Lotayamm

search
မာတိကာ

contents

ထိပ်ဆုံးစာမျက်နှာ > ဝတ္ထုများ

လေကိုသာ အမွေဆက်ခံခွင့်ရရှိသူ
အစ/အဆုံး
မြင့်သန်း

သိန်းကျော် သေပြီလို့ ပန်းမောင်က လာပြီး ပြောတယ်။ ဒီတော့ ငါက ဘာလုပ်ရမှာလဲဆိုတော့ ဒီကောင့်မှာ ငိုမယ့်လူလည်းမရှိဘူး။ အသုဘ ချပေးမယ့်သူလည်း မရှိဘူးလို့ပြောပြီး ဘာမှဆက်မပြောဘူး။ ကျွန်တော်က သူဘာဆက်ပြောဦးမလဲလို့ စောင့်နေတယ်။ စိတ် မချမ်းမသာ ဖြစ်နေပုံရတဲ့အကြားက သူ့ဝသီအတိုင်း ပေါက်တတ်ကရလေး ပါလာတယ်။ ခုမှတော့ကွာ သင်္ချိုင်းဆီလည်း သူ့ဘာသာထပြီး မလျှောက်နိုင်တော့ဘူးလို့ ပြောတယ်။ ပြီးသော သူ့ဘာသာပြုံးတယ်။ ဟိုကောင်တွေကော ပြောပြီးပြီလားဆိုတော့ ပြီးပြီ၊ အတော်ကြာ ဒီကိုလာကြလိမ့်မယ်လို့ ပြောတယ်။ ဒီလာလို့ ဘာလုပ်ရမှာလဲ။ ငါသေတာမှမဟုတ်ဘဲလို့ပြောတော့ ပန်းမောင်က ဒီကနေ သွားကြမယ် လေကွာ တဲ့။ ပန်းမောင်က အဲဒီလိုမျိုးကောင်။ သိန်းကျော်ကိုလည်း သူက အစောင့်ရှောက်ဆုံး။ သိန်းကျော်နဲ့ကျွန်တော်နဲ့က မတွေ့ ဖြစ်ဆုံး။ တစ်ခါက သူနဲ့တွေ့ဖြစ်တော့ စကားပြောကြဆိုကြရင်း သူ့လုပ်ပေါက်တွေကိုမကြိုက်လို့ မင်း ဒီအချိုးအတိုင်းသာဆိုရင် သေရင် မင်းမသာကို ဘယ်သူမှလာမှာမဟုတ်ဘူးလို့ ကျွန်တော်က ပြောထည့်လိုက်ဖူးတယ်။ အဲဒီတုန်းက သူက မျက်နှာငယ်လေးနဲ့ မင်းတော့ လာမှာမဟုတ်လားလို့ မေးတယ်။ စိတ်ဆိုးနေပေတဲ့ သူ့မျက်နှာကြည့်ပြီး စိတ်ထဲမှာတစ်မျိုးဖြစ်သွားလို့ ပြုံးပြီး နောက်သလိုပြောင်သလိုနဲ့ လာမှာပေါ့ကွာလို့ပြောလိုက်တယ်။ ခုတော့ ဘယ်သူသွားသွားမသွားသွား ကျွန်တော်သွားရမလို ဖြစ်နေတယ်။

မကြာခင်ဘဲ အုန်းမောင်နဲ့ဖြူလေး ရောက်လာတယ်။ ဖြူလေးကားနဲ့။ ဘီးလေးလုံးစလုံးမောင်းလို့ရတယ်ဆိုတဲ့ ကားမျိုး။ တော်မီက ကားပေါ်ကနေ သွားစို့လို့ လှမ်းပြောတယ်။ တစ်နာရီသာသာလောက် မောင်းရဦးမှာလို့လည်း ဆက်ပြောတယ်။ တော်မီဆိုတာက အုန်းမောင်ကျောင်းနာမည်၊ အုန်းမောင်ဆိုတာက လူတွေက သူ့ကိုခေါ်ကြတဲ့ နာမည်။ ငယ်ငယ်ကတည်းက ဒီကောင်က ခေါင်းပြောင် တယ်။ ဆံပင်ပါးတယ်။ ဒီတော့ မကြာမကြာ ခေါင်းရိပ်ရတယ်။ ဒီတော့ ကတုံးပြောင်အုန်းမောင်၊ တောင်ပေါ်တက် ဇီးကွက်… လို့ နောက်ကြရာက အုန်းမောင်လို့ တွင်သွားတာ၊ မှတ်ပုံတင်ရိုက်ကြတော့ မြန်မာနာမည်နဲ့ ရိုက်ကြမယ်ဆိုတော့ လွယ်လွယ်ကူကူ အုန်းမောင်လို့ပေးလိုက်ရာက တွင်နေတာပဲ။ တကယ်တော့ သူက ကပြား။ သူ့အဖေက ရေကြောင်းဘက်က ဘာဘာညာညာ။ ပိုက်ဆံ ရှိတယ်။ ကျွန်တော်တို့ ငယ်ငယ်က အနုပညာဆိုတာကို သိပ်စိတ်ကူးယဉ်လို့ကောင်းတဲ့အချိန်တုန်းက ဒီကောင်က အတက်ကြွဆုံးပဲ။ `ကဗျာနဲ့ ကမ္ဘာသစ်တည်မယ်´ ဘာရယ်ညာရယ် ကြွေးကြော်လာတဲ့အကောင်။ မင်းဘယ်တော့မှ ကဗျာဆရာမဖြစ်ဘူး။ ဖြူလေးနဲ့ သိန်းကျော်က ပြောလေ့ရှိတယ်။ ဘာလို့လဲဆိုတော့ ကဗျာဆရာဆိုတာ ဘ၀နာရမယ်တဲ့။ ဒီကောင် ဘ၀နာဖို့အတွက် ဘ၀ဆိုတာကို လိုက်ရှာပြီး တွေ့ရင် တုတ်ကြီးကြီးနဲ့ အရင်ရိုက်ရမယ်တဲ့။ ဒီကောင့်မှာ ဘ၀နာဖို့ဆိုတာ ဒီတစ်နည်းပဲ ရှိသတဲ့။ ဟိုကတည်းက ဖြူလေးတို့ သိန်းကျော်တို့က အဲဒီလို နောက်လေ့ရှိတယ်။ ဟုတ်တုတ်တုတ်ပဲ။ ဒါပေတဲ့ ဒီကောင်က ကြိုးစားတယ်။ ဆယ်တန်းလောက်ကတည်းက လက်ပွေ့ရောင်းတဲ့ ဂျာနယ်ကလေးတွေမှာ သူ့ကဗျာလေးတွေ ပါဖူးတယ်။

