contents

ထိပ်ဆုံးစာမျက်နှာ > ဝတ္ထုများ

လူမှန်ရင် သိပ္ပံညာရှင်လောက်တော့ ဖြစ်သင့်တဲ့အကြောင်း
အစ/အဆုံး
မြင့်သန်း

ကျွန်တော်တို့ ဆရာတပည့် နှစ်ယောက်သား ပညာရပ်ဆိုင်ရာ ဟောပြောပွဲက ပြန်လာကြတာ။ တံတားရဲ့ ဒီဘက်ထိပ်ရောက်တော့ ဆရာကြီးက ထမင်းဝင်စား ရအောင်ဗျာ ဆိုတာနဲ့ပဲ ထမင်းဝင်စားကြတယ်။ ကျွန်တော်က ချစ်တီးထမင်းဟင်း ကြိုက်မှန်း ဆရာကြီး သိတယ်။ နောက်တစ်ချက်က ချစ်တီးထမင်းဟင်းက လက်နဲ့စားမှ ကောင်းတာ။ ဇွန်းနဲ့ခက်ရင်းနဲ့ ကိုလိုနီ အရှင်သခင်ကြီးတွေ ဟန်မျိုးနဲ့ စားလို့ မကောင်းဘူး။ ဇွန်း၊ ခက်ရင်း ဆိုပေတဲ့ ကျွန်တော်က ဘယ်သန်တွေ သုံးလို့ရမယ့် ဇွန်း၊ ခက်ရင်းတွေ တီထွင်မယ် ရယ်လို့ စိတ်ကူးနေတာ။ အတော်တောင် ကြာသွားပြီ။ အထူးသဖြင့် ဘယ်သန်တွေ သုံးလို့ရမယ့် လက်နှိပ်စက်တို့၊ ကွန်ပျူတာ ကီးဘုတ်တို့က အစ။ ကော်ဖီ ပန်းကန်၊ ထမင်းပန်းကန်တွေ အလယ်။ အိမ်သာသုံးစက္ကူ အဆုံး။ အကုန်လုံး စဉ်းစားတယ်။ စဉ်းစားရတာကလည်း အကြောင်းရှိတယ်။ ခပ်ငယ်ငယ်တုန်းက ဘယ်သန် ကောင်မကလေး တစ်ယောက်နဲ့ ကြိုက်မိခဲ့ဖူးလို့။ တစ်နေ့တော့ ကျောင်းနားက ကျွန်တော်တို့ စားနေကြ တရုတ်ပျော်ပွဲစားရုံမှာ နေ့ခင်းစာ သွားစားကြတယ်။ ဆိုင်က စားပွဲထိုး အသစ်က မှာထားတဲ့ အစားတွေ လာချရင်း၊ ထမင်းထည့်စားဖို့ တရုတ်ပန်းကန်လုံး ကလေးတွေနဲ့ တရုတ်တူတွေ ချပေးတယ်။ ကျွန်တော်က တူတစ်စုံကို လက်သုတ် အဝတ်နဲ့ သုတ်ပြီး သူ့ကို ပေးလိုက်တော့ သူက ငါ တူနဲ့ မစားတတ်ဘူးလို့ ပြောတယ်။ ကျွန်တော် ခေါင်းထဲမှာ စဉ်းစားကြည့်လို့ မရဘူး။ လူမှန်ရင် တူနဲ့တော့ စားတတ်မှာပဲလို့ ထင်ထားတာ။ တရုတ်လူမျိုးတွေရဲ့ ကမ္ဘာကျော်ရုံ မကဘူး။ ကမ္ဘာကို လွှမ်းမိုးထားတဲ့ အင်မတန် ပြောင်မြောက်လှတဲ့ တီထွင်မှု တစ်ရပ်၊ ယဉ်ကျေးမှုကြီး တစ်ရပ်ဟာ တူနဲ့ စားသောက်ခြင်း မဟုတ်လား။ ဘယ်လိုဖြစ်လို့ သူကျခါမှ တူမကိုင်တတ်ရတာလဲလို့ တွေးလိုက်မိတယ်။ တွေးမိပေတဲ့ အဖြေမထွက်ဘူး။ ဒီတော့လည်း တိုက်ရိုက် မေးကြည့်ရမယ့် အခြေအနေ ရောက်သွားတယ်။ ဒီလိုဟာမျိုးကို တိုက်ရိုက်မေးဖို့ ဆိုတာက နည်းနည်းတော့ ရိုင်းတယ်။ နိုင်ငံကြီးသား မပီသရာ ရောက်တယ်။ ဒါပေမဲ့လည်း မတတ်နိုင်ဘူး။ သိချင်လွန်းအားကြီးနေတော့ ငါ့ကိုတော့ စိတ်မဆိုးပါနဲ့ဟယ် ရယ်လို့ စကားခံပြီး နင်က ဘာဖြစ်လို့ တူနဲ့ မစားတတ်တာလဲလို့ မေးလိုက်မိတယ်။ ဒီတော့ သူက ဒီတူတွေက သာမန်လူတွေ စားဖို့ လုပ်ထားတာ ထင်တယ်။ ငါက ဘယ်သန်၊ ဘယ်သန်အတွက် တူ မဟုတ်ဘူး။ ငါ့အနေနဲ့ ကြိုးစားပြီး စားကြည့်ရင်တော့ ဖြစ်ချင်ဖြစ်မယ်လို့ ပြန်ဖြေတယ်။ အဲဒီမှာတင် ကျွန်တော့် စိတ်ထဲမှာ အတော်မကောင်း ဖြစ်မိတယ်။ စိတ်ထဲမှာလည်း ဘယ်သန်တွေ သုံးလို့ဖြစ်မယ့် လူသုံးကုန်တွေ တီထွင်မယ်လို့ စိတ်ထဲမှာ ဆုံးဖြတ်လိုက်တယ်။ “လူသုံးကုန်” ရယ်လို့ အထူးပြုပြီး ပြောရတာကလည်း ခွေးတို့၊ နွားတို့မှာ ဘယ်သန်ညာသန် ရှိပုံမပေါ်ဘူး။ ခွေးသုံးကုန်၊ နွားသုံးကုန်နဲ့လည်း မရောအောင်လို့။ ဒါပေမဲ့လည်း လူတိုင်း သိထားတဲ့အတိုင်း၊ ခွေးကတော့ ခွေးပဲ။ နွားကတော့ နွားပဲ။ ခွေးအကျိုးစီးပွား၊ နွားအကျိုးစီးပွားကို ထည့်စဉ်းစားလို့ နိုဘယ်လ်ဆုလည်း မရလောက်ဘူး။

