contents

ထိပ်ဆုံးစာမျက်နှာ > ဝတ္ထုများ

ခရေပင်လမ်း
အစ/အဆုံး
တေဇာ (လရောင်လမ်း)

ဒီတော့ ငါတို့အတူတူ သက်သက်စီ လျှောက်ကြတာပေါ့။
~ လျှိုပင်ဟောင်ဝါ

တစ်ခါတုန်းက သူနဲ့ကျွန်တော် ခရေပင်လမ်းပေါ်မှာ အတူလျှောက်ခဲ့ကြဖူးတယ်။ ရန်ကုန်မြို့တော်ကြီးရဲ့ အလယ်ခေါင် တည့်တည့် ပန်းခြံတစ်ခုရဲ့ ပတ်လမ်းတစ်ခုပေါ်က မနက်ခင်းစောစော တစ်ခုမှာပေါ့။ လမ်းလျှောက်နေပေမယ့် စကား အထွေအထူး မပြောဖြစ်ကြဘူး။ အဲဒီလမ်းပေါ်မှာ ခရေပင်ကြီးတွေ ရှိတယ်။ ခရေပန်းလေးတွေ လမ်းမပေါ် ပြန့်ကျဲ နေတယ်။ ငှက်တွေလည်း အသံမြည်နေကြတယ်။ ကျွန်တော်တို့ တွဲလျှောက်လာကြပေမယ့် စုံတွဲနှစ်ယောက်မဟုတ်သလို ကျွန်တော် ခံစားနေရတယ်။ ဒီခံစားမှုဟာ သူ့နဲ့ကျွန်တော်အတူရှိခဲ့တဲ့ ခဏတာတိုင်းမှာ ကျွန်တော် အမြဲရနေကျ ခံစားမှု တစ်ခုပဲ။ ကျွန်တော်ဟာ သူ့ချစ်သူ မဟုတ်သလိုပဲ။ (တကယ်လည်း မဟုတ်ဘူးလို့ နောက်ပိုင်းကျတော့ ကျွန်တော်သိခဲ့ရ ပါတယ်) တွဲလျှောက်နေကြပေမဲ့ ကျွန်တော်တို့ဟာ ရောနှောမသွားဘူး။ ဟန်ချက်ညီမနေဘူး။ ဘေးလူအနေနဲ့ကြည့်ရင် သက်သက်စီ ကွဲနေလိမ့်မယ်၊ သူစိမ်းနှစ်ယောက် ရင်ဘောင်တန်း လျှောက်လာကြသလိုပဲ ဖြစ်နေလိမ့်မယ်လို့ ကျွန်တော် ထင်နေတယ်။ ဒီအတွက် နည်းနည်းတော့ စိတ်နှောင့်အယှက် ဖြစ်မိတယ်။ လိုက်လျောညီထွေဖြစ်အောင် ကျွန်တော် အတတ်နိုင်ဆုံး ကြိုးစားကြည့်ခဲ့ပါတယ်။ သူ့လက်ကလေးကို ဆုပ်ကိုင်လိုက်ရင် ကောင်းမလား။ ဒါပေမဲ့ ဒါလည်း ကျွန်တော် လုပ်နေကျအလုပ်မျိုး မဟုတ်ပြန်ဘူး။ သတ်မှတ်ချက် ဘောင်တစ်ရပ်အတွင်း အဲဒီလို ကိုင်ခွင့်ရှိတယ်ဆိုရင်တောင် ကျွန်တော့်အနေနဲ့ နည်းနည်း စွန့်စားရတဲ့အလုပ်တစ်ခုလို ဖြစ်နေမိတယ်။ အခွင့်အရေးယူလိုက်သလို၊ ဒါမှမဟုတ် ပိုင်စိုးပိုင်နင်းနိုင်သလို ဖြစ်သွားမှာကိုလည်း ကျွန်တော် မလိုလားဘူး။ တကယ်တော့ အဲလို လက်တွဲလိုက်ရင်၊ လက်တွေကို မလွှဲဘဲနဲ့ ကျွန်တော် အဆင်ပြေအောင် လမ်းလျှောက်နိုင်ပါ့မလားဆိုတာ မသေချာတာလည်း ပါတယ်။ ဒီတော့လည်း ဒီတိုင်းပဲ ဆက်လျှောက် နေမိတော့တယ်။

