contents

ထိပ်ဆုံးစာမျက်နှာ > ဝတ္ထုများ

နွေပုံပြင်
အစ/အဆုံး
တေဇာ (လရောင်လမ်း)

ပျော်ရွှင်မှုဆိုတာကတော့ အားလုံးအတူတူလိုပဲ၊
ဒါပေမဲ့ နာကျင်မှုတစ်ခုစီမှာ သီးခြားဝိသေသရှိတယ်။
~ လီယိုတော်စတွိုင်း

သူကတော့ကလေးလေးလိုပဲ ၊အိပ်ခါနီးတိုင်း ကျွန်တော့်ကိုပုံပြင်ပြောခိုင်းတတ်တယ်။ အသံတစ်သံကိုနားထောင်ရင်း အိပ်ပျော်သွားရတာ၊ အနားမှာတစ်စုံတစ်ယောက်ရှိနေတယ်ဆိုတဲ့ခံစားမှုက သူ့ကို လုံခြုံမှုပေးတယ်တဲ့။ ခက်တာက ကျွန်တော်က ပုံမပြောတတ်တာပဲ။ ပုံနှိပ်စာလုံး စီထားတဲ့စိတ်ကူးယဉ်ပုံပြင်တွေအတော်များများ ဖတ်ဖူးခဲ့ပေမယ့် ဖတ်ပြီးသားတွေကို ကျွန်တော်က အဆီအငေါ်တည့်အောင် ပြန်ပြောနိုင်တဲ့ လူစားမျိုးမဟုတ်ဘူး။ ငါလည်း မက်ဒူဆာ (Medusa) လို အကောင်မကြီးရဲ့ ခေါင်းကိုသွားကြည့်ခဲ့မိလို့ ဖြစ်လိမ့်မယ်လို့ပဲ ကိုယ့်ရဲ့ဆွံ့အမှု အပေါ်နည်းနည်းဖော့တွေးရတယ်။ သူ့ကိုတော့ ငါပုံမပြောတတ်ဘူးလို့ ခဏခဏအသိပေးဖူးပါတယ်။ ဒါပေမဲ့ အဲဒါက သူနဲ့ကျွန်တော့်ကြားမှာ လုံလောက်တဲ့ဆင်ခြေတစ်ခုမဟုတ်ခဲ့ဘူး။ ပြောတတ်တတ် မပြောတတ်တတ် ပြောလို့ သူကတစ်ချက်လွတ် ပြောတယ်။ ဒီတော့လည်း ပုံပြင်တွေကို လက်တမ်းပြောနိုင်ဖို့ကြိုးစားရတော့တယ်။ အဲဒီတော့မှပဲ စိတ်ကူးဉာဏ်ကွန့်မြူးမှု ဘယ်လောက် အားနည်းမှန်း ကိုယ့်ကိုယ်ကိုယ်သတိထားမိတယ်။ ဖတ်ဖူးထားတာလေးတွေနဲ့ ဆင်တူယိုးမှားလုပ်ကြံပြောဖို့ကြိုးစားလည်း ကျွန်တော် ပြောတာတွေက အဆီအငေါ်မတည့်လှဘူးဆိုတာ ကိုယ့်ဘာသာသိနေတယ်။ ဒီအပြင် သူကလည်း အမေးအမြန်းကထူတယ်။ ကျွန်တော်က၊ ဖြစ်ချင်တော့ အဲဒီဇီးကွက်ကြီးဟာ ခေါင်းခါလို့မရဘူးလို့ ပြောတော့ ဘာဖြစ်လို့လဲ၊ ခေါင်းပဲ ခါလို့ရရမှာပေါ့လို့ သူက ဆင်ခြေကန်တယ်။ ကျွန်တော်ကတော့ ဇီးကွက်တွေဟာ လည်ပင်းမပါဘဲ ခေါင်းနဲ့ကိုယ်နဲ့ တစ်ဆက်တည်း ဖြစ်နေတဲ့အတွက် ခေါင်းခါရင် ကိုယ်လုံးပါ, ပါသွားလို့ ခေါင်းခါလိုက်တာနဲ့ အရှိန်ပါပြီး ကျောပါခိုင်းပြီးသား ဖြစ်သွားတတ်တယ်လို့ ကြိုးစားရှင်းရတယ်။ ဇီးကွက်တွေရဲ့အမူအရာမှာ ခေါင်းခါတာဟာ ငြင်းဆန်ရုံသက်သက် မဟုတ်ဘူး၊ အပြီးအပိုင် ကျောခိုင်းစွန့်ခွာတာပဲလို့ ပြောပြီး ကိုယ့်ရှင်းလင်းချက်ကို ကျွန်တော် ကိုယ့်ဘာသာ ကျေနပ်နေမိတယ်။

