Lotayamm

search
မာတိကာ

contents

ထိပ်ဆုံးစာမျက်နှာ > ဝတ္ထုများ

အင်နာကရီနား
အစ/အဆုံး
ပျိုးလက်ဟန်

ကိုယ့် ကျောရိုးလေးကို ကွေးကွေးလေး လုပ်ပြီး သူ့ရင်ခွင်ထဲမှာ အိပ်ပျော်သွားတဲ့ အခါ တစ်ရေးနိုးလာတိုင်း သူ့ကို နောက်လှည့်နမ်းလို့ အိမ်မက်မက်နေတာလားလို့ တွေးမိတတ်တယ်။ သူ့ အသက်ရှုသံကိုပဲ ညရဲ့ အသံတွေထဲမှာ သီးသန့် စစ်ထုတ်လို့ နားထောင်ရင်း ဆေးလိပ်ထသောက်ရမလား စဉ်းစားမိပေမယ့် ကိုယ်လှုပ်လိုက်ရင် သူနိုးမှာစိုးပြီး ငြိမ်ငြိမ်လေး ပဲ နေလိုက်တယ်။ ပြီးတော့ သူနဲ့ ကိုယ့် အကြောင်း လျှောက်တွေးမိတာပေါ့။ ထုံးစံအတိုင်း။ ၀မ်းသာရ ကြည်နူးရသလို စိတ်ထဲမှာပဲ ပုံဖော်လို့ရတဲံ့ အကြောက်တရားတစ်ခုကို တွေးမိတယ်။ ကိုယ် ဘာကိုကြောက်တာလဲ။ မသိဘူး။ ပြောမပြတတ်ဘူး။ ချွေးစေးနည်းနည်းပြန်လာတယ်။ သူကတော့ ဟောက်လို့တောင်နေသေးတယ်။ ချစ်ဖို့ကောင်းတဲ့ လူကလေး။ သူနဲ့ကိုယ် စတွေ့ကတည်းက သုံးလေးနာရီ စကားပြောပြီး တတိယအကြိမ်မှာ သူက ကိုယ့်ကို ရင်းနှီးသွားပြီး ကိုယ့်အိတ်ကလေးကို လွယ်ပေးလို့ မိန်းမအိမ်သာထဲကနေ ထွက်လာတဲ့ ကိုယ့်ကို ရပ်စောင့်နေတာ မြင်ယောင်တယ်။ သူ့ မျက်နှာပေါ်မှာ ကိုယ့်ကို သူ စကားပြောလို့ရတဲ့ လူသားတစ်ယောက်လို ရိုးရိုးခင်တွယ်တာရယ်။ မိန်းမ တစ်ယောက်ကို ယောကျာ်းတစ်ယောက်က ရုတ်တရက် မရိုးမသား သံယောဇဉ်ဖြစ်သွားပေမယ့် သူ့ဖာသာသူတောင် မသိလိုက်သေးတဲ့ ပုံစံရယ် ။ အနှစ်နှစ်အလလက သိဖူးတဲ့ လူတစ်ယောက်ကို ပြန်တွေ့လိုက်ရတဲ့ ခံစားမှုရယ် စတာတွေကို မှိန်နေတဲ့ မီးရောင်အောက်မှာတောင် စက္ကန့်ပိုင်းလေးကြာအောင် လက်ခနဲ မြင်ရတယ်။ ကိုယ်တို့ မရပ်မနား စကားတွေ ပြောခဲ့ကြ တယ်။ စုံနေတာပဲ အကြောင်းအရာတွေက ။ ပြီးတော့ ဟိုရောက် ဒီရောက် ။ မမှတ်မိတော့ပေမယ့် နောက်ပိုင်း ကိုယ် စာဖတ်တဲ့ အခါတော့ တစ်နေရာ မဟုတ် တစ်နေရာတော့ အထောက်အကူပြုတာပဲ။ အနည်းဆုံးတော့ ကိုယ် ဘာကိုမှ သေချာကြီး မပြောနိုင် မယုံနိုင်တဲ့ ထွက်ပေါက်တစ်ခုတော့ ရတာပေါ့။ ဒါပေမယ့် လူ့ဘ၀မှာ နေတဲ့အတွက် လူတွေက တစ်ခုပြီး တစ်ခုတော့ တိတ်တိတ်လေးယုံနေတာပဲ လို့လဲ ထင်မိပြန်တယ်။ ဥပမာ အားလုံးသော အသိတွေက ဘာမှ မဟုတ်ဘူး တစ်ယာက်ယောက်က တစ်နည်းနည်းသုံးပြီး ရှိတယ် ဟုတ်တယ် ထင်အောင် စကားလုံးတွေ အမူအယာတွေ အပြုအမူတွေနဲ့ ထိန်းထားတယ် ဆိုတာကို ယုံတာမျိုးပေါ့။ ဘာမှ မယုံတာကို ယုံနေတာမျိုးလို့ ပြောရမယ်ထင်တယ်။ လေးငါးနှစ် အသိဖြစ်ခဲ့ပြီးမှ နောက်ဆုံးမှာ ကိုယ်တို့ နှစ်ယောက် အတူရှိကြတာမျိုးလို။ ကမ္ဘာပေါ်မှာ မိန်းမ နဲ့ ယောကျာ်း
အတူ ရှိကြတာ မဆန်းပေမယ့် သူနဲ့ကိုယ် အတူရှိတာကျတော့ သိပ်ဆန်းတယ် လို့ ကိုယ်ယုံနေတာမျိုးလို။ ကိုယ့်ကို ဖက်ထားရာက သူ တစ်ချက် လှုပ်လာတယ်။ သူလည်း နိုးသွားတာ ဖြစ်မယ်။ အသာလေးလှည့်ကြည့်တော့ သူက မျက်လုံးမပွင့်တပွင့်နဲ့ ကိုယ့်အချစ်လေး လို့ တိုးတိုးလေးလှမ်းခေါ်တယ်။ ကိုယ့် ဂုတ်ကိုနမ်းတယ်။ ပြီးတော့ ဟိုဖက်လှည့်ပြီး
ပြန်အိပ်သွာတယ်။ ကိုယ် သူ့ရင်ခွင်ထဲမှာ မရှိတော့ဘူး။ သူ့ လက်မောင်းတွေထဲမှာ ကိုယ်မရှိတော့ဘူး။ ကိုယ် လှုပ်လို့ရပြီ။ သူ့လက်ထဲက လွတ်တော့ ခြေစန့်လက်စန့်လုပ်လို့ရသွားတယ်။ အား တစ်ချိန်လုံးကွေးနေရာက ခြေလက်စန့်ရတာ အရသာ ရှိလိုက်တာ။

