Lotayamm

search
မာတိကာ

contents

ထိပ်ဆုံးစာမျက်နှာ > ဝတ္ထုများ

ကိုသော်တာ
Chapter 1
ခင်ခင်ထူး

(၁)
တစ်ရက်မှာ မမဂျူး (ဒေါ်ဂျူလီထွန်း) ကျွန်မတို့ အိမ်ရှေ့ကို ကားတစ်စီးနှင့် ပေါက်ချ လာပါ၏။ ကားပေါ်က ဆင်းဆင်းချင်းပင် ကန်တော်ကြီးဘက် သွားရအောင် ဆိုလေသည်။

မမဂျူးက သစ်ပငိစိုက် ဝါသနာကြီးသည်။ လှနိုးလှရာ၊ ကောင်းနိုးကောင်းရာ သစ်ပင်တွေ ဝယ်ယူကာ ဝေဝေဆာဆာ စိုက်ပျိုးလေ့ရှိသူ ဆိုတော့ ကျွန်မနှင့် ဝါသနာတူသည်။ ကျွန်မတို့အိမ် မြေတစ်လက်ဝါး လောက်မှာ ရနိုင်သမျှ အပင်တွေ စိုက်ပျိုးထားတာပင် မနည်း တော့ပါ။

"ဟေ့ ကိုသော်တာဆီ သွားမလို့ လိုက်ဦးမလား ... ကြာပင်တွေ ပျိုးခိုင်ထားတာ ရလောက်ပြီကွ၊ ကြာပင်တွေ ထည့်စရာ ရေပုံး ပါ တစ်ခါတည်း ယူလာခဲ့တယ်ကွာ မရသေးတော့လည်း ဖွားဖက်တော်ပင် ရှာကြတာပေါ့"

မမဂျူး သည်လို ကားနှင့် ရောက်လာပြီး ကိုသော်တာဆီ သွားရအောင် ဆိုလေတိုင်း ကျွန်မကလည်း တစ်ခါမှ ငြင်းခဲ့သည် မရှိခဲ့။ ကောက်ခနဲ ထလိုက်သွားတတ်မြဲ ဖြစ်ပါ၏။ ကိုသော်တာ ဆိုတာက မန္တလေး ကန်တော်ကြီး ပျိုးပင်ဆိုင်တန်း များစွာထဲက တစ်ဆိုင်မှာ ပျိုးပင်ရောင်းသူ ဖြစ်ပါသည်။ သူက ပျိုးခြံပိုင်ရှင်တော့မဟုတ်။ တောသားလူရိုးကြီးဖြစ်၍ ပျိုးခြံစောင့် ဆိုလည်း ဟုတ်၊ ပျိုးခြံ အလုပ်သမား ဆိုလည်း ဟုတ်သည်။ သဘောသကာယ ကောင်းသလောက် သူ့ခြံက အပင်တွေ ရောင်းရသည် ဖြစ်စေ၊ မရောင်းရသည် ဖြစ်စေ မလှုပ် တလှုပ် ရှိတတ်သူ ဖြစ်ပါ၏။ ကျွန်မတို့အိမ်က သစ်ပင်တော်တော်များများများ ကိုသော်တာ့ပျိုးဆိုင် မှ ဝယ်ယူ စိုက်ပျိုးသည့် သစ်ပင်တွေ များပါသည်။

ကျွန်မတို့ မြို့သစ် ဝိုင်းကလေးဆီ ပြောင်းရွှေ့ကြတော့မည် ဆိုတော့ အိမ်က နောက်မှ ဆောက် သစ်ပင်ကို အရင် စိုက်ပျိုးခဲ့ကြရသည်။ နွေမှာ အလွန်ပူပြင်းလှသော မန္တလေးမြို့မှာ အရိပ်ဝေဝေ အခက်ဖားဖား အုပ်အုပ်ဆိုင်းဆိုင်း သစ်ပင်ကို အရင် ရှာရပါ၏။ သည်တော့ အိမ်ဆောက်တော့မည်စိတ်ကူးသည်နှင့်ကျွန်မမှာပျိုးပင်ဆိုင်တွေကိုပြေးကာ အရိပ်ရပင်ရှာကာ၊ သူ့နေရာနှင့်သူ့အပင် ဉာဏ်မီသလောက် စိုက်ရတော့သည်။ သည်မှာ ကိုသော်တာနှင့် စတင် မိတ်ဖွဲ့ခဲ့ရခြင်း ဖြစ်ပါသည်။

"အရိပ်ရ သစ်ပင်တွေ လိုချင်လို့"
"သစ်ပင် မှန်ရင် အကုန် အရိပ်ရတာ ချည်းပဲပေါ့ဗျာ ခင်ဗျားက ဘာပင် လိုချင်တယ် ပြောမှ ကျုပ်က ဟောသာတော့ ရှိသဗျာ ပြနိုင်မှာ ပေါ့"

လူက စတွေ့တာနှင့် ငေါက်တောက်တောက် လုပ်နေတော့ ဘယ်လိုလူပါလိမ့်လို့ ကျွန်မ အကဲခတ် ရသည်။ ကြည့်လိုက်တော့ စွပ်ကျယ် ကို ဗိုက်ပေါ် တင်ထားပြီး ပုဆိုးတိုတိုကို ခါးပုံစ ရှည်ရှည်ချကာ ဖရိုဖရဲနှင့် ဖြစ်၏။ မျက်နှာက ညိုညစ်ညစ်၊ လူက ပါးပါးလျားလျား၊ ဆံပင် တွေက သည်ခေတ်လူငယ်တွေ Gel နှင့် ထောင်ထားတာ မျိုးလို မဟုတ်ဘဲ ကောင်းကင်ကို ညှောင့်ထောင်ထားတာမျိုး၊ ပေါ်နေသည့် ဗိုက်က ကြေး တွေကို လက်တစ်ဘက်နှင့် ကုတ်ခြစ်နေတာရှိသေး။

"ပိတောက်ပင်တို့ ဘာတို့ပေါ့ရှင့် ... ပျိုးပင် ရောင်းနေပြီး အရိပ်ရပင် ဘာ ... ဘာ ... ဘာ ... အကြံပေးဦးမှပေါ့ ရှင့်ဟာက"

