Lotayamm

search
မာတိကာ

contents

ထိပ်ဆုံးစာမျက်နှာ > ဝတ္ထုများ

ချိုချဉ်
အစ/အဆုံး
မြင့်သန်း

ပွဲဈေးတန်းမှာ ဆိုင်စုံတယ်။ ဗူးသီးကြော်ဆိုင်နားမှာ ကောက်ညှင်းကျည်တောက်သည် ရှိတယ်။ အဲဒီဘေးမှာ နှစ်ပြန်ကြော်သည်ရှိတယ်။ ပြီးတော့ ဇီးပေါင်းသည် ရှိတယ်။ ကျွန်တော်ကတော့ ဒီဘက်ကို သိပ်မကြိုက်ဘူး။ ဟိုဘက် ရေခဲမုန့်သည်ရှိတဲ့ဘက်ကို ကြိုက်တယ်။ ချော့ကလက်ရောင်းတဲ့ ကုလားကြီးရှိတယ်။ သူတို့ နဘေးမှာ သကြားလုံးသည် ရှိတယ်။ ကျွန်တော်က အဲဒီဘက်ကို ကြိုက်တယ်။ အိမ်ပြန်ခါနီးရင် ကျွန်တော်က သကြားလုံး ၀ယ်လေ့ရှိတယ်။ သကြားလုံးဆိုပေမဲ့ လိမ္မော်ရောင် ချိုချဉ်ပြားလေးတွေ ၀ယ်လေ့ရှိတယ်။ လိမ္မော်ရောင် ချိုချဉ်ပြားလေးတွေက လိမ္မော်သီးခြမ်းလေးတွေလိုပဲ။ ကျွန်တော် ကြိုက်တယ်။ သူကတော့ ပရုပ်ပါတဲ့ စပ်ပြူစပ်ပြား လေးတွေ ၀ယ်လေ့ရှိတယ်။ ခံတွင်းရှင်းတယ်လို့ ပြောတယ်။ ပါးစပ်မွှေးတယ်လို့ပြောတယ်။ ငယ်ငယ်တုန်းက ကျွန်တော်က သူ့ကို ပြောဖူးတယ်။ တစ်နေ့တော့ နင့်ပါးစပ်မွှေးမမွေး ငါနမ်းကြည့်ဦးမယ်လို့ပြောတယ်။ သူက ရယ်တယ်။ အေး၊ တစ်နေ့တော့… လို့ သူက ပြန်ပြောတယ်။ အဲဒီတုန်းက ဟိုကောင်က စိတ်ဆိုးတယ်။

ငယ်ငယ်ကတည်းက ကျွန်တော်တို့ သုံးယောက်သား ပွဲဈေးတန်းကို အတူလျှောက်လေ့ရှိတယ်။ ဟိုကောင်က စတာ။ ဒီကောင်က အတွင်းဝန်သားဆိုပေတဲ့ အရင်က နယ်မှာနေတာများတော့ ပွဲဈေးတန်းကြိုက်တယ်။ သူကတော့ ဘာရယ်မဟုတ်ဘူး။ ကျွန်တော်တို့ ခေါ်ရင် လိုက်လာတာပဲ။ ကျွန်တော်ကတော့ ပွဲဈေးတန်းမကြိုက်ဘူး။ ကျွန်တော်တို့ ခရစ်ယာန်ကျောင်းတွေမှာလုပ်တဲ့ ဖန်းဖဲဆိုတာလို မကောင်းဘူးထင်တယ်။ ဖန်းဖဲတွေမှာက စိတ်ဝင်စားစရာရှိတယ်လို့ ထင်တယ်။ ကောင်မလေးတွေက ကျောင်းဝတ်စုံ မ၀တ်ကြတော့ဘဲ၊ အရောင်လွင်လွင်လေးတွေဝတ်တော့ ကြည့်လို့လှတယ်။ ပွဲဈေးမှာက လူဗြောက်သောက်ရယ်။ ဘာမှ ထူးထူးဆန်းဆန်း မရှိဘူး။ တချို့လူတွေဖြတ်သွားရင် ချွေးစော်နံတယ်။ တချို့က ဆေးပေါ့လိပ်ကြီးတွေ သောက်တယ်။ ထွီကနဲ တံတွေးထွေးတတ် ကြတယ်။ ကျွန်တော်တို့ကျောင်းမှာ အဲဒီလို တံတွေးထွေးရင် ဒဏ်ပေးတယ်။ ဖန်းဖဲတွေမှာဆိုရင် ကောင်မလေးတွေနဲ့စကားပြောတဲ့အခါ ရေမွှေးနံ့ရတယ်။ ပွဲဈေးတန်းကတော့ ညစ်ပတ်တယ်။ ဒါပေတဲ့၊ ဟိုကောင့်ကိုသနားတာနဲ့ နှစ်စဉ်လို ပွဲဈေးတန်းကို ကျွန်တော်တို့ သွားလျှောက်ကြတယ်။ ပွဲဈေးရဲ့ နောက်ဆုံးနေ့ဆိုရင် ကျွန်တော်တို့သုံးယောက် အမြဲသွားကြတယ်။