ဒါပေမဲ့ သူက ဘ၀င်မကျဘူး။ ဇီးကွက်တွေဟာ ခေါင်းခါလို့ရပါတယ်လို့ပဲ အကျောက်အကန် ငြင်းနေတယ်။ အဲဒီအချက်ကိုမှ မပြေလည် ရင် ပုံပြင်က ရှေ့ဆက်လို့ရတော့မယ့်ပုံမပေါ်ဘူး။ ဒါနဲ့ပဲ နင်ပြောတာ ဇီဝဗေဒအရတော့ ဟုတ်ချင်ဟုတ်လိမ့်မယ်၊ ဖြစ်ကောင်းဖြစ်နိုင် ပါလိမ့်မယ်။ ဒါပေမဲ့ ပုံပြင်တွေထဲမှာတော့မဟုတ်ဘူး။ ပုံပြင်တွေမှာ တိရိစ္ဆာန်တွေ လူစကားပြောတာကို ဘယ်သူမှယုတ္တိမရှိဘူးလို့ မပြောကြဘူး။ မပြောကြတာက ပြောလို့မရလို့၊ ပြောခွင့်မရှိလို့ပဲ။ ပြောရင် ပြောတဲ့လူအရူးပဲ။ ဒီတော့ ငါလည်း ငါ့ပုံပြင်မှာ ဇီးကွက်တွေ ခေါင်းမခါနိုင်ဘူးလို့ လုပ်ပိုင်ခွင့် ရှိတယ်။ ကဗျာဆရာလိုင်စင် (Poetic License) ဆိုတာမျိုး နင်ကြားဖူးတယ်မဟုတ်လား။ အခုက ပုံပြင်ဆရာလိုင်စင်ပဲ။ Fictional Reality ပဲ။ နားထောင်ချင်ထောင် မထောင်ချင်နေ၊ ငါ့ဇီးကွက်ကြီးကတော့ ခေါင်းခါတာနဲ့တစ်ပြိုင်နက် ကျောပါခိုင်းသွားတော့တာပဲလို့ ကြားဖူးနားဝ စာပေအယူအဆတွေရောထည့်၊ အသံကို ခပ်မာမာဖြစ်အောင်ထားပြီး ပြောရတယ်။ ဒီတော့မှ သူလည်းငြိမ်တယ်။ သူ့စိတ်ထဲ မကျေမနပ် ဖြစ်နေတာကိုသိတော့ ကျွန်တော်လည်း ကြိတ်ပြီး ကျေနပ်မိတယ်။ သူ့အနေနဲ့ ကျွန်တော့်ကို အတင်းအကြပ်ပုံပြင်ပြောခိုင်းပိုင်ခွင့် ရှိသလို ကျွန်တော့်ဘက်ကလည်း ပုံပြောသူတစ်ယောက်ရဲ့လုပ်ပိုင်ခွင့်ကို ရတတ်သလောက်ယူရတာကိုး။ တကယ်တော့ ဇီးကွက်တွေ ခေါင်းခါမရဘူးဆိုတဲ့အတွေးက ကျွန်တော်မြင်ခဲ့ဖူးတဲ့ ဈေးဆိုင်တွေမှာ လာဘ်ခေါ်တဲ့အနေနဲ့ ထားလေ့ရှိတဲ့ ရွှေဇီးကွက်ရုပ်ကြီးတွေကို စိတ်ထဲမြင်ပြီး ပေါ်လာတာလို့ ကိုယ့်ကိုယ်ကိုယ် သတိထားမိတော့ ကျွန်တော် ပြုံးမိတယ်။ ဇီးကွက်အစစ်ကို အပြင်မှာ တစ်ခါနှစ်ခါပဲ ကျွန်တော် မြင်ခဲ့ဖူးတာ။ ဒီလိုနဲ့ ခေါင်းခါလို့မရတဲ့ဇီးကွက်ကြီးဟာ အဲဒီနေရာကနေ ချာခနဲ ကျောခိုင်းထွက်ခွာသွားတော့တယ်ကွယ် လို့ ကျွန်တော်က ပြုံးစိစိပြောတဲ့အချိန်မှာ အမှောင်ထဲက သူ့နှုတ်ခမ်းလေးတွေ စူနေလိမ့်မယ်ဆိုတာ ကျွန်တော် သေချာတယ်။

ဒီလိုနဲ့ ကျွန်တော်လည်း ညအိပ်ခါနီးတိုင်း ယုတ္တိမရှိတဲ့ပုံပြင်ကလေးတွေကို သူ့ကိုလုပ်ကြံပြီး ပြောပြရတယ်။ လူတွေအကြောင်းထက် တိရိစ္ဆာန်ကလေးတွေအကြောင်း ပြောရတာကို ကျွန်တော်က ပိုပြီးခံတွင်းတွေ့တော့ ပြောပြီးတဲ့ အကောင်ဗလောင်ကလေးတွေလည်း အတော်လေးစုံသွားတယ်။ ယုန်ကလေးကိစ္စမှာတော့ သူနဲ့ကျွန်တော်နည်းနည်းအချင်းများခဲ့ရသေးတယ်။ ယုန်ကလေးတွေနောက်က ကျားကြီးလိုက်လာတာကို ယုန်ကလေးတွေကအံ့မခန်းအန်တုပြတဲ့ပုံပြင်။ ပုံပြင်အစမှာ ကျွန်တော်က ယုန်ကလေးတစ်ကောင်တည်း ထားပေမယ့် သူကကျွန်တော့်ကိုဆင်ခြေတက်တယ်။ သူ့အလိုအရတော့ သတ္တ၀ါဆိုတာအဖော်လိုတယ်၊ အချစ်လိုတယ်။ ဒီလောက် ကြမ်းတမ်းတဲ့တောကြီးမျက်မည်းထဲမှာ နုနယ်တဲ့ယုန်လိုအကောင်လေးတစ်ကောင်တည်း မရှင်သန်နိုင်ဘူးတဲ့။ ယုန်မကလေးနဲ့ ဘယ်တော့တွေ့မှာလဲ၊ ယုန်မကလေးပါ ပါမှရမယ်လို့ သူကဇွတ်ဂျီကျတာနဲ့ ကျွန်တော်လည်း ပုံပြင်ထဲမှာယုန်မလေးတစ်ကောင် အပ်ချလောင်းဆို ထည့်ပေးလိုက်မိတယ်။ စိတ်ကူးနဲ့ထည့်တာပဲ၊ ဒါကတော့လွယ်ပါတယ်။ ဒါပေမဲ့ ပုံပြင်ဆရာလုပ်နေတဲ့ ကျွန်တော့် ပြဿနာက သူတို့နှစ်ကောင်ချစ်သွားကြရုံနဲ့မပြီးဘူး၊ သူတို့ ဖြေရှင်းစရာ ပြဿနာလိုတယ်၊ အခက်အခဲလိုတယ်။ တွေ့ပြီးချစ်သွားကြရုံ ဆို ဘာဇာတ်လမ်းမှမရှိဘူး၊ ပုံပြင်လို့ ခေါ်နိုင်မှာ မဟုတ်ဘူး။ ဒီတော့လည်း အလွယ်တကူပဲ ကျားကြီးတစ်ကောင်ထပ်ထည့်ပြီး ယုန်ကလေးတွေနောက်က လိုက်ခိုင်းရတော့တာပဲ။ ကျားကြီးက အခုမျိုးတုံးတော့မယ့် အာရှကျား၊ အ၀ါအမည်းအကြားကြီး လို့ နည်းနည်းရှည်သွားအောင်ကွန့်ရတယ်။ ကျားကြီးလိုက်တော့လည်း ယုန်မောင်နှံခမျာ ပြေးရတယ်။ ပြေးတယ်ဆိုပေမယ့် ကြာကြာ ပြေးခိုင်းလို့လည်းမရပြန်ဘူး။ အပြင်မှာ ပြေးရတာသာ မောတာ၊ ပုံပြင်ထဲမှာတော့ ၀ါကျတစ်ကြောင်းလောက်နဲ့ ပြီးသွားတာ။ ယုန်နှစ်ကောင်ကို ခပ်လွယ်လွယ် ကျားစာကျွေးပစ်လိုက်ချင်စိတ် ပေါက်နေပေမယ့် သူ ဒေါသထွက်မှာသိနေတော့ ကြုံရာ သစ်ခေါင်းပေါက်ထဲပဲ ၀င်ပြေးခိုင်းရတယ်၊ ကျားကြီးကလည်း သစ်ခေါင်းပေါက်အပြင်မှာစောင့်နေတယ်။ သူက ကျားငစဉ်းလဲကြီး၊ လွယ်လွယ်နဲ့ ဘယ်လက်လျှော့မှာလဲ။ အဲဒီနေရာမှာ သူနည်းနည်းစိတ်ဝင်စားသွားပုံရတယ်။ သစ်ခေါင်းထဲပိတ်မိနေတဲ့ ယုန်မောင်နှံ အတွက် ဖြေရှင်းစရာ ပြဿနာတစ်ခုကရှိလာပြီကိုး။ ကျွန်တော်ကတော့ ကိုယ်လုပ်ထားတဲ့ ပြဿနာကို ကိုယ့်ဘာသာ အဆင်ပြေပြေ ပြန်ဖြေရှင်းနိုင်ဖို့ အပြေးအလွှား စဉ်းစားရင်း ချွေးပျံနေတယ်။ လက်တမ်းပြောတဲ့အခါမှာ စဉ်းစားစရာအချိန်က မရှိသလောက်ပဲ။ အဲဒီအချိန်မှာ စိတ်ကူးတစ်ခု ဖျပ်ခနဲပေါ်လာတာနဲ့ ကျွန်တော်လည်း ၀မ်းသာသွားတယ်။