အိပ်မပျော်တော့လို့ အသာထတယ်။ ၀ရံတာထွက်လာပြီး ဆေးလိပ်သောက်တယ်။ ညကတော့ တိတ်ဆိတ်။ ကိုယ်တို့ အခန်းရှေ့က ရထားလမ်းလေးရယ် ဆေးရုံရယ်ရှိပြီး။ ဘေးမှာတော့ ရထားဘူတာရုံကို တစ်ဝက်တပျက်လှမ်းမြင်နေရတယ်။ ဆေးလိပ်မီးခိုးတွေကို မှုတ်ထုတ်ပြီး အခန်း ညာဖက်ထောင့် အဝေးမှာမြင်နေရတဲ့ ကမ်းနားက ကုန်တွေမတဲ့ ကရိန်းလို ဟာကြီးကို ငေးကြည့်တယ်။ ညမီးရောင်တွေကြောင့် ကောင်းကင်က နည်းနည်း လင်းနေတယ်။ အဲဒီ့ ကရိန်းကို ကိုယ်က အီဖယ်မျှော်စင်လို့ ခေါ်တယ်။ ခဏနေတော့ ကိုယ်တို့ အတူရှိနေရခြင်းအကြောင်းကို အတွေးက ၀င်လာရော။ သူ့ကို ပြောရင် အတူရှိနေတာ အတူရှိလို့ပေါ့ အချစ်လေးရယ်လို့ပြောအုံးမယ်။ ကိုယ့်ရဲ့ ဘာမှန်းမသိတဲ့ အကြောက်တရားက ၀င်လာတယ်။ အောက်ကို ငုံ့ကြည့်တော့ ရထားသံလမ်းကွေးကွေးလေးကို မြင်ရတယ်။ တစ်ခါတလေ မြင်မြင်ရာကို အချစ်စိတ်ဝင်နေတတ်တာမျိုးရှိတယ်။ အမတစ်ယောက်ကတော့ ကိုယ်က သူ့လို ဟိုင်ပါဆန်းစစ်တစ် တဲ့။ ဟုတ်မယ်။ လှတာ ပျော်တာ ၀မ်းနည်းတာ စိတ်ညစ်တာတွေကို ကိုယ်ဟာ အလွန်အကျွံ့ခံစားရတတ်တယ်။ မှန်ဘီလူးနဲ့ ချဲံ့ကြည့်သလို မြင်ရတတ်တယ်။ ဟော ဟိုးမှာ ရထားတစ်စင်း ဥသြသံရယ် မီးရောင်ရယ်ရယ် အရင် ကြားရ မြင်ရတယ်။ အင်နာကရီနား ၀တ္တုထဲမှာ အင်နာအဖြစ်သရုပ်ဆောင်တဲ့ ကီရာနိုက်တလေက ရထားကြိတ်ခံပြီးသေသွာတာကို သတိရတယ်။ အဲဒီ ခေတ်မှာမို့ အင်နာ သေရတယ်လို့ ကိုယ်တွေးမိတယ်။ အင်နာဟာ သူ့ကိုယ်သူ ကယ်တင်ဖို့ တခြားလူတွေကိုပဲ ပုံထားခဲ့ ရတယ်။ အင်နာရယ်။ ဘာတွေကို ကြောက်ခဲ့မှာပါလိမ့် ။ဘာတွေက အင်နာ့ကို ကြောက်အောင်လုပ်ခဲ့လဲ။ ကိုယ် မင်းကို မကာကွယ်နိုင်ခဲ့ဘူး။ ခွင့်လွှတ်ပါ။ ကိုယ် မျက်ရည်ဝဲလာတယ်။ ဒေါသထွက်လာတယ်။ တစ်နေရာရာကို ထွက်သွားရရင် ကောင်းမှာပဲ။ ဟိုးရှေ့က ကျမ ချစ်တဲ့အဘွား ဆုံးသွားခဲ့တဲ့ ဆေးရုံ။ အေးစက်မှောင်မည်းပြီး ကျဉ်းမြောင်းတဲ့ စင်္ကြံထဲကနေ သူ့ ခန္ဓာကိုယ်ကို သယ်မသွားကြတယ်။ နောက်ဆုံးမှာ အိမ်မှာ အဘိုးနဲ့ သူ့မြေး ကိုယ့်မောင်လေးအတွက် မနက်စာ လုပ်မပေးခဲ့ရဘူး လို့ နောက်ဆုံးအချိန်မှာ တွေးသွားမလား။ မဟုတ်ဘူး။ သူ ပြုံးနေခဲ့တာပဲ။ သူ လွတ်လပ်သွားပြီ။ ဘာမှန်း မသိတဲ့ သူ ထမ်းဆောင်နေရတဲ့ တာဝန်တွေက သူလွတ်မြောက်သွားပြီ။ နေ့တိုင်း ၀တ္တရားမကျေနိုင်ခဲ့လို့ အားနာရတဲ့ ခံစားမှုကနေ သူလွတ်သွားပြီ။ ကိုယ် သူ့ကိုလည်း ဆွဲမထုတ်နိုင်ခဲ့ဘူး။ အိမ်ပြန်ရင် ကိုယ့် ဘေးမှာ သူ့ကို ခေါ်ထားမယ် ဆိုပြီး ရှင်းထားတဲ့ နေရာလေးကို သတိရမိပြန်တယ်။ တစ်ဆက်တည်း ဟာရုကီမူရာကာမိရဲ့ Lederhosen ဆိုတဲ့ ၀တ္တုတိုလေးကို ချက်ချင်းသတိရမိသွားတယ်။ ရေးပဲရေးတတ်လွန်းတဲ့ ဟာရုကီ။ နောက်ဆုံးတော့ တစ်ခုခုတော့ ရှိနေ တာလေ။ ရထားပဲဖြစ်ဖြစ်၊ အေးစက်မှောင်မဲတဲ့စင်္ကြံဖြစ်ဖြစ်။ Lederhosen ထဲကလို တစ်နေရာရာကိုထွက်သွားတာဖြစ်ဖြစ်။ ဟုတ်ပြီလား။ ကိုယ် ပြုံးမိတယ်။ ကိုယ် တစ်ခုခုကိုတော့ ရွေးခြယ်နိုင်မှာပဲဟာကို။ မရွေးခြယ်နိုင်ရင်ကော။ ကျောရိုးထဲက စိမ့်တက်လာပြန်တယ်။ အပြစ်ရှိခံစားချက်တွေ နဲ့ အသက်ရှင်အောင် ကျမတို့ကို ဘယ်သူလုပ်ထားတာလဲ။ လူသားဆန်မှု လူသားသဘာဝ တစ်ခုခုကို လွတ်လွတ်လပ်လပ် ခံစားကျင့်သုံးတဲ့အခါ ဘယ်သူက ကျမတို့ကို တရားစီရင်နေတာလဲ။ အင်နာနီကရီယာနာ ဖြစ်ဖြစ် ကျမရဲ့ အဘွား မားမား ဖြစ်ဖြစ် လမ်းမပေါ်မှာ ဖြတ်သွားတဲ့ အမည်မသိ မိန်းမ ဖြစ်ဖြစ် လွတ်လွတ်လပ်လပ် အသက်ရှင်ခဲ့စေချင်တယ်။ ရထားဖြစ်ဖြစ် မှောင်မည်းတဲ့ စင်္ကြံ ဖြစ်ဖြစ် ဒီကိစ္စတွေကို ခုပဲ အဆုံးသတ် လိုက်ချင်ပြီ။

