Lotayamm

search
မာတိကာ

contents

ထိပ်ဆုံးစာမျက်နှာ > ဝတ္ထုများ

မိုးကုန်ပြီးစ တစ်နေ့၌ ကျေနပ်စွာ လွမ်းဆွတ်ရခြင်း
အစ/အဆုံး
မြင့်သန်း

But before you go my friend, my kind companion
Listen to this song I sing

Then go in peace and grow in grace and goodness
Know that you have nothing to fear
And dry your eyes little one
And let thee be no tears
Send me a dream from away beyond
I promise I shall hear
Oh beautiful beloved soul companion
Thank you for those beautiful years

-Steve Cooney

မနက်က နေအထွက်တွင်ပွင့်လာခဲ့သော ရေကန်ထဲက ကြာပန်း အချို့တို့မှာ နေရောင်မပျောက်မီ ပြန်လည်ငုံ့သွားခဲ့ပြီလား မပြောတတ် သော်လည်း ကန်၏ ရေမျက်နှာပြင်ပေါ်တွင် နေ၏ လက်ကျန် ရောင်ခြည်အချို့ကို ရဲရဲတင်းတင်း တွေ့နေရသေးသည်။ ရေကန် နှုတ်ခမ်း စပ်အနီးတွင် တွေ့နေရသေးသော ဖြုတ်ကောင်လေးများ ဝဲပျံနေကြပုံမှာ မနှစ်ကတစ်နှစ်က တွေ့ကြုံခဲ့ရဖူးသော ဖြုတ်ကောင်ကလေး များနှင့် ဆင်ဆင် တူသော်လည်း အတူတူပင် ဖြစ်သည်ဟု ကျွန်တော် အာမခံ၍ မပြောရဲပါ။ ကန်၏ အခြားတစ်ဖက်တွင် မြင်နေရသေး သော ကုက္ကိုပင်ကြီးကို ငယ်စဉ်ကပင် ကျွန်တော်တို့ မောင်နှမတစ်သိုက် ဒီဘက်ကမ်းမှ လှမ်း၍ကြည့်လေ့ ရှိကြသော်လည်း၊ ယခုအခါ ကျွန်တော်မှလွဲ၍ မည်သူကမျှ ထိုသစ်ပင် တစ်ပင်အကြောင်း တကူးတကန့် စကားအရာသွင်း၍ မပြောကြတော့။ အစ်ကိုလေး ကိုကြည်နူးသည်ပင် ပျောက်ဆုံးသွားခဲ့သည်မှာ ငါးနှစ် ရှိခဲ့ပါပြီ။

ကျွန်တော်တို့ မောင်နှမတစ်သိုက်ထဲတွင် ကန်၏အခြားဘက်မှ ကုက္ကိုပင်ကြီး အကြောင်းသာမက ကန်ရေပြင်တွင် ပွင့်လာသောနှင့် ပွင့်ခဲ့သော ကြာပန်းများ အကြောင်း၊ ဟောင်းနွမ်းသွားသော နေခြည်နှင့်အတူ အိပ်တန်းတက်ရန် သစ်ပင်ကြီးဆီသို့ နေ့စဉ် ပြန်လာလေ့ ရှိသော ဆက်ရက်ငှက်များ အကြောင်း စသည်တို့ကို စိတ်ပါလက်ပါ ပြောခဲ့ကြသူများမှာ အစ်ကိုလေးနှင့် ကျွန်တော်သာ ဖြစ်ပါသည်။ ယခုမူ ကျွန်တော်သည် ဆိတ်ဆိတ်နေခြင်းဖြင့် လည်းကောင်း၊ မိမိဘာသာ စကားပြောခြင်းဖြင့် လည်းကောင်း သို့မဟုတ် သိမ်းဆည်း ထားနိုင်မှု တစ်ရပ်အဖြစ် ပြောင်းလဲ လက်ခံလိုက်ခြင်းဖြင့် လည်းကောင်း ပျောက်ဆုံးသွားသောအစ်ကိုလေး ကိုကြည်နူးကို သတိရနေ မိတတ်ပါသည်။