ဘယ်သန်တွေရဲ့ အကျိုးစီးပွားကို ထည့်စဉ်းစား လာရာကနေ၊ အထင်မှားလည်း ခံရတယ်။ တချို့က ဘယ်သန် ဆိုတာနဲ့ လက်ဝဲဝါဒီလို့ ထင်တာ။ လက်ဝဲသမား ဆိုတာနဲ့ ရောထွေးမြင်လိုက်ကြတာ။ လက်ဝဲသမားတွေရဲ့ အကျိုးစီးပွားကို လိုလားတဲ့သူ ဖြစ်လာပါလေရော။ လက်ဝဲသမားတွေရဲ့ အကျိုးစီးပွား လိုလားတဲ့လူ ဆိုတော့လည်း အားပေးအားမြှောက် လုပ်တဲ့လူ။ နောက်တော့ ဦးဆောင်ဦးရွက် လုပ်တဲ့လူ။ ဘယ်လိုမှ မစည်းရုံးရဘဲ လက်ဝဲသမားတို့ရဲ့ ဦးဆောင်ဦးရွက်လုပ်တဲ့ ပုဂ္ဂိုလ် ရယ်လို့တောင် ဖြစ်လာတယ်။ ဒီတော့လည်း နည်းနည်း တားရတယ်။ ကျုပ်ဟာ လက်ဝဲသမား မဟုတ်ပါဘူးလို့ ပြောတန် ပြောရတယ်။ မပြောလို့ကလည်း မဖြစ်ဘူး။ လက်ဝဲသမား ဆိုတာက ကွန်မြူနစ်ဝါဒကို လက်ခံတဲ့လူတွေ။ ကျွန်တော်တို့ဆီမှာက ကွန်မြူနစ်ဆိုတာ ခေတ်အဆက်ဆက် နာမည်ပျက်ခဲ့ရတဲ့ လူတွေ၊ အခွင့်အရေးသမားတွေ။ စနစ်တကျပညာသင်စရာမလိုဘူး။ မာ့(စ)ဝါဒတွေ ဘာတွေလည်း သိစရာမလိုဘူး။ ဒါပေမဲ့ ဒီဘက်ခေတ်တွေမှာ တောခို၊ အလင်းဝင်၊ တောပြော တောင်ပြော လျှောက်ပြော။ အင်္ဂလိပ် စကားလုံး ညှပ်ပြော။ တောထဲမှာ တတ်လာတဲ့ အင်္ဂလိပ်စာနဲ့ ကျူရှင်ပေး။ တကယ်တော့ တောထဲသွားပြီး ဖိုးတွမ်တီး လုပ်ဖို့၊ အခွင့်အရေး ယူစရာ နည်းလမ်း သွားရှာလာတဲ့ လူတွေဟာ ကွန်မြူနစ် “လူထွက်” ဆိုတဲ့ ဘွဲ့ခံပြီး ဖြီးစားနေကြတာပဲ။ ဒီတော့ ကျွန်တော့်ကို သင်းတို့နဲ့ ရောထွေး၊ နားလည်လို့ မဖြစ်သေးဘူး။ ကျူပ်ဟာ မာ့(စ) ဝါဒကို ကြိုက်တယ် ဆိုပေသိ ကွန်မြူနစ်လူထွက် စာရင်းထဲ မထည့်လိုက်ကြပါနဲ့။ ကျွန်တော် မာ့(စ)ဝါဒကို ကြိုက်တာက ကျွန်တော့် အဖေရဲ့ အပြစ်ပါ။ အလုပ်မလုပ်ခိုင်းဘဲ စာဖတ်ခိုင်းရာက အဖေ့ကို ဝေဖန်ဖို့ နည်းပညာ လိုက်ရှာရင်း မာ့(စ)ဝါဒနဲ့ တိုးခဲ့ ရလို့ပါ။ ခုတော့ မာ့(စ)ဝါဒဟာ ကျွန်တော်နဲ့ နင်နေ ငါသွား သဘောလောက်ပဲ။ အဖေ့လုပ်စာ စားပြီး ဇိမ်ခံ ဖတ်ရတဲ့ မာ့(စ)ဝါဒဟာ ကိုယ့်ဘာသာ ရုန်းကန်ရင်း ဖတ်ရတာထက် အများကြီး ကောင်းပါ့။ ကိုယ့်ဘာသာ ရုန်းကန်ရတဲ့ ဘဝတိုင်းဟာ သိပ်ဇိမ်မကျလှဘူး။ ဒါကြောင့်ပဲ ကျွန်တော့်ဆီက ကွန်မြူနစ်လူထွက် ဆိုတာတွေဟာ မရုန်းကန်တော့ဘဲ အလွယ်ဆုံး ဖြီးစားလို့ရတဲ့ အလုပ်ကို လိုက်ရှာရင်း စာရေးဆရာတွေ ဖြစ်လာကြတာပဲ ဖြစ်မယ်။

ဆိုင်ထဲရောက်တော့ ကျွန်တော်တို့ ဆရာတပည့်နှစ်ယောက်သားကို ပြတင်းပေါက်နားမှာနေရာချပေးကြတယ်။ ဆရာကြီးက စားနေကျမို့၊ ဆိုင်ကလူတွေကသိနေကြတယ်။ ပြတင်းပေါက်နားဆီမှာက ဆရာကြီး ထိုင်နေကျ၊ ဆရာကြီးက နီပေါ(လ)တို့ ဘာတို့မှာ နေလာဖူးတော့ ကုလားစာအကြောင်း ကောင်းကောင်းသိတယ်။ ဆရာကြီး စားနေကျ အတိုင်းသာ မှာပါလို့ ကျွန်တော်က ပြောလိုက်တယ်။ ဆိုင်က ကောင်ကလေးက ငရုတ်သီးစိမ်း တစ်ပန်းကန်ပြားနဲ့ ဆားတစ်ခွက် လာချရင်း ထုံးစံအတိုင်းပဲနော် ဆရာကြီးလို့ ပြောတော့ ဆရာကြီးက အသာခေါင်းညိတ်ရင်း လက်နှစ်ချောင်း ထောင်ပြလိုက်တယ်။ နောက်တော့ ဆားခွက်ထဲ လက်ညှိုးနဲ့ အသာတို့လိုက်ပြီး သူ့လက်ညှိုး ထိပ်ကို လျှာနဲ့တို့တယ်။ ပြီးတော့ ငန်တယ်လို့ ကောက်ချက်ချတယ်။ ကျွန်တော်ကတော့ ခေါင်းညိတ်ပြရင်း ပြုံးနေမိတယ်။ နောက်တော့ ငရုတ်သီးစိမ်း တစ်တောင့်ကိုယူ။ ခါးလယ်က ချိုးပြီး အသာဝါးကြည့် နေပြန်တယ်။ ပြီးတော့ စပ်သားလို့ ပြောပြန်တယ်။ ဒီတစ်ခါတော့ ကျွန်တော်က ခေါင်းညိတ်ပြရုံ မဟုတ်တော့ဘူး။ ဟုတ်ကဲ့ ဆရာကြီးလို့ ပြောပြီး ဆရာကြီးရဲ့ အားထုတ်မှုအတွက် တရားဝင် အသိအမှတ် ပြုလိုက်ရတယ်။ ခုနကတည်းက ဆရာကြီးရဲ့ အပြုအမူကို သဘောကျလို့ ပြုံးနေခဲ့တာ။ ပြောရမယ် ဆိုရင် ကံလို့ပဲ ခေါ်ခေါ်၊ အကြောင်း တိုက်ဆိုင်လို့ပဲ ပြောပြော။ ကျွန်တော်ဟာ ကျွန်တော့်ဆရာကြီးလို ဆရာကြီးတွေနဲ့ ကြုံဆုံခဲ့ရပြီး ပညာယူခဲ့ရတာပါ။ ဆားဟာ ငန်တယ်။ ငရုတ်သီးဟာစပ်တယ်ဆိုတာကို မြည်းစမ်းကြည့်ပြီး အတည်ပြု လက်ခံတဲ့ ဆရာကြီးတွေ၊ ကျွန်တော့် ဆရာကြီးတွေဟာ တွေးခေါ်ရှင်ကြီး တွေပါ။ တွေးခေါ်ရှင်တွေ မဟုတ်ပါဘူး။ အမှန်တရား ဆိုတာက လက်တွေ့ဘဝမှာ အခြေခံတယ်လို့ လက်ခံထားတဲ့ ပုဂ္ဂိုလ်ကြီးတွေ။ ဒါကြောင့်ပဲ ဒီဆရာကြီးတွေဆီက လက်ခံရရှိခဲ့တဲ့ စနစ်တကျ တွေးခေါ်နည်းတွေအရ နှစ်ချို့အောင် လေ့လာစိစစ်ပြီး “သံပရာ သီးသည် ချဉ်၏” ဆိုတဲ့ အဆိုတစ်ရပ်ကို ကျွန်တော် ကိုယ်တိုင် အခိုင်အမာ ပြောခဲ့ဖူးတာ။

