Lotayamm

search
မာတိကာ

contents

ထိပ်ဆုံးစာမျက်နှာ > ဝတ္ထုများ

စံပယ်ကို မျှားခြင်း
အစ/အဆုံး
တေဇာ (လရောင်လမ်း)

( ၁ )

ကုတင်နံပါတ် (၆) ပေါ်မှာ တိတ်ဆိတ်ငြိမ်သက်နေတဲ့ အမျိုးသမီးငယ်ကို စံပယ်လို့ ခေါ်ပါတယ်။ ကျွန်မနာမည်ကလည်း စံပယ်ပါပဲ၊ ဒါပေမဲ့ နာမည်ဆိုတာတွေက အပေါ်ယံလောက်ပဲလေ၊ ရေမျက်နှာပြင်ပေါ်မှာ တပွက်ပွက်ထနေတဲ့ ရေမြုပ်တွေ မျှပဲ။ ကျွန်မတို့နှစ်ယောက်မှာ ဒီထက်မက ပိုမိုနက်ရှိုင်းတဲ့ ဆက်သွယ်ချက်တွေ ရှိနေပါတယ်။ ဒါကြောင့်ပဲ သူ ကျွန်မကို သဘောကျတာ၊ ဒါကြောင့်ပဲ တာဝန်ချိန်မဟုတ်တဲ့ အချိန်တွေမှာ သူ့အနား ကျွန်မ ထိုင်နေမိတတ်တာပေါ့။

ဒီနေ့ကတော့ ဒုက္ခရောက်တဲ့ နေ့တစ်နေ့ပါပဲ။ အဆောင်မှာ လူနာတွေနဲ့ အများကြီးနဲ့ ရှုတ်ယှက်ခတ်နေလို့ ကျွန်မလည်း အလုပ်တွေမပြီးနိုင် ဖြစ်နေတယ်။ အိပ်ယာခင်းတွေသိမ်း၊ ပုံစံတွေ ဖြည့်၊ အ၀တ်အစားလဲ စသည်ဖြင့်ပေါ့။ နောက်ဆုံး နေ့လယ်နှောင်းပိုင်းလောက်ရောက်တော့မှ ကော်ဖီဖျော်ဖို့ အချိန်လေးနည်းနည်းရပါတယ်။ ကော်ဖီကို စပယ့်ကုတင် ဘေးနားက လိမ္မော်ရောင် ပလက်စတစ်ထိုင်ခုံလေးဆီ ကျွန်မ ယူသွားလိုက်တယ်။ အခုလို ခဏတဖြုတ်ထိုင်ခွင့်ရတာကို ကျေးဇူးတင်နေမိတယ်၊ သူ့အနားမှာ အဖော်လုပ်ပေးရတာကိုလည်း ၀မ်းသာနေမိပါတယ်။

"ဟဲလို စံပယ်ရေ" လို့ ကျွန်မ ခေါ်ကြည့်လိုက်တယ်၊ ကိုယ့်ကိုယ်ကိုယ် ပြန်နှုတ်ဆက်နေရသလိုပါပဲ။ သူကတော့ စကား မပြန်ပါဘူး။ စံပယ်ဟာ ဘယ်တော့မှ စကားမပြန်ဘူး။ သူက အလွန်နက်ရှိုင်းတဲ့နေရာတစ်ခုမှာ နစ်မြုပ်နေတဲ့သူပဲ။

ကျွန်မလိုပါပဲလေ၊ သူက ပင်လယ်ပြင်မှာထိခိုက်မှု ဖြစ်ခဲ့ရတာပါ။ ကျွန်မလည်း တံငါသည်တစ်ဦးရဲ့ သမီးပါပဲ။ ဒါကြောင့် စကားလုံးတွေကို ကျွန်မက ငါးမျှားချိတ်မှာ သီသလို အစာချိတ်တတ်တယ်၊ သူ့ နားဆီကို ချပြီး မျှားကြည့်တယ်။ အဲဒီစကားလုံးတွေဟာ အေးစက်မဲမှောင်နေတဲ့ ရေနက်ထဲ နစ်မြုပ်ကျရောက်သွားတယ်လို့ စိတ်ကူးကြည့်ရင်းပေါ့။ ဒါမှမဟုတ်လည်း သူ ရောက်နေနိုင်တဲ့ နက်ရှိုင်းတဲ့ နေရာတစ်ခုခုဆီကိုပေါ့။