မနက်ကမူ ကျွန်တော်တို့ မောင်နှမတစ်သိုက် အစ်ကိုလေးအတွက် ငါးနှစ်မြောက် အထိမ်းအမှတ်အဖြစ် ဆွမ်းကျွေးကြပါသည်။ အစီအစဉ်မှာ ညီမကလေး မစိမ်းညက်၏အစီအစဉ်ဟု ဆိုရမည် ဖြစ်သော်လည်း တကယ်တမ်း အစစအရာရာ စီစဉ်လုပ်ကိုင် ပေးခဲ့သည်မှာ အစ်ကိုကြီး၏ ဇနီး မမမြသာလျှင် ဖြစ်ပါသည်။ ဆွမ်းကျွေးရန်ကိစ္စကို အစ်ကိုကြီး၊ အစ်ကိုလတ်နှင့် ညီမကလေးတို့က သဘောတူကြသော်လည်း ကျွန်တော် သဘောမတူပါ။ မတူရသည်မှာလည်း ကျွန်တော့်တွင် ခိုင်ခိုင်မာမာနှင့် ပြည့်စုံ လုံလောက်သော ဆင်ခြေများ ရှိပါသည်။ အစ်ကိုလေးမှာ ရှမ်းပြည်နယ်ဘက် တစ်နေရာတွင် ပန်းချီဆွဲထွက်ရင်း လုံးဝ ပျောက်ဆုံးသွားသူသာ ဖြစ်ပါသည်။ ယခုအထိ အစ်ကိုလေးမှာ သေသည်၊ရှင်သည် သို့မဟုတ် သေခဲ့ပြီ၊ ရှင်နေသေးသည်ဆိုသည်ကို မည်သူကမျှ အာမခံ၍ မပြောနိုင်ကြပါ။ ကျွန်တော်ကမူ တစ်နေ့သောအခါတွင် အစ်ကိုလေး ပြန်လာမည်ဟု မျှော်လင့်ထားပါသည်။ ကျန်မောင်နှမများ အားလုံးကမူ အစ်ကိုလေး သေဆုံးခဲ့ပြီဟု မှတ်ယူလိုက်ကြပါပြီ။

“ကိုကိုရယ်။ ကိုကိုလေး ပြန်မလာတာ ငါးနှစ် ပြည့်တော့မယ်။ စိမ်းညက်တို့ ဆွမ်းကလေး၊ ဘာလေး ကျွေးကြရအောင်” ဟု ညီမကလေးက ပြောသောအခါ ကျွန်တော်က ခေါင်းမညိတ်နိုင်ခဲ့ပါ။ “အစ်ကိုလေးဟာ ပန်းချီဆွဲဖို့ ထွက်သွားတာ။ တစ်နေ့ ပြန်လာမယ်။ နင့် ဘာသာ ဘာလုပ်လုပ်။ ငါ အဲဒီအထဲ မပါပါရစေနဲ့” ဟု ညီမကလေးကို ပြောခဲ့မိသည်။ ငယ်ငယ်ကဆိုလျှင် ညီမကလေးက သူပြော သည်ကို လက်ခံလာအောင် နည်းမျိုးစုံသုံး၍ ပြောမည်ဖြစ်သော်လည်း၊ ယခုမူ သူက အကျောက်အကန် ပြောလေ့မရှိတော့။ စိမ်းညက် တစ်ယောက် ပါမောက္ခ ဖြစ်သွားကတည်းက ဆင်ခြင်တုံတရားကို လက်တွေ့ အသုံးချသွားတတ်တယ်ဟု အစ်ကိုလေး ပြောခဲ့သည် များကို ကျွန်တော် ကြားယောင်မိလာသည်။ စိမ်းညက်သည် ကျွန်တော်တို့နှင့် တိုင်ပင်ပြီးနောက် အစ်ကိုလေး ကိုကြည်နူးအတွက် ဆွမ်းကျွေးမည့် နေ့ရက် စသည်များ အကြောင်း ကျွန်တော့်ကို ဖုန်းဆက် ပြောပါသည်။ ကျွန်တော်ကမူ သူနှင့်တွေ့စဉ် ပြောသည့်အတိုင်း ““နင့်ဘာသာ ဘာလုပ်လုပ်။ ငါ အဲဒီ အထဲ မပါပါရစေနဲ့” ဟူ၍သာ ပြောလိုက်သည်။

