Lotayamm

search
မာတိကာ

contents

ထိပ်ဆုံးစာမျက်နှာ > ဝတ္ထုများ

ကျာကျူး (အပိုင်း ၂)
Chapter 1
ခင်ခင်ထူး

ကျာကျူးက အရွယ် မရောက်တရောက် ဆိုတော့ စိတ်က `နှစ်ဖန်လှ’ ပါ။ ကြီးပြင်းရတဲ့ ပတ်ဝန်းကျင်နဲ့ အခြေခံ ပညာချို့တဲ့ရှာသူ ဆိုတော့ လူရေလည်လှတယ် ပြောမဖြစ်ပါဘူး။ တစ်ခါတလေ ကြီးကောင်ဝင် စိတ်ကလေးနဲ့ ရေချိုးမိုးချိုး၊ ဖြီးဖြီးလိမ်းလိမ်း ရှိသလို၊ တစ်ခါတလေ ပေစုတ်စုတ်နိုင်တဲ့ ကလေးဆိုး တစ်ယောက်လို ခေါင်းမလျှော် ရေမချိုး ညှင်းသိုးသိုးနဲ့ ရှိချင်လည်းရှိတယ်။

မအေပြောပုံတော့ ရေတိုင်မှာ ရေချိုးဖို့ တစ်ခါတလေ ရိုက်နှက်လွှတ်ရသတဲ့။ မချိုးပါဘူးရယ်လို့ ဇွတ်ကြီး ပေနေတာမျိုးနဲ့ ခံတန်တန် လုပ်နေတတ်သတဲ့။ ရေချိုးချင်တော့လည်း ရေတိုင်ကျောက်ပြားပေါ် တင်ပြင်ချိတ်ပြီး သီးချင်းအေးအေးနဲ့ ချိုးနေလိုက်တာ အသားတွေ ပြာ၊ လက်ချောင်းတွေ ပဲကြီးရေ တွန့်တာတောင် မထဘူး ဆိုတာတောင် ပါရဲ့။ မအေက `ညည်းဟာက လွန်လွန်းတယ်... ခုထခဲ့’ ဆိုပြန်တော့ `အမေတို့ပဲ အမျိုးမျိုး’ လို့ အသံစူးစူးနဲ့ ပြန်အော်တာလည်း ရှိသတဲ့။ တကယ်တော့ ကျာကျူးက ရွဲ့နေတာ မဟုတ်ပါဘူး။ သူ့စိတ်ထဲ ရေချိုးချင်လို့ ထချိုးတာပဲ။ သူ့ဝသီဖြစ်တဲ့ အထနှေးခြင်းနဲ့ ပေါင်းလိုက်တော့ ကြာချင်တိုင်း ကြာပြီပေါ့။ သုံးလေးရက် ရေမချိုး ထား ဝတ်ထားတဲ့ အင်္ကျီ၊ ထဘီ၊ ဂါဝန်၊ စကပ် ဆိုတာများကလည်း သုံးလေးရက် မချွတ်တော့တာများလည်း ရှိတယ်။ ကန့်လန့်လိုင်းစင်း တီရှပ်လို အင်္ကျီကို အဝတ်များလို့ တစ်ခါတော့ ကျွန်မက မေးကြည့်တယ်။

"က်ာက်ဴး အက်ႌကေလး လွလုိက္တာ ဘယ္က ဝယ္တာလဲ"
"ကူမဲက အဒေါ် ရှိတယ် မဟုတ်လား.. ကျွန်မတို့အိမ် လာတဲ့ ရာဂျားတို့ အမေလေ... အမေ့ အစ်မလေ.. သူ့ယောက်ျားက ဈေးထဲမှာ စမူဆာတို့ ရောင်းတယ်လေ..."
"အေး... ပြောပါဦး"

စကားက အင်္ကျီဆီ မရောက်နိုင်သေးပေ သည်းခံရတယ်။ သူပြောချင်တာ တစ်ခုခုရှိလို့ စကားခင်းတာနေမှာလို့လည်း တွေးမိလို့ပါ။ ဒါပေမဲ့ စကားက ထွက်မလာပါဘူး။ ဝါကျတစ်ကြောင်း ပြောင်းသွားပြီးလို့ ပုဒ်မ နှစ်ချောင်း ချလိုက်သလို ရပ်သွားတာပါ။ ကျွန်မကိုတောင် သဘောပေါက်ပြီလား ဆိုတဲ့ မျက်နှာနဲ့ ကြည့်နေလေရဲ့။ ကျွန်မက "ဟဲ့ ဆက်ပြောဦးလေ" ဆိုတော့မှာ "ဘာကိုလဲ" တဲ့။
"အင်္ကျီကလေး က လှလို့ ဘယ်က ဝယ်တာလဲ မေးတာလေ" ဆိုတော့မှပြုံးတယ်။ ပြီးမှ ကျွန်မကို သဘောမပေါက်ရန်ကော ဆိုတဲ့ လေနဲ့ ပြောလေရဲ့။
"ဦးဘာဘူ ဝယ်ပေးတာလေလို့ ဆရာမကြီးကို ပြောပြီးပြီးလေ"
"ဦးဘာဘူက ဘယ်က ပါလာတာတုန်း ကျာကျူးရဲ့... လုပ်ပြန်ပြီ"
"ရာဂျားတို့ အဖေလေ ကူမဲ က"

အဲသလို ဖြစ်တာတွေများလို့ ကျွန်မစဉ်းစားကြည့်တယ်။ သူ့စိတ်ထဲတော့ စကားတွေ စဉ်းစားပြီးသား ဖြစ်လောက်ပါတယ်။ နှုတ်က ထွက်လိုက်လို့ စကားကျန်ပေမယ့် ပြောမိလိုက်တယ်လို့ ထင်ပုံရရဲ့။ သူပြောချင်တော့လည်း စကားမကျန်ရုံ မကဘူး၊ စကားတွေ ပိုလွန်းလို့ တော်ပါတော့အေ အော်ယူရတယ်။ ပြောခဲ့သလိုပါပဲ။ ကျာကျူးကတစ်ခါတလေ ကလေးစိတ်၊ တစ်ခါတလေ ကြီးကောင်ဝင် စိတ်နဲ့ဆိုတော့ ကျွန်မတို့က နားလည်ပေးရတယ်။ ကျွန်မက တစ်ကိုယ်ရေသန့်ရှင်းမှုနဲ့ မိန်းကလေးတစ်ယောက် နေပုံထိုင်ပုံတွေ ဟင်းရွက်သင်ရင်း၊ ပဲစေ့ညှစ်ရင်း ပြောပြရတယ်။

"မိန်ကလေးဆိုတာ နေ့တိုင်း ရေချိုးရတယ်... လက်သည်းခြေသည်းတွေ ရှည်တော့ လှီးရတယ်... လက်သည်းကြားထဲမှာ ပိုးမွှားတွေ ခိုနေတတ်တယ် ကျာကျူးရဲ့... ဝမ်းပျက်ဝမ်းနာ ဖြစ်တတ်တယ်"
"ဗီဒီယိုထဲက မင်းသမီးတွေကျတော့ ဘာဖြစ်လို့ လက်သည်း မလှီးကြတာလဲ အရှည်ကြီးတွေပဲ... သူတို့ကျတော့ ပိုးမွှားမဝင်ဘူးလား"
"သူတို့လည်း ဝင်မှာပေါ့ ကျာကျူးရဲ့... ဒါပေမဲ့ သူတို့က သန့်သန့်ရှင်းရှင်း နေကြတာပေါ့... မင်းသမီးတွေဆိုတော့ လက်ကလေး လှအောင် ထားကြရတာကိုး... လက်သည်းပေါ် ပန်းချီ ပုံကလေးတွေတောင် ဖော်ထားကြတာ မတွေ့ဘူးလား"
"တွေ့တယ် ဆရာမကြီး..."

ကျာကျူးက နည်းနည်းတော့ တွေသွားပုံရတယ်။ ရိုးရိုးလူတွေကို လက်သည်း အရှည်မထားရ ဘူး၊ မင်းသမီးတွေကျတော့ ထားစေ ဆိုတော့ ဘာသဘောများပါလိမ့်လို့ တွေးမိတယ် ထင်ပါရဲ့။ ကျွန်မက သည်စကား ဆက်ရှင်းနေရင် ရှည်မှာစိုးတာနဲ့ သွားလည်း မှန်မှန်တိုက်ရတယ်၊ သနပ်ခါးလည်း မှန်မှန်လူးရတယ် စသည်ဖြင့် ပြောပြတယ်။ ကျွန်မက သနပ်ခါးတုံးကလေးတွေ ပေးတော့လည်း မက်စက်ရှာတယ်။ သနပ်ခါးတုံးပေးပြီး နှစ်ရက် သုံးရက်ကတော့ သနပ်ခါးတွေ ဖွေးနေတော့တာပါ။ ရေချိုး မချိုးတော့ ကျွန်မလည်း မသိတော့ အာမ မခံနိုင်ဘူးပေါ့။ သုံးရက်ကျော်လို့ လေးရက်လောက် ဆိုရင်တော့ မျက်နှာ အဆီပြန်ကလေးနဲ့ ဒုံရင်းဒုံရင်းပါပဲ။ တစ်ခါတော့ ကျွန်မနဲ့တင် မဖြစ်လောက်လို့ ကိုယ်စောင့်နတ်နဲ့ ခြောက်ရတယ်။

"ကျာကျူး... လူတစ်ယောက်စီမှာ ကိုယ်စောင့်နတ်ရှိတယ် သမီးရဲ့... သန့်ရှင်းတဲ့ လူတွေကို စောင့်ရတဲ့ ကိုယ်စောင့်နတ်က အင်မတန် စိတ်ချမ်းသာသတဲ့၊ ဩော်... ငါစောင့်ရတဲ့လူက သန့်ရှင်းလိုက်တာ... ရေလည်း မှန်မှန်ချိုးတယ်၊ သွားလည်း မှန်မှန်တိုက်တယ်၊ အဝတ်အစားလည်း နေ့တိုင်း သန့်သန့်ရှင်းရှင်း ဝတ်တယ်ပေါ့လေ... အဲဒီလို ဆိုတော့ ကိုယ်စောင့်နတ်က ချစ်တယ် ကိုယ်စောင့်နတ်က ချစ်ရင် ကိုယ့်ကို အမြဲတမ်း စောင့်ရှောက်နေတာပဲ အိပ်မက်ကောင်း မက်တယ်... ပိုက်ဆံတွေ ဝင်တယ်...လူချစ်လူခင် များတယ်... လမ်းမှာ ခလုတ်မတိုက်ဘူး ဆူးမညိဘူး...။ ရေလည်း မချိုးဘူး၊ သွားလည်း မတိုက်ဘူး.. မိန်းကလေး ဖြစ်ပြီး ကစုတ်ကညစ်နေရင် ကိုယ်စောင့်နတ်က မုန်းရော"
"ဆရာမကြီး ကိုယ်စောင့်နတ် မြင်ဖူးလား"
"မြင်ဖူးတာပေါ့ ကျာကျူးရဲ့"
"ဘယ်လိုဟာလဲ"
"နတ်သားပေါ့... ပွဲထဲမှာ နတ်သားတွေ မြင်ဖူးလား... အဲဒါမျိုးပေါ့... ကိုယ်စောင့် နတ်ကျတော့ ကိုယ်ရောင်ကိုယ်ဝါ တောက်ပတာပေါ့... တဖိတ်ဖိတ်နဲ့ပေါ့အေ... နတ်ခေါင်းဆောင်းတို့ စလွယ်တို့ ဖိနပ်တို့က ရွှေအစစ် နဲ့ လုပ်ထားတာဆိုတော့ ဝင်းစက်နေတာပဲ"
"ကိုယ်စောင့်နတ်က မြန်မာလို ပြောတာပေါ့... ဟုတ်လားဆရာမကြီး"
"အေးပေါ့ ကျာကျူးရဲ့...မြန်မာလို ပြောလို့ ဆရာမကြီး နားလည်တာပေါ့... နတ်စကားနဲ့ ပြောရင် ငါ ဘယ်သိ ပါ့မလဲ"