ကျွန်မ ခပ်ဆတ်ဆတ်ကလေး ပြန်မေးလိုက်တာ့ ကိုသော်တာ ပုံက "ရော် ခက်တော့ ခက်နေပါပြီ ... ဘယ်လို မိန်းမနဲ့ လာတွေ့နေပါ လိမ့်" ဆိုသည့် ပုံစံမျိုး၊ ဗိုက်ကို တွင်တွင် ကုတ်နေတာကလွဲလို့ စကားပြန် မကြားရ။ ကျွန်မလည်း ခြံထဲ တခြားလူတစ်ယောက်ယောက် ရှိလိုရှိငြား မျက်လုံး ကစားကြည့်တော့ လူရိပ်လူယောင် အစအန မမြင်ရ။ ကိုသော်တာ ထံမှလည်း ဘာစကားသံမှ မကြားရဘဲ ပြောစရာ စကား ကုန်သွားသလို ငူငူကြီး ပေရပ်နေလေ၏။ ကျွန်မ ပန်းလာဝယ်တာကိုပင် ရှုပ်လိုက်တာလို့ တွက်ပုံ ရပါ၏။ မျက်နှာက မှုန်သိုးသိုး။ ခြံထဲမှာတော့ အပင်တွေက အတော်စုံပါသည်။ နှင်းဆီတွေ၊ အင်ဒိုနီးရှား စံကားပင် တွေလို ပန်းပင်တွေကတော့ အပွင့်စုံ၊ အရောင်စုံ၊ ဟော့ ခြံထောင့်မျာ ပိတောက်ပင်ကြီး လူ့တစ်ရပ် လောက်တောင် ရှိသည်။

"ဟိုမှာ ပိတောက်ပင်တွေ ရှိသားပဲ"
"ရှိသားပဲ ကျုပ်က မရှိဘူး မပြောရပေါင် ခင်ဗျားဘက် ဘာမှ မပြောလို့ အသာ ငြိမ်နေရသာ"
"ဟောတော် ကျွန်မက ရှင့်ခြံမှာ အပင်တွေ လာကြည့်မှတော့ ဝယ်မှာမို့မေးနေတာလေ ... ရှင်က အပင် တွေ လိုက်ပြလို့ ရှင်းပြလို့ ရှိရမှာပေါ့ ရှင်က အပင်သည်ပဲ"
"နေဦး နေဦး ... ကျုပ်က အပင်သည် မှုတ်ဖူးဗျ ... အလုပ်သမားရယ်"
"ကိုင်း ... ဒါဖြင့်လည်း အပင်သည် ဖြစ်ဖြစ်၊ ပိုင်ရှင် ဖြစ်ဖြစ် ခေါ်ပေးရှင်၊ ခြံရှင်ရှိတယ် မှုတ်လား"
"ရှိသား ထင်ပါရဲ့"
"ခေါ်လိုက်လေ"
"ဗြုန်းဆို ခေါ်လို့ဖြစ်တာ မှုတ်ဘူး တွေ့ချင်ရင် ဖဲဝိုင်း လိုက်သွားမှ ဖြစ်တာ၊ ကနေ့ ဘယ်အိမ်မှာ ရိုက်သယ်တော့ မပြောတတ်ဘူး"
" ကျွန်မက ဘာကြောင့် သူ့ဖဲဝိုင်း လိုက်သွားရမှာတုံးရှင့် ... သစ်ပင် ဝယ်မလို့ လာတာကို"
"အစ်မပဲ ခြံရှင် တွေ့ချင်တယ်ဆို ဖဲရိုက်သာက ဝါသနာပါဗျာ၊ ကြေးကြီးမရိုက်ပါဘူး၊ မနေ့ကတော့ ရှုံး ဆိုလား ရှုံးမှာပေါ့ သူက ... "
"ကိုင်း ... ကိုင်း ... ကိုင်း ... ဖဲစာရင်း ချပြမနေပါနဲ့တော့ အဲဟိုက ပိတောက်ပင် ဘယ်လောက်လဲသာ ပြောပါ ကိုယ်တော်ရယ် ကြာလွန်းလို့"
"ဘယ်ပိတောက်ပင်များ ပြောနေသာပါလိမ့်"
"ဟောတော့ ဟိုမှာလေ ပိတောက်ပင်ကြီး လူ့တစ်ရပ်လောက် အပင်ဟာကော"
"အဲသာက ဝယ်သာတော့ ဟုတ်ပါရဲ့ အစ်မကြီးအိမ်မှာ စိုက်ပေးနိုင်သူ ရှိလို့လား လူလိုမှာနော"
"ဖြစ်ရလေ ရှင်အပိုင်းသာ ရှင်ပြောပါ လူလိုတာ ကျွန်မ ကိစ္စပါ"
"စေတနာနဲ့ ပြောသာဗျ တစ်လောက တလုပ်မ မကျင်မှိန် ဆိုသာ ကျုပ်တို့ ခြံရှင်နဲ့ ခင်လို့ ပိတောက်ပင် လာဝယ်သာ အိမ်ကျတော့ မစိုက်တတ်တော့ သေရော ... ပိုက်ဆံတော့ မနည်းပေးပြီးသား သေတော့ ခြောက် ကရော"
"သစ်ပင် သေမှတော့ ခြောက်ကရောပေါ့ ... ကိုင်းပါ ဈေး ပြောပါဦး"

ကိုသော်တာက ကျွန်မလိုချင်သည့် အပင်ကို အနားထိ လိုက်ကြည့်သည်။ အပင်က သန်သန်စွမ်းစွမ်း၊ ပလတ်စတစ်အိတ် ထူထူကြီး ထဲက အမြစ်တွေ ကွဲထွက်နေကြပြီး အိမ်ရောက်လျှင် ကျင်းနက်နက်တူး၊ မြေဆီ ထည့်ပြီး ငြိမ်နေအောင် စိုက်ရမည်။ ကျွန်မ စိတ်ကူးနှင့် ကျွန်မ သစ်ပင် စိုက်ကြည့်နေခြင်း ဖြစ်ပါ၏ ကျွန်မ စိတ်ထင် လာမည့်နှစ်မှာပင် အပွင့်ပြနိုင်မည်ဟု ထင်သည်။ ပိတောက်နံ့ သင်းသင်း ကိုပင် ကျွန်မ စိတ်ထဲ ရသလိုလို။

"ပိတောက်နံ့ ကို ကျွန်မကြိုက်တယ် နောက်နှစ်ဆို ပွင့်လောက် ကောင်းပါရဲ့"
"ပိတောက်နံ့က အီတောက်တောက် ပါဗျာ နောက်နှစ် ပွင့်မပွင့်တော့ ကျုပ်လည်း ဘုရား ရဟန္တာ မဟုတ်လို့ မပြောနိုင်ဘူးဗျ"
"ဘုရား ရဟန္တာတော့ မဟုတ်ဘူးပေါ့ရှင် ရှင့်အတွေ့အကြုံ အရတော့ သိရမှာပေါ့ ... ရှင့်နှယ် ..."

