contents

ထိပ်ဆုံးစာမျက်နှာ > ဝတ္ထုများ

ညှပ်စလီ
အစ/အဆုံး
နေဝင်းမြင့်

ညှပ်စလီ ကနေ့ အုတ်ကား မလိုက်ဘူး။ တကယ်က အုတ်ကားလိုက်ရင် တစ်နေ့ကို ၅၀လည်း ဟုတ်တယ်။ တစ်ခါတစ်ခါ ဟိုဟာလေး၊ သည်ဟာလေးနဲ့ ၁၀၀ လည်း ရချင် ရတတ်တယ်။ ဒါပေမဲ့ ကနေ့ ညှပ်စလီ အုတ်ကား မလိုက်ဘူးလို့ ဆုံးဖြတ်ထားပြီးသား။ ကားအုံနာ လည်း တစ်ပတ်လောက် ကြိုပြောပြီးသား။ အုံနာကလည်း တကယ်တော့ အရေးမကြီးရင် ခွင့်မပေးချင်ဘူး။ ညှပ်စလီက အုတ်တင် အုတ်ချ တော်တော်ကျွမ်းကျင် နေပြီကိုး။ ကားပေါ်မှာ မကျွမ်းကျင်တဲ့လူ များနေလို့ကတော့ အလကားပဲလေ။ အချိန်သာ ကြာတယ်။ ခေါက်ရေ မရတတ်ဘူး။ ခါတိုင်း သုံးခေါက် ရရမယ့်ဟာ နှစ်ခေါက်နဲ့ ပြီးရတယ်ဆိုရင် အုတ်ကားထောင်ရတာ တွက်သားမကိုက်ဘူး ဆိုတာ သိတော့ အုတ်ကားအုံနာတွေက ကျွမ်းကျင်ပြီးသားလူ အလုပ်ပျက်မှာ တော်တော်စိုးတတ်တယ်။ အုတ်ကား တင်တာ၊ ချတာ ပိုက်ဆံရမှန်းသိတော့ (ပင်တော့ ပင်ပန်းတာပေါ့လေ) လိုက်ချင်တဲ့ လူတွေက အများကြီးပါပဲ။ တန်းကို စီလို့။ ဒါပေမဲ့ တွဲခေါ်လို့ ခေါ်တဲ့ လက်သင်တွေ များနေရင်လည်း အလုပ်က မဖြစ်ဘူး။ ညှပ်စလီကတော့ ကျွမ်းနေပြီ။ အုတ်ခဲများ ကားပေါ်ကို ပစ် ပစ် တင်လိုက်ရင် တန်းခနဲပဲ။ တစ်လုံးစီ တင်နေတာလည်း မဟုတ်ဘူး။ တစ်ခါကိုင် လေး ငါးလုံး အတွဲလိုက် ဆွဲမပြီး လှမ်းထိုးတင်လိုက်တာ တိခနဲပဲ။ အဲသလောက် ကျွမ်းနေတဲ့ ညှပ်စလီ ခွင့်ယူမယ် ဆိုတဲ့နေ့က အုံနာက မေးတယ်။ သူကလည်း လိုသလောက်ပဲ ဖြေတယ်။

“မင်း ဘာဖြစ်လို့ ခွင့်ယူမှာလဲ”
“သီချင်းဆိုဖို့”

အုံနာကတော့ နားမလည်ပါဘူး။ ဘာသီချင်း ဆိုမှာမို့လဲ။ ဘယ်မှာဆိုမှာ မို့လို့လဲ။ ဘယ်လောက် အရေးကြီးလို့လဲ။ သူ့ကားပေါ်မှာ ယောင်လို့တောင် သီချင်းတစ်ပုဒ် လေမချွန်တဲ့ကောင်က သီချင်းဆိုဖို့ ခွင့်တစ်ရက် ယူမယ်ဆိုတော့ အုံနာမိန်းမကလည်း အံ့ဩတယ်။ အုံနာကလည်း မျက်လုံး အပြူးသားနဲ့။ ဒါပေမယ့် ဘာပြောလို့ ရမှာလဲ။ ခွင့်မပေးလည်း မလာတော့ဘူး ဆိုတဲ့ကောင် မဟုတ်လား။ သည်တော့လည်း ယူပေါ့။ ခွင့်ပေးလိုက်ရတာပါပဲ။

တကယ်က သီချင်းဆိုရမှာ ညနေစောင်းမှာပါ။ တိတိကျကျ ပြောရရင် ညနေ ၄ နာရီက ည ၇ နာရီ အထိပဲ ဆိုခွင့်ရမှာပါ။ အစီအစဉ်က ရှိပြီးသား။ နေ့လယ်ပိုင်းမှာ စတုဒီသာ ကျွေးမယ့် မုန့်လုံးရေပေါ် ကိစ္စ၊ ဘုန်းကြီးတွေ မုန့်ဟင်းခါး ဆွမ်းကပ်မယ့် ကိစ္စ၊ အဲ မဏ္ဍပ်ကလေး ထိုးဖို့ ကိစ္စ၊ ညဘက် ဗီဒီယိုပြဖို့ ကိစ္စ၊ လိုနေသေးတဲ့ အလှူငွေလေး ရပ်ကွက်ထဲ လှည့်ကောက်ဖို့ ကိစ္စတွေက ရှိသေးတော့ တီးဝိုင်း ကလေးကို လူကြီးတွေက ညနေ ၄နာရီလောက်က ဧည့်ခံလေး တီးကွာ၊ ၇ နာရီတော့ ဖြုတ်တာပေါ့ ဆိုပြီး ခွင့်ပြုလိုက်တာပါ။ တီးဝိုင်း ဆိုတော့လည်း ရပ်ကွက်ထဲက ဒုံမင်းဆရာ ကိုဘာဘူနဲ့ ဆိုင်ပြီကိုး။ အမှန်က တီးဝိုင်းရယ်လို့ ရပ်ကွက်ထဲမှာ ရှိတာ မဟုတ်ဘူး။ ကိုယ့် ဝါသနာနဲ့ကိုယ် တီးနေကြတဲ့ မယ်ဒလင်သမား တစ်ယောက် ခပ်လှမ်းလှမ်း ရပ်ကွက်မှာ ရှိတယ်။ တယောဆရာ တစ်ယောက်က ၆ ရပ်ကွက် ထိပ်မှာနေတယ်။ ဒါပဲ။

