Lotayamm

search
မာတိကာ

contents

ထိပ်ဆုံးစာမျက်နှာ > ဝတ္ထုများ

ဆယ့်နှစ်ရာသီ တောလား
အစ/အဆုံး
သစ္စာနီ

“ပြတင်းပေါက် ဖွင့်လိုက်ရမလား”
“မဖွင့်ပါနဲ့”

သူ ခုတင်ပေါ်တွင် ပက်လက်လှဲနေလျက်က ဆရာဝန်၏ စကားကို ကန့်ကွက်ဟန့်တားခဲ့၏။ ဆရာဝန်က မသက်မသာ သောလေသံဖြင့်...
“ဒီနေရာက သိပ်လှောင်အိုက်နေတာပါပဲဗျာ”
“တစ်ကမ္ဘာလုံး လှောင်အိုက်နေတာပါဗျာ”

သူ ဤမျှသာ ပြောခဲ့သည်။ ထိုနေ့သည် တနင်္ဂနွေနေ့မဟုတ်လျှင် စနေနေ့သော်လည်းကောင်း၊ တနင်္လာနေ့သော် လည်းကောင်း ဖြစ်ရပေမည်။

“လူချင်းအတူတူ အကုသိုလ်စိတ်နဲ့သေလို့ တိရစ္ဆာန်ဘုံကို ရောက်တယ်ဆိုရင်တောင် အနုပညာသမားတွေဟာ လှပတဲ့ ငှက်လို လိပ်ပြာလို အကောင်လေးတွေဖြစ်မယ် ထင်တယ်”

စိတ်ကူးယဉ်တတ်သော မိတ်ဆွေ ပန်းချီဆရာ၏ စကားကို ပြန်ကြားယောင်လာကာ သူ ရယ်မောနေမိသေးသည်။ နေသည် သူ့ အိမ်ခေါင်မိုး တည့်တည့်ပေါ်တွင် ထွန်းလင်းနေ၏။

သူ့တွင် ဘယ်ဘက် လက်သန်းကလေး မရှိသည်ကို မြင်သူတိုင်းက ဘာဖြစ်တာလဲဟု မေးလေ့ရှိကြသည်။ သူကတော့ လှုပ်၍ရသော ကုလားတထိုင် တစ်လုံးတွင် ထိုင်ကာ ကိုယ်ခန္တာကို ရှေ့နောက် ယိမ်းထိုးနေသည်။ ဤလှုပ်ကုလားထိုင်မှာ အိုမင်းလှပြီ။ သူ့အဘိုးထက်ပင် အိုမင်းကောင်း အိုမင်းနိုင်ပေသည်။ ကိုယ်ကို လှုပ်ယမ်းနေရင်း တိုင်ကပ်နာရီထဲမှထွက်ပြေး သွားသော ကြွက်တစ်ကောင်ကို သူ မြင်လိုက်၏။ တခြားသူတွေ မမြင်။

“ခင်ဗျား ဘာလုပ်စားသလဲ”
“ကျွန်တော်လား အချိန်ကာလကို ရောင်းစားတယ်”

သူနှင့် ရင်းနှီးပြီးစတွင် သူ့ကို ဆရာဝန်က မေးသဖြင့် သူ ပြန်ပြောခဲ့သော စကားဖြစ်သည်။ သူတို့နှစ်ယောက်အနားကို လက်ဖက်ရည်ပွဲ လာချပေးသော ဆရာဝန်၏ ဇနီးက သူ့စကားကို နားမလည်နိုင်ဟန် ငေးရီကြည့်နေ၏။ အခု ထိုမိန်းမ မရှိတော့။ ဆရာဝန်အိမ်က ဆင်းသွားခဲ့သည်မှာ သုံးလခန့်ရှိပြီဟု ဆိုသည်။ ထိုမိန်းမ၏ အလှမှာ သောက်ပြီးစ ဘီယာဘူးခွံ တစ်ခုနှင့် တူ၏။