ဟိုတုန်းကတော့လည်း ကျွန်တော်တို့အားလုံး တက်ကြွကြတာပဲ။ ကျွန်တော်နဲ့ပန်းမောင်က စာရေးဆရာဖြစ်ချင်တယ်။ သိန်းကျော်နဲ့ ဖြူလေးက ပန်းချီဆရာဖြစ်ချင်တယ်။ တော်မီက ကဗျာဆရာဖြစ်ချင်တယ်။ ဒီတော့လည်း ကျွန်တော်တို့တစ်တွေ စာအုပ်တွေဝယ်တယ်။ စာတွေဖတ်တယ်။ ပန်းချီဆရာ ဖြစ်ချင်တဲ့နှစ်ကောင်က နိုင်ငံခြားမဂ္ဂဇင်းတွေထဲက ပုံတွေလိုက်တုပြီး ဆွဲကြတယ်။ သောကြာနေ့ညနေ၊ စနေနေ့ညနေကျရင် ဆုံလေ့ရှိကြတယ်။ ဖတ်ထားတာတွေ ပြန်ပြောကြတယ်။ တော်မီက သူရေးထားတဲ့ကဗျာတွေ ဖတ်ပြတယ်။ ဒီကောင်က ရေးနိုင်တော့ နောက်ပိုင်းမှာ တစ်ခါဖတ်ရင် တစ်ပုဒ်ထက် ပိုမဖတ်ရဘူးလို့ စည်းကမ်းထုတ်ကြတယ်။ ကျွန်တော်နဲ့ ပန်းမောင်က သူ့ကဗျာတွေကို အသံနေအသံထားနဲ့ ဖတ်တာများတယ်။ ဒါကို သိန်းကျော်က လှောင်တယ်။ တို့ဘာသာစကားမှာ အဲလိုအသံထွက်မျိုးတွေ မရှိဘူးလို့ ပြောတယ်။ ဖြူလေးကတော့ တစ်ပတ်ကို ဗန္ဓုလတို့၊ တင်ဆွေအေးတို့က ပုံဆွဲစာအုပ်အလတ်စား တစ်အုပ်ကုန်အောင် ဆွဲတယ်။ တစ်အုပ်ကို ပြားခြောက်ဆယ်ကိုး။ သိန်းကျော်ကလည်း အစကတော့ ဖြူလေးလိုပဲ။ နောက်တော့ ဘာဖြစ်သွားမှန်းမသိဘူး။ ပန်းချီစာအုပ်ထဲက စာရွက်တွေကို ကော်နဲ့ကပ်ပြီး အကြီးကြီးဖြစ်အောင် ဆက်တယ်။ ဆေးတွေကို သံဇလုံ တစ်ခုထဲမှာထည့်ပြီး ရောဖျော်တယ်။ ပြီးတော့ စာရွက်ပေါ်မှာ သွန်ချတယ်။ တစ်ခါတစ်လေ တက်တောင် နင်းသေးတယ်။ နာမည်ပေး တော့လည်း ဆန်းဆန်းပဲ။ `ပွင့်ကန်အန်ထွက်သွားတဲ့ ဝေဒနာ´ ဆိုတာမျိုး။ `အာရုံထဲက အပြုံး´ ဆိုတာမျိုး။ ကျွန်တော် ခုထိ မှတ်မိသေးတာကတော့ `ညရဲ့လှပခြင်း´ ဆိုတဲ့ဟာပဲ။ လှမလှတော့မသိဘူး။ မဲမှောင်နေလို့ ဘာမှမမြင်ရဘူး။ တစ်ခါတလေ သူတို့ဆွဲတာကို ပန်းချီပြပွဲလုပ်တယ်။ ဒါကတော့ ပန်းမောင်အစီအမံ။