ခဏနေတော့ သူက ရပ်လိုက်တယ်။ ခရေပန်းလေးတွေ နည်းနည်းကောက်သွားရအောင်လို့ ကျွန်တော့်ကို ပြောတယ်။ ကျွန်တော်ကလည်း ကောင်းသားပဲလို့ ပြောလိုက်တယ်။ သူက ငုတ်တုပ်လေးထိုင်ချပြီး ခရေပွင့်လေးတွေကို လိုက်ကောက် နေတယ်။ ကျွန်တော်လည်း တစ်ပွင့်နှစ်ပွင့်ကောက်ပြီး သူ့လက်ထဲ ထည့်ပေးလိုက်တယ်။ သူက နည်းနည်းဆိုတော်ပါပြီလို့ ပြောတယ်။ သူက ခရေပန်းမကြိုက်ဘူး၊ သူ့သူငယ်ချင်းတစ်ယောက်က အရမ်းကြိုက်လို့ လက်ဆောင်ပေးချင်လို့လို့ ပြောတယ်။ ဒီတော့လည်း ကျွန်တော်က ဆက်မကောက်တော့ဘဲ မတ်တပ်ရပ်ပြီး သူ့နောက်ကျောလေးကို ကြည့်နေမိ တော့တယ်။ ခရေပန်းလေးတွေကို လှမ်းကောက်နေတုန်း သူ့ခါးလေးပေါ်သွားတာကို မြင်လိုက်ရတယ်။ အမှန်တော့ ကျွန်တော် စိတ်လှုပ်ရှားသွားသင့်တာ။ ဒါပေမဲ့ အဲလိုမဟုတ်ဘဲ သူ့ကို ကျွန်တော်နဲ့ သွေးသားတော်စပ်တဲ့ လူတစ်ယောက် လို ခံစားနေရတယ်။ သူ့ကို ကျွန်တော် စိတ်နဲ့ပစ်မှားလို့ မရဘူးဖြစ်နေတယ်။ စိတ်ပညာအလိုအတိုင်းဆိုရင် ဒါဟာ ပုံမှန် စိတ်အခြေအနေမဟုတ်ဘူးလို့ တွေးမိတော့ ဘ၀င်မကျဖြစ်သွားမိပေမဲ့ ငါဟာ သူ့ကို ဖြူဖြူစင်စင် ချစ်နေတာပါလားဆိုတဲ့ အတွေးက အနိုင်ယူလိုက်ပြန်တယ်။ ပြီးတော့ အခုလို ခိုးကြည့်နေမိတာ (သူက ကျွန်တော်ကြည့်နေမှန်းမသိတော့ ခိုးကြည့်တယ်ပဲ ထားပါတော့) အပြစ်မကင်းသလိုလည်း ခံစားမိလိုက်သေးတယ်။ ဒါနဲ့ပဲ အကြည့်ကိုလွှဲပြီး လက်နက်ကိုင် စစ်သားတစ်ဦး စောင့်ကြပ်နေတဲ့ သံရုံးတစ်ခုဆီကို ငေးကြည့်နေလိုက်မိတယ်။ အဲဒီအချိန်မှာပဲ သူက ထလာတယ်။ ရပြီ၊ သွားကြစို့လို့ ပြောပြီး နှစ်ယောက်သား ဆက်လျှောက်လာကြတယ်။ အရင်လိုပါပဲ။ တွဲလျှောက်လာကြပေမဲ့ သက်သက်စီပဲ၊ မရောသွားပါဘူး။ အဲဒီနေ့က ကျွန်တော် ခရေပန်းတချို့ကို တက်နင်းမိခဲ့တယ် ထင်တယ်။