သူ တံတားပေါ်တွင် ရပ်ကာ အဝေးကို ငေးကြည့်နေသည်။ ထိုစဉ်က ချောင်းဖျားတွင် မိုးသည်းထန်စွာ ရွာနေသည်ကို လှမ်းမြင်နေခဲ့ရ၏။ သူ့ဘေးမှ နားရွက်ထက် ပိုရှည်သည့် နားဆွဲကို ဆွဲထားသော ကောင်မလေးတစ်ယောက် ဖြတ်လျှောက် သွားသည်။ ကောင်းကင်ပေါ်၌ အစိမ်းရောင် တိမ်တစ်စိုင် ရှိ၏။ ဆရာဝန်က သူ့လက်ကို သွေးတိတ်အောင်လုပ်ကာ ကောင်းစွာ ပတ်တီးစည်းပေးခဲ့၏။

“ကျွန်တော်က အချိန်ကာလကို ရောင်းစားတဲ့ သူပါ”

သူ့အသက်မွေးဝမ်းကြောင်းအလုပ်မှာ ရှေးဟောင်းပစ္စည်းများကို ရောင်းချခြင်းဖြစ်၏။ ထိုဆိုင်ကို သူ့အဘိုးထံမှ အမွေ ရသော သူ့အဘိုးက သူ့ကို အမွေပေးခဲ့သည်။ ကြွေထည်ပစ္စည်းရောင်းသော ဆိုင်တွင် အသစ်သွားဝယ်ပါက သုံးလေးရာ ထက် ပိုပေးရမည် မဟုတ်သော အက်နေသည့် ကြွေကရားအိုး တစ်အိုးကို သူ့ထံမှ လူတစ်ယောက်က တစ်သောင်းခွဲပေး၍ ဝယ်သွားသောအခါ သူ စိတ်ပျက်နေမိသည်။ ရွှေကိုင်း မျက်မှန်နှင့် ဝယ်သူက တန်မင်းဆက်လက်ထက် ပစ္စည်းဟု အံ့အား သင့်စွာ ပြောသွားသေး၏။ လောကတွင် အရာအားလုံးသည် ဟောင်းနွမ်းနေသည်ဟု သူ သိသောအခါ နောက်ကျနေခဲ့ လေပြီ။

လှေကားသည် ကွေ့လည်း ကွေ့ကောက်၏။ မတ်လည်း မတ်စောက်၏။ မည်းလည်း မည်းမှောင်၏။ အပေါ်ဆုံးထပ်ရှိ ထိုအခန်း သို့သူရောက်သောအခါ မိတ်ဆွေ အယ်ဒီတာမရှိ။ အယ်ဒီတာ စားပွဲပေါ်တွင် သူ အသုံးပြုနေကျ ကတ်ကြေး တစ်လက်၊ ပေတံတစ်ချောင်းနှင့် ကော်ထုပ်တစ်ထုပ်ကိုသာ တွေ့ရလေသည်။ သူ ကိုးစက္ကန့်တိတိ စောင့်ဆိုင်းနေခဲ့သည်။

ကိုးစက္ကန့်ဆိုသော အချိန်မှာ ကနေဒါမှ ဘင်ဂျွန်ဆင်ဆိုသော ပုဂ္ဂိုလ်အတွက် မီတာတစ်ရာအဝေးကို ပြေးသွားရန် လုံလောက်သော အချိန်ဖြစ်၏။