ပန်းမောင်က ကွန်ဗင့်ကျောင်းတွေက ဖန်းဖဲဆိုတာကို သွားတိုင်း ကောင်မလေးတွေနဲ့ သွားသွားရောတယ်။ ကောင်မလေးတွေနဲ့ အတော်သိတယ်။ ကောင်မလေးတွေနဲ့ ပရောပရီလုပ်ချင်တယ်။ ဒီတော့ မင်းအိမ်မှာ ပန်းချီပြပွဲလုပ်မယ်ကွာ။ ကောင်မလေးတွေ ဖိတ်မယ်လို့ ပြောတယ်။ ကျွန်တော်က ဘာမှပြန်ပြောနေစရာ မရှိဘူး။ လုပ်ပေါ့ကွာလို့ပဲ ပြောလိုက်တယ်။ မင်း သတင်းစာဆရာတွေ ဘာတွေကို ဖိတ်ပြမှာလားဆိုတော့ လူမှန်ရင် အဲဒီလောက်တော့ တုံးဖို့မကောင်းဘူးလို့ ကျွန်တော့်ကို ပြောတယ်။ ဘာလို့လဲဆိုတော့ ခုဟာက ကောင်မလေးတွေနဲ့ ဟဲဟဲဟဲ….လို့ပြောပြီး ဆက်မပြောဘူး။ ပန်းမောင်က အတော့်ကို မကျေနပ်ဘူး။ သတင်းစာဆရာ ဆိုတာတွေက မကောင်းဘူးကွ။ ဒန့်စ်ကတာကို ပွတ်သဘင်လို့ ရေးတယ်။ ခု မကရတော့ဘူး။ ကချင်ရင် မေဖဲယားကို သွားရတယ်။ ရော့ခ်အင်ရိုးလ်ကို အရူးချီးပန်းလို့ရေးတယ်။ နောက်ပြီးတော့ သတင်းစာဆရာတွေက ငါ့တို့ဖိတ်ရင် ဘယ်လာမလဲ ။ အရက် ကောင်းကောငိးုက်တဲ့ သံရုံးတွေဘာတွေလောက်ပဲ သွားတာလို့ပြောတယ်။ ဒီတော့လည်း ဟကောင် ဒီလိုဖြင့် ငါ သတင်းစာဆရာ ဖြစ်အောင်လုပ်မယ်ကွာ။ စာရေးဆရာမဖြစ်ရင်လည်း နေပေတော့လို့ပြောတော့ မင်းဟာ အချောင်သမားပဲလို့ ပြောတယ်။ အချောင် သမားဆိုတာက နာမည်သိပ်မကောင်းပေတဲ့လည်း ချောင်တော့ချောင်တာပဲ။ ဒီလိုနဲ့ ပန်းချီပြပွဲ လုပ်ဖြစ်တာ။ ပန်းချီပြပွဲလုပ်တိုင်း ဖြူလေးက သူ့ပန်းချီကားတွေအကြောင်း ရှင်းပြတယ်။ သိန်းကျော်က ရှင်းမပြဘူး။ ပန်းချီဆရာစစ်စစ်ဆိုတာ ကိုယ့်လက်ရာကိုကိုယ် ရှင်းမပြရဘူးလို့ ပြောတယ်။ ကြည့်သူရဲ့ ခံစားမှုအတိုင်းအတာ လျော့ပါးသွားနိုင်တယ် ဆိုသလားပဲ။ ဒီတော့လည်း ကောင်မလေးတွေက သူ့ကို သိပ်မကြိုက်ကြဘူး။ ဖြူလေးနားမှာ ကောင်မလေးတွေ ၀ိုင်းတယ်။ ဒီတော့ ကျွန်တော်လည်း ဒီကောင်ပြောတဲ့ ဟဲဟဲဟဲ… ဆိုတာကို သဘောပေါက်တယ်။ ကျွန်တော်ကတော့ သမာဓိပိုးကလေးနဲ့ပဲ ပိုးတယ်။ ကျွန်တော်က ကံတရားတို့ဘာတို့ သိပ်မယုံဘူး။ မိုးပေါ်က အပ်တစ်စင်းနဲ့ မြေကြီးပေါ်က အပ်တစ်စင်း ဆုံနိုင်တဲ့အလားအလာမျိုးကိုတော့ မျှော်လင့်တတ်တဲ့လူမျိုး။ ဒီတော့လည်း အချို့ကောင်မလေးတွေက ကျွန်တော့်ကိုကြည့်ပြီး သူကတော့ တစ်မျိုးကြီးပဲ။ ရိုးတယ်နော်။ အေးတယ်နော်လို့ ကောက်ချက်ချကြတယ်။ အဲဒီကတည်းက ကျွန်တော်လည်း ပညာတစ်ခုရသွားတယ်။ ရိုးတယ်အေးတယ်ဆိုတာ အတော့်ကိုလည်တဲ့လူတွေလောက်မှ ဖန်တီးနိုင်တဲ့ ဂုဏ်ရည်တစ်ရပ်ပဲလို့။