ကျာကျူးက ကိုယ်စောင့်နတ် ဆိုတာတော့ စိတ်ဝင်စားပုံပါ။ သူ့မျက်စိထဲ ကိုယ်စောင့်နတ်ကို ရုပ်လုံးဖော် ကြည့်နေတယ်နဲ့ တူပါရဲ့။ စကားသံတိတ်သွားပြီး မျက်လုံးပြူးကလေးနဲ့ ကျွန်မကို စိုက်ကြည့်နေတော့တာ။ ကျွန်မက သူစိတ်ဝင်စားတုန်း ဆက်ပြောလိုက်တယ်။

"ကိုယ်စောင့်နတ်က နတ်သဘင် အစည်းအဝေးသွားတဲ့ခါ ကိုယ်စောင့်ရတဲ့လူအကြောင်း နတ်ပြည်မှာ ပြောပြရတယ်... ဆိုပါတော့... ကျာကျူးကို စောင့်တဲ့နတ်က နတ်သဘင် အစည်းအဝေးမှာ ကျုပ်စောင့်ရတဲ့ မိန်းကလေး က အင်မတန် ညစ်ပတ်ပါတယ်၊ ရေလည်း မချိုးဘူး... အဝတ်အစားလည်း မလဲဘူး... သနပ်ခါးလည်း မလိမ်းပါဘူးဆိုရင် နတ်စာရင်းကိုင်က မှတ်ထားတာ... နှစ်ခါက သုံးခါ စာရင်းထဲပါရင် အပြစ်ပေးတာပေါ့"

ကျာကျူး ယုံသလား၊ မယုံလေသလားတော့ မသိပါဘူး။ ကျွန်မက စိတ်ကလေးမှ ပြင်ပါရစေတော့ ဆိုပြီး ပြောရတာပါ။ အကဲခတ် ရသလောက်တော့ နည်းနည်းကလေး လန့်သွားပုံတော့ ပေါ်ပါရဲ့။ ခတ်တာက ကျာကျူး မျက်နှာက အကဲဖမ်းလို့ မရဘူး။ ကျာကျူးက မေးပါလေရော။

"ကိုယ်စောင့်နတ်က ကျွန်မနာမည် သိပါမလား"
"ဟဲ့... ကျာကျူး ဆိုမှတော့ သိပြီးပေါ့ဟဲ့... ညည်းနာမည် ကျာကျူးပဲဟာ"
"ကျာကျူးက နာမည်အရင်း မဟုတ်ဘူး ဆရာမကြီးရဲ့... နာမည်အရင်းက မြသန္တာနွယ်လေ"

ကျာကျူးကို မြသန္တာနွယ်ဆိုတဲ့ နာမည်ရှိမှန်း ကျွန်မတို့ မသိပါဘူး။ မအေကလည်း ကျာကျူး၊ ဖအေကလည်း ကျာကျူး၊ ကူမဲ၊ မြစ်သားဘက်က သူတို့ဆွေမျိုးတစ်သိုက် လာကြတော့လည်း ကျာကျူး ခေါ်ကြတာပဲ မဟုတ်လား။ ကျာကျူးက မြသန္တာနွယ် ဆိုတော့ ကျွန်မ မရယ်မိအောင် မျက်နှာပိုး သတ်ထားရတယ်။ ကိုယ်စောင့်နတ် ရှိတယ် ဆိုတာလည်း ယုံပုံရပါရဲ့။ နတ်သဘင် အစည်းအဝေး ဆိုတာလည်း ယုံပုံရပါရဲ့။ ညစ်ပတ်ရင် နတ်စာရင်းမှတ်တယ် ဆိုတာလည်း လက်ခံပုံ ပေါ်ပါရဲ့။ ဒါပေမဲ့ နတ်စာရင်းမှာ ကျာကျူးဆိုတဲ့ နာမည်နဲ့ စာရင်းပေါက်လေသလား၊ မြသန္တာနွယ် စာရင်းပေါက်လေသလား ဆိုတာကို ဝေခွဲမရ ဖြစ်နေပုံပါ။ ကျွန်မ ထင်မထားတဲ့ ထောင့်က တွေးတဲ့ ကျာကျူးကို ဘယ်လို နားလည်ရမှန်းတောင် မသိတော့ပါဘူး။ ကျွန်မကလည်း ဘယ်လို ပြန်ပြောရပါမလဲ တွေးရပါပြီ။

"ကျာကျူး ခေါ် မြသန္တာနွယ်ပေါ့ အေရဲ့"
"တစ်မျိုးရှိသေးတယ် ဆရာမကြီးရဲ့"
"ဟေ... လုပ်ပါဦးအေ... တို့လည်း မသိရပါလား"
"ကုလား နာမည်လေ ကျွန်မ မမှတ်မိတော့ဘူး"
"ကျာကျူးက ကုလား နာမည် မဟုတ်ဘူးလား"
"ကျာကျူးက တခြားနာမည်"
"ဘယ်လို တခြားနာမည်တုန်း ကျာကျူးရဲ့ ညည်းဟာ ခေါင်းရှုပ်လိုက်တာအေ"
"ဆရာမကြီးတောင် ခေါင်းရှုပ်ရင် ကိုယ်စောင့်နတ်လည်း ခေါင်းရှုပ်မှာပဲ"

ကျွန်မလည်း သည်စကား သည်မှာတင် ရပ်လိုက်ရတာပါပဲ။ ကျာကျူးက တခြားနာမည်ဆိုတာ အိမ်မှာ ချစ်စနိုးခေါ်တဲ့ နာမည် ထင်ပါရဲ့။ အဲသလို မပြောတတ်လို့ တခြားနာမည်လို့ ပြောတာ နေမှာပါ ကျာကျူးက ကိုယ်စောင့်နတ်လည်း ခေါင်းထဲ ထည့်ပုံ မပေါ်ပါဘူး။ ခါတိုင်းလိုပဲ ရေချိုးချင် ချိုးတယ်၊ မချိုးချင် မချိုးဘူး။ အင်္ကျီ အဝတ်အစားလည်း လဲချင်မှလဲတယ်။ ကျွန်မ သမီး ဖွေးဖွေးက အရွယ်သာ ခုနှစ်သမီး၊ လူပုံကထွားထွား ဆိုတော့ သမီးအင်္ကျီတွေက ဆယ့်သုံးနှစ်သမီး ကျာကျူးနဲ့ အတော်ပဲ။ အဲဒီလို ဆိုတော့ သမီးအင်္ကျီ လတ်လတ်လောလော ကလေးတွေ ကျာကျူးကို ပေးရတယ်။ ဝတ်လည်း ဝတ်ပါရဲ့။ ကျာကျူးက ပိန်ပိန်ပါးပါး ကျူရိုးကလေးလောက် ရှိတာ မဟုတ် လား။

တစ်ခါများ ရယ်စရာ ကြုံရတာလေး မှတ်မိတယ်။ ကျွန်မတို့ ခြံထဲမှာ ပန်းပင်တွေစိုက်ထားတော့ နှင်းဆီလို၊ စံပယ်လို ပန်းတွေ အူနေအောင် ပွင့်ကြပြီဆိုရင် လိပ်ပြာကလေးတွေ တဝဲဝဲ ရှိတတ်ပါတယ်။ သမီးက လိပ်ပြာကလေးတွေ ဟိုဟိုသည်သည် ကူးကူးလူးလူး ပျံကြနားကြတာကို သဘောကျလို့ လိုက်ဖမ်းတတ်တယ်။ လိပ်ပြာကလေးတွေက အရောင်စုံတော့ ကလေးသဘာဝ လိုချင်ရှာတာပေါ့။ ဖမ်းလို့ မရနိုင်တော့ ကျာကျူးကို လိပ်ပြာကလေးတွေ ဖမ်းပေးဖို့ ပြောနေတာ ကျွန်မ ကြားတယ်။ ကျွန်မလည်း ကိုယ်အလုပ်နဲ့ကိုယ် ဆိုတော့ ကျာကျူးနဲ့ သမီး ခြံထဲမှာ ဘာတွေဖြစ်လို့ ဖြစ်နေမှန်း မသိလိုက်ဘူး။ တအောင့်လောက်နေတော့ သမီးက ငိုပြီး လာတိုင်တယ်။ ကျာကျူးက လိပ်ပြာဖမ်းမပေးတာ တစ်ပြစ်၊ သမီးကို ရန်လုပ်တယ် ဆိုတာက တစ်ပြစ် တဲ့။ အသံပြဲကြီးနဲ့ အော်ငိုနေတော့ ကျွန်မလည်း ကပျာကယာ ပြေးထွက်သွားပြီး အကျိုးအကြောင်း မေးရတယ်။ ကျာကျူးကလည်း မျက်နှာတွေ ပျက်လို့။

"ဖွေးဖွေးက လိပ်ပြာဖမ်းခိုင်းတယ် ဆရာမကြီး၊ ကျွန်မက ဖမ်းမပေးဘူး... ဖွေးဖွေးကိုလည်း မဖမ်းနဲ့လို့ ပြောရတယ်... ကျွန်မက လိပ်ပြာတွေ ပန်းပွင့်ပေါ်နားရင် ခြောက်ထုတ်ပစ်လို့ ငိုတာ"

ကျွန်မက ကျာကျူးမှာ သနားစိတ်ကလေး ရှိရှာတယ်လို့ အောက်မေ့မိတယ်။ လိပ်ပြာကလေးတွေကို သမီးဖမ်းတယ် ဆိုတာလည်း မိရတယ် မရှိပါဘူး။ မိရင်လည်း အတောင်ပံကလေးတွေကို ကြည့်ပြီး ပြန်လွှတ်မယ် ဆိုတာလည်း ကျွန်မသိတယ်။ ဒါပေမဲ့ ကျာကျူးက လိပ်ပြာဖမ်းတာကိုပဲ ခါးခါးသီးသီး ရှိနေလို့ သေချာအောင် မေးတော့မှ သိရတာပါ။

ပြောတာလည်း ကြည့်ဦးလေ။ "ကျွန်မ ဖမ်းပေးရင် ကျွန်မကို လိပ်ပြာနုတ်မှာပေါ့ ဆရာမကြီးရဲ့" တဲ့။ ကျွန်မလည်း ကျာကျူးပြောမှ အားရပါးရ ရယ်မိတော့တယ်။ သည်စကား ကလေးမ ဘယ်ကများ ကြားထားပါလိမ့်။ လူကြီးတွေပြောတာ ကြားရာက သည်လိပ်ပြာ ကောင်လေးတွေလို့ ထင်ရှာတယ်နဲ့ တူပါရဲ့။ ကျွန်မက လိပ်ပြာဆိုတာ သည်လိပ်ပြာကို ပြောတာ မဟုတ်ပါဘူး ကျာကျူးရယ် ဆိုတော့လည်း မျက်လုံးလေး ပြူးလို့။

ကျွန်မတို့ ပန်းပင်တွေကြား တစ်ခါတလေ တွေ့တတ်တဲ့ ခရုကောင်ကြီးတွေကို ကျွန်မကိုယ်တိုင် အူယားလွန်းလို့ ကျာကျူး လုပ်ပါဦး ဆိုရင် လက်ကို ကျွတ်ကျွတ်အိတ် စွတ်ပြီး ကောက်တယ်။ ပြီးရင် လမ်းပေါ်မှာ တစ်ကောင်ချင်း သွားထားတော့တာပါ။ ခရုလုံးကြီးတွေကို အကြောက်အလန့် မရှိဘူး၊ ခရုတွေ ပုံပြီးပြီဆိုမှ ဆားဖြူးတော့တာပါ။ ကျွန်မက ကျာကျူးရဲ့ ခရုစစ်ဆင်ရေးကို မကြည့်ဝံ့ဘူး။ အဲသလို ခရုလုံးကြီးတွေကို မကြောက်တဲ့ ကျာကျူးက လိပ်ပြာအသေ တစ်ကောင် တွေ့ရင်တော့ ငန်းတော်ကျား တွေ့သလိုပါပဲ။ ထခုန်တော့ တာပါ။