ကျွန်မ အိမ်သားကလည်း အရိပ်ကောင်းကောင်း ရမည့် ပိတောက်ပင် ဘယ်လောက် ပေးရပေးရ ဝယ်ခဲ့ပါဟု မှာထားတော့ ကျွန်မ ပိတောက်ပင်ကို ဈေးတည့်လျှင် ဝယ်ဖို့ စိတ်ကူးထားသည်။ ကျွန်မက ပိတောက်ပင် ရှိရာ ပန်းခြုံတွေထဲ ဝင်လိုက်မှ ပိတောက်ပင် တစ်ထွာလေးတွေ မွစာတက်နေအောင် တွေ့လိုက်ရပါ၏။

"ဟောတော် ... သည်မှာလည်း အပင်ပေါက်တွေ ပွလို့ ကြည့်ပါဦး ဒါတွေကျတော့ မပြဘူး"
"ဟောဗျာ ခင်ဗျားပြတာ ကျုပ်က ကြည့်တာလေဗျာ တခြား ရှိသေးသလား မေးလို့လား ပိတောက်ပင်ပေါက် အပင် ၁၃၉ ပင် ရှိသာ ဟာကိုး နေဦးဗျ မနေ့က ၁၇ ပင် ရောင်းလိုက်တော့ ၁၃၉ ထဲက ၁၇ ပင်နုတ် အစ်မကြီး နုတ်ကြည့်ပါလား ကျူပ် စိတ်တွက် မရလို့ပါ။ သူဌေးနဲ့ ပိုက်ဆံ ရှင်းရမှာ "
"အမယ်လေး ထားပါတော့ ရှင်သာ ငွေနဲ့ စာရင်းကိုက်အောင် တွက်ပါ"
"အပင်နဲ့ ငွေ တစ်ခါမှ မကိုက်ပါဘူးဗျာ ကျုပ်ကျတော့ လူနိုင်များတော့ အားနာသာနဲ့ ပေးလိုက်ရသာ ချည်း ပဲ"
"နေစမ်းပါဦး ရှင့်အပင်က အဖြစ်ကော စွဲရဲ့လား တော်ကြာ ဝယ်သွားပြီး အိမ်ကျမှ သေကုန်ရင် အခက်"
"အဲဒါတော့ စိုက်ကြည့်ပေါ့ဗျ ... သူ ရှင်ချင်လည်း ရှင်မှာပဲ မရှင်ချည်း မရှင်ဘူးပေါ့ဗျာ ... လူသင်္ခါရ၊ သစ်ပင် သင်္ခါရ ပြုပြင် ဖြစ်သာ မှတ်လို့ ဘယ်ဆရတော် ပါလိမ့် ဟောသာ ... မသေခင် လှုပ်နေကြသာတဲ့"
"ဟုတ်ပါ့ရှင် တရားသဘော ပါလိုက်တာ နေပါဦး ရှင်က ဘုန်းကြီးလူထွက်လား"
"ရွာမှာ ကိုရင် ဝတ်သာ ရှိသာပါဗျာ ဝတ်လို့မှ သုံးရက် မပြည့်သေးဘူး ဝရန်တာက ပြုတ်ကျလို့ ခြေကျိုးလို့ တောင်သာမြို့ ဆေးရုံ ပြေးတက်လိုက်ရသေးသာ ဘာရှိဦးမှာတုံး ကျုပ် ဆယ်နှစ်သား"

ကိုယ်တော်က ခြေကျိုး ဇာတ်လမ်းတွဲ ခင်းနေလို့ စကားဖြတ်ရပါ၏။

"ကဲပါ ပိတောက်ပင်ကြီးပဲ ယူလိုက်ပါ့မယ် ဈေးပြောပါဦး"
"မပြောတတ်ဘူးဗျ"
"မပြောတတ်တော့ ကျွန်မ ဘယ့်နှယ့် လုပ်ရမှာတုံး"
"သည်လိုဗျ ... ခါတိုင်းတော့ ခြံက ကောင်မလေးတွေက ဈေးပြော ရောင်းလိုက်သာကိုးဗျ ... ခုဟာက ကျုပ်က မပြောတတ်ဘူး ကောင်မလေးတွေက ၆၂ လမ်းဘက် သွားကြသယ် ဘော်လီဝယ် သွားကြဆို မှတ်သာပဲ"
"မပြောတတ်လည်း ပြန်ရုံ ရှိတော့တာပေါ့လေ ဘော်လီမတွေက ဘယ်တော့ ပြန်လာကြမှာတုံး"
"မလာတော့ဘူးလေ ... ဘော်လီဝယ်ပြီး ပြန်ကြမှာတဲ့ ကဲ ... ကဲ သုံးထောင်ပေးခဲ့ဗျာ"

သုံးထောင် ...။ လူ့တစ်ရပ်လောက် နီးနီး ရှိသည့် ပိတောက်တစ်ပင် သုံးထောင် ဆိုတာကတော့ မဆစ်သာအောင် တန်လွန်းလှပါ၏။ ပိတောက်ပင် ဈေးပြတ်တော့ နောက်ထပ် သစ်ပင်လေးတွေ ကြည့်ချင်သေးလို့ ခြံထဲကို ကျွန်မတို့ ပတ်ကြည့်သည်။ ကိုသော်တာ ကလည်း လိုက်ပြသည်။ ယုဇနပင်ကလေး တွေကလည်း အရွက်စိမ်းစိမ်းမှာ အပွင့်ဖြူကလေးတွေ ဖွေးဖွေးလှုပ်လို့။ စံပယ်ပင်၊ ဇွန်ပန်း၊ နှင်းဆီပင်တွေကလည်း ဆေးကျွေး ထားလို့လား မသိ၊ အပွင့်တွေ ခဲလို့။ သည်ဘက်မှာက စားပင်တွေ ကင်ပွန်းချဉ်ပင်၊ ဆူးပုပ်ကြီးပင်။ ပြည်ပန်းညိုပင်၊ ဒန့်သလွန် စုံလို့။ ကျွန်မတို့ မြို့သစ်အိမ်မှာ တကယ်နေဖြစ်ပြီ ဆိုလျှင် လာဝယ်ပြီး စိုက်ရဦးမည်။ အခုတော့ ပိတောက် ပင်ပဲ အရင် ဝယ်ရပါမည်။ ကျွန်မက တစ်ခြံလုံး ပတ်ပြီး သစ်ပင်စုံအောင် ကြည့်ပြီးတော့ ပိတောက်ပင်ရှိရာ ပြန်လာခဲ့သည်။

"ပိတောက်ပင် က ရှင်ပြောတာ ဘယ်လောက်ပါလိမ့်"
"စောစောက ကျုပ် ဘယ်လောက် ပြောမိပါလိမ့်"

