Lotayamm

search
မာတိကာ

contents

ထိပ်ဆုံးစာမျက်နှာ > ဝတ္ထုများ

တင်းအားတို့၏ မော်တာ
အစ/အဆုံး
အောင်သူရ

ဒီတောအုပ်ကြီးထဲကအပင်တွေဟာသိပ်ကိုမြင့်မားကြတယ်။ တိမ်တွေကိုကျော်ပြီး သူတို့ရဲ့ထိပ်ဖျားတွေကို ဟိုးကောင်းကင် နက်နက်ထဲ ထိုးစိုက်ထားကြတယ်။

အဲသလို အပင်မည်းကြီးတွေ ထူထူထပ်ထပ် ပေါက်နေတဲ တောအုပ်အလယ်ခေါင်လောက်မှာ သူတို့ထက် ပိုပြီးမြင့်တဲ့ သစ်ပင်အဖြူကြီးတစ်ပင် ရှိတယ်။

သစ်ပင်အဖြူကြီးရဲ့ သုံးပုံနှစ်ပုံအမြင့်မှာ တိမ်ဖြူဖြူတွေရစ်သန်းနေတယ်။ သစ်ပင်ကြီးရဲ့ ထိပ်ဖျားတွေဟာ တိုက်နေတဲ့ လေကြောင့် တရှဲရှဲနဲ့လှုပ်ခါနေတယ်။

သစ်ပင်အဖြူကြီး ထိပ်ဖျားကနေ နှစ်တောင်လောက်မြင့်တဲ့ လေထဲမှာ ကြောင်ကလေးနှစ်ကောင် ဆော့နေကြတယ်။ ကြောင်ကလေးတွေဟာ လေထဲမှာ တဝဲဝဲဖြစ်နေတဲ့ ကောင်မလေးရဲ့ဆံပင် ကောက်ကွေးကွေးလေးတွေ နောက်ကို လိုက်ပြီး ဆံပင်ကောက်ကလေးတွေကို လိုက်ဖမ်းလိုက်ဆော့နေကြတယ်။

ကြောင်ကလေးတစ်ကောင်က အဖြူရောင်။ နောက်ထပ်တစ်ကောင်က အမည်း အဝါ နဲ့ အဖြူစပ်ကလေး။

အရောင်စပ်ကလေးက ပိုပြီးကြီးတဲ့ပုံပေါ်ပေမယ့် အဖြူလေးကလည်း ခပ်ဝဝကလေးဖြစ်နေတယ်။

နှစ်ကောင်စလုံးဟာ ဆံပင်ကောက်ကောက်ကွေးကွေးတွေရဲ့အဖျားကိုမိအောင် အတင်းလိုက်ပြီး ဖမ်းနေကြတယ်။

လေခပ်ပြင်းပြင်းတိုက်နေတာကြောင့် ကြောင်ကလေးတွေရဲ့အမွေးတွေလည်း ဖွားခနဲ လန်လန်ထွက်နေကြတယ်။

ကောင်မလေးဟာ သူ့နောက်က ခုန်ပေါက်လိုက်လာကြတဲ့ ကြောင်ကလေးတွေကို နောက်ပြန်တစ်ချက် လှည့်ကြည့် လိုက်တယ်။

ကြောင်ကလေးနှစ်ကောင်ကလည်းခဏရပ်လိုက်ပြီး ကောင်မလေးကိုစိုက်ကြည့်နေကြတယ်။ ရုတ်တရက် လေခပ်ပြင်းပြင်း တိုက်သွားတယ်။ ကောင်မလေးရဲ့ဆံပင်တွေဟာ ' ဝှစ် ' ခနဲ ဟိုးဘက်ခပ်ဝေးဝေးကိုရောက်သွားတယ်။ ကြောင်ကလေး နှစ်ကောင်လည်း ဆံပင်ကောက်ကလေး တွေနောက်ကို ခုန်ပေါက်ပြီး လိုက်သွားကြတယ်။

နောက်ထပ်လေပြင်းတစ်ချက်ထပ်တိုက်တယ်။ ကောင်မလေးရဲ့ဆံပင်တွေဟာ ' ဝှစ် ' ခနဲ ဒီဘက်ခပ်နီးနီးကိုပြန်ရောက်လာ ပြန်တယ်။ ကြောင်ကလေးနှစ်ကောင်ကတော့ ပထမတစ်ခါလို ခုန်ပေါက်လိုက်မလာသေးဘဲ ခဏရပ်ပြီး တစ်ကောင်နဲ့ တစ်ကောင် ကြည့်နေကြတယ်။

ကောင်မလေးဟာ သူ့ရဲ့ခန္ဓာကိုယ်လို သစ်ကိုင်းကနေထွက်နေတဲ့ ပန်းကလေးနှစ်ပွင့်ကိုခူးလိုက်တယ် ။ ပန်းကလေး နှစ်ပွင့်ကို ခူးလိုက်တဲ့နေရာကနေ ဖြူဖြူအရည်လေးတွေ ထွက်လာတယ်။

အဲဒီဖြူဖြူအရည်လေးတွေကို တခြားအကိုင်းတစ်ခုနဲ့ သုတ်လိုက်တယ်။

ခူးလိုက်တဲ့ပန်းကလေးတစ်ပွင့်စီကို ကြောင်ကလေးတစ်ကောင်စီရဲ့ ခေါင်းလေးတွေမှာ နွယ်လေးတွေနဲ့ချည်ပေးလိုက် တယ်။

ပန်းကလေးတွေ ပန်ထားတဲ့ ကြောင်ကလေးနှစ်ကောင်ဟာ ဆံပင်ကောက်ကောက်ကွေးကွေးနဲ့ ကောင်မလေးရဲ့ ခေါင်းပေါ်ကို ခုန်တက်ပြီးထိုင်လိုက်ကြတယ် ။

. . . . . . . . . . . . . . . . . .

အောင်သူရ

ပင်မစာမျက်နှာသို့ပြန်သွားမည် >>

နေ့စဉ် အသစ်အသစ်သော သတင်းများ ကို သိရှိနိုင်ရန် လိုတရ Application အား ဤနေရာတွင် နှိပ်၍ အခမဲ့ Download ရယူပါ။