အဲဒါနဲ့ဘယ်လိုဖြစ်ရောလဲလို့ သူက မေးတယ်။ အဲလိုနဲ့ယုန်ကလေးနှစ်ကောင်ဟာ သစ်ခေါင်းပေါက်ကြီးထဲမှာပဲ လအတန်ကြာ နေကြ တယ်။ ကျားကြီးကလည်း သူတို့မှာတခြားထွက်ပေါက်မရှိမှန်းသိတော့ ဇွဲကောင်းကောင်းနဲ့ စောင့်နေတာပေါ့ကွယ်။ သစ်ခေါင်းပေါက်ကြီး ကတော့အတော်ကြီးတယ်။ အထဲမှာလနဲ့ချီနေတော့ ယုန်ကလေးတွေကအစာတွေ၊ ရေတွေဘယ်လိုစားသောက်ကြသလဲလို့တော့ သူက မမေးဘူး။ ကျွန်တော့်ပုံပြင်ဆရာလိုင်စင်ကြီးကို အသိအမှတ်ပြုထားရပြီကိုး။ ဒါနဲ့ကျွန်တော်လည်းပုံပြင်ရဲ့အပိတ်ကို ဆက်ရတယ်။ တစ်နေ့ကျတော့ ယုန်ကလေးဟာ သစ်ခေါင်းပေါက်ကြီးထဲကနေအပြင်ကို ခေါင်းပြူထွက်လာတယ်တဲ့။ ကျားကြီးက ခေါင်းထောင်ကြည့် တယ်။ သူ့မှာ လနဲ့ချီ နေ့မအား၊ညမနား သစ်ခေါင်းပေါက်ကို စောင့်နေရလို့ အတော်လေးပိန်ချုံးချိနဲ့နေရှာပြီတဲ့။ ယုန်ကလေးနောက်က ယုန်မလေး ထွက်လာတယ်။ ကျားကြီးကတော့ ဗိုက်ဆာဆာနဲ့နှစ်ကောင်လုံးကို စားပစ်ဖို့ သစ်ခေါင်းပေါက်ဆီ ခြေလှမ်းပြင်လိုက်တယ် ဆိုရင်ပဲ သစ်ခေါင်းပေါက်ဆီက ယုန်တွေတစ်ကောင်ပြီးတစ်ကောင်ထွက်လာတာ တွေ့လိုက်ရတယ်ဆိုပဲ။ ထွက်လာတဲ့ယုန်တွေက များလွန်းလို့ ကျားကြီးဟာ ခြေလှမ်းတွေကို ရှေ့ဆက်မတိုးနိုင်ဘဲအံ့သြမှင်သက်ပြီး ငေးကြည့်နေမိတယ်တဲ့။ ဒါပေမဲ့ အချိန်တွေ ဘယ်လောက်ပဲကြာကြာ ယုန်တွေကတော့သစ်ခေါင်းပေါက်ထဲက အဆက်မပြတ်ထွက်လာနေတုန်းပဲတဲ့။ နောက်ဆုံးတော့ ပုံပြင်အစမှာ ပါတဲ့ အချစ်သူရဲကောင်းယုန်ကလေးက ကျားကြီးကို ပြောလိုက်တယ်။ မင်းက ငါ့ထက်ခွန်အားအများကြီးပိုပါတယ်၊ ဒါပေမဲ့ ငါကလည်း မင်းထက် အများကြီး `ပို´ (Outnumber) တယ်တဲ့။ ကျားကြီးရဲ့မြင်ကွင်းမှာတော့ မရေတွက်နိုင်တဲ့ အဖြူစက်ကလေးတွေကိုပဲ မြင်နေရတော့သတဲ့ကွယ် လို့ အဆုံးသတ်ရင်း ကိုယ့်ပုံပြင်ကိုယ် ကျွန်တော်အတော်ကလေး ကျေနပ်သွားမိတယ်။

ဒီပုံပြင်မှာ သင်ခန်းစာယူစရာကတော့ အချစ်ရဲ့စွမ်းအားနဲ့အရာရာကို ကျော်ဖြတ်နိုင်တယ်ဆိုတာပဲလို့ ကျွန်တော်က ပြုံးစိစိနဲ့ နိဂုံးချုပ် လိုက်တော့ သူကမျက်မှောင်ကို အကြီးကြီးကုပ်ထားတာ မြင်လိုက်ရတယ်။ ဘယ်မှာလဲအချစ်တဲ့၊ ဘယ်မှာအချစ်ပါလို့လဲလို့ သူ အော်လိုက်တဲ့အချိန်မှာပဲ ကျွန်တော့်လက်က မီးခလုတ်ဆီလှမ်းလိုက်မိတယ်။ မီးမှောင်သွားပေမယ့် ကျွန်တော်သူ့ကို ရှင်းရှင်းလင်းလင်း မြင်နေရတုန်းပဲ။ တကယ်တော့အချစ်ဆိုတာ အမှောင်ထဲမှာလည်း မြင်ရတယ်လို့ ကျွန်တော်ကတီးတိုးပြောလိုက်တယ်။ ပုံပြင်အရတော့ ယုတ္တိရှိချင်မှရှိလိမ့်မယ်၊ ဒါပေမဲ့ဇီဝဗေဒအရတော့ ဒါဟာအချက်အလက်အမှန်ပဲလို့ ပြောတုန်း သူ့မျက်နှာဘယ်လိုရှိနေလဲ ကျွန်တော် မမြင်ရတော့ဘူး။