သည်ရပ်ကွက်ထဲမှာတော့ ကိုဘာဘူပဲ ရှိတာ။ ဒုံမင်းဘာဘူ ဆိုတဲ့ နာမည်နဲ့ သီချင်း တော်တော်များများ ရပေမယ့် လက်ကျလက်နက သိပ်မှန်လှသေးတာ မဟုတ်ဘူး။ အတီးပိုင်း ရောက်လို့ အသွက်တီးရမယ့် အလှည့်မှာလည်း လက်က ပြေးလှတာ မဟုတ်ဘူး။ ဒါပေမဲ့ ဒုံမင်းဆိုတဲ့ တူရိယာက သည်နား ပတ်ဝန်းကျင်မှာ ပြေးကြည့်မှ သည်တစ်လုံးတည်း ရှိတာ။ သည်တစ်လုံးတည်းကို တီးရမယ့် ကိုဘာဘူလည်း အလိုအလျောက် တီးဝိုင်းဆရာ ဖြစ်နေတော့ အနားက ဝါသနာပါတဲ့ လူငယ် လေးငါးယောက်ကတော့ တွဲနေကျ၊ ဆိုနေကျကိုး။ ကိုဘာဘူကလည်း အရက်ကလေး ကြိုက်တော့ ညနေမှစောင်းပြီ ဆိုတာနဲ့ ဗိုက်ထဲ တစ်စိတ်လောက် ရောက်နှင့်ပြီ။ သူ့စိတ်ကြိုက် တစ်ပုဒ်လောက် ဆိုရင်တော့ "မိုး" ပဲ။ ကိုမြကြီးဆိုတဲ့ "မိုး" ပဲ။ မိုးက သီချင်းကလည်း ကောင်းတယ်။ လက်ကွက်ကလည်း ကွက်စိတ်ကလေးတွေ တွဲထားတာ။ မိုးသီချင်းထဲက တေးထပ်ပိုဒ်လေး ပြီးရင် ဆက်ဝင်တဲ့ တီးကွက်ကလေးကို သူပိုင်တယ်။ လူထူရင် ဒါလေးပဲ တီးတော့တာ။ ဘယ်သူမဆို တူရိယာ တစ်ခုခု တီးခတ်တာနဲ့ ဆိုနေကျ တီးနေကျ သီချင်း ၂ ပုဒ် ရှိတတ်တယ်။ တစ်ပုဒ်က "မိုး"၊ တစ်ပုဒ်က "ကျေးစေတမန်"။ ကိုဘာဘူက ကျေးစေတမန်တော့ မရဘူး။ မိုးကတော့ အဆိုက စောင့်ဆိုမယ် ဆိုရင် လိုက်မှေးလို့ ရတယ်။ အတီးပိုဒ်မှာတော့ လက်ကွက်ကလေးကို စိပ်နိုင်တယ်။ ကျန်တာကတော့ နားကြားပေါ့။ ရတာ ရှိမယ်၊ မရတာလည်း ရှိမယ်။ စည်းနဲ့ ဝါးနဲ့ သပ်သပ်ရပ်ရပ် တီးနိုင်တာလည်း ရှိတယ်။ စည်းမမိ ဝါးမမိ ဖြီးတီး တီးရတာလည်း ရှိတယ်။ ဘာပဲဖြစ်ဖြစ် ဒုံမင်းဘာဘူ ကတော့ ဒုံမင်းဘာဘူ ပါပဲ။ တစ်ပြားသားမှ မလျှော့ဘူး။ သူ့ တပည့် ၃-၄ ယောက်ထဲမှာ အခုနပြောတဲ့ ညှပ်စလီ ပါတယ်။

တစ်ကောင်က တွံတေးသိန်းတန် စပယ်ရှယ်လစ်။ တွံတေးသိန်းတန် သီချင်းများတော့ အကုန်ရတယ်။ ခက်တာက ကိုဘာဘူက အကုန်မရဘူး။ ဒါပေမဲ့ ဖြစ်တာပါပဲ။ ကြားဖူးဖန် များလာတော့လည်း ဆိုလို့ဖြစ်အောင် ပို့တတ်နေပြီ။ နောက်တစ်ယောက်ကတော့ ကိုတင်ဝင်းရဲ့ စမ်းရေပဲ။ တခြား ဘာမှ မဆိုဘူး။ စမ်းရေမှ စမ်းရေ။ နောက်တစ်ယောက်ကတော့ ဟင်္သာတထွန်းရင်ရဲ့ သီချင်းတွေကို ပိုင်တယ်။ စနေမတို့၊ စက္ကန့်လေးတွေ စိန်စီထားမယ်တို့၊ အမေနဲ့ ရွာကို လွမ်းတယ်တို့ ဘာတို့ ဟဲတတ်တယ်။ ညှပ်စလီကတော့ တစ်ပုဒ်တည်းသမား။ ဘယ်တော့ဖြစ်ဖြစ် တီးဝိုင်းများ ရှိလို့ကတော့ တစ်ပုဒ်တည်းသမား။ အခုန စမ်းရေပဲ ဆိုတဲ့ ကောင်လိုပဲ။ သူကလည်း တစ်ပုဒ်တည်းပဲ။

“ညှပ်စလီ အလှည့်ဟေ့၊ ဟေ့ကောင် လာ ရှေ့ကို တိုး”

ဆိုလို့ကတော့ မေးစေ့မှာ ကွမ်းတံတွေးတွေ၊ မျက်နှာမှာ ချွေးတွေ စီးကျနေရာက ထူအန်းအန်း မျက်နှာနဲ့ ရှေ့ကို တိုးလာတော့တာ။ မှေးတေးတေး မျက်လုံးတွေနဲ့ ဘယ်သူကများ ကြည့်နေပါလိမ့် ဆိုပြီး ဘေးကိုလည်း ပွေးမျက်လုံးလေးတွေနဲ့ လှည့်ပတ် ကြည့်လိုက် သေးတာ။ ပြီးမှ အစီအစဉ် ကြေညာတဲ့လူကို တိုးတိုးလေး ပြောတော့တာ။

“တစ်သိန်းပေးတောင် မိန်းကလေး မလာရ” နေဦး၊ ညှပ်စလီလို့ မကြေညာနဲ့နော်၊ 'ရဲစွမ်းမောင်' ... လို့ ကြေညာပေးပါ”

