Lotayamm

search
မာတိကာ

contents

ထိပ်ဆုံးစာမျက်နှာ > ဝတ္ထုများ

လမ်းတို့၏ သားရဲ
အစ/အဆုံး
အောင်သူရ

ဂူဝကြီးကနေ လှမ်းကြည့်လိုက်ရင် ခပ်လက်လက် တောက်ပနေတဲ့ကြယ်တွေကို မြင်နေရတယ်။ ဖြိုးဖြိုးဖြောက်ဖြောက် ကြယ်တွေရဲ့ကြားမှာသွားနေတဲ့ အရာတွေကိုလည်း မြင်နေရတယ်။

ဂူဝကြီးရဲ့ထိပ်ကနေ ရေစက်ကလေးတွေ တစ်စက်ပြီးတစ်စက်ကျနေတယ်။

ကောင်မလေးဟာ သူ့ရဲ့ဆံပင်ကောက်ကောက်ကလေးတွေ ရေစိုနေတာကို လက်နဲ့စမ်းကြည့် နေတယ်။ မျက်လုံးတွေ ကတော့ ကြယ်တွေကြားမှာသွားနေတဲ့အရာတွေကိုပဲ စိုက်ကြည့်နေတယ်။

ဒီဂူကြီးဟာ တောင်အမြင့်ကြီးရဲ့ အလယ်မှာရှိနေတဲ့ ဂူပေါက်ကြီး။ အောက်ဖက်ကို ကြည့်လိုက်ရင် ခပ်ညိုညိုရေတွေကို မြင်ရတယ်။

စိုရွှဲလာတဲ့ ဆံပင်ကောက်ကလေးတွေဟာ တဖြည်းဖြည်းနဲ့ ကပ်လာတယ်။ ဆံပင်လေးတွေ ကပ်သွားတာကြောင့် ကောင်မလေးရဲ့ခေါင်းကလေးဟာ ပိုကြီးသယောင်ထင်ရတယ်။

ပါးပြင်ပေါ် ကျလာတဲ့ မျက်ရည်တွေကို ညာလက်နဲ့သုတ်လိုက်ပြီး ကြယ်တွေကြားမှာ ရွေ့လျားနေတဲ့အရာတွေကိုပဲ လိုက်ကြည့်နေတယ်။

ရုတ်ချည်းဆိုသလိုပဲ အဲဒီအရာတွေဟာ ကောင်မလေးနားကို ရောက်လာကြပြီး ကောင်မလေးရဲ့လက်နှစ်ဖက်ကို ဝိုင်းဆွဲပြီး သယ်မသွားကြတယ်။

ကောင်မလေးဟာ အဲဒီအရာတွေက ဆွဲခေါ်သွားတဲ့နောက်ကို တွဲလောင်းတွဲလောင်းနဲ့ပါသွားတယ်။

တွဲလောင်းချိတ်ပြီးပါသွားတဲ့ ကောင်မလေးကို ငေးစိုက်ကြည့်ပြီးကျန်ခဲ့တယ်။

တစက်စက်ကျနေတဲ့ရေစက်တွေ ရပ်သွားတယ်။ ကောင်မလေးက အပေါ်ကိုမော့ကြည့်လိုက်တယ်။ ရေစက်တွေကတော့ ထပ်ကျမလာတော့ဘူး။

မှိုးပြပြဟိုးအဝေးမှာ တွဲလောင်းကလေးပါသွားတဲ့ ကောင်မလေးကို မြင်နေရတုန်းပဲ။

သူ့လက်ဖဝါးနှစ်ခုကို ထပ်လိုက်ပြီး ဖြည်းဖြည်းချင်း ပွတ်နေတယ်။ ပြီးမှမတ်တပ်ရပ်လိုက်တယ်။

ရေညိုညိုတွေရှိတဲ့ချောက်ထဲကို ခုန်ချလိုက်တယ်။

ကောင်မလေးရဲ့ဆံပင်ကောက်ကလေးတွေ ကောင်းကင်ဘက်ကို ထောင်တက်လာတယ်။

သူ့အရှေ့မှာ သူ့လိုပဲ ဆံပင်တွေထောင်ပြီး ရေပြင်ဘက်မျက်နှာမူပြီး ခုန်ချနေတဲ့ ကောင်မလေးတွေကို တွေ့လိုက်ရ တယ်။

တစ်ယောက်မှ ရေထဲကျတဲ့အသံကိုတော့ မကြားရဘူး။

ကြယ်တွေကြားက အရာတွေကတော့ လှုပ်ရှား ရွေ့လျားနေဆဲပဲ။

ဂူပေါင်ဝကြီးမှာ ခြေထောက်ချပြီးထိုင်နေတဲ့ကောင်မလေးတစ်ယောက်ကို မြင်ရတယ်။ သူဟာ ကြယ် တွေကိုကြည့်ပြီး ကျလာတဲ့မျက်ရည်ကို သုတ်နေတယ် ။ ။

အောင်သူရ

ပင်မစာမျက်နှာသို့ပြန်သွားမည် >>