အဲဒီရက်ကတော့ ကျွန်တော့်မှာ ပြောစရာပုံပြင် ပြတ်လပ်သွားတယ်ဆိုရမယ်။ ဒီညတော့ ပုံပြင်မပြောပြပါရစေနဲ့လို့ သူ့ကို တောင်းပန် မိတယ်။ သူကလက်မခံဘူး၊ ပုံပြင်နားထောင်ရမှအိပ်ပျော်မှာလို့ ဂျစ်ကန်ကန်နဲ့ ပြန်ပြောတယ်။ ကျွန်တော့်အနေနဲ့ကလည်း ပုံပြင်တွေ လုပ်ကြံပြောနေရတဲ့အဖြစ်ကို ဆက်ပြီး သည်းမခံနိုင်တော့လောက်အောင်ပဲ။ ဒါပေမဲ့လည်း သူ့မှာ ကျွန်တော့်ကိုအမိန့်ပေးနိုင်တဲ့ ဘာမှန်း မသိတဲ့လိုင်စင်တစ်ခုရှိနေတော့ တစ်ခုခုကြံဖန်ပြောဖို့ပဲစဉ်းစားရတော့တယ်။ ဒီလိုနဲ့ဖတ်လက်စ စာအုပ်တစ်အုပ်အထဲက ကျွန်တော် သဘောကျနေမိတဲ့အပိုင်းကလေးတစ်ခုကို ဖြတ်ပြီးပြောဖို့စိတ်ကူးမိတယ်။ သူစိတ်ဝင်စား မစားတော့မသိဘူး။ ကျွန်တော့်အနေနဲ့ကတော့ အတော်စိတ်ဝင်စားမိတဲ့အပိုင်းလေးပဲ။

ပုံပြင်ထဲမှာက အမျိုးသမီးက အမျိုးသားကို အရင်နေ့ကမက်ခဲ့တဲ့သူ့အိပ်မက်ဆိုးကြီးအကြောင်းကို အိပ်ယာပေါ်မှာ ပြောပြနေတယ်။ အိပ်မက်ထဲမှာ သူက တောအုပ်ကလေးတစ်ခုထဲကို ရောက်နေတယ်တဲ့။ တောအုပ်ကတော့ ကြောက်စရာပုံပြင်တွေထဲက လူတွေ လမ်းပျောက်တတ်တဲ့အတိတ်နိမိတ်မကောင်းတဲ့ တောအုပ်အမျိုးအစားမဟုတ်ပါဘူး။ အရောင်ဝင်းဝင်းပပနဲ့မထူမပါး တောအုပ်ကလေး ပါပဲ။အချိန်ကလည်း ကြောက်စရာတွေအများအားဖြင့် ဖြစ်တတ်တဲ့ ညဖက်မဟုတ်ဘူး။ နွေးနွေးထွေးထွေး နေ့လယ်ခင်း၊ အဲဒီ အမျိုးသမီးဟာ ဘေးဘီဝန်းကျင်နဲ့ ကမ္ဘာလောကကြီးကိုဂရုမထားဘဲ အေးအေးလူလူလမ်းလျှောက်လာခဲ့တယ်တဲ့၊ သူ့အိပ်မက်ထဲမှာ ဖြစ်နေတာကို ပြောတာနော်။ ဒီလိုနဲ့ တစ်နေရာအရောက်မှာတော့ အမျိုးသမီးဟာ အိမ်ကလေးတစ်လုံးကို တွေ့လိုက်ရတယ်။ အိမ်ကလေးက မီးခိုးခေါင်းတိုင်ကလေးနဲ့စင်ဝင်ကလေးပါတယ်။ ပြတင်းပေါက်တွေမှာ ရောင်စုံလိုက်ကာလေးတွေ တပ်ထားတယ်။ ဖော်ရွေပျူငှာပြီး ချစ်စရာကောင်းတဲ့အိမ်ကလေးပေါ့။ ဒီလိုနဲ့အမျိုးသမီးလည်း အိမ်တံခါးကို ခေါက်လိုက်တယ်။ အိမ်ရှင်တို့လို့ ခေါ်တယ်၊ အထဲက ပြန်ဖြေသံမကြားဘူး။ သူက တံခါးကိုခပ်ကြမ်းကြမ်းခေါက်ကြည့်တော့ တံခါးကအတွင်းထဲကိုအလိုလိုပွင့်သွားတာ တွေ့လိုက် ရတယ်တဲ့။ တကယ်တော့တံခါးကပိတ်ထားတာမှမဟုတ်ဘဲကိုး။ ဒီတော့သူလည်းအိမ်ရှင်တို့လို့ အသံကျယ်ကျယ်ခေါ်ရင်း အိမ်ထဲကို ၀င်လာခဲ့တယ်။ ကျွန်မတော့ အိမ်ထဲဝင်လာပါပြီပေါ့။ အဲဒီအချိန်မှာပဲ သူ့အိပ်မက်အကြောင်းကို ပြောပြနေတဲ့ ကုတင်ပေါ်ကအမျိုးသမီးက အမျိုးသားကို ဖြတ်မေးလိုက်တယ်၊ ရှင် အခုထိ ကျွန်မပြောခဲ့သမျှကိုစိတ်ဝင်စားရဲ့လားတဲ့။ အမျိုးသားက စိတ်ဝင်စားတာပေါ့၊ ဆက်ပြောလေလို့ ပြန်ဖြေတယ်။ ဒါနဲ့နင်ရော ငါပြောတဲ့ပုံပြင်ကို အခုပြောသလောက်အထိစိတ်ဝင်စားမှုရှိရဲ့လားလို့ သတိရသွားတာနဲ့ ကျွန်တော်ကကြားဖြတ်မေးလိုက်တယ်။ သူ့ဆီကပြန်ဖြေသံထွက်မလာဘူး။ အမှောင်ရိပ်တွေကြားထဲမှာ သူ့ရဲ့ပုံမှန်အသက်ရှူသံလေး ကိုပဲ ကျွန်တော်ကြားနေရတယ်။ ကျွန်တော်လည်းအခုမှစိတ်သက်သာရသွားတယ်။ သူအိပ်သွားပြီးရင် ကျွန်တော်က နှစ်နှာရီ၊သုံးနာရီ လောက်စာဆက်ဖတ်လေ့ရှိတာကိုး။