ကျိုးပဲ့နေသော အုတ်ခွက်တွေ၊ နှုတ်ခမ်းပဲ့နေသော မြေဆေးတံတွေ၊ အလုပ် မလုပ်တော့သော တိုင်ကပ်နာရီ အဟောင်း တွေ၊ အရောင် မွဲခြောက်နေသည့် ကော်ဇောတွေ၊ အညှိတက်နေသည့် ကြေးလင်ပန်းတွေ၊ ထိုအထဲတွင် ထိုပစ္စည်းတွေ လောက် မဟောင်းသေးသည့် လက်ထပ်မင်္ဂလာ ဖိတ်စာဟောင်းတစ်ခု၊ (သတို့သားအမည်နေရာတွင် သူ့နာမည်ကို ရိုက်နှိပ်ထားသည်။) တွန့်ကြေနေသော စီးကရက်ငွေ့များရဲ့ အောက်၊ တွန့်ကြေနေသော အိပ်ရာပေါ်က တွန့်ကြေနေသော သာမန်ဘွဲ့ရ လူငယ်တစ်ယောက်။

“ခင်ဗျားရဲ့လက်သန်းကို ဘယ်လိုထိခိုက်မိတာလဲ”

လက်သန်းကလေးပြတ်နေသည့် သူ့လက်ကို အူယားဖားယား ပတ်တီးစည်းပေးပြီးသည့်နောက်မှ ဆရာဝန်က အမောမပြေ သေးသော လေသံဖြင့် မေး၏။ သူက ဆရာဝန်ကို တိုက်လိုက်၏။

“တော်တော်ကောင်းတဲ့စီးကရက်ပဲ”
“အင်း... ခင်ဗျားလောက်တော့ မကောင်းဘူး ထင်ပါရဲ့”

ဆရာဝန် ရယ်မောနေခိုက်
“လက်သန်ကလေးကို ပျင်းလို့ ကျွန်တော့်ဘာသာ ဖြတ်ပြစ်လိုက်တာ”
ဟု သူပြောလိုက်သောအခါ ဆရာဝန် နှုတ်ခမ်းမှ စီးကရက် လွတ်ကျသွားလေသည်။ ကြာမြင့်စွာ အာရုံခံစားမှု ကင်းမဲ့ နေခြင်းထက်စာလျှင် နာကျင်မှုဆိုသည်မှာ ပို၍ ကောင်းမွန်သေးကြောင်း ထိုဆရာဝန် သဘောပေါက်ရန် ခက်ခဲ့လှပေမည်။

“ခင်ဗျားလက်သန်းက ဘယ်ရောက်သွားသလဲ” ဟု မေးသူတွေ့တိုင်း
“ကြွက်တစ်ကောင်ကို ကျွေးပစ်လိုက်တယ်” ဟု သူ ဖြေလေ့ရှိ၏။ အများက ပြက်လုံးထုတ်သည်ဟု ထင်ကြသည်။

ခုတင်ပေါ်တွင် ကန့်လန့်ဖြတ် လဲကျကာ သေဆုံးနေသော သူ့မိတ်ဆွေ ပန်းချီဆရာ၏ အလောင်းကို သူ စတင်တွေ့ရှိခဲ့ စဉ်က ခြေထောက်နှင့် တစ်ချက်ကန်ကျောက်ခဲ့၏။

“မိန်းမတွေက ဒီလိုပါပဲ၊ ခင်ဗျားနဲ့တွေတဲ့ မိန်းမကတော့ လက်မထပ်ခင် ခင်ဗျားဆီက ထွက်ခွာသွားတယ်။ ကျွန်တော်နဲ့ တွေ့တဲ့ မိန်းမကတော့ လက်ထပ်ပြီးတော့မှ ကျွန်တော့်ဆီက ထွက်ခွာသွားတယ်”

တစ်ညတွင် ဆရာဝန်က ဆွေးမြည့်စွာ သူ့ကို ပြောခဲ့၏။ လသာနေသော ကောင်းကင်ကို မော့ကြည့်ကာ
“တစ်ညလုံး ကျွန်တော် တယောထိုးနေချင်တယ်ဗျာ” ဟု ပြောသေး၏။
“ခပ်ပေါပေါ ဝတ္တုရေးဆရာတွေ ရေးတတ်တဲ့ ဇာတ်ကွက်မျိုးကို အားကျမနေစမ်းပါနဲ့” ဟု သူ ပြောလိုက်သည်ဟု ထင် သည်။ ထိုဆရာဝန် တယော မထိုးတတ်မှန်း သူ ကောင်းကောင်းသိ၏။