ဆယ်တန်းအောင်တော့ တော်မီက ဆေးကျောင်းတက်ခွင့်ရတယ်။ ကဗျာနဲ့ ကမ္ဘာသစ်ကြီးတစ်ခုတည်မယ်ဆိုတဲ့အကောင်က ကမ္ဘာသစ်ကြီးထဲမှာ အသက်ရှင်နေနိုင်ဖို့ ပိုက်ဆံလိုတယ်။ ဆရာဝန်ဖြစ်ရမယ်။ ဆရာဝန်မကို ရရမယ်ဆိုတဲ့ အခြေခံနှစ်ရပ်နဲ့ ဆေးတက္ကသိုလ်တက်တော့တာပဲ။ ကဗျာနဲ့ ကမ္ဘာသစ်ကြီးတစ်ခုတည်မယ်ဆိုတာ ဘယ်လိုဖြစ်သွားတုန်းဆိုတော့ ကမ္ဘာသစ်ကြီးထဲ ရောက်ရင် ကဗျာဟာ သူ့အလိုလိုဖြစ်လာမယ်တဲ့။ ကဗျာဆိုတာ ရင်ထဲအသည်းထဲမှာရှိတာ။ ပိုက်ဆံကတော့ ရှာတတ်မှတဲ့။ ရင်ထဲ အသည်းထဲမှာ ပိုက်ဆံမရှိဘူးတဲ့။ ဒီကိစ္စက ကြက်ကလေးနဲ့ကြက်ဥလိုမျိုးမဟုတ်ဘူးဆိုပဲ။ ကဗျာက ခဏနေဆိုပြီးထားလို့ရသတဲ့။ ကမ္ဘာသစ်ကြီးဆိုတာက ကိုယ့်ကို စောင့်နေမှာမဟုတ်ဘူးတဲ့။ ဒီလိုနဲ့ တော်မီရဲ့ ကမ္ဘာသစ်ကြီးသို့ချီတက်ရာလမ်းမှာ ကဗျာသည် သာမည။ ဆရာဝန်မ ရရေးသည် ပထမဖြစ်သွားရော။ ဒီတော့ သိန်းကျော်နဲ့ပထမဆုံးစပြီး စကားများရတော့တာပဲ။ သိန်းကျော်က တော်မီကို အနုပညာအပေါ် သစ္စာဖောက်တယ်လို့ စွဲချက်တင်တယ်။ တော်မီက အနုပညာက ငါ့အပေါ် သစ္စာရှိရမယ်လို့ မှာခဲ့တာ ရှိသလားလို့ ပြန်ချဲတယ်။ အဲဒီညက ဟွိုင်ဇွမ်မှာစားရင်းသောက်ရင်း လက်ဝှေ့ပွဲဖြစ်ကြတော့မလို့။ ကျွန်တော်ကပဲ လမ်းကြောင်းပြောင်းတဲ့ အနေနဲ့ သိန်းကျော်ကို မင်းလိုက်နေတဲ့ကောင်မလေးနဲ့ အဆင်ပြေပြီလားဆိုပြီး လမ်းလွှဲလိုက်ရတယ်။ ဒီကောင်က သူ့ပန်းချီကား လာကြည့်တဲ့ ကွန်ဗင့်ကျောင်းထွက် ကောင်မလေးတစ်ယောက်ကို ကြိတ်ပြီးလိုက်နေတာ။ နောက်တော့ ခိုးပြေးရော။ ကောင်မလေး အိမ်က သဘောမတူလို့။ ဘယ်လိုလုပ်တူမလဲ။ ဘယ်လိုဘယ်လို ရလာတဲ့စိတ်ကူးမှန်းတော့မသိဘူး။ ပန်းချီဆရာနဲ့တူအောင်ဆိုပြီး ဒီကောင်က စုတ်တီးစုတ်ပြတ်နေတယ်။ ဆံပင်ရှည်ရှည်ထား၊ လွတ်အိတ်လွယ်၊ ဆေးပေါ့လိပ် လက်ကြားညှပ်။ ကက်သလစ်ကျောင်းက ကောင်တွေကောင်မလေးတွေက ဂေါ်လီတို့၊ အိုးရီယင့်တို့လိုမှာထိုင်တုန်း ဒီကောင်က လမ်းဘေးက လက်ဖက်ရည်ဆိုင်မှာထိုင်။ ဒီတော့လည်း ကောင်မလေးဘက်ကကြည့်မရဘူး။ ဟကောင် ဂေါ်ဂင်တို့၊ ဗဲန်ဂေါတို့ကို အားကျမနေနဲ့။ ရန်ဗရန့်သေတော့ စုတ်တံအစုတ် လေးငါးချောင်းနဲ့ တောက်တိုမယ်ရလောက်ပဲကျန်တယ်။ သူတို့က နှစ်တစ်ရာနှစ်ရာလောက်ကျန်ခဲ့ပြီထင်တယ်လို့ ပန်းမောင်ကတောင် နောက်လေ့ရှိတယ်။ ပန်းချီဆရာဆိုတာ ပကာသနမလိုဘူးလို့ ဟိုကောင်က ပြန်ပက်တယ်။

သန်းကျော်က ပန်းချီဆရာပဲဖြစ်ချင်တာ။ လောကကြီးအကြောင်းမှ မသိဘဲ။ လောကကြီးက ပကာသနမက်တယ်။ သူခိုးပြေးတဲ့ ကောင်မလေးကို တစ်လလောက်ကြာတော့ အချိုသတ်ပြီး ဟိုဘက်မိဘတွေက ပြန်လက်ခံတယ်။ ဖုတ်ဖက်ခါ။ ပူတင်းလေးဘာလေး ပြန်ထေး။ ပေါ်လစ်လေးဘာလေးပြန်သုတ်ပြီး နိုင်ငံခြားမှာ ဆယ်နှစ်လောက်ပညာသင်ရာက ပြန်လာတဲ့ ငနဲနဲ့ ပေးစားလိုက်ရော။ သိန်းကျော်ရင်ကွဲရော။ ရင်ကွဲတော့ အရက်သောက်တယ်။ ကျောင်းလည်း မတက်တော့ဘူး။ ဟိုယောင်ယောင်ဒီယောင်ယောင်ဖြစ်ရော။ အိမ်ကနှင်ချတာ ခံရရော။ ပထမတော့ သူငယ်ချင်းတွေအိမ်မှာ လှည့်ပတ်နေနေတယ်။ သူငယ်ချင်းတွေက ကျွေးထားကြတယ်။ နောက်တော့ အနုပညာရေခံမြေခံကောင်းတဲ့ ရွှေညာဆီသွားမယ်ဖြစ်ရော။ ပုဂံမှာ အရုပ်ရေးမယ် မန္တလေးက ပန်းချီဆရာတွေထံမှာ တပည့်ခံမယ်ရယ်ဆိုပြီး ပထမနှစ်မပြီးခင် ထွက်သွားတော့တာပဲ။ မသွားခင်ညက ကျွန်တော်တို့တစ်တွေ ထမင်းစုစားတော့ ဖြူလေးကို ကြိမ်းတယ်။ မင်းက ပန်းချီဆရာဖြစ်ချင်တာမဟုတ်ဘူး။ ပန်းချီဆရာလို့ အခေါ်ခံချင်တာပဲတဲ့။ အဲဒီတုန်းက ဖြူလေးက အတော်ကလေး ဟုတ်နေပြီ။ တက္ကသိုလ်ပထမနှစ်တုန်းက သူနဲ့တွေ့ရသိရတဲ့ တရုတ်ကပြားလေးတစ်ယောက်ကဆက်ပေးလို့ မဂဇင်းတချို့၊ ပုံနှိပ်တိုက် တချို့နဲ့ အဆက်အသွယ်ရနေပြီ။ တရုတ်ကပြားလေးအဖေက အဲဒီတုန်းက ရှားရှားပါးပါး လစ်သိုစက်ဆိုလားပိုင်တော့ အားတဲ့အခါ ကာလာခွဲတာတွေဘာတွေ သွားကြည့်နေပြီ။ လက်တိုလက်တောင်းဝင်ကူတယ်။ ကြိုကြားကြိုကြား သရုပ်ဖော်ပုံလေးတွေ ဆွဲရတယ်။ သိန်းကျော်က အစ်လာ့စထရေးရှင်းဆွဲတာ ပန်းချီဆွဲတာမဟုတ်ဘူး။ သရုပ်ဖော်ပုံဆွဲတာ။ ဘာဘာညာညာစွဲချက်တင်နေသေးတယ်။ ဒီကောင်က ဘာချည်းစွဲချက်တင်တင်ဖြူလေးလက်ရာတချို့ကို လူတွေသိလာတယ်။ ဖြူလေးက ညနေတိုင်း ပုံမှန်ဘီယာသောက်နိုင် နေပြီ။ ကျွန်တော်တို့ကတော့ သောကြာနေ့ညနေ လူစုကြတဲ့အခါမှ သောက်ကြတယ်။

