contents

ထိပ်ဆုံးစာမျက်နှာ > ဝတ္ထုများ

ထိန်းချုပ်လိုမရတဲ့ အရာတွေ
အစ/အဆုံး
ပျိုးလက်ဟန်

ဒီနေ့မနက် မနက်စာစားအပြီး အခန်း ကို ပြန်ဆင်းတော့ ဓာတ်လှေကားထဲမှာ ပိတ်မိနေတယ်။ ရုတ်တရက်မီးပျက် သွားတာပဲပေါ့။ ဘာခလုတ်မှ နှိပ်လို့မရတော့ပဲ ဓာတ်လှေကားထဲမှာ တစ်ယောက်ထဲ။ ပထမဆုံး သတိရတာက သူ့ ကိုဖုန်းခေါ်လိုက်ဖို့ပဲ။ ပြီးမှ သတိရသွားတာက သူ က ရော ဘာတတ်နိုင်မှာမို့လဲ။ တစ်မြို့စီရောက်နေတာ ကို။ သူ စိတ်ပူနေမှာကလွဲပြီး ဘာမှမထူးဘူး။ အသက်ကို ဖြည်းဖြည်းရှုတယ်။ ခဏနေတော့ ခေါင်းပေါ်က ပန်ကာ လည်လာတယ်။ အိုကေ အောက်ဆီဂျင်တော့ ရနေမယ်။ မီးတွေ ပြန်လင်းလာပေမယ့် ဘယ်ခလုတ်မှ အလုပ်မလုပ်ဘူး။ ကိုယ့်အထပ် ကိုလည်း နှိပ်လို့ မရ ဓာတ်လှေကားကလည်း စပြီး ရွေ့နေတာကို သိတယ်။ စိတ်ထဲ မှာတော့ ကြောက်နေတာမျိုးမရှိဘူး။ အေးအေးဆေးဆေး တည်တည်ငြိမ်ငြိမ်ပဲ။ တစ်ခုပဲ သူ့ ကိုတွေ့ရဖို့ က ၂၄ နာရီပဲ လိုတော့တယ်။ အလုပ်တွေ ရှုပ်ပြီး ပင်ပန်းနေတဲ့ ရက်တွေပြီးဆုံးရင် သူနဲ့ တွေ့ရမယ်။ အလုပ်တွေ တူတူ လုပ်နေရရင် ပင်ပန်းတာတွေက တ၀က်လောက် သက်သာမယ်။ ဒါပေမယ့် ကျမက ခု ဓာတ်လှေကားထဲမှာ။ ဘာမှတော့ မဖြစ်နိုင်ဘူးဆိုတာ သိတယ်။ ဓာတ်လှေကားက ရွေ့နေတာပဲ။ တစ်နေရာရာမှာတော့ ရပ်သွားမှာပေါ့။ သူနဲ့ မတွေ့ရတော့ရင် ဆိုတာတော့ တွေးမိနေသေးတယ်။ သူနဲ့ မတွေ့ရတော့ရင်။ ဒါ လက်ရှိ ကျမရဲ့ အကြောက်တရားပဲပေါ့။ အားလုံးကို အတွေ့အကြုံအသစ်ပဲ ဆိုပြီး ကြောက်စိတ် သိပ်မထားတတ်တဲ့ ကျမရဲ့ အကြောက်တရားက သူနဲ့ မတွေ့ရတော့မှာပဲ။ သူ့ဘေးနားရောက်ဖို့ ငါးနှစ် ခြောက်နှစ် မက စောင့်ခဲ့ရပြီးပြီ။ ကျမ ဒီ့ထက်ပိုပြီး မစောင့်ချင်တော့ဘူး။ သူက ပြောတယ်။ ဘာပဲဖြစ်ဖြစ် ကိုယ်ရှိတယ်။ ဒါပေမယ့် ဒါက စကားတစ်ခွန်းပဲ။ ဘာပဲဖြစ်ဖြစ် ကျမတို့ အတူမရှိနိုင်တဲ့ အချိန်တွေ ရှိတယ်။ ဘာပဲဖြစ်ဖြစ် ကျမတို့ ကွဲကွာသွားနိုင်တဲ့ အကြောင်းတွေ ရှိတယ်။ ကျမတို့ မတတ်နိုင်တဲ့ ၊ မထိန်းချူပ်နိုင်တဲ့ အရာတွေဟာ ကျမတို့ ဘေးမှာ၊ နံရံမှာ။ ခေါင်းပေါ်မှာ။ နောက်ဆုံး ဓာတ်လှေကားထဲမှာတောင် တွားသွားနေကြတယ်။ လွင့်မျောနေကြတယ်။ ကျမတို့ မမြင်နိုင်ဘူး။ မသိနိုင်ဘူး။ မကြားနိုင် မထိနိုင်ဘူး။ ကြည့်စမ်း။ ဒါကို ကျမတို့ အမြဲတမ်းမေ့နေခဲ့ကြတယ်။ ခု ကျမ ဓာတ်လှေကာထဲ ပိတ်မိနေပြီ။ ဘယ်အချိန်မှ ပြန်ထွက်လို့ရမလဲ ဒါမှမဟုတ် မရတော့ဘူးလား။ ကျမ တကယ်ကို မထိန်းချုပ်နိုင်တဲ့ အခြေအနေပဲ။ သူနဲ့ စတွေ့ဖို့ကို မမျှော်လင့်ခဲသလိုမျိုးပေါ့။1