ည ဆိုသည်မှာ အိပ်စက်ရန်ထက် ပိုအသုံးဝင်သော အရာမဟုတ်ပါ။ သူနှင့် လက်ထပ်ရန် စေ့စပ်ထားသူ (ဖိတ်စာကမ်းပြီးမှ) လင်နောက်လိုက်သွားသော ညကမူ သူသည် လှုပ်ကုလားထိုင်ပေါ်တွင် ထိုင်ကာ ကိုယ်ကို လှုပ်ယမ်း၍ ခွက်ထိုးခွက်လန် ရယ်နေမိသည်။ ထိုညက လသာလေသလား။

နောက်တော့ သူ ရထားစီးသွားသည်။ သူနှင့်အတူ မိတ်ဆွေ အယ်ဒီတာလည်း ပါ၏။ ရှည်လျားမည်းမှောင်သော ဥမင် လိုဏ်ခေါင်း ကိုးခုကို ဖြတ်သန်း၍ သူတို့တောင်ပေါ်မြို့ကလေးသို့ရောက်သွားကြသည်။ ထိုနေရာတွင် လေးလံသော တိမ်တိုက်များရှိကာ ထာဝရ နှင်းကျနေလေသည်။

“ဟိုလူရဲ့ပန်းချီပြပွဲဟာ သူ ထင်သလို မအောင်မြင်ရှာဘူး။ သူ တော်တော် စိတ်ထိခိုက်နေရှာတယ်”
အယ်ဒီတာက ပန်းချီဆရာ၏ ပန်းချီပြပွဲအကြောင်း ဆေးပြင်းလိပ် တဖွာဖွာနှင့် ပြော၏။
“ကျွန်တော် ခံစားမှုဝါဒီတွေကို မုန်းတယ်” သူ တိုတိုတုတ်တုတ် တုံ့ပြန်ခဲ့သည်။

မီးလင်းဖိုဘေးတွင် ထိုင်ရင်း သူတို့စကားပြောခဲ့ကြသည်။ အပြင်ဘက်က အမှောင်ထုနှင့် အအေးဓါတ်မှာ အုတ်သားနံရံ များမှ အတွင်းသို့စိမ့်ယိုလျက်ရှိ၏။ အယ်ဒီတာက...
“ခင်ဗျား ပန်းချီဆရာကို အားပေးစကားလောက်တော့ ပြောဖို့ကောင်းပါတယ်။ မိတ်ဆွေစစ်ဆိုတာ...”
သူက စကားဖြတ်ကာ...
“တော်ဗျာ...”
“ဘာလဲ မိတ်ဆွေစစ်ဆိုတာ အပိုအလုပ်တွေပါ။ တစ်ခါတလေ စကားပြောဖော်လေးလောက်တော့ လူ့ဘဝမှာ လိုချင်လည်း လိုမှာပေါ့။ တစ်ခါတလေ ဝမ်းနှုတ်ဆေး စားဖို့လိုသလိုပေါ့”

နောက်တစ်နေ့တွင် မိတ်ဆွေအယ်ဒီတာက စိတ်ဆိုးကာ ပြန်သွား၏။ သူ... နှစ်လုံးပြူးသေနတ် တစ်လက်နှင့် တောထဲ ဝင်သွားကာ တွေ့သမျှ ပန်းပွင့်ကလေးများကို ပစ်ခတ်ခဲ့၏။