နောက်နေ့ ပုံပြောရမယ့်အချိန်ရောက်လို့ ငါမနေ့ကပြောခဲ့တဲ့ပုံပြင် ဘယ်နားထိရောက်သွားပြီလဲလို့ သူ့ကိုပြုံးပြီး မေးလိုက်တော့၊ သူက စပ်ဖြဲဖြဲနဲ့ မသိဘူးလို့ ပြန်ဖြေတယ်။ အင်း အိပ်ပျော်သွားတာကိုး ဘယ်သိမလဲ၊ ဘာမှမဖြစ်ဘူး၊ အဲဒီပုံပြင်ကိုအစကနေငါပြန်ပြောပြမယ်လို့ ကျွန်တော်ကပြောလိုက်တော့ သူက ခေါင်းငြိမ့်တယ်။ ကျွန်တော်လည်းပုံပြင်အသစ်စဉ်းစားစရာမလိုတော့လို့ အဆင်ပြေတယ်။ စိတ်ဝင်စားဖို့ကောင်းတာတစ်ခုက ပုံပြင်တစ်ပုဒ်တည်းကို နောက်တစ်ကြိမ်ပြန်ပြောတော့ ပထမအကြိမ်ကထက် ပိုပြီးအဆီအငေါ် တည့်အောင် ပြောနိုင်လာတယ်။ သဘာဝကျကျ၊အချက်အလက်အပိုကလေးတွေကို စိတ်ကူးနဲ့ ဖြည့်ပြီး ပြောနိုင်လာလို့ ၀မ်းသာမိ တယ်။ ဒါပေမဲ့ အဲဒီနေ့ကလည်း၊ နင်ရော ငါအခုပြောသလောက်အထိစိတ်ဝင်စားမှုရှိရဲ့လားလို့ မေးတဲ့အချိန်မှာပဲ သူကအိပ်ပျော်နေပြီ။ ကျွန်တော်လည်း ထုံးစံအတိုင်းစာအုပ်ဖွင့်ပြီးဆက်ဖတ်ရတယ်။ တစ်ချက်တစ်ချက်မှုန်ဝါးဝါးမြင်နေရတဲ့ သူ့မျက်နှာလေးကို လှမ်းလှမ်း ကြည့်မိတယ်။ သူ့အသက်ရှူသံတိုးတိုးလေးက ငြိမ်သက်ပြီးစည်းချက်ညီတယ်လို့ တွေးမိတော့၊ ကျွန်တော်အရင်အိပ်ပျော်တဲ့ညက ကျွန်တော့်ဟောက်သံအရမ်းကျယ်တယ်လို့ သူပြောတော့ ကျွန်တော်ဝန်မခံခဲ့တာကိုသတိရလို့ ပြုံးမိသွားတယ်။ ဟုတ်ချင်တော့ ဟုတ်မယ်၊ ဒါပေမဲ့ အဲဒါကိုငါမသိဘူး။ ကိုယ်ဟောက်လား မဟောက်လားဆိုတာ ငါ့တို့မှာသိနိုင်တဲ့အခြေအနေမရှိဘူး။ ဒီတော့ ဟုတ်ချင်ဟုတ်မယ်လို့ပဲ အလွန့်အကျွံပြောနိုင်တယ်၊ ကိုယ့်ဟောက်သံအတွက် တောင်းပန်ပါတယ်လို့ ပြောရမှာက သိပ်ယုတ္တိမရှိဘူးလို့ ပြောတော့ သူကမျက်စောင်းထိုးရင်း နောက်တစ်ခါကျ အသံသွင်းထားမယ်လို့ ကျွန်တော့်ကို ပြောတယ်။ တစ်ယောက်ကိုတစ်ယောက် မဟောက်ပါဘူးလို့တောင် ကတိမပေးနိုင်တဲ့ကမ္ဘာမှာ ငါတို့ နေနေကြရတယ်ဆိုတဲ့ အချိန်အတော်ကြာဆီက ရေးခဲ့ဖူးတဲ့ စာကြောင်း တစ်ကြောင်း အဲဒီအချိန်မှာပဲ ကျွန်တော့်ခေါင်းထဲမှာ ဖြတ်ပြေးသွားတယ်။

