Lotayamm

search
မာတိကာ

contents

ထိပ်ဆုံးစာမျက်နှာ > ဝတ္ထုများ

ကျာကျူး
Chapter 1
ခင်ခင်ထူး

အပိုင်း (၁)

"ကျာကျူး ရေ"
"..........."
"ကျူကျူး... ဟေ ကျာကျူး"
"..........."
"ကျာ... ကျူး"
"..........."

ကျာကျူး ဆိုတဲ့ နာမည် နှစ်လုံးကို ပုဒ်စု ပုဒ်ကျခွဲပြီး သုံးမျိုးလောက် အသံကုန် ဟစ်ခေါ်ပါမှ ကျာကျူး ဆီက "ဆရာမကြီး" လို့ အသံစူးစူး သေးသေးလေးနဲ့ ပြန်ထူးတတ်တယ်။ ကျာကျူးက ထူးရင် "ရှင်"တို့ "လာပါပြီ" တို့ ဆိုတာမျိုး ထူးလေ့ မရှိဘူး။ "ဆရာမကြီး" လို့ပဲ ထူးတယ်။ ကျွန်မကိုလည်း ဆရာမကြီးတဲ့။ ကျွန်မ အိမ်သားကို ဆရာကြီးခေါ်တော့ ကျွန်မကိုလည်း ဆရာမကြီး လိုက်ခေါ်တာ ထင်ပါရဲ့။ အဲသလို တုံ့ပြန်တာက သူနဲ့ကျွန်မ လူချင်းအတူတူ ရှိနေရင်လည်း သည်လိုပဲ။ သူနဲ့ကျွန်မ နှစ်ယောက်သား တစ်ခုခု ပြောကြလို့ သူလက်ခံတယ်ဆိုရင် အမူအရာနှစ်မျိုးနဲ့ တုံ့ပြန်တယ်။ တစ်မျိုးက အသံတိတ်။ ခေါင်းညိတ် တာပါ။ တစ်မျိုးက အသံထွက်။ ဒါပေမယ့် ဟုတ်ကဲ့လို့ မပြောဘူး။ ဆရာမကြီးတဲ့။ ကျာကျူးက ဆရာမကြီးလို့ ပြောပြီဆိုရင် ဟုတ်ကဲ့ရှင့်လို့ ပြောတယ်ဆိုတာ ကျွန်မ နားလည်ရတယ်။ အဲဒါ ကျာကျူး ရဲ့ စတိုင်။ ဆိုပါတော့။

"သည်လိုလေ ကျာကျူးရဲ့... ဖွေးဖွေးတို့ကျောင်း ရှိတယ် မှုတ်လား"
"ဆရာမကြီး..."
"ကျောင်းရှေ့ပေါက်က ၆၆လမ်း... ဟုတ်ပြီနော်"
"ဆရာမကြီး..."
"ကျောင်းရှေ့ပေါက်တည့်တည့်မှာ မဝင်းတို့ စက်ဆိုင် ရှိတယ်"
"ဆရာမကြီး..."
"မဝင်းကို တွေ့ရင်..."
"ဆရာမကြီး..."

စောစောက ပြောသလို ကျွန်မ ခုနစ်သံချီ လောက်နဲ့ ကျာကျူးရေလို့ ဘယ်လောက်ပဲ အော်အော် ရှိလျက်နဲ့ ထူးချင်မှ ထူးတာပါ။ အသာအောင်းနေမှန်း သိလို့ ကျွန်မက "ကြားရင် ထူးလေ ကျာကျူးရဲ့" လို့ အော်လိုက်ရင် "မကြားလို့ပါ ဆရာမကြီး" တဲ့။ ကျွန်မတို့နဲ့ ကျာကျူးတို့နဲ့က ဝိုင်းချင်းကပ် ဆိုတော့ နီးနီးကလေးရယ်။ ကျွန်မတို့ အိမ်က အနောက်ဘက် ပြတင်း သုံးပေါက်က မြောက်ဘက် အစွန်းဆုံး ပြတင်းပေါက်ကို လှပ်ပြီး လှမ်းကြည့်လိုက်ရင် ကျာကျူးတို့ အိမ်ကို မြင်ရပြီ။ ဝေးလှရင် ပေသုံးဆယ်လောက်ပဲ ရှိလိမ့်မယ်။

တစ်ခါတလေတော့ သူ့အတွေးနဲ့သူ နစ်ဝင်နေပုံရတယ်။ လူမြင်နေရတာတောင် ခေါ်သံက နားထဲ မဝင်တာမျိုးလည်း ကြုံရတယ်။ တစ်ယောက်တည်း ငေးချင်ရာ ငေးနေတာမျိုး၊ တစ်ယောက်တည်း စကားပြော နေတာမျိုးကလည်း ရှိသေး။ ပုတ်နှိုးလိုက်သလို အော်လိုက်မှ မျက်လုံးအပြူးသားနဲ့ ဖြစ်ချင် ဖြစ်တာပါ။

တစ်ခါများ ကျာကျူးက သူတို့ဝိုင်းဘက် ကျွန်မတို့ ဝင်းထရံခြေမှာ ရှိနေတာကို မမြင်ရတော့ ကျွန်မက ကုန်းကျုံး အော်တယ်။ တကယ်ဆိုရင် ကျာကျူးနဲ့ ကျွန်မနဲ့ နှစ်ပေတောင် မကွာဘူး။ ဝင်းထရံ ကွယ်နေလို့သာ မမြင်ရတာကိုး။ သူ့အမေက "ဟဲ့ ထူးလိုက်လေ" လို့ လှမ်းအော်မှ ကျွန်မ အောက်နားဆီကမှ "ဆရာမကြီး" တဲ့။ ကျွန်မက "သည်လောက် ကပ်နေတာကို ဘာလို့မထူးတာလဲ ကျာကျူး ရယ်" ဆိုတော့ "ထူးတော့မလို့ကာနီး ဆရာမကြီး" တဲ့။ သူ့စကားလုံးတောင် သဘောကျမိသေးတော့။ ထူးကာနီးဆဲဆဲလို့ ပြောတာပါ။

အဲသလို တကျာကျာ တကျူးကျူး ခေါ်လို့ ရောက်လာပြီ ဆိုပါတော့။ ဘယ်တော့မဆို သူ့ကိုယ်ပိုင် မျက်နှာ နှစ်မျိုးထဲက တစ်မျိုးမျိုးနဲ့ ရောက်လာတာချည်းပဲ။ တစ်မျိုးက ကြည်ကြည်သာသာ ရှိတဲ့ မျက်နှာကလေးနဲ့ပါ။ တစ်မျိုးက "ကိုယ့်ဟာကိုယ် အေးအေးမနေရဘူး ခေါ်နေတော့တာပဲ" ဆိုတဲ့ မျက်နှာအိုအိုနဲ့။ ကျွန်မက ကျာကျူးကို မျက်နှာအိုသကော၊ မျက်နှာရွှင်သကော ရယ်လို့ ကြေးမများဝံ့ဘူး။ ကျာကျူးက လှီလှီသေးသေးဆိုတော့ ရောက်လာရင် ပခုံးရိုး ငေါငေါကလေး ဆီးဖက်ရင်း ချော့ရတယ်။ ပိန်လိုက်တာကလည်း ထီးရိုးဝါး ကျစ်ကျစ်ကလေး ကျလို့။

