contents

ထိပ်ဆုံးစာမျက်နှာ > ဝတ္ထုများ

တချို့က နီပြာပြာ၊ တချို့က ဖြူဝါဝါ၊ တချို့မှာ ချိတ်ပွင့်၊ တချို့မှာ ပန်းရင့်
အစ/အဆုံး
နေဝင်းမြင့်

(၁)

ထုံးစံအတိုင်း တောင်ကုန်းကလေး ပေါ်က ခြေလှမ်း နှစ်ရာခန့် ဆင်းပြီးလျှင် တစ်ဆစ်ချိုး ကွေ့ရမည်။ ပြီးလျှင်တော့ နောက်ထပ် ခြေလှမ်း တော်တော်များများ လျှောက်လာခဲ့လျှင် အိမ်စုတွေထဲက ပုဏ္ဏရိတ်ပင်ခြောက်များ ထိုးထိုးထောင်ထောင် ရှိနေသော အိမ်အဝင်ဝကို တွေ့ရမည် ဖြစ်၏။ အိမ် … ကျွန်မအတွက်တော့ သည်ပျဉ်ထောင်ချပ် များဖြင့် ကာရံထားသော သံချေးအထပ်ထပ် တက်နေသော မညီမညာ သွပ်ပြားချပ်များ မိုးထားသည့် သည်အိမ်ဟောင်း မြင့်မြင့်ကြီးကို နေထိုင်စရာ အိမ်ဟု ရက်ရက်ရောရော စာစာနာနာ ခေါ်ဝေါ် သတ်မှတ်လိုစိတ် မရှိတာ အမှန်ပါ။ သည်အိမ်က ကျွန်မအတွက် အေးရာငြိမ်းရာ နေရာထိုင်ခင်းတစ်ခု မဟုတ်တာ တစ်ခုတည်းနှင့် မလိုတမာစွာ ပြောနေခြင်းလည်း မဟုတ်ပါ။ ဖြစ်နိုင်လျှင် သင်္ချိုင်းဇရပ် တစ်ခုပေါ်မှာ နေကုန်နေခန်း နားအေးပါးအေး တစ်ယောက်တည်း တွေတွေငေးငေး ကျွန်မ နေချင်လှပါသည်။ ဘာပဲဖြစ်ဖြစ် သည်အိမ်ပေါ်မှာ ကျွန်မ လိုအပ်စွာ လာရောက် နေထိုင်ရတုန်း ဖြစ်သည်။

ဤအိမ်နှင့် ကျွန်မ၏ ဆက်ဆံမှုသည် နှစ်ကာလ အတော်ကြာကြာ ကတည်းကပင် ပတ်သက်နေခဲ့သည် မဟုတ်လော။နောက်ထပ်လည်း နှစ်ပေါင်း ဘယ်လောက်ကြာကြာ ပတ်သက်နေဦးမည်လဲ ကျွန်မ မသိပါ။ ကျွန်မကိုယ်တိုင်ပင်လျှင် မဝေခွဲနိုင်သေးပါ။ ပြောလည်း မပြောနိုင်သေးပါ။ ကျွန်မ တစ်ကိုယ်တည်းသာ ဆိုလျှင် သို့မဟုတ် ကျွန်မမှာ ဘာအနှောင်အဖွဲ့မှ မရှိဘူးဟုဆိုလျှင် ဒါမှမဟုတ် ကျွန်မသည် မောင်၏ နောက်မိန်းမ၊ ထားပါတော့၊ ဒုတိယဇနီးသာ မဟုတ်ဘူးဆိုလျှင် ဒါမှမဟုတ် မောင်က သူ၏ ရောဂါဝေဒနာ ငွေ့ရည်များဖြင့် ပြွန်းတီးနေသော ဝေသီသီ မျက်လုံးများနှင့် ကျွန်မကို တယုတယ ဆွေးဆွေးမြည့်မြည့် မကြည့်တတ်ဘူးဆိုလျှင် ကျွန်မသည် သည်အိမ် စောင်းစောင်းကြီး ပေါ်တွင် ဘာမှ တွယ်ငင်စရာ ရှိမည်မဟုတ်ပါ။ ပြီးခဲ့သည့် ကိစ္စများအတွက် ကျွန်မဘဝ၏ ပြိုကျပျက်စီးသွားသော အချိန်ကာလများကို လည်းကောင်း၊ ကျွန်မ၏ ခန်းခြောက် ပျက်ပြယ်စပြုပြီ ဖြစ်သည့် ကိုယ်ခန္ဓာအတွက် လည်းကောင်း ကျွန်မ နှမြောဝမ်းနည်း နေလိမ့်မည်လည်း မဟုတ်ပါ။

ပြီးတော့ အချိန်ကာလက ပွတ်တိုက် ချေဖျက်သွားပြီ ဖြစ်သော ကျွန်မကိုယ်ခန္ဓာ၏ နုပျိုလန်းဆန်းခြင်းသည် လက်ရှိ ကျွန်မ ရောက်ရှိနေသည့် အသက်ထက် ပိုမိုစောစီးစွာ ကျွန်မကို စွန့်ခွာသွားပြီ ဖြစ်သောကြောင့်လည်း မဟုတ်ပါ။ သည်အတွက် ကျွန်မသည် လည်းကောင်း၊ မောင်သည် လည်းကောင်း၊ နားလည်ကြပြီး ဖြစ်ပါသည်။ သို့အတွက်လည်း မောင်က ဝမ်းနည်းစရာကောင်းလှသည့် စကားတချို့ကို မကြာမကြာ ပြောတတ်သည်လည်း ရှိ၏။

“မင်း သိပ်အိုစာသွားပြီ၊ မင်း သိပ်စိတ်ဆင်းရဲ နေရတာ မောင် သိပါတယ်၊ ဒီအတွက်လည်း မောင် စိတ်မကောင်း ဖြစ်နေရတယ်၊ ဒီအတွက်လည်း ရောဂါတစ်ဝက် ဖြစ်နေရတယ်”