တတိယနေ့မှာတော့ ကျွန်တော့်ပုံပြင်ကို ကျွန်တော်အတော့်ကိုသဘောကျနေပြီ။ ဒီနေ့တော့ပြီးတဲ့အထိပြောမှလို့ ဆုံးဖြတ်ထားလိုက် တယ်။ ဒီအထိ နင်စိတ်ဝင်စားမှုရှိရဲ့လားလို့ မေးတော့ အွန်း ဆိုတဲ့အိပ်ချင်မူးတူးအသံကလေး သူ့ဆီကထွက်လာလို့ ကျွန်တော်လည်း အားတက်သွားတယ်။ အဲဒီအမျိုးသမီးရောက်သွားတဲ့အိမ်ကလေးက အခန်းမရှိတဲ့တဲအိမ်ကလေးကွယ်၊ ရိုးရိုးလေး ဆောက်ထားတာ။ အိမ်နောက်ဖေးမှာ မီးဖိုချောင်ကလေးရှိတယ်၊ အိပ်စင်ကလေးတွေနဲ့ထမင်းစားခန်းရှိတယ်။ အလယ်ခေါင်မှာထင်းမီးဖိုတစ်ခုရှိတယ်။ လူလေးယောက်စာညစာတွေကို စားပွဲလေးပေါ်မှာသပ်သပ်ရပ်ရပ် ပြင်ဆင်ထားတာကို အမျိုးသမီး တွေ့လိုက်ရတယ်။ ဟင်းခွက်တွေ ဆီက မီးခိုးငွေ့တွေ တလူလူထွက်နေတာ တွေ့ရတယ်။ ဒါပေမဲ့ခက်တာက အထဲမှာလူတစ်ယောက်မှမတွေ့ရဘူး။ ထမင်းစားလုဆဲဆဲ အချိန်မှာပဲ ထူးထူးဆန်းဆန်းတစ်ခု၊ ဆိုပါစို့ သတ္တ၀ါဆန်းကြီးတစ်ကောင်ရုတ်တရက် ပေါ်လာလို့ အိမ်သားတွေထွက်ပြေးသွားသလို ဖြစ်နေတယ်။ အမျိုးသမီးအနေနဲ့ အဲလိုထင်မြင်နေမိတယ်တဲ့။ ဒါပေမဲ့ကုလားထိုင်ခုံတွေကိုကြည့်ပြန်တော့လည်း နေသားတကျပါပဲ။ ရှိသင့်တဲ့နေရာမှာ ဟန်မပျက်ပဲ ပုံမှန်အတိုင်းရှိနေတယ်။ လူတွေချည်းပဲ ပျောက်နေတာဆိုပဲ။ အဲဒီအချိန်မှာပဲ အိပ်ယာပေါ်က အမျိုးသားက ဟင်းတွေက ဘာဟင်းတွေလဲလို့အမျိုးသမီးကို မေးလိုက်တယ်တဲ့။ ကျွန်တော် သူ့ဆီကအသံကိုနားစွင့်ကြည့်တော့ ငြိမ်နေတယ်။ ကျွန်တော်ကတော့အားယူပြီး ရှေ့ဆက်လိုက်တယ်။ ကျွန်တော့် ခေါင်းထဲမှာ ပြောရမယ့်၊ ဒါမှမဟုတ် ပြောချင်တဲ့ ၀ါကျတွေ အစီအစဉ်တကျရှိနေတယ်။

ဒီနေရာမှာ အမျိုးသမီးက တန့်သွားပြီး ခဏလောက်စဉ်းစားနေတယ်။ နောက်တော့မှ၊ ကျွန်မမမှတ်မိဘူး။ ရှင့်မေးခွန်းက သိပ်ကောင်း တယ်၊ ဟုတ်တယ် ဘာဟင်းတွေလဲ ကျွန်မမမှတ်မိဘူး။ တကယ်တော့ `ဘာဟင်း´ဆိုတာကလည်း သိပ်တော့အရေးမကြီးလှပါဘူး။ သေချာတာက ဟင်းတွေကို မကြာသေးခင်ကမှလတ်လတ်ဆတ်ဆတ်ချက်ပြုတ်ထားခဲ့တာ။ အရသာရှိမှာ သေချာတယ်။ ဒီလိုနဲ့ အဲဒီကထိုင်ခုံတစ်ခုံမှာ ကျွန်မ၀င်ထိုင်ရင်း အိမ်ရှင်တွေပြန်အလာကို စောင့်နေမိတယ်။ တကယ်တော့ ကျွန်မလုပ်ရမှာကလည်း သူတို့ ပြန်လာတာကို စောင့်ဖို့ပဲရှိတယ်။ အစားအသောက်တွေကို ပိုင်ရှင်ကွယ်ရာမှာ ကျွန်မလက်ဖျားနဲ့တို့လို့မဖြစ်ဘူး။ အဲလိုမျိုးလုပ်ပိုင်ခွင့် မရှိဘူး။ ဒီလိုနဲ့ ကျွန်မအဲဒီထိုင်ခုံမှာပဲ အကြာကြီး စောင့်ခဲ့ပေမယ့် ဘယ်သူမှ ပြန်ရောက်လာတာမတွေ့ရဘူး။ အစားအသောက်တွေ ကတော့ ပူပြီးအငွေ့တစ်ထောင်းထောင်းထနေတုန်းပဲ။ အဲဒီအစားအသောက်တွေကိုကြည့်ပြီး ကျွန်မအရမ်းဗိုက်ဆာတယ်လို့ခံစားရ တယ်။ဒါပေမဲ့ တစ်ဖက်မှာလည်းပိုင်ရှင်မသိဘဲ အစားအသောက်တွေကိုကျွန်မယူစားလို့မဖြစ်ဘူး။ ရှင်ရောဘယ်လိုထင်လဲ၊ အဲဒါ သဘာဝကျတဲ့ တွေးပုံမျိုးလို့ ရှင်မထင်ဘူးလားလို့ ကုတင်ပေါ်ကအမျိုးသမီးက အမျိုးသားကိုပြောလိုက်တယ် လို့ ကျွန်တော်က အရှည်ကြီးဆက်တိုက် ပြောလိုက်မိတယ်။ သူ့ဆီကတော့ အသံထွက်မလာဘူး၊ အသက်ရှုသံလေးကိုပဲခပ်မှန်မှန်ကြားနေရတယ်။ ဘာပဲဖြစ်ဖြစ် ဒီလောက်စာကြောင်းအရှည်ကြီးကိုဆက်တိုက်ပြောလိုက်နိုင်လို့ ကျွန်တော့်ဘာသာ ကျေနပ်နေမိတယ်။ ပြီးတော့ကိုယ့်ပုံပြင်ရဲ့အပိတ်ပိုင်းကို အားရပါးရပြောနိုင်ဖို့ အရှိန်ယူလိုက်တယ်။

ဒီလိုနဲ့ မကြာခင်မှာ နေ၀င်သွားပြီးတော့ အမျိုးသမီးရှိနေတဲ့ အိမ်ကလေးအတွင်းမှာလည်း မှောင်လာတယ်။ အနီးအနားက တောအုပ်ဟာ မှောင်လာလေ ပိုပြီးနက်ရှိုင်းလာတယ်လို့ထင်ရလေပဲတဲ့။ အမျိုးသမီးဟာလင်းသွားအောင်မီးထွန်းချင်နေတယ်၊ ဒါပေမဲ့ဘယ်လိုထွန်းရ မလဲ မသိဘူးတဲ့။ သူလည်းစိတ်မသက်မသာခံစားလာရတယ်။ ဒီလိုနဲ့တစ်ချက်မှာထူးဆန်းတာတစ်ခုကို သူသတိပြုမိသွားတယ်။ အချိန် ဒီလောက်ကြာလာတာတောင် အစားအသောက်တွေက ထွက်လာတဲ့မီးခိုးတွေဟာ လျော့ပါးမသွားတဲ့အချက်ပဲ။ နာရီပေါင်းများစွာ ကြာတဲ့အထိ အစားအသောက်တွေကတော့ စားချင်စားဖွယ်ပူပူနွေးနွေး ဖြစ်နေတုန်းပဲတဲ့။ ဒီနေရာမှာ ထူးဆန်းတာတစ်ခုခုတော့ ဖြစ်နေပြီလို့သူထင်မြင်လာတယ်။ ဘာလဲတော့မသိဘူး၊ တစ်ခုခုမှားနေပြီပေါ့လေ။ အဲဒီအချိန်မှာပဲအမျိုးသမီးဟာ အိပ်မက်ကလန့်နိုး သွားတယ်တဲ့ လို့ ပြောရင်း ကျွန်တော်က အသာငြိမ်နေလိုက်မိတယ်။ သူ့ဘက်ဆီလှမ်းကြည့်လိုက်တော့ အမှောင်ကိုပဲ မြင်ရတယ်။ သူ့အသက်ရှူသံတိုးတိုးကိုကြားနေရတယ်။ ကျွန်တော်စာအုပ်ကိုမဖွင့်နိုင်ဘူး၊ စိတ်ထဲမှာ မသက်မသာခံစားလာမိတယ်။