ထမင်းဆိုင်က ကောင်ကလေးက ငှက်ပျောရွက်နဲ့ ပန်းကန်ပြား ယူလာတယ်။ ပန်းကန်ပြားပေါ် ငှက်ပျောရွက် ခင်းမယ်လို့ လုပ်တယ်။ ကြည့်နေရင်း မနေနိုင်တော့လို့ မင်းဟာက အဓိပ္ပာယ် မရှိလှဘူး။ ငှက်ပျောရွက်ခင်းပြီး ထမင်းစားမှတော့ အောက်က ပန်းကန်ပြား ခံထားတာဟာ ငှက်ပျောရွက်ရဲ့ ဂုဏ်ရည်ကို စော်ကားနေတာပဲ မဟုတ်ဘူးလားလို့ ကျွန်တော်က ပြောလိုက်မိတယ်။ ကောင်ကလေးက အူကြောင်ကြောင် ဖြစ်သွားပုံရတယ်။ ကျွန်တော်က ထပ်ပြီးပြောမယ်လို့ လုပ်နေတုန်း ဆရာကြီးကပဲ ဖြတ်ပြီး ပြောတယ်။ ငှက်ပျောရွက်ပဲ ခင်းကွာ၊ ပန်းကန်ပြား ခံမနေနဲ့တဲ့။ ကောင်ကလေးလည်း သဘောပေါက် သွားပုံရတယ်။ ဪ ...၊ ဪ ... လို့ ဘာမျှ အဆက်အစပ် မရှိတဲ့အသံ၊ သူ့ပါးစပ်ထဲကထွက်လာတယ်။ အဲဒီကောင်ကလေး ထွက်သွားတော့ နောက် ကောင်ကလေး တစ်ယောက်က ငှက်ပျောရွက် တွေအပေါ် မှာ ဘာဂျီ လာပုံတယ်။ ကျွန်တော်ကတော့ သူတို့လုပ်ပုံ ကိုင်ပုံကို ငေးကြည့်လို့ပဲ နေမိတယ်။ အဲဒီတုန်းမှာပဲ ဆရာကြီးဆီက အသံကြားရတယ်။ ဒီလို ဆရာ တစ်ခုပြောမယ်လို့ ဆရာကြီးက သူ့ထုံးစံအတိုင်း စကားခံတယ်။ ဘာသာစကားရဲ့ ဖွဲ့စည်း တည်ဆောက် ထားပုံကို လက်ခံပြီး အနက်ဖော်ရာမှာ လူတိုင်းဟာ တစ်မျိုးတည်း မဟုတ်ဘူး၊ ဉာဏ်ရည်ဉာဏ်သွေးနဲ့လည်း ဆိုင်တယ်လို့ ထပ်ပြော တယ်။ ကျွန်တော်ကတော့ နားမရှင်းဘူး။ ပြန်မေးတော့မယ်လို့ လုပ်တုန်း ဆရာကြီးကပဲ ဆက်ပြောပြန်တယ်။ ခုန ခင်ဗျား ပြောသလိုမျိုး ဗျာ။ အဲဒီလို ပြောမယ့်အစား ငှက်ပျောရွက်ပဲ ခင်းကွာ။ ပန်းကန်ပြား ခံမနေနဲ့လို့ ကျွန်တော် ပြောသလို ပြောရင် လုံလောက် တယ်တဲ့။ ကျွန်တော်က ခေါင်းညိတ်ရင်း ဝန်ခံလိုက်မိတယ်။ ဟုတ်တယ် ဆရာကြီး ကျွန်တော့် အပြစ်ပဲ။ လွန်ခဲ့တဲ့ သုံးနှစ်အတွင်းမှာ အိုင်ကျူ တစ်ရာ့ခုနစ်ဆယ် အောက်ရှိတဲ့ လူတွေနဲ့ စကားမပြောဖြစ် သလောက်ဘဲ။ ပြောစရာ ရှိရင်လည်း ကျွန်တော့် လက်ထောက် တစ်ယောက်ယောက်နဲ့ ပြောခိုင်းလိုက်တယ်လို့ ပြန်ပြောလိုက်တယ်။ ဆရာကြီးကတော့ သူ့ထုံးစံအတိုင်း ပြုံးနေရင်း ခေါင်းညိတ်ပြ လိုက်ရင်း ငှက်ပျောဖက်ပေါ်က ထမင်းဖြူဖြူတွေကို လက်နဲ့ အသာဆကြည့် နေတယ်။ နောက်တော့ ရုတ်တရက် အသာခေါင်းထောင် ကြည့်လိုက်ရင်း ကိုဆင်ပြောင်ရယ် ကျွန်တော် ခေါ်လိုက်မယ်ဗျာ၊ စားရင်း စကား ပြောရတာပေါ့လို့ ပြောတယ်။ ခေါ်ပါ ဆရာကြီးလို့ပဲ ကျွန်တော်က ပြောလိုက်တာနဲ့ ဆရာကြီးက ဒေါက်တာ ဆင်ပြောင်၊ ဒေါက်တာ ဆင်ပြောင်လို့ လှမ်းအော်ရင်း ခေါ်လိုက်တယ်။