မောင့်စကားများကို ကျွန်မ နှစ်နှစ်ခြိုက်ခြိုက်ကြီးကို ယုံကြည်ပါသည်။ အဆုတ်ရောဂါ၏ ထိုးနှက်ခြင်းကို အလူးအလဲ ခံစားနေရသော မောင့်နှုတ်ခမ်းဖျားမှ ကျွန်မအတွက် အတန်အသင့် ယုံကြည်မှုကို ပေးစွမ်းနိုင်သည့် သည်စကားစုများက ကျွန်မ၏ရင်ထဲသို့ နွေးထွေးစွာ စီးဝင်သွားမြဲ ဖြစ်၏။

မည်သို့ပင်ဖြစ်စေ မောင့်ကို ချစ်နိုင်နေသရွေ့ မောင်နဲ့ ပတ်သက်နေသေးသော သည်အိမ်ဟောင်းတစ်လုံး သည်လည်း ဆိုင်သည်ဖြစ်စေ၊ မဆိုင်သည်ဖြစ်စေ ကျွန်မနှင့်ပါ သက်ဆိုင်ခွင့် အနည်းအကျဉ်း ရှိနေသည်ဟု ယုံကြည်နေသရွေ့ သည်အိမ်ဆီကို ကျွန်မ လာနေရဦး မည်သာ ဖြစ်ပါသည်။ ဆီနှင့် နှစ်ပေါင်းများစွာ ကင်းဝေးနေပြီ ဖြစ်သော ကျွန်မ၏ ဖြူလျော်လျော် ဆံစများကိုလည်းကောင်း၊ ပြည့်ဖောင်းခြင်းကင်းကာ လျော့ရဲတွန့်ကြေနေပြီဖြစ်သည့် ကျွန်မ၏ မျက်ဝန်းများ၊ ပါးပြင်နှင့် နားထင်စပ်၊ ပြီးတော့ အာဟာရမဲ့ နေလောင်နှုတ်ခမ်းများကို စုဝင်သိမ်းထုပ်ရင်း အသက်ဝိညာဉ် ကင်းမဲ့သည့် စက်ရုပ်တစ်ရုပ်လို ကျွန်မ လာနေရဦးမည်သာ ဖြစ်၏။

(၂)

အဆိုးဆုံးမှာ လှေကားထစ်များ ဖြစ်၏။ တစ်ထစ်နင်းလိုက်တိုင်း အသံကျယ်ကျယ် မြည်သွားတတ်ကာ လူရော လှေကားဆံပါ ဘယ်တော့များ ပြုတ်ကျသွားလေမလဲဟု တွေးဆနေရတတ်သော လှေကားထစ်များပင် ဖြစ်၏။ သည်လှေကားထစ်များက တစ်ထစ် တက်လိုက်တိုင်း သည်အိမ်ထဲကို ဝင်ရဦးတော့မှာပါလားလို့လည်း လှေကားကိုတက်ရင်း ဖျတ်ခနဲ ဖျတ်ခနဲ ကျွန်မ သတိဝင်နေတတ်၏။

တစ်ထစ် နောက်ထပ်တစ်ထစ် နောက်ထပ်တစ်ထစ်၊ ထိုအခါမျိုးတွင် ကျွန်မ၏ ခြေလှမ်းများက အနုတ်အသိမ်း လေးဆွဲဆွဲ ဖြစ်နေကာ ဖြစ်နိုင်လျှင် လှေကားမှ နောက်ပြန်ဆင်းကာ ငါပြေးနိုင်ဖို့ မြေပြင်ကျယ်ကျယ်မှ ရှိရဲ့လားဟူသော အသိဖြင့် ပြေးလွှားသွားတတ်သည် ဆိုသော အမိဝမ်းမှကျွတ်စ မြင်းတစ်ကောင်လို မြေရှိသမျှ တလွှားလွှား ပြေးပစ်လိုက်ချင်စိတ် အမြဲတမ်း ဖြစ်နေလေ့ရှိ၏။ လှေကားထစ် တွေဆုံးလျှင် ခပ်ယဲ့ယဲ့ သစ်သားတံခါးမကြီး တစ်ချပ်ရှိမည်။ အတွင်းက စက္ကူထူထူ ပိတ်ထားသော ချောင်းကြည့်ပေါက်ကလေး တစ်ခု ရှိမည်။ ကျွန်မ၏ လက်ဆစ်များနှင့် တံခါးရွက်တွေကို ခပ်ဖွဖွ ခေါက်လိုက်လျှင် ချောင်းကြည့်ပေါက်ထဲက မျက်လုံးတစ်လုံးကို ကျွန်မ တွေ့ရမည်။ ထိုမျက်လုံးသည် အဆိပ်ပြင်းသော မြွေတစ်ကောင်၏ မျက်လုံးများလို သေးငယ်သလောက် ကြောက်ရွံ့ ချောက်ချားဖို့ ကောင်းသော မျက်လုံးတစ်လုံးလုံး ဖြစ်ချင်ဖြစ်မည်။

မည်သို့ပင် ဖြစ်စေကာမူ တစ်ခါတစ်ရံ တံခါးဖွင့်ပေးတတ်သော မောင့်မျက်လုံးကလွဲလျှင် တခြားမျက်လုံးတွေကတော့ ပုပ်သိုးသိုး အာနိသင်ချင်း အတူတူပင် ဖြစ်သည်။ ထိုမျက်လုံးတွေထဲက သေးငယ်သလောက် ကြောက်စရာကောင်းသော မမြရီ၏ မျက်လုံးကို ကျွန်မ အရွံမုန်းဆုံး ဖြစ်သည်။ စက္ကန့်တစ်ဝက် မရှိတရှိလောက် အချိန်ကလေး အတွင်းမှာပင် သူမ၏ မျက်လုံးများဆီက မောဟ အခိုးအငွေ့များကို ချောင်းကြည့်ပေါက်ကလေးက တစ်ဆင့် ကျွန်မ ရနေတတ်ပါသည်။ ပြီးလျှင် ချက်ချင်းလိုလို တံခါးချပ်တစ်ခြမ်းကို မဟတဟ ဖွင့်ပေးမည်။ အိမ်ထဲသို့ ဝင်လာသော ကျွန်မ တစ်ကိုယ်လုံးကို ဝေ့ခနဲ ဝိုက်ခနဲ အကဲခတ်လိုက်တာ ကျွန်မ လက်ထဲမှာ ဘာများပါလာလေမလဲ ဆိုတာကိုပဲ မလွတ်တမ်း ကြည့်နေလိမ့်မည်။