စိတ်ကြည်သာရင်တော့ ဘယ်သူကမှ မခေါ်ရဘဲ ရောက်လာပြီး အိမ်ရှေ့က လူခေါ်ဘဲလ်ကို နှိပ်တော့တာပဲ။ တစ်ကြိမ်မက နှစ်ကြိမ်မက အိမ်ထဲက လူလုံးမမြင်ရမချင်း နှိပ်တော့တာပါ။ "တင်း... တောင်... တင်း... တောင်" နဲ့ အသံတွေ ပွက်ပွက်ရိုက်ပြီဆိုရင် ဒါ ကျာကျူး လက်ချက်ပဲ။ ဒါကိုလည်း ခွင့်လွှတ် ထားရတယ်။ တစ်ချက်ပဲနှိပ် ကျာကျူးရဲ့ ဆိုတော့ "တစ်ချက်ပဲ နှိပ်ရင် နှစ်ခါပဲ မြည်မှာပေါ့။ ခဏခဏ နှိပ်တော့ အများကြီး မြည်တာပေါ့"တဲ့။

သည်လို ပြောလာရင် ကျွန်မက "အဲဟုတ်သားပဲ၊ ဆရာမကြီး ကျာကျူးလို မတွက်မိဘူး" ဆိုရင် ပြုံး နေတော့တာပါ။ တစ်ခါတလေများ ကျွန်မတို့ အိပ်နေကြသလား၊ စာရေးနေကြသလား မသိဘူး။ လူခေါ်ဘဲလ် တတောင်တောင် တတင်တင် နှိပ်နေလို့ လူလုံးပြရင်း
"ဘာတုန်း ကျာကျူး ရဲ့" ဆိုတော့ "ဆရာမကြီး ခေါ်သလားလို့" ဆိုတာမျိုးက ရှိသေး။ တစ်ခါတလေကျ ပြန်တော့လည်း သည်လို ရောက်လာလို့ မယ်မင်းကြီးမ ကျေးဇူးတင်ရသေးတယ်...

"အမေက ဈေးသွားမလို့ ဘာမှာဦးမလဲ မေးခိုင်းလိုက်လို့"
"မှာချင်တယ်... ညည်းအမေကော... အိမ်ကို ဝင်ခဲ့ဦးလို့ ပြောလိုက်"
"ဆရာမကြီး လှမ်းပြောလိုက်... အမေနဲ့ ကျွန်မနဲ့ မခေါ်ဘူး"
"ဟောတော်... ညည်းပဲ အမေက မေးခိုင်းလို့ဆို... အဲဒါ ခေါ်လို့ မဟုတ်ဘူးလား"
"မဟုတ်ဘူး... အမေက ခေါ်တာပေါ့လေ ကျွန်မက မခေါ်ဘူး"
"ကိုင်း... ဟုတ်ပါပြီ... လောလောဆယ် ကျာကျူး ရောက်လာတုန်း အဝတ်တွေ ကူလှမ်းပေးခဲ့ဦး"

သည်လို ကြုံတုန်း ကြုံသခိုက် ကြားဖြတ်ခိုင်းရင်လည်း ကျာကျူးက လုပ်ပေးရှာပါရဲ့။ အဝတ်စိုတွေ အဝတ်လျှော်စက်ထဲက ဆွဲဆွဲထုတ်၊ ပလတ်စတစ် ဇလားထဲထည့်၊ အပြင်က ပဲစင်နဲ့ အဝတ်တန်းမှာ သွားလှန်း။ လှန်းတော့လည်း ဘောက်တိဘောက်ထိုး၊ ရွဲ့တိရွဲ့ထိုးကိုး။ တစ်ခါတည်း သင်တဲ့သဘောနဲ့ အဝတ်ခါပုံခါနည်း၊ ချိတ်ပုံချိတ်နည်း၊ တန်းမှာ စီစီရီရီ လှမ်းနည်းတွေ လက်တွေ့ပြရင်း ပါးစပ်က တတွတ်တွတ်သင်တော့ ကျာကျူးက ခေါင်းတော့ ညိတ်ပါရဲ့။ ပြန်တော့ ပြောသေးတာပါ။ "ဘယ်လို လှန်းလှန်း ခြောက်တာချည်းပါပဲ ဆရာမကြီးရဲ့" တဲ့လေ။

ကျာကျူးတို့နေတဲ့ ဝိုင်းထဲမှာက သုံးအိမ်ထောင်နေကြတာပါ။ အိမ်မကြီးမှာက နှစ်အိမ်ထောင်ကန့်ပြီး နေတယ်။ ကျာကျူးတို့က နောက်ဖေးဘက်မှာ မြေစိုက်အိမ်ကလေးနဲ့ နေကြတာပါ။ အိမ်မကြီးမှာ ဒီဗီဒီပြစက် ရှိလို့ ကျာကျူးက အိမ်ရှင့်ကလေး ကူထိန်းပေးရင်း ဇာတ်ကားကြည့်တာမျိုး ရှိတတ်တယ်။ ဇာတ်ကားက ရယ်စရာဆိုရင် ကျာကျူးက ကျုံးရယ်တာပဲ။ ဇာတ်ကားက ငိုစရာဆိုရင် တအိမ်း အိမ်း ငိုသံကလည်း ကျွန်မတို့ အိမ်ဘက်က ကြားရတတ်တယ်။ ကျွန်မ ကျာကျူး ရယ်သံကြားထားရင် အိမ်ပေါက် ရောက်လာတဲ့ ကျာကျူးကို "ကျာကျူးငိုတာ ဆရာမကြားရတယ်။ ဇာတ်ကားက တော်တော် သနားစရာ ကောင်းလို့လား" လို့ မသိသလို မေးတယ်။ ကျာကျူးက သူ့ကိုယ်သူ ငါငိုခဲ့တာလား။ ရယ်ခဲ့တာလား။ ပြန် စဉ်းစားပြီးမှ ပြုံးတယ်။

"အယ်... မဟုတ်ဘူး ဆရာမကြီးရဲ့... ရယ်တာ... စိုးမြတ်သူဇာလေ အားကြီးရယ်ရတယ်"
"ကျာကျူးပဲ ဟိုတစ်နေ့တုန်းက စိုးမြတ်သူဇာက ငိုရတယ်ဆို"
"အဲဒါ ငိုကား ပြီးသွားပြီလေ... အခုက ရီ(ရယ်)ကား"
"ဒါဆို စိုးမြတ်သူဇာက ရယ်လိုက် ငိုလိုက်ပါလား ကျာကျူးရဲ့"
"ဟုတ်တယ်... သူက အဲသလိုပဲ... တစ်ခါတစ်ခါ ရီ(ရယ်)တယ်၊ တစ်ခါတစ်ခါ ငိုတယ်... သူဒါပဲ လုပ်တယ်"