ကျွန်မ စချင်လို့ တစ်ထောင် လျှော့ပြောလိုက်သည်။

"နှစ်ထောင်ဆို ရှင်ပြောတာလေ"
"နှစ်ထောင် မကလောက်ဘူး ထင်သနော ကျုပ်ကလည်း ခေါင်းမကောင်းဘူးရယ် ငယ်ငယ်က ခေါင်းပေါ် သီးသီးပြုတ်ကျသာ မိုးကြိုးပစ် လိုက်သလား မှတ်ရသာ အဲသည်ကတည်းက နောက်တောက်တောက်ရယ်"

ကိုသော်တာ က ခေါင်းကုတ်ရင်း ပြောနေလို့ ကျွန်မက ရယ်မိပါ၏။ နောက်ထပ် ဘာမှ ပြောမနေတော့ဘဲ ငွေသုံးထောင် ပေးလိုက်တော့ အဲသလို ဖြစ်ပါလိမ့်မယ်တဲ့။ ကိုသော်တာက ပိတောက်ပင်ကြီး ထမ်းပြီး ကားပေါ် အရောက် လိုက်ပို့ပါ၏။

"နောက်လည်း လာဝယ်ပေါ့ဗျာ နော အစ်မလာရင် သော်သာရေလို့သာ လှမ်းခေါ်လိုက်နော"
"ရှင့်နာမည်က ကိုသော်တာလား နာမည် တယ်ကောင်းပါလားရှင် နေပါဦး စောစောက တောင်သာလို့ ပြောလိုက်သလားလို့ တောင်သာသားလား"
"တောင်သာ တောင်ဘက် လေးမိုင်လောက်ကပါဗျာ ... ခြံရှင်က တောင်သာသား ကျုပ်ဦးလေးနဲ့ ခင်လို့ သည် ခေါ်ထားတာ မပျော်ပေါင်ဗျာ"
"မန္တလေး နေရတာ မပျော်ဘူးလား ကိုသော်တာရယ် ရှင့်ဟာက မဟုတ်သေးပါဘူး မန္တလေးက မင်းနေပြည်တော် ရှင့်"
"မင်းနေပြည်တော် ပေသိ ကျုပ်တို့လို တောသားနဲ့ မဆီလေးရယ်တဲ့ အိုမဆိုင်ပါဗျာ ... ကျုပ်က ကိုယ့်တော ကိုယ်ပျော်သာဗျ သည်မှာ ထရေ(ထန်းရေ) ကောင်းကောင်း မရဘူး"

ကိုသော်တာနှင့် ကျွန်မ စတင် မိတ်ဆွေဖွဲ့ခဲ့ပုံက အဲသလို။

(၂)
ကိုသော်တာ ပုံက ပိန်ပိန်ရှည်ရှည်၊ ပါးရိုးငေါငေါ၊ ခါးကိုင်းကိုင်း ဆိုတော့ လမ်းသွားလျှင် လိမ်ဖည်ဖည်။ ဘယ်အချိန် သွားသွား စွပ်ကျယ် ချိုင်းပြတ် အင်္ကျီနှင့် ပုဆိုးတိုတိုပါအောင် ဝတ်ရင်း ချွေးသီးချွေးလုံးတွေက အမြဲ ပေါက်ပေါက်ကျနေတတ်ပါ၏။ နောင်အခါ ကျွန်မတို့ ရောက်သွားတိုင်းလည်း အလုပ်တစ်ခုမဟုတ် တစ်ခု လုပ်နေတတ်သည်။ မြေဩဇာတွေ ပျိုးအိတ်ထဲ ထည့်နေတာမျိုး၊ သစ်ပင်တွေ ဆေးဖျန်းနေတာမျိုး၊ အပင်တွေ ဟိုရွှေ့ ဒီရွှေ့လုပ်နေတာမျိုးပေါ့။ ပျိုးပင် ဝယ်သူလာလျှင် လုပ်လက်စအလုပ် ခဏချ၊ ပုဆိုးခါးပုံစ ဖြည်ပြီး မျက်နှာကို အရင်သုတ်၊ ပြီးတော့ ခါးယားရှည်ကြီး နွဲ့ပြီး လက်နှစ်ဖက် ခါးထောက်ထားရင်း ငူငူကြီး ရပ်နေတော့သည်။

"ကိုသော်တာ သည်အပင်က ဘာပင်တုံး"
"မပြောတတ်ပေါင်ဗျာ ... ဘာပင်ဆိုလား ပြောတော့ပြောသယ်"
"နေစမ်းပါဦး ကိုသော်တာရဲ့ ရှင်တို့ကျတော့ အပင်တွေ ဖြစ်လိုက်တာ သစ်ပင်တွေကို ဘာဆေး ဖျန်းရတာတုံး"
"အပင်ကို လိုက်လို့ပေါ့ဗျာ"
"ဘယ်လို အပင်ကို လိုက်လို့တုံး ခင်ဗျားဟာ ဘယ်အပင်ဖြင့် ဘယ်ဆေး၊ ဘယ်ဆေး ဖျန်းရတယ် ဘယ်လို စပ်ရတယ် ... အဲသလို မပြောတတ်ဘူးလား"
"ဆေးက အမျိုးမျိုးပေါ့ဗျာ ... အင်္ဂလိပ်နာမည်တွေ ဆိုတော့ ကျုပ်လည်း မခေါ်တတ်ဘူးရယ်"
"ရှင်ဖြင့် သိတယ် မရှိဘူး အပင်နဲ့ ဆေး အချိုးအစားက ဘယ်လို စပ်ရတာတုံး"
"ကောင်မလေးတွေ စပ်ပေးသာ ကျုပ်က ဖျန်းရုံ ဖျန်းရသာလေ ကောင်မလေးတွေမှ သိမှာပဲ"

ကျွန်မတို့ မြို့သစ် ပတ်ဝန်းကျင်မှာ စွယ်တော်ပင်တွေ ရှိတတ်ကြသော်လည်း များသောအားဖြင့် ပန်းဆီရောင်၊ ပန်းခရမ်းရောင်တွေသာ များပါသည်။ ကျွန်မက စွယ်တော်ဖြူ တစ်ပင်၊ နှစ်ပင် လိုချင်သည်။ ကျွန်မ ဝယ်နေကျ ကိုသော်တာ့ ပျိုးဆိုင်က အဖြူမျိုး ရှိတယ်ဟု ဆိုလေ၏ တွေ့လည်း တွေ့ပါ၏ အပင်က တောင်ဆုပ်လောက်။ အဖြူပင် သေချာတယ်နော် ဆိုတော့ ဟုတ်ကောင်းပါရဲ့တဲ့။