“လာပါပြီ ကိုသက်၊ ရှင့်မယား”

ပြာဟောက်ဟောက် စူးတူးတူး လည်ချောင်းခြစ်သံဖြင့် အိမ်ထဲက ပက်လက်ကုလားထိုင် တစ်လုံးပေါ်မှာ သို့မဟုတ် ခုတင်ပေါ်မှာ ရှိနေမည့် မောင့်ဆီကို အသံပြုမည်။ ထိုအခါ မောင်သည် ချွဲဟပ်သံ၊ ချောင်းဆိုးသံ၊ ညည်းညူသံတွေကြားက အားယူရင်း …

“နောက်ကျလှချည်လား မကျေးရယ်၊ မင်းဥစ္စာ … ”

ဆိုသော စကားစုကို ပြောလိမ့်မည်။ ထိုအခါ ကျွန်မကလည်း ခါတိုင်းလိုပါပဲ။ လက်ချောင်းကလေးတွေကို တဖြောက်ဖြောက်ချိုးရင်း မောင်ရှိနေမည် ထင်ရသော နေရာကိုမှန်းဆကာ …
“ကနေ့ သင်ရိုးအသစ် တက်တယ်။ ကလေးကလည်း နားဝေးတယ် ကိုသက်ရယ်၊ ခါတိုင်းလောက်ပါပဲ၊ ဒါတောင် ထမင်းကျွေးနေ သေးတယ်၊ မစားခဲ့ဘူး” ဟု ပြန်ပြောမိတတ်သည်ချည်း ဖြစ်၏။ ထိုအခါ သူမက စူးတူးတူး လည်ချောင်းခြစ်သံဖြင့် …
“ထမင်းကျွေးရင်လည်း စားခဲ့ရောပေါ့၊ ဒီမယ် ကလေးတွေ ထမင်းချက်မှားလို့ ထမင်းတောင် မကျန်ချင်တော့ဘူး” ဟု ပြောပြန်ဦးမည်။

ဒါက တချို့ညဦးပိုင်းမှာ လှေကားထစ်တွေက တက်လာပြီးတိုင်း ကြားနေကျ ပြောနေကျ စကားတွေသာ ဖြစ်သည်။ ထမင်းမကျန်ချင် တော့ဘူးဟု ပြောသော်လည်း တကယ် ထမင်း မကျန်တော့ဘူး ဆိုတာကိုလည်း ကျွန်မ သိနှင့်ပြီး ဖြစ်ပါသည်။ သည်အတွက်လည်း ကိစ္စမရှိလှပါ။ ကျွန်မ စန္ဒရားတီး သင်ပေးသည့် ကလေးအိမ်မှာ အိမ်ဖျော် ကော်ဖီကျဲကျဲ တစ်ခွက်လောက်တော့ တိုက်သည်ချည်း ဖြစ်သည်။ တစ်ခါတစ်ရံ ထောပတ်မုန့်ကြွပ်ကလေး တစ်ချပ်နှစ်ချပ် ပါတတ်သည်။ သိပ်ဆာလွန်းလျှင် လမ်းထောင့်က သွားရည်စာ ဆိုင်ကလေးက မရွေးပွပွ နှစ်ထုပ်လောက်ကို ဝယ်စားနိုင်သည်။ ပြီးလျှင် ရေသောက်ရုံပေါ့။ ဒါက အမြဲတမ်းတော့လည်း မဟုတ်ပါ။ ထမင်းတစ်လုပ်တစ်ဆုပ် ကျန်သည့်အခါလည်း ရှိသည်။ သည်အတွက် ကျွန်မ ကျေးဇူးမကန်းချင်ပါ။

မောင့်အရိပ် အာဝါသအောက်မှာ ထမင်းတစ်လုပ်ဆစ်ဆုပ် စားရင်း မောင်နှင့်အတူ အသက်ရှင် နေထိုင်ခွင့်ရနေတာကိုပဲ ကျွန်မ ကံကြမ္မာကို ကျေးဇူးတင်လှပါသည်။ တစ်ခါတစ်ခါတော့လည်း အေးစက်နေပြီဖြစ်သော ဟင်းချိုရည်နှင့် တစ်ဖတ်စ၊ နှစ်ဖတ်စ ကျန်တတ်သော အသားဟင်း အနည်းအကျဉ်းကိုစားရင်း မောင်နဲ့အတူ ထမင်းလက်ဆုံ မစားဖြစ်တော့သော ရက်တွေကိုတော့ ညစာစားရင် ဝမ်းပန်းတနည်း ပြန်လှန် ရေတွက်နေမိတတ်ပါသည်။ ပြီးတော့ သည်အိမ်ပေါ်မှာ (အထူးသဖြင့် မမြရီနှင့် သူမ၏ ကလေးများ ရှိနေချိန်မှာ) ‘မောင်’ ဟူသော အသုံးအနှုန်းကို ကျွန်မ ခေါ်ခွင့်မရတာကိုလည်း ကျွန်မ ဝမ်းနည်းနေမိတတ်၏။ သူတို့ရှေ့မှာ မောင့်ကို ‘ကိုသက်’ လို့ ခေါ်ရတာကိုပဲ ရင့်သီးလွန်းလှသည်ဟု ကျွန်မကိုယ်ကျွန်မ လိပ်ပြာမလုံ ဖြစ်နေတတ်တာလည်း ရှိသည်။ ပြီးတော့ မောင့်အိပ်ရာဘေး၊ ဒါမှမဟုတ် မောင့်အခန်းထဲကိုလည်း ကျွန်မ ဝင်ခွင့်မရပါ။