ပန်းမောင်နဲ့တော်မီက အတူလာလေ့ရှိတယ်။ ဆေးကျောင်းနဲ့ပညာရေးက နီးတယ်။ တကယ်တော့ ပန်းမောင်က ကျောင်းဆရာဖြစ်ချင်လို့ ပညာရေးမှာတက်တာမဟုတ်ဘူး။ သူက ဆရာလုပ်ချင်တာ။ နောက်တစ်ချက်ကတော့ ကျောင်းဆရာမဖြစ်ချင်တဲ့ ကောင်မလေးတွေက နယ်ကလာကြတာ။ မွန်ရည်တယ်လို့သူက ပြောလေ့ရှိတယ်။ ဒါကြောင့်လည်း ဖြစ်နိုင်တယ်။ နောက်တော့ အီကိုမှာခြေကျတာများတယ်။ အီကိုကကောင်မလေးတွေက ပိုလှသတဲ့။ အီကိုက မဒီပျိုမှ ဒီအစ်ကိုက ညွှတ်တာတဲ့။ ဒုတိယနှစ်လောက်ကစပြီး သူနဲ့ကျွန်တော် အားကျိုးမာန်တက်နဲ့ စာတွေရေးကြတယ်။ ဘယ်မဂဇင်းတိုက်ကမှ မသုံးဘူး။ တတိယနှစ်ရောက်တော့ တစ်နေ့ညနေဖက် ပန်းမောင်နဲ့ ကျွန်တော် ဖြူလေးကိုသွားတွေ့တယ်။ ဖြူလေးက ညနေဖက် ပုံနှိပ်တိုက်မှာ အလုပ်ဝင်လုပ်နေတယ်။ အဲဒီမှာ သူ့အလုပ်ရှင် ဖြူဖြူ၀၀ကြီး နဲ့တွေ့တယ်။ စားပြောရင်း အဲဒီလူကြီးက ပညာပေးတာလေးဘာလေး ရေးကြည့်ကွ။ ၀တ္ထုတို့ဘာတို့ဆိုတာ တော်ရုံ တိုးမ၀င်နိုင်ဘူးလို့ ပြောတယ်။ ပန်းမောင်က အဲဒီစကားကို သိပ်သဘောကျသွားတာ။ အဲဒီနေ့ကစပြီး ပန်းမောင်လည်း ဟုတ်သော်ရှိမဟုတ်သော်ရှိ စာကြည့်တိုက်ထဲမှာ အင်္ဂလိပ်လိုရေးထားတာတွေကို မွှေနှောက်ရှာပြီး ဘာသာပြန်တော့တာပဲ။ မကြာခင် သူ့ဆောင်းပါး တစ်ပုဒ်စ နှစ်ပုဒ်စ မဂဇင်းထဲမှာ တွေ့လာရတယ်။ ကျွန်တော့်ဝတ္ထုတွေတော့ ဆရာကြီးဦးဘိုသင်းဆုံးမဖူးသလို ဆောင်းတွင်းမှာ မီးလှုံရအောင် စုထားရတုန်းပဲ။ အဖေကလည်း အားပေးတယ်။ မင်းဝါသနာကဖြင့် မင်းဘာသာထမင်းငတ်ကောင်းငတ်မယ်။ ငါ့စီးပွားတော့ မပျက် လောက်ဘူး၊ ရေးသာရေးတဲ့။ ကျွန်တော်တို့အကြားက သိန်းကျော် ပဲ့ထွက်သွားပေတဲ့ ကျွန်တော်တို့ကတော့ တစ်တွဲတွဲပဲ။ စာပေတွေ၊ ကဗျာတွေ၊ ပန်းချီတွေအကြောင်း ပြောကြပေတဲ့၊ ချွေးနဲ့မထွက်အောင် နေတတ်လာကြတယ်။ အဲရိုးရှပ်ကြိုက်လာတယ်။ ကလောင်းမှာ ဘောင်းဘီအပ်ကြတယ်။ ရတနာထွန်းမှာ ၀ီစကီစစ်စစ်ဝယ်တတ်လာတယ်။ အနုပညာသည် အနုပညာအတွက်ဆိုတာ သဘောကျလာ ကြတယ်။ မကျလို့လည်း မဖြစ်ဘူး။ အနုပညာကြီးကိုယ့်ဆီမှာ ကပ်နေမှာတောင် စိုးနေရသေးတယ်။ ငယ်ငယ်တုန်းကလို မမိုက်ရဲကြ တော့ဘူး။ ကပ်စရာကောင်မလေးတွေကလည်း တွေ့လာကြတာကိုး။