ဒေါက်တာဆင်ပြောင် ရောက်လာတော့ ကျွန်တော်တို့ ဆရာ တပည့် နှစ်ယောက်သားက ရိုသေသမှု မတ်တတ်ထရပ် လိုက်ကြရင်း လက်ဆွဲနှုတ်ဆက် လိုက်ကြတယ်။ ဆရာကြီးက သူ့တပည့်ဟောင်း တစ်ယောက် အနေနဲ့ ကျွန်တော်နဲ့ မိတ်ဆက်ပေးတယ်။ ကျွန်တော်ကတော့ ဒေါက်တာဆင်ပြောင် လက်ထဲက ကိုင်ထားတဲ့ ဆယ်(မ)ဆိုနိုက်ကေ့(စ) ကိုပဲ မျက်စိကျနေတယ်။ သူ ကိုင်တာက အပေါစား မဟုတ်ဘူး။ ပရာတူနာမ် လမ်းဘေးညဈေးက အတုမျိုးလည်း မဟုတ်ဘူး။ ပလေးဘွိုင်း မဂ္ဂဇင်းထဲက ကောင်မကလေးတွေ ပေါင်ကြားညှပ်ပြီး ခိုင်ကြောင်းပြ ကြော်ငြာထားတဲ့ အော်သင်းတစ်၊ အစစ်။ သူ့လက်ကိုင်အိတ်ကြီးကို ကြည့်ရတာကလည်း အကြောင်း တော့ ရှိတယ်။ ကျွန်တော်တို့ တက္ကသိုလ်ကျောင်းသား ဘဝက ဆရာကြီး ဒေါက်တာဆင်ပြောင်ရဲ့ လက်ဆွဲအိတ်ကြီးကို မက်မောခဲ့ကြ ရတာ။ ဒေါက်တာဆင်ပြောင် ဆိုတာက အမေရိကပြန်။ ဒီတော့လည်း ခုထိ အမေရိကန် လုပ်သမျှ သူက ကြိုက်တာတော့ ခွင့်လွှတ် ရမှာပဲ။ ကျွန်တော်တို့ ခေတ်က နိုင်ငံခြားပြန်ဆိုရင် ဘောင်းဘီ မချွတ်တော့ဘူး။ ဒေါက်တာ ဆင်ပြောင်ကတော့ တိုက်ပုံ အင်္ကျီမချွတ်ဘူး။ အထဲက ရှပ်အင်္ကျီကလည်း ဖုန်ရောင် လွှမ်းလို့။ ဆံပင်ကလည်း ဆီထည့်ပုံ မရဘူး။ ဒါကလည်း ခွင့်လွှတ်ကြရမှာပါ။ အဲဒီတုန်းက ဟင်းချက်ဖို့ ဆီတောင် ခွဲတမ်းနဲ့ ပေးတာ။ သူ့လက်ထဲမှာ သားရေအိတ်ကြီး တစ်လုံး အမြဲပါတယ်၊ အိတ်ကြီးက အဟောင်းကြီးလိုပဲ။ အဲဒီ အိတ်ကြီးကို ဋီကာဖွင့်ပြတာက ဥပဒေက ဆရာကုယိုပဲ။ ဆရာကုယိုရဲ့ အဘိုးက ဂျပန်ဆိုလား။ တရုတ် ဆိုသလားပဲ။ အသေအချာတော့ မသိဘူး။ သူက ပြောတယ်။ မင်းတို့ကြည့်ကြ။ ဒေါက်တာဆင်ပြောင်မှ ပညာတတ်နဲ့ တူတာ။ အဓိကကတော့ သူ့လက်ကိုင်အိတ်ကြီးပဲ။ အိတ်ကြီးက အဟောင်းကြီး။ ပညာရှင် ပညာတတ်ဆိုတာ အဟောင်းကို မြတ်နိုးတတ်တယ်။ ပညာရှင်၊ ပညာတတ် ပီသတာကို သူ့အိတ်ကြီးက ထောက်ခံစာ ပေးနေတာတဲ့။ ကျွန်တော်တို့ တစ်တွေကလည်း ပညာတတ်နဲ့ သိပ်တူချင်တာကိုး။ အဲဒီတုန်းက တစ်ယောက်က မေးတယ်။ အသစ်ကို ဘယ်လိုလူမျိုးက တန်ဖိုးထားတာတုန်းတဲ့။ ဆရာကုယိုကတော့ ဇင်ဆရာ ကြီးများလို တစ်ချီတည်းနဲ့ အမြင်ပေါက်အောင် စကား တစ်လုံးတည်းနဲ့ ဖြေတယ်။ ဇိမ်ခေါင်းတဲ့။ ဒီပြင် ဟုတ် မဟုတ်တော့ မသိဘူး။ အဲဒီ အိတ်ကြီးကို အာခိမိဒီး ကိုယ်တိုင်က တစ်နေ့ အရှေ့ဖျား တစ်နေရာက မောင်ဆင်ပြောင် ဆိုတာ အမေရိကမှာ လာပြီး ပီအိပ်(ချ)ဒီဘွဲ့ လာယူရင် ပေးလိုက်လို့ ပြောပြီး မှာထားခဲ့တာလို့ ဆရာကုယိုကတော့ ပြောတာပဲ။

ခု ကျွန်တော်တို့နဲ့ ထမင်းစားဖို့ ထိုင်လိုက်တဲ့ ဒေါက်တာဆင်ပြောင်ဟာ ဟိုတုန်းက ကျွန်တော်တို့ မြင်ခဲ့ဖူးတဲ့ ဒေါက်တာဆင်ပြောင်မှ ဟုတ်ပါလေရယ်လား လို့တောင် ထင်ရတယ်။ ပိုလီနီရှံ ယဉ်ကျေးမှုအခြေခံ ပန်းပွင့်ဆင် အင်္ကျီနဲ့။ ပါတိတ်ဆင်တောင် မဟုတ်ဘူး။ ပိုလီနီရှံ အဆင်ဝတ်ဆို သူက တောင်သမုဒ္ဒရာထဲဆီမှာ သွားပြီး ဆရာ လုပ်လာတာကိုး။