ကျွန်မအတွက် သီးသန့်ထားရှိသော အခန်းငယ် (ဝါးထရံဖြင့် ခပ်ကျဉ်းကျဉ်း ကန့်ထားသည်) ထဲမှာ နေချင်နေ၊ ဒါမှမဟုတ် မီးမှိန်မှိန် ကလေး လင်းနေတတ်သည့် ဧည့်ခန်းဘက်မှာ ထွက်ထိုင်ချင်ထိုင်။ ဒါပါပဲ။ တစ်ခါတစ်ရံ မောင့်မျက်နှာကို ကျွန်မ မြင်ခွင့်မရတာ နှစ်ပတ်ခန့် ရှိတတ်ပါသည်ဟု ဆိုလျှင် ယုံကြည်မှုရှိမည် မဟုတ်ပါ။ မောင့်ချောင်းဆိုးသံ၊ သလိပ်ဟပ်သံတို့ကိုသာ အခန်းအပြင်က စိတ်မကောင်းခြင်းကြီးစွာ ကျွန်မ ကြားနေရတတ်သည်။ မောင့်နဖူးတွေကို ကိုင်ရင်း ချွေးစေးတွေကို တယုတယ သုတ်ပေးရင်း၊ ရေအေးအေးတစ်စက် တစ်ပေါက်တိုက်ရင်း ဒါမှမဟုတ် ကျွန်မလက်နှင့် ကိုယ်တိုင်ပြုတ်သော ‘မောင်ကြိုက်တတ်သည့်’ မြူစွမ်ပြုတ်ကို ခွံ့ရင်း မောင်နှင့် စကားတွေ ပြောချင်သော်လည်း ကျွန်မတွင် အဲသည်အခွင့် လုံးဝမရှိပါ။ စီးဆင်းမဲ့သော ရေအိုင်တစ်အိုင်လို တဖြည်းဖြည်း ညစ်ပုတ်ကောခြောက် လာလေသလားဟု ကိုယ့်ကိုယ်ကိုယ် တွက်ဆရင်း ကျွန်မ အားငယ်မိနေတတ်တာကို မောင် သိစေချင်လှပါသည်။

(၃)

စင်စစ် မောင်သည် ကျွန်မ၏ ပထမဆုံး ခင်ပွန်းဖြစ်ပါသည်။ ဒါပေမယ့် မောင့်ဘက်က ကြည့်လျှင်တော့ ကျွန်မသည် မောင်၏ ဒုတိယ အိမ်ထောင် ဖြစ်နေပြန်သည်။ မောင့်မှာ ပထမဇနီးရှိသည်။ မောင်နှင့် မမြရီတို့ အိမ်ထောင်ကျချိန်မှာ ကျွန်မသည် ရှစ်တန်းကျောင်းသူ လောက်ပဲ ရှိဦးမည်ဟု နောင်အခါ ကျွန်မ သိရပါသည်။ အဲသည်တုန်းက မောင်နှင့်မမြရီတို့ ကျွန်မတို့ရပ်ကွက်ကလေးသို့ ပြောင်းမလာ သေးပါ။ မောင့်မိဘ လက်ငုတ်လက်ရင်းဖြစ်သော လက်ဖက်ရည်ဆိုင်ကလေးကို ဦးစီးဦးဆောင်ပြုရင်း ဥက္ကလာဘက်မှာ နေထိုင်ခဲ့ကြ သည်။ မောင်နှင့် မမြရီတို့၏ ပထမအိမ်ထောင်သက် ဆယ်နှစ်ကျော်မှာ သားသမီးသုံးယောက် ထွန်းကားခဲ့သည်။ သည်တုန်းက မောင့်စီးပွားရေးက ကောင်းသည်ဟု ဆိုနိုင်သည်။ လက်ဖက်ရည်ဆိုင်ကလေး ကလည်း အကျိုးပေးသတဲ့။ အမြဲတမ်း ပြုံးရယ်ရွှင်ပျ ရှိနေတတ်ကာ စိတ်ကောင်း နှလုံးကောင်းရှိသော မောင်က သူ့ဇနီးအပေါ်မှာ အရိပ်တကြည့်ကြည့် ရှိနေတတ်သည်။ ဒါကလည်း မောင်ကိုယ်တိုင်က အကျည်းတန်သော်လည်း ချောမောလှပသည့် ဇနီးအပေါ်မှာ အစိုးရိမ်လွန်ကဲစွာ စောင့်ရှောက်နေခြင်းမျိုး မဟုတ်ဘဲ မောင့် ပင်ကိုစရိုက်ကိုက အေးချမ်းတည်ငြိမ်သည့် သဘောမျိုးဖြင့် တစ်သက်တာထာဝရ ရိုးမြေကျအချစ်မျိုးကို ဖန်တီးထူထောင်ခဲ့ခြင်း ဖြစ်သည်ဟု နောင်အခါ ကျွန်မကို မောင်ကိုယ်တိုင်က ပြောဖူးပါသည်။ ဒါပေမယ့် ကလေးသုံးယောက် ရှိပြီးသည့်အခါ မောင်တို့ မိသားစုဘဝသည် ဦးစောက်ကျွမ်းပြန် ပြောင်းလဲသွားတော့သည်။