တစ်လောက ကျာကျူး ကျွန်မတို့ အိမ်ကို အကူးအသန်း မရှိပြန်ဘူး သူတို့အိမ်ကလေးဘက် လှမ်းကြည့်တော့လည်း လူမရှိတာများလို့ ဈေးတစ်လှည့် ရောင်းကြပြန်ပြီနဲ့ တူပါရဲ့ အောက်မေ့မိတယ်။ ကျာကျူး ရရင် ရသလို ဈေးထရောင်းချင် ရောင်းတာဆိုတော့ မိုးလင်းရင် ထွက် မှောင်မှ ပြန်ရောက်နေကျကိုး။ ကျွန်မတို့ လမ်းထဲမှာလည်း မျက်နှာစာမှာ အိမ်ခြေ မရှိသလောက် ဆိုတော့ လူသူလေးပါး ရှင်းတယ်။ ရင်ပေါင်တန်း အိမ်တွေကလည်း ကလေးသူငယ် မရှိကြတာတစ်ကြောင်း၊ ကျာကျူးလို ကောက်ကာငင်ကာ ခိုင်းနိုင်တဲ့ အရွယ် မရှိတာတစ်ကြောင်း ဆိုတော့ ကျာကျူး မရှိတာ ကျွန်မအဖို့ရာ နှံကောင်များ လက်အဆစ် ပြုတ်သလိုပဲ။

တစ်ရက်တော့ မိုးတောင် မလင်းသေးဘူး၊ ဆိတ်အော်သံတွေ ကြားလို့ ဘယ့်နှယ့်ကပါလိမ့်လို့ အိပ်ရာထဲက တွေးမိတယ်။ အိမ်ရာက နိုးလို့ လှမ်းကြည့်တော့ ကျာကျူးတို့ အိမ်ရှေ့က သစ်ပင်ကလေးမှာ ဆိတ်နှစ်ကောင် ပြူးပြူးပါလို့။ အဝေရာကိုင်း နှစ်ကိုင်း ခုတ်ပြီး ချထားတာလည်း တွေ့တယ်။ အော်လိုက်တာလည်း ပွက်ပွက်ကြီး ရိုက်နေတော့ စာရေးဆရာနဲ့ ဆိတ်ခြံ မဟန်နိုင်ဘူး ဆိုတာ သေချာသွားပြီ။

ကျွန်မတို့ လမ်းထဲမှာ နွားမွေး ဆိတ်မွေး မရှိကြဘူး။ လမ်းတိုလေး ဆိုတော့ အိမ်ကလည်း မများဘူး။ အိမ်မများသလို အကြောင်းဗာဟီရ တွေကလည်း မရှိကြတော့ အရင်က ဘာသံမှ မကြားရသလောက်ဘဲ။ ကျွန်မတို့ ပြောင်းလာကာစက ကျွန်မတို့ အိမ်နဲ့ မျက်နှာချင်းဆိုင် လူမနေတဲ့ ဝိုင်းကြီးထဲမှာ သံပန်း သံတံခါး လုပ်တဲ့ လုပ်ငန်းအဖွဲ့ တစ်ဖွဲ့ ရှိခဲ့ဖူးတယ်။ ယောက်ျားကြီး လေးငါးယောက်က သံတံခါးကြီး တွေ၊ သံထည်ပစ္စည်းတွေ တဒိန်းဒိန်း တဒေါင်းဒေါင်း ရိုက်ပုတ် ထုနှက်နေကြတဲ့ အသံတွေဆိုတာ နားမခံသာဘူး။ အဆိုအဆဲကလည်း ပါသေးတာပါ။

သူတို့သုံးတဲ့ မီးစက်ကြီးကလည်း တစ်ရပ်ကွက်လုံး စကားပြော မဖြစ်ဘူး။ အဲသလောက် အသံမြည်တဲ့ မီးစက်မျိုး ကျွန်မမကြုံဖူးဘူး၊ မြေကြီးတွေတောင် တုန်လို့။ အနားက အိမ်တွေက ရပ်ကွက်လူကြီး တိုင်တော့လည်း အကြောင်းမထူးဘူး ဆိုလို့ စိတ်များတောင် ပျက်မိပါရဲ့။ နောက်တော့လည်း ခြံဝိုင်းက ဈေးတည့်သွားလို့တဲ့၊ အုံလိုက် ပြောင်းသွားကြလို့ ခြံဝယ်သူဌေးကို ကျေးဇူးတောင် တင်မိပါရဲ့။ သံပန်းဆရာက ထွက်ကာနီး ရပ်ကွက်ကို ရန်လုပ်သွားသေးတာပါ။ သည်ကတည်းက အင်မတန် အေးချမ်း သွားခဲ့တယ်၊ တစ်ကွက်ငုတ် ရပ်ကွက်ဆိုတာ့ လမ်းမကြီးနဲ့၊ လှမ်းတဲ့အပြင်၊ တစ်ဘက်လမ်းကလည်း လမ်းပျက် ဆိုတော့ တော်ရုံ ကား ဆိုင်ကယ် အသွားနည်းတယ်။

အဲသလို လမ်းထဲမှာ ကျာကျူးတို့အိမ်ကို ဆိတ်နှစ်ကောင် ရောက်လာခြင်းဟာ သံပန်းသံတံခါး လုပ်ငန်း ရောက်လာသလိုပါပဲ။ ဆိတ် နှစ်ကောင်က ကိုယ့်နေရာ မဟုတ်၊ ကိုယ့်သခင် မဟုတ် လိုက်လာရတာကို သိပုံ ပေါ်ပါရဲ့။ သံချီသံချ နှစ်ကောင် ပြိုင်တူ၊ တစ်ခါတလေ နှစ်ကောင် တစ်လှည့်စီ အော်နေကြတာ အရပ်အစဲ မရှိကြဘူး။ လှမ်းမြင်ရသလောက်တော့ ဆိတ်နှစ်ကောင်က မတိမ်းမယိမ်းရယ်၊ ကျာကျူးက ရှေ့မတိုးတော့ဘူး။

"လာဟဲ့ လာလေ... နင်တို့ကို အစာကျွေးမှာလေ... ဒါအရင်က နင်တို့အိမ် မဟုတ်တော့ဘူး... နင်တို့ သခင်လည်း မဟုတ်တော့ဘူး... နင်တို့ ဆိတ်ဖြစ်ပြီး သည်လောက်တောင် နားမလည်ဘူးလား... ငါ နင်တို့ကို ဘာမှမလုပ်ဘူး... ငါ့စကား နားမထောင်ရင် နင်တို့ ဘယ်လို အစာစားမလဲ... လာလေ"

ကျာကျူးက ဆိတ်ကို အော်နေတဲ့အသံ ကျွန်မတို့အိမ်က ကြားနေရလို့ လှမ်းကြည့်ရင် ကျာကျူးက ဆိတ်လည်ပင်းကို ချည်ထားတဲ့ ကြိုးရှည်စကို တရွတ်ကန်ဆွဲ နေတာ မြင်ရပြီ၊ ဆိတ်ကလည်း ပေရွတ်ရွတ် ဆိုတော့ ကျာကျူးရယ် နင့်လောက်တော့ အပျော့ပေါ့ဆိုတဲ့ အာခံမှုနဲ့ နောက်ကို ပြန်ကန်ထားလိုက်တာ တစ်ထစ် မရွေ့ဘူး၊ ကျာကျူးကလည်း ဆွဲ၊ ဆိတ်ကလည်း တောင့်ခံ။ ကျွန်မက ကျွန်မ အိမ်သားကို ခေါ်ပြတော့ သူကလည်း အသာကြည့်ရအောင်တဲ့။ ကျာကျူးက ကြိုးကိုလည်း မလွှတ်ရဲဘူး၊ မသကာ ကြိုးလွတ်ပြေးရင် လိုက်ဖမ်းဖို့ ခက်ပြီလေ။ သူ့နဂို ချည်တိုင်မှာလည်း ကျန်တဲ့တစ်ကောင်က တပဲပဲ အော်လိုက်တာ နားမခံသာဘူး။ တစ်ကောင်ကို ဆွဲလွဲနေတာ တွေ့တော့ ကြောက်ရှာလို့နဲ့ တူပါရဲ့။ ငယ်သံများ ပါလို့။ ခဏနေတော့ ကျာကျူးက ဆိတ်ဆွဲရာ ပါရပါပြီ။ ပါးစပ်ကလည်း အသံစူး အသံကြောင်ကလေးနဲ့ အော်နေသေးတာပေါ့။

"နင်တို့ မိဘက မသင်ဘူးလား... သူများတွေ ဆိတ်မွေးတာ အကုန်လုံး လိမ္မာတယ်... ပြောစကား နားထောင်တယ်... နင်တို့ မလိမ္မာဘူး စကားလည်း နားမထောင်ဘူး... မနေ့က ငါခေါ်တုန်းက အသာ လိုက်လာပြီးမှ အခု နင်တို့ သည်လိုလုပ်တာ ကောင်းသလား... နင်တို့ စားဖို့ အဝေရာကိုင်း ချကျွေးတာလည်း နင်တို့ မစားဘူး... မစားရင် ငတ်ကြလေ... နင်တို့ကို ဘယ်သူ သနားမှာလဲ... အစာကျတော့ မစားဘူး... ဆိတ်ချေးတွေကျတော့ ပါလိုက်တာ မနည်းဘူး... နင်တို့ဘာတွေနဲ့ ချီးပါတုန်း ငါ နားမလည်ဘူး"

ကျာကျူးက ပါးစပ်ထဲ ရှိတာတွေ ဗျစ်တောက်ဗျစ်တောက် အော်ရင်း ဆိတ်ဆွဲတဲ့နောက် ပါနေတော့တာပါ။ သူတို့ အိမ်ရှေ့ကွက်လပ် မှာက အိမ်မကြီးရဲ့နောက်ဘက် အုတ်ရေအိမ် တစ်လုံး ရှိတော့ ဆိတ်က ရေအိမ်ကို ပတ်ဆွဲလေ၊ ကျာကျူးကလည်း ကြိုးစကို ဆွဲရင်း လိုက်နေရလေ။ အခုမှ ကြည့်မိတယ်။ လူကလည်း ဂျစ်ခြောက်လိုက်လို့၊ ဆိတ်နှစ်ကောင် အော်သံတွေကြားမှာ ကျာကျူး အသံက မတိုးနိုင်ဘူး။ ကျွန်မတို့ကတော့ ကြားနေရတာပေါ့လေ။ ပြတင်းပေါက်က ကျွန်မတို့ နှစ်ယောက် ရပ်ကြည့် နေတာလည်း မြင်ပုံ မရဘူး၊ ကျာကျူး အော်သံတွေ ကြားမှာ ကျွန်မတောင် ပါလာလေရဲ့။

"နင်တို့ အဲသလိုအော်နေ... ဟိုဘက်အိမ်က ဆရာမကြီးတို့က စာရေးဆရာတွေ... သူတို့က ဆူတာ ပူတာ လုံးလုံး မကြိုက်ကြဘူး.. နင်တို့အော်တာ အရေးမကြီးဘူး ငါအပြောခံရမှာ... နင်တို့ကလည်း အော်ကို အော်လွန်းပါတယ်၊ ငါက သဘောကောင်းရင် ကောင်းတယ် နော်၊ မကောင်းရင် ဈေးထဲက ဆိတ်သားကုလားဆီ ပို့လိုက်မယ်၊ ငါ့ကို ပေါ့ပေါ့ ကောင်မ မမှတ်နဲ့"