"ကိုသော်တာရယ် ပန်းရောင်းပြီး ဟုတ်ကောင်းပါရဲ့ ဆိုတော့ ဘယ်သူက ဝယ်မှာတုံး"
"ကျုပ်က မသိဘူး အစ်မရဲ့ ... အပင်က ပွင့်မှသာလျှင် ဒါတော့ ဖြူသဟဲ့၊ ဒါကတော့ ညိုသဟဲ့ သိမှာပေါ့ဗျ"
"ဟောတော် ... ဒါဆို အခုရွေးထားတဲ့ စွယ်တော်က အဖြူ မဟုတ်ဘူးပေါ့"
"အဲဒီလိုလည်း အာမဘန္တေမခံဘူး ... ပွင့်မှ ယူပါလားဗျာ ... သေချာအောင်"
"အဲဒါတော့ ခင်ဗျား ပြောမှလား ... ခက်ပါကော.. ကိုသော်တာရယ် ... ဟိုဘက်ခြံတွေမှာ စွယ်တော်ဖြူ သွားမေးပေး စမ်းပါ"
"ကျုပ်နဲ့ မတည့်ဘူးဗျ ... အဲဒီဘက်က မိန်းမတွေက ခွစာတွေ ... ကျုပ်ကို အညာသားလို့ ခေါ်ကြသာ"
"အညာသား ခေါ်တာနဲ့ မတည့်ရောလား ကိုသော်တာရယ် ... ချစ်ခင်လို့ ခေါ်ကြတာ နေမှာပေါ့"
"သူတို့လည်း မြင်းခြံသူတွေပါဗျာ ...သည်ရောက်မှ ရန်ကုန်သူတွေ ပြောနေလို့ ကျုပ်က မြင်ပြင်းကပ်သာနဲ့"
"သူတို့က တကယ် ရန်ကုန်သူတွေ နေမှပါ"
"မဟုတ်သာဗျာ ... သူတို့ ဘိုးအေနဲ့ ကျုပ်တို့ ဘိုးအေ နွားပွဲမှာ အတူတူ နွားအလဲအထပ် ကြတဲ့ဟာ မသိရှိပါမလား ... လူဆိုတာ ဇာတိ မဖျောက်ကောင်းဘူးရယ် ... ငရဲကြီးတတ်တယ်"

သည်တစ်ခါတော့ ကိုသော်တာ စကားကို ကျွန်မပင် လေးစားမိရပါ၏ ဇာတိဖျောက်ရင် ငရဲကြီးသတဲ့။ သူကမှ ဟုတ်တုတ်တုတ်။

ကိုသော်တာခြံမှာ ပန်းပင် ဝယ်တာများတော့ ကိုသော်တာကိုပါ ကျွန်မတို့ ခင်နေကြပါပြီ။ လူက တောသူတောင်သား ဆိုတော့ ရိုးလွန်းလှသူ ဖြစ်သည်။ ကျွန်မတို့ သွားလျှင် ရောင်းရမှာပင် စိုးသလို ဘယ်တော့မဆို ရှောင်ဖယ်ဖယ် လုပ်လေ့ရှိ၏။ အတင်းဆွဲရွဲ ခေါ်လာတော့မှ လိုက်လာတတ်ပါသည်။ ကျွန်မနှင့် မမဂျူးက ကိုသော်တာ ဆိုလျှင် စချင်ချင်။

"ကြာပင်တွေ ဘယ်လို စိုက်ရတာလဲ"
"ရေကန်ထဲ ပစ်ထည့်လိုက်တာပါပဲ ...ရေရှိမှတော့ ရှင်ရုံပေါ့ ... သည်ကြားထဲက သေကြသေးသာ ... သေလေ"
"ကြာက ဘာရောင်တွေလဲ"
"မပြောတတ်ဘူး ... ကျုပ်ဖြင့် ပွင့်သာရယ်လို့ မမြင်ဘူးရယ်"
"ကြာက ဘာကျွေးရတာတုံး"
"ဘာဆိုလား ... ကျုပ်က အင်္ဂလိပ်အခေါ် မခ်ါတတ်ဘူးရယ် ... မြေပဲခွံတစ်မျိုး ကျုပ်က ကောင်းကောင်း သိသာ"

ကျွန်မတို့က ရယ်တော့လည်း ကိုသော်တာက မရယ်ပါ။ ခင်ဗျားတို့မလဲ တခြားအလုပ် မရှိကြဘူးလားဗျာ၊ တကယ်တည်း ပန်းပင်များ တကန်တက လာဝယ်နေရတယ်လို့ ဆိုသည့်ပုံဖြင့် မျက်စိ မျက်နှာပျက် နေတတ်သည်။ ကိုသော်တာကို ရိုးမှန်းသိလို့ ကျွန်မတို့က စလေ့ရှိသည်။ တိမ်တောင်ညိုပြာ ရှိသလားဆိုတော့ အပင်သာ ပြဗျာတဲ့။

ခရာဝါ အပင်ပုမျိုးထဲကော ဆိုတော့ ခင်ဗျားတို့ တွေ့မိလို့လားတဲ့။ ကိုသော်တာတို့ ခြံထဲမှာ ပျိုးပင်တွေ စုံလင်လှသော်လည်း ဝယ်သူက အပင်ကို ပြပါမှ သူက ဈေးပြောသည်။ ပန်းပင်နာမည် ဆန်းဆန်းဆိုလျှင် ရှိလောက် ထင်ပါရဲ့ လုပ်တတ်သည်။ ဖွားဖက်တော် ရှိသလား၊ ပတ္တမြားတစ်ဖက်၊ မြတစ်ဖက် ရှိသလား၊ ဂမုန်းထဲက သူတော်ဖြူ ရှိသလား၊ ပိန်းထဲက ပိန်းကြား ရှိသလား၊ သစ်ခွထဲက မိုးလုံးမှိုင်း ရှိသလား၊ အဲသလို မေးလို့ကတော့ ကိုသော်တာ မျက်စိလည်တော့သည်။

"လောကမယ် ... ဘာကိစ္စများ သစ်ပင်တွေ သည်လောက် များပါလိမ့် ... တော်ပြီပေါ့ ကုက္ကိုလောက်၊ ထနောင်းလောက်၊ တမာလောက် ... ခုဟာက များလွန်းပါတယ်"

ပျိုးပင် ရောင်းသူက အဲသလို ညည်းတော့ ဝယ်ရသူ ကျွန်မတို့မှာ ကြောင်ရေချိုးသလို ရှာရတော့သည်။

"ကိုယ်လုပ်တဲ့ အလုပ်ကိုပဲ ကိုသော်တာရယ် ... သိအောင် ကြိုးစားရမှာပေါ့ ... ရှင် ဈေးရောင်းတာ ကျွန်မတို့သာ ခင်လို့ သည်းခံတာ သူများက ဘယ်စိတ်ရှည်ပါ့မလဲ ... ခြံထဲက အပင်တွေ အလွတ်နီးပါး ရအောင် ကျက်ထားမှပေါ့"
"ပရိတ်ကြီးမှ မဟုတ်သာဗျာ ... မကျက်နိုင်ပေါင်"
"ကိုသော်တာနဲ့ အဆင်မပြေပါဘူး"
"အစ်မတို့က ကလေးမလေးတွေ ရှိတဲ့ အချိန်လာဗျ ... သူတို့က အရှေ့ခြံမှာ ရှိကြသာ များတော့ ကျုပ်ကို အစောင့်သဘော ထားခဲ့ ကြတာ ... ကျုပ်က ရေလောင်း မြေစာကျွေး ဆေးကျွေးလောက် သိသာ ဆိုတော့ ခက်သားပဲ"