တကယ်တော့ ကျွန်တော့်ပုံပြင်က ပြီးလုဆဲဆဲပေမယ့်မပြီးသေးဘူး။ အရင်နေ့တွေတုန်းကလိုဆိုရင်တော့ သူအိပ်ပျော်သွားလို့ ကျွန်တော့်အတွက် ပြဿနာမရှိလှဘူး။ စိတ်သက်ရာတောင်ရမိတာအမှန်ပဲ။ ဒါပေမဲ့ဒီနေ့မှာတစ်ခုခုထူးဆန်းနေတယ်။ ဘာလဲတော့ မသိဘူး၊ တစ်ခုခုမှားနေပြီဆိုတာကျွန်တော်ခံစားနေရတယ်။ ကျွန်တော်မျက်စိတွေကိုမှိတ်ထားပြီး အိပ်ယာပေါ်ကအမျိုးသားနဲ့အမျိုးသမီး အကြောင်း ဆက်ပြီးစဉ်းစားနေမိတယ်။ အဲဒါပြီးတော့ ဘာဆက်ဖြစ်လဲလို့ အမျိုးသားက မေးလိုက်တဲ့အချိန်ပဲ။ လန့်နိုးသွားတော့၊ အိပ်မက်က ဘာဆက်ဖြစ်လဲ ငါမသိလိုက်တော့ဘူးပေါ့လို့ အမျိုးသမီးက ပြန်ဖြေတယ်။ နေ၀င်သွားတယ်၊ အိမ်အပြန်လမ်းကိုငါမသိဘူး၊ ပြီးတော့ငါဟာအဲဒီထူးထူးဆန်းဆန်းအိမ်ကလေးတစ်လုံးအတွင်းမှာ တစ်ကိုယ်တည်းပိတ်မိနေတယ်။ မကြာခင် အဲဒီမှာတစ်ခုခု ဖြစ်တော့ မယ်။ ငါ့စိတ်ခံစားချက်က အကောင်းဘက်မှာမဟုတ်ဘူး။ အဲဒီအချိန်မှာပဲ အမျိုးသားက ဖြတ်ပြီးမေးတယ်၊ ဒါနဲ့အဲဒါကိုအိပ်မက်ဆိုးလို့ ဘာဖြစ်လို့ ပြောရတာလဲတဲ့။ ဒီနေရာမှာ ကျွန်တော်သူ့ဘက်ကအသံတစ်ခုခုကြားနိုးနဲ့ နားစိုက်ထောင်ကြည့်တယ်။ သူ့အသက်ရှူသံ တိုးတိုးကလေးကလွဲလို့ တစ်ဖက်က ဘာသံမှမကြားရဘူး။ ပုံပြင်အပိတ်ကိုမပြောခင်မှာ လိုနေတဲ့ မေးခွန်းတစ်ခုရဖို့ ကျွန်တော့်အတွက် မဖြစ်နိုင်တော့ဘူးဆိုတာသိလိုက်တယ်။ ဒီလိုနဲ့ပဲစိတ်ကူးကို ရှေ့ဆက်လိုက်မိတယ်။

အိပ်မက်ရဲ့ ကြောက်စရာအကောင်းဆုံးအပိုင်းကို ရှင်ကသိချင်တာလားလို့ အိပ်ယာပေါ်ကအမျိုးသမီးက မေးလိုက်တော့ အင်း၊ သိချင် တာပေါ့ လို့ အမျိုးသားက ပြန်ပြောတယ်။ အဲဒါကတော့ ကျွန်မကိုယ်တိုင်ဟာ သတ္တ၀ါဆန်းကြီး ဖြစ်ချင်ဖြစ်နေမှာဆိုတဲ့အတွေးပဲ။ အဲဒီ ဖြစ်နိုင်ချေဟာ ကျွန်မခေါင်းထဲကို ဒိုင်းခနဲဝင်လာတယ်။ အိမ်ရှင်တွေဟာ ကျွန်မသူတို့အိမ်နားကိုချဉ်းကပ်လာတာ မြင်လို့ စားလုဆဲဆဲ ညစာစားပွဲကိုစွန့်သွားခဲ့တာ။ ကျွန်မအဲဒီမှာထိုင်နေသရွေ့ သူတို့ ပြန်ထွက်လာမှာမဟုတ်ဘူး။ ကျွန်မမမြင်နိုင်တဲ့တစ်နေရာကနေ သူတို့ကျွန်မကို ချောင်းကြည့်ချင်ကြည့်နေမှာ။ ဒါပေမယ့်လည်း ကျွန်မကတော့ သူတို့ ပြန်လာလိမ့်နိုးနဲ့ ထိုင်မြဲဆက်ထိုင်နေခဲ့တယ်။ အဲဒီအတွေးက ကျွန်မကိုအသည်းခိုက်အောင်တုန်လှုပ်သွားစေတယ်။ မျှော်လင့်ချက်လုံးလုံးမရှိတဲ့ အခြေအနေတစ်ရပ်လို့ ရှင်မထင်ဘူး လား။ ကိုယ်ကိုယ်တိုင်ဟာ မသတီစရာသတ္တ၀ါဆန်းကြီး ဖြစ်ချင်ဖြစ်နေမှာဆိုတဲ့ အတွေးက အဲဒီသာမန်ထင်ရတဲ့ အိပ်မက်ကို အိပ်မက်ဆိုးကြီးတစ်ခု ဖြစ်သွားစေတာပဲ။ ဖယ်ကျဉ်ခံရတဲ့၊ ကိုယ့်ကိုလူတွေက အထူးအဆန်းတစ်ခုလို ဆက်ဆံတာခံရတဲ့ခံစားချက်မျိုး ပေါ့။ ကျွန်တော့်အတွေးကိုအဲဒီနေရာမှာပဲ ရပ်လိုက်တယ်။ ကျွန်တော့်ပုံပြင်ကပြီးသွားပြီ။ အဲဒီတစ်ဖြတ်စာကိုပဲ သူ့ကိုပုံပြင်လုပ်ပြောမလို့ ကျွန်တော်ရည်စူးထားခဲ့တာ။ အဲဒီအချိန်မှာပဲ ကျွန်တော့်စိတ်မသက်သာမှုက ပိုပြီးကြီးမားလာတယ်။ သူ့ကိုနှိုးပြီးတော့ ပုံပြင်ကိုအပြီးအထိ ဆက်ပြောရင်ကောင်းမလားလို့ တွေးမိတာနဲ့ သူရှိတဲ့ဘက်ဆီ လှည့်ကြည့်လိုက်မိတယ်။ အမှောင်ထဲမှာ သူ့မျက်နှာလေးကိုခပ်ဝါးဝါး မြင်နေရတယ်။