တစ်ခါမှာတော့ ကျာကျူးက အနားက သစ်ငုတ်မှာ ကြိုးပတ်လိုက်တယ်။

သစ်ငုတ်ကိုတော့ ဆိတ်က ရုန်းမရဘူးကို။ ဆိတ်လည်း ရပ်လိုက်ရသလို ကျာကျူး ခမျာလည်း ဖင်ထိုင်လျက် လဲတော့တာပဲ။ ချွေးတွေ သံတွေနဲ့ မောပန်းတကြီး ဖင်ထိုင်ချလိုက်တော့မှ ကျွန်မတို့ ပြတင်းပေါက်က လှမ်းကြည့်နေတာကို မြင်သွားတာပါ။ ကျွန်မက "ကျာကျူး ဘယ်က ဆိတ်တွေလဲ... ဆိတ်ချောကလေးတွေ ပါကောဟဲ့" ဆိုတော့ ကျာကျူးက သူ့ခေါင်းစုတ်ဖွားကို တဗျင်းဗျင်း ကုတ်ရင်းက မျက်လုံးပြူးကြီးနဲ့ လှမ်းကြည့်တယ်။ တစ်ခုခု ပြောလိုက်တာမှန်းတော့ သိပုံပါ။ ဆိတ်အော်သံတွေနဲ့ ဆိုတော့ လေလုံး မကွဲဘူးနဲ့ တူပါရဲ့။

"ကျာကျူး ဆိတ်တွေလား... အကောင်ချောသားပဲလို့... "
ကျာကျူးက သစ်ငုတ်မှာ ချည်ထားတဲ့ ဆိတ်ကို ခဲသေးသေး တစ်လုံးနဲ့ လှမ်းထုရင်းက ပြုံးတယ်။ အားမပါလှတဲ့ အပြုံးပါ။
"ချောတော့ ချောပါရဲ့ ဆရာမကြီးရယ် ဆိုးတာတော့ ဆိုးတယ်... ကူမဲက လာလား ပြောတာတော့ ဟိုမှာ ချည်ထားတဲ့ ဆိတ်က သဦးစနေတဲ့... သဦးစနေ ဆိုတော့ ဆိုးတာပေါ့"

ကျွန်မက ကျာကျူး ပြောလိုက်တဲ့ သဦးစနေ (သားဦးစနေ) ဆိုတာကို သဘောကျလို့ ရယ်တော့ ကျာကျူးက ငုတ်တုတ်ထိုင်လျက်က သွားဖွေးဖွေးလေးတွေ ပေါ်အောင် ပြုံးလေရဲ့။ သူ့စကားသူ သဘောကျ နေပုံပါ။ ကျွန်မက ဆိတ်တွေ ဘယ်က ရလာတာတုန်း ဆိုတော့ ဆရာမကြီး သိချင်ရင် လာခဲ့မယ်တဲ့၊ အခုတော့ ဆိတ်တွေ အပြင်ထုတ်ရဦးမှာ ဆိုပြီး သစ်ငုတ်မှာ ချည်ခဲ့တဲ့ ဆိတ်ကို ထဆွဲပြန်ရော။ ကျွန်မတို့ စကားပြောနေတုန်း ခဏကလေး အအော်ရပ်နေတဲ့ ဆိတ်နှစ်ကောင်က ကြိုးစလည်း ထဆွဲရော ပြိုင်တူ အော်ကြပြန်ရော။

ကျွန်မတို့လည်း ပြတင်းပေါက်က ခွာလိုက်ရတယ်။ ကျာကျူးနဲ့ ဆိတ်နှစ်ကောင်ကို ကျွန်မတို့ မမြင်ရတော့ပေမယ့် လူနဲ့ ဆိတ် အအော်ချင်း ပြိုင်နေကြတဲ့ အသံတွေကိုတော့ ပွက်လောကြီးရိုက်အောင် ကြားနေရလေရဲ့။ ကျာကျူး အော်သံကအော်လေ တိမ်ဝင်လေ။ ကျာကျူးက အော်လေ ဆိတ်နှစ်ကောင်က ပိုအော်လေ ခက်ကောင်းခက်ရချည့်။ ကျာကျူး ဘာလုပ်ဦးမှာလဲ စောင့်ကြည့်ဖို့ပဲ ရှိတော့တာ မဟုတ်လား။ မအေ လာမှ အကျိုးအကြောင်း မေးရတော့မှာပဲ။ ကျွန်မအိမ်သားကတော့ စာချိုးလေးနဲ့ ထအော် လိုက်သေးတာပါ။

"ဆိတ်နှစ်ကောင်၊ ထနောင်းပင် ညီနောင်က၊ လွမ်းအောင်အာပြဲ။ အိပ်မပျော်၊ ဆိတ်နှစ်ဖော် သံပြိုင်ကျူးတယ်၊ ပဲ... ဟဲဟဲဟဲ..."

သည့်နောက်တော့ ကျာကျူးတစ်ယောက် ဆိတ်ကျောင်းထွက်တော့တာပါပဲ။ ဆိတ်နှစ်ကောင်လည်း ကျာကျူးနဲ့ ယဉ်ပါးနေပြီပေါ့၊ ကြိုးတစ်ချောင်းနဲ့ တရွှတ်သိုးသီ မရှိတော့ပါဘူး။ ဆိတ်နှစ်ကောင်က ဟိုတိုးသည်တိုးနဲ့ မှီရာ သစ်ပင်ပန်းပင် လှမ်းဟပ်တတ်တော့ ကျာကျူးကိုယ်တိုင် နောက်ကနေ တုတ်တစ်ချောင်းနဲ့ လိုက်ရတယ်။ ကျွန်မတို့ အိမ်ရှေ့မှာ ရတန်သရွေ့သစ်ပင်ကလေးတွေ ပန်းပင် ကလေးတွေ စိုက်ထားတာ ရှိတော့ ကျာကျူး ဆိတ်နှစ်ကောင်ဘေးက ကင်းဝေးအောင် ကိုယ်ကလည်း လှမ်းကြည့် နေရသေးတာပါ။ စားသွားလို့ ဆူရငေါက်ရရင်လည်း ဆူတာငေါက်တာ အဖတ်တင်ဖို့ ရှိလေတော့ ကျာကျူး ဆိတ်နှစ်ကောင် ကိစ္စထဲ ကိုယ်ပါ ပါရတယ်။ အိမ်ရှေ့က လွတ်ပါပြီဆိုမှ စိတ်အေးရတာပါ။ တစ်ခါတော့ ကျွန်မက ကျာကျူးကို ခေါ်ပြောရတယ်။

"ဟဲ့ ကျာကျူးရဲ့ ညည်းတို့ ဘယ်က ဆိတ်တွေများ အခါတော်ကျပါလိမ့်အေ။ ဆိတ်မွေးတယ် ဆိုတာ လူနေအိမ်ခြေနဲ့ ဝေးတဲ့နေရာ အစာရေစာ ပေါတဲ့နေရာ လွတ်လွတ်ကင်းကင်း နေရာမှာ မွေးရတာ၊ အခုတော့ ညည်းကြည့်ရတာ ပင်ပန်းလိုက်တာအေ"
ကျာကျူးက ခပ်အေးအေးပါပဲ အလိုတော် သူက ဘယ့်နှယ့်ကြောင့် ဆိတ်ပြဿနာထဲ ဝင်ပါပါလိမ့် ဆိုတဲ့ မျက်နှာနဲ့ ကျွန်မကို ကြည့်တယ်။
"မပင်ပန်းပါဘူး ဆရာမကြီးရဲ့ ဆိတ်နှစ်ကောင်က ကျွန်မနဲ့ ခင်သွားတော့ ပြောစကား နားထောင်ကြပြီ နီတိုးရော နီတူးရာ အပြင်ထွက်မပြေးကြတော့ဘူး"
"ကျာကျူး ဆိတ်နှစ်ကောင်က နီတိုးနဲ့ နီတူးတဲ့လား၊ သည်နာမည်တွေ ဘယ်သူပေးတာလဲ"
"ကျွန်မ ပေးတာလေ၊ နှစ်ကောင်စလုံးက အနီရောင်ဆိုတော့ နီတွေပါတယ်၊ နီတိုးက သူများအပင်တွေကို သိပ်တိုးတာ၊ ဒါကြောင့် နီတိုးခေါ်တယ်၊ နီတူးကျတော့ ဂျစ်တူးတူးမို့လို့ နီတူးခေါ်တယ်"
"နေပါဦး ကျာကျူးရဲ့၊ ငါမေးမယ် မေးမယ်နဲ့ ဘယ်က ဆိတ်တွေ ဘယ်လိုရလို့ ဘယ်လို မွေးဖြစ်သွားတာတုန်း၊ အရင်ကမွေးဖူးလို့လား"

ကျာကျူးက သည်အကြောင်း ပြောချင်ချင်ပါ။ ဆိတ်တွေက ကျွန်မတို့ လမ်းတောင်ဘက်က စောင်ရန်းတစ်လျောက် ပေါက်နေတဲ့ အပင်တွေကို ရသလောက် လှမ်းဆွဲလိုက် ဝါးလိုက် လုပ်နေကြလေရဲ့။ ကျာကျူးက ဆိတ်တစ်ကောင် လမ်းကူးဖို့ ပြင်နေတာကို အနားရှိတဲ့ ခဲနဲ့ လှမ်းထုတယ်။