“အချစ်လေး ဘယ်ရောက်သွားတာလဲ” ထုံးစံအတိုင်း အိပ်ယာထဲမှာ ကိုယ့်ကို ရှာမတွေ့ရင် သူ အော်နေကျ။ ဒါပေမယ့် ကိုယ် ချက်ချင်းမထူးမိပဲ ငြိမ်နေလိုက်တယ်။ သူ ဆက်ခေါ်နေတယ်။ ခဏနေ အိပ်ယာထဲက ထလာလိမ့်အုံးမယ်။ အခန်းထဲ ပြန်ဝင်ရအုံးမှာပဲ။ အတူ ရှိနေနိုင်သမျှပေါ့။ ကိုယ်က သူ့ကို ခွဲမသွားနိုင်သေးသမျှပေါ့။ သက်ပြင်းတိုးတိုးလေး ချမိတယ်။ သူ ခေါ်နေပြန်ပြီ။ အထဲပြန်မ၀င်ခင် ထပ်တွေးလိုက်သေးတယ်။ အို ဘာပဲဖြစ်ဖြစ် ရထားကိုတော့ ငါ မရွေးမှာ သေချာတယ်။ မှောင်မဲတဲ့ စင်္ကြံလို ဘယ်နေ့သေမယ် ဘာညာကတော့ ငါရွေးလို့ရမှာမဟုတ်ဘူး။ ရှင်နေတုံးပဲ ကိုယ့်ကို လာ တရား စီရင်နေမယ့် အပုပ်အသိုးတွေလက်ကပဲ ရုန်းလို့ရတာ။ အထဲကို ပြန်ဝင်ဖို့ ခြေလှမ်း လှမ်းနေတုံးမှာ Lederhosen ၀တ္တုကို သတိရဖြစ်အောင်ရလိုက်သေးတယ်။ Lederhosen ထဲက အဘွားကြီးလို မြာပွေတဲ့ သူ့ယောကျာ်းကိုတစ်သက်လုံး ၀တ္တရားကြေနေရသမျှ တစ်နေ့မှာ စိတ်ကုန်ပြီး ထားခဲ့တာမှ ဖုန်းလေးတစ်ချက်တောင် မဆက်တော့တာကို သတိရပြီး ပြုံးလိုက်မိသေးတယ်။ ဒီ အဘွားကြီးဟာ တာဝန်ဝတ္တရားလို့ သူ့ ကို တုပ်နှောင်ပြီး မလှုပ်နိုင်အောင် လုပ်ခဲ့တာတွေကို အပြစ်ရှိခံစားချက်လေးတောင် တစ်ချက်မရှိတော့ပဲ ထားခဲ့နိုင်တယ်။ လီယိုတော်စတွိုင်းကတော့ အင်နာနီက၇ီနားကို ရထားကြိတ်ခံခိုင်းခဲ့တယ်။ ကျမတို့ ရွေးချယ်မှုတွေကို ဖိအားပေး လွှမ်းမိုးလို့ရတာက အပြစ်ရှိ ခံစားချက်ပဲ ။