နောက်နှစ်ရက်ခန့် ကြာသောအခါ အစ်ကိုကြီးနှင့် မမမြတို့ အိမ်သို့ ရောက်လာကြပြီး အစ်ကိုလေးအတွက် ဆွမ်းကျွေးမည့် အစီအစဉ်ကို ကျွန်တော့်အား ပြောပြသည့်အခါ၊ ကျွန်တော် အသာပင်ငြိမ်၍ နားထောင် နေမိသော်လည်း ဂိတ်တံခါးဆီသို့ မကြာမကြာ လှမ်းကြည့်နေ မိတတ်သည်ကို ကျွန်တော့်ဘာသာ ဂရုပြုမိလိုက်သည်။ အဆုံး၌ ကျွန်တော်က တစ်ခု ဝင်ပြောလိုက်မိသည်။ “ကျွန်တော် ပြောပြီးပြီ၊ အစ်ကိုကြီး လုပ်ချင်တာလုပ်ပါ။ ကျွန်တော်က မကန့်ကွက်ဘူး။ မထောက်ခံဘူး၊ ဒါပဲ” အစ်ကိုကြီးကမူ သူ့ထုံးစံအတိုင်း အချေအတင် မပြောဘဲ မမမြဘက် လှည့်ကြည့်လိုက်သောအခါ မမမြက စိတ်ရှည်လက်ရှည် ကျွန်တော့်ကို ရှင်းပြနေသည်။ အစ်ကိုကြီးကို ပြောသည့် အတိုင်းပင် မမမြကိုလည်း ပြောပြလိုက်မိသည်။ အဆုံး၌ မမမြက “ဒီမှာပဲ ဆွမ်းကျွေးမယ်ဆိုတော့ အဲဒီနေ့ မင်းအိမ်မှာတော့ ရှိနေမယ် မဟုတ်လား”ဟု မေးသောအခါ ကျွန်တော်က “ကျွန်တော် အိမ်မှာရှိမယ်။ အိမ်ထဲမှာ ရှိမယ်။ အိမ်ထဲမှာ မရှိရင် အိမ်အပြင်မှာ ရှိတယ်။ အိမ်ဘေးနားမှာ ရှိမယ်။ မဟုတ်ရင် ကန်စောင်းမှာ ရှိမယ်” ဟူ၍သာ ပြောလိုက်မိသည်။ ဤသို့ဖြင့် အစ်ကိုလေး ကိုကြည်နူးအတွက် ဆွမ်းကျွေးရန်ကိစ္စ အစီအစဉ် ပြီးမြောက်သွားသော်လည်း ကျွန်တော်၏ သဘောတူမှု၊ မတူမှုမှာ အရေးကြီးသော ကိစ္စတစ်ရပ်အဖြစ် ဖြစ်တည်၍ ကျန်ရစ်ခဲ့ခြင်း မရှိပါ။ ပြန်ခါနီးတွင်မူ အစ်ကိုကြီးက “မင်း အိပ်လို့ရရဲ့လား” ဟု မေးပါသည်။ အစ်ကိုကြီးမှာ သမားတော်ကြီး ဖြစ်သဖြင့် ကျွန်တော့်ကို သူ့ညီတစ်ယောက် အဖြစ်ထက် သူ၏ လူနာတစ်ယောက်နှင့် တွေ့သည်ဟု သဘောထားပုံ ရပါသည်။ “ရတဲ့အခါ ရပါတယ်” ဟု ကျွန်တော်က ဖြေလိုက်မိသည်။ “ဘာတွေရေးနေသလဲ” ဟု အစ်ကိုကြီးက မေးပြန်သည်။ “ကျွန်တော် ကာ(ဖ)ကာတွေ ဘာသာပြန်ကြည့်နေတယ်” ဟု ဖြေလိုက်သောအခါ အစ်ကိုကြီး ပါးစပ်မှ စီစဉ်ထားပုံ မရဘဲ “ဟာကွာ” ဟူသော စကားလုံး ထွက်လာသည်။ ဤတွင် ကျွန်တော်က တစ်လုံးမှ ပြန်မပြောဘဲ ကျွန်တော်တို့ မောင်နှမတွေ အကြားမှာ သဘောတူထားတာ တစ်ခု ရှိတယ်။ မေ့သွားပြီလား ဟူသော စကားလုံးများကို စကားအဖြစ် မပြောတော့ဘဲ အစ်ကိုကြီး၏ မျက်လုံးများကို စိုက်၍ ကြည့်နေ လိုက်မိသည်။ အစ်ကိုကြီးမှာ ကျွန်တော့်ကို စိုက်ကြည့်နေရင်း ချက်ချင်း သတိရသွားပုံ ရသည်။ သူ့လက်နှစ်ဖက်ကို အသာမြောက်ကာ “ဆောရီး၊ အိုင်၊ အက်ပိုလိုဂျိုက်(စ်)” ဟု ကျွန်တော့်ကို သူ တောင်းပန်ကြောင်း အင်္ဂလိပ်လို ပြောသွားခဲ့သည်။

