Lotayamm

search
မာတိကာ

contents

ထိပ်ဆုံးစာမျက်နှာ > ဝတ္ထုများ

သမီး
အစ/အဆုံး
ချိုပိန်းနောင်

ကျွန်မအမျိုးသား အိမ်ကအိမ်ဖော်မလေးနဲ့ လိုက်ပြေးသွားတုန်းက ကျွန်မသမီးအသက် ၁၈ နှစ်။ အဲဒီ အိမ်ဖော်မလေးကို ကျောင်းကိစ္စနဲ့ အမြဲအလုပ်ရှုပ်နေတတ်တဲ့ သမီးရဲ့ဝေယျာဝစ္စကို လုပ်ဖို့အတွက် ကျွန်မကိုယ်တိုင် ပွဲစားဆီက ခေါ်ထား ခဲ့တယ်။ အိမ်ဖော်မလေးက သမီးနဲ့အလွန်ဆုံးကွာလှမှ ၂လပဲ။ သမီးက မလိုပါဘူးလို့ပြောပေမယ်လို့ ကျွန်မ သူ့ကို အိမ်မှာ ခေါ်ထားခဲ့တယ်။ သမီးက အဲဒီကောင်မလေး အိမ်ကို စရောက်ကတည်းက လုံးဝမျက်နှာသာမပေးခဲ့ဘူး။ ဒီ မိန်းကလေးအပေါ်မှာ မနှစ်သက်တဲ့ ပုံစံတွေခဏခဏပြခဲ့တယ်။ ဒါပေမယ်လို့ ကျွန်မသမီးက များသောအားဖြင့် ပုပ်သိုးသိုး နေတတ်ပြီး စကားကို တုတ်ထိုးအိုးပေါက် ပြောတတ်တဲ့ အမျိုးသမီးတစ်ယောက်ဖြစ်နေလို့ ကျွန်မ သူ့အမူအရာတွေကို သိသိသာသာ လျစ်လျူရှုခဲ့တယ်။

အချိန်အနည်းငယ်ကြာပြီးတဲ့နောက် သမီးက ကျွန်မကို ထူးဆန်းတဲ့စကားတွေ ပြောလာတယ်။သမီးရဲ့ စကားတွေကိုကျွန်မ မယုံခဲ့ဘူး။ သမီးရဲ့ စကားတွေကြောင့် ကျွန်မ အမျိုးသားနဲ့ကျွန်မ ခဏခဏ အကြီးအကျယ်ဆိုသလို စကားတွေများတယ်။ ကျွန်မ အမျိုးသား..သမီးရဲ့ အဖေအရင်းနဲ့ ကျွန်မဟာ မကြာခဏဆိုသလို ကိုယ်ထိလက်ရောက် အော်ဟစ်ရန်ဖြစ်မှုတွေကို ကြုံတွေ့လာရတယ်။ အမျိုးသားက နောက်ပိုင်းကျတော့ သမီးဟာ ကျွန်မနဲ့ သူနဲ့ကြားမှာ သွေးထိုးနှောင့်ယှက်နေတာ ပါလို့ လင်မယားစကားနဲ့ပြောလာတယ်။ဒီစကားကို ကျွန်မ ခြွင်းချက်မရှိ ယုံတယ်။ဒါကြောင့် သမီးကိုကျွန်မ အယုံအကြည် မဲ့ပြီး ချစ်ခင်မှုတွေ လျော့ကျ ခဲ့တယ်။ ကျွန်မတို့လင်မယားကြားမှာ သွေးထိုးနှောင့်ယှက်နေသူလို့သမီးကိုယုံကြည်ခဲ့တယ်။ ဒါကြောင့်လဲ သမီးရဲ့ ကိုယ်ပေါ်က (နောင် နှစ်ပေါင်းများစွာတိုင် မပျောက်ပျက်ခဲ့တဲ့) ညိုမည်းစွဲနေတဲ့ ဒဏ်ရာကြီးတွေကို ကျွန်မ လျစ်လျူရှုခဲ့တယ်။ ဒီဒဏ်ရာတွေဟာ မိခင်နဲ့ ဖခင်ကြား ကုန်းတိုက်တဲ့အတွက် ရသင့်ရထိုက်တဲ့ ဒဏ်ရာ လို့ပဲ ကျွန်မ သဘောထားခဲ့တယ်။ ဒီကိစ္စမှာ ကျွန်မအမျိုးသား မှန်တယ်လို့ အမျိုးသားဘက်က ကျွန်မရပ်တည် ခဲ့တယ်။