ကျွန်မက ရယ်ချင်ပေမယ့် မရယ်ဝံ့ဘူး။ ကျာကျူးကို အဖြောင့်ပြောရတယ်။ ကျွန်မတို့က စချင်နောက်ချင်လို့ တလွဲပြောရင်လည်း အဖြောင့် ထင်ရှာသူကလေးပါ။ သူကိုယ်တိုင်ကလည်း အဖြောင့်ပြောတာပါပဲ။ တစ်ခါ "ကျာကျူးရယ် ညည်းခေါ်ရတာ အာခေါင်စပ်လို့၊ ညည်းက မထူးတော့ ငါမမောရပေဘူးလား" ဆိုတော့ "မောရပါတယ် ဆရာမကြီး"တဲ့။

"တစ်နေ့တစ်နေ့ ကျာကျူးခေါ်ရတာ လည်ချောင်းတွေ ကွဲကုန်ပြီ" ဆိုတော့ "ဆရာမကြီး ပူရှိန်းပြားငုံရင် ပျောက်တယ်" တဲ့။ ရွဲ့ပြော နေတဲ့အတိုင်း။ တစ်ခါတစ်ခါလည်း ခိုင်းရတဲ့ဆီ မရောက်ပါဘူး။ သူကြည့်လာတဲ့ ဇာတ်ကားအကြောင်း ပြောနေသေးတာပါ။ မင်းသမီး ထဲမှာ ဘယ်သူ့ အကြိုက်ဆုံးလဲ ဆိုတော့ ကျာကျူးက ခိုင်သင်းကြည့်တဲ့။ အခုလည်း ခိုင်သင်းကြည်ကား ကြည့်လာတာတဲ့။ ဘာကားတုံးဆိုတော့ "မော်ဒယ် ဗွေးတုတ်" တဲ့။ ကျွန်မက ရန်ကုန်အသွား ကားပေါ်မှာ အဲသည်ဇာတ်ကား ကြည့်လာခဲ့တာ သတိရလိုက်လို့ စချင် တာနဲ့ "ဟုတ်ပါ့ ကျာကျူးရယ်၊ မော်ဒယ်ဗွေးတုတ် ဆိုတဲ့ ကားမှာ ခိုင်သင်းကြည် တောသူ လုပ်တာ လှလိုက်တာ" ဆိုတော့ ကျာကျူးက ပြုံးတယ်။ ညံ့ပါဆိုတဲ့ မျက်နှာခံနဲ့ပါ။

"မလှဘူး ဆရာမကြီးရဲ့... သနပ်ခါးတွေ အများကြီး လိမ်းထားတာ မတွေ့ဘူးလား... မြို့ရောက်တော့မှ လှသွားတာလေ... သူ့ယောက်ျားက တောသူကို မကြိုက်ဘူး... မြို့သူကို ကြိုက်တယ်... ခိုင်သင်းကြည် ချင်းက အတူတူပဲလေ... တောသူလည်း လုပ်တယ် မြို့သူလည်း လုပ်တယ်"
"ဟော... သူယောက်ျားက သူ့မိန်းမသူ မမှတ်မိဘူးလား ကျာကျူးရဲ့"
"ကျွန်မက မှတ်မိသားပဲ... ဇာတ်ကားထဲမှာ သူ့ယောက်ျားက မမှတ်မိဘူး လုပ်ထားတယ်... ကျွန်မက ဟဲ့ အဲဒါ ခင်ဗျားမိန်းမပဲလို့ ပြောချင်လိုက်တာ ဆရာမကြီးရယ်... ဇာတ်ကားထဲ ပြောမရလို့"
"ပြောလိုက်ရောပေါ့ အေ"
"မပြောတော့ဘူးလေ... မင်းသားလုပ်ပြီး ခိုင်သင်းကြည့်မှ မမှတ်မိရင် နေပေါ့နော်... ဆရာမကြီးရယ်"

ကျွန်မတို့က ဟုတ်ပါ့တော် ဆိုတဲ့ မျက်နှာ လုပ်ထားရသေးတာပါ။ ကျွန်မအိမ်သားက နောက်ကော ဘာကား ကြည့်သေးတုံးဆိုတော့ အဲသည်ကားပဲ နှစ်ခါကြည့်တယ်တဲ့။ "ဟဲ့ ဘယ်လို နှစ်ခါတုံး" ဆိုတော့ အဲသည် စီဒီ ဓာတ်ပြားကိုပဲ နှစ်ခါထိုးကြည့်ကြတာတဲ့။ မေးကြည့် တော့မှ သဘောပေါက်ရတာပါ။ ဓာတ်ပြား တစ်ပြားကို သွားငှားရင် နှစ်ရာပေးရတော့ အိမ်မကြီးက လူတွေက တစ်ရာ၊ ကျာကျူးတို့က တစ်ရာ ထည့်ပြီး စပ်ငှားနေကျတဲ့။ အဲသလိုဆိုတော့ အိမ်မကြီးကစိုက်တဲ့ တစ်ရာအတွက် တစ်ခေါက်ကြည့်၊ ကျာကျူးတို့ စိုက်တဲ့ တစ်ရာအတွက် တစ်ခါပြန်ကြည့်၊ "နှစ်ရာပေးရတော့ နှစ်ခါကြည့်မှ တန်တာပေါ့ ဆရာကြီး ရဲ့" တဲ့။ ကျာကျူးက ဇာတ်လမ်းပြောပြနေလို့ ကျွန်မတို့မှာ ငုတ်တုတ်ထိုင် နားထောင်ကြ ရသေးတာပါ။ ကျာကျူးက ရုပ်ရှင်နဲ့ ပတ်သက်လာလို့ကတော့ ဆရာမကြီး ကျွန်မလောက် မသိဘူးဆိုတဲ့ မျက်နှာနဲ့ပါ။ မင်းသား မင်းသမီးတွေလည်း သိလိုက်တာမှ ဂျောင်းဂျောင်းပြေး။

ကျွန်မတို့အိမ်မှာ သမီးနဲ့ မင်းသား မင်းသမီး အတော်များများ အမှတ်တရရိုက်ထားတဲ့ ဓာတ်ပုံတွေ အယ်လ်ဘမ်နဲ့ ထည့်ထားတာ ရှိပါတယ်။ အကယ်ဒမီဆုပေးပွဲမှာ တွေ့လို့ မင်းသမီးနဲ့ တွဲပြီး ရိုက်ကူးယူထားတဲ့ ဓာတ်ပုံတွေပါ။ သည်ဓာတ်ပုံတွေထဲက မင်းသား မင်းသမီးကလေးတွေကို ကျာကျူးက အကုန် မှန်အောင် ပြောနိုင်တယ်။ တစ်ခါတော့ အယ်လ်ဘမ်ကို ကြည့်ရင်းက သရုပ်ဆောင် ဒါရိုက်တာ ကိုပေါက် ဓာတ်ပုံကို တွေ့သွားတယ်။ သည်မှာတင် ကျာကျူး ထခုန်တာပဲ။ မျက်နှာကလည်း ချက်ချင်းပဲ ဝင်းမှည့် သွားလိုက်တာ မပြောပါနဲ့တော့။ မျက်လုံးကလေးတွေဆိုတာ တောက်လက်နေကြလေရဲ့။