"သည်ဆိတ်နှစ်ကောင်က လာလားတို့ ဆိတ်တွေ၊ ကူမဲက ကျွန်မတို့ ဦးလေးနှစ်ယောက် ရှိတယ်မှုတ်လား၊ အကြီးဦးလေးက ပါကျဲ၊ လာလားက ပါကျဲသား အကြီးကောင်"
"ဟဲ့ ပါကျဲက တရုတ် နာမည် မဟုတ်ဘူးလား၊ ပါကျဲတို့ ဝူခုန်းတို့လေ"
"ကုလားမှာလည်း ပါကျဲ ရှိတာပဲ ဆရာမကြီးရဲ့၊ ကျွန်မဦးလေး ပါကျဲက တရုတ်ပါကျဲ မပေါ်ခင်ကတည်းက ပေါ်ပြီးသား၊ တရုတ်ပါကျဲက နောက်မှ ပေါ်တာ"
"ဩော် အေး ပြောပါဦး"
"အဲသည် ပါကျဲသား လာလားက ဆိတ်ဝယ်ချင်တယ် ဆိုပြီး နေ့တိုင်း ငိုတယ်၊ ဒီကောင် ထမင်းမစားဘူး၊ တအားငိုတယ်။ ဆိတ်ဝယ် မပေးဘူးနော်၊ ငါအငိုမရပ်ဘူးလို့ ပြောတယ်၊ ငိုတယ်ငိုတယ် ညလည်း မအိပ်ဘဲ ငိုတယ်၊ နေ့လယ် ထမင်းမစားဘဲ ငိုတယ် ငိုတယ် ငိုတယ် ငိုတယ်"
"ကိုင်းပါ ဆိတ်လိုချင်လို့ ငိုတယ်ဆို ပြီးပါတယ် ဆက်ပြော"
"မဟုတ်ဘူး ဆရာမကြီးရဲ့၊ လာလားက သူများလို မငိုဘူး၊ မတရားသဖြင့် ငိုတာ၊ အဲသလို ငိုမှ မပူဒီက ပိုက်ဆံချေးတာ"
"ကျာကျူး မပူဒီက ဘယ်သူတုန်း၊ လာလား ငိုတာနဲ့ မပူဒီက ဘယ်လို ပိုက်ဆံချေးတာတဲ့လဲ"
"မပူဒီက ဈေးထဲမှာ ဂျလေဘီတို့ ခါဂျာမုန့်တို့ ရောင်းတယ်၊ မပူဒီက ပိုက်ဆံကို အတိုးနဲ့ ချေးတဲ့ မိန်းမလေ"
"ဩော် ဟုတ်ပြီ ဆက်ပြော"
"လာလားက မတရားငိုတော့ မပူဒီက လာပြောတယ်၊ နင်တို့သား ငိုတာ ခမည်း လိုတာတဲ့၊ ကလေး လိုချင်တဲ့ ဆိတ်နှစ်ကောင် ဝယ်ပေး လိုက်ကြတဲ့။ ဒါနဲ့ ကျွန်မဦးလေး ပါကျဲအကြီးက ပိုက်ဆံမရှိဘူးတဲ့... မပူဒီက ငါ နှစ်ဆယ်တိုးနဲ့ ချေးမယ်၊ ငါသနားလို့ ချေးတာ ပြန်ဆပ် နော် ဆိုပြီးတော့ ပိုက်ဆံနှစ်သိန်း ချေးတာပဲ"
"နှစ်သောင်း ဖြစ်ပါလိမ့်မယ် ကျာကျူးရယ်..."
"ဟုတ်တယ် ဟုတ်တယ် နှစ်သောင်း... ဆိတ်ကလေးတွေက တစ်ကောင် တစ်သောင်းဆိုတော့ နှစ်သောင်း"
"ဟဲ့ အခုက ဆိတ်တွေက ကြီးကြပါပြီ.... တစ်ကောင်တစ်သောင်း ရပါ့မလား"
"အခု ကြီးတယ်လေ... လားလားတို့ ဝယ်တုန်းက ငယ်ငယ်လေး... လားလား ဆိတ်လိုချင်လို့ ငိုတယ်ဆိုတာ ဘယ်သူက ပြောသလဲ မသိဘူး... ကျွန်မတို့ အဒေါ်အကြီး မူနီယားရှိတယ် မှုတ်လား... သူက ပိုက်ဆံလာယူလှည့် ပြောတာနဲ့ လားလားအဖေ ပါကျဲက သွားယူတယ်... မပူဒီဆီကလည်း ချေးတယ်၊ ဒေါ်ကြီးမူနီယား ဆီကလည်း သွားယူတယ်"
"ဒေါ်မူနီယားက ဘယ်မှာ နေတာလဲ"
"မြစ်သားမှာ နေတယ်၊ သူတို့က သားသမီး မရှိတော့ လားလားကို အရမ်းသည်းတယ်"
"ဟုတ်ပြီ... ပိုက်ဆံလေးသောင်း ရပြီ...ဆိတ်ဝယ်လိုက်ရောလား"
"မဝယ်ဘဲနဲ့ ရတယ်"
"ဟဲ့ ဘယ်လို မဝယ်ဘဲနဲ့ ရတာလဲ ကျာကျူးရဲ့"
"ဆိတ်ပိုင်က သူ့ဆိတ်တွေထဲက ခပ်ငယ်ငယ် နှစ်ကေင် ရွေးယူတဲ့... မွေးဖက် မွေးပေးတဲ့... ဆိတ်နှစ်ကောင် ကြီးရင် ပေါက်ဈေး တစ်ဝက်နဲ့ ငါပြန်ယူမယ် ဆိုတော့ ဦးလေးပါကျဲက ယူပြန်ရော"

ကျွန်မ ခေါင်းမလည်အောင် မနည်း သတိထားပြီး ပြန်ပြောရမှာပါ။ ကျာကျူးနဲ့ ကျွန်မတို့ ဒိုင်ယာလော့ဂ်ကို ခဏရပ်ပြီး ကျွန်မ ရှင်းပြချင် ပါသေးတယ်။ ကျာကျူး ပြောသလိုဆိုရင် သူ့အမေရဲ့မောင် ဦးပါကျဲက သားအကြီးကောင် လာလား အပမှီသလို ငိုခဲ့တာကို အကြောင်း ပြုပြီး ခမည်း ဆိတ်ဝယ်ဖို့ ဖြစ်လာတယ်။ သည်လို ဖြစ်ရတာလည်း ကျွန်မ စဉ်းစားရသလောက်က ငွေတိုးချေးသူ မပူဒီက ပိုက်ဆံလှည့် ချေးတာပါပဲ။ ချေးငွေက တစ်ရာကို နှစ်ဆယ်တိုးနဲ့ နှစ်သောင်းရရော။

တစ်ခါ ဦးပါကျဲရဲ့ အစ်မဖြစ်သူက သူ့တူ ခမည်းလိုတယ် ကြားလို့ ဆိတ်ဖိုးငွေနှစ်သောင်း လာယူလှည့် ဖြစ်ပြန်တယ်။ ဒါကိုလည်း ဦးပါကျဲက အလွတ်မခံဘူး။ သည်တော့ ငွေလေးသောင်း လက်ထဲ ပိုက်မိရော ပြောပါတော့။ ဆိတ်ဖိုး ပေးရတော့မယ် ဆိုတော့ ဆိတ်ရှင်က သူ့ဆိတ်ကို အပြတ်မရောင်းဘဲ မွေးဖက်ပေးလို့ ငွေမကုန်ပြန်ဘူး။ သည်တော့ ဦးပါကျဲမှာ ငွေလေးသောင်းနဲ့ ဆိတ်နှစ်ကောင် ရနှင့်ပြီ။ လာလားကလည်း ဆိတ်နှစ်ကောင် ရလို့ ကျေနပ်ပြီ။ အငိုတိတ်ပြီ။ သည့်ထက် အဆင်ပြေစရာ ဘာမှမရှိဘူးလို့ ပြောရုံကလွဲလို့ ဘာကျန်မှာတုန်း။ ဒါပေမဲ့ ပြဿနာက မပြီးသေးဘူး။

တစ်လလောက်ကြာတော့ ဒေါ်ပူဒီဆီက နှစ်ဆယ်တိုးနဲ့ ငွေချေးတယ် ကြားတော့ အစ်မဖြစ်သူက သူ့ပိုက်ဆံနှစ်သောင်း ကူမဲအထိ လိုက်တောင်းသတဲ့။ ဒေါ်ပူဒီကိုလည်း ဈေးထဲ ရန်လိုက်တွေ့သတဲ့။ ကုလားမနှစ်ယောက် ထသတ်ကြရာက ဒေါ်ပူဒီကလည်း သူ့ငွေ နှစ်သောင်း မချေးတော့ဘူး ချက်ချင်း ပြန်ဆပ်ပါ ဖြစ်ပြန်ရော။ ငွေက မရှိတော့ဘူး။ အစ်မဖြစ်သူကိုရော ဒေါ်ပူဒီကိုပါ ပြည့်ဝအောင် ငွေပြန် မပေးနိုင်တော့ မိန်းမနှစ်ယောက်က ဦးပါကျဲကို ဆိုလိုက် ပြောလိုက်ကြတာ ပွက်ပွက်ရိုက်လို့တဲ့။ ရန်တွေ့ရုံက အကြောင်း မဟုတ်ဘူး။ ငွေမရမယ့်အတူတူ ဆိတ်တစ်ကောင်စီ ယူကြမယ်လုပ်တော့ မူရင်းဆိတ်ပိုင်ရှင်က သူ့ဆိတ်တွေ ပြန်သိမ်းတယ်။

"ပြောပါဦး ကျာကျူးရဲ့... ဒါဖြင့် ဆိတ်က ညည်းတို့ဆီ ဘယ်လို ရောက်လာတာတုန်း"
"ဆိတ်တွေက ပိုင်ရှင်ဆီ ပြန်ရောက်ပြီး ခြောက်လလောက် ကြာတော့ ဦးလေးပါကျဲရဲ့ညီ ဦးစွပ်ပရားဆီ ရောက်တယ်... ကျွန်မတို့ဦးလေးအငယ် သူလည်း ကူမဲမှာ နေတယ်"
"ဟုတ်ပြီ... မွေးဖက် ပေးတာလား"
"ဝယ်တာ ဆရာမကြီး... တစ်ကောင် တစ်သောင်းခွဲ ပေးရတယ် နှစ်ကောင်ဆိုတော့ ဘယ်လောက်လဲ"
"သုံးသောင်း"
"ဟုတ်တယ် သုံးသောင်း... ကျွန်မအမေ ရှိတယ်မှုတ်လား... အမေက ကူမဲ အလည်သွားတော့ တစ်ကောင် ငါးထောင် အမြတ်ပေးမယ် ငါ့ရောင်းပါလို့ တောင်းတော့ ဦးလေးစွပ်ပရားက တစ်ကောင် နှစ်သောင်းရတယ် ဆိုပြီး အမေ့ကို ပေးတယ်"
"လက်ငင်း ဝယ်လိုက်တာပေါ့"
"မဟုတ်ဘူး..."
"အကြွေး"

အဲဒါကလည်း သည်လိုပါ။ မောင်နှမချင်း လိုချင်ပါတယ် ဆိုလို့ ရှောရှောရှူရှူ ပေးလိုက်တာတော့လည်း မဟုတ်ဘူး။ ဆိတ်ဝယ်ထားတဲ့ ကိုစွပ်ပရားမိန်းမက နတ်ဝင်သည်။ ကုလား ကပြားမပဲ။ ခြေလေးချောင်း ဝင်ရကောင်းလား ဆိုပြီး လင်ကို ရန်လုပ်ရာက အစ်မကို ယူလိုက်တော့ ဖြစ်ရတာပေါ့။ သည်လို ဆိုပြန်တော့ ယောက်မဖြစ်သူ နတ်ဝင်သည်က တစ်ကောင်ဖိုး လက်ငင်း ပေးရမယ် ဖြစ်လာလို့ ကျာကျူးအမေက မပူဒီဆီ သွားပြီး ငွေတိုးချေးရပြန်တယ်။ သည်တော့ မပူဒီဆီမှာ ငွေတိုးနဲ့ နှစ်သောင်း။ ယောက်မ နတ်ဝင်သည်ဆီမှာ ငွေနှစ်သောင်း အကြွေးတင်ခံပြီး ရလာတယ်ပြောပါတော့။

ပြဿနာက ဆိတ်နှစ်ကောင် ဝယ်တာတော့ ဟုတ်ပါရဲ့။ ကူမဲက မန္တလေးကို သယ်လာဖို့ ကားကလည်း အတင် မခံဘူး။ ရထားကလည်း အတင်မခံဘူး။ သည်တော့ ထုံးဘိုဘက်ကနေ ကူမဲဘက်ကို ကျောက် လာချတဲ့ ကျောက်ကားကြီးကို ဆီးတားပြီး ကျာကျူးရယ် သူ့အမေရယ် ဆိတ်နှစ်ကောင်ရယ် တောင်းတောင်းပန်ပန်နဲ့ လိုက်လာကြရတယ်။ ကျောက်ကားကြီးက မန္တလေး စက်မှုဇုန်လမ်းခွဲ ရောက်တော့ အရှေ့ဘက် ချိုးချလိုက်ရော။ ကျာကျူးတို့ သားအမိ တဟိုးဟိုးနဲ့ အော်ပြီး ရပ်ခိုင်းကြရသတဲ့။

"ကျွန်မတို့ အော်တော့ ရပ်တော့ ပေးပါရဲ့... ဒါပေမဲ့ ကျွန်မတို့အိမ်နဲ့ အဝေးကြီးလေ... ဒါနဲ့ ၆၂ လမ်း ဘက်ကနေ ၆၈ လမ်းရောက်အောင် ဆိတ်တွေ မောင်းခဲ့ရတယ်... ဆိတ်တွေက ဂဂျီဂဂျောင် လုပ်တာနဲ့ မိုးချုပ်မှ ရောက်တယ်... အိမ်ရောက်တော့ သူတို့လည်း ထမင်း မစားရဘူး... ကျွန်မတို့လည်း ထမင်းမစားရဘူး... ဆိတ်လည်း ငတ်တယ်... လူလည်း ငတ်တယ်"