ထိုညနေမှာပင် အစ်ကိုလတ်က ဖုန်းဆက်ပြန်သည်။ စင်စစ်၊ အစ်ကိုလတ် ကိုယ်တိုင် ဖုန်းဆက်သည် မဟုတ်ပါ။ သူ့ကိုယ်ရေးအရာရှိက ဖုန်းဆက်ခြင်းသာ ဖြစ်ပါသည်။ “ကိုကြည်နူးအတွက် ဆွမ်းကျွေးကို ဗိုလ်မှူးကြီးနဲ့ ကျွန်တော် လာခဲ့မယ်။ မမလှနဲ့ သမီးကတော့ တောင်ကြီး ခဏပြန်သွားကြတယ်။ ကျွန်တော်တို့တောင် နေ့ခင်းဘက်လောက်မှ ရောက်မယ်။ မနက်ဘက်မှာ အစည်းအဝေး ရှိနေလို့။ ဘာလိုသေးလဲ။ ကျွန်တော်တို့ ဘာလုပ်ပေးရဦးမှာလဲ” ဟုဆိုသည်။ “ကျွန်တော့်အတွက် မမမြတို့၊ စိမ်းညက်တို့သာ လှမ်းမေးကြည့် ပေတော့။ ခင်ဗျားတို့ နေ့ခင်းမှ လာလာ၊ ညမှ လာလာ၊ လာချင်တဲ့အချိန်မှ လာ။ ကျွန်တော့်ကို ဘာမျှ တောင်းပန်နေစရာ၊ အားနာ နေစရာ မလိုဘူး” ဟု ပြန်ပြော လိုက်မိသည်။ အစ်ကိုလတ်သည် ကျွန်တော်နှင့် အစ်ကိုလေးကို အခြား မောင်နှမများထက် ပို၍ ဂရုစိုက်သည်။ အချိန်ရသည့်အခါ အနည်းဆုံး တစ်ပတ်တစ်ကြိမ် ဖုန်းဆက်လေ့ရှိသည်။

ပိုမို၍ တိတိကျကျ ဆိုရသော် သူ့ကိုယ်ရေးအရာရှိက ဖုန်းဆက်လေ့ရှိသည်။ မနက်က ဆွမ်းကျွေးတွင်မူ မမမြနှင့် သူ့မောင်က အစစ အရာရာ ဦးဆောင်လုပ်ကိုင် သွားကြပုံရသည်။ ကျွန်တော်က အိမ်ရှေ့ သရက်ပင်အုပ်ထဲတွင် ထိုင်ရင်း လှမ်းကြည့်နေမိလိုက်သည်။ အစ်ကိုလေးမိတ်ဆွေ တချို့မူ ပြန်ခါနီးတွင် ကျွန်တော့်ကို လာနှုတ်ဆက်ရင်း ကျွန်တော်နှင့် ဟိုဟိုဒီဒီ စကားပြောဖြစ်ကြသည်။ အစ်ကိုလေးအတွက် ဆွမ်းကျွေးချင်ရှာသော ညီမကလေး စိမ်းညက်မှာ အစ်ကိုကြီးနှင့် အစ်ကိုလတ်တို့ နောက်မှ ရောက်လာသည်။ သူ့ ဒိုဘာမင်ခွေးကြီး နေမကောင်းသဖြင့် တိရစ္ဆာန် ဆေးကုမှ မိတ်ဆွေထံ ခေါ်သွားနေရသောကြောင့် နောက်ကျသွားသည်ဟု ဆိုသည်။ မမမြမှာ မနက်အစောကြီးကပင် ရောက်လာသော်လည်း၊ အစ်ကိုကြီးမှာမူ ဂေါက်ရိုက်ရန် ချိန်းပြီးသား ဖြစ်နေသည်က တစ်ကြောင်း၊ တစ်ပတ်လုံး ဤတစ်ရက်သာ ဂေါက်သီးရိုက်ရသည်က တစ်ကြောင်းတို့ကြောင့် နေ့ခင်း တစ်နာရီသာသာမှ ရောက်လာသည်။ အစ်ကိုလတ်ကမူ အစည်းအဝေး ပြီးသည်နှင့် တန်းလာသဖြင့် ဆယ့်နှစ်နာရီသာသာတွင် ရောက်လာသော်လည်း ဆွမ်းကျွေးအတွက် ဧည့်သည်များ ပြန်ကုန်ကြပြီ ဖြစ်သည်။ အစ်ကိုလတ် ရောက်သောအခါ ကားပေါ်ကဆင်းသည်နှင့် အိမ်ထဲ မဝင်သေးဘဲ၊ ကျွန်တော် ထိုင်နေရာ သရက်ပင်အောက်မှ တန်းလျားဆီသို့ တန်းလာသည်။ ကျွန်တော့်ဘေးတွင် ဝင်ထိုင်ရင်း “နေကောင်းလား ညီလေး” ဟုမေးလိုက်သည်။ “ကောင်းပါတယ်၊ ကိုလတ်” ဟု ကျွန်တော် ပြန်ဖြေလိုက်ပြီးနောက် ကျွန်တော်တို့ ညီအစ်ကိုနှစ်ယောက် အကြားတွင် ပြောစရာစကားလုံးများ ပျောက်ဆုံးသွားခဲ့ပုံရသည်။ အတော်ကြာမှ အစ်ကိုလတ်က “ခွေးမ မရောက်သေးဘူးလား” ဟု စိမ်းညက်ကို ရည်ညွှန်း၍ မေးလိုက်သောအခါ ကျွန်တော်က ပါးစပ်က ပြန်မဖြေတော့ပဲ အသာ ခေါင်းခါ ပြလိုက်မိသည်။ အတော်ကြာအောင် ကျွန်တော်တို့ညီအစ်ကို အကြားတွင် ဘာသာစကားများ ပျောက်ဆုံးသွားပြီးနောက်၊ အစ်ကိုလတ် သည် သူ့ဘာသာ “အော် ... ငါးနှစ်၊ ငါးနှစ်တောင် ကြားသွားပြီကိုး” ဟု သူ၏သိမှုအတွင်း ရှိနေခဲ့သော ပျောက်ဆုံးနေခဲ့မှု တစ်ခုကို ပြန်လည် ကောက်ယူရန် လိုက်ရှာလိုက်သည်။ ထို့နောက်မှာ ကျွန်တော်တို့ထိုင်နေရာ သရက်ပင်နှင့်တည့်တည့် ခပ်လှမ်းလှမ်းတွင်ရှိသော ပိတောက်ပင်ကြီး အောက်မှ ခုံတန်းလျားလေးအား လှမ်းကြည့်နေတော့သည်။