အစီအစဉ်ကြေညာသူ ဆိုတာကလည်း သူငယ်ချင်းတွေကိုး။ မိုက်ခရိုဖုန်းလေး ကိုင်ရတုန်း ပြောရမနည်းဘူး ဆိုတဲ့ စိတ်နဲ့ အလကား ပဲတင်း အစီအစဉ်ကြေညာသူ ဆိုတော့ ညှပ်စလီပြောတာ သိပ်ဂရုစိုက်တာ မဟုတ်ဘူး။ မိုက်ခွက်ကို တဖူးဖူးမှုတ်ရင်းက

“ညှပ်စလီက ညှပ်စလီပေါ့ကွာ။ ဘာ ရဲစွမ်းမောင်လဲ၊ မင်းက။ မလိုချင်ဘူး ညှပ်စလီပဲ။ အဟမ်း ... ဟုတ်ကဲ့ခင်ဗျာ။ အခုတဖန် အလှည့် ကျသူကတော့ တေးသံရှင် ညှပ်စလီပါ။ ဆိုမယ့် သီချင်းက 'တစ်သိန်းပေးတောင် မိန်းကလေး မလာရ' ... ပါ။ ဟုတ်ကဲ့၊ မင်္ဂလာရှိတဲ့ ညချမ်းမှာ တေးသံရှင် ညှပ်စလီရဲ့ အသံကို နားဆင်တော်မူကြပါ” ဆိုပြီး အနားက ရေနွေးအိုးထဲ ထည့်ထားတဲ့ အရက်ကို ပန်းကန်လုံး လေးထဲ ထည့်ငှဲ့ပြီး ဂွပ်ဆို သောက်လိုက်တာ မဟုတ်လား။ ဒါမျိုးဆို ညှပ်စလီ မျက်နှာ ပူထူနေတော့တာ။ ရှက်တတ်တာလည်း အရမ်း။ နေတဲ့ထိုင်တဲ့ ရပ်ကွက်ထဲ ညှပ်စလီ ခေါ်နေတာတော့ မဆန်းဘူးပေါ့။ ရှက်လည်း မရှက်ပါဘူး။ သီချင်းဆိုရင်တော့ တေးသံရှင် ညှပ်စလီ ဆိုလို့ ဘယ်ကောင်းပါ့မလဲ ပေါ့လေ။ သည်တော့ သူ့ အဆိုတော် နာမည်ကို သူ ရွေးထားတယ်။ ရဲစွမ်းမောင်။ တကယ်တော့ သူ ရွေးတတ်တာ မဟုတ်ဘူး။ သူ လိုက်တဲ့ အုတ်ကား နာမည်ပါ။ ဒါကို သူက ကြိုက်တယ်။

အဲသည်လို ရဲစွမ်းမောင်ရဲ့ "တစ်သိန်းပေးတောင် မိန်းကလေး မလာရ"ကို တီးဝိုင်းရှိတိုင်း ဆိုလာ ခဲ့တာပဲ နှစ်တော်တော် ကြာခဲ့ပြီ။ တစ်ခါ တစ်ခါ ညှပ်စလီ ဖြစ်လိုက်၊ တစ်ခါတစ်ခါ ရဲစွမ်းမောင် ဖြစ်လိုက်နဲ့ လုံးချာပတ်ချာ လိုက်ရင်းက သည်တစ်ပုဒ်ကကို မတက် တော့ဘူး ပြောပါတော့။ အခုလည်း သင်္ကြန်ရက်ထဲ ရပ်ကွက်က စတုဒီသာ ကျွေးမယ်ဆိုတော့ တီးဝိုင်းကိစ္စ ပါလာပြီ။ ညှပ်စလီ တော်တော် ပျော်သွားတယ်။ သူ့ရဲ့ "တစ်သိန်းပေးတောင် မိန်းကလေး မလာရ"ကို သည်မှာ ပွဲထုတ်ခွင့် ရပြန်ပြီကိုး။ ဒါက ခါတိုင်း ကိုဘာဘူအိမ်မှာ ဒုံမင်း ဂျောင်ဂျောင်ဂျင်ဂျင်နဲ့ ဆိုတာမျိုး မဟုတ်တော့ဘူး။ လူထဲသူထဲမှာ သိက္ခာရှိရှိ ဆိုရတော့မယ့် ကိစ္စ။ မိုက်ခရိုဖုန်းနဲ့ ဘာနဲ့ ထိုင်ဝိုင်းလေးမှာ၊ ရပ်ကွက်ထဲက လူတွေရှေ့မှာ ဂုဏ်ရှိရှိ ဆိုရတော့မယ့် ကိစ္စ။ ပြီးတော့ ဒါမျိုးက သူနဲ့ သူ့ဆရာ ဒုံမင်းကိုဘာဘူတို့ အတွက်က ရှားရှားပါးပါး ကိစ္စ။ ကိုဘာဘူကလည်း တော်ရှာပါတယ်။ သူ့တပည့်တွေကို အဲသည့်နေ့ ခွင့်ယူကြကွာတဲ့။ ရပ်ကွက်ကိစ္စ ဝိုင်းလုပ်မှ ကောင်းမှာ မဟုတ်လားတဲ့။ ညှပ်စလီကတော့ မနက်စောစော ငါ့ဆီလာကွာတဲ့။ ဒုံမင်းက လှိုင်သာယာက ငါ့သူငယ်ချင်း ငှားသွားတာ လာမပို့သေးဘူး။ မင်း လှိုင်သာယာ လိုက်သွားဖို့က အုတ်ကားက ခွင့်ယူမှရမှာ မဟုတ်လားတဲ့။ ညှပ်စလီကလည်း ပေးအပ်တဲ့ တာဝန်နဲ့ ဝတ္တရားပဲ၊ သူ့ဆရာပဲ။ သည်ဒုံမင်းရှိမှ သူ့ "တစ်သိန်းပေးတောင် မိန်းကလေး မလာရ"က အဓိပ္ပာယ် ရှိမဲ့ ကိစ္စပဲ။ ယူတယ်၊ ခွင့်ယူတယ်။ တစ်နေ့ ၁၀၀ လောက် ရနေတာ မရလည်း ဘာအကြောင်းလဲပေါ့။ အဲသည်နေ့က တကယ်လည်း လှိုင်သာယာ သွားတယ်။ မြစ်ကူးချောင်းခြား သွားရတာပေမယ့် သူ သွားတယ်။