ကျွန်တော်တို့ခြံ နောက်ဘက်အပေါက်ကထွက်ပြီး၊ ဦးပညာဒီပကျောင်းဝင်းထဲက ဖြတ်လိုက်တာနဲ့၊ ပွဲဈေးရောက်တာပဲ။ ဒါပေတဲ့၊ ဦးပညာဒီပကျောင်းမရောက်ခင် လျှိုကလေး ရှိတယ်။ တစ်ခါတစ်လေ ရေစပ်စပ်ရှိနေတတ်တယ်။ အဲဒီလိုအခါမျိုးမှာ၊ အပြန်ကျရင် မှောင်နေလို့ တစ်ယောက်လက်ကိုတစ်ယောက်တွဲပြီး ဖြတ်ကြရတယ်။ တစ်နှစ်တော့ မိုးသိပ်ကောင်းတယ်။ ရေက အတော်ကလေး များတယ်။ သူက မသွားချင်ဘူး။ လမ်းမကြီးဘက်က လှည့်သွားရအောင်။ ဝေးချင်ဝေးပါစေလို့ ပြောတယ်။ ဒါပေတဲ့၊ လမ်းမကြီးဘက် ကဆို အဝေးကြီးပဲ။ ကျွန်တော်က မသွားချင်မသွားကြနဲ့လို့ပြောတော့၊ ဟိုကောင်က နင်မဖြတ်ရဲရင် ငါကုန်းပိုးပါ့မယ်လို့ ပြောတယ်။ ဒါနဲ့ပဲ ပွဲဈေးကို သွားဖြစ်သွားတယ်။ အသွားရော၊ အပြန်ပါ ဟိုကောင်က သူ့ကို ကုန်းပိုးတယ်။ အဲဒီတုန်းက သူက ဂါဝန်နဲ့ပဲ ရှိသေးတယ်။ ဆယ်တန်းရောက်တဲ့နှစ်တုန်းကလည်း မိုးသိပ်ကောင်းတယ်။ အဲဒီတုန်းကတော့ လမ်းမကြီးဘက်ကနေပဲ သွားကြတယ်။ ကျွန်တော်က ဟိုကောင့်ကို မင်းကုန်းပိုးဦးလေကွာလို့ပြောတော့ သူကရယ်တယ်။ နင်ကုန်းပိုးရင်သွားမယ်လို့ သူက ကျွန်တော့်ကိုပြောတယ်။ ကျွန်တော်ကတော့ ရှင်းရှင်းပဲ။ ငါ့ဖာသာငါ အသက်ရှင်နေရတာတောင် ပင်ပန်းလှပြီ။ သူများကို ကုန်းပိုးဖို့၊ သူများဝန်ကိုထမ်းဖို့ ဆိုတာတော့ ဘယ်တော့မှမစဉ်းစားဘူးလို့ ပြောလိုက်မိတယ်။ အဲဒီတုန်းက၊ သူက ငိုမဲ့မဲ့လုပ်ပြီး စိတ်ကောက်သလိုလုပ်တယ်။ ပြီးတော့ လမ်းမကြီးဘက်ကနေသွားမယ်လို့ ပြောတယ်။

ကျွန်တော်ကတော့ နဂိုကတည်းက ဟိုကောင် သွားချင်လို့သာ သွားရတဲ့လူ။ ဟိုကောင့်ကိုသနားလို့။ သွားကို သွားချင်တာမဟုတ်ဘူး။ ပွဲဈေးမှာလည်း ကျွန်တော်က ချိုချဉ်ပဲ အမြဲဝယ်စားတယ်။ ဘာမှမစားဘူး။ ဟိုကောင်ကတော့ အမျိုးစုံစားတယ်။ ပွဲဈေးကို တောသားတွေလာတတ်လို့ တောစာတွေရသတဲ့။ တစ်ခါကတော့ ကျွန်တော်က ပြောလိုက်မိတယ်။ မင်းတောပြန်နေပါလားလို့။ တောပြန်ရင်၊ တောသူရမယ်။ ကျွန်ကုလား၊ မယားတောသူလို့ ဆိုကြတယ် မဟုတ်ဘူးလား။ မြို့မှာနေရင် မင်း သူ့လိုဟာမျိုးနဲ့ ညားနေမယ်လို့ ပြောလိုက်တယ်။ အဲဒီတုန်းက ဟိုကောင်က ပြန်ပြောတယ်။ ငါ့ကိုပဲ ယူပါစေဦးတဲ့။ သူကတော့ ရယ်တယ်။ လက်ထဲက စာအုပ်နဲ့ ကျွန်တော့်ကို ရိုက်မယ်လို့ ရွယ်တယ်။ ကျွန်တော်ကတော့ နောက်သလိုပြောင်သလိုနဲ့ ငါ့ကို ထိရဲထိကြည့်စမ်း။ နင့်ကို ပြန်ရိုက်ကိုရိုက်မှာလို့ ပြောလိုက်တယ်။ သူက ရယ်ပြန်တယ်။ ပြီးတော့မှ နင်က အစမခံဘူး။ စ တယ်ဆိုတာ ချစ်လို့စတာပေါ့လို့ ပြောတယ်။ ဟိုကောင်က မျက်နှာပျက်သွားတယ်။ ဘာလို့မှန်းတော့မသိဘူး။ အဲဒီတုန်းက သူ့ကို ကျွန်တော်က ပြန်ပြောလိုက်တယ်။ ငါအသက်ရှင်နေတာဟာ လူတွေကို ချစ်ဖို့၊ မုန်းဖို့ မဟုတ်ဘူး။ အစခံဖို့ မဟုတ်ဘူး။ နေ့စဉ်နေ့တိုင်း အသက်ရှင်နေရတာဟာ ငါ့အဖို့ ကြိမ်စာသင့်ခံထားရသလိုမျိုးပဲလို့ ပြောတော့ သူက၊ ငါ နောက်ကို မစတော့ပါဘူးဟယ်လို့ ပြောတယ်။ ကျွန်တော်လည်း ထပြီး ထွက်လာခဲ့တယ်။ သူတို့နှစ်ယောက်သား ထိုင်ကျန်ရစ်ခဲ့တယ်။ ဟိတ်၊ နေဦးလေလို့ နောက်ဘက်ကခေါ်သံကြားပေတဲ့ ကျွန်တော် လှည့်မကြည့်တော့ဘူး။