ကျွန်မတို့ ရပ်ကွက်ကလေးသို့ မောင်တို့မိသားစုများ ပြောင်းရွှေ့လာချိန်မှာတော့ မောင့်မှာ လက်ဖက်ရည်ဆိုင် မရှိတော့ပါ။ ဘာဆိုဘာမှ ဆုပ်ဆုပ်ကိုင်ကိုင် မရှိတော့ဘဲ ရှိသမျှလေးကို ထုခွဲစားသောက် နေရချိန်လည်း ဖြစ်သည်။ ညနေတိုင်း အိမ်နှင့် ခပ်ဝေးဝေးကို ထွက်သွား တတ်ကာ ညဥ့်နက်မှ အရက်မူးမူးနှင့် ပြန်လာတတ်သော မောင်က သူ့သားသမီးများ၏ နာမည်တွေကို စီကာစဉ်ကာခေါ်ရင်း နှိုးနေတတ် သည်။ ဤသို့ဖြင့် ရပ်ကွက်ထဲကို မထင်မရှား ရောက်ရှိလာခဲ့သော မောင့်အကြောင်းတွေကို လူတွေ တစ်စတစ်စ သိလာခဲ့ရသည်။ မောင့်ဇနီးက မောင်နှင့် သားသမီးသုံးယောက်ကို ထားရစ်ကာ လက်ဖက်ရည်ဆိုင်က လူငယ်တစ်ဦးနှင့် လိုက်သွားခဲ့သည့်အကြောင်း၊ ထိုအခါ မောင်က လက်ဖက်ရည်ဆိုင်ကလေးကို မတန်တဆဈေးနှင့် ရောင်းပစ်ခဲ့သည့်အကြောင်း၊ ထိုနေရာဒေသနှင့် ဝေးရာ ကျွန်မတို့ ရပ်ကွက်ကလေးသို့ နေ့ချင်းညချင်း ရောက်လာရသော်လည်း အလုပ်အကိုင် မည်မည်ရရမလုပ်ဘဲ နေချင်သလိုနေရင်း အရက်တွေချည်း သောက်နေခဲ့ကြောင်း စသဖြင့် စသဖြင့် မောင်၏ (သည်တုန်းက ကျွန်မ၏မောင် မဟုတ်သေးပါ) သတင်းတွေကို ကြားနေခဲ့ရသည်။

ရပ်ကွက်ထဲ ပြောင်းလာသည်ဆိုသော်လည်း ကျွန်မတို့ မိသားစုများနှင့် ဘယ်လိုမှ ပတ်သက်ခြင်းမရှိခဲ့ပါ။ ကျွန်မတို့ မိသားစု ဆိုသည် ကလည်း များများစားစား မဟုတ်ပါ။ မေမေ၊ မောင်လေးနှင့် ကျွန်မတို့ သုံးဦးသာ ဖြစ်ပါသည်။ ထိုစဉ်က ကျွန်မ၏အသက်မှာ နှစ်ဆယ့်ရှစ် နှစ်ခန့် ရှိပြီဖြစ်ပါသည်။ ဖေဖေ ထားရစ်ခဲ့သော ပင်စင်လစာကလေးနှင့်၊ ဖေဖေ ထားရစ်ခဲ့သော ဂျာမန်စန္ဒရားဟောင်းတစ်လုံးနှင့်၊ ဖေဖေ သင်ပေးထားခဲ့သော စန္ဒရားတီးပညာကိုသာ အရင်းအနှီးပြုရင်း ကျွန်မတို့မိသားစု မလောက်မင ခြိုးခြံနေခဲ့ရသည့် ကာလများလည်း ဖြစ်၏။ အသက်အရွယ် အတန်သင့် ရလာပြီဖြစ်သော မောင်လေးသည်လည်း လမ်းထဲက မိန်းကလေးတစ်ဦးနှင့် လက်ထပ်ပြီးသည့်အခါ ကျွန်မနှင့် မေမေသာ ကျန်ရစ်ခဲ့တော့သည်။

ကျွန်မနေသော ရပ်ကွက်ကလေးက တော်တော်အလှမ်းဝေးလှသော မြို့တွင်းကို စန္ဒရားတီးသင်ပေးရန် ကျွန်မ သွားနေရသည့်အခါ မေမေသာ အိမ်တွင် ကျန်ရစ်နေခဲ့ရသည်။ တစ်ခါတစ်ရံ မှောင်ကြီးမည်းကြီးမှ ကျွန်မ ပြန်ရောက်ရတာလည်းရှိသည်။ ရောက်ရောက်ချင်း ရေမိုးချိုး ထမင်းစားပြီးလျှင် စန္ဒရားခုံမှာ ခဏထိုင်ရင်း နောက်တစ်နေ့အတွက် လေ့ကျင့်ခန်းများကို ကျွန်မ ပြန်နွှေးရသေးသည်။ ဖေဖေ သင်ပေးခဲ့သော မဟာဂီတ သီချင်းတွေထဲက ဟိုတစ်စ ဒီတစ်စ ရောက်တတ်ရာရာတီးရင်း တချို့ ညဥ့်နက်သောညများတွင် ဖေဖေ့ကို ကျွန်မ အောက်မေ့နေမိတတ်ပါသည်။ ထိုနေ့ညကတော့ မေမေသည် နောက်တစ်ခါ ကျွန်မဘဝ အဆစ်အချိုးများဖြစ်လာမည့် အကြောင်းတရားများ၏ အဦးအစဖြစ်သော ချည်ခင်အစတစ်စကို စတင် ဆွဲငင်လိုက်သည့်ည ဖြစ်သည်။ ညဥ့်နက်စပြုပြီဖြစ်၍ ကိန္နရာချောင်းခြား ပတ်ပျိုးကို ကျွန်မ လွမ်းစိတ်နှင့် တိုးသဲ့သဲ့ တီးနေသည့် အချိန်လည်းဖြစ်၏။

“သမီး မေမေတို့အိမ် တစ်ခြမ်းငှားဖို့ မေမေတော့ စီစဉ်လိုက်ပြီ၊ သမီးသဘောတူရင် နောက်တစ်ပတ်လောက် အခန်းဖွဲ့ပေးရမယ်”