ကျွန်တော်ကတော့ အသိပညာ အရာမှာ နွမ်းပါးလေတော့ တောင်သမုဒ္ဒရာထဲ ကြွချီသွားတာ၊ ရှင်ဥပဂုတ် တစ်ပါးပဲလို့ ထင်ခဲ့ဖူးတာ။ ဆရာကြီး ဒေါက်တာ ဆင်ပြောင်က တောင်သမုဒ္ဒရာထဲဆီက ပါပူးဝါးနယူးဂီနီ ဆိုတာဆီ သွားတာတဲ့။ ဒေါက်တာဆင်ပြောင်ခမျာ ပြည်သူတို့နှင့် လက်တွဲကာ မရောက်ရောက်အောင် သွားမယ်ဆိုတဲ့ ဆိုရှယ်လစ် နိုင်ငံတော်ကြီးကို လက်တွဲဖြုတ်ရင်း မင်းဆိုးမင်းညစ်တို့ လက်ထဲ နင်တို့တစ်တွေ ခွေးသေဝက်သေ သေရစ်ပေတော့လို့ သဘောထားပြီး တောင်သမုဒ္ဒရာထဲ ရေစုန်လေစုန် မျောခဲ့ရတာ။ ကျွန်တော်ကတော့ ချစ်တီးထမင်း စားနေရင်း ဒေါက်တာဆင်ပြောင် ကြွချီခဲ့ရာ အရပ်ကို မြန်မာလို ပြန်တွေးကြည့်မိတယ်။ တခြား ကြောင့်တော့ မဟုတ်ဘူး။ ဘာသာစကားတစ်ခု ဆိုတာ လူ့အဖွဲ့အစည်း တစ်ခုနဲ အခြားတစ်ခု ကြားမှာ နားလည်ပုံ မတူဘူးလို့ ဘာသာ စကားပညာရှင်တွေက ပြောလို့။ ဒီတော့ ပါပူးဝါးဆိုတာမှာ ပါပူး ဆိုတာကတော့ လူတိုင်း သိတဲ့အတိုင်း ပဲကို ခေါ်တာ။ ဝါးဆိုတာကတော့ ဝါးစားတာပဲ နေမယ်။ ဒီတော့ သင့်တင့်လျှောက်ပတ်သော အနက်ကို ယူရရင် ပဲစားတဲ့လူတွေ နေတဲ့နေရာ ဖြစ်မယ်။ ဒါပေမဲ့လည်း နယူး ဆိုတာကလေးလည်း ထည့်စဉ်းစား ကြည့်ဦးမှ။ နယူး ဆိုတာကို မွေးကတည်းက အင်္ဂလိပ်လို တတ်လာကြတဲ့ စစ်ကိုင်းဘက်ဆီက လူတွေအပြောတော့ နဝ လို့ ယူရတယ်ဆိုပဲ။ နယူးယောက်ဆိုရင် နဝယောက်။ နယူးဖောင်းလင်(ဒ) ဆိုရင် နဝဖောင်းလင်(ဒ)။ နယူးဇီလန် ဆိုရင် နဝဇီလန်။ ဒီတော့ နယူးဂီနီဆိုတာက နဝဂီနီ ဖြစ်ရတော့မှာပဲ။ နဝဂီနီ ဆိုတော့ နဝကို အသစ်တစ်ဖန် ဖြစ်ထသောလို့ မြန်မာအနက်စင်စစ် ယူရင် ဒေါက်တာ ဆင်ပြောင်ကြီး သွားပြီး ဆရာလုပ်ခဲ့တဲ့ အရပ်ကို ပဲကို ဝါးစားသော လူများ နေထိုင်ရာ အသစ် ဖြစ်တော်မူထသော ဂီနီကျွန်းကြီးလို့ ခေါ်ရတော့မှာပဲ။ ကျွန်တော်တွေးနေတုန်း ကျွန်တော့်ကို ဦးတည်ပြီး မေးလိုက်တဲ့ ဒေါက်တာ ဆင်ပြောင်ရဲ့ အသံ ကြားလိုက်ရလို့၊ ကျွန်တော့်ရဲ့ အတွေးထဲက စနစ်တကျ အနက်ဖော်နည်း တစ်နည်းဟာ ဘယ်သူကမျှ အတည်မပြု လိုက်ရသေးခင် ပျက်စီးသွားပါလေရော။

ခင်ဗျားက ဘာလုပ်နေသတုန်းလို့ ဒေါက်တာဆင်ပြောင်က မေးတာကို ကျွန်တော် ဘယ်လို ပြန်ဖြေရမှန်း မသိဘူး။ မသိဆို ကျွန်တော်က သူ့လို ပညာလည်း မတတ်ဘူး။ ကျွန်တော်တတ်တဲ့ ပညာတစ်ခုက ပညာရှိတွေဆီမှာ တပည့်ခံဖို့ပဲ ။ ဒါပေမဲ့ အတွေးထဲမှာ ရှိနေတဲ့ ဘယ်သန်ကိစ္စကို ပြောပြလိုက်မိတယ်။ ဘယ်သန်တွေ အသုံးပြုနိုင်မယ့် လူသုံးကုန်ကိစ္စကို စဉ်းစားနေတဲ့ အကြောင်း။ ဒီတော့ ဒေါက်တာဆင်ပြောင်က ဒီကိစ္စက အရေးကြီးတယ်ဗျလို့ ပြောတယ်။ ကျွန်တော်တောင် အတော့်ကို အံ့အားသင့်လိုက်မိတယ်။ ကျွန်တော့် ဆရာကြီးကတောင် ဒီကိစ္စကို အရေးကြီးတယ်လို့ ထင်ပုံမရဘူး။ ဒေါက်တာ ဆင်ပြောင်က ကျုပ် ဟိုမှာ ရှိနေစဉ်ကလို့၊ အစချီလိုက်တယ်။ ဟိုမှာ ... ဆိုတာကတော့ ပဲကို ဝါးစားတဲ့ လူတွေနေတဲ့ အရပ်မှာ ဟုတ်ပုံ မရဘူး။ သူ့လို လူမျိုးက ညွှန်းရင် အမေရိကလောက်ကိုပဲ ညွှန်းမှာ ထင်တယ်။ သူက ဆက်ပြောတယ်။ ဟိုမှာ ရှိနေစဉ်မှာ ဒီအမြင်နဲ့ ဆက်ပြီး စာတမ်းတစ်စောင်ရေးဖို့ စဉ်းစားမိသေးတယ်။ ကျုပ်ရေးချင်တာက ညာလက်သည်လည်း ဘယ်လက်ကို အသုံးချသော နေရာ၌ အသုံးတည့်ကြောင်း ရူပဗေဒအခြေခံဖြင့် ရှုမြင်ခြင်း ရယ်လို့။ ဒါပေမဲ့ မရေးဖြစ်လိုက်ဘူး။ ကမ္ဘာ့ခေါင်းဆောင်ကြီးတွေနဲ့ လက်ဆွဲနှုတ်ဆက်နေရတာများတော့ လက်က အားရ တယ်လို့ မရှိဘူးလို့ ပြောတယ်။ ဪ ... ဟုတ်လောက်ပါရဲ့လို့ပဲ ကျွန်တော့်စိတ်ထဲမှာ ဖြစ်မိတယ်။ ဆရာကြီးကိုလည်း လှမ်းပြီး ကြည့်လိုက် မိတယ်။ ဆရာကြီးကတော့ မြိန်ရည်ရှက်ရည် စားနေပေတဲ့ တစ်ခုခု ဘဝင်မကျ ဖြစ်နေ သလိုပဲ။ အထူးသဖြင့် ငှက်ပျောဖက်ပေါ်မှာ ပုံထားတဲ့ သံပရာသီးသနပ်ကို မကြာမကြာယူပြီး စားနေတယ်။ ဆရာကြီးများ ထပ်ပြီး လိုချင်လေသလားလို့ တွေးလိုက် မိတာနဲ့ ဟင်းလိုက်ထည့်နေတဲ့ ကောင်ကလေးကို လှမ်းခေါ်လိုက်တယ်။ ကောင်ကလေး အနားရောက်လာတော့ သံပရာသနပ် ထပ်ထည့်ပေးဖို့ ပြောလိုက်တယ်။ ဆရာကြီးကတော့ သံပရာသီးသနပ်ကိုပဲ သတိထားပြီး အသေအချာ မြည်းနေတယ်။ ကျွန်တော်ကတော့ ဘာမျှ မေးမကြည့်ပေတဲ့ ထမင်းစားနေရင်း ဆရာကြီးကို တစ်ချက် တစ်ချက် သတိထား ကြည့်နေလိုက်မိတယ်။ နောက်တော့ ကျွန်တော်တို့ အားလုံး ထမင်းစားလို့ ပြီးသွားကြတယ်။