"ကိုပေါက်က ဆရာကြီးတို့နဲ့ ခင်တယ်ပေါ့"
"ခင်တာပေါ့ ကျာကျူးရဲ့... ကျာကျူးက ကိုပေါက်ကို သိတယ်ပေါ့"
"သိတယ်... ကျွန်မက ကိုပေါက်ကို အကြိုက်ဆုံးပဲ"
"ကြိုက်ရင် ဖုန်းဆက်ပေးမယ်... ကျာကျူး ပြောမလား"
သည်လိုဆိုတော့ ကျာကျူးမျက်နှာကလေး ရွံ့သွားလေရဲ့။ "မပြောတတ်ဘူး ဆရာမကြီး ရဲ့... ဘာပြောရမှန်းမှ မသိတာ"
"ဩော်... ကျာကျူးရယ်... ကိုပေါက် နေကောင်းလား... ကိုပေါက်ကို အားပေးနေတယ် ဘာညာ ပြောပေါ့"

ကျာကျူးက ရှက်ပြုံး ပြုံးနေလေရဲ့။ သူ့စိတ်ထဲ ကိုပေါက်မျက်နှာလည်း မြင်နေပုံပါ။ ကျွန်မက တယ်လီဖုန်း ထယူပြီး ဆက်မယ်လုပ်တော့ ကျွန်မလက်ကို ဆွဲထားတယ်။ နေဦးပေါ့လေ။

"ဆရာမကြီးပဲ ပြောပေးလိုက်တော့... စလုံး တစ်က ကျာကျူးက မေးနေတယ်လို့"
စလုံး တစ် (စ-၁)ဆိုတာက ကျွန်မတို့နေတဲ့ မန္တလေးမြို့သစ်က ရပ်ကွက် အမှတ်စဉ်ပါ။ ကျွန်မဖြင့် ရယ်ချင် လိုက်တာ မပြောနဲ့တော့။
"မန္တလေးက ကိုပေါက်ရဲ့ ပရိသတ် မကျာကျူးပါရှင်လို့ ပြောလေ... စလုံးတစ်က ဆိုတော့ ဘယ်သိပါ့မလဲ"
"မဟုတ်ဘူးလေ ဆရာမကြီးရဲ့... ကကြီးထဲမှာလည်း ကျာကျူး ရှိတယ် ကျာကျူးချင်း မှားမှာစိုးလို့"
"ဩော်... ဟုတ်သားပဲ... ကျာကျူးကမှ စဉ်းစားတတ်သေးတယ်... အေးအေး ပြောပေးမယ်"

ကကြီးထဲမှာ ဆိုတာက ကကြီးရပ်ကွက်ကို ပြောတာပါ။ ကကြီးရပ်ကွက်ထဲမှာ ကျာကျူး တစ်ယောက် ရှိတာတော့ သိထားပုံရပါရဲ့။ ကျွန်မက အယ်လ်ဘမ်ထဲက ကိုပေါက်ဓာတ်ပုံ တစ်ပုံ ဖြုတ်ပေးလိုက်တော့ ကျာကျူးက ပျော်သွားလိုက်တာများ အိမ်ကျရင် ထရံမှာ တုတ်နဲ့ ထိုးထားရမယ်တဲ့။

ကျာကျူးကို အားအကိုးရဆုံးကတော့ ဈေးလွှတ်ပြီး ဟင်းချက်စရာ ဝယ်ခိုင်းရတဲ့ အခါတွေမှာပါ။ ဈေးက ကျွန်မတို့ ဝေးတယ် မဆိုသာ ပေမယ့် ကျွန်မအဖို့ရာ ချက်ချင်းထသွားလို့ မဖြစ်နိုင်လေတော့ ပြေးပါဦးဟဲ့ ကျာကျူးရဲ့ လုပ်ရတယ်။ အေးအေးဆေးဆေးရှိတဲ့ အခါများတော့ ကျွန်မပဲ သွားလိုက်တာပါ။ များသောအားဖြင့်ကတော့ ကျာကျူး လွှတ်ရတာ များတယ်။ ဈေးတင် မကပါဘူး။ လမ်းထိပ်က စတိုးဆိုင်မှာ ရေသန့်ဘူး နှစ်တွဲလောက် ဝယ်ချေတို့၊ ပေါင်မုန့်တစ်လုံးလောက် ဝယ်ပေးပါဦးတို့၊ ခြင်ဖျန်းဆေးဘူး တစ်ဘူးလောက် ဝယ်ပေးပါဦးတို့ ဆိုတော့လည်း ကျာကျူးမှ ဇိုးဇိုးဇတ်ဇတ် ပြေးနိုင်တာပါ။ ဈေး လွှတ်ရင်တော့ အမယ်များရင် များသလို အူသွားတာမျိုး ရှိလေတော့ စာတိုကလေး ရေးပေး လိုက်ရတယ်။ စာရယ်လို့ သတ်ပုံတို့ ရေးထုံးတို့နဲ့ ကိုက်ချင်လို့တော့ မဖြစ်ဘူး။

စပါးလင်ကို ဇဘလင်လို့ ရေးပေးရတယ်။ ချင်းတက်ကို ဂျင်းဒက်ဆိုမှ သိတယ်။ ချင်ဘောက်ရွက်၊ ဂဇွန်းရွက်၊ ရုံးပဒီသီး ဆိုတာမျိုးမှ အဆင်ပြေတာပါ။ တစ်ခါများ ကျွန်မရေးပေးလိုက်တဲ့ ဈေးစာရင်းထဲမှာ ကြာညို့ ဆိုတာပါတယ်။ ကျာကျူး ဈေးပြန်လာတော့ ကြာပန်း တစ်စည်း ငေါက်ငေါက်ကြီး ပါလာပါလေရော။ ကြာညို မရလို့ အပြာရောင်ပဲ ဝယ်ခဲ့တယ် ဆရာမကြီးတဲ့။ ကျွန်မမှာ ရယ်လိုက်ရတာ။ ကျွန်မက အိမ်က ကြာညို့ပုလင်းဟောင်းပြပြီး ကြာညို့ဆိုတာ သည်ပုလင်းမျိုး ပြောတာဆိုတော့ အဲဒါ ပဲငံပြာရည် ခေါ်တယ်လေ ဆရာမကြီးရဲ့ တဲ့။ သူက ဟုတ် ဟုတ်သေးတော့။ ကြာပန်းတော့ ဘုရားတင် ရပါရဲ့။

ကျာကျူး စာတတ်သလားဆိုတော့ တစ်တန်းနဲ့ ကျောင်းထွက်ထားသတဲ့။ အက္ခရာတွေ၊ ဗျည်းတွေ မမေ့သေးလို့ တွဲစပ်ပြီး ဖတ်ပုံ ရပါတယ်။