ထမင်းဝယ်စားတာနဲ့ ဘာနဲ့၊ လမ်းစရိတ်နဲ့ တော်တော် ကုန်သွားတယ်။ ဒါပေမဲ့ သူ ကျေနပ်တယ်။ တစ်ချက်က သူ လှိုင်သာယာကူးတဲ့ ဇက်ခရပ်ပေါ်မှာရော၊ အင်းစိန်ဘက်ကမ်းက လိုင်းကားပေါ်မှာရော ဒုံမင်းတကိုင်ကိုင်နဲ့ သူ့ကို လူတွေ ဝိုင်းကြည့်တာကိုပဲ သူ ကျေနပ် နေတာကိုး။ နေ့လယ်ခင်း ကိုဘာဘူအိမ် ရောက်တော့ မေတ္တာရပ်ခံပြီး "တစ်သိန်းပေးတောင် မိန်းကလေး မလာရ" တိုက်လိုက်ချင်သေး တယ်။ ဒါပေမဲ့ ဒုံမင်းတီးမယ်လည်း လုပ်ရော ညှပ်စလီ အဆဲခံရတော့တာပဲ။ ကီး ပါမလာလို့။ ဒုံမင်းရဲ့ အသက်က ကီးလို့ ခေါ်တဲ့ သံချောင်း ကွေးကွေးလေး။ ဒုံမင်းကြိုးတွေကို တင်းချင်ရင်၊ လျှော့ချင်ရင် အဲသည်သံချောင်းလေးနဲ့ စွပ်ပြီး တင်းရ လျှော့ရတာကိုး။ လှိုင်သာယာက ယူလာတုန်းက ဒုံမင်းကြိုးငုတ်ပေါ်မှာ တစ်ခါတည်း စွပ်ပေးလိုက်လို့ပဲ လမ်းမှာ ကျခဲ့သလား။ ဟိုကပဲ မပေးလိုက်တာ လား သူလည်း မသိတော့။ သူကလည်း ဘာပြောရမှန်း မသိဘူး။ ကိုဘာဘူကတော့ ဆဲတာပေါ့။ ကီးမရှိဘဲ ဘယ့်နှယ့်လုပ် တီးမလဲ။ ညှပ်စလီ တော်တော် စိတ်ညစ်သွားတယ်။ ဒါပေမယ့် တော်သေးတယ်။ ကိုဘာဘူက ပလာယာဟောင်းလေး တစ်လက်နဲ့ ခဲရာခဲဆစ် ကြိုးညှိတော့ အဆင်ပြေသွားတယ်။

“မင်းကွာ ကီး ဖျောက်ပစ်ရတယ်လို့၊ အသုံးမကျတဲ့ကောင်”လို့ ပြောလိုက်၊ ဒေါင်ဒေါင်ဒင်ဒင် ကြိုးညှိလိုက်၊ ညှပ်စလီကို မျက်စောင်း ထိုးလိုက် လုပ်နေတော့ ညှပ်စလီကလည်း အလိုက်သိပါတယ်။ အရက်ကလေး တစ်စိတ် သွားဝယ်ပြီး တိုက်လိုက်တော့မှ ကိုဘာဘူ့ အဆဲ လွတ်တော့တယ်။

ခဏနေတော့ စမ်းရေဆိုမယ့် ကောင်ရော၊ အမေနဲ့ရွာကို လွမ်းတယ်ဆိုတဲ့ ပုဂ္ဂိုလ်ရော၊ တွံတေးသိန်းတန် စပယ်ရှယ်လစ်ရော ရောက်လာ တယ်။ တိုက်ကြ၊ ဆိုကြတယ်။ သူတို့လည်း သောက်တယ်။ ဒုံမင်းဘာဘူလည်း သောက်တယ်။ သူတို့က မဏ္ဍပ်ထဲ လေးနာရီ ထိုးမှ ဝင်ရမှာဆိုတော့ သောက်လိုက်ကြ၊ ဆိုလိုက်ကြ၊ တီးလိုက်ကြ၊ နွှေးလိုက်ကြပေါ့။

“ဟိုကောင် လာ ညှပ်စလီ၊ မင်းသီချင်းဆိုတာပဲ သေတော့မယ်၊ အခုထက်ထိကို 'ကျွန်းနင်း' မကိုက်သေးဘူး။ လည်ပင်းကြောသာ ထောင်အောင် အော်နေတာ၊ ဘယ်ရောက်လို့ ဘယ်ပေါက်မှန်း မသိဘူး။ အသံတည်ထား ပေးတာကို နားထောင်ကွ၊ အသံက တခြား၊ ဆိုတာက တခြား မလုပ်နဲ့။ အသုံးကို တစ်စက်မှ မကျတဲ့ကောင်။ လာ ... ဆို”

ဒုံမင်းဘာဘူက တပည့် နားခံသာအောင် ဆုံးမရင်းက တီးပေးရှာပါတယ်။ သုံးလေးခေါက်ကို တီးပေးတာ။ ဒါပေမဲ့ မကိုက်ဘူး။ ကျွန်းနင်း ဆိုတာလည်း မကိုက်ဘူး။ ပျဉ်းကတိုးနင်း ဆိုတာလည်း မကိုက်ဘူး။ တီးတာကလည်း တီးချင်သလို တီးနေတာ၊ ဆိုတာကလည်း ဆိုချင်သလို ဆိုနေတာ။ သည်လိုနဲ့ ညနေ ၄ နာရီ ထိုးရော ဆိုပါတော့။