အဲဒီညက မိုးအတော်ကြီးချုပ်တော့ ဟိုကောင် ကျွန်တော့်ဆီကို ရောက်လာတယ်။ အလကားကွာ။ သူ စိတ်မကောင်းဖြစ်သွားရတယ်။ ဒါကြောင့် ငါလည်း တော်ကြာအောင် ဟိုပြောဒီပြော ပြောနေရတယ်။ စိတ်ကျေနပ်အောင်လို့လို့ ဟိုကောင်ကပြောတယ်။ မင်းကို ဘယ်သူက ချော့ခိုင်းသလဲလို့ ကျွန်တော်က မေးတယ်။ သူက တို့အချင်းချင်းတွေပဲကွာ။ ဘာစိတ်ဆိုးစရာရှိလဲလို့ မေးတယ်။ ငါ စိတ်ဆိုးလို့ မဟုတ်ဘူး ပြောတော့၊ ဒါဖြင့် မင်းဟာက ဘာဖြစ်တာလဲလို့ ထပ်မေးတယ်။ မသိဘူးလို့ပဲ ကျွန်တော် ဖြေချလိုက်မိတယ်။ လူတွေဟာ လူတွေပဲ။ အချင်းချင်းတွေ ဘာတွေညာတွေ မရှိဘူး။ မင်း ခလုတ်တိုက်လဲလို့ မင်းခြေမနာတာ မင်းနာတာပဲ။ မင်းနာတာကို ငါက စုတ်သပ်ပြနေပေတဲ့ မင်းနာသလို ငါမနာဘူး။ ငါ မနာပေတဲ့ မင်းနာတယ်။ လူဟာ ဝေမျှခံစားလို့မရဘူး။ ဘယ်လောက်များတဲ့ လူတွေအကြားမှာပဲ မင်းရောက်နေဦးတော့၊ မင်းဟာ မင်းပဲ။ အဲဒီလူတွေနဲ့ ရောထွေးမသွားဘူးဆိုပြီး ဟိုကောင့်ကို ကျွန်တော် ရှင်းပြ လိုက်မိတယ်။ နောက်တော့ ပရိုမီးသီးယာ့စ်ကိုယူပြီး ဖတ်နေလိုက်မိတယ်။ ဒီတော့မှ ဟိုကောင်က ထိုင်ရာကထရင်း ငါသွားတော့မယ်။ ပရိုမီးသီးယာ့စ်နဲ့ပဲ မင်းနေခဲ့တော့လို့ပြောပြီး အိမ်ကိုပြန်တော့မယ်လို့ လုပ်တယ်။ ကျွန်တော်ကလည်း ပရိုမီးသီးယာ့စ်လို ငါ့အသဲနှလုံး နာမသွားစေချင်ဘူး။ သေမသွားချင်ဘူးလို့ ပြန်ပြောလိုက်တယ်။ ဟိုကောင်ကတော့ ခေါင်းခါပြီး ကျွန်တော့်အခန်းထဲက ပြန်ထွက်သွား တယ်။ ဟိုကောင့်အိမ်က ကျွန်တော့်ခြံ ညာဘက်ဘေးနားက ကပ်လျက်ခြံပဲ။

နောက်တစ်နေ့နံနက်အစောကြီး သူရောက်လာတယ်။ အဲဒီနေ့က တနင်္ဂနွေနေ့ မနက်။ တနင်္ဂနွေနေ့တိုင်းဆိုရင်၊ မနက်ခုနှစ်နာရီခွဲမှာ ဖေဖေနဲ့ နံနက်စာ စားရတယ်။ အဲဒီတုန်း သူရောက်လာတာ။ ရုပ်ရှင်သွားကြည့်ရအောင်လို့ ပြောတယ်။ ဆန်းဒေးမောနင်းရှိုးလားလို့ ဖေဖေက ၀င်မေးတယ်။ သူက ဟုတ်တယ်၊ အန်ကယ်လ်။ သူကြိုက်တဲ့ ကလစ်ရစ်ချာဒ်ပါတဲ့ကား ကာလတန်မှာ ပြမယ်လို့ တွေ့လို့၊ လို့ ပြောတယ်။ ဖေဖေက ဘုမသိဘမသိနဲ့ အေ ကောင်းသားပဲ။ သွားကြချေ။ အိမ်ကကားနဲ့ လိုက်ပို့ခိုင်းမယ်လို့ ပြောတယ်။ ကျွန်တော် ကတော့ ၀က်ပေါင်ခြောက်ကို ဓားနဲ့လှီးပြီး ပါးစပ်ထဲမှာ ထည့်ထားလိုက်တယ်။ မ၀ါးဘဲ ငုံထားတယ်။ ပါးစပ်ထဲမှာ အစားရှိရင် စကား မပြောရဘူးဆိုတဲ့ တိုင်းကြီးပြည်ကြီးသားတွေရဲ့ ထုံးစံကို ခုတုံးလုပ်ထားလိုက်တာ။ ဖေဖေကပဲ သမီးထိုင်ဦးလေလို့ ပြောလို့ ကျွန်တော့ဘေးက ကုလားထိုင်မှာ ၀င်ထိုင်တယ်။ နင် ငါ့ကို စိတ်ဆိုးနေတုန်းလားလို့ သူက မေးတယ်။ ကျွန်တော်က စကားပြန် မပြောချင်လို့ ပါးစပ်ထဲက အစားရှိနေတယ်ဆိုတာကို သူသိအောင် လက်ထဲကဓားနဲ့ ပါးစပ်ကို အသာညွှန်ပြလိုက်တယ်။ ဖေဖေက ၀င်မေးတယ်။ မင်းက ဘာဖြစ်လို့ သူ့ကို စိတ်ကောက်ရတာလဲတဲ့။ ကျွန်တော်ကလည်း သံသရာရှည်နေမှာစိုးလို့ ပါးစပ်ထဲကအစာကို မြန်မြန်ဝါးပြီး မျိုချလိုက်ရင်း၊ ဘာအကြောင်းမှ မရှိပါဘူးလို့ ဖေဖေ့ကို ပြန်ဖြေလိုက်ရင်း၊ မနက်စာစားနေတာက ထသွားဖို့ ခွင့်တောင်း လိုက်တယ်။ ဖေဖေက ကျွန်တော့်ကို ခေါင်းငြိမ့်ပြရင်း သမီးတို့ သွားကြချေတော့လို့ ပြောပြီး၊ အောင်စာရင်းတွေက တော်တော်နဲ့ထွက်မှာ မဟုတ်သေးဘူး။ နားနားနေနေ နေကြချေလို့ လှမ်းပြောတယ်။ သူက တစ်ခုခုပြန်ပြောမယ်လို့ လုပ်တုန်း သူ့လက်မောင်းကိုဆောင့်ဆွဲပြီး လာသွားမယ်လို့ ကျွန်တော်က ဆွဲခေါ်လာလိုက်တယ်။ အဲဒီနှစ်က ကျွန်တော်တို့ ဆယ်တန်းဖြေထားကြတာ။ ဆန်းဒေးမောနင်းရှိုးသွားဖို့ ဟိုကောင့်ကို သွားခေါ်ဦးမယ်လို့ ပြောတော့ သူက အဲဒါမျိုးတွေ သူကမှ မကြိုက်ဘဲ။ နင်နဲ့၊ ငါနဲ့ပဲ သွားရအောင်လို့ ပြောတယ်။