ကျာကျူး မဖတ်တတ်ရင် ဈေးသည်တွေ မေးနော် ဆိုပေသိ မေးပုံ မရပါဘူး။ ရှက်က ရှက်သေးတာ။ ဈေးလွှတ်ရင် တလှုပ်လှုပ် တနွဲ့နွဲ့ သွားနေလို့ ဈေးလည်း တော်တော်နဲ့ မရောက်ဘူး။ ဝယ်တော့လည်း ဈေးထဲ ချာချာလည်နေတာ အကြာကြီး၊ ပြန်လာတော့လည်း ခြေလှမ်းက နောက်ပြန်ဆွဲနေတာနဲ့ ရှစ်နာရီက လွှတ်လိုက်လို့ ဆယ်နာရီ ပြန်ရောက်လာရင် အာဂ။ ကျာကျူးရယ် ညည်းဟာက ဆွမ်းခံပြန်ချိန်တောင် မကတော့ဘူး။ ဘုန်းကြီးကျိန်းချိန်တောင် ရောက်ပါပကော ဆိုတော့ ဆရာမကြီးက ဘုန်းကြီးတွေ ပင့်ထားတယ် ပေါ့တဲ့။ ကိုယ် မှာလိုက်တာက တီလားပီးယားငါး ပေမယ့် ပါလာတော့ ငါးဇင်ရိုင်း။ ငါးတော့ငါးပဲ။ တစ်ခါတစ်လေ မှားလာခဲ့တာ ရှိသလို တစ်ခါတလေ သူ ဝယ်လာတာက အဟုတ် ဖြစ်နေလို့ ချီးကျူးရတာမျိုးလည်း ရှိသေး။

"ကျာကျူးက ဝယ်တတ်လိုက်တာတော်... မြစ်ငါးကလေးတွေတောင် ရလာလိုက်သေးဟဲ့"
"မြစ်ငါးဆိုတာ ဘာကို ပြောတာလဲ ဆရာမကြီး"
"ဟဲ့ မြစ်ထဲက ငါးပေါ့... မြစ်ငါးက သိပ်ချိုတာ ကျာကျူးရဲ့... ငါးသည်တိုင်း မြစ်ငါးမကိုင်ကြဘူး... မြစ်ငါးသည်ကို မှတ်မိခဲ့ရဲ့လား"
"ငါးသည် မမှတ်မိဘူး ဆရာမကြီးရဲ့... ငါးဗန်းတော့ မှတ်မိတယ်... သံချေးတွေ တက်နေတာ"
"ကောင်းပေါ့အေ... နောင်များ ငါးဝယ်ချင်ရင် သံချေးတက်ဗန်း အရင်ရှာရမလိုပါကော ကျာကျူးရဲ့"

ကျာကျူး ဈေးသွားတယ်ဆိုလို့ ဖြောင့်ဖြောင့်ဖြူးဖြူး မထင်ပါနဲ့။ လူချည်းလွှတ်ရင် ကြာလွန်းလို့ ကျွန်မ ကျောင်းဆရာမ ဘဝက ကျောင်းသွား ကျောင်းပြန် စီးခဲ့ရတဲ့ ဖီးဆင့်စက်ဘီးကလေး စက်ဘီးဆိုင် အပ်ပြီး ပြင်ပေးထားရတာပါ။

ကျာကျူး စက်ဘီး ကျင်ကျင်လည်လည် စီးတတ်မယ် ကျွန်မ မထင်ဘူး။ ကျာကျူးတို့ ပြောင်းလာကာစက ကျွန်မတို့ အိမ်ရှေ့ လမ်းပေါ်မှာ ခရိုးခရိုင်စီးနေတာ တွေ့ဖူးတာတော့ ရှိပါရဲ့။ ဘယ်သူ့စက်ဘီး ငှားစီးတယ် မပြောတတ်ပါဘူး။ ကျွမ်းကျင်ကျင်ထဲက ဟုတ်ပုံမရတော့ စက်ဘီးနဲ့ မလွှတ်ဝံ့ဘူးလေ။ လမ်းမှာ လဲမှာ ပြုမှာ ပူရ၊ တိုးမှာ တိုက်မှာ ပူရ မဟုတ်လား။ နောက်တော့ ကျာကျူး အမေက "ဆရာမကြီး ကျာကျူးက စက်ဘီး ကောင်းကောင်းစီးတတ်တယ်... စက်ဘီးပြင်ပေးလိုက်ရင် မြန်မြန်သွက်သွက် ရောက်တာ ပေါ့" ဆိုတော့မှ စက်ဘီးလည်းပြင် ကျာကျူးကိုလည်း လွှတ်ဝံ့တာပါ။ ကျာကျူးက ကျွန်မကို လက်တစ်ဖက် လွှတ်တောင် စီးပြနေလို့ မလုပ်ပါနဲ့အေ ပြောရတယ်။ ကျာကျူး စက်ဘီးဆွဲထွက်လာပြီဆိုရင် သေချာအောင် မှာရပြီ။

"ကျာကျူး... ဆရာမကြီး ပြောမယ်... စက်ဘီးစီးရင် မငေးရဘူး... လမ်းကို သေချာကြည့်ရတယ်... လမ်းကူးကာနီး ရှေ့ကိုလည်းကြည့် နောက်ကိုလည်းကြည့် ဘေးကိုလည်းကြည့် လမ်းရှုပ်နေရင် စက်ဘီးကို ဆင်းတွန်း... စက်ဘီး လေလျော့ရင် လေထိုးစီး... ဘရိတ် မိ မမိကြည့်... ဆိုင်ကယ်တွေ ဂရုစိုက်... ဈေးရောက်ရင် စက်ဘီးအပ်တဲ့ နေရာကို သေသေချာချာအပ်... စက်ဘီးဆိုင်က ပေးတဲ့ ကတ်ပြား ကလေး မပျောက်စေနဲ့... စက်ဘီးကို အပ်တယ်ဆိုပေသိ ကိုယ်တိုင်သော့ခေတ်နော် သော့လည်း ကျမကျန်စေနဲ့ဦး... တစ်ခု ရှိသေး တယ်"

ကျွန်မအဖို့ရာ လွှတ်သာလွှတ်ရတာ စိတ်မချနိုင်လေတော့ မှာချင်တာတွေ တွန်းမှာ ရတယ်။ ကျွန်မကသာ မှာတာပါ။ ကျာကျူးက ခေါင်းထဲတောင် ရောက်ပုံမရပါဘူး။ ဘွားတော်နှယ် ဖြစ်ရလေ ဆိုတဲ့ပုံနဲ့ စူတူတူ ကြည့်နေတာပဲ ရှိတယ်။ ဟုတ်ကဲ့ တစ်ခွန်း မဟဘူး။ ဈေးမှာပြန်တော့လည်း ပထမအရေးကြီးတာ အရင်မှာရတယ်။ ကျန်တဲ့ ဟင်းသီးဟင်းရွက် တိုလီမိုစကလေးတွေက မေ့လို့မဝယ်ခဲ့ ရင်လည်း ဖြစ်တယ်။ သတိရတော့လည်း ဝယ်ခဲ့လိမ့်မယ် သဘောထားရတော့တာပဲ။