ညနေ ၄ နာရီ ထိုးတော့ မဏ္ဍပ်ထဲမှာ လူမရှိသေးဘူး။ အသံချဲ့စက်ကလည်း ဟွန်းတပ်တုန်း။ ညှပ်စလီက ဒုံမင်းကြီး ဆွဲပြီး သံဃာစင် ရှေ့မှာ နေရာချတယ်။ ဘယ်သူမှ မရှိခင် ဆရာတပည့်တွေ တောအရက် တစ်ယောက်တစ်ခွက်စီ သောက်တယ်။ ကိုဘာဘူက ကြိုးတွေကို ပလာယာနဲ့ ထပ်ညှိတယ်။ ခဏနေတော့ မိုက်ခရိုဖုန်း ရတယ်။ တိုင်ငုတ်စိလေးမှာ ရေခဲမုန့်လို မိုက်ခရိုဖုန်းလေး တပ်လိုက်လို့။ ညှပ်စလီက ဝှူးဝှူးဆိုပြီး မှုတ်ကြည့်တယ်။ “ဟဲလို တက်စတင် ... ဝမ်း တူး သရီး ဖိုး” လို့ အော်ကြည့်တယ်။ မဆိုးဘူး၊ ကောင်းတယ်။ ခဏနေတော့ လူတွေ မဏ္ဍပ်ထဲ တော်တော် ရောက်လာတယ်။ မိန်းကလေး တော်တော်များများကလည်း မုန့်ရည် ကြိတ်ဖို့၊ ဧည့်ခံဖို့ ရောက်လာတယ်။ ရပ်ကွက်ထဲက မဟုတ်တဲ့ တယောဆရာရော၊ မယ်ဒလင်ဆရာရော ရောက်လာတယ်။ သူတို့ကလည်း ကြိုးလေး ညှိလိုက်၊ ဟိုဟိုဒီဒီ ကြည့်လိုက်၊ ဦးဆောင်တူရိယာ ဖြစ်တဲ့ ဒုံမင်းသံနဲ့ သူတို့ တူရိယာနဲ့ ကီးကိုက်လိုက် လုပ်နေကြပြီ။ အဲသည်မှာတင် စတုဒီသာ ကျွေးမွေးရေးကော်မတီထဲက တစ်ယောက်က အရက်နံ့လေးနဲ့ ရောက်လာပြီး ဆိုမယ့် သီချင်းတွေ စာရင်းတောင်းတယ်။ သူ ကြေညာပေးမယ်ပေါ့လေ။ ဒါကလည်း လိုတယ်၊ တစ်ယောက် တစ်ယောက်လုပ်နေလို့ ရတာ မဟုတ်ဘူး။ အစီအစဉ်ကလေးနဲ့က ပိုကောင်းတာကိုး။ ပိုပြီး သပ်ရပ်တာကိုး။ တစ်ယောက် တစ်ပေါက် စာရင်းပေးကြတယ်။

“မေတ္တာဂုဏ်”
“စမ်းရေ”
“ချစ်ရက်ဆုံနိုး မကြုံနိုးနှင့်”
“ချစ်ရတုထံတျာ”
“နှမလက်လျှော့ နေလေတော့”
“အမေနှင့် ရွာကို လွမ်းတယ်”
“တစ်သိန်းပေးတောင် မိန်းကလေး မလာရ”
“သည် နွေမိုးဆောင်း ပြောင်းသော်လည်း”
“အသီးတစ်ရာ အညှာတစ်ခု”
“တိမ်တမန်”
“မိုး”
“ပန်းလိုလျှင် အပင်ကို ပျိုးပါ”
“ချောကလျာ”
“မုန်းရစ်လေဦး” ...

ပေးလိုက်ကြတဲ့ စာရင်း၊ နည်းတာ မဟုတ်ဘူး။ သည်တော့မှ အဆိုတော်တွေ ဘယ်က ရောက်လာတာလဲ၊ တစ်ခါမှ မတိုက်ဘဲ ဘယ်လို ဆိုကြမှာလဲ၊ မဏ္ဍပ်ထဲ ရောက်လာတဲ့ လူငယ်၊ လူလတ်တွေတင် မကတော့ဘူး။ ခေါင်းတုန်တုန် လည်တုန်တုန် အဘိုးကြီးကလည်း စာရင်းပေးတယ်။ သည်ပွဲမှာ ဆိုမယ် နွှဲမယ်ပေါ့လေ။ သင်္ကြန်ရက်ဆိုတော့ လမ်းသွား လမ်းလာကလည်း ဝင်ငေးရင်း စာရင်း ပေးကြ တာလည်း ပါတယ်။ တူတာကတော့ အားလုံး မူးနေကြတာပါ။ နည်းနည်း မူးတာ၊ များများ မူးတာ၊ တော်ရုံတန်ရုံ မူးတာ၊ ယဉ်ယဉ်ကလေး မူးတာ၊ သောက်သောက် လဲ မူးတာ၊ ရုပ်ပျက်ဆင်းပျက် မူးတာ၊ ဖင်ထောင်အောင် မူးတာ၊ မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ်နဲ့ မူးတာ၊ ဒါပဲ ကွာတယ်။ အားလုံးက မူးနေကြတာ။ အစီအစဉ် ကြေညာသူက မိုက်ခရိုဖုန်းကို ဖြုတ်တယ်။ ကြေညာတယ်။

“အနုပညာဆိုတာ ...”

ဒါပဲ ရှိသေးတယ်။ အသံချဲ့စက်က မလာတော့ဘူး။ အသံချဲ့စက်ဆရာကလည်း မူးနေတော့ သူ့စက်က အလုပ်မလုပ်တာ သူ မသိဘူး။ မျက်လုံးကြီး ပြူးပြီး ပြောလေ ... ပြောလေဆိုပြီး မေးချည်း ထိုးပြ နေတော့တာ။ ခဏနေတော့မှ သူလည်း သဘောပေါက်သွားတယ်။ ဟိုဟာ ဒီဟာ ကလိလိုက်တော့ အသံပြန်လာတယ်။ ကွီဆိုတဲ့ အသံရှည်ကြီးကတော့ မပျောက်ဖူး။ ဂျစ်ဂျစ်ဂျစ် ရှဲရှဲရှဲ ဆိုတဲ့ အသံ ကလည်း ပါသေးတယ်။

“ဟုတ်ကဲ့ မင်္ဂလာ ညနေခင်းပါ။ အနုပညာဆိုတာ မြစ်ကို အလျားလိုက် ကူးရသလိုပါ ခင်ဗျာ၊ ဆုံးတယ်လို့ မရှိပါဘူး။ သည်အနုပညာကိုမှ မြတ်နိုးတွယ်တာ မိလေတော့ ဝါသနာကို အရင်းခံပြီး အနုသုခုမ ပညာရပ်ကို ရှေ့တန်းတင်လို့ တတ်သည့်ပညာ မနေသာဆိုသလို အသုံးတော် ခံမယ်ဆိုတဲ့ စိတ်နဲ့ ဂီတသံယောဇဉ်နဲ့ ကနေ့တော့ဖြင့် စတုဒီသာပွဲကြီးမှာ ဂီတနဲ့ပူဇော်မယ် ဆိုပြီး”

“....”