"ဒီနေ့တော့ အချိန်နည်းနည်းရတယ်" လို့ သူ့ဆံနွယ်တွေကို ထိတွေ့ရင်း သူ့ကို ပြောလိုက်တယ်၊

စံပယ်နဲ့အတူရှိနေရတာ၊ သူ့ကို မထိတွေ့မိအောင်နေဖို့တော့ အတော်ခက်ပါတယ်။ သူက တကယ်ရှားပါးပြီး စစ်မှန်တဲ့ အလှပိုင်ရှင်မလေးပါပဲ။ ဒါကြောင့်ပဲ လူတွေက သူ့ကုတင် ဘေးနားကဖြတ်လျှောက်ရဖို့ အကြံအဖန်လုပ်တတ်ကြ တယ်လေ။ သူ့ကို စိုက်ကြည့်နေကြတာ၊ သူ့ကို သောက်သုံးနေကြတာ၊ သူ့ကို စားသောက်ဝါးမျိုနေကြတာတွေကို ကျွန်မ မကြာခဏ ဖမ်းမိတာပေါ့။ သူတို့ဟာ အသားစားငါးဘီလူးတွေပဲ၊ အဲဒီလူတွေ အကုန်လုံးပဲ။ ဘီးတပ်လှည်းကို တွန်းတဲ့ လူကလည်း သူ့ကုတင်နား နီးလာရင် တွားသွားသလောက်နီးပါး နှေးသွားတတ်တယ်။ ဘယ်သွားရမယ်မသိ ဖြစ်နေကြတဲ့ ဧည့်သည်တွေကလည်း လောဘတကြီး မျက်လုံးတွေနဲ့ပဲ။ ဆရာဝန်တွေကတော့ ရပ်ပြီး လိုက်ကာစပါးပါးကို ဆွဲဖွင့်တယ်၊ ပြီး စစ်ဆေးစရာမလိုပါဘဲ သူ့ကို အခေါက်ခေါက် စစ်ဆေးနေပါလိမ့်မယ်။

အရမ်းလှတာတစ်ခုကတော့ စံပယ်နဲ့ကျွန်မ မတူညီကြတဲ့ အရာပေါ့။ ဒီအတွက်တော့ ကျွန်မ ၀မ်းသာမိပါတယ်။
"စံပယ့်အဖေ မကြာခင် ဒီကို လာလိမ့်မယ်၊ အရင်အပတ်က လာမယ်လို့ သူပြောသွားတယ်" လို့ ကျွန်မက ပြောလိုက် တယ်။

စံပယ်က ဘာမှပြန်မပြောပါဘူး။ သူ့ ဘယ်ဘက်မျက်ခွံကတော့ တဖျပ်ဖျပ်ခတ်နေသလားပဲ။

သူ့အဖေရဲ့ ငါးဖမ်းလှေပေါ်မှာ မတော်တဆမှုဖြစ်ခဲ့တာ အခုဆိုရင် နှစ်လလောက်ရှိခဲ့ပါပြီ။ အဲဒီတုန်းက သူက ရေထဲကို ပြုတ်ကျသွားခဲ့ပြီး နစ်မြုပ်သွားတယ်။ ငါးဖမ်းပိုက်ထဲမှာ ရစ်ပတ်မိသွားခဲ့တယ်။ အဲဒီနေရာမှာ သူ အကြောက်လွန်သွား ခဲ့တယ်ဆိုတာကို အတော်အတန်ကြာမှပဲ သတိပြုမိခဲ့ကြပါတယ်။ သူ့အဖေက သူ့ကို လှေပေါ်ခက်ခက်ခဲခဲ ပြန်ဆွဲတင်ပြီး အိမ်ကိုပြန် ရွက်လွှင့်လာခဲ့တယ်ပေါ့။ နောက်ဆုံး ပြန်ရောက်လာတော့ အသက်မရှိတော့ဘူးလို့ သူထင်နေတဲ့ သမီးရဲ့ သူ့သမီးရဲ့ ခန္ဓာကိုယ်ကို ကမ်းခြေဆီ ထမ်းပိုးသယ်ယူလာခဲ့တယ်။