ဖြူလေးနဲ့ကျွန်တော် ဘွဲ့ရပြီးတော့ ပန်းမောင်ဘွဲ့ရတယ်။ နောက်တော့ တော်မီ ဆရာဝန်ဖြစ်လာတယ်။ သိန်းကျော်အသံ နည်းနည်း ပါးပါးကြားလာရတယ်။ တစ်နေ့ မနက်ခပ်စောစော တော်မီတစ်ယောက် သူ့အဖေ ကောင်စလ်ကားမောင်းပြီး ကျွန်တော့်ဆီ ရောက်လာ တယ်။ အင်းယားလိပ်ဟော်တယ်က သူ့အဖေနဲ့သိတဲ့ လူတစ်ယောက်က ဟော်တယ်မှာနေတဲ့လူတစ်ယောက်ကို လာခေါ်ဖို့ ဖုန်းဆက် ပြောတယ်။ အဲဒီလူကတော့ တခြားလူမဟုတ်ဘူး။ သိန်းကျော်ပဲ။ အဲဒါကြောင့် ကျွန်တော့်ကိုလာခေါ်တာတဲ့။ ဒါနဲ့ပဲ ကျွန်တော်တို့ နှစ်ယောက်သား အင်းယားလိပ်ဟော်တယ်ကို သွားခေါ်ကြရတယ်။ အဖြစ်က ဒီလို။ သိန်းကျော်က ပုဂံဘက်မှာ အရုပ်ရေးရင်း နိုင်ငံခြားကလာတဲ့ အဖြူမတစ်ယောက်နဲ့တွေ့တယ်။ အဖြူမက သူ့လက်ရာတွေ ကြိုက်တယ်။ တိုတိုပြောရရင်တော့ ဒီကောင့်ကို ဟော်တယ်မှာ ခေါ်လာပြီး အတူနေတယ်။ သူ့ပန်းချီကားတွေကို ဟောင်ကောင်ယူသွားပြီး ရောင်းချပေးမယ်။ သူပြန်လာမယ်လို့ပြောပြီး ထွက်သွားတာပဲ။ အဲဒီကတည်းက ဘာသတင်းမှ မကြားရတော့ဘူး။ ခုတော့ ဟော်တယ်ဖိုးလည်း မပေးနိုင်ဘူး။ ပေးစရာလည်း မရှိဘူး။ ကျွန်တော်တို့ပဲ ရှာကြံ လုပ်ပေးလိုက်ရတယ်။ သူကတော့ အဖြူမကို လွမ်းနေသေးတယ်။ အနုပညာသည်ဆိုတာ စွဲလန်းမှုမရှိရဘူးကွ။ စွဲလန်းတာ၊ တပ်မက်တာဟာ တဏှာပဲ။ ဒိဌိဖြစ်ဖို့လမ်းစပဲလို့ ကျွန်တော်ကနောက်တော့ သိန်းကျော်က ဆဲတယ်။ ဒီလိုနဲ့ သိန်းကျော် ကျွန်တော်တို့ဆီ ပြန်ရောက်လာတယ်။ ရောက်တဲ့နေ့ကပဲ တော်မီက သိန်းကျော်မျက်နှာက အသားရောင်နဲ့မတူတဲ့ အကွက်တချို့ကို သေသေချာချာကြည့်ပြီး သိပ်အခြေအနေမကောင်းဘူလို့ ကျွန်တော့်ကိုပြောတယ်။ ကျွန်တော်လည်း ဘာမှန်းတော့ သေသေချာချာ မသိဘူး။ ကျွန်တော်ရိပ်မိတာတစ်ခုကတော့ ပြောပုံဆိုပေါက်က သိပ်မဟုတ်တော့ဘူး။ နည်းနည်းချောင်စပြုပြီထင်တယ်။ ဒါပေတဲ့ အနုပညာအကြောင်းတော့ ပြောတုန်းပဲ။ ကျွန်တော်တို့ကို ချဲတုန်းပဲ။ မင်းတို့တစ်တွေ အနုပညာအပေါ် သစ္စာမရှိခဲ့ကြလို့ ငါ့မှာ မင်းတို့အတွက်ပါ ပိုပြီး သစ္စာရှိပေးနေရသတဲ့။