“ခင်ဗျားဟာ တော်တော်ကံကောင်းတဲ့လူပဲ”
သူ နားမလည်သော မြန်မာစကားကို ဆရာဝန်က ပြောခဲ့၏။
“ကျွန်တော်တို့ ဆေးကျောင်းတက်ဖို့အတွက် ခြံတစ်ခြံမှာ ညစောင့် လုပ်ခဲ့ရတယ်။ ကျွန်တော်တို့က ဆင်းရဲတယ်။ အမေက မုဆိုးမ”
“ဘာဖြစ်လို့ခင်ဗျား ဆရာဝန်ဖြစ်ချင်ရတာလဲ”

သူ့မေးခွန်းကို ဆရာဝန်က မဖြေနိုင်။ ဘာဖြစ်လို့ဟုတ်လား။ ဘာဖြစ်လို့။

နားရွက်ထက် နားဆွဲက ပိုရှည်လျားရန် သင့် မသင့် ဘယ်သူမှ စဉ်းစားမနေကြပါ။ ကောင်းပါသည်။ သူ့ရှေးဟောင်းပစ္စည်း အရောင်းဆိုင်မှ တိုင်ကပ်နာရီ အဟောင်းတစ်လုံးထဲတွင် ကြွက်သိုက်တစ်ခု ရှိနေကြောင်း သူသိနေ၏။ တခြားလူတွေ မသိ။

တောင်ပေါ်မြို့က ပြန်ရောက်စ သူသည် ပန်းချီဆရာ၏ မုတ်ဆိတ်မွေးကို ဆွဲကာ မျက်နှာကို လက်သီးနှင့် ထိုးလိုက်သည်။ ပန်းချီဆရာသည် ကြာမြင့်စွာ ထိုင်ငိုနေသည်။ ဆရာဝန်က သူ အိမ်တစ်လုံးဝယ်ရန် ငွေစုနေသည်ဟု ပြော၏။ မိတ်ဆွေ အယ်ဒီတာသည် သူ့အခန်းထဲက လှုပ်ကုလားထိုင်ပေါ် တက်ထိုင်ကာ ဆေးတံကို ရှိုက်ဖွာရင်း ပြင်သစ်ရုပ်ရှင်ကား တစ်ကားအကြောင်း ပြောပြနေ၏။ ဇာတ်သိမ်းကျတော့...

ဆရာဝန်မိန်းမက လက်ရှိ သူတို့ငှားရမ်းနေခဲ့သော အခန်းကျဉ်းကျဉ်းလေးကို မုန်းတီးနေသည်။ သူက ကျယ်ဝန်းသော လောကကြီး ကို မုန်းတီးနေ၏။ ပန်းချီဆရာက စုတ်တံနှင့် ဆေးတွေကို မုန်းတီးနေ၏။ ကျွန်တော့မိန်းမဟာ အရင်က ခင်ဗျားမိတ်ဆွေ ပန်းချီဆရာနဲ့ ချစ်ခဲ့ဖူးတယ်ဗျ။ ဒါပေမယ့် အခု သူ ပိုချစ်နေတာက ပန်းခြံပါတဲ့ တစ်ထပ်တိုက် လှလှလေး တစ်လုံးပဲ။ဆရာဝန်က သူပိုင် ငွေစုလက်မှတ်စာအုပ်ကို ဖွင့်ကြည့်ကာ ငေးမောရင်း ပြော၏။ ထိုဆရာဝန် ပြန်ရန် ထလိုက် သောအခါ ရှေးဟောင်းကြွေပန်းအိုးတစ်လုံးကို လက်နဲ့တိုက်မိကာ ကျကွဲလေသည်။ ဆောရီးပဲဗျာ။

ထိုကြွေပန်းအိုးကို ယခင်က ဘယ်သူပိုင်ဆိုင်ခဲ့သနည်း။ ကူဗလေခန်လား၊ နပိုလီယန်လား။ သူ့မိတ်ဆွေ ပန်းချီဆရာ ကတော့ တစ်ညတွင် တကယ်ပင် တိတ်ဆိတ်စွာ သေဆုံးသွားခဲ့လေသည်။