"ကျာကျူး... ဆိတ်သား အစိတ်သားဝယ်ခဲ့... ဆိတ်သားသည်ကို ဆရာမကြီးက ဝယ်ခိုင်းတာလို့ ပြောပြ... ဆရာမကြီးကို ဆိတ်သားသည်က သိတော့ အရိုးတွေ အရွတ်တွေ မထည့်ဘူးပေါ့ ကျာကျူးရယ်... ပြီးတော့ တစ်တုံးတည်းသား ပေးပါလို့ ပြောနော်... ဟိုတစ်စ သည်တစ်စ ကောက်မထည့်စေနဲ့... ကျာကျူးကို ကလေးဆိုပြီး မကောင်းတာ အထည့်မခံနဲ့... ကိုယ့်ကို အအလို့ ထင်တတ်တယ် ကြားလား... ဝယ်ပြီးရင် ဒိုင်မှာ ငွေတစ်ရာ ပေးပြီး ချိန်ခဲ့... မပြည့်ရင် ဆိတ်သားသည်ကို ပြန်ပြော ဟုတ်ပြီနော်"

"ကျာကျူး... မြန်မာကြက်ကို သိတယ်နော်... စီပီကြက်လို အသားပွပွ အကောင်ကြီးတွေ မဟုတ်ဘူး... အမွေးနုတ်ပြီးသား ကြက်သေးသေးကလေးတွေ... အကောင်လိုက် ရောင်းတာ ရှိတယ်... လေးဆယ်သားကောင် ဆိုရင် ရင့်လည်း မရင့်ဘူး နုလည်း မနုဘူး... မြန်မာကြက် ဝယ်ရင် ခြေထောက်ကို ကြည့်ဝယ်... ခြေထောက်စိမ်းတာကို ရွေးဝယ်ရတယ်... ခြေစိမ်းဖင်ညို အလွန်ချိုတဲ့... မှတ်ထားနော်... မြန်မာကြက် ခြေစိမ်း လေးဆယ်သားကောင်"

ကျာကျူးက သူ မရှင်းတဲ့ စကားလုံး၊ ဒါမှမဟုတ် နည်းနည်း ထူးခြားတဲ့ စကားလုံး ပါလာရင်တော့ ပြန်မေးတတ်တယ်။ ခြေစိမ်းဖင်ညိုကို နားလည်လိုက်ပုံ မရဘူး ထင်ပါရဲ့။
"ခြေစိမ်းဖင်ညို ဆိုတာ ဘယ်လို ပြောတာလဲ ဆရာမကြီး"
"ကြက်ခြေထောက် နှစ်ချောင်း ရှိတယ် မဟုတ်လား... ခြေထောက်က အခွံကလေးတွေ စိမ်းနေတာကို ပြောတာ... ဖင်ညိုက ကြက်ဖင်ကို ကြည့်လိုက်... ညိုတိုတိုလေး"
ကျာကျူးက ပြုံးတယ်။ ဟုတ်ပြီပေါ့။ ကျွန်မက အဲသလို ထပ်ပြန်တလဲလဲ မှာရတာပါ။ ဈေးထဲက ကျွန်မဖောက်သည် ဈေးသည်တွေ ကိုလည်း ကျာကျူးနဲ့ မိတ်ဆက် ပေးထားလေတော့ ဈေးစာရင်း စာရွက်ပိုင်းကလေးပြလိုက်ရင် သိကြတာလည်း ပါပါတယ်။

ကျာကျူးကို ဈေးလွှတ်တဲ့ ပထမဆုံး ရက်တွေတုန်းကတော့ မှာတာပါတယ် မရှိဘူး။ ဆိတ်သားမှာတော့ တစ်တုံးတည်းသား မရလို့တဲ့။ မြန်မာကြက်ကတော့ ခြေမစိမ်းလို့တဲ့။ ခြေစိမ်းပြန်တော့ ဖင်မညိုလို့တဲ့။ ကျွန်မလည်း ကိုယ့်အမှာနဲ့ကိုယ် မိနေလို့ ရှိတာနဲ့ စားလိုက် ရတာပါ။ သည်တော့ ကျွန်မဘက်က တစ်ထစ် လျှော့ရတယ်။ ပါအောင်သာ ဝယ်ခဲ့ပါအေ ဆိုတော့မှ ပါတော့တာပါ။ ဟင်းသီးဟင်းရွက် လည်း သည်လို တတွတ်တွတ် မှာရတာပါပဲ။ မိန်းကလေးဆိုတော့ တစ်ချိန် မီးဖိုချောင် ဝင်ရမှာ မဟုတ်လား။ သိထားတော့ ကောင်းတာ ပေါ့ဆိုတဲ့ စိတ်နဲ့ သင်ရင်း ဈေးဝယ်၊ ဈေးဝယ်ရင်းသင် လုပ်ရတာပါ။ ကျွန်မတို့ ငယ်ငယ်က အမေတို့ ကြီးတော်တို့က သည်လို သင်ခဲ့ ကြားခဲ့တာ မဟုတ်လား။ ကိုယ့်အိမ်ထောင်နဲ့ကိုယ်ကျမှ သည်တန်ဖိုး နားလည်ခဲ့ရတယ်။

"ခရမ်းသီးဝယ်ရင် အညှာကို ကြည့်ရတယ်... အညှာကလေး စိမ်းနေမှ... လတ်တယ်ခေါ်တာ... ဟင်းရွက် ဝယ်ရင် အညွန့်ကို ကြည့်ရတယ်... အညွန့်ကလေး လန်းကော့နေတာကို ဝယ်... ခရမ်းချဉ်သီး ကျတော့ အသီးမာတာကို ရွေးရတယ်... အရောင်ကလေး နီရောင်ပြေးရင် တော်ပြီ... နီမာ ခေါ်တာပေါ့အေ... လိုက်လုံးလို့လည်း ခေါ်တယ်..."
"နေဦး ဆရာမကြီး လိုက်လုံး ခရမ်းချဉ်သီးလို့ မေးရမယ်ပေါ့"
"မဟုတ်ဘူးလေ... လိုက်လုံးဆိုတာ နောက် တစ်ရက် နှစ်ရက်ကျရင် မှည့်တော့မယ် အလုံးမျိုးကို ပြောတာ... တဖြည်းဖြည်း မှည့်လိုက် လာမယ့် အလုံး ပေါ့အေ"
"နောက်တစ်ရက် နှစ်ရက်မှ မှည့်မှာကို ဆရာမကြီးက ကြိုသိတယ်ပေါ့"

ကျွန်မလည်း ဘာဆက်ပြောရမှန်း မသိတာနဲ့ ညည်းကြိုက်တာဝယ်ခဲ့ပါအေ လုပ်ရပြန်ပါရော။

ကျွန်မက အဲသလို တစ်မျိုးချင်း တစ်မယ်ချင်း ဘယ်ဟာ ကောင်းတယ် ဘယ်ဟာ မကောင်းဘူး သင်ပေမယ့် ကျာကျူးက ကျောင်း ဆရာမရှေ့ အလီမရတဲ့ ကလေးလို မျက်စိထဲ ဂဏန်းတွေတော့ မြင်ပါရဲ့၊ နှုတ်ထွက် ကျမလာသလို မျက်လုံးပြူးကလေးနဲ့ နားထောင် နေသလိုပါပဲ။ ဟုတ်တဲ့နေ့များတော့ ဟုတ်လို့။ မဟုတ်ပြန်တော့လည်း ဈေးကွဲချိန် ပုံတိုက်ထိုးပေးလိုက်တာတွေ ယူလာသလိုပါပဲ။