သိပ်မကြာခင်မှာပဲ သမီးပြောခဲ့တဲ့အတိုင်း ကျွန်မအမျိုးသားဟာ အိမ်ဖော်မလေးနဲ့ လိုက်ပြေးသွားခဲ့ တယ်။ သမီးရဲ့ စကား ကြောင့် ကျွန်မရဲ့အိမ်ထောင်ရေးဆိုးရွားသွားတာလို့ ကျွန်မ တစ်ထစ်ချယုံခဲ့တယ်။ ကျွန်မ သမီးကို နစ်နစ်နာနာစကားတွေ ပြောခဲ့မိတယ်။ ဘာတွေပြောခဲ့သလဲဆိုတာကိုတော့ ကျွန်မ မမှတ်မိ တော့ဘူး။ ရှင်တို့ သိချင်မယ်ဆိုရင်တော့ သမီးကို မေးလို့ရနိုင်သေးတယ်။ ဘာလို့လဲဆိုတော့ သမီးက ဒီကိစ္စကို တစ်သက်လုံးမှတ်ထားမယ်လို့ ကျွန်မကို ပြောခဲ့တယ်။

အသက် ၁၈ နှစ်အရွယ်ရှိပြီဖြစ်တဲ့ သမီးဟာ ကျောင်းကိုပုံမှန်မတက်တော့ဘဲ ကွန်ပျူတာကျောင်းလေး တစ်ကျောင်းမှာ စာရေးအဖြစ် ၀င်လုပ်ခဲ့တယ်။ ပြီးတော့ မုန့်ဆိုင်တစ်ဆိုင်မှာ အချိန်ပိုင်းအလုပ်ကို ၀င်လုပ်တယ်။ ပြီးတော့ ကျွန်မတို့ မိသားစု သုံးယောက်နေလောက်တဲ့ အိမ်လေးတစ်လုံးကို ကျွန်မ မသိအောင် တိတ်တိတ် ကျိတ်ပြီး ရှာနေခဲ့တယ်။ သူ အိမ်မှာ မရှိတာဟာ ကျွန်မအတွက်တော့ နိဗ္ဗာန်ဘုံတစ်ခုလို ဖြစ်နေခဲ့တယ်။ အခုအချိန်မှာ ပြန်ပြီး စဉ်းစားလိုက်မိရင် အဲဒီ အချိန်တုန်းက သမီးကို ကျွန်မမုန်းနေခဲ့တာ သေချာပါတယ်။ (ဒါပေမယ်လို့ အဲဒီအတွေးကို ကျွန်မ မဟုတ်ပါဘူးလို့ အမြဲ ငြင်းငြင်းပစ်တတ်တယ်။)

ကျွန်မတို့ မိသားစု လုပ်ငန်းအခြေအနေတွေ အားလုံးပျက်ပြုန်းပြီးနောက်ပိုင်း အိမ်သေးလေးတစ်လုံးနဲ့ အခြေကျသွားပြီး ဖြစ်တဲ့အချိန်မှာ ကျွန်မတို့ မိသားစုထဲကို ကျွန်မရဲ့ခင်ပွန်း ပြန်ရောက်လာခဲ့တယ်။ ခင်ပွန်းပြန်လာတဲ့အတွက် ၀မ်းသာတဲ့ လူဟာ ကျွန်မတစ်ယောက်တည်းပဲ ရှိခဲ့တယ်။ သမီးဟာ သူ့အဖေကို အချိန်ပေါင်း အတော်ကြာတဲ့အထိ စကားမပြောခဲ့ ဘူး။ ဖခင်မရှိတဲ့၊ ခင်ပွန်းမရှိတဲ့ အိမ်ထောင်စုတစ်ခုရဲ့ ဘ၀ဟာ ဘယ့်လောက်ဆိုးရွားသလဲဆိုတာကို ကျွန်မ သမီးနဲ့ စကားများတဲ့အချိန်တိုင်းမှာ သမီးကိုပြောပြောပြဖြစ်ခဲ့ တယ်။ သမီးက ဘာမှ ပြန်မပြောပေမယ်လို့ သူ လက်မခံကြောင်းနဲ့ မကျေနပ်ကြောင်းကို အမူအရာနဲ့သိသိ သာသာကြီးကို ပြခဲ့တယ်။

