်မပြော ခေါင်းပဲညိမ့်ပြတယ်။ တာရာနောက်ပြန်လှည့်လာရင်း နည်းနည်း ဝေးဝေးရောက်သွားတော့ မှ သူ့ကို ပြန်လှည့်ကြည့်ဖြစ်တယ်။ လင်း ရဲ့ ကျောပြင် က တဖြေးဖြေးဝေးသွားနေတယ်။ အပြန်လမ်းမှာ အရာအားလုံးဟာ သစ်ပင်ဆီက လေတိုးသံက လွဲပြီး တိတ်ဆိတ်လို့။ တာရာ ခြေသံကလွဲပြီး တိတ်ဆိတ်လို့။ သေချာပါတယ်။ တာရာက ကိုယ့်ဘာသာကိုယ် ပိုင်စိုးသူပဲ။ လေချွန်ရင်း လမ်းလျှောက်လာခဲ့တယ်။ ခုလောက်ဆို ကို နိုးနေလောက်ပြီ အခန်းထဲမှာ ဖွထားလောက်ပြီ။ ဒါမှမဟုတ် မနက်စာကို တာရာ့ကို မစောင့်ပဲ စားနှင့်လောက်ပြီ။ တာရာ ဘယ်ရောက်သွားလဲ ဆိုတာတောင် စဉ်းစားမိမှာမဟုတ်။ ပြန်ရောက်တော့ ထင်တဲ့အတိုင်းပဲ မနက်စာစားတဲ့ အခန်းထဲမှာ ဆူလို့ညံလို့။

“လင်း နဲ့ လမ်းလျှောက်တာလား။ လင်းရော ဘယ်မှာကျန်ခဲ့လဲ”

တစ်ချက်လှမ်းမေးပြီး အဖြေတောင် မပေးရသေးခင် သူငယ်ချင်းတွေနဲ့ ဟီးဟီးဟားဟားဆက်လုပ်ပြီးကျန်ခဲ့သည်။ ကော်ဖီခွက်ကို အသာယူပြီး ဟိုတယ်ခြံဝန်းလေးထဲက ခုံတန်းပေါ်မှာ ထိုင်လိုက်သည်။ လင်း ဘယ်အထိများ ဆက်လျှောက်မှာပါလိမ့်။ နေ့ရက်တွေ ကုန်တဲ့ အထိတော့ တစ်ယောက်တည်း မလျှောက်လောက်ပါဘူးလေ။ တစ်နေ့နေ့ မှာတော့ လမ်းလျှောက်ဖော်ရှိလာမှာပေါ့။ အဲဒီ့နေ့ကို တာရာ ရင်ဆိုင်နိုင်မလားမသေချာပေမယ့် ရင်ဆိုင်ရမှာပဲ။ သက်တံ ဆိုတာ မြင်ရင်တော့ ငေးကြည့်ရတာပေါ့ ။ နေ့စဉ် ဘ၀မှာတော့ သက်တံကိုချည်း ထိုင်မျှော်နေလို့ ဘယ်ဖြစ်မှာလဲ။

ပျိုးလက်ဟန်

ပင်မစာမျက်နှာသို့ပြန်သွားမည် >>