ဆယ်တန်းအောင်ကြတဲ့နှစ်မှာ ပွဲဈေးကိုသွားတော့၊ ပွဲဈေးမှာ လမ်းလျှောက်ပုံပြောင်းသွားတာ ကျွန်တော် မှတ်မိနေသေးတယ်။ ငယ်ငယ်ကဆို သူက အလယ်ကလျှောက်တယ်။ အဲဒီနှစ်ကတော့ ကျွန်တော်က အလယ် ဖြစ်ဖြစ်နေတယ်။ ကျွန်တော်ကလည်း အဲဒီလို အလယ်က ကြားညှပ်နေတာမျိုး မကြိုက်ဘူး။ ဟိုအကောင့်ကို အလယ်မှာထားလိုက်ပြန်တော့လည်း လျှောက်နေရင်းနဲ့ ကျွန်တော်ပဲ အလယ်ကို ပြန်ရောက်၊ ရောက်သွားတယ်။ ဟိုအကောင်ကတော့ အရင်ကလို တောစာတွေ သိပ်မစားတော့ဘူး။ ကျွန်တော်ကတော့ တောသည်တွေဟာ တယ်ပြီး ရိုးကြပါလားလို့ မြင်လာတယ်။ သူကတော့ သကြားလုံးမျိုးစုံ သိပ်မ၀ယ်တော့ဘူး။ ကျွန်တော်ကတော့ ချိုချဉ်ဝယ်တုန်းပဲ။ အဲဒီညက ပွဲဈေးကအပြန် ကျွန်တော်တို့ခြံထိပ်က မီးတိုင်အောင်မှာရပ်ပြီး ခဏစကားပြောနေကြတယ်။ ဟိုကောင်က အရင်ပြန်သွားတယ်။ သူက ပြန်တော့မယ်အလုပ်မှာ မဆီမဆိုင်မေးတယ်။ နင်ဘာလို့ ချိုချဉ်ပဲစားတာလဲတဲ့။ ကြိုက်လို့လားတဲ့။ ကြိုက်လို့ မဟုတ်ဘူးလို့ ကျွန်တော်က ဖြေလိုက်တယ်။ ဘာလို့ သူ့ဆီက အသံကြားလိုက်ရပြီး အံ့သြသွားတဲ့မျက်နှာကို မီးရောင်အောက်မှာ တွေ့လိုက်ရတယ်။ ချိုချဉ်ဟာ ဘ၀နဲ့တူတယ်လို့ ကျွန်တော်ကပြောတော့ သူက ဘာမှပြန်မပြောဘဲ နားထောင်နေတယ်။ ဘ၀ဆိုတာ ဘယ်တော့မှ မရေရာဘူး။ ချိုသလိုလို၊ ချဉ်သလိုလိုပဲ။ ဘာမှ တိတိကျကျပြောလို့ မရဘူး။ ဒါကြောင့်၊ ငါ ချိုချဉ်ပဲဝယ်စားတာလို့ ပြောတော့ သူက ပြုံးနေတယ်။ ငါသွားတော့မယ်လို့ သူကပြောပြီး သူတို့အိမ်ဘက်ဆီ လျှောက်သွားတယ်။ ဓာတ်တိုင်မီးရောင်အောက် ကနေ အမှောင်ရိပ်ထဲကို လေးငါးလှမ်းလောက်လျှောက်သွားပြီး ရပ်လိုက်ရင်း နောက်ဘက်လှည့်ကြည့်လိုက်တယ်။ သူဝယ်လာတဲ့ ပရုတ်ပါတဲ့ စပ်ပူစပ်ပြားအထုပ်ကလေးကို လက်ထဲမှာ မြှောက်ပြရင်း၊ အထုတ်ထဲက ပရုတ်ပြားလေးတစ်ခု ထုတ်လိုက်ပြီး၊ ထောင်ပြ တယ်။ ပြီးတော့၊ သူ့ပါးစပ်ထဲ ထည့်လိုက်တယ်။ အဲဒီနားဆီမှာ သူရပ်နေသေးတယ်။ ကျွန်တော်က ဂွတ်နိုက်လို့ပြောလိုက်မှ ရယ်ရင်း သူ့အိမ်ဘက်ဆီ ပြေးသွားတော့တယ်။

တက္ကသိုလ်ရောက်တော့ အားလုံး လူကြီးဆန်လာကြတယ်လို့ ပြောရမယ်ထင်တယ်။ ဟိုကောင်က အင်ဂျင်နီယာကျောင်းသား ဖြစ်သွား တော့ ဘောင်းဘီတွေဘာတွေ ၀တ်လာတယ်။ ကျွန်တော်ကတော့ ခရစ်ယာန်ကျောင်းသား ဘ၀က ကျွတ်လာတော့ ပုဆိုးစ၀တ်လာ တယ်။ သူကတော့ ကျောင်းဝတ်စုံမ၀တ်တော့လို့ ပိုကြည့်ကောင်းသလိုပဲ။ ပွဲဈေးကိုတော့ ထုံးစံအတိုင်း သွားဖြစ်ကြသေးတယ်။ တတိယနှစ်လောက်ရောက်တော့ နေ့ခင်းပိုင်းတွေမှာ ကျွန်တော်တို့ဖက်ကို သူလာတယ်။ ဆေးကျောင်းကနေ ၀ိဇ္ဇာသိပ္ပံကို ဝေးမှ မဝေးဘဲ။ ဘီအိုစီထဲက ဖြတ်လျှောက်လာတယ်။ သူ့အိမ်က ကျွန်တော်တို့ခြံ၊ ဘယ်ဘက်ဘေးက ခြံချင်းကပ်လျက်ကိုး။ တစ်ခါတလေ အိမ်မပြန်သေးခင် ၀ိဇ္ဇာခန်းမထိပ်က အုတ်ခုံပေါ်မှာ ထိုင်စကားပြောကြတယ်။ သူက ကျွန်တော်တို့ ပါမောက္ခကြီးကို သိပ်သဘောကျတာ ပဲတဲ့။ နင်တို့ဆရာကြီးက ဆေးတံကြီးခဲပြီး လောကကြီးကို ကျေနပ်နေတဲ့ မျက်နှာနဲ့ ပြုံးပြုံးကြီး ကြည့်နေတတ်တယ်လို့ ပြောလေ့ရှိတယ်။ အေ ငါတို့ဆရာကြီးမှာ ပြုံးစရာအကြောင်း ရှိလိမ့်မယ်။ ငါ့မှာတော့ မရှိဘူးလို့ပဲ ပြောလိုက်မိတယ်။ နင့်မှာ ပြုံးစရာ မရှိလို့မဟုတ်ဘူး။ နင်က မပြုံးချင်တာပဲလို့ ပြောတယ်။ ဟိုကောင်က တစ်ခါတလေ သူ့ကို ဆေးကျောင်းမှာ သွားတွေ့တယ်။ ဒါပေတဲ့ အတန်းရှိနေလို့ဆိုပြီး ကြာကြာ စကားမပြောဘူးတဲ့။ အဲဒီအခါမျိုးကျရင် ဟိုကောင်က ကျွန်တော့်ဆီ ရောက်လာတယ်။ ကျွန်တော်က ဟိုင်ဇွမ်ခေါ်သွားပြီး ဘီယာတိုက်လိုက်တယ်။ အရင်ကတော့ ဟိုကောင်က ဘီယာတွေဘာတွေ မသောက်တတ်ဘူး။ အရက်ဆိုတာ မကောင်းဘူးလို့ ပြောတယ်။ အရက်ကို ကောင်းတယ်၊ မကောင်းဘူးလို့ ဆုံးဖြတ်ရအောင် မင်းက အရက်ရဲ့အဖေလားလို့ ပြောလိုက်မှ ငြိမ်သွားတယ်။ လောကမှာ မကောင်းဘူး၊ ကောင်းတယ်လို့ ဆုံးဖြတ်နိုင်ဖို့ မလွယ်ဘူး။ ချိုချဉ်လိုပဲ ၊ ချိုတိုတို၊ ချဉ်တင်တင်ချည်းပဲ။