တစ်ခါတော့ ရွက်လှပင်ကလေးတွေ လိုချင်လို့ မမဂျူးနှင့် ကျွန်မ ကိုသော်တာ့ ခြံကို ရောက်သွားခဲ့ ကြပါသည်။ မမဂျူးက ကိုသော်တာ့ အတွက် ပုဆိုး၊ အင်္ကျီ၊ စွပ်ကျယ်၊ ဖိနပ်က အစ ယူလာကာ လက်ဆောင် ပေးလေ့ရှိသည်။ ကိုသော်တာ့ မျက်နှာက အားနာသလိုလို၊ ကျေးဇူးတင်ပါတယ် အစ်မရယ် လို့လည်း မရှိ။ ပေးသည့် အထုပ်ကို နီးစပ်ရာ ပန်းခြံပေါ် ပစ်တင်ထားတတ်သည်။ မလေးစားလို့ မဟုတ် ရှာပါ။ လက်ထဲ ကိုင်ထားရမှာ အားနာလို့ ဖြစ်ပုံ ရပါသည်။ ကျွန်မက ကျွန်မလည်း ယူခဲ့ပါဦးမယ် ဆိုတော့ တစ်ထည်ရှိ ဝတ်ပါလေ့တဲ့။

ဘာပဲဖြစ်ဖြစ် ကိုသော်တာ့ ခြံက လက်ညှိုးထိုးကာ ကမ္မသကာ သယ်ခဲ့သော ပန်းပင်တွေကလည်း ကျွန်မတို့ အိမ်ခြံဝင်းကလေး ထဲမှာ အဝေသားပင်။ တစ်ခုတော့ ရှိပါ၏။ အဖြူဆိုသော်လည်း ပွင့်တော့ ခရမ်းရောင် ဖြစ်ချင်ဖြစ်မည်။ အနီလိုချင်လို့ ဝယ်ခဲ့ပါတယ်။ စပ်ကြား ပွင့်ချင်ပွင့်မည်။ ကိုသော်တာ၏ အလွဲများက ပန်းပွင့်တော့ တလွဲပွင့်တာ ဘာဆန်းမှာလဲ။ ကျွန်မတင်လား ဆိုတော့ မဟုတ်။ တစ်ခါတော့ မမဂျူးက ဖုန်းဆက်ပါသည်။

"ထူးထူးရေ ... ပဏ္ဍရိက် အပုကလေးတွေ ဝယ်တာကွာ ... ကိုသော်တာက သေချာအောင် အရောင်စုံအောင် ထည့်ပေးမယ် ဆိုတာ အခုပွင့်တာ အနီတွေချည်းပဲ ... အဝါတို့ အဖြူတို့ ပန်းရောင်တို့ ယောင်လို့တောင် မပါဘူး"

ပုဏ္ဍရိက်ပင်ပု ကလေးတွေက ပျိုးထုပ်နှင့် ထည့်စိုက်ထားသော အပင်ထုပ်ကလေးတွေ ဖြစ်၍ ပန်းပွင့်သာ မပါလျှင် အပွင့်အရောင် သိဖို့ မလွယ်ပါ။ အထုပ်ကလေးတွေ ကားပေါ်တင်တော့ ကိုသော်တာက ရောင်စုံ ထည့်ပေးလိုက်တယ်လို့ ပြောလိုက်တာ ကျွန်မလည်း ကြားသည်။ အလွဲကို သည်းခံနိုင်လို့ ပန်းပင် အကြိုက်တွေ့လို့ သည်ရွေ့သည်မျှ ထားပါဆိုလျှင် ယူသွားဗျာဟု နှုတ်လွယ်သလို၊ ဟိုအပင် သည်အပင်ကလေး လက်ဆောင် ထည့်ပေးဦး ဆိုတော့လည်း ယူသွားဗျာချည်း။ ကျွန်မအိမ်သားက "မင်းကွာ ... ကိုသော်တာကို ဈေးမဆစ်ပါနဲ့ အပင်တွေလည်း သိပ်မတောင်းပါနဲ့" ဆိုတော့ ကျွန်မမှာ ချေပစရာစကား ရှိသည်။

"သူ့ဆီက အဆစ်တောင်းတာပဲ သိတာကိုး ... အရောင်လွဲတာတော့ မသိဘဲနဲ့ ... အဆစ်တောင်းတဲ့ အထဲက ကိုယ်လိုချင်တဲ့အရောင် တည့်လို့တည့်ငြား ထင်ပြီး တောင်းရတာ တော်ရေ ..."

အိမ်က ဆရာလည်း ပြန်မပြောသာတော့။ ကျွန်မ အိမ်သားကလည်း ပန်းပင်ဝယ် လိုက်နေကျဆိုတော့ ကိုသော်တာကို ချစ်ခင်ပါသည်။ စလည်း စသည်။ တစ်ခါက ကိုသော်တာကို ဆရာနေက "ခင်ဗျားက တောင်သာ သားလား" ဆိုတော့ "ဟုတ်ပါရဲ့" တဲ့။

"ကျွန်တော်နဲ့ တစ်နယ်တည်း ပါလား" ဆိုတော့ "ဆရာက ဘယ်ကတုံး" တဲ့။ "ရေနံချောင်းကလေ" ဆိုတော့ "တစ်ကြောတည်း ခင်ဗျာ" တဲ့။

ကိုသော်တာနှင့် ခင်လာတော့ သူ့ဘဝကြမ်းကို သစ်ပင်ရိပ်မှာ ဒူးနှစ်လုံးထောင်ရင်း ပြောပြတတ်သည်။ မိဘများ မရှိတော့ဘဲ နှမအပျိုကြီး နှင့် အတူနေသည်။ နှမအပျိုကြီး ကောက်ကာငင်ကာ အိမ်ထောင်ကျတော့ ယောက်ဖက သောက်သောက်စားစား ထဲကဆိုတော့ ငယ်ဆရာ ရွာကျောင်းဘုန်းကြီးက ကျောင်းမှာပဲ ကျောင်းဝေယျဝိစ္စ လုပ်ရင်း ကပ္ပိယ သဘော နေထိုင်ခွင့် ပြုထားခဲ့သည်။ ဆရာတော်နှင့် နွယ်ပြီး မန္တလေးက ပျိုးခြံပိုင်ရှင်က နယ်ခံလူရင်းတွေ ခေါ်လို့ ဆရာတော်က ထည့်လိုက်ရာက မန္တလေး ပျိုးဆိုင်ကို ရောက်လာခဲ့ခြင်းဟု ဆိုပါသည်။