( ၂ )

"စံပယ်ရေ.." လို့ ကျွန်မက တီးတိုးခေါ်လိုက်တယ်။ ကျွန်မတို့ရဲ့ ငါးစာတပ်ခံနာမည်ကို သူမကို ဟပ်လိုက်စေချင်တယ်။ အဲဒီငါးစာကို သူ မျိုချလိုက်စေချင်ပါတယ်။

ကံကောင်းချင်တော့ အဲဒီနေ့က သူတို့ရွာမှာ ဆရာဝန်တစ်ယောက် ရှိနေခဲ့ပါတယ်။ ဆွေမျိုးတွေဆီ အလည်ရောက်နေတဲ့ လူငယ်တစ်ယောက်ပါ။ သူကပဲ ဒီရေနစ်ခဲ့တဲ့ အမျိုးသမီးလေးကို အဲဒီအခြေအနေကနေ ဒီဆေးရုံအထိရောက်အောင် ယူဆောင်ခဲ့တာပေါ့။ သူကပဲ ကျွန်မကို စံပယ့်အကြောင်း ပြောပြခဲ့တာပေါ့။ သူပြောတာကတော့၊ အဲဒီတုန်းက စံပယ့် မျက်လုံးတွေ ပွင့်လာခဲ့တယ်၊ သူ့အဖေကို တစ်ချက်လှမ်းကြည့်လို့ စကားတစ်ခွန်းပဲပြောနိုင်ပြီး ပြန်လည် မေ့မျောသွား ခဲ့တယ်တဲ့။ ဒီအကြိမ်ကတော့ ကိုးမားဆိုတဲ့ ကာလရှည်မေ့မျောမှုတစ်ခု ဆီကိုပါပဲ။

အသားစားငါးဘီလူးတဲ့။ ဒါကတော့ စံပယ်ပြောသွားတဲ့ စကားပါ။

သူ့အဖေ ဆေးရုံကို လာတဲ့အခါကျရင် သူက စံပယ့် ဆံနွယ်လေးတွေကို ထိတွေ့တတ်တယ်၊ ပါးလေးကို နမ်းတတ်တယ်၊ စံပယ့်ကုတင်ဘေးက လိမ္မော်ရောင် ပလက်စတစ်ထိုင်ခုံမှာထိုင်ရင်း စံပယ့်လက်ကလေးကို ကိုင်ထားတတ်တယ်။ ကျွန်မ အဖေလိုပဲ၊ သူဟာ လူကောင်ကြီးပြီး အသားညိုညို၊ တံငါသည်တစ်ယောက်ရဲ့ ကြမ်းတမ်းသန်မာတဲ့ လက်တွေနဲ့။ သူ့ဆီမှာ ပင်လယ်နံ့တွေ စူးစူးရှရှ စွဲနေတယ်၊ ပြီးတော့ သူလည်း လူရိုးလူကောင်းတစ်ယောက်လို ဟန်ဆောင်ထားလေရဲ့။

စံပယ်ရေ။ ငါတို့နှစ်ယောက်ကတော့ အတော်ကလေးကို တူတာပဲ၊ တစ်ယောက်တည်းလို့တောင် ပြောရမလောက်အောင် ပါပဲ။