မြင်နေကျ မြင်ကွင်းများကို မမြင်ချင်တော့သဖြင့် သူ့ပြတင်းတံခါးများကို သူ အသေပိတ်ထားလိုက်၏။ မိတ်ဆွေ အယ်ဒီတာ သည် တောင်ပြုံးပွဲတော်သို့ သွားကာ နတ်ကနေလေသည်။ ပန်းချီဆရာသည် မသေခင်အထိ ဆရာဝန်ဇနီးကို ချစ်ခင်သွား ခဲ့လေသလား။ ကျန်ခဲ့သော ပန်းချီဆရာ၏ ဒိုင်ယာရီစာအုပ်များကို ဖတ်မကြည့်ဘဲ သူ မီးရှို့ပစ်လိုက်သည်။ သူသည် ဒိုင်ယာရီရေးလေ့မရှိ။

ဘဏ်တိုက်တွင် ငွေလာသွင်းသော ဆရာဝန်နှင့် သူ တစ်ကြိမ်ဆုံခဲ့သေး၏။ ရုပ်ရှင်ရုံထဲမှ ဇာတ်ကားမပြီးခင် တစ်ဝက်နှင့် သူ ထပြန်လာသောအခါ အပြင်တွင် မိုးသည်းထန်စွာ ရွာနေလေသည်။

“နမိုးနီးယားပဲ”
ဆရာဝန်ပြောသောအခါ သူ ရယ်နေသည်။ တော်တော်ဟောင်းနွမ်းတဲ့ရောဂါပဲ။
“သွေးသွင်းမလား”
သူက ခေါင်းခါပြရင်း လေသံမာမာဖြင့်...
“ကျွန်တော့်သွေးထဲကို ဘယ်သူ့သွေးမှ ရောနှောတာ မခံနိုင်ဘူး”

ဆရာဝန်သည် စိတ်ရှုပ်ဟန်ဖြင့် ခုတင်ဘေးက လှုပ်ကုလားထိုင်ပေါ်တွင် မလှုပ်မယှက် ငြိမ်ငြိမ်သက်သက် ထိုင်နေလေ သည်။ သူ့လက်သန်း အပြတ်ကလေးကို စားသွားခဲ့သော ကြွက်တစ်ကောင်မှာ အသစ်ဖြစ်ဟန်တူ၏။ ဆရာဝန်ကို သူ အိပ်ရာထဲက လှမ်းမေးလိုက်သည်။

“ခင်ဗျား ပိုက်ဆံတွေ အများကြီး ရလာရင် ဘာလုပ်မလဲ”
“ပန်းခြံပါတဲ့ တစ်ထပ်တိုက်လှလှလေးတစ်လုံး အမြန်ဝယ်မှာပေါ့”
သူ ခွက်ထိုးခွက်လန် ရယ်သည်။
“ခင်ဗျား ဘဝကတော့ မှိုတက်နေပြီ”
ထိုစဉ် ဆရာဝန်သည် တစ်နေရာကို လက်ညှိုးထိုးကာ အလန့်တကြား ပြောလိုက်၏။
“ဟောဟို တိုင်ကပ်နာရီထဲကို ကြွက်တစ်ကောင် ဝင်သွားတာ မြင်လိုက်တယ်”

နောက်ဆုံးတော့ ရထားသည် ရပ်တန့်သွား၏။ ရှေ့တွင် အနက်ရောင်တံတိုင်းကြီးတစ်ခု ပိတ်ဆို့လျက်ရှိလေသည်။

သစ္စာနီ

ပင်မစာမျက်နှာသို့ပြန်သွားမည် >>

နေ့စဉ် အသစ်အသစ်သော သတင်းများ ကို သိရှိနိုင်ရန် လိုတရ Application အား ဤနေရာတွင် နှိပ်၍ အခမဲ့ Download ရယူပါ။