ထမင်းစားပြီးလို့ လက်ဆေးပြီးကြတဲ့နောက် ကျွန်တော်တို့ သုံးယောက်သား ထိုင်ပြီး ရောက်တတ်ရာရာ ပြောနေမိကြတယ်။ အထူးသဖြင့် ကတော့ ဒေါက်တာ ဆင်ပြောင်ပြောတဲ့ အတိတ်လမ်း အလွမ်းပြေ အမှန်တရားများ အကြောင်းတွေပဲ။ အဲဒီတုန်းမှာပဲ ဆရာကြီးက မဆီမဆိုင် အကြောင်းတစ်ခု မေးလိုက်တယ်။ ခင်ဗျားတို့ သံပရာသီးသနပ်ကို အသေအချာ စားကြည့် လိုက်ကြရဲ့လားတဲ့။ စားကြည့် ပါတယ်လို့ ကျွန်တော်ရော ဒေါက်တာဆင်ပြောင်ကပါ တစ်ပြိုင်တည်းလို ဖြေလိုက်ကြတယ်။ သံပရာသီးက တစ်ခုခုဖြစ်နေတယ် ထင်တယ်လို့၊ ဆရာကြီးက ပြောတော့ ကျွန်တော်တို့ ဘာမျှမပြောဘဲ ဆက်ပြီး နားထောင်နေလိုက်မိကြတယ်။ ဆရာ ဒီမှာ ထမင်း လာစားတိုင်း သံပရာသီးသနပ်ကို သတိထား စားတယ်။ သံပရာသီးဟာ ချဉ်တယ်။ အခွံမှာ အဖန်ဓာတ်ကလေး ပါတယ်။ သံပရာသီး သနပ်မှာ အဲဒီအချဉ်၊ အဖန်ဟာ အခရာပဲ။ ခုတစ်ခါတော့ သံပရာသီးက မချဉ်ဘူး။ အခွံမှာ သက်တက်တက်ကလေး ရှိရမှာက မရှိဘူး။ ဒီတော့ သံပရာသီးသနပ်ကို စားရတာက သံပရာသီး သနပ်နဲ့ မတူဘူး။ တစ်ခုခု လိုနေသလိုလိုပဲလို့ ဆရာကြီးက အရှည်ကြီး ရှင်းပြ တယ်။ ဒါကိုတော့ ကျွန်တော်လည်း သတိထားလိုက်မိတယ်။ ကျွန်တော့်သဘော ပြောရရင် သံပရာသီးသနပ်ဟာ သံပရာသီးသနပ်နဲ့ မတူလို့ ဘာခေါ်ရမှန်းတောင် မသိဘူး။ ဒီတော့မှ ဒေါက်တာဆင်ပြောင်က သံပရာသီးသနပ်ကို ဟိုလူတွေ စမ်းသပ်တီထွင် ထားတဲ့ သံပရာသီးနဲ့ လုပ်ထားတာ ဖြစ်မယ်တဲ့။ ဘယ်လူတွေတုန်းလို့ ဆရာကြီးကမေးတော့ ဒေါက်တာဆင်ပြောင်က နာမည်နှစ်ခု၊ သုံးခု ပြောတယ်။ ကျွန်တော်ကတော့ အသေအချာ မှတ်မထားလိုက်မိဘူး။ ဘယ်လို သုတေသနလုပ်ပြီး စမ်းသပ် တီထွင်တာတုန်းလို့ ဆရာကြီးက ထပ်မေးပြန်တယ်။ သူတို့ကလို့ ဒေါက်တာဆင်ပြောင်က အစချီလိုက်တယ်။ သူတို့က သံပရာသီးကို မချဉ်အောင်၊ သံပရာ ခွံကို မသက်အောင်၊ မဖန်အောင် သုတေသနလုပ်တယ်။ လုပ်တာမှ ဆယ့်ခြောက်နှစ် ကြာတယ်။ ခုတော့ အတော့်ကို အောင်မြင်လာလို့ စိုက်ပြီး ရောင်းရတဲ့အဆင့် ရောက်လာတယ်။ ခင်ဗျားစားလိုက်ရတဲ့ သံပရာသီးသနပ်က အဲဒီသံပရာသီးတွေနဲ့ လုပ်ထားပုံ ရတယ်လို့ ဒေါက်တာဆင်ပြောင်က ရှင်းပြတယ်။ ဘာဖြစ်လို့ သံပရာသီးကို မချဉ်အောင် လုပ်ချင်ကြရတာတုန်းလို့ ဆရာကြီးက သူ့ကိုယ်သူ ပြောသလိုလိုနဲ့ ပြောလိုက်တယ်။ သိပ္ပံပညာရှင်တွေကိုးဗျလို့ ဒေါက်တာ ဆင်ပြောင်ကြီးက ၀င်ဖြေတယ်။ ကျွန်တော်ကတော့ စိတ်ထဲမှာ အတော်ကို မချမ်းမသာ ဖြစ်သွားတယ်။ ကျွန်တောဟော ဆယ်စုနှစ် တစ်ခုမက အချိန်ယူရင်း ရှိရှိသမျှ ယုတ္တိစနစ်တွေကို သုံးပြီး “သံပရာသီးသည် ချဉ်၏”ဆိုတဲ့ ယတိပြတ်နိဂုံးတစ်ခုရအောင် အားထုတ်ထားခဲ့တာ။ တစ်ကမ္ဘာလုံးကလည်း “သံပရာသီးသည် ချဉ်၏” ဆိုတာကို လက်ခံကြတယ်။ ဒါပေမဲ့ ခုတော့ သွားပေါ့။ သွားပေါ့ လို့ပဲ စိတ်ထဲမှာ ဖြစ်နေမိတော့တယ်။