ဘယ်လိုပဲဖြစ်ဖြစ် ကျာကျူးတို့ ဆိတ်နှစ်ကောင် ပိုင်ကြပါပြီ။ ဘယ်လိုကျွေးလို့ ဘယ်လိုမွေးမယ် ဆိုတာ မပြောနိုင်ပေမယ့် ဆိတ်အော်သံ နဲ့ပဲ အိပ်တော့မယ် ဆိုတာလို ဖြစ်ရတော့မယ်ဆိုတာ သေချာနေပြီ မဟုတ်လား။ မနက်မိုးလင်း ဆိတ်ကျောင်းထွက်တဲ့ ကျာကျူး၊ ဈေးဗန်း ခေါင်းရွက်ပြီး ဈေးရောက်ထွက်တဲ့ မအေနဲ့ အလုပ်ထသွားတဲ့ ဖအေ။ သားအဖသုံးယောက် ညဘက်မှ ပြန်ဆုံကြရတာပါ။ ကျာကျူးက မနက်ဆယ်နာရီလောက် အိမ်ပြန်ဝင်၊ ဆိတ်တွေချည်ထား။ ရှိကောင်းရှိရာ တစ်လုပ်တစ်ဆုပ် စားနေတာ ကျွန်မတွေ့နေရတယ်။ ညနေ သုံးနာရီလောက် ဆိုရင်တော့ မီးတောက်တဝင်းဝင်းနဲ့ ကျာကျူး ထမင်းချက်ပြီ။ ထမင်းအိုးကို မီးတောက်က မျိုနေတာမျိုးနဲ့ ချက်နေလို့ ကျွန်မမှာ လှမ်းလှမ်းကြည့်ရတာ အမော။

"ကျာကျူးရယ် မီးဂရုစိုက်ဟဲ့... အနားမှာ ရေတွေဘာတွေ ထားရတယ်၊ ထင်းတွေ နင်းကန်မထိုးနဲ့... မီးတွေနဲ့ ပစ်မထားနဲ့... လူအနား ရှိပစေ"
အဲသလို လှမ်းပြောရင် ကျာကျူးက သိပ်မကြည်သာဘူး။ မျက်လုံးပြူးပြီး ဆင်ခြေဆင်လက်တွေ တက်တော့တာပါ။
"ဟိုတစ်နေ့က ဆရာမကြီး လှမ်းပြောလို့ ကျွန်မ မီးလျှော့လိုက်တယ်လေ... အဲသည်နေ့က ထမင်းမနပ်ဘူး ထမနဲ ဖြစ်သွားတယ်... အမေက ဆူရော"

ကျွန်မတောင် ကျာကျူးတို့အိမ်က ထမင်းမနပ်တဲ့ အမှုမှာ တရားခံ ဖြစ်လိုက်ရသေး။ ကျွန်မက ဘာဟင်းတွေ ချက်မှာတုန်းဆိုတော့ ပဲသီးနဲ့ ဘဲဥကြော်မယ်တဲ့။ အရွယ်နဲ့မမျှ ထမင်းအိုးထမ်း ဟင်းအိုးထမ်း ပင်ပင်ပန်းပန်း ရှိရှာတဲ့ ကျာကျူးကို ကြည့်ရင်း ကျွန်မ သနားမိတယ်။ မိဘနှစ်ပါးလုံးက အလုပ် ထွက်လုပ်ကြရသူတွေ ဆိုတော့ အချိန်ရယ် အခါရယ် မရှိဘူးကိုး။ ကျာကျူး ချက်တာကိုပဲ အကောင်း လုပ်စားကြရတာပါ။

"ပဲသီးနဲ့ ဘဲဥ ကြော်တာတော့ ဟုတ်ပါရဲ့... ပဲသီးရော ဘဲဥရော ဝယ်ပြီးသားလား"
"ပဲသီးက ရှိတယ်၊ အမေ မနေ့က ဝယ်လာတာလေ... ဘဲဥကတော့ အကြွေး သွားယူလိုက်မယ်"
အကြွေး သွားယူလိုက်မယ်ဆိုတာ ကျွန်မတို့ ရပ်ကွက်အိမ်ဆိုင်ကလေးကို ရည်ညွှန်းပြီး ပြောလိုက်တာပါ။ ကျွန်မ က ဘဲဥကို ဆရာမကြီးတို့အိမ် လာယူလှည့် ဆိုတော့ ဖြဲခနဲ ရယ်ပြတယ်။ ဆက်ပြောလိုက်တဲ့ စကားကြောင့် ကျွန်မ ရင်ထဲ မကောင်းလိုက်တာ။
"ကျွန်မက ဘဲဥ သိပ်ကြိုက်တာ ဆရာမကြီးရဲ့... ကျွန်မ အမေတို့လို အရွယ်ရောက်ရင် တစ်ခါတည်း ဘဲဥ ဆယ်လုံး ဝယ်စားပစ်လိုက်မယ်" တဲ့လေ။

ကျာကျူးနဲ့ သူ့ဆိတ်နှစ်ကောင် ပြဿနာက ကျွန်မတို့အဖို့ရာ ခေါ်မကြား အော်မကြား ပြောမကောင်း ဆိုမရ ဖြစ်ရတာမျိုးတော့လည်း မဖြစ်လိုက်ရပါဘူး။ လည်ချောင်းကွဲအောင် တပဲပဲနဲ့ အော်နေတတ်တဲ့ ဆိတ်သံတွေက တစ်ပတ်လောက် အတွင်းမှာ ထူးထူးဆန်းဆန်း တိတ်သွားခဲ့တယ်။ ကျာကျူးတို့ အိမ်ကလေးရှေ့ ဆိတ်နှစ်ကောင် ချည်ထားတာ ကျွန်မတို့အိမ် ပြတင်းပေါက်က လှမ်းမြင်နေရတုန်း ကတော့ ရေရှည်ဖြင့် ခက်ရချေရဲ့ အောက်မေ့မိသေးတာကိုး။ စိတ်အနှောင့်အယှက် ဖြစ်ရလောက်အောင် အော်ကြ ဆူကြ ဖြစ်မယ် ထင်ရာက ဆိတ်သံတွေ မကြားရတော့တဲ့အခါ ကျာကျူးကို ခေါ်မေးရတယ်။ ကျာကျူးက သည်အကြောင်း မေးတော့ မျက်နှာ မကောင်းဘူး။ သူတို့အိမ်က ဆိတ်ရာဇဝင်ကို မပြောချင်သလိုလို ပြောချင်သလိုလို ပြောချင်သလိုလို မျက်နှာနဲ့ ကျွန်မကို ပြောပြတယ်။

"ဆိတ်နှစ်ကောင် မရှိတော့ဘူး ဆရာမကြီး... နီတိုးလည်း မရှိတော့ဘူး... နီတူးလည်း မရှိတော့ဘူး... အခုက သူတို့နာမည် ပြောင်းသွား ပြီ... ပေါက်စီနဲ့ အီကြာကွေး ဖြစ်သွားပြီ"

ကျွန်မ မေးတာက တခြား၊ ကျာကျူး ဖြေတာက တခြား။ သို့ပေမယ့် နီတိုးနဲ့ နီတူး ဘဝကနေ ပေါက်စီနဲ့ အီကြာကွေး ဘဝပြောင်းသွားပြီ ဆိုတာကလည်း စိတ်ဝင်စားစရာ ဆိုတော့ ဒါလည်း ဆက်မေးရမယ့် မေးခွန်းအဖြစ် ကျွန်မ မှတ်ထားလိုက်ရတယ်။ ဆိတ်ဇာတ်လမ်းကို အရင်မေးကြည့်တော့ ကျွန်မမှာ ရယ်လည်း ရယ်ချင်၊ သနားလည်း သနား ဖြစ်မိပါရဲ့။

"ဆိတ်နှစ်ကောင်က သူတို့မသွားခင် ရက်တုန်းက အမေ့ကို အိပ်မက်ပေးတယ်၊ ကျွန်မကိုလည်း အိပ်မက်ပေးတယ်... သူတို့ သည်အိမ် မှာ နေရတာ ပျော်တာတော့ ပျော်ပါတယ်တဲ့... ဒါပေမဲ့ ကျွန်မနဲ့ ဓာတ်မတည့်ဘူး ဖြစ်နေတယ်တဲ့၊ သူတို့ဆက်နေရင် ကျာကျူး ဒုက္ခ ရောက်လိမ့်မယ်တဲ့"
"ဘယ်လို ဒုက္ခတုန်း ကျာကျူးရဲ့... ငါမရှင်းလိုက်တာအေ"
"ဆရာမကြီး စဉ်းစားကြည့်လေ... ဒုက္ခဆိုတာ အမျိုးမျိုး ရှိတယ် မှုတ်လား၊ အဲဒီ ဒုက္ခတွေထဲက တစ်ခုခု ဖြစ်မှာပေါ့... ဘယ်ဟာရယ် လို့တော့ ကြိုပြီးတော့ ပြောလို့မရဘူးလေ"
"အေး... သဘောပေါက်ပြီ... ဆိတ်နှစ်ကောင် ဆက်မွေးရင် နေထိုင်မကောင်း ဖြစ်မယ်... အနာရောဂါ ဖြစ်မယ် ဈေးရောင်း မကောင်းတာ မျိုး ဖြစ်မယ်... အဲသလို မဟုတ်လား"
"ဟုတ်တယ် ဟုတ်တယ်... မကောင်းတာ ဖြစ်မယ်လို့ အိပ်မက်ပေးတာ... အမေ ပြောတာတော့ ကျာကျူးက တနင်္လာ၊ ဆိတ်က အင်္ဂါ၊ ဓာတ်မတည့်ဘူးလို့ ပြောတာပဲ... အမေ ပြောတာဟုတ်တယ်... အမေ ဈေးရောင်းရတာ အဆင်မပြေဘူး၊ ဈေးသည်တွေ ဖမ်းလို့ ပြေးရ တယ်၊ ခြေချော်ကျလို့ ခြေထောက် မျက်သွားတယ်... ကျွန်မလည်း တစ်ရက်က ရင်ချောင်တယ်၊ နောက်တစ်ရက်မှာ ရင်ကျပ်တယ်"
"အေးပါ... ဓာတ်မတည့်လို့ ဆိုတာ ထားပါတော့၊ ဆိတ်နှစ်ကောင်က ဘယ်ရောက်ပြန်ပြီလဲ"
"ကျွန်မတို့ အမေရဲ့အပေါ်က အစ်မ ရှိတယ်လေ... ဆရာမကြီးတို့ အိမ်မှာ တစ်ခါက မြက်လာရှင်းပေးတယ်လေ... ဆရာမကြီးတောင် မုန့်ဖိုးနှစ်ထောင်နဲ့ ကလေးတွေဖို့ ဆိုပြီး ဖိနပ်တွေ ပေးသေးတယ်လေ... အနီတစ်ရံ အပြာတစ်ရံလေ... ဆရာမကြီးက ဘီစကစ်နှစ်ထုပ် ပေးတာ အကြီးကောင်က အငယ်ကောင်ကို မပေးဘဲ ယူပြေးလို့ ဆရာမကြီး ဒေါသဖြစ်တယ်လေ"
"သေချာပါပြီ ကျာကျူးရယ်... သက်သေတွေ တင်ပြမနေပါနဲ့တော့၊ ငါမှတ်မိပါတယ်... ညည်း အဒေါ်က ဘာဖြစ်လို့တုံး"