ကျွန်တော်သူ့နာမည်ကို ခပ်တိုးတိုးခေါ်ကြည့်မိတယ်။ သူ့အသက်ရှုသံလေးကို ပုံမှန်ကြားနေရတာကလွဲပြီး သူကတုတ်တုတ်မှမလှုပ်ဘူး။ သူ့မျက်နှာကို ရှင်းရှင်းလင်းလင်း မြင်ရအောင် ကျွန်တော်မီးဖွင့်လိုက်ချင်တယ်။ ဒါပေမဲ့ အဲဒီမီးခလုတ်ဟာ ကျွန်တော်နဲ့ လက်လှမ်းမမီတဲ့ မိုင်ထောင်ပေါင်းများစွာအထိ ဝေးကွာနေတယ်လို့ ကျွန်တော်ခံစားရတယ်။ ကျွန်တော် သူ့နာမည်ကို ခပ်ကျယ်ကျယ် အော်ခေါ်မိတယ်။ သူမကြားဘူး၊ ဒါမှမဟုတ် သူမကြားဘူးဆိုတာကျွန်တော်သိနေတယ်။ အဲဒီနောက်တော့ ကျွန်တော် သူ့နာမည်ကို အသံကုန်မြှင့်ပြီး အော်ခေါ်နေမိတယ်။ အဲဒီအချိန်မှာပဲ ကျွန်တော်အကြီးအကျယ်တုန်လှုပ်သွားတယ်။ တကယ်တော့ကျွန်တော့်အသံဟာ နားထဲက ထွက်ကျနေတဲ့ နားကျတ်သေးသေးကလေးတစ်ခုထဲက ခပ်တိုးတိုးထွက်နေတဲ့ တဂျစ်ဂျစ်မြည်သံလေး ဖြစ်ချင်ဖြစ်နေမှာဆိုတဲ့အတွေး ၀င်လာချိန်မှာပဲ အိပ်မက်ဆိုးကြီးထဲက နိုးထဖို့ကျွန်တော်အသည်းအသန်ကြိုးစားလိုက်မိတယ်။ ငါဟာ တစ်ယောက်ယောက်က အထပ်ထပ်ဖွင့်ထားတာခံနေရတဲ့အီလက်ထရောနစ်ပစ္စည်းတစ်ခုများလားလို့ တွေးမိတဲ့အချိန်မှာ ကျွန်တော့်လည်ချောင်းက နောက်ထပ် အသံတစ်ခုခု ထပ်လုပ်ဖို့မတတ်နိုင်တော့ဘူး။ ခပ်ဝါးဝါးလေးမြင်နေရတဲ့သူ့မျက်နှာလေးဟာ ဖန်သားပြင်ပေါ်ကနေ ဖျပ်ခနဲ ပျောက်သွား ခဲ့ပြီ။ စောစောကအိပ်မက်အကြောင်းပြောနေတဲ့ ပုံပြင်ထဲကအမျိုးသမီးရဲ့စာသားတွေ ကျွန်တော့်ခေါင်းထဲမှာ အစီအရီ ပေါ်နေတယ်။ နေ၀င်သွားတယ်၊ အိမ်အပြန်လမ်းကိုငါမသိဘူး၊ ပြီးတော့ ငါဟာအဲဒီထူးထူးဆန်းဆန်းအိမ်ကလေးတစ်လုံးအတွင်းမှာ တစ်ကိုယ်တည်း ပိတ်မိနေတယ်။ မကြာခင် အဲဒီမှာ တစ်ခုခု ဖြစ်တော့မယ်။

မျက်စိကို စုံမှိတ်ပြီး ကျွန်တော် ခေါင်းကိုသွင်သွင်ခါနေမိတယ်။ မှိတ်ထားတဲ့မျက်စိကနေ မရေတွက်နိုင်တဲ့ အဖြူစက်ကလေးတွေကို မြင်နေရတယ်။ အနားမှာ ဇီးကွက်တစ်ကောင်သာ ရှိခဲ့ရင်တော့ အမှောင်ထဲက ကျွန်တော့်အဖြစ်ကို ခေါင်းတငြိမ့်ငြိမ့်နဲ့ကြည့်ချင် ကြည့်နေမှာ။ တလောဆီက ကျွန်တော်အိပ်မက်ဆိုးကြီးတစ်ခုမက်ခဲ့ရတယ်လို့ ပြောလိုက်ရင် သေချာမယ်ထင်တယ်။ အဲဒါကိုကလည်း ပုံပြင်တစ်ပုဒ် ဖြစ်ချင်ဖြစ်နေမှာ၊ မပြောတတ်ဘူး။ မပြောတတ်ဘူးဆိုတော့လည်း ခေါင်းကိုထပ်ခါရုံပဲ။

တေဇာ (လရောင်လမ်း)

ပင်မစာမျက်နှာသို့ပြန်သွားမည် >>
နေ့စဉ် အသစ်အသစ်သော သတင်းများ ကို သိရှိနိုင်ရန် လိုတရ Application အား ဤနေရာတွင် နှိပ်၍ အခမဲ့ Download ရယူပါ။