နောက်တော့ ထမင်းဆိုင်ကာ ကောင်ကလေး ငှားပေးလိုက်တဲ့ အငှားကားနဲ့ မြို့ဘက်ဆီ ပြန်လာကြတယ်။ ဆရာကြီးကတော့ ကားမောင်းသမားရဲ့ နံဘေးက ထိုင်တယ်။ ကျွန်တော်နဲ့ ဒေါက်တာ ဆင်ပြောင်ကတော့ နောက်ခန်းမှာ ထိုင်တယ်။ အတော်ကြာအောင် ဘာမျှ ပြန်မပြော ဖြစ်ကြဘူး။ နောက်တော့မှ ဆရာကြီးဆီက ဘာဖြစ်လို့ သံပရာသီးကို မချဉ်အောင် လုပ်ချင်ကြရတာတုန်းဆိုတဲ့ စကားသံ စပြီး ကြားလာရတယ်။ ကား အပြင်ဘက်ကို ကြည့်နေရင်း ဒေါက်တာဆင်ပြောင်က သိပ္ပံပညာရှင်တွေကိုး ဆရာရယ်လို့ လှမ်းဖြေလိုက်တယ်။ သံပရာသီးနဲ့ သိပ္ပံပညာရှင်နဲ့ အဝေးကြီးပါဗျာလို့ ဆရာကြီးဆီက မကျေနပ်သံ ထွက်လာတယ်။ ကျွန်တော်ကတော့ ဘာမျှ ဝင်မပြောရဲဘူး။ ဒါပေမဲ့ ငါ့ရဲ့ “သံပရာသီးသည် ချဉ်၏” ဆိုတဲ့ ယတိပြတ်နိဂုံးကလေးဖြင့် သွားပေါ့လို့ပဲ စိတ်ထဲမှာဖြစ်ပြီး နှမြော လိုက်မိသလိုပဲ။ သိပ္ပံပညာရှင် ဆိုတော့လည်း အသစ်အဆန်း တစ်ခုခု ဖြစ်လာအောင် အားထုတ်ရတာကိုး။ ဆရာတို့ ပညာရပ်တွေမှာလို အဟောင်းထဲမှာ တဝဲလည်လည် နေတာမှ မဟုတ်ဘဲလို့ ပြောတယ်။ ဆရာကြီးက ဘာမျှ ပြန်မပြောတော့ဘူး။ အတော်ကလေး ကြာတော့ ဒေါက်တာဆင်ပြောင်က ကျွန်တော့်ကို ပြောတယ်။ ကျွန်တော်တို့ သိပ္ပံပညာရှင်များဟာ ရည်ရွယ်ရင်း အကြောင်းတစ်စုံ တစ်ရာနဲ့ ဆန်းသစ်မှု တစ်စုံတစ်ခုအတွက် အမြဲတမ်း သုတေသနပြု ရှာဖွေနေကြရတာပဲ။ ကျွန်တော်ဆို ခုထိ တွေးခေါ်ကြံဆ နေတုန်းပဲ တဲ့။ ပြောစမ်းပါဦး ဆရာ့ တွေးခေါ်ကြံဆမှု အကြောင်းလို့ ကျွန်တော်က တရားထောက် လုပ်လိုက်တယ်။ ဒီလိုဗျာလို့ သူက စကားပလ္လင် ခံလိုက်တယ်။ လူတွေ လမ်းလျှောက်တဲ့အခါ မြေကြီးကို မထိဘဲ မြေကြီးအထက် တစ်လက်မ နှစ်လက်မအကွာက လျှောက်နိုင်မယ့် နည်းကို ရူပဗေဒနည်းပညာ အခြေခံနဲ့ ကျုပ် စမ်းသပ် ကြည့်နေတယ်လို့ ဒီလိုဖြင့် ဆရာပြောတာက ဈာန်ပျံတယ် ဆိုသလိုမျိုးပေါ့လို့ ကျွန်တော်က မေးကြည့်လိုက်မိတယ်။ ဒေါက်တာဆင်ပြောင်က လန့်သွားပြီး နိုး၊ နိုး၊ နိုး လို့ပြောရင်း လက်ကာပြတယ်။ မြန်မာစကား တောင် မေ့သွားပုံရတယ်။ ဈာန်ပျံတယ် ဆိုတာက သိပ်မဆန်းဘူးဗျလို့ ပြောရင်း အရှည်အကျယ် ရှင်းပြတယ်။ လေထုတွေရော၊ စွမ်းအင် တွေရော၊ ခုခံမှုသဘော ဆိုတာတွေရော စုံလို့ပဲ။ ကျွန်တော်ကတော့ အင်း ...၊ အင်း ... လိုက်နေရပေတဲ့ ဘယ်လိုလုပ် နားလည်မှာတဲ့ တုန်း။ သံပရာသီးသည် ချဉ်၏လို့ နိဂုံးတစ်ခုရဖို့ ဆယ်စုနှစ် တစ်ခုလောက် ကြိုးစားခဲ့ရတဲ့ အကောင်။ ဒေါက်တာဆင်ပြောင်တို့၊ ကျွန်တော့်ဆရာကြီးတို့လို ပညာရှိစာရင်းထဲ မပါဘူး။

နားမလည်ပေတဲ့လည်း နားမလည်ကြောင်း မပြောဘဲ၊ တခြားမေးခွန်းတစ်ခု ထပ်မေးလိုက်မိတယ်။ ဒီလိုလုပ်ရတာကလည်း ပညာတတ် တွေဆီက ရထားတဲ့ ပညာတစ်မျိုး။ လမ်းလျှောက်တဲ့အခါ ဘာဖြစ်လို့ မြေကြီးနဲ့ တစ်လက်မ နှစ်လက်မ လွတ်ပြီး လျှောက်နိုင်အောင် တီထွင်ချင်ရတာလဲလို့ မေးလိုက်တော့ ဒေါက်တာဆင်ပြောင်က ဖြေတယ်။ ဒါကတော့ ခင်ဗျားတို့သုံးတဲ့ ယုတ္တိစနစ်တွေ အရပဲဗျတဲ့။ ဒီတော့မှ ပိုဆိုးသွားတယ်။ ဒါပေမဲ့လည်း ဒေါက်တာဆင်ပြောင်လို ကမ္ဘာ့ခေါင်းဆောင်ကြီးတွေနဲ့ လက်ဆွဲနှုတ်ဆက် လာခဲ့တဲ့ အမေရိကန် ပြန် ပညာရှိတစ်ယောက်က ကျွန်တော်တို့ရဲ့ အတွေးအခေါ် စနစ်တွေမှာ အခြေခံတဲ့ ယုတ္တိဗေဒပညာကို သုံးစွဲတယ် ဆိုတော့ သူ့ကို ထိုင်ပြီး ဦးချချင်သလိုတောင် ဖြစ်လာတယ်။ ကားနောက်ခန်းထဲမှာ ဆိုတော့ ကျဉ်းနေလို့။ မဟုတ်ရင်တော့ ဆောင့်ကြည့်ထိုင် ဦးချလိုက် ပါတယ်။ ထုံးစံအတိုင်းပဲ ကျွန်တော်က တရားထောက် လုပ်တဲ့အနေနဲ့ ရှင်းပြပါဦးခင်ဗျားလို့ ပြောလိုက်တယ်။ ဆရာကြီးကတော့ ဘာမျှဝင်မပြောဘဲ ကားရှေ့ခန်းဆီက နားစွင့်နေပုံ ရတယ်။ ဒီလိုဗျလို့ ပြောပြီး ကျုပ်ယောက်ဖကို ကြည့်မရလို့ ပြောတယ်။ ဒီတော့ခါမှ ကျွန်တော်ဟာ ရေနစ်ခါနီး ဝါးနဲ့ ထိုးချခံလိုက်ရသလိုပဲ။ မသိနားမလည်နိုင်ခြင်း။ ဉာဏ်မမီနိုင်တော့ခြင်း ရေပြင်အောက်ဆီကို တဖြည်းဖြည်း မြုပ်စပြုနေတယ်။ ဘာပြောရမှန်းလည်း မသိတော့ဘူး။ ကားရှေ့ခန်းဆီက ဆရာကြီးတောင် ခေါင်းကလေး လှုပ်သွားတာ သတိထားလိုက်မိတယ်။ ဒေါက်တာဆင်ပြောင်ရဲ့ အတွေးအခေါ်စနစ်ကြီးဟာ ကျွန်တော်တို့ ဆရာ တပည့် နှစ်ယောက်အတွက်တော့ စကြဝဠာအသစ်ကြီး တစ်ခုပဲ။ ကျွန်တော်တို့က ဘာမျှမပြောတော့ ဒေါက်တာ ဆင်ပြောင်က သူ့စကားကို ပြန်ဆက်တယ်။ မြေကြီးနဲ့ မထိဘဲ လမ်းလျှောက်နိုင်ရင် ဖိနပ်ကုန်သက်သာမယ်ဗျာ။ ပွတ်တိုက်မှု ခုခံအားမရှိတော့ အပျက်အစီးမရှိတဲ့သဘောပဲ။ လူတစ်ယောက် အတွက် တစ်သက်လုံးမှာ ဖိနပ်တစ်ရံလောက်ပဲ လိုမယ်။ ဒီတော့ ဖိနပ်အရောင်းအဝယ် လုပ်ငန်းကျမယ်။ ဖိနပ်အရောင်းအဝယ် လုပ်ငန်း လုပ်တဲ့လူတွေ မွဲမယ်။ ကျုပ်ယောက်ဖက ဖိနပ်ကုန်သည်။ ဘာဘွဲ့မျှ မရဘူး။ တက္ကသိုလ်ဆိုတာ ဘယ်နားရှိမှန်းတောင် မသိဘူး။ ဒါပေမဲ့ ချမ်းသာသမျှ ဘယ်လောက် ချမ်းသာမှန်း မသိဘူး။ သူ့အိမ်က ခွေး နေမကောင်းတာတောင် စင်ကာပူ၊ ဘန်ကောက် သွားကုရသတဲ့လို့ ပြောပြီး ရပ်သွားတယ်။ ကားအပြင်ဘက်ကိုပဲ ကြည့်နေတယ်။ ပြောလိုက်ရလို့ အတော် ကျေနပ်သွားပုံလည်း ရတယ်။