ကျွန်တော် မဟာဝိဇ္ဇာစတက်တဲ့နှစ်မှာ တစ်နေ့တော့ ဟိုကောင် ကျွန်တော့်ကို လာစောင့်နေတယ်။ ဆယ့်တစ်နာရီ ထိုးလောက်မှာ။ စကားပြောချင်လို့တဲ့။ မင်းပြောချင်တဲ့စကားကို အိမ်ရောက်တဲ့အထိ စောင့်လို့မရဘူးလားလို့ မေးတော့ မရဘူးလို့ ပြောတယ်။ ဒါနဲ့ပဲ၊ ဟိုင်ဇွမ်သွားပြီး ဘီယာသောက်ရင်း စကားပြောရအောင်ဆိုတော့ မင်းဟာက အစောကြီးရှိသေးတယ်လို့ ပြောတယ်။ ဒီတော့ ဟိုကောင့်ကို နည်းနည်း အမြင်ကပ်သွားမိတယ်။ ခုဆို တိုကျိုမှာ နေ၀င်လောက်ပြီ၊ ဘီယာသောက်တာဟာ နေ၀င်တာနေထွက်တာနဲ့ သိပ်မဆိုင်ဘူး ငါ့လူ။ ကာလတရားဟာ လူကို ထိန်းကျောင်းမထားဘူး။ လူကသာ ကာလတရားထဲမှာ ထိုးထိုးထောင်ထောင် ၀င်လုပ်နေတာလို့ ပြောလိုက်မိတယ်။ ဟိုကောင်က မင်းကိုပြောလိုက်ရင် ဒီလိုချည်းပဲလို့ ပြောပြီး၊ နောက်ဆုံးတော့ ဟိုင်ဇွမ်ပဲ ရောက်သွားကြတယ်။ ပြဿနာက ဒီလို၊ ဟိုကောင်က သူနဲ့စေ့စပ်ပေးဖို့ပြောတော့ ဟိုကောင့်အမေအဖေက သူတို့သားကို ကောင်မလေးကကော မင်းကို ကြိုက်ရဲ့လား။ ကြိုက်မှန်းမသိ၊ မကြိုက်မှန်းမသိနဲ့ မိန်းမသွားတောင်းရင် အရှက်တွေ ကွဲကုန်မယ်။ ကောင်မလေးက ကျွန်တော်နဲ့ကော ကင်းရှင်းရဲ့လားလို့ မေးသတဲ့။ ဒီတော့ ဟိုကောင်က သူ့ကို လက်ထပ်နိုင်မလားဆိုတာ မေးချင်သတဲ့။ မင်းနဲ့ သူနဲ့ကော ကြိုက်နေကြသလားလို့ ကျွန်တော့်ကို မေးတယ်။ ငါပြောဖူးသားပဲ။ ငါ့ကိုယ်ငါကလွဲလို့ တခြား လူတစ်ယောက်ကို ချစ်ဖို့ဆိုတာ အတော်ကြာကြာ လေ့လာရဦးမယ်။ လောလောဆယ်မှာတော့၊ အီမန်နွယ်ကန့်တစ်ယောက် ဘာဖြစ်လို့ အချိန်မှန်မှန်ထ လမ်းလျှောက်တယ်ဆိုတာက ငါ့အတွက်ပိုပြီး စိတ်ဝင်စားစရာ ကောင်းနေတယ်လို့ ကျွန်တော်က ပြန်ပြောပြလိုက် မိတယ်။