“မင်းက ပိတောက် မကြိုက်ဘူး၊ ကြည်နူးကတော့ ဟိုမှာပဲ ထိုင်လေ့ရှိတယ်။ တစ်ခါတလေ မင်းက ဒီမှာ၊ ဟိုကောင်က ဟိုမှာ ထိုင်နေ ကြတာကို ဖေဖေတို့ မေမေတို့ပါ အိမ်ထဲက လှမ်းကြည့်ရင်း ရယ်စရာတွေ ပြောရသေးတယ်၊ မဟုတ်ဘူးလား” ဟု အစ်ကိုလေးက ပြောရင်း ကျွန်တော့် ပုခုံးကို ပုတ်လိုက်သည်။ ကျွန်တော်က ဘာမျှပြန်မပြောဘဲ ပြုံးပြလိုက်မိသော်လည်း အစ်ကိုလတ်စကားကြောင့် အစ်ကိုလေးများ ပိတောက်ပင် အောက်မှ ခုံတန်းလျားကလေးတွင် ထိုင်နေသည်လားဟု စိတ်ထဲဖြစ်လာ မိသည်။ လှမ်းကြည့်လိုက် မိသည်။ ကျွန်တော် ကြည့်နေမိသည်မှာ မည်မျှ ကြာသွားခဲ့သည်ကို မသိ။ အစ်ကိုလတ်က “ကြည်နူးအခန်း မင်းသော့ပိတ်ထားတုန်း ပဲလား။ ကိုလတ် ကြည့်ချင်တယ်” ဟု ပြောသံကြားမှ အနားတွင် အစ်ကိုလတ်ရှိကြောင်း သတိရလိုက်မိတော့သည်။ ကျွန်တော်တို့ နှစ်ယောက်သား အိမ်ဘက်သို့ လျှောက်လာကြစဉ် အစ်ကိုလတ်က မေးပြန်သည်။ “သူ့အခန်းကို ဒီအတိုင်းပဲ ထားသလား” “ဒီအတိုင်းပဲ ထားတယ်ကိုလတ်။ လေငြိမ်တဲ့ လကွယ်နေ့ညနဲ့ ကြုံတဲ့အခါတော့ အစ်ကိုလေး လုပ်သလို ပြတင်းပေါက်ဖွင့်ပြီး ပြတင်းပေါက်ဘောင် ပေါ်မှာ ဖယောင်းတိုင်ကလေး တစ်တိုင် ထွန်းတဲ့အခါ ထွန်းတယ်” ဟု ကျွန်တော် ဖြေလိုက်သောအခါ အစ်ကိုလတ်သည် ဘာမျှ ပြန်မပြောဘဲ ကျွန်တော့် ပုခုံးအား လှမ်းဖက်ထားပြီး သူ့လက်ဖြင့် ခပ်သာသာ ညှစ်လိုက်သည်။