နောင်နှစ်ပေါင်းများစွာ ကြာတဲ့အထိ ကျွန်တော် အဲဒီလမ်းမှာ လျှောက်နေခဲ့တုန်းပဲ။ ဒါပေမဲ့ သူမပါတော့ဘူး။ ခရေပင်ကြီး တွေ၊ ခရေပန်းလေးတွေ အရင်လိုပဲ သူ့နေရာနဲ့သူ နေသားတကျရှိပေမယ့် သူ မရှိတော့ဘူး။ သူ ခရေပန်း ထိုင်ကောက်ခဲ့တဲ့ နေရာကို ရောက်တိုင်း တစ်ခုခုတွေ့ရလိမ့်မယ်ဆိုတဲ့ မျှော်လင့်ချက်မရှိပါဘဲ ကျွန်တော် အဲဒီ မြေနေရာလေးကို ငုံကြည့်မိ တယ်။ ဘာမှမရှိပေမဲ့ ကျွန်တော့် စိတ်ထဲမှာ သူ့ကိုမြင်နေရသလိုပဲ။ သူ အဲဒီနေရာမှာ ထိုင်နေခဲ့ပုံလေးကို စိတ်ထဲက မြင်နေရတယ်။ အဆင်ပြေတာတစ်ခုကတော့ စုံတွဲဆန်ဆန် လမ်းလျှောက်နိုင်ဖို့ အားထုတ်နေခဲ့ရတဲ့အဖြစ်က လွတ်မြောက် သွားတာပါပဲ။ ကျွန်တော့် ဘေးနားမှာ၊ နောက်မှာ၊ မျက်နှာချင်းဆိုင်မှာ လူတွေ လမ်းလျှောက်နေကြတယ်။ ကျွန်တော်လည်း လျှောက်နေတယ်။ အားလုံး သက်သက်စီချည်းပဲ။ ကိုယ့်ခြေလှမ်းကိုယ် လှမ်းနေကြရတာပဲ မဟုတ်ဘူးလား။ သူ ဘယ်နေရာမှာ ခရီးဆက်နေပြီလဲ ကျွန်တော် မသိဘူး။ ကျွန်တော်ကတော့ အရင်ကလိုပဲ မိန်းကလေးတစ်ယောက်နဲ့ လိုက်ဖက်ညီစွာ လျှောက်လှမ်းဖို့ အဆင်သင့်မဖြစ်သေးဘူး။ ကျွန်တော်က ခရေပွင့်လေးတွေကို အသက်ရှိသလို သဘောထားပြီး တတ်နိုင်သမျှ မနင်းမိအောင်ရှောင် နေမိတယ်။ ဘယ်လမ်းကိုမှ မင်းနဲ့တွဲပြီး ငါမလျှောက်ဖူးဘူးဆိုတဲ့ သီချင်းစာသားကို တွေးမိလိုက်တော့ ပြုံးမိတော့မလို ဖြစ်သွားတယ်။ (ဒါပေမဲ့ အဲဒီအပြုံးက မျက်နှာပေါ် ထင်မလာခင်မှာပဲ သေသွားတယ်) စုံတွဲတွေတိုင်း လျှောက်ခဲ့ဖူးတဲ့ ခရေပင်လမ်းကို ကျွန်တော် မလျှောက်ဖူးပါဘူး။ ဟုတ်တယ်။ အဲဒီတုန်းက သူက သက်သက်၊ ကျွန်တော်က သက်သက် ကိုယ်စီလျှောက်ခဲ့ကြရုံပဲ။ ခရေနံ့သင်းတဲ့ လမ်းပေါ်မှာ…။

တေဇာ (လရောင်လမ်း)

ပင်မစာမျက်နှာသို့ပြန်သွားမည် >>
နေ့စဉ် အသစ်အသစ်သော သတင်းများ ကို သိရှိနိုင်ရန် လိုတရ Application အား ဤနေရာတွင် နှိပ်၍ အခမဲ့ Download ရယူပါ။