မင်းဘာသာမေးကြည့်ပေါ့လို့ ဆိုပြန်တော့လည်း၊ မင်းရှိနေရင် ငါအားရှိတာပေါ့ဆိုလို့ နောက်တစ်နေ့ ကျွန်တော်တို့ အိမ်မှာဆုံဖို့ သူ့ကို ချိန်းလိုက်တယ်။ ဖေဖေက စထရင်းမှာ လက်ဖက်ရည်ပွဲတစ်ခုသွားတာနဲ့ ကျွန်တော်တို့သုံးယောက် ၀ရံတာမှာထိုင်ရင်း စကားပြော ဖြစ်ကြတယ်။ သူကတော့ ဘာပြောမယ်ဆိုတာ ရိပ်မိပုံ မပေါ်ဘူး။ ဒီတော့လည်း ကျွန်တော်က ပြောင်ပြောင်ပဲ ပြောလိုက်တယ်။ အချိန်ကုန်လည်း သက်သာအောင်လို့ပဲ။ နင့်ကို ဒီကောင်က ကြိုက်နေတယ်။ နင် သူ့ကို ကြိုက်သလား။ နင်က သူ့ကိုကြိုက်ရင် ဒီကောင့်မိဘတွေ နင့်အဖေ အမေတွေဆီလာပြီး တောင်းကြမယ်။ ဒီကောင်လည်း အင်ဂျင်နီယာဖြစ်ဖို့ တစ်နှစ်ပဲလိုတယ်။ နင်လည်း ဆရာဝန်ဖြစ်ဖို့ နှစ်နှစ်ပဲလိုတော့တယ်။ နင့်သဘောကိုပြောလို့ ကျွန်တော်က ပြောလိုက်တယ်။ သူက ကြောင်သွားတယ်။ ဟိုကောင် ကတော့ မျက်လွှာအသာချထားတယ်။ ကျွန်တော်ကတော့ ကြားထဲ ဒိုင်လူကြီးလိုပဲ။ ဒီထက်လည်း ပြောစရာ မရှိဘူး။ အတော်ကလေး ကြာတော့ သူကပြောတယ်။ ငါ့ကို လိုက်ကြိုက်နေတဲ့လူတွေ အများကြီးပဲဆိုတာ နင်တို့ သိပါတယ်။ ဒါပေတဲ့ ကျောင်းမပြီးခင် ဒါမျိုးတွေ မစဉ်းစားချင်သေးဘူးတဲ့။ ဒီတော့လည်း ကျွန်တော်က မနေနိုင်ဘူး။ နင်ကျောင်းပြီးတဲ့အထိ ဒီကောင့်ကို စောင့်ခိုင်းထားရမလားလို့ မေးလိုက်တယ်။ ဒီတော့၊ အဲဒီလိုလည်း မဟုတ်ပါဘူးလို့ သူက ပြန်ပြောတယ်။ ဟိုကောင်က ထိုင်ရာကထပြီး ငါနားလည်ပါတယ်လို့ ပြောပြီး၊ ငါပြန်တော့မယ်လို့ ဆက်ပြောတယ်။ ကျွန်တော်ကလည်း ဘာမျှ မပြောတော့ဘူး။ ဟိုကောင်ပြန်သွားတော့ ကျွန်တော်တို့ နှစ်ယောက်သား ဘာစကားမျှ မပြောဖြစ်ဘူး။ အတော်ကလေးကြာအောင် ငြိမ်နေကြတယ်။ နောက်တော့မှ ကျွန်တော်က နင် ဟိုကောင့်ကို စိတ်ဆိုးသွားသလားလို့ မေးလိုက်တယ်။ သူက ကျွန်တော့်မျက်နှာကို အတော်ကြာအောင် စေ့စေ့ကြည့်နေပြီး ထိုင်ရာက ထပြီး ကျွန်တော့်အနား လာတယ်။ မပြောမဆို သူ့လက်ထဲကိုင်လာတဲ့ ၀ူးမဲင်းဒေးမဂ္ဂဇင်းကို လိပ်ပြီး ကျွန်တော့်ကို ရိုက်ရင်း ငါ စိတ်ဆိုးတာ နင့်ကိုလို့ သုံးလေးခါပြောပြီး ၀ရံတာဆီကနေ ထွက်ပြေးတယ်။ ကျွန်တော်ကတော့ အတွေးတစ်ခု ရလိုက်တယ်။ မိန်းမဆိုတာ အကြောင်းမရှိအကြောင်းရှာ စိတ်ဆိုးတတ်တဲ့သတ္တ၀ါတစ်မျိုး ဖြစ်လိမ့်မယ်လို့ တွေးလိုက်မိတာပဲ။

အဲဒီနှစ်ဟာ ကျွန်တော်တို့ သုံးယောက်စလုံး ပွဲဈေးအတူလျှောက်ခဲ့ကြတဲ့ နောက်ဆုံးနှစ်ပဲ။ မလျှောက်ဖြစ်တာ ဟိုကောင်နဲ့သူနဲ့ ကြိုက်ဖြစ်တာ မကြိုက်ဖြစ်တာနဲ့ မဆိုင်ဘူး။ ဟိုကောင်က ဘွဲ့ရရပြီးချင်း သင်္ဘောလိုက်သွားတယ်။ သူဆေးကျောင်းက မပြီးခင် နိုင်ငံခြားမှာ ပညာသင်ဖို့ ကျွန်တော် ထွက်ခဲ့တယ်။ ကျွန်တော်တို့ချင်း စာအဆက်အသွယ် ရှိနေကြတယ်။ သူကတော့ မှန်မှန်စာရေး တယ်။ တစ်လတစ်စောင်လောက် ပုံမှန်ရေးတယ်။ ပွဲဈေးအချိန်တိုင်း သူတစ်ယောက်တည်း ပွဲဈေးလျှောက်တဲ့အကြောင်း ပါတယ်။ ကျွန်တော် ချိုချဉ်ဝယ်နေကျဆိုတာကို သတိရလို့ လိမ္မော်ရောင် ချိုချဉ်ပြားလေးတွေ တစ်ထုပ်အမြဲသူဝယ်တဲ့အကြောင်း ပါတယ်။ နောက်တော့ ဟိုကောင်တစ်ယောက် မလေးမကလေးတစ်ယောက်နဲ့ အိမ်ထောင်ကျသွားပြီး ကေအလ်မှာ အခြေချနေတယ်လို့ သိရတယ်။ ကျွန်တော်လည်း လေးငါးနှစ် ပညာသင်ဖို့သွားရာက၊ ဆယ့်နှစ်နှစ် နိုင်ငံခြားမှာ ကြာသွားတယ်။ အဖေကတော့ မင်းက စီးပွားရှာတတ်တဲ့လူမျိုးမှ မဟုတ်ဘဲ။ လုပ်ချင်ရာလုပ်နေရရင် ကျေနပ်တဲ့လူမျိုးမို့ မင်းပျော်ရာမှာသာနေပါလို့ပဲ ပြောတယ်။