အစ်ကိုလေး၏ အခန်းထဲတွင် ကျွန်တော်တို့ နှစ်ယောက်သား ကြည့်နေကြစဉ် အစ်ကိုကြီး၊ မမမြနှင့် ညီမကလေးစိမ်းညက်တို့ ဝင်လာ ကြသည်။ ကျွန်တော်နှင့် အစ်ကိုလတ်တို့က သူတို့အား ကြည့်လိုက်သောအခါ အစ်ကိုကြီးက ခေါင်းညိတ်၍ ပြုံးပြလိုက်ပြီး၊ ကျန်လူများ ကပါ အနက်တစ်စုံတစ်ရာ ဖော်၍ရမည် မဟုတ်သည့် အပြုံးမျိုးဖြင့် သူတို့၏ မျက်နှာများတွင် ခြယ်သလိုက်ကြသည်။ ကျွန်တော်က အခန်းထောင့် တစ်နေရာတွင် လက်ပိုက်၍ သူတို့ကို အသာရပ်ကြည့်နေမိသည်။ အစ်ကိုလေး၏ ဆွဲလက်စပန်းချီကားများ၊ စာအုပ်များ မှအစ၊ အစ်ကိုလေး အခန်းမှာ ည သူထွက်သွားသည့် နေ့ကတည်းကအတိုင်း ကျွန်တော် ထားသည်။ အားလုံးက ပြတိုက်တစ်ခုလို သဘောထားပြီး လျှောက်ကြည့်နေကြသည်ကို ကြည့်ကာ ကျွန်တော့်ဘာသာ ပြုံးလိုက်မိသည်။ ကျွန်တော်ရပ်၍ ကြည့်နေသည်ကို သတိထားမိသော စိမ်းညက်က ကျွန်တော့်နားသို့လာကာ ကျွန်တော့်လက်ကိုကိုင်ရင်း “ကိုကို နေကောင်းလား” ဟု မေးသည်။ “နင် လူမှုရေးသိပ္ပံနဲ့ ပါမောက္ခ ဖြစ်တာလား၊ အစ်ကိုကြီးလို သမားတော်ကြီး ဖြစ်သွားတာလား” ဟု ကျွန်တော်က ပြန်မေးသောအခါ စိမ်းညက်က ဘာမျှပြန်မပြောသော်လည်း အစ်ကိုလတ်ကလှည့်၍ ပြုံးပြသည်။ အစ်ကိုလတ်ကပင် ဦးဆောင်၍ အစ်ကိုလေး အခန်းထဲမှ ထွက်လာသောအခါ ကျွန်တော်တို့အားလုံး သူ့နောက်လိုက်၍ ထွက်လာခဲ့ကြပြီး၊ ကျွန်တော်က အစ်ကိုလေး၏ အခန်းတံခါးကို သော့ပြန်ပိတ်နေစဉ် စိမ်းညက်ကရပ်၍ ကျွန်တော့်ကို စောင့်နေသည်။

စားသောက်ပြီး၍ ပြန်ကြမည်ဆိုသောအခါ အစ်ကိုကြီးမှာ ထုံးစံအတိုင်း ရှေ့ဆုံးကဖြစ်သည်။ သူ့တွင် အရေးကြီးသောကိစ္စ မြောက်မြားစွာ ရှိသည့်အထဲ၌ သူ့ညီအစ်ကိုမောင်နှမများမှာ နောက်ဆုံးလောက်တွင်သာ ရှိနေတတ်သည်။ သူနှင့် ရှေ့ဆင့်နောက်ဆင့် အစ်ကိုလတ် ပြန်သွားသည်။ စိမ်းညက်ကမူ ထုံးစံအတိုင်း ချန်နေရစ်သည်။ အမြဲလို နောက်ဆုံးမှ ပြန်တတ်သည်။ အစ်ကိုလေးနှင့် ကျွန်တော့်ကို အခြား အစ်ကိုများထက် ပို၍ သံယောဇဉ်ရှိပုံရသည်။ ကျွန်တော်နှင့် အစ်ကိုလေးကလည်း သူ့အပေါ် သံယောဇဉ်အရှိဆုံး ဖြစ်သည်။ အစ်ကိုကြီးတို့ ပြန်သွားကြပြီးနောက် ညီမလေး မစိမ်းညက်နှင့် ကျွန်တော်တို့ နှစ်ယောက်သား အကြာကြီးထိုင်၍ ငယ်ငယ်က အကြောင်းများ ပြောနေခဲ့မိကြသည်။ စိမ်းညက်က ပြန်ခါနီးတွင် “ကိုကို၊ ကိုကိုလေးရဲ့ ပျော်ရွှင်ခြင်းတွေ ရှိသေးလား” ဟု ပြောသောအခါ သူ့ကို ငယ်ငယ်က ဂါဝန်တိုကလေးဝတ်၍ ကစားလေ့ရှိသော ကောင်မလေးတစ်ယောက်လို ပြန်၍မြင်လိုက်မိသည်။ “ဟောလစ်ပုလင်း လွတ်ကြီးထဲမှာ သိမ်းထားတာလေ” ဟု ကျွန်တော်က ပြန်ဖြေလိုက်မိသည်။ စိမ်းညက်က ဘာမှမပြောတော့ဘဲ ပြုံးနေပြီးနောက် အသာပင် ကားပေါ်တက်ပြီး မောင်းထွက်သွားတော့သည်။ “သွားမယ်”၊ “ပြန်မယ်” စသဖြင့် နှုတ်ဆက်ခြင်းကို ကျွန်တော် မကြိုက် ကြောင်း သူသိထားသဖြင့် ကျွန်တော်ကို နှုတ်မဆက်တော့ဘဲ၊ ကားပေါ်မှ အသာ လက်ပြသွားတော့သည်။