သိန်းကျော်တစ်ယောက် ရန်ကုန်ပြန်ရောက်လာပြီး ကျွန်တော်တို့နဲ့ သိပ်မတွဲတော့ဘူး။ ငွေလိုတဲ့အခါ ၀င်တောင်းတာလောက်ပဲ ရှိတော့တယ်။ လာရင်လည်း မူးနေတာကများတယ်။ အနုပညာအကြောင်း ဘာအကြောင်း ညာအကြောင်းတော့ ပြောတုန်းပဲ။ တချို့လူငယ်လေးတွေက သူ့ကိုကြည့်ပြီး အားကျပုံရတယ်။ ကျွန်တော်တို့တစ်တွေက ငယ်ပေါင်းတွေဖြစ်နေလို့ မငြိုငြင်ပေတဲ့ မိန်းမတွေက လက်မခံကြဘူး။ နောက်တော့ တော်မီကပဲ ဒါးပိန်ဘက်က သူတို့နဲ့ရင်းတဲ့ ဘုန်းတော်ကြီးဆီ ခေါ်သွားပြီး အပ်ထားတာ သိရတယ်။ အဲဒါတောင် ဖြူလေးသားကလေး ဘွဲ့ရတဲ့နေ့က ကျွန်တော်တို့တစ်သိုက် ပြန်ဆုံကြမှ တော်မီပြောပြလို့ သိရတာ။ ဒီနောက်တော့ အဆက်အသွယ် မရှိသလောက်ဘဲ။ ကျွန်တော်လည်း ရန်ကုန်ကို တစ်နှစ်နှစ်နှစ် လောက်မှ ရောက်ဖို့ အနိုင်နိုင်ရယ်။ ခုတစ်ခေါက် ရန်ကုန်ရောက်တုန်း သိန်းကျော်သေတယ်ဆိုတာ ကြားရတာပဲ။ သိန်းကျော်ကို မြေမြှုပ်တော့ ကျွန်တော်တို့နဲ့ သူနေတဲ့ ကျောင်းက ဘုန်းကြီးပဲရှိတယ်။ အဲဒီကပြန်လာတော့ ကားပေါ်မှာ တစ်ယောက်ကိုတစ်ယောက် ဘာမှမပြောဖြစ်ကြဘူး။ အားလုံး စိတ်ထဲမှာ ငယ်ငယ်တုန်းကအကြောင်းတွေ တွေးနေကြလိမ့်မယ်ထင်တယ်။ အဲဒီတုန်းမှာပဲ ဖြူလေးက ရေဆာသကွာ၊ ဆိုင်ကောင်းကောင်းတစ်ဆိုင် ၀င်ကြရအောင်လို့ပြောလို့ ဆိုင်တစ်ဆိုင်ဝင်ပြီး ဘီယာသောက်ကြတယ်။ ကျွန်တော်လည်း ဖတ်ထား ရတဲ့အကြောင်းလေးတစ်ခုကို မဆီမဆိုင်သတိရလိုက်မိလို့ တော်မီကို မေးကြည့်မိတယ်။ ဟေ့ကောင် မင်းက ကဗျာအကြောင်း ဟောပြောတယ်လို့ ငါဖတ်လိုက်ရပါကလားလို့မေးတော့ တော်မီ ဘာမှမဖြေဘူး။ လက်ကျန်လေးတွေနဲ့ လုပ်စားနေတာလို့ ပန်းမောင်က ၀င်ပြောတယ်။ မင်းကဗျာအကြောင်းမပြောတာ ကြာလှပါပကောလို့ ဖြူလေးက ၀င်ပြောတယ်။ ထမင်းမငတ်အောင် လုပ်နေရသေး တာကိုးဟ။ ခုတော့ ငါလည်း မင်းလိုပေါ့။ စားဖို့သောက်ဖို့မပူရတော့ ကဗျာဘက် နည်းနည်းပြန်လှည့်နိုင်တာပေါ့လို့ ဖြေတယ်။

မင်းက ပန်းချီပြန်ဆွဲလို့လား၊ ဖြူလေးလို့ ကျွန်တော်က တအံ့တသြနဲ့ ဖြူလေးကို မေးလိုက်မိတယ်။ တစ်နှစ်တစ်ကားလောက်ပါကွာ ဒီတော့လည်း တချို့က ငါ့ကို အထင်ကြီးတယ်။ ခုတော့ လူကြီးဖြစ်လာပြီမဟုတ်လား။ လူငယ်တွေ အထင်ကြီးအောင် မှင်ကလေး နဲ့လည်း နေရသေးတယ်။ ပြပွဲလုပ်တဲ့အခါ ဆွဲထားတဲ့ကားလေးတစ်ကားလောက် တင်တာပေါ့ကွာလို့ ပြန်ဖြေတယ်။ ပြီးတော့ ရောင်းရန်မဟုတ်လို့ရေးထားတယ်မဟုတ်လားလို့ ပန်းမောင်က ၀င်ပြောတယ်။ ပွဲပြီးတော့မှ တိတ်တိတ်ပြန်ရောင်းတယ် မဟုတ်လားလို့ တော်မီက ၀င်ပြောပြန်တယ်။ ဖြူလေးကတော့ ငယ်ငယ်ကအတိုင်းပဲ။ ပြုံးဖြီးဖြီးနဲ့ ပိုက်ဆံပိုရတယ်ဟလို့ ပြောတယ်။ မင်းမှာ ပိုက်ဆံ လိုလို့လားလို့ ကျွန်တော်က မေးမိတယ်။ ဖြူလေးက ရယ်တယ်။ ပန်းမောင်က မင်း သူ့ဆီ ၀င်အလုပ်လုပ်ပါလား။ တစ်လ ဒေါ်လာ ငါးထောင်လောက်တော့ ပေးထားနိုင်တယ်လို့ ၀င်ပြောတယ်။ မင်းကရော စာမရေးတော့ဘူးလားလို့ ပန်းမောင်ကိုကြည့်ပြီး ကျွန်တော်က မေးလိုက်တယ်။ ပန်းမောင်လား ရေးတာပေါ့ကွာ။ နိုင်ငံခြားကလာတဲ့စာအုပ်တွေကို နင်းဘာသာပြန်တာလို့ တော်မီက ၀င်ပြောတယ်။ ဘာတွေပြန်နေတုန်းလို့ ကျွန်တော်ကမေးတော့ ပန်းမောင်က ပြုံးနေတယ်။ ဘာမှပြန်မပြောဘူး။ ဘာတဲ့လို့အစချီပြီး ဖြူလေးက ၀င်ပြော တယ်။ သုံးဆယ့်ငါးမိနစ်အတွင်း ဘီလျှံနာဖြစ်နည်းတို့ ထိပ်ဆုံးသို့ ဖြတ်ကျော်ရောက်ရှိနည်းတို့ ဆိုတာတွေက ဒီကောင်ပြန်တာတွေပေါ့။ ဘာခေါ်တယ်ကွ။ တက်ကျမ်းဆိုတာမျိုးတွေ။ ဖတ်တဲ့လူတွေတော့ ဖြစ်မဖြစ် ရောက်မရောက် ငါမသိဘူး။ ခု ဒီကောင် နောက်ဆုံး ၀ယ်ထားတဲ့ ကွန်ဒိုကြီးကတော့ လေယာဉ်ပျံဆင်းလို့ရလောက်တယ်။ ပင့်ဟောက်(စ်)ဆွိ မဟုတ်လား။ အခု မင့်အကောင်က ဘယ်နှစ်ယောက်မြောက်နဲ့ တွဲနေသလဲဆိုတာ မေးကြည့်စမ်းပါဦးတဲ့။ ပန်းမောင်က ဘာမှမပြောဘူး။ နောက်တော့ ပန်းမောင်က ဖြူလေးကို ပြုံးဖြီးဖြီးကြည့်ပြီး မင်းပါးစပ်ပိတ်ထား။ တိတ်တိတ်နေ။ ငါ ဂလင်ဖီးဒစ်ခ်ျဝယ်တိုက်မယ်လို့ပြောပြီး ထသွားတယ်။