"နေပါဦး ကိုသော်တာ လစာ ဘယ်လောက် ရတာလဲ"
"ဘာရလိမ့်မတုံး ... ရွာပြန်ရင်တော့ ဆုတ်ဆုတ်ခဲခဲ ပေးပါသယ် ... ကျန်သာတော့ ထမင်းစား ရေလောင်း ပေါ့ဗျာ ... ဘာရှိလိမ့်မတုံး"
"တစ်ပြား မှ မရဘဲနဲ့ ဘယ်လို သုံးတုံး"
"ပန်းပင်ဖိုးထဲက နှိုက်သုံးလိုက်သာပဲ ... မပြောပါဘူး"

ကျွန်မတို့ ခြံဝင်းကလေးထဲမှာ အပင်တွေ တော်တော် များပါပြီ။ အိမ်ဝင်းနှင့် သစ်ပင်ကြား ခရု လျှောက်စရာပင် မရှိ။ ပွင့်ပင်တွေက ပွင့်ကြသလို၊ အသီးပင်တွေကလည်း သီးကြပြီ။ သို့သော် ကိုသော်တာ ခြံက စိန်တစ်လုံးသရက် ဆိုပြီး ဝယ်လာခဲ့သော သရက်ပင်က ရွှေဟင်္သာမျိုး သရက်တွေ သီးသည်။ စွယ်တော်ဖြူရယ်လို့ ဝယ်လာတာက ဘယ်မှာမဆို တွေ့နိုင်သည့် ပန်းဆီရောင် အပွင့်တွေ ပွင့်သည်။ မရမ်းချိုပင် အသီးတွေက ချဉ်လိုက်တာ စုတ်စုတ်ကန်းလို့။ ကိုသော်တာကို ပြောလည်း အပိုပဲ ဖြစ်မည်။ သည်လိုပြောလို့ ကိုသော်တာ ပျိုးခြံကိုတော့ မရောက်ဘူး မထင်ပါနှင့်။ စိတ်ကူးရလျှင် သစ်ပင်ပန်းပင်တွေ သွားကြည့်ကြမြဲ။ ကြိုက်တာတွေ့တော့ လောဘတကြီး ဝယ်ကြမြဲ။ တစ်ခါတော့ ကိုသော်တာဆီ မရောက်တာကြာလို့ သွားကြတော့ ကိုသော်တာကို မတွေ့။

ရွာပြန်သွားသည် ဆိုပါ၏။ အလည် ပြန်တာလားဆိုတော့ မဟုတ်ဘူး ... ကိုသော်တာ အရက်သောက်လို့ ခြံရှင်က မင်းရွာပြန်တော့ ဆိုပြီး ပြန်လွှတ်လိုက်တာတဲ့။ ကျွန်မတို့ပင် စိတ်မကောင်း ဖြစ်ကြရသည်။ နောက် ကျွန်မတို့ နှင်းဆီပင်တွေ စိုက်ချင်ကြသဖြင့် ကန်တော်ကြီး ဘက်ကိုရောက်တော့ ကိုသော်တာကိုတွေ့ရ ပြန်ပါ၏။ ထုံးစံအတိုင်း စွတ်ကျယ်ကိုဗိုက်လှန်ပြီး ပုဆိုးခါးပုံစရှည်ရှည်ချလို့။ ပြန်လွှတ်တော့ ပြန်သဗျာ၊ ပြန်ခေါ်တော့ လာသဗျာ ဆိုသည့် မျက်နှာနှင့်။

ကိုသော်တာတို့ ခြံမှာ သစ်ပင်ပန်းပင်ရယ်လို့ သိပ်မတွေ့ရလို့ မေးကြည့်တော့ ခြံရှင်က သူ့ကို ခြံစောင့် သဘောမျိုး ထားခြင်းသာ ဖြစ်ကြောင်း၊ ပျိုးခြံအလုပ် အားမရလို့ တခြားစီးပွားရေး ပြောင်းလုပ်နေကြောင်း သူလည်း ပျိုးချင်သည့် အပင် ပျိုးရောင်းပြီး ရောင်းလို့ ရသမျှနှင့် စားသောက်နေရကြောင်း၊ ဝယ်သူ မလာလို့ စားစရာ မရှိလျှင် အနီးနား ခြံတွေက ကျွေးမွေးကြပါကြောင်းတွေ ပြောပြပါ၏။ သည့်နောက်တော့ ကျွန်မနှင့် မမဂျူးလည်း ကန်တော်ကြီး ရောက်တိုင်း ကိုသော်တာကို တတ်နိုင်သမျှ ပေးပေးကမ်းကမ်း ကူညီကြ သည်။

တစ်ခါတော့ ကိုသော်တာက ကျွန်မတို့ကို ကံ့ကော်ပျိုးပင် ကလေးတွေ စိတ်လိုလက်ရ ပြသည်။ တစ်တောင်သာသာနှင့် အပွင့်တွေ ခဲနေအောင် ပွင့်နေလို့ အံ့ဩမိရပါ၏။ ကိုင်းက အပွင့်တွေကို မချီနိုင်အောင်ပင်။

"ကြည့်စမ်းပါဦး လှလိုက်တာဟယ် ... ကိုသော်တာ သည်အပင်လေးတွေ ဘယ်ကတုံး ... သည်လောက် အရွယ်လေးနဲ့ သည်လောက် ပွင့်တာ သည်တစ်ခါ မြင်ဖူးရဲ့"
"ခြံရှင် သယ်လာသာပဲဗျ ... ယိုးဒယားမျိုးဆို မှတ်သာပဲ ... တန်ခူးကနေ တပေါင်းအထိ ပွင့်တဲ့ ဆယ့်နှစ်ရာသီ ကံ့ကော်တဲ့ဗျ"
"ဩော် ... ဆယ့်နှစ်ရာသီ ကံ့ကော် ဆိုတော့ သူက ... တစ်နှစ်လုံး ပွင့်တယ် ဆိုတဲ့ သဘောလား"
"ပြောတတ်ပေါင်ဗျာ ... ကျုပ်က သင်ပေးသလို ပြောရသာပါ ... ပန်းပဲ ... သူ့အချိန် သူ့ရာသီကျမှ ပွင့်မှာပေါ့ ... ဖြဲရဲ အပွင့်ခိုင်းလို့ ဘယ်ဖြစ်မှာတုံး"
"ဒါဖြင့် ဘာလို့ ဆယ့်နှစ်ရာသီ ကံ့ကော်လို့ ခေါ်တာတုံး ကိုသော်တာရဲ့"
"မပြောတတ်ဘူး ... ခင်ဗျားတို့ စိတ်ထဲ မသန့်ဘူး ထင်ရင် မဝယ်ရုံ ရှိသာပဲ"