နံနက်ခင်းစောစောတွေကို ကျွန်မ သတိရနေမိတယ်။ ကျွန်မကို အိပ်စက်ခြင်းက နိုးထစေတဲ့ ကျွန်မဆံပင်တွေကို ထိတွေ့ နေတဲ့ လက်၊ အိပ်ချင်မူးတူးဖြစ်နေတဲ့ ကျွန်မကို အဖေက ကုတင်ပေါ်ကနေ ပွေ့ချီသွားပြီး သူ့လှေထဲမှာ ချထားလိုက်တယ်။ သူ့အသံက ကျွန်မနားထဲမှာ ကြမ်းရှရှ၊ သူ့လက်တွေက ကျွန်မ အရေပြားပေါ်မှာ ကြမ်းရှရှ။ ကျွန်မ ဘယ်တုန်းကမှ အဲဒီကို လိုက်မသွားချင်ခဲ့တာပါ၊ တကယ်တော့ ကျွန်မဟာ ကလေးငယ်တစ်ယောက်မျှ။ ဒါပေမဲ့ သူ့လက်ခုပ်ထဲက ရေပဲလေ။

ဆားငန်ရေတွေ၊ နေပူပူတွေ၊ ကမ်းခြေမှာ တစ်ဖြည်းဖြည်း သေးငယ်သွားတဲ့ ကျွန်မအမေ့ရဲ့ပုံရိပ်တွေ၊ အားလုံးကို ကျွန်မ သတိရနေပါတယ်။ ရှေ့နောက်လှုပ်ခါနေတဲ့ ငါးဖမ်းလှေ၊ ဇင်ယော်တွေရဲ့ စူးစူးရှရှအော်သံတွေ ကျွန်မ သတိရနေပါတယ်။

"စံပယ်ရေ၊ ကလေးရဲ့အထဲမှာ အသက်ဇီဝတစ်ခုရှိနေတယ်လေ။ အဲဒီအသက်ရဲ့ ခေါ်သံကို ကလေး မကြားဘူးလား"

စကားမပြန်ပါဘူး။

လူနာအဆောင်ရဲ့ တံခါးပြန်ပိတ်သံ ထွက်ပေါ်လာပြီးတော့ ပန်းတွေကိုင်လို့ ကျွန်မတို့ရှိရာဆီ လျှောက်လာနေတဲ့ စံပယ်ရဲ့ အဖေကို ကျွန်မ တွေ့လိုက်ရပါတယ်။ သူက ကျွန်မကို ပြုံးပြတယ်။ သေသွားပြီဖြစ်တဲ့ ကျွန်မရဲ့ရင်သွေးမှာ ကျွန်မအဖေရဲ့ အပြုံးမျိုးရှိနေခဲ့တယ်။ ပြီးတော့ စံပယ့်ရင်သွေးဆိုရင်လည်း ဒီလူရဲ့ အပြုံးမျိုးကို ပိုင်ဆိုင်နေမှာလို့ ကျွန်မ သိလိုက်ပါတယ်။

ကုတင်ဘေးမှာ ရပ်လိုက်ပြီး သူက စံပယ့်ဆံနွယ်စလေးတွေကို ထိတွေ့လိုက်တယ်။ ကျွန်မရဲ့ ရင်တွင်း အနက်ရှိုင်းဆုံး တစ်နေရာဆီမှာ တစ်စုံတစ်ခုသော ခံစားမှုတစ်ခု အင်အားကြီးစွာ ဖြစ်ပေါ်နေတယ်။ စံပယ်ရဲ့ မျက်ခွံကလေးတွေကို ကျွန်မ စိုက်ကြည့်နေလိုက်တယ်၊ စံပယ်လေးတစ်ယောက် ငါးစာကို လာဟပ်လိုက်မှာကို စောင့်စားရင်း..။

တေဇာ (လရောင်လမ်း)
(Fishing for Jasmine by John Ravenscroft ကို ဆီလျော်သလို ဘာသာပြန်ဆိုသည်)

ပင်မစာမျက်နှာသို့ပြန်သွားမည် >>
နေ့စဉ် အသစ်အသစ်သော သတင်းများ ကို သိရှိနိုင်ရန် လိုတရ Application အား ဤနေရာတွင် နှိပ်၍ အခမဲ့ Download ရယူပါ။