တစ်နှစ်တော့ သီတင်းကျွတ်ချိန်လောက်မှာ သူ့ဆီ ဖုန်းဆက်လိုက်မိတယ်။ စကားပြောလို့ ပြီးခါနီးမှာ၊ နင် အဖြူမတွေနဲ့ အသားကျနေပြီ ဆိုရင်လည်း ပြော။ ငါဝယ်ထားတဲ့ ချိုချဉ်တွေ လွှင့်ပစ်လိုက်တော့မယ်လို့ ပြောတယ်။ ကျွန်တော်ကတော့ သိမ်းတော့ ထားပါဦးဟာ လို့ ပြောပြီး ရယ်လိုက်ခဲ့မိတယ်။ ပွဲဈေးက ဘယ်တော့လဲလို့မေးတော့ သူက တန်ဆောင်မုန်းလကုန်လောက်မှာလို့ ပြောတယ်။ အဲဒီညက လမ်းထောင့်က ဆိုင်မှာ ချိုချဉ်တစ်ထုပ်သွားဝယ်ပြီး အိပ်ယာပေါ်မှာလှဲရင်း စဉ်းစားနေမိတယ်။ ချိုချဉ်တစ်ထုပ်လုံး ကုန်ခါနီးတော့ ချိုချဉ်ဆိုတာ ချိုသလိုလိုချဉ်သလိုလိုမဟုတ်ဘူး။ ချိုချို၊ ချဉ်ချဉ်ဖြစ်နေတာကိုက ချိုချဉ်ရဲ့ဂုဏ်ရည်တစ်ရပ်ပဲလို့ ကျွန်တော်တွေးလိုက် မိတယ်။ ဘ၀ဆိုတာ၊ အမှန်တရားဆိုတာ၊ ထွေပြားနေတာချည်းပဲ။ တစ်ခုရဲ့ ရှိနေခြင်းဟာ အခြားတစ်ခုရဲ့ရှိနေခြင်းကို အထောက်အကူ ပြုတာပဲ။ ချိုတာချည်းပဲရှိနေရင် ချိုမှန်းသိကြမှာ မဟုတ်တော့ဘူး။ လူတွေရဲ့ ဖြစ်နေခြင်းဟာလည်း အဲဒီလိုပဲ။ ငါရဲ့ရှိနေခြင်းဟာ တခြားလူရဲ့ရှိနေခြင်းကို သိနေလို့ပဲ။ လောကမှာ လူဟာ တစ်ယောက်တည်းပဲရှိနေရင် သူ့ရဲ့ ထီးထီးကျန်နေမှု၊ လူ့အဖွဲ့အစည်း အတွင်းမှာ သီးခြားဖြစ်ရှိနေမှုကို သိမှာမဟုတ်တော့ဘူး။ ငါ့ရဲ့ရှိနေခြင်းဟာ ငါ့ပတ်ဝန်းကျင်က တခြားလူတွေကြောင့် ပေါ်လွင်လာတာပဲ။ မတူညီမှုတွေ ပေါင်းစပ်နေတယ်ဆိုတာကိုက ဖြစ်ရှိနေတယ်ဆိုတာကို အသိအမှတ်ပြုတာပဲ။ တခြားလူတစ်ယောက်အတွက် ထည့်မစဉ်းစားဘူးဆိုတာက တခြားလူတစ်ယောက်ရဲ့ ရှိနေခြင်းကို လက်ခံထားတာပဲ။ ငါ့အတွက် တခြားလူတွေ ရှိနေတာပဲ။ တခြားလူတွေထဲမှာ ငါအမြဲလို ဆန့်ကျင်ဖို့ ကြိုးစားနေတဲ့သူဟာ၊ အမှန်တော့ ငါ့ရဲ့ရှိနေခြင်းကို ခိုင်မာအောင် အားဖြည့်ပေးနေတာပဲ။ အဲဒီလို အတွေးမျိုးစုံနဲ့ အဲဒီညက မိုးလင်းခဲ့ရတယ်။

သုံးရက်လောက်ကြတော့ အလုပ်ကထွက်လိုက်ပြီး အိမ်ပြန်ဖို့ လေယာဉ်လက်မှတ် ၀ယ်လိုက်တယ်။ ဆရာကြီး အိုကော်နယ်ကို သွားတွေ့ပြီး နှုတ်ဆက်တယ်။ သူကြိုက်တဲ့ ပီနိုနွားတစ်လုံး လက်ဆောင်ပေးရင်း၊ ကျွန်တော့်မှာ ပိုလျှံနေတဲ့ အမှန်တရားတွေကို ဒီမှာပဲ ထားခဲ့ပါရစေလို့ပြောတော့ ဆရာကြီးက ပြုံးရင်း အချိန်တန်ပြီလို့ ပြောတယ်။ အမှန်တရားတွေကို ထားပစ်ခဲ့တော့မယ်ဆိုတာကိုက အမှန်တရားပဲလို့ ဆရာကြီးက ပြောတယ်။ အိမ်ပြန်ရောက်တော့ အဖေက သိပ်ဝမ်းသာလွန်းလို့ မျက်ရည်ကျတယ်။ အဖေ မျက်ရည် ကျတာ အရင်က မတွေ့ဖူးဘူး။ မင်းကို ငါပြန်မတွေ့ရတော့ဘူးလို့ မှတ်ထားလိုက်တာ။ အခု ပြန်တွေ့ရသေးတယ်လို့ ပြောတယ်။ ကျွန်တော့်စိတ်ထဲမှာ မကောင်းဘူး။ စိတ်မကောင်း ဖြစ်ရတယ်ဆိုတာ တခြားလူဘက်ကလည်း ထည့်စဉ်းစား ကြည့်လို့ပဲ။ ကိုယ့်ဖက် ကသာ ကိုယ်စဉ်းစားရင် ဘယ်တော့မှ စိတ်မကောင်းစရာ မရှိဘူး။ ပြန်ရောက်တဲ့နေ့က သူနဲ့တွေ့တော့ နင် လူလိုတွေးတတ်ပြီလားလို့ မေးတယ်။ နင်တောင် စပယ်ရှယ်လစ်ဖြစ်မှ ငါလည်း လူလို တွေးတတ်ရတော့မှာပေါ့လို့ ပြန်ပြောလိုက်တယ်။ သူကြိုက်တဲ့ ဒေါ်နာကယ်ရင်တို့၊ အဲင်းကလိုင်းတို့၊ ကျွန်တော် ၀ယ်လာတယ်လို့ပြောတော့ လူကိုမြင်ရတာပဲ ကျေနပ်ပါပြီလို့ပြောရင်း မျက်ရည်ဝဲတယ်။ အဲဒီတုန်းကလည်း ကျွန်တော့်စိတ်ထဲမှာ တစ်မျိုးပဲ နင့်အတွက်သက်သက် ငါဝယ်လာတာ ရှိသေးတယ်။ နောက်တော့ ပေးမယ်လို့ ပြောတော့ သူကရယ်တယ်။ ဟိုကောင့် မိဘတွေကတော့ မရှိကြတော့ဘူး။ အိမ်တောင် ရောင်းသွားကြပြီ။ ဖေဖေကပဲ ၀ယ်ထား လိုက်တယ်။