ကျမရဲံ နှလုံးသားတစ်နေရာ မှာ အဆုံးအစမရှိတဲ့ ဖြည့်လို့ မပြည့်တဲ့ တွင်းနက်ကြီး ရှိတယ်။ အဲဒီထဲကနေ တိရိစ္ဆာန် သေးသေးလေးတွေရဲ့ အင်မတန်နာကျင်နေတဲ့ အသံသဲ့သဲံလေးတွေကို ကြား ကြားနေတယ်။ အမြဲတမ်းတော့ မဟုတ်ဘူး။ တစ်ခါတရံ မူးနေတဲ့အခါ ဒါမဟုတ်ရင် မှန်းမထားတဲ့ တစ်နေရာရာမှာ သူတို့ကို ကြားရတယ်။ ကျမတို့ မထိန်းချုပ်နိုင်တဲ့ အရာတွေ အကြောင်းကို သူတို့က ကျမကို ပြောတယ်။ ကျမ တစ်ခါတလေ တွေတွေ သွားတယ် လို့ သူပြောတယ်။ အဲဒါ အဲဒီ့ တိရိစ္ဆာန် သေးသေးလေးတွေကြောင့်ပဲ။ သူတို့ က ကျမရဲ့ လည်ချောင်းပေါ်ကို တွားတက်လာရင် ကျမ တိတ်ဆိတ် သွားတယ်။ ကျမ ချစ်တဲ့သူကို နာကျင်အောင် ပြောမိတော့မှာ စိုးလို့။ ကျမ သူ့ကို အဝေးကို တွန်းပစ်မိမှာ စိုးလို့။ ခဏ နေတော့ ဓာတ်လှေကားက ရပ်သွားတယ်။ တံခါးပွင့်သွားတော့ အောက်ဆုံးထပ်မှာ ။ ကျမ အခန်း လေးထပ်ကို ပြန်နှိပ် လိုက်တယ်။ကျမ လူ့ဘ၀ဆီကို ပြန်ရောက်လာပြီးပေါ့။ အခန်းထဲ ပြန်ရောက်လာတော့ သူ့ဆီ မတ်ဆေ့ခ်ျ ပို့မိတယ်။ ကျမတို့ မထိန်းချုပ်နိုင်တဲ့ အရာတွေ ရှိတယ်။ ကျမတို့ လက်ကနေ လွတ်နေတဲ့အရာတွေ ရှိတယ်။ ကျမတို့ ဘာမှ မတတ်နိုင်တဲ့ အရာတွေရှိတယ်။ ကျမ စိမ့်ခနဲ ကြောက်သွားတယ်။ ဘာပဲဖြစ်ဖြစ် မနက်ဖြန်တော့ သူ့လက်မောင်းတွေ ကြားမှာ ကျမ မျက်နှာအပ်ထားနိုင်မယ်။ သူ့ကို အကြာကြီး နမ်းနိုင်မယ် မျှော်လင့်ပါတယ်လို့။

နေဦး . . . ကျမတို့ မထိန်းချုပ်နိုင်တဲ့ အရာတွေထဲမှာ အချစ်လည်းပါတယ် ဆိုတာတော့ သူနဲ့ တွေ့မှ ပြောတော့မယ်။

ပျိုးလက်ဟန်

ပင်မစာမျက်နှာသို့ပြန်သွားမည် >>
နေ့စဉ် အသစ်အသစ်သော သတင်းများ ကို သိရှိနိုင်ရန် လိုတရ Application အား ဤနေရာတွင် နှိပ်၍ အခမဲ့ Download ရယူပါ။