ကျွန်မက ကျာကျူး ဈေးဝယ်ပျော်အောင် "ဈေးဝယ်တော့ အဖြစ်တော်ရေ" လို့ ကျွန်မ အိမ်သားကို လှမ်းပြောရတယ်။ အဲသလိုများ ဆိုရင် ကျာကျူးက သိပ်ကျေနပ်ရှာတာပါ။ ကျွန်မ အိမ်သားက မီးဖိုထဲ ဝင်လာပြီး ကျာကျူးကို "ဈေးဝယ်ပါရဂူဘွဲ့ ပေးရမကွ" တဲ့။ တစ်ရက် တော့ ကျာကျူးရဲ့ ကျွန်မကွယ်ရာက မှတ်ချက်စကား ပြန်ကြားရတယ်။ မအေလုပ်သူက ပြောပြလို့ သိရတာပါ။

"ကျာကျူးက အိမ်မှာ ပြောနေတာ ဆရာမရဲ့"
"ဟုတ်လား... ဘာတဲ့တုံး"
"ဆရာမကြီးက အရင်က ဟင်းရွက်လည်း ရောင်းဖူးတယ်ထင်တယ် အမေရဲ့...သမီးကို ဈေးဝယ်လွှတ်ရင် အကုန်သင်ပေးတတ်တယ်တဲ့"
ကျွန်မဖြင့် ရယ်လိုက် ရတာ။ ကျာကျူးက အဲသလို။

ကျာကျူးတို့ မိသားစု တစ်ဖက်ခြံကို ရောက်တာ ကျွန်မတို့ မြို့သစ်ရောက်တာနဲ့ သိပ်မကွာပါဘူး။ ကျွန်မတို့ ပြောင်းလာတော့ ခေါင်းရင်း ခြံက လူတွေ ရှိကြပါသေးတယ်။ ကလေးတွေလည်း ရှိတော့ ပြေးပါဦးဟဲ့၊ လွှားပါဦးဟဲ့ ဆိုရင် အဲသည်ကလေးတွေကို ခိုင်းရတာပါ။ နောက်တော့ ခေါင်းရင်းအိမ်ကလည်း ပြောင်းသွား၊ ခြေရင်းဘက်ခြံမှာ ကျာကျူးတို့ မိသားစုကလည်း ရောက်လာဆိုတော့ ချိတ်မိ သွားတယ် ပြောပါတော့။ ကျာကျူးတို့ နေရတဲ့အိမ်ကလည်း အိုးပိုင် အိမ်ပိုင်တော့ မဟုတ်ပါဘူး။

ခြံရှင်က သူ့ဝိုင်းကို ထားခဲ့ပြီး အဝေးမှာ စီးပွား ရှာနေသူဆိုတော့ သူ့အိမ်နဲ့ ဝိုင်းကို သူငယ်ချင်း လင်မယားနဲ့ ကျာကျူးတို့ကို စောင့်ရှောက် ဖို့ အပ်ထားခဲ့တာပါ။ ကျာကျူးအဖေက မနက်လင်းရင် အလုပ်ထွက်သွား တတ်လေတော့ မတွေ့တာ များတယ်။ ကျာကျူး အမေ ကတော့ ငုံးဥချိန် ငုံးဥ၊ ပြောင်းဖူးချိန် ပြောင်းဖူး၊ ဖရဲသီးချိန် ဖရဲသီး တောင်းတစ်လုံး၊ ဗန်းတစ်ဗန်းနဲ့ ဈေးလည်ရောင်းသူပါ။ ဘယ်မှာ ရောင်းတာလဲဆိုတော့ ဆေးရုံကြီး ဘက်မှာ။ မနက်စောစော ချက်ပြုတ်စားသောက်ပြီးရင်၊ ဒါမှမဟုတ် လက်ဖက်ရည်နဲ့ အီကြာကွေး ကလေး တချို့တစ်ဖဲ့ စားကြပြီးရင် ဖအေကလည်း အလုပ်သွား၊ မအေကလည်း ဈေးရောင်းထွက်။ မအေ ဈေးရောင်း ထွက်ရင် ကျာကျူးလည်း ပါသွားတတ်တယ်။ မအေက အထိုင်ရောင်း၊ ကျာကျူးက ဗန်းနဲ့ကဲ့ပြီး ဆေးရုံ တစ်ဝိုက် လည်ရောင်းကြသတဲ့။ တစ်ခါတလေတော့လည်း သားအမိ နှစ်ယောက် ဈေးမထွက်ကြပြန်ဘူး။ ကျာကျူး ရောက်လာလို့ မေးကြည့်တယ်။

"ကျာကျူးတို့ ကနေ့ ဈေးရောင်း မသွားကြဘူးလား"
"မသွားဘူး... ဖမ်းလို့လေ"
"ဟဲ့ ဘယ်သူက ဖမ်းတာလဲ... ငုံးဥပြုတ်ရောင်းတာ ဖမ်းတဲ့လူ ရှိသလား"
"ဈေးသည်တွေကို လိုက်ဖမ်းတဲ့လူ ရှိတယ် ဆရာမကြီး ရဲ့... သူက မဖမ်းတဲ့နေ့ မဖမ်းဘူး... ဖမ်းတဲ့နေ့ ဖမ်းတယ်"
"ညည်းဟာ မဟုတ်သေးပါဘူး ကျာကျူးရယ်... ဖမ်းမှတော့ နေ့ရယ် ရက်ရယ် ရှိလို့လား"
"မဟုတ်ဘူး... သူတို့ကို ပိုက်ဆံပေးရင် မဖမ်းဘူး... မပေးရင် ဖမ်းတယ်"
"ညည်းတို့က မပေးလို့လား"
"ပေးတယ် ဆရာမကြီးရဲ့... အခုက ပေးလို့ ဖမ်းတာ"

ကျွန်မလည်း တော်တော့ တော်တော့လို့ပဲ ညည်းလိုက်မိတယ်။ ပိုက်ဆံပေးတဲ့ကြားက ဖမ်းတယ်လို့ ပြောတာလား၊ အပေးမတတ်လို့ ဖမ်းတာလား၊ တစ်ခုခုကို ပြောတာနေမှာပေါ့။ ကျာကျူးက ကလေးသာသာဆိုတော့ အဲသလောက်လည်း သိပုံမရပါဘူး။ ကျွန်မက အဲသလို လိုက်ဖမ်းတော့ ပြုတ်ပြီးသား ငုံးဥတွေ ဘယ်လို လုပ်ကြသလဲဆိုတော့ သားအမိနှစ်ယောက် ထိုင်စားပစ်လိုက်တယ်တဲ့။ ကျာကျူး ဆက်ပြောတဲ့ စကားကတော့ ယုတ္တိတန်သား။