ကြေညာနေတဲ့ ကောင်ကလည်း မူးနေတော့ စကားတွေကလည်း လည်နေပြီ။ ဆိုမယ့်ကောင်ကလည်း ဘယ်သူ့ကို ကြေညာပါ့မလဲပေါ့။ တီးရမယ့်သူကလည်း ဟ ဘာသီချင်းများပါလိမ့်ပေါ့။ ကြည့်တယ်၊ ခဏနေတော့မှ ...

“ဟုတ်ကဲ့ ... ကျွန်တော်တို့ရဲ့ တေးသံရှင်ကလေးများက ဂါရဝတရားရှေ့ထားပြီး ကနေ့တော့ဖြင့် ရင်နှစ်ခြမ်း ဖြန်းဖြန်းကွဲချင် ကွဲပစေ တော့ ဆိုပြီး”
“ဟေ့ကောင် မြန်မြန်လုပ်ကွာ ရှည်မနေနဲ့”
“ဟုတ်ကဲ့ ရင်နှစ်ခြမ်း ဖြန်းဖြန်းကွဲပစေတော့ ဆိုပြီး အသုံးတော်ခံမယ့် တေးသံရှင် "ပဏာမ"ကတော့ အဲ အဲ ... ဒုံမင်းကိုဘာဘူနဲ့ တွဲဖက်တင်ဆက်မယ့် ပဏာမ တေးသံရှင်ကတော့ ... ဘယ်သူကွ၊ ချောကလျာဆိုမှာ ဘယ်သူကွ။ ဩော် အေး အေး .... ဟုတ်ကဲ့ခင်ဗျ။ တေးသံရှင်ကတော့ ဝါးနက်ချောင်း မြအေးလေးပါ၊ နားဆင်ကြည့်ကြပါ ခင်ဗျား”

ညှပ်စလီကတော့ သည်ပုံနဲ့ ကြေညာနေရင် ခုနှစ်နာရီထိုးတောင် သီချင်းလေးပုဒ် ပြီးပါ့မလား တွက်တယ်။ ဘာပဲဖြစ်ဖြစ် တယောဆရာ ရတဲ့ သီချင်းကို တယောဆရာက ဦးဆောင်၊ မယ်ဒလင်ဆရာ ရတဲ့ သီချင်းကို မယ်ဒလင်ဆရာက ဦးဆောင်၊ ဒုံမင်းက ရတာ ဒုံမင်းဆရာ က လူလည်လုပ်ပြီး ဆိုလိုက်တီးလိုက်ကြတာ တစ်ပုဒ်ပြီး တစ်ပုဒ်ပါပဲ။ သံဝါ၊ သံနီ၊ သံပြာ၊ သံရောင်စုံနဲ့ ဆိုလိုက်ကြတာ ဘာပြောကောင်း မလဲ။ အားလုံးက မူးနေတော့ မေးဆွဲနေတာနဲ့၊ သီချင်းက လည်နေတာနဲ့ ဂျာအေး သူ့အမေရိုက်တဲ့ သီချင်းက ရိုက်လို့။ တစ်ပုဒ်ပြီး ပေမယ့် သူ့ဟာသူ ဖြတ်ကြေညာပြီး နှစ်ပုဒ်ဆက်တိုက် ဆိုသူက ဆိုကြလို့၊ သီချင်းလုတဲ့ကောင်က လုကြလို့၊ ဘယ်သူမှ မရတဲ့ သီချင်း အတင်းတီးခိုင်းတဲ့ကောင်က တီးခိုင်းလို့၊ တစ်ယောက်ဆိုနေတာကို သံပြိုင်လိုက်ဆိုတဲ့ ကောင်က ဆိုလိုက်လို့နဲ့ ဖြစ်ချင်တိုင်း ဖြစ်နေ တော့တာကလား။ မိုက်ကလည်း တစ်ခါပျက်ရင် ဆယ်မိနစ်နဲ့ သုံးခါလောက် ပျက်ပြီးပြီ။ ကြေညာသူကလည်း တစ်ခါ ကြေညာလိုက်ရင် ၂ မိနစ်တော့ ကြာတယ်။ ဒုံမင်းကလည်း ကြိုးပြတ်လို့ သီချင်းမရလို့၊ ကီးက ပလာယာနဲ့ လှည့်တာ ချော်နေလို့ ဟုတ်တိပတ်တိကို တီးတယ် မရှိသေးပေမယ့် သီချင်းတော်တော်လည်း ကျသွားပြီ။ ရဲစွမ်းမောင် အလှည့်က မကျသေးဘူး။ ညှပ်စလီကလည်း ကြေညာသူ ကို ခါးတို့ရတာ ၄-၅ခါ ရှိပြီ။ အေးပါကွာ ... အေးပါကွာနဲ့ မေ့နေလို့လား၊ ညစ်နေတာလား မသိဘူး။ သူ့အလှည့်ကို မရောက်သေးတာ။

“ခုတစ်ခါ အလှည့်ကျသူကတော့ ဧည့်သည်တေးသံရှင် ကိုကျော်လေးပါ။ ကိုကျော်လေးက ဩော် ... သည်ပွဲကြီးမှာ သူလည်းပဲ ပါဝင်ဆင်နွှဲချင်တယ် ဆိုတော့ ကိုင်း ... ဟုတ်ပြီ အိမ်ရှင်က ဧည့်သည်ကို ဦးစားပေးရတာ ဆိုတော့၊ သင်္ကြန်ပွဲလည်း ဖြစ်တော့ကာ "ရှာပုံတော်မင်းသားကြီး" ဆိုပါရစေတဲ့။ တီးဝိုင်းက တိုက်မထားရတော့”
“ဟေ့ကောင် လိုရင်းပြောကွာ၊ ချီးမှပဲ ကတည်း”
“ဟုတ်ကဲ့ခင်ဗျ၊ သည်တော့ ရတာပဲ ဆိုပါတော့မယ်တဲ့၊ ဘာတဲ့ "မျက်လုံးဖွင့်ပြီး အိပ်ကြည့်စမ်းပါ အချစ်ရယ်"၊ ဟုတ်ကဲ့၊ မျက်လုံးကို ဘယ်လိုဖွင့်ပြီး အိပ်မလဲ ဆိုတာကို ကျွန်တော်တို့ ကနေ့မှာ အဖြေရှာလို့ ရနိုင်မယ်ဆိုရင် ...”
“ငါလေ ပြောရင်းနဲ့ကို ရှည်ပါနေရောလား၊ တော်ကွာ”
“ဟုတ်ကဲ့ တေးသံရှင် ကိုကျော်လေးရဲ့"မျက်လုံးဖွင့်ပြီး အိပ်ကြည့်စမ်းပါ အချစ်ရယ်"ကို ခံစားကြဖို့ပါ ခင်ဗျား”