သည်တုန်းက ကောင်းသည် ဆိုးသည် ဘာမှပြန်မပြောခဲ့ပါ။ မေမေ့ ဆန္ဒများကိုသာ ကျွန်မ တစ်သက်လုံး လိုက်လျောခဲ့သည်နှင့်အညီ ဘယ်သူ့ကိုငှားမှာလဲ၊ ဘယ်လောက်နှင့် ငှားမှာလဲ၊ ဘယ်လောက်ကြာကြာ နေကြမှာလဲ၊ မိသားစုက ဘယ်လောက်များသလဲ စသည့် မေးသင့်သည့် မေးခွန်းများကိုပင် ကျွန်မ မမေးမိခဲ့ပါ။ ခေါင်းကိုသာညိတ်ပြရင်း တီးလက်စ သီချင်းအပိုဒ်တွေကို စိတ်ကမှတ်ရင်း တရွရွ တီးနေခဲ့ပါသည်။

ဤသို့ဖြင့် မောင်နှင့် သားသမီးများ ကျွန်မတို့အိမ်သို့ ရောက်လာသည့်အခါ ကျွန်မ အလွန် အံ့သြခဲ့ရသည်။ ကျွန်မထက် အသက် ဆယ့်ငါးနှစ်ခန့် ကြီးမည်ဖြစ်သော ဦးသက်မောင်နှင့်အတူ သားသမီးများ ရောက်လာစက ခပ်စိမ်းစိမ်း ရှိခဲ့သော်လည်း ထရံပါးပါးလေး တစ်ချပ်သာ ခြားသော ကျွန်မ၏ စန္ဒရားခုံနားကို နောင်အခါ သူတို့သားအဖတစ်တွေ ရောက်လာတတ်၏။ မေမေနှင့် ကျွန်မကိုပဲ အားနာလို့လား၊ မေမေကပဲ တရားချ ကောင်းလို့လား မသိပါ။ ဦးသက်မောင် ရုပ်ပျက်ဆင်းပျက် အရက်မသောက်တော့တာ ကိုလည်း ကျွန်မ သတိထားမိပါသည်။

ကာလအတန် ရှည်ကြာလာသည်နှင့်အမျှ မောင့် သားသမီးငယ်များကို ကျွန်မ သံယောဇဉ် ဖြစ်လာရတော့သည်။ မောင်သည်လည်း နှစ်ပေါင်းအတော်ကြာ သံယောဇဉ် ဖြတ်ထားခဲ့သော လက်ဖက်ရည်ဆိုင်ကလေးကို ပြန်ဖွင့်သည်။ မေမေက အိမ်ရှေ့ကွက်လပ်ကျယ် ကလေးကို လက်ဖက်ရည်ဆိုင် ဖွင့်ခွင့်ပေးသည့်အတွက် အခကြေးငွေမယူဘဲ ဖွင့်ခွင့်ပြုခဲ့သည်။

ဤသို့ဖြင့် ကျွန်မထက် အသက် အတော်အတန်ကြီးသော မောင်နှင့် ကျွန်မတို့ သားအမိ၏ ရစ်ပတ်ဖွဲ့နှောင်လာသော သံယောဇဉ်သည် တင်းရစ်သထက် တင်းရစ်လာသည်။ ကျွန်မ မရှိသည့်အခါ မေမေ့ကို မောင်တို့မိသားစုကစောင့်ရှောက်၍ ကျွန်မ ပြန်ရောက်လာသည့် အခါ မောင်တို့ သားအဖတစ်တွေကို ကျွန်မက ကူညီရင်း ညပေါင်းများစွာ၊ နေ့ပေါင်းများစွာကို သံယောဇဉ်များဖြင့် ဖြတ်သန်းဖြစ်ခဲ့သည်။ အင်မတန် မွန်ရည်နူးညံ့သော မောင်နှင့် ကျွန်မ လက်ထပ်ဖြစ်သည့်နေ့က မေမေ လူ့ဘဝမှာ မရှိတော့ပါ။ (မေမေဆုံးပြီး တစ်နှစ် ကျော်ကျော်မှာ ကျွန်မ လက်ထပ်ပါသည်)

မောင်နှင့် လက်ထပ်ပြီးသော်လည်း မြို့ထဲသို့ စန္ဒရားသင်ရန် ထွက်သွားတတ်သော ကျွန်မကို မောင်က နားလည်ခွင့်လွှတ်သော်လည်း လက်ဖက်ရည်ဆိုင်ကလေးမှာပဲ ရရစားစား နေစေချင်မှန်း ကျွန်မ သိပါသည်။

“မောင် မကြိုက်ရင် သည်အလုပ်ကို စွန့်လွှတ်နိုင်ပါတယ်၊ ဖေဖေ သင်ပေးခဲ့တဲ့ပညာနဲ့ ဖေဖေ့ကို … ”
“မဟုတ်ပါဘူးကွယ်၊ မောင် နားလည်ပါတယ်၊ ကျေး ပင်ပန်းမှာ စိုးလို့ပါ၊ ဘာပဲဖြစ်ဖြစ် တို့အိမ်ထောင်အတွက် မောင့် အပေါ်မှာသာ တာဝန်ရှိနေချင်တာပါပဲ”

အရိပ်တကြည့်ကြည့် အမြဲရှိတတ်သော မောင့်ကို သနားလွန်းလှသဖြင့် သူ့ရှေ့မှာ ပင်ပန်းနွမ်းနယ်ဟန်ကိုပင် ကျွန်မ မပြဝံ့ပါ။ အသက်တွေ အတန်အသင့် ရလာကြပြီဖြစ်သော မောင့် သားသမီးတွေကလည်း ကျွန်မတို့ နှစ်ဦးကြားတွင် သိပ်ပြဿနာ မရှိလှပါ။ တိုက်တိုက်ဆိုင်ဆိုင် ကျွန်မ စန္ဒရားသင်ပေးသည့်အိမ်က ကလေးမကို ဖြူပြာမူယာပတ်ပျိုး ပထမပိုဒ်ကို စတင်သင်သည့်နေ့က ကျွန်မ မိုးကြီးတော်တော်ချုပ်မှ ပြန်ရောက်ပါသည်။