ကျာကျူး အမေက ကျွန်မတို့အိမ်မှာ ကျွန်မတို့ မနိုင်တာတွေ ရှိတိုင်း ဝင်ထွက် လုပ်ကိုင်ပေးနေကျပါ။ ကျွန်မ ပြောခဲ့သလို သဘောမနော ကောင်းရှာပါရဲ့။ ဈေးရောင်း မထွက်တဲ့နေ့တွေ ဆိုရင် သနပ်ခါးဖုံနေအောင် လိမ်းပြီး ကျွန်မတို့ အိမ်ဝိုင်းထဲက မြက်တွေ ရှင်းပေးတာမျိုး၊ သစ်ပင်တွေ မြေဆွပေးတာမျိုး၊ အိုးခွက် ပန်းကန်တွေ ဆေးကြောပြီး နေရာတကျ ထားပေးတာမျိုးတွေ လုပ်ပေးတတ်တယ်။ ရင်းရင်း နှီးနှီး ခင်ခင်မင်မင် ရှိလာတော့ သူတို့ဘဝ၊ သူတို့အကြောင်း မိန်းမသားချင်းရယ်လို့ ကျွန်မ ကိုယ်တိုင် သိသင့်သလောက် သိခွင့် ရခဲ့တယ်။ ကျာကျူးအမေတင် မကပါဘူး၊ ကျာကျူးအဒေါ်ကလည်း ဝိုင်းကူတာမျိုး ရှိခဲ့ဖူးပါတယ်။ ကျာကျူးတို့ အမေမှာ တစ်အူတုံဆင်း သားချင်းတွေ မနည်းဘူး။ မောင်နှမရင်းချာကချည်း ကိုးယောက် ဆိုလား ရှိသတဲ့။ ကျာကျူးအမေက မောင်နှမတွေ ကြားထဲက တစ်ယောက် ပြောပါတော့။

ကူမဲမြစ်သားဘက်မှာ မအေအိုကြီး ရှိသေးတော့ မောင်နှမ တော်တော်များများက ကူမဲမှာ နေကြပြီး မအေနဲ့ မခွဲကြဘူး။ တစ်စုတစ်မြုံ ပလုံစီ ထိုးနေကြသတဲ့။ ကျာကျူးအမေက မန္တလေးသားနဲ့ အိမ်ထောင်ကျလို့ မန္တလေးရောက်တာ အတော်ကြာပတဲ့။ ကျာကျူးအမေနဲ့ အထက်အောက် အစ်မ မိသားစုကလည်း မန္တလေးမှာပဲ နေကြတယ်။ ကျာကျူးပြောတဲ့ "အမေ့ အပေါ်က အစ်မ" ဆိုတာ အမေ့အထက် က အစ်မလို့ ပြောတာပါ။ အဲသည် မိသားစုကလည်း မန္တလေးမှာ အနေကြာကြပါပြီ။ ကျာကျူးတို့နဲ့ အိမ်ချင်းမဝေးတော့ ကျာကျူးတို့အိမ် ကို ဝင်ချည်ထွက်ချည် ရှိတဲ့အခါ ရှိတယ်။ ညီအစ်မချင်း မတည့်လို့ မခေါ်မပြော ရှိတဲ့အခါလည်း ရှိတယ်။ တစ်ခါက မြက်ရှင်းခိုင်းစရာရှိလို့ လာရှင်းတဲ့အခါ ကလေးတွေ တသီကြီး ပါလာလို့ အိမ်က သမီးဖိနပ်ကလေးတွေ ကျွန်မက ရော့ဟဲ့ အင့်ဟဲ့ ပေးဖူးတာကို ကျာကျူးက မှတ်မိလို့ သေချာအောင် ပြောနေတာပါ။ ကျာကျူးနဲ့ စကားပြောရင် လိုရင်းမရောက်နိုင်လို့ ငေါက်ရတာ များပါပြီ။ မရပါဘူး။

သူပြောတတ်သလို ပြောနေတာကိုပဲ သည်းခံပြီး နားထောင်ရတာလည်း များလှပါပြီ။ ပြောသမျှစကားတွေ အထုံးပြေပြီဆိုမှ သည်လို တော့ ဖြစ်တန်ကောင်းရဲ့၊ ဟိုလိုတော့ ဖြစ်တန်ကောင်းရဲ့လို့ ဆက်စပ်ပြီး ပုံဖော်ရတာ များလှပေါ့။ အခုလည်း ဆိတ်တွေ ဘယ်ရောက် ကုန်ပြီလဲ မေးတာကို လိုရင်းရောက်အောင် မဖြေသေးဘူး။ သူ့အဒေါ်အကြောင်း အရင်ပြောနေလို့ ခေါင်းမခေါက်မိအောင် မနည်းစိတ်ကို ချိုးထားရသေးတာပါ။

"အဒေါ်က ဘာမှ မဖြစ်ဘူး... သူ့သားအကြီးကောင် စူနယားက ဖြစ်တာ... ဒီကောင်က လူပျိုဖြစ်ပြီ မဟုတ်လား... လူပျို လုပ်ချင်တာနဲ့ သူများဆိုင်ကယ်နဲ့ လျှောက်လိုက်တယ်... ဆိုင်ကယ်လဲတော့ တံတောင်ဆစ် ပွန်းတယ်... မျက်နှာတစ်ခြမ်း မည်းသွားတယ်... သူ့အမေ ဆေးကုဖို့ ပိုက်ဆံရှာရတာပေါ့... နောက်တော့မှ အိမ်ပေါ်က မောင်းချလိုက်တယ်... သွားပစေ ကောင်းတယ်"

စကား လမ်းကြောင်းက တခြားဘက် ပြောင်းသွားပြန်လို့ ကျာကျူး ပြန်တော့လို့ပဲ နှင်လိုက်ရ ကောင်းမလား၊ သည်းခံပြီး ဆက်နားထောင် ရ ကောင်းမလား စဉ်းစားနေတုန်းမှာပဲ ကျာကျူးပြောလိုက်တဲ့ စကားကြောင့် ကျွန်မတောင် မျက်လုံးပြူးသွားခဲ့ရတယ်။

"ဆိတ်နှစ်ကောင်မှာ သရဲပါလာတာကိုး၊ ဆရာမကြီးရဲ့... ကျွန်မအဒေါ်က အိပ်မက်မက်လို့ သိတာ... ဟိုတစ်ရက်က ကျွန်မ အဒေါ် အိမ်လာတာ ဆရာမကြီးတွေ့မှာပေါ့... သူတို့ ညီအစ်မချင်း မခေါ်တာ ကြာပြီ... အရေးကြီးလို့ လာတာဆိုပြီး အမေနဲ့ စကားတွေ ပြောကြတယ်။ ကျွန်မအဒေါ် ပြောတာတော့ ဆိတ်နှစ်ကောင်ရဲ့ ကျောပေါ်မှာ သရဲနှစ်ကောင် ထိုင်နေတာ အိပ်မက်ထဲမှာ မြင်ရတယ်တဲ့"
"အဲဒါနဲ့..."
"အဲဒါနဲ့ အမေက ကြောက်ပြီလေ... သရဲထိုင်နေတဲ့ ဆိတ်တွေ ဘယ်သူက အိမ်မှာ ထားရဲမှာတုန်း... သရဲက ကျွန်မတို့ ကျောကုန်းပေါ် တက်စီးရင် ဘယ်လိုလုပ်မလဲ... ကျွန်မအဒေါ် အိပ်မက် မက်တယ်... ကျွန်မလည်း အိပ်မက် မက်တယ်... မကောင်းတော့ဘူး ဆိုပြီး သူများကို ရောင်းလိုက်ရတယ်"
"ဘယ်သူ့ကို ရောင်းတာတုံး ကျာကျူး"
"ကျွန်မအဒေါ်ကိုပဲ ရောင်းလိုက်တာလေ... ချက်ချင်း ဆိတ်နှစ်ကောင် သူကိုယ်တိုင် ဆွဲသွားတယ်၊ ယူပါစေလေ သူတို့ မကြောက်ဘူး နော်... သူတို့ ကျောကုန်းပေါ် သရဲတက်ထိုင်လိမ့်မယ်... ဆရာမကြီး နားသာ ထောင်တော့"

သည်ဇာတ်လမ်းက လုပ်ကြံထားတဲ့ ဇာတ်လမ်းမှန်း ကျွန်မသိတာ မကြာသေးဘူး။ တစ်ရက် ကျာကျူးအမေ အိမ်ကို ရောက်လာလို့ စကားရောက်ရာက နီတိုးနဲ့ နီတူး ဆိတ်နှစ်ကောင်အကြောင်း ကျွန်မ ကောင်းကောင်း သိရတာပါ။ ကျာကျူးအမေ ပြောတာက ကျာကျူးက အဲသည် ဆိတ်နှစ်ကောင်ကို ရပ်ကွက်ထဲက ကျောင်းဆရာအိမ်က ခွေးက လိုက်ဆွဲလို့ ခဲနဲ့လိုက်ထုတာ ရပ်ကွက်ထဲ ပွက်ပွက်ရိုက်သွားတာပဲ ဆိုတာလည်း ပါရဲ့။ ဆိတ်တစ်ကောင် အစာမစားဘဲ နေမကောင်းသလိုလို ဖြစ်လို့ ဆိတ်နှာခေါင်းကို ပရုတ်ဆီတွေ လူးလိုက်တာ ဆိတ်ခမျာ ထွန့်ထွန့်လူးလို့ ဆိုတာ ကြားရတော့ ဖြစ်ရလေ အောက်မေ့မိတယ်။

"ဆိတ်တွေကို ကျာကျူးက လူလို စကားပြောနေတာ ဆရာမကြီးရဲ့... မောင်ရယ် နှမရယ် မွေးချင်းလည်း မရှိတော့ ဆိတ်ကလေး နှစ်ကောင်ကို တော်တော် သံယောဇဉ်ကြီးတယ်... သည်ဆိတ်နှစ်ကောင်ကို ရောင်းပြီး ငွေဖော်ရမလို ဖြစ်လာတော့ ကျွန်မဖြင့် မျက်ရည်တောင် ကျမိတယ်... ကျွန်မက တစ်ညတော့ ဆိတ်နှစ်ကောင် ရောင်းမှ ဖြစ်တော့မယ် သမီးရယ် သူများဈေးကြွေးတွေ များလာလို့ မပေးရင် မကောင်းတော့ဘူး ဆိုတော့ တစ်ညလုံး ငိုတော့တာ ဆရာမကြီးရဲ့... ကျွန်မတို့မှာလည်း အထုပ်ရယ် အထည်ရယ် မရှိတော့ သည်နှစ်ကောင် မျက်စောင်းထိုးရတာကိုး"

သူတို့ဘဝနဲ့ သူတို့အကြောင်း ဆိုတော့ ကျွန်မလည်း ဝင်မပြောသာဘူးပေါ့လေ။ စိတ်ထဲမကောင်းပေမယ့် ကျာကျူးက ဆိတ်နှစ်ကောင် ကို သံယောဇဉ် ဖြစ်နေမှတော့ တခြားက ငွေရှာကြည့်ပါလားလို့ အကြံပေးမိတယ်။ မရပါဘူး ဆရာမကြီးရယ်တဲ့။ ခေါင်းရွက်ဈေးသည် ဆိုတော့ မြတ်တော့လည်း စားလိုက်ကြ၊ ရှုံးတော့လည်း အရင်းရှာရကိုး။ ဈေးဗန်း မပျောက်ပေသိ အကြွေးပါ ထည့်ရွက်ရတာနဲ့ပဲ လေးလံ နေကြရှာသူတွေ မဟုတ်လား။ နောက်ဆုံး ကြံရာမရတာနဲ့ ကျာကျူးအမေ ကိုယ်တိုင်က အစ်မ ဖြစ်သူနဲ့ တိုင်ပင်ပြီး ဆိတ်နှစ်ကောင် သရဲကပ်နေသလိုလို ကျာကျူးနဲ့ ဓာတ်မတည့်သလိုလို ဇာတ်လမ်း ဆင်ကြရသတဲ့။ ကျွန်မရင်ထဲ ကျင်ခနဲ နာမိတယ်။ ကျာကျူးရဲ့ သနားစရာ မျက်နှာကလေးကိုလည်း မြင်ယောင် နေမိတယ်။ ကျာကျူးခမျာ မအေနဲ့ အဒေါ်တို့ ကြံသမျှ ယုံရှာလို့ တော်ပါသေးရဲ့။ လိုလိုလားလားပဲ ခွင့်ပြုလိုက်ရှာသတဲ့။ သူ့အဒေါ် ဆိတ်တွေ ဆွဲသွားတဲ့နေ့က ဆိတ်တွေကို မှာနေသေးတာတဲ့။