သီချင်းဆိုနေတဲ့ လူက မျက်လုံးဖွင့်ပြီး အိပ်နေတုန်း ညှပ်စလီက ကြေညာသူကို အရက်တစ်ခွက် ပေးတယ်။ ဒီတစ်ခါ သူ့အလှည့် ကြေညာပေးဖို့လည်း ပြောတယ်။ ရဲစွမ်းမောင်လို့ ကြေညာပေးဖို့လည်း ပြောတယ်။ သီချင်းက "တစ်သိန်းပေးတောင် မိန်းကလေး မလာရ" ဆိုတာလည်း ပြောတယ်။ ကြေညာသူကလည်း “အင်း ... ဒီတစ်ခါ မင်းအလှည့်” တဲ့။

သည်တစ်ခါ ညှပ်စလီ တော်တော်ပျော်သွားတယ်။ မပျော်လို့လည်း မရဘူးလေ။ ဆိုမယ့်သူတွေကလည်း တစ်ဝက်တောင် မကျိုးသေး ဘူး။ မဏ္ဍပ်ထဲ ဝင်လာသမျှက စာရင်းပေးနေတော့တာ မဟုတ်လား။ ကြေညာတဲ့ ငနဲကလည်း စီးကရက် တစ်လိပ်ပေးတိုင်း ဦးတဲ့သူ ကြေညာပေးနေတာ မဟုတ်လား။ မူးကလည်း မူးနေတော့ ကပေါက်တိ ကပေါက်ချာ စီစဉ်ချင်သလို စီစဉ်နေတာ မဟုတ်လား။ သည်တစ်ခါတော့ ဘာစိတ်ကူးရတယ် မသိဘူး။ သူ့အလှည့်တဲ့။ ညှပ်စလီ ရင်တွေခုန်နေပြီ။ ချွေးတွေလည်း စို့လာပြီ။ တံတွေးတွေလည်း ထွက်ချင်လာပြီ။ သလိပ်ကလည်း လည်ချောင်းဝ ဆို့ချင်နေပြီ။ မဏ္ဍပ်ထဲက လူတွေကို ကဲကြည့်တယ်။ မိန်းကလေးတွေက ဘာလီ ဖျော်ရည်တိုက်ဖို့ လုပ်နေကြပြီ။ မီးတွေကလည်း လင်းပြီ။ ၇ နာရီကလည်း နီးတော့ အချိန်ကောင်း။

ခပ်လှမ်းလှမ်း တာလမ်းပေါ်မှာလည်း လူတွေက နားထောင်နေတာလား။ မည်းမည်း မည်းမည်းနဲ့။ နေပါဦး သီချင်းအစက ဘာပါလိမ့်။ ဟ ပြဿနာပဲ၊ နေပါဦး။ အစလေးပဲ နေပါဦး၊ ညှပ်စလီ သူ့ဟာသူ ဖြစ်နေတုန်း ပြဿနာက ဝင်ရော။

“ညှပ်စလီ လမ်းထိပ် ပြေးစမ်း၊ ကြိုးတွေ ပြတ်ကုန်ပြီ။ ဂီတာ သုံးကြိုး တစ်ချောင်း၊ လေးကြိုး တစ်ချောင်း၊ ခြောက်ကြိုး တစ်ချောင်း ဝယ်ချေ။ မြန်မြန်ပြေး။ နောက်သီချင်း မယ်ဒလင် လွှတ်ဟေ့။ သုံးလေးခြောက်နော်။ သောက်တလွဲ ဝယ်မလာနဲ့ဦး။ ပိုက်ဆံစိုက်ထားကွာ၊ ပြေး ပြေး”

ဘာတတ်နိုင်မှာတုန်း၊ ဘာလုပ်လို့ ရမှာတုန်း။ သူက ဒုံမင်းနဲ့ ဆိုရမှာ၊ ဒုံမင်းက ကြိုးပြတ်မှတော့ ဘယ်လိုလုပ် ဆိုရမှာတုန်း။ ဝယ်ပေါ့၊ ပြေးပေါ့။ အရေးထဲ မဏ္ဍပ်ဝ ချွတ်ထားတဲ့ ဖိနပ်က မတွေ့ဘူး။ နေပါစေ၊ သည်အတိုင်းပဲ ပြေးတယ်။ လမ်းထိပ်က ဆိုင်က မဖွင့်ဘူး။ သင်္ကြန်တွင်းဆိုတော့ ပိတ်ထားတယ်။ လမ်းထိပ်က ကုန်စုံဆိုင်ပြေးတယ်။ ကြိုး မရှိဘူး။ ခပ်လှမ်းလှမ်းက ကုန်မျိုးစုံရောင်းတဲ့ ဆိုင်ကို ပြေးတယ်။ ရတယ်။ ပြန်ပြေးလာတော့ တော်တော့်ကို မှောင်နေပြီ။ သူ့မှာ နာရီကလည်း မရှိတော့ အချိန်က မမှန်းတတ်ဘူး။ တီးဝိုင်း ကတော့ မယ်ဒလင်နဲ့ စခန်းသွားနေတုန်း။ တော်သေးတယ်။ မဏ္ဍပ်ထဲရောက်တော့ သူမောနေတယ်။ ကိုဘာဘူက ကြိုးဟောင်းတွေကို ဒုံမင်းက ဆွဲထုတ်ပြီး ဝယ်လာတဲ့ ကြိုးသစ်တွေ လဲတယ်။ ဘာပဲဖြစ်ဖြစ် ကြိုးသုံးချောင်းလဲတာ ဆယ်မိနစ်လောက် ပဲ့သွားတယ်။ အဲသည်တုန်းမှာပဲ မဏ္ဍပ်ထဲက ကလေးတွေ အပြင်ကို ဝုန်းခနဲ ပြေးထွက်သွားတယ်။ ရုတ်ရုတ် ရုတ်ရုတ်ဆိုတော့ တီးဝိုင်းကလည်း ရုတ်တရက် ကြောင်သွားတယ်။ နောက်တော့ ဘယ်ဟုတ်မလဲ။ ဗီဒီယိုစက်တင်လာတဲ့ မြင်းလှည်းဝင်လာလို့တဲ့။ လူကြီးတွေကလည်း စားပွဲတစ်လုံး တောင့်တောင့်ကို အောက်ကခံပြီး သူ့အပေါ်က စားပွဲသေးသေးလေး တစ်လုံး တင်တယ်။ ဗီဒီယိုစက်ကို နေရာချတယ်။ လျှပ်စစ်ကြိုးတွေ ဘာတွေချဖို့ စီစဉ်တယ်။ မဏ္ဍပ်ထဲက လူတွေအားလုံးက ဗီဒီယိုပြစက်ရှေ့ ရောက်ကုန်ပြီ။ ဖျာစုတ်တွေ၊ ဂုန်နီအိတ် တွေလည်း ဘယ်က ဘယ်က ရောက်လာတာလဲ မသိဘူး။ ခင်းပြီးကြပြီ။ ညှပ်စလီက ချွေးပြန်လက်စနဲ့ ကြေညာသူကို ခါးတို့တယ်။ မီတောင်မှ မီပါ့တော့မလားလည်း တွက်တယ်။