မနက်က အကြောင်းများ၊ အစ်ကိုလေး ကိုကြည်နူး၏ အကြောင်းများ၊ ကျွန်တော်တို့ အကြောင်းများ သတိတရ ရှိနေစဉ်မှာပင် နေသည် နေ့ကို မျက်ကွယ်ပြုလိုက်ပြီ ဖြစ်သဖြင့်၊ ညသည် ည၏ရှိနေမှုကို သက်သေပြရန် တိုးတိုးတိတ်တိတ် ရောက်လာခဲ့သည်။ အေးသောလေ တချို့သည် ည၏ ရှိခြင်းကို သတိပေးရန် ရှေ့ဆုံးမှ လာခဲ့သည်ထင်၏။ ကျွန်တော်သည် ကန်ရေပြင်ကို ငေးနေရင်း လက်ထဲတွင် ပိုက်ထားသော ဟောလစ်ပုလင်းကြီး အလွတ်တစ်လုံးကို သတိရမိလိုက်သည်။ ထိုပုလင်းမှာ အစ်ကိုလေးက ကျွန်တော့်ကိုပေးထားသော ပုလင်းကြီးဖြစ်သည်။ ကျွန်တော်တို့ငယ်စဉ်က ပျော်စရာကောင်းသော အခါ ပျော်စရာကောင်းသော အကြောင်းများ ရှိခဲ့လေတိုင်း အစ်ကိုလေးသည် “ပျော်ရွှင်စရာတွေ နည်းနည်းသိမ်းထားဦးမယ်” ဟုဆိုကာ ထိုဟောလစ်ပုလင်းကြီးထဲတွင် သိမ်းလေ့ရှိသည်။ ကျန် ညီအစ်ကိုများနှင့် ညီမကလေး စိမ်းညက်ကမူ ရယ်စရာတစ်ခုဟု သဘောထားကြ ပုံရသည်။ ကျွန်တော်ကမူ ရယ်စရာဟု တစ်ခါကမျှ မထင်မိခဲ့။

တစ်ခါကမူ အစ်ကိုလေးအား “ဘာလို့ ပျော်ရွှင်ခြင်းတွေ သိမ်းထားရတာလဲ” ဟု မေးကြည့်ခဲ့ဖူးသည်။ “လောကမှာ တခြားဟာတွေက ဝယ်လို့ရတယ်။ ရှာလို့ရတယ်။ ပျော်ရွှင်ခြင်းဆိုတာ လိုချင်တိုင်း မရနိုင်ဘူး ညီလေး၊ ဒီတော့ ရတုန်း သိမ်းထားရတာပေါ့” ဟု ဖြေသည်။ ငယ်ငယ် ကတည်းက အစ်ကိုလေး လုပ်လာခဲ့သော အပြုအမူတစ်ခု။ ထိုဟောလစ်ပုလင်းကြီးကို သူ့ခုတင်အောက်တွင် သိမ်းထားလေ့ ရှိသည်။ သူ ကျောင်း ဆရာအလုပ်မှ ထွက်၍ အချိန်ပြည့် ပန်းချီဆရာအဖြစ် နေတော့မည်ဟု ဆုံးဖြတ်သောညက ကျွန်တော်တို့ ညီအစ်ကိုနှစ်ယောက်သား ဝီစကီ သောက်နေကြရင်း သူ့ခုတင်အောက်မှ ဟောလစ်ပုလင်းကြီး ထုတ်ယူလာပြီး ကျွန်တော့်ကိုပေးသည်။ “ဘာလို့လဲ” ဟု ကျွန်တော်က မေးသောအခါ “အစ်ကိုလေးက ပန်းချီဆရာ လုပ်တော့မှာ။ ဒီတော့ အစ်ကိုလေးမှာ ပျော်ရွှင်စရာအတွက် ပူပင်စရာ မလိုတော့ဘူး။ ကြေကွဲစရာတွေကို ကြောက်နေဖို့ မလိုတော့ဘူး။ ဘဝဟာ အစ်ကိုလေးအတွက် ခံစားစရာ တွေချည်း ဖြစ်တော့မှာ” ဟု ပြောသည်။ ကျွန်တော်က ဒီပျော်ရွှင်ခြင်းများကို ဘာလုပ်စေချင်သလဲဟု မေးသောအခါ အစ်ကိုလေးက “ညီလေး သဘောပဲ”ဟု ပြောခဲ့သည်။ ထိုစဉ်ကတည်းက ကျွန်တော့် လက်တွင် အစ်ကိုလေး စုဆောင်းထားသော ပျော်ရွှင်ခြင်းများ ပုလင်းနှင့် တစ်လုံး ရှိခဲ့သည်။