"သွားကြတော့ နီတိုးနဲ့ နီတူးတို့ရေ... ငါက ချစ်ပေမယ့် နင်တို့က သရဲခေါ်လာကြတာကိုး... နင်တို့က ငါနဲ့ ဓာတ်လည်း မတည့်ဘူး... နင်တို့ရှိရင် ငါဒုက္ခရောက်လိမ့်မယ်... သွားကြတော့ သွားကြတော့ နင်တို့ မျက်နှာလည်း ငါမကြည့်ချင်ဘူးတဲ့... ကျွန်မဖြင့် ကွယ်ရာမှာ မျက်ရည်ကျမိပါတယ် ဆရာမကြီးရယ်... တကယ် ပြောတာပါ "

ကျကျူးအမေက ပြောရင်း မျက်ရည်တွေ စို့နေလို့ ကျွန်မတောင် ရင်ထဲနင့်မိတယ်။ ကျွန်မက မရှင်းတာလေးတွေ မေးကြည့်ချင်တာနဲ့ ဆိတ်တွေကို အပြီးရောင်းလိုက်တာလား ဆိုတော့ အဲသလို မဟုတ်ဘူးတဲ့။ ကျာကျူးအဒေါ်က တစ်ကောင်ဖိုးပဲ ငွေချေနှင့်လို့ တစ်ကောင် ယူထားချင်ပေမယ့် တစ်လအတွင်း ငွေချေပါ့မယ်ဆိုလို့ နှစ်ကောင်စလုံး ရောင်းလိုက်ရသတဲ့။ ကျာကျူးကတော့ သည် ဇာတ်လမ်းကို မသိရှာပါဘူး။ ကျွန်မက ပေါက်စီနဲ့ အီကြာကွေးဆိုတာကကော ဆိုတော့ သူ့တူလေးတွေက ပေးတဲ့ နာမည်တွေတဲ့လေ။

"ကျွန်မအစ်မက ဆိတ်တွေလည်း ဆွဲသွားရော သူ့သားအငယ်နှစ်ကောင်က ချက်ချင်းပဲ သူတို့ကြိုက်တဲ့ မုန့် နာမည်တွေ ပေးတော့တာ ဆရာမကြီးရေ... တစ်ကောင်က ပေါက်စီတဲ့ တစ်ကောင်က အီကြာကွေးတဲ့"

ကျာကျူးအမေက သည်အကြောင်းတွေ ကျာကျူး မသိစေချင်ဘူး ဆိုလို့ ကျွန်မပါ ရောပြီး သည် ဇာတ်လမ်းကို မျိုချထားရတာပါ။ တစ်ရက် ကျာကျူး ကျွန်မတို့ အိမ်ရောက်လာလို့ ကျွန်မက မသိချင်ဟန်ဆောင်ပြီး မေးကြည့်တယ်။

"နေပါဦး ကျာကျူးရဲ့... ညည်းအဒေါ်က သည်ဆိတ်တွေမှာ သရဲစီးနေတယ်လို့လည်း အိပ်မက် မက်တယ် ပြောသေးရဲ့... သည်ဆိတ်တွေကိုလည်း ဝယ်သေးရဲ့... သူတို့ကျတော့ ဘာမှမဖြစ်ဘူးလား... မကြောက်ကြဘူးလား"
"သူတို့က သရဲထက် ဆိုးတယ် ဆရာမကြီးရဲ့... သရဲကတောင် သူတို့အိမ်ကို ကြောက်လိမ့်ဦးမယ်... ညဘက်ကြီးလည်း မှောင်ကြီးထဲ လျှောက်သွားနေကြတာပဲ... သရဲနဲ့တောင် ခင်နေလောက်ပြီ"

မျက်လုံးပြူးပြူး အသံစူးစူးကလေးနဲ့ ပြောနေတဲ့ ကျာကျူးကိုပဲ ကျွန်မ သနားနေမိတယ်။ သည်ကလေးမ သည်ဇာတ်ထုပ် အဟုတ် မသိတာ ခပ်ကောင်းကောင်းလို့လည်း တွေးမိပါရဲ့။ သိလို့ကတော့ မလွယ်လောက်ဘူ။ တစ်ခါတလေ ဘာရယ် ဘာအကြောင်းလို့သာ မသိရတယ်။ မအေနဲ့ ခွန်းကြီးခွန်းငယ် အပြန်အလှန် အော်ဟစ်နေတာတွေ ကြားဖူးထားတော့ ကျာကျူးရဲ့ ဇွဲကို ကျွန်မ သိတာကိုး။ ဗျစ်တောက် ဗျစ်တောက်နဲ့ ပြောနေတာ မပြီးဘဲ မပြီးနိုင်ဘူး။ မအေက ထရိုက်တာလည်း ကြားရတာပါပဲ။ ဒါမျိုးဆိုရင် ကျာကျူးက သံစူးသံချွန်နဲ့ အော်ပါလေရော။

"ရိုက်ကြဗျို့... မအေ ဆိုပြီး ရိုက်တာပေါ့... ရိုက်ကြ ရိုက်ကြ... ကျာကျူး ခံကလဲ့မှာ ခံလိုက်မယ်... ကျာကျူး ရိုက်ကလဲ့ကျမှ မငိုကြနဲ့... ကြိုးတုတ်ပြီး ရိုက်မှာ... ဘာမှတ်လို့လဲ"

သည်လို ပြန်ပြောတော့ မအေက မိဘကို သည်လို ပြန်ပြောရပါ့မလားရယ်လို့ ရိုက်ပြန်ရော။ ကျာကျူးကလည်း ပြန်အော်တာပဲ။ သားအမိ နှစ်ယောက် ရန်ဖြစ်ရင် ပွက်ပွက်ရိုက်လို့။ ခွန်းကြီးခွန်းငယ် ဖြစ်ကြသခိုက် ကျာကျူး အိမ်ရောက်လာရင် ကျွန်မက ဆီးပြီး ဆုံးမရတယ်။ မိဘကို တစ်နေ့ ပြန်ရိုက်ဦးမယ်လို့ မပြောကောင်းဘူး ကျာကျူးရဲ့၊ မြေမျိုတတ်တယ်ဆိုတော့ မြေမျိုတာကမှ ကောင်းဦးမယ်တဲ့လေ။

"ကျာကျူး ဆရာမကြီး ပြောမယ်... မိဘဆိုတာ ကိုယ့်သားသမီးကို ချစ်ကြတာချည်းပဲ... ဆုံးမစရာရှိတော့လည်း ပြောပြောဆိုဆို ဆုံးမရတာမျိုး၊ တုတ်ပြပြီး ဆုံးမရတာမျိုး ရှိတာပေါ့အေ... ဆရာမကြီးတို့ ငယ်ငယ်ကလည်း အမေက ဆုံးမစရာရှိရင် သည်လို ဆူတာ ငေါက်တာ ရိုက်တာပုတ်တာ ရှိခဲ့တာပဲ... မိဘကို ပြန်မအော်ရဘူး... အခုက ဘာဖြစ်လို့ သားအမိချင်း ရန်ဖြစ်တာတုံး"
"သူ့ယောက်ျားကို ဦးစားပေးလို့လေ... ဟင်းကောင်းဆိုလည်း သူ့ယောက်ျားဖို့... လက်ဖက်ရည် ဝယ်တော့လည်း သူ့ယောက်ျားဖို့၊ နံပြားဝယ်တော့လည်း သူ့ယောက်ျားဖို့၊ ထမင်းတစ်ဆုပ်လောက် ကျန်တော့လည်း သူ့ယောက်ျားဖို့"
"ဟဲ့... သူ့ယောက်ျားဖို့ ဆိုတော့လည်း ညည်းအဖေပဲ မဟုတ်ဘူးလားဟဲ့... ကိုယ့်အဖေ ကြီးခေါင့်ကြီးမားကို ကျွေးတာ ကျာကျူး ကတောင် ဝမ်းသာရဦးမယ်"
"အဖေတော့ အဖေပေါ့ ဆရာမကြီးရဲ့... ကျွန်မ ပြောလိုက်တယ်လေ၊ အေး ကိုယ့်ယောက်ျားကိုယ် ဦးစားပေးကြေးနော်... လုပ်ကြလေ... ကျွန်မ ယောက်ျားယူလို့ ဦးစားပေးမှ မပြောကြနဲ့လို့ "

ကျွန်မဖြင့် ဆုံးမနေတဲ့ကြားက ရယ်လိုက်ရတာ။ မအိုးမအကလေး ဆိုတော့ ကျွန်မမှာ ဆိုရခက် ပြောရခက်ကိုး။ ဆိတ်ပြဿနာကလည်း ကျွန်မ သိရသလောက် မပြီးပါဘူး။ ကျာကျူးအမေနဲ့ ကျာကျူးအဒေါ်တို့ အပေးအယူ ကတိပျက်ကြရာက ရန်ဖြစ်ကြရော၊ ရန်ဖြစ်ကြ တော့ ကျာကျူးကို လိမ်ထားတာတွေ ပေါ်ရော။ ပေါ်တော့ ကျာကျူးက အတိုးချပြီး အော်ပြန်ရော။ မကြာပါဘူး။ ဆိတ်နှစ်ကောင် ကျာကျူးတို့ အိမ်ကို ဒရွတ်သိုးသီ ပြန်ရောက်လာလေရဲ့။ ကျာကျူးဆိုတာ အသံကလေး တစာစာနဲ့။ ဆိတ်နှစ်ကောင်နဲ့ စကားတွေ ပြောနေတာများ လူကို ပြောနေတဲ့ အတိုင်းပဲ။ ပြတင်းပေါက်မှာ ကျွန်မ ရပ်ကြည့်နေတာ မြင်တော့ ကျွန်မကို လှမ်းပြောနေသေးတာပါ။

"နီတိုးနဲ့ နီတူး ပြန်ဖြစ်သွားပြီ ဆရာမကြီး... ပေါက်စီနဲ့ အီကြာကွေး မဟုတ်တော့ဘူး... ကျွန်မကို လွမ်းလို့နဲ့ တူတယ်... သည်နှစ်ကောင် နည်းနည်းတော့ ပိန်သွားတယ်... မပူနဲ့ နင်တို့ကို ငါကျွေးသေးရဲ့၊ နင်တို့မှာ သရဲလည်း မရှိဘူး... ဓာတ်မတည့်တာလည်း မရှိဘူး... ငါ့အမေနဲ့ ငါ့အဒေါ်က လူတွေဖြစ်ပြီး လိမ်တာ... နင်တို့က ဆိတ်ဖြစ်ပြီးတော့ မလိမ်ဘူး နင်တို့ ကုသိုလ်ရလိမ့်မယ် ကြားလား "

ကျွန်မကိုလည်း လှမ်းပြော၊ ဆိတ်တွေကိုလည်း ပြော။ ကျွန်မရင်ထဲမှာ မှုန်တစ်လှည့် လင်းတစ်လှည့်။ ကျာကျူး ရယ်... ။

(ဆက်ရန်)

ခင်ခင်ထူး

ပင်မစာမျက်နှာသို့ပြန်သွားမည် >>