"ဟုတ်တယ်လေ... ဖမ်းတဲ့ လူက ဖမ်းပြီး စားပစ်မှာပေါ့ ဆရာမကြီးရဲ့ သူအစားမခံဘူး ကိုယ့်ဟာကိုယ် စားပစ်လိုက်တာ ကောင်းတယ်"
"အေး... ဒါလည်း ဟုတ်တာပဲ"

တစ်ခါတစ်လေလည်း ပျားလိမ္မော် ခေါ်ကြတဲ့ တရုတ်လိမ္မော်တွေ၊ စပျစ်သီးခိုင်တွေ ဗန်းနဲ့ရွက်ပြီး ထွက်ကြတာလည်း ကျွန်မ မြင်နေရ တယ်။ သားအမိနှစ်ယောက် သနပ်ခါးတွေဖွေး။ အပြန်တော့ မိုးချုပ်တဲ့အခါ ချုပ်၊ စောတဲ့အခါ စောပေါ့။ ရောင်းရတာ အဆင်မှပြေရဲ့လား။ ပြေးပဲ ပြေးလွှားနေကြရော့လား။

အိမ်ရောက်မှ မီးရောင်လက်လက်နဲ့ ချက်ပြုတ်နေကြတာ တွေ့တော့လည်း အိမ်မှာရှိတာ လှမ်းခေါ်ပေးပေါ့။ ကျာကျူးက ဟင်းကြေးများ သတဲ့။ ကြေးများတယ်ဆိုလို့ ဟင်းကောင်းမှ စားချင်တယ် ဆိုတာမျိုး မဟုတ်ပါဘူး။ အမဲသား၊ ဝက်သား၊ ဆိတ်သား မစားဘူးတဲ့။ ငါးလည်း အကောင်ကြီးရင် မစားဘူးတဲ့။ အကောင် သေးလွန်းတော့လည်း မစားဘူးတဲ့။ ကျွန်မတို့အိမ်က ထမင်းဟင်းပေးရင် ဖအေမအေက စားပေမယ့် ကျာကျူးက မစားဘူးဆိုတာလည်း နောက်မှ သိရတာပါ။ သူ့အမေ ပြောပုံတော့ ကျွန်မတို့အိမ်က ဆန်က စေးလို့တဲ့။ စေးတော့ အီသတဲ့။ အဲသလို ဆိုတော့ စားစေချင်သကောရယ်လို့ ဘာပေးပေး ကျာကျူး ဝမ်းရောက်ဖို့ မသေချာဘူး။

အိမ်မှာလည်း သည်လိုပါပဲ။ ကျွန်မတို့ ကော်ဖီသောက်ချိန်နဲ့ တိုးလို့ သူ့ခြေသူ့လက် ဖျော်သောက်ချေ ဆိုတော့လည်း ကော်ဖီ မကြိုက် ဘူးတဲ့။ လက်ဖက်ရည်မှ ကြိုက်သတဲ့။ ကျွန်မတို့ အိမ်မှာ ဧည့်သည်များ၊ မိတ်ဆွေများ က စားစေချင်လို့ ဝယ်လာကြတဲ့ မုန့်ပဲသရေစာ တွေ များပါတယ်။ တစ်ခါတစ်လေများ ထမင်းစားပွဲပေါ် စုတင်ထားရင် တစ်ပုံကြီး။ ကျာကျူးက ရေခဲသေတ္တာထဲ၊ ကြောင်အိမ်ထဲ ထည့်သို ပေးတာမျိုးတော့ ရှိပါရဲ့။ လူရင်းမိတ်ဆွေတွေက လက်ဖက်ရည်လို၊ ပဲနံပြားလို ဝယ်လာရင် ကျွန်မတို့ ပထမဆုံး သတိရတာ ကျာကျူးတို့ သားအမိပဲ။

"ကျာကျူးရေ... လက်ဖက်ရည် လာယူလှည့်"
အဲသလို ကြားရင်တော့ ပြေးလာတော့တာပါ။ လက်ဖက်ရည် အင်မတန် ကြိုက်ရှာမှန်းသိလို့ တကန်တက ဝယ်တိုက်ရတာမျိုးလည်း ရှိတယ်။ မအေ ဖအေက မနက်မိုးလင်းလို့ လက်ဖက်ရည်တစ်ခွက် ဝမ်းထဲမကျရင် ဆတ်ဆတ်တုန်နေကြသူတွေ ဆိုတော့ ကျာကျူး ခမျာလည်း လက်ဖက်ရည် စွဲနေပုံပေါ်ပါရဲ့။ တစ်ခါတလေ လက်ဖက်ရည် သောက်ရရင် တစ်နေကုန် ထမင်းမစားဘဲ နေနိုင်တယ်ဆိုလို့ အံ့ဩရတယ်။ ခက်တာက ခုခေတ်ပေါ်နေတဲ့ ရယ်ဒီမိတ် တီးမစ် ဆိုတာမျိုးကျတော့လည်း မက်ပုံမရဘူး။

"အဲဒါတွေက လက်ဖက်ရည်အစစ် မဟုတ်ဘူး ဆရာမကြီးရဲ့... ကော်ဖီက အမှုန့်ရှိတယ်လေ... လက်ဖက်ရည်က အမှုန့်မှ မရှိတာ... ဘယ်လိုလုပ်ပြီး အထုပ်ထဲ ထည့်မလဲ... နော ဆရာမကြီးရယ်"
"ဟုတ်ပါ့အေ..."
ကျွန်မလည်း ထောက်ခံတဲ့နည်းနဲ့ ခေါင်းညိတ်ရတာတွေ များလှပေါ့။ ကျာကျူးက လက်ဖက်ရည်တစ်ခွက် သားအမိနှစ်ယောက် မျှသောက်ထားရင် တစ်နေကုန် ဈေးလည်ရောင်းလည်း မမောဘူးတဲ့။ လက်ဖက်ရည် အာဟာရသိဒ္ဓိ ပြီးတဲ့ပုံမျိုး ပြောသေးတာပါ။ ကျွန်မက "လက်ဖက်ရည် ကလည်း လက်ဖက်ရည်ပေါ့အေ... ထမင်းတော့လည်း တစ်လုပ်တစ်ဆုပ် စားကြပါမှပေါ့... အစာအိမ် ရောဂါ ဖြစ်တတ်တယ်" လို့ ပြောမိတယ်။ ကျာကျူး ပြန်ပြောလိုက်တဲ့ စကားကြောင့် ကျွန်မမှာ ဘာပြန် ပြောရမှန်းတောင် မသိတော့ပါဘူး။
"အစာအိမ် ရောဂါက ထမင်းစားတဲ့ လူမှ ဖြစ်တာ ဆရာမကြီးရဲ့..." တဲ့။

(ဆက်ရန်)

ခင်ခင်ထူး

ပင်မစာမျက်နှာသို့ပြန်သွားမည် >>
နေ့စဉ် အသစ်အသစ်သော သတင်းများ ကို သိရှိနိုင်ရန် လိုတရ Application အား ဤနေရာတွင် နှိပ်၍ အခမဲ့ Download ရယူပါ။