“လုပ်စမ်းပါဗျ "တစ်သိန်းပေးတောင် မိန်းကလေး မလာရ" ။ သီဆိုသူ ရဲစွမ်းမောင်၊ လုပ်ပါဗျ ... ဟေ့လူ လုပ်ပါ၊ တစ်စိတ် တိုက်ပါ့မယ်။ ဟောဗျာ ... ဟေ့လူ”

ညှပ်စလီကတော့ လောဆော်နေတာပါပဲ။ လူတွေက တီးဝိုင်းဆီမှာ အာရုံနည်းနေပြီ။ ဗီဒီယိုဆီ အာရုံရောက်နေပြီ။ ကြေညာတဲ့ကောင် ကတော့ ညှပ်စလီ ခါးတို့နေတာ မကြားတော့ဘူး။ မိုက်ကို ကိုင်ရင်းက ...

“ကလေးတွေ ... ကလေးတွေ နေရာမလုကြနဲ့လေ။ ပြမှာပါ ပြမှာပါ။ ဇာတ်ကားကောင်းတွေ ရွေးထားပါတယ်။ ရဲကိုကို ... ရဲမင်းပိုင် ... မော့စ်၊ တရုတ် သိုင်းကား၊ စုန်းကား၊ သရဲကား၊ ဟောင်ကောင် ဂျက်မ ... အကုန်ပါပါတယ်၊ ကလေးတွေ ... ကလေးတွေ”
“ဟေ့လူ ဆက်ကြေညာပါ။ ရဲစွမ်းမောင်ရဲ့ "တစ်သိန်းပေးတောင် မိန်းကလေး မလာရ"။ ဟေ့လူ ...”

အဲသည်မှာတင် ရပ်ကွက်လူကြီးတစ်ယောက် ရောက်လာတယ်။ ဒုံမင်း ကိုဘာဘူကို အရက်တစ်လုံး ပေးတယ်။ တီးဝိုင်းကိုလည်း ရပ်ခိုင်းတယ်။

“ဘာဘူရေ ကျေးဇူးပဲကွာ၊ မင်းတို့လည်း ပင်ပန်းလှပြီ၊ တစ်နေရာမှာ သွားလုပ်ချေတော့ကွာ။ ကိုင်း သိမ်းကြတော့ဟေ့”

ခဏနေတော့ ဗီဒီယိုက ဂျစ်ဂျစ်ရှဲရှဲနဲ့ အသံမြည်ပြီး စ ပြဖို့ လုပ်နေပြီ။ မိုက်ခရိုဖုန်း ဆရာကလည်း သူ့ မိုက်ခရိုဖုန်းကို ဖြုတ်တယ်။ စောစောက အဆိုတော်တွေလည်း မရှိတော့ဘူး။ ရပ်ကွက်ထဲက လူခံ အဆိုတော်တွေလည်း မရှိတော့ဘူး။ ရပ်ဝေး ရပ်နီးက ဧည့်သည် အဆိုတော်တွေလည်း မရှိတော့ဘူး။ တယောဆရာနဲ့ မယ်ဒလင်ဆရာလည်း ပြန်ကြပြီ။ ညှပ်စလီနဲ့ ဒုံမင်းကိုဘာဘူပဲ ကျန်တော့တယ်။ ညှပ်စလီက ကိုဘာဘူကို မကျေနပ်ဘူး။ အစောကြီးက ကိုယ့်လူရင်းကို ပွဲထုတ်သင့်ပါလျက်နဲ့ သူများ ဝင်ဆိုသွားတာ လက်ခံရမှာလားပေါ့။ ကိုဘာဘူကလည်း မူးနေတာ မဟုတ်လား။ ထ ဟောက်တော့တာပါပဲ။

“မင်း အမေလင်က အစီအစဉ်က တခြား၊ လုပ်နေတာက တခြားလေ။ ဒါတော့ မင်းမသိဘဲနဲ့ ငါက ဘာလုပ်ရမှာတုံး။
"တစ်သိန်းပေးတောင် မိန်းကလေး မလာရ" ကပေါက်တိ ကပေါက်ချာကိုလည်း ဆိုမနေနဲ့တော့၊ တစ်သိန်းပေးပေး မပေးပေး၊ မိန်းကလေးက လာမှာပဲ ... လာ သွားစို့”

ဘာတတ်နိုင်မှာတုံး။ ထ ပြန်ရုံပေါ့။ ဆရာတပည့် နှစ်ယောက် မဏ္ဍပ်ထဲက ထွက်တော့ ညှပ်စလီက ရှေ့က။ ဒုံမင်းကြီး ဆွဲလိုက်လို့။ ဖိနပ်လည်း မပါတော့ဘူး။ ကိုဘာဘူက နောက်က ဒယိမ်းဒယိုင်နဲ့။ ဗီဒီယိုကတော့ စ ပြနေပြီ။ ဒါရိုက်တာက မီးပွားတဲ့။ မင်းသားက ကျော်ဟိန်းတဲ့။ ဇာတ်ကားက “အကြွေး” တဲ့။

နေဝင်းမြင့်

ပင်မစာမျက်နှာသို့ပြန်သွားမည် >>
နေ့စဉ် အသစ်အသစ်သော သတင်းများ ကို သိရှိနိုင်ရန် လိုတရ Application အား ဤနေရာတွင် နှိပ်၍ အခမဲ့ Download ရယူပါ။