တစ်နည်းပြောရသော် အစ်ကိုလေး ပျောက်ဆုံးသွားသည်မှာ ငါးနှစ်ကြာခဲ့ပြီ ဖြစ်သော်လည်း သူ၏ပျော်ရွှင်ခြင်းများမှာ ပုလင်းနှင့်တစ်လုံး ကျွန်တော်ထံတွင် ရှိနေသေးသည်။ ကျွန်တော်ကမူ ထိုငါးနှစ်တာ ကာလအတွင်း ပျော်ရွှင်ခြင်း၊ ကြေကွဲခြင်းများ မရှိဘဲ၊ မျှော်လင့်ခြင်း သက်သက်ဖြင့်သာ နေ့နှင့်ည ကာလပေါင်းများစွာ၏ ရှိခြင်းကို လက်ခံထားရှိခဲ့သည်။ ယခုသော် အစ်ကိုလေး၏ ပျော်ရွှင်ခြင်းများသည် အစ်ကိုလေးကို လိုက်လံရှာဖွေကာ အစ်ကိုလေးနှင့်အတူ နေကြစေချင်ပါတော့သည်။ အစ်ကိုလေးနှင့် အတူတကွ ကျွန်တော်ထံ ပြန်လာ မည်ဆိုသော် ကျွန်တော် ဝမ်းသာစွာ ကြိုနေပါမည်။ အစ်ကိုလေးကဲ့သို့ ကျွန်တော်သည် ဘဝကိုခံစားတတ်သူ ဖြစ်မည်ဖြစ်သော်လည်း ကျွန်တော်၏ ဖြစ် – ရှိနေရခြင်းအတွင်း၌ မျှော်လင့်၍သာ နေချင်ပါသည်။ လူသည် အနာဂတ်အတွက် ရှင်သန် နေကြသည်ဟုဆိုလျှင် ကျွန်တော်သည် ပစ္စုပ္ပန် အမြဲလိုပင် ဝမ်းသာစရာ၊ ကြေကွဲစရာများဖြင့် ပြည့်လျှံနေတတ်ပါသည်။

အစ်ကိုလေး၏ ပျော်ရွှင်ခြင်းပုလင်းကြီးကို အဖုံးဖွင့်၍ ရေကန်စပ်တွင် ကျွန်တော် ချထားလိုက်ရင်း တစ်စထက်တစ်စ မှောင်လာသဖြင့် ကန်ရေပြင်သည် အလင်းရောင်ကို တုံ့ပြန်ရမည့်တာဝန် မရှိတော့ကြောင်း ကျွန်တော် သတိထားမိလိုက်သည်။ ပုလင်းထဲမှ ပျော်ရွှင်ခြင်း ပေါင်း မြောက်မြားစွာမှာ ည၏နက်မှောင်နေခြင်း အတွင်းသို့ တိုးဝင်ရင်း ပျောက်ကွယ်သွားကြသည်ကို ကျွန်တော် မတားမြစ်နိုင်ပါ။ ည၏ နက်မှောင်နေခြင်းအတွင်း တိုးဝင်ပျောက်ကွယ် သွားကြကုန်သည်များ အားလုံးကို ကျွန်တော် ဝမ်းနည်းစွာဖြင့် သတိရနေမိပါတော့မည်။ အကယ်၍နှင့် အကယ်၍သာလျှင် မနက်ဖြန်သည် ယနေ့ကဲ့သို့ပင် နေ့တစ်နေ့ ဖြစ်ခဲ့မည်ဆိုသော ဝမ်းနည်းခြင်း၊ မျှော်လင့်ခြင်း၊ တမ်းတခြင်း အားလုံးတို့ကို ကျေနပ်သာယာစွာ လွမ်းဆွတ်ရခြင်းတစ်ခု အဖြစ်သာ ကျွန်တော်က သိမှတ်ခံစား၍သာ နေပါတော့မည်။ ည၏ နက်မှောင်နေခြင်းသို့ ညင်သာစွာဖြင့် တိုးဝင် မသွားကြပါနှင့်တော့။ ညှိုးနွမ်းစပြုလာသော အလင်းရောင်များကိုသာ ဒေါမနဿ ပွား၍ နေကြပါလေတော့။

မြင့်သန်း

ပင်မစာမျက်နှာသို့ပြန်သွားမည် >>