ဒီနေ့ညနေတော့ သူနဲ့ကျွန်တော် ပွဲဈေးသွားကြတယ်။ လျှိုထဲမှာ ရေစပ်စပ်ကလေးပဲ ရှိတယ်။ ကျွန်တော်က ရေစပ်စပ်မှာရပ်ရင်း ငါကုန်းပိုးပေးရမလားလို့ပြောတော့ သူက ရယ်တယ်။ ရေက ခြေမျက်စေ့လောက်ပဲ ရှိတယ်။ ကျွန်တော်က အရင်ရေထဲဆင်းပြီး သူ့ကို လက်ကမ်းပေးလိုက်မိတယ်။ သူက ကျွန်တော့်လက်ကို လှမ်းကိုင်ပြီး လျှိုကလေးထဲက ဖြတ်လာကြတယ်။ ပွဲဈေးက အရင်ကလို မဟုတ်တော့ဘူး။ အခြေအနေတွေ မတူတော့ဘူး။ တောသည်တွေ မရှိသလောက်ပဲ။ ခဏလေးပဲလျှောက်ပြီး ပြန်ကြရအောင်လို့ ကျွန်တော်က ပြောလိုက်မိတယ်။ သူကတော့ နင့်သဘောလို့ပဲ ပြောတယ်။ ထူးထူးခြားခြား ဒီနှစ်ဈေးပွဲမှာ သကြားလုံးဆိုင် မရှိတော့ဘူး။ သကြားလုံးဆိုင်မရှိတော့ဘူးလို့ ကျွန်တော်ကပြောတော့ ငါ နှစ်စဉ်ဝယ်ထားတာတွေ အများကြီးပဲလို့ သူကပြောတယ်။ ငါ ချိုချဉ် သိပ်မမက်တော့ဘူးလို့ ကျွန်တော်က ပြောလိုက်တယ်။ သူက ပြုံးနေတယ်။ ဒါကြောင့် ငါပြောတာ။ နင် လူလို တွေးတတ်လာပြီလို့ ပြောတယ်။ အဲဒီနောက်တော့ အိမ်အပြန်လမ်းမှာ ကျွန်တော်တို့ နှစ်ယောက်သား စကားသိပ်မပြောဖြစ်တော့ဘူး။ လျှိုထဲက တက်လာ ကတည်းက ကျွန်တော့်လက်ကို ကိုင်ထားတာကို သူမလွှတ်ဘူး။ အိမ်ရောက်တော့မှ လွှတ်တယ်။ ဖေဖေက အသက်ကြီးလာလို့ ခုဆို အိမ်အောက်ထပ်မှာပဲ နေတယ်။ ဖေဖေ့ကို နှုတ်ဆက်ပြီးတော့ သူ့ကို အပေါ်ထပ်က စာကြည့်ခန်းထဲ လိုက်ခဲ့ပါလားလို့ ခေါ်တယ်။ သူက ဘာမျှပြန်မပြောဘဲ ခေါင်းငြိမ့်ပြတယ်။ စာကြည့်ခန်းထဲရောက်တော့ သူက စာကြည့်ခန်းဟာ ဘယ်တုန်းကမှလည်း မရှင်းလင်းဘူး။ ရှင်းလည်း ရှင်းမှာ မဟုတ်ဘူးလို့ပြောပြီး အခန်းအလယ်ခေါင်မှာ ရပ်နေတယ်။ ကျွန်တော်က စာကြည့်စားပွဲဆီသွားပြီး အံဆွဲကို ဖွင့်လိုက် တယ်။ သူ့အတွက် ၀ယ်လာတာလေးတစ်ခု ထုတ်ယူနေရင်း နင် မျက်စိပိတ်ထားလို့ လှမ်းပြောလိုက်တယ်။ သူက မျက်လုံးအ၀ိုင်းသားနဲ့ ကြည့်နေရာက ပြုံးပြီး ပုခုံးတွန့်လိုက်ရင်း မျက်စိမှိတ်လိုက်တယ်။ ကျွန်တော်က သူ့အနားဆီသွားပြီး သူ့ရှေ့တည့်တည့်မှာ ရပ်လိုက် တယ်။ သူ့နားနားကပ်ပြီး နင့်ပါးစပ်ဟစမ်းလို့ ပြောလိုက်တော့ ပြုံးနေတဲ့ သူ့ပါးစပ်ကို ဟလိုက်တယ်။ သူကြိုက်တဲ့ ပရုတ်ပါတဲ့ စပ်ပူ စပ်ပြားလေးတစ်ခု သူ့ပါးစပ်ထဲထည့်လိုက်တော့ သူကမျက်လုံးကို ဖွင့်မလိုလုပ်ရင်း ပြန်ပိတ်ပြီး၊ စပ်ပူစပ်ပြားကလေးကို ငုံထားတယ်။ သူကြားရယုံလောက် အသံခပ်တိုးတိုးကလေးနဲ့ နင်ပြောဖူးတဲ့တစ်နေ့ဟာ ဒီနေ့ပဲလို့ ကျွန်တော်က ပြောလိုက်တယ်။

သူက ခေါင်းမော့ရင်း မျက်လုံးဆက်ပိတ်ထားရင်း ပြုံးနေရာက ပါးစပ်က ခစ်ကနဲ အသံမြည်ပြီး ရယ်တော့မလို့ လုပ်ပေတဲ့၊ အချိန်မရလိုက် တော့ဘူး။

မြင့်သန်း

ပင်မစာမျက်နှာသို့ပြန်သွားမည် >>