ထိုနေ့က ကျွန်မတို့ အိမ်ကလေးကို ကျွန်မ ဘယ်လိုမှ မျှော်လင့်မထားသော ဧည့်သည်တစ်ယောက် ရောက်နေတာကို ကျွန်မ အိမ်ပေါ် တက်တက်ချင်း တွေ့လိုက်ရပါသည်။

(၄)

အတန်ငယ် ကြီးရင့်စပြုနေပြီ ဖြစ်သော်လည်း ဖြူဖျော့ဖျော့ ပိန်သွယ်သွယ် အမျိုးသမီးတစ်ဦးသည် ဖိနပ်ချွတ်ခုံက တစ်ဆင့်တက် လာသော ကျွန်မကိုကြည့်ရင်းက ပြုံးပြလိုက်သည့်အခါ ကျွန်မသွေးကြောထဲ ပေါက်ကွဲသွားလေသလားဟု ကျွန်မ ခံစားလိုက်ရပါသည်။ မောင့်သားသမီးတွေက ဧည့်သည်အမျိုးသမီးနှင့် သိနှင့်ပြီးသူများပမာ ဖက်လဲတကင်း ရှိနေသည်ကို ကြည့်ရင်း ကျွန်မ သဘောပေါက် သွားခဲ့ပါသည်။

“ကျေး ဒါ မမြရီလေ”

မောင်က ဒါပဲပြောရင်း ကျွန်မကို ဝမ်းပန်းတနည်း ကြည့်နေသည်။ ကျွန်မ ဘာပြောရမှာလဲ။ ကျွန်မမျက်နှာကို ဘယ်လိုထားရမှာလဲ။ ရောက်ရှိလာသော ဧည့်သည်တစ်ယောက်လို ဧည့်ဝတ်ကျေရုံပဲလား။ ဒါမှမဟုတ်၊ သည်တုန်းက ကျွန်မရင်ထဲမှာ ခံစားမှုတွေ လွန်းထိုး နေသည်။ သည်တုန်းက မမြရီ၏မျက်နှာသည် ကျိုးနွံခြင်း၊ နှိမ့်ချခြင်း၊ ပြုခဲ့ဖူးသော အမှားများအတွက် တောင်းပန်တိုးလျှိုးခြင်း စသည့် မျက်နှာရိပ်များဖြင့် မောင့်ကိုလည်းကောင်း၊ ကျွန်မကိုလည်းကောင်း၊ သူမ နှစ်အတန်ကြာ ခွဲခွာထားရစ်ခဲ့သော သားသမီးများကို လည်းကောင်း ကြည့်ရင်းက ဝမ်းပန်းတနည်း ငိုရှိုက်နေခဲ့သေးသည်။ အဲသည်တုန်းကတော့ ထိုမျက်ရည်စများကို မောင်ရော ကျွန်မပါ သံသယမရှိခဲ့ပါ။ မောင်က ကျွန်မ၏ သဘောဆန္ဒအတိုင်း ဖြစ်စေရပါမည်ဟု ကတိပြုပါသေးသည်။ ကျွန်မကတော့ ဝမ်းနည်းစွာ ငိုရှိုက်ပစ်လိုက်ရုံကလွဲရင် ဘာတတ်နိုင်မှာလဲ။

“ကလေးတွေဘက်ကကြည့်ရင် သူ့မိသူ့ဖနဲ့ နေချင်ရှာကြမှာပါပဲ မောင်၊ ကျေးကို မောင် နားလည်းတယ် မဟုတ်လား၊ ဘဝပျက်လာတဲ့ မမြရီကို ကျွန်မတို့ စောင့်ရှောက်ရမယ့် တာဝန်လည်း ရှိပါသေးတယ်၊ မောင့်သဘောပါ”

ထိုညက တစ်ညလုံး ကျွန်မ မမြင်အောင် မောင်ငိုနေတာ ကျွန်မ သိပါသည်။ စင်စစ် မမြရီသည် မောင်နှင့် ကျွန်မကြားတွင် ဧည့်သည် တစ်ယောက်လို နှုတ်ဆက်ရုံ၊ တွေ့ရုံ ခဏတစ်ဖြုတ်လာခြင်း မဟုတ်ဘဲ သူမ၏ ချန်ထားရစ်ခဲ့သော ပထမနေရာကို ပြန်လည်လုယူရန် ဝင်ရောက်လာခြင်းဖြစ်ကြောင်း တစ်စတစ်စ ကျွန်မ သိလာချိန်တွင် နောက်ကျနေခဲ့ပါပြီ။

သည့်နောက်တော့ ကျွန်မ၏အိမ်ကလေးကို ရောင်းချခြင်း၊ ကလေးတွေက သူတို့ မိခင်ရင်းကို ခွင့်လွှတ်နားလည် လာကြခြင်း၊ မောင်သည်ပင်လျှင် (ကျွန်မအထင်သက်သက်ပါ) မမြရီကို ခွင့်လွှတ်စိတ်နှင့် တယုတယရှိလာခြင်း၊ ကျွန်မတို့ ရပ်ကွက်ကလေးက ဝေးရာ (မမြရီစိတ်ကြိုက်) နေရာတစ်ခုမှာ သစ်သားအိမ်ဟောင်း မြင့်မြင့်ကြီးတစ်လုံးကို ဝယ်ယူခဲ့ခြင်း။

လက်ဖက်ရည်ဆိုင်အစား အိမ်ဆိုင်ကလေးတစ်ဆိုင် ဖွင့်ရင်း ကျဉ်းကျပ်မွန်းနစ်စွာ နေထိုင်လာခဲ့ရခြင်းများ အကြောင်းကို ကျွန်မ တဖွဲ့တနွဲ့ ပြောချင်စိတ် မရှိတော့ပါ။ ထိုကာလများတွင် ကျွန်မ အခံစားရဆုံး အကြောင်းသုံးချက်ကိုသာ ကျွန်မတစ်သက် ထာဝရသတိရနေမည် ဖြစ်သည်။ ပထမအချက်မှာ မောင်ကလွဲလျှင် မိသားစုအားလုံးက ကျွန်မကို မလိုမုန်းတီးစွာ ဆက်ဆံလာခြင်း ဖြစ်ပါသည်။ နောက်တစ်ချက်မှာ မောင့်တွင် အဆုတ်ရောဂါ ရရှိလာခြင်းဖြစ်၍ နောက်ဆုံးတစ်ချက်မှာ မမြရီတွင် ကိုယ်ဝန်ရှိလာခြင်း ဖြစ်ပါသည်။