အသာလေး အထဲကို ပြန်ဝင်ခဲ့တယ်။ သူ့ဘေးမှာလှဲတော့ အိပ်ချင်မူးတူးနဲ့ ကိုယ့်ကို ဆွဲဖက်ထားတယ်။ ကျောရိုးလေး ပြန်ကွေးလို့ သူ့လက်မောင်းတွေကြားမှာ ကိုယ် ငြိမ်နေလိုက်တယ်။ အပြင်ကို မျက်လုံးက ရောက်သွားသေးတယ်။ လိုက်ကာ ဖွင့်ထားခဲ့လို့ အပြင်ကို လှမ်းမြင်ရတယ်။ ကိုယ် နာမည်ပေးထားတဲ့ အီဖယ် ကရိန်းကြီးကို ငေးရင်း မျက်လုံးတွေ ပြန်စင်းလာတယ်။ အိမ်မက်တောင် မမက်နိုင်တော့ပဲ အိပ်ပျော်သွားတယ်။

ပျိုးလက်ဟန်

ပင်မစာမျက်နှာသို့ပြန်သွားမည် >>
နေ့စဉ် အသစ်အသစ်သော သတင်းများ ကို သိရှိနိုင်ရန် လိုတရ Application အား ဤနေရာတွင် နှိပ်၍ အခမဲ့ Download ရယူပါ။