ကိုသော်တာကတော့ သူ့ထုံးစံအတိုင်း အူချာပေါက် ဖြေလေတော့၏။ သည်တော့ ဘယ်အချိန် ဘယ်ရာသီ ပွင့်ပွင့် အပင်ကလေး တစ်တောင်လောက်နှင့် သည်လောက် ပွင့်တာ ထူးခြားနေတော့ ကျွန်မနှင့် မမဂျူးလည်း တစ်ပင်စီ ဝယ်ဖို့ စိတ်ကူးလိုက်ကြသည်။

"ကိုင်း ... ကိုသော်တာရေ ... ကျွန်မတို့ တစ်ယောက် တစ်ပင်စီ ယူမယ် ... ဘယ်လောက်လဲ"
"ခြံရှင်က လောလောဆယ် ရောင်းဖို့ မဟုတ်ဘူးတဲ့ ... ပျိုးထားဦးမှာတဲ့"
"ကိုင်းပါ ... ကျွန်မတို့တော့ တစ်ပင်စီ ရောင်းလိုက်ပါ ... လူရင်းတွေမို့ ရောင်းလိုက်တယ်လို့ ပြောလိုက်ပေါ့ ... ဖြစ်တယ် မဟုတ်လား"

ထုံးစံအတိုင်း ကျွန်မတို့က ဂျီပူဂျီပူ လုပ်နေကြတော့ ခမျာ မျက်နှာပျက်ပျက်နှင့် ရောင်းလိုက်ရှာပါ၏။ ဈေးပြောပါဆိုတော့ ဈေးမသိ။ နောက်ဆုံးတော့ ကိုသော်တာ မှန်းပြောသည့်ဈေးနှင့် တစ်ယောက် တစ်ပင်စီ ယူလာခဲ့ကြပါသည်။ အိမ်ရောက်တော့ ကံ့ကော်ပင် အပွင့်ခဲကလေးကို တယုတယ ပျိုး ဖြစ်ခဲ့ပါသည်။ အရိပ်တကြည့်ကြည့် ဆိုတော့ ကံ့ကော်ပင်ကလေးက ရိုးတံ ရင့်လာရာက သန်စွမ်း လာပါ၏။ သို့သော် အပွင့်တွေ ကြွေပြီးသည်နှင့် နောက်ထပ် အပွင့်ရယ်လို့ လုံးဝမပြလာတော့။ ဆယ့်နှစ်ရာသီ မပြောနှင့် နောက်နှစ် တစ်ပတ်လည်တာတောင် မပွင့်လာတော့။

"ကိုသော်တာ ဆိုတဲ့လူ ... ဆယ်နှစ်ရာသီ ကံ့ကော်ဆိုလို့ ဝယ်လာပါတယ် ... အဖူးနဲ့ တူတာဆိုလို့ မီးခြစ်ဆံခေါင်း လောက်တောင် မဖူးလာတော့ပေါင်တော်"

ကျွန်မက ကံ့ကော်ပင်ကလေးကို ကြည့်ရင်း ညည်းတော့ ကျွန်မအိမ်သားက ပြုံးသည်။

"ကိုသော်တာကို အပြစ်မတင်နဲ့လေ ... မင်းတို့ ဝယ်ကြတာကိုက လွဲတာ ... ကိုသော်တာက မလွဲဘူး"

ဟုတ်တော့ ဟုတ်သားပဲ။ ကိုသော်တာက ဘယ်အပင်ကိုမှ အာမခံခဲ့တာ မဟုတ်။ ဘယ်အပင်မှ ဝယ်ပါဦး၊ အားပေးပါဦး မရှိခဲ့။ စိတ်ထဲ သံသယရှိလျှင် မယူနဲ့ ပြောခဲ့တာချည်းပင်။ ကျွန်မတို့မှ မဟုတ် သူ့ခြံထဲ ရောက်ကြလေသမျှ ပန်းပင်ဝယ်သူတွေ သည်လိုပဲ ဆိုခဲ့ရှာ လိမ့်မည်။

ကိုသော်တာခြံကို မရောက်တာ ကြာပြီ။ မှတ်မှတ်ရရ မေလထဲတုန်းက တစ်ခေါက်ရောက်တော့ ကိုသော်တာ မရှိတော့ ပါ။ မိန်းကလေး တစ်ယောက်က ကိုသော်တာ ရွာပြန်သွားပြီး သင်္ကန်းဝတ်သတဲ့။ သင်္ကန်းဝတ် မချွတ်တော့ဘူး ဆိုတာလည်း ပါရဲ့။ သည်လိုဆိုပြန်တော့ သာဓု ခေါ်ရုံသာ။ သူနေချင်သည့် အေးအေးဆေးဆေး ဘဝကို ရွေးခဲ့ပါပကော။ ဘယ်စာကို ဘယ်နှဝါများ သင်မလို့ပါလိမ့်။

မနေ့တစ်နေ့က မမဂျူး ပန်းပင်ဝယ် လာခေါ်လို့ လိုက်သွားတော့ ကိုသော်တာကြီး တော်ရေ. ...။ ခါးပုံစရှည်ကြီးနှင့်။ အက်ႌမပါ။ ကျွန်မတို့ကို တွေ့တော့ ပြုံးဖြီးဖြီး။ ကျွန်မတို့က "ကိုသော်တာ သင်္ကန်းဝတ်ဆို ... ရာသက်ပန် ဝတ်တော့မှာ ဆို" ဆိုတော့ ဗိုက်ကို တွင်တွင် ကုတ်လေ၏။

"သင်္ကန်းဝတ်နဲ့လည်း မနေနိုင်ပါဘူးဗျာ ... ရွာအနေကြာတော့ အပျင်းသာဗျ ... မန်းလေး (မန္တလေး)က မင်းနေပြည်တော် ဟာကိုး"
"ကိုသော်တာပဲ မင်းနေပြည်တော်နဲ့ ကျုပ်တို့နဲ့ မဆိုင်ဘူးဆို"
"အေးလေ ကျုပ်ကလည်း ဆိုင်သယ် မပြောပါဘူး ... မင်းကလည်း သူ့ဟာသူ နေသာပဲ ... ကျုပ်ကလည်း ကျုပ်ဟာကျုပ် ပျိုးပင် ရောင်းစားသာပဲလေ"

သည်တစ်ခါလည်း ကိုသော်တာ မလွဲပါ။

ခင်ခင်ထူး

ပင်မစာမျက်နှာသို့ပြန်သွားမည် >>