(၅)

စန္ဒရားတီးသင်ရန် မြို့တွင်းသို့ မသွားရတာ ကြာခဲ့ပါပြီ။ ကျွန်မတို့နှင့် မနီးမဝေး တောင်ကုန်းကလေး ပေါ်မှာနေသော ကျောင်းဆရာမ နှစ်ဦးကို နံနက်တစ်ခါ ညတစ်ခါ သွားရောက် သင်ပေးနေရတာကိုက လေးငါးလခန့် ရှိခဲ့ပြီဖြစ်၏။ တောင်ကုန်းကလေးပေါ်မှ ခြေကျင် ဆင်းလျှောက်လာချိန်တွင် အမြဲတမ်း မှောင်နေတတ်သည်။ ကျွန်မအိမ်မှာ ဖေဖေ ထားရစ်ခဲ့သောစန္ဒရား မရှိတော့သော်လည်း ဖေဖေ သင်ပေးခဲ့သည့် စန္ဒရားတီးပညာနှင့် ကျွန်မအတွက် ဝင်ငွေ အတန်အသင့်ရရှိရန် ရှာနေရတုန်းဖြစ်၏။ စန္ဒရားရှိသော ဆရာမနှစ်ဦး၏ တောင်ကုန်းကလေးပေါ်က အိမ်မှာပဲ နေကုန်နေခန်းနေရင်း မိုးကြီးမှောင်မှောင်ကို ကျွန်မ စောင့်နေတတ်၏။ တစ်ခါတစ်ခါ အိမ်ဖျော် ကော်ဖီကျဲကျဲ တစ်ခွက်တလေကို သောက်ရင်း ကိန္နရာချောင်းခြား ပတ်ပျိုးတွေကို ဝမ်းပန်းတနည်းတီးရင်း ညဥ့်မှောင်မှောင်ကိုစောင့်ရင်း ကျွန်မ၏ဘဝကို ဖြုန်းတီးပစ်နေရတာကို တစ်ခါတစ်ရံ ချောက်ချားဖွယ် သတိရနေမိတတ်တာလည်း ရှိသည်။ မည်သို့ပင်ဖြစ်စေ မောင့်ကို မောင်လို့ပင် ခေါ်ခွင့်မရလောက်အောင်၊ မောင့်အိပ်ခန်းထဲတောင် ဝင်ခွင့်မရလောက်အောင်၊ မောင့်ရောဂါ ဝေဒနာတွေအတွက် ဆေးတစ်ပြား ရေတစ်ခွက်တောင် တိုက်ကျွေးပြုစုခွင့် မရလောက်အောင် ဖြစ်နေရင်းသာ ကျွန်မဘဝကိုကျွန်မ သာယာနေသည် မဟုတ်ပါ။ ကျွန်မကို ငြူစူစောင်းမြောင်းတတ်သော သူတွေကြားမှာ ကျွန်မ နေပျော်နေတာ မဟုတ်ပါ။

ကျွန်မမှာ မျှော်လင့်ချက် တစ်ခုတလေတောင် မရှိရတော့ဘူးလား။ ကျွန်မသည် အချစ်အတွက် အသက်ရှင်နေတာမျိုး မဟုတ်သည့်တိုင် မောင့်ဖို့ အသက်ရှင်နေတာပါလို့တောင် ပြောခွင့်မရသင့်တော့ဘူးလား။ ဖြူရော်ရော် ဆံစများဖြင့် ရောက်ရှိနေသည့် အသက်ထက် ကြီးရင့်နေပြီဖြစ်သော မိန်းမတစ်ယောက်၏ အချစ်သည်လည်း သူမနှင့်ထပ်တူ အိုမင်း ရင့်ရော်သွားတော့မှာလား။ လှေကားထစ်တွေ ပေါ်ကို တစ်ထစ်ချင်း လေးလံစွာတက်ရင်း ကျွန်မကိုယ်ကျွန်မ ပထမဆုံး စစ်ဆေးလိုက်သည်။ ထုံးစံအတိုင်းပါပဲ။ ကျွန်မ၏ ဇာဘော်လီ အတွင်း သိုဝှက်ယူလာခဲ့သော ထောပတ်မုန့်ကြွပ်ကလေး သုံးလေးခုကို ကျွန်မ စမ်းကြည့်လိုက်သည်။ ပြီးတော့မှ တစ်လှမ်းချင်း ဆက်တက်လာခဲ့သည်။ တစ်ခါတစ်ခါ မုန့်လေးတွေ သိုဝှက်ယူခဲ့ရသော်လည်း မောင့်ကို ကျွေးခွင့်မရတာ ရှိသေးသည်။

ကျွန်မ တံခါးကိုခေါက်လိုက်သည်။ စက္ကူထူထူ ပိတ်ထားသော ချောင်းကြည့်ပေါက်မှာ မျက်လုံးတစ်လုံး ပေါ်လာသည်။ ထိုမျက်လုံးများကို ကျွန်မ ရင်မဆိုင်ဖြစ်ပါ။ စက္ကန့်ဝက်အတွင်းမှာပဲ တံခါးချပ်သည် ဖျတ်ခနဲ မဟတဟ ပွင့်သွားခဲ့သည်။

နေဝင်းမြင့်

ပင်မစာမျက်နှာသို့ပြန်သွားမည် >>
နေ့စဉ် အသစ်အသစ်သော သတင်းများ ကို သိရှိနိုင်ရန် လိုတရ Application အား ဤနေရာတွင် နှိပ်၍ အခမဲ့ Download ရယူပါ။