ပန်းမောင်နဲ့ စားပွဲထိုးကလေးတစ်ယောက် ပြန်ပါလာတယ်။ ဂလင်ဖီးဒစ်ခ်ျ တစ်လုံးနဲ့ ဖန်ခွက်တွေ ပါလာတယ်။ လော့ဘ်စတား မှာထားတယ်။ ဒီက စီးဖုကောင်းတယ်လို့လည်း ပြောတယ်။ ဒါဖြင့် စီးဖု မာရာနားရားရရင် မှာကွာလို့ ကျွန်တော်က ပြောလိုက်တယ်။ သူက စားပွဲထိုးကောင်လေးကိုမှာရင်း သူ့နေရာသူ ပြန်ထိုင်လိုက်ရင်း မင်းကတော့ ခုတလော အတော်ကလေး ရေးနိုင်ပါလား။ မဂ္ဂဇင်းတွေထဲမှာ မကြာမကြာတွေ့တယ်လို့မေးရင်း ကျွန်တော့်ကိုကြည့်တယ်။ အေးကွာ စားဖို့သောက်ဖို့ မပူရတော့လို့ပဲ။ ဟိုတစ်လောဆီက ငါမမြင်ခဲ့ဖူးတဲ့ ငါ့ဘေးကြီးတစ်ယောက် လွိုဒ်မှာထားခဲ့တဲ့ အမွေတွေ ငါရတယ်။ သူတို့ကလိုက်ရှာပြီးပေးတာလို့ ကျွန်တော်က ဖြေလိုက်တယ်။ တော်မီက ဒီကောင်က မိုးပေါ်ကအပ်တစ်ချောင်းနဲ့ မြေကြီးပေါ်က အပ်တစ်ချောင်းဆုံနိုင်တယ်လို့ အရင်တည်းက မျှော်လင့်ထားတတ်တဲ့အကောင်ပဲလို့ပြောတော့ အားလုံးရယ်မိကြတယ်။ အဲဒီတုန်းမှာပဲ စားပွဲထိုးကောင်ကလေးက ဖန်ခွက်ထဲမှာ မော့လ်ထည့်လို့ ပြီးသွားတယ်။ တော်မီက ဖန်ခွက်ကိုကောက်ကိုင်လိုက်ပြီး မတ်တပ်ထလိုက်ရင်း သိန်းကျော်အတွက်လို့ ပြောတယ်။ ကျွန်တော်တို့အားလုံးမတ်တပ်ထလိုက်ကြပြီး ဖန်ခွက်တွေကိုမြှောက်ရင်း သိန်းကျော်အတွက်လို့ အားလုံး ဆိုလိုက်ကြတယ်။ ပြီးတော့ မော့ချလိုက်ကြတယ်။ ပြန်ထိုင်လိုက်ကြပြီး အတော်ကလေးကြာအောင် ဘာစကားမှ မပြောဖြစ်ကြဘူး။ အဲဒီတုန်းမှာပဲ ဖြူလေး ပါးစပ်က စိတ်ပျက်တဲ့အသံမျိုးနဲ့ ဒီကောင်ကတော့ကွာ။ အကုသိုလ်ကို အမွေရလာတဲ့အကောင်ပဲလို့ ပြောသံကြားလိုက်ရတယ်။ ဘာကို အကုသိုလ်လို့ သူဆိုလိုမှန်းတော့ မသိဘူး။ ဘယ်သူကမှ ဘာမှမပြောကြဘူး။ အပြင်ဘက်ကိုပဲ ကြည့်နေမိကြတယ်။ အပြင်ဘက်မှာ နေရောင်လင်းတောက်နေလို့ အပူရှိန်ပြင်းမယ်ထင်တယ်။ ထင်တယ်လို့သာ ပြောရတာ။ ကျွန်တော်တို့ ထိုင်နေတာက လေအေးစက် တပ်ထားတဲ့အခန်းထဲမှာ။ အသံလည်း လုံတယ်။ ကြည့်နေတုန်း အပြင်ဘက် နေပူကျဲတဲအောက်မှာ လူနှစ်ယောက် စကားတပြောပြောနဲ့ လျှောက်သွားတာကို လှမ်းမြင်နေရတယ်။ သူတို့ကြည့်ရတာတော့ ပူပုံမရဘူး။ ဒီလူနှစ်ယောက်ခမြာ အအေးခန်းထဲမှာထိုင်ပြီး ဘီယာ သောက်ရတဲ့အရသာကို သိချင်မှသိမယ်။ သူတို့ရဲ့ သိမှတ်ခံစားနိုင်တဲ့ အတိုင်းအတာထဲမှာလည်း ပူတယ်ဆိုတာ သိမှာရှိမှာမဟုတ်ဘူး။ ပူမယ်ထင်တယ်လို့ ထင်မိတဲ့ ကျွန်တော်တို့ရဲ့အထင်ကသာ မှားဖို့ များလိမ့်မယ်။

မြင့်သန်း

ပင်မစာမျက်နှာသို့ပြန်သွားမည် >>