ကျွန်တော်ကတော့ မနေနိုင်တော့ဘူး ဆရာရယ်။ ကောင်းလိုက်တဲ့ အတွေးအခေါ်။ သိပ္ပံပညာရှင် တစ်ယောက်အနေနဲ့ ခုလိုမျိုး တွေးတတ်တာ၊ တွေးနိုင်တာကို ကျွန်တော် တကယ့်ကို ချီးကျူးမိပါတယ်လို့ ပြောပြီး၊ ဒေါက်တာဆင်ပြောင်ကို လက်ဆွဲနှုတ်ဆက် လိုက်မိတယ်။ ကမ္ဘာ့ခေါင်းဆောင်ကြီးတွေနဲ့ လက်ဆွဲနှုတ်ဆက် လာခဲ့တဲ့လက်ဆိုတာ ဒီလိုကိုးလို့လည်း စိတ်ထဲမှာ မှတ်လိုက်မိတယ်။ ယုတ္တိဗေဒနဲ့ ပတ်သက်လို့ ကျွန်တော်တို့က “လူအားလုံးသည် သေမျိုးဖြစ်၏” ဆိုတာကနေ ရှေ့မတိုးတဲ့ လူတွေ။ ဆရာကြီးကတောင် ကားရှေ့ခန်းကနေ နောက်ဘက် အသာလှည့်ပြီး ကွန်ဂရက်ကျူးလေးရှင်းလို့ ပြောရင်း၊ လက်ဆွဲနှုတ်ဆက် လိုက်တယ်။ ဆရာကြီး စိတ်ထဲမှာ မကျေမနပ် ဖြစ်နေတဲ့ သံပရာသီးသနပ် ကိစ္စတောင် ပျောက်ကွယ်သွားလေ သလားပဲ။ နောက်တော့ ဆရာကြီးနဲ့ ဒေါက်တာ ဆင်ပြောင်တို့ နှစ်ယောက်သား ကျွန်တော်တို့ လူ့အဖွဲ့အစည်းရဲ့ ပဓာနကျတဲ့ ညံ့ဖျင်းမှုဟာ အဲသလိုမျိုး ဆင်ခြင်တုံတရား မရှိလို့ ဆိုတာတွေ ဆက်ပြီး ဆွေးနွေးနေကြတယ်။ ကျွန်တော်ကတော့ အဲဒီလောက် အဆင့်မြင့်မြင့် ဝင်ပြီး မဆွေးနွေးရဲဘူး။ သံပရာသီးသည် ချဉ်၏ မှာတင် ရပ်နေကြတယ်။ ဒါပေမဲ့ ကားရဲ့ အပြင်ဘက်ကို ကြည့်နေရင်း သိပ္ပံနည်းတကျ အတွေးအခေါ် ဆိုတာကို စဉ်းစားလိုက် မိတော့ လူမှန်ရင် သိပ္ပံပညာရှင်တော့ အနည်းဆုံး ဖြစ်သင့်တယ်လို့ တွေးလာမိတယ်။ တခြားကြောင့်တော့ မဟုတ်ဘူး။ ကမ္ဘာကြီးမှာ ဖြစ်ပျက်နေတာတွေကို ကျွန်တော် မကြိုက်လှဘူး။ ဘယ်လိုမျှ ဘယ်တော့မျှ ဖြေရှင်းလို့ ရမှာမဟုတ်ဘူး။ ဒီတော့ အကောင်းဆုံးကတော့ ကမ္ဘာကြီး မြန်မြန် ပျက်သွားဖို့ပဲ။ ကမ္ဘာကြီး မြန်မြန်ပျက်သွားဖို့ ဆိုတာကလည်း သိပ်တော့ လွယ်လှတဲ့ကိစ္စ မဟုတ်ဘူး။ ဖြစ်တန်ရာ အခြေ ကလည်း တစ်ခုပဲရှိတယ်။ အဲဒါက လူမှန်ရင် သိပ္ပံပညာရှင်လောက်တော့ ဖြစ်လာကြဖို့ပဲ။ ဒီတော့ခါမှ ကမ္ဘာကြီး လွယ်လွယ်နဲ့ ပျက်သွားမယ်။ ကမ္ဘာကြီးပျက်သွားရင်ဖြင့် သံပရာသီးဟာ ချဉ်ချဉ်၊ မချဉ်ချဉ် သိပ်အရေးမကြီးတော့ဘူး။ ကျွန်တော်လည်း ဘယ်သန်တွေ သုံးနိုင်မယ့် ထမင်းစားတူတစ်စုံ ဘယ်လို လုပ်ရမယ်ဆိုတာ စဉ်းစားဖို့ လိုမယ် မထင်တော့ဘူး။

မြင့်သန်း

ပင်မစာမျက်နှာသို့ပြန်သွားမည် >>
နေ့စဉ် အသစ်အသစ်သော သတင်းများ ကို သိရှိနိုင်ရန် လိုတရ Application အား ဤနေရာတွင် နှိပ်၍ အခမဲ့ Download ရယူပါ။