ဆင်းရဲသွားပေမယ်လို့ကျွန်မ၀မ်းသာတယ်။ အခုအချိန်မှာ ကျွန်မတို့ မိသားစု စည်းစည်းလုံးလုံး ပြန် နေနေနိုင်ပြီ။ သမီးရဲ့ အမြင်မကြည်လင်မှုတွေကို ကျွန်မ လျစ်လျူရှုခဲ့တယ်။ သမီးဟာ ဆိုးရွားသည်ထက် ဆိုးရွားလာတယ်လို့ကျွန်မထင်တယ်။ ဒါပေမယ်လို့ သမီးကို ကျွန်မ ဘာမှ မပြောခဲ့ဘူး ။ ခင်ပွန်းသည်ဟာလည်း အပြောအဆိုနဲ့ အပြုအမူ ဆိုးရွားလာတဲ့ သမီး အပေါ်မှာ သူ့ရဲ့ အမှားတွေအတွက် ဘာမှပြန်လည်ဖြေရှင်းချက် မပေးခဲ့ဘူး။ အချိန်ကြာလာရင်တော့ သမီးဟာ သူ့ဖာသာ သူ အရင်အတိုင်း ပြန်ပြီးအဆင်ပြေသွားနိုင်လိမ့်မယ် ဆိုတာကို ကျွန်မ သိနေခဲ့တယ်။

ဆင်းရဲသွားတဲ့အခါမှာ သမီးဟာ အရင်လို ပေါ်ကြော့(သိပ်)မနေတော့ဘူး။ အသက်ကြီးလာလို့ အနေအထိုင် ရင့်ကျက် (သင့်သလောက် ရင့်ကျက်) သွားတာလည်း ဖြစ်နိုင်တယ်။ ကျွန်မနဲ့ သူ့အဖေအပေါ်မှာ အရင်ကလောက် မခါးသီးတော့ ဘူး။

သမီး အိမ်ထောင်ပြုတော့မယ်လို့ ကျွန်မကို ပြောလာတယ်။ တစ်ခါမှ မတွေ့ဖူးသေးတဲ့ ကောင်လေး တစ်ယောက်ဖြစ်နေ တာကတစ်ကြောင်း၊ကဗျာဆရာဖြစ်နေတာကတစ်ကြောင်းတို့ကြောင့် ကျွန်မကန့်ကွက်ခဲ့တယ်။သမီးဟာ အဲဒီကောင်လေး ကို ရအောင်ယူခဲ့တယ်။ နှစ်ဖက်မိဘတွေနဲ့ ပတ်သက်ပြီး သမီးမှာ အိမ်ထောင်ရေး ပြသနာကြီးတွေ ကြုံတွေ့ခဲ့ရပေမယ်လို့ သမီးဟာ ကောင်လေးအပေါ်မှာ စိတ်မကွက်ဘဲ ခိုင်ခိုင်မြဲမြဲ လက်တွဲခဲ့တယ်။ အဲဒီအချက်ကတော့ ကျွန်မရဲ့ သမီးဆိုတာကို သက်သေပြလိုက်တဲ့သဘောပဲ။ သမီးရဲ့ အိမ်ထောင်ရေးထဲမှာ ၀င်ရောက်ရှုပ်ပွေနေတဲ့ ဒေတာအချို့ကို ကျွန်မစိတ်ပူပေ မယ်လို့ သမီးရဲ့ ကောင်လေးက သမီးအပေါ်မှာ ချစ်ခင်တဲ့အတွက် ကျွန်မ အများကြီးတော့ စိတ်မပူမိဘူး။

သမီး ကဗျာဆရာတစ်ယောက်ဖြစ်လာတယ်။ သူ့ရဲ့ အက်ဆေးနဲ့ ဆောင်းပါးတွေကို ဂျာနယ်နဲ့ကဗျာစာအုပ်အချို့၊ မဂ္ဂဇင်း အချို့တို့တွေမှာ ကြိုကြားကြိုကြား တွေ့လာရတယ်လို့ စာဖတ်တဲ့ လူတစ်ယောက်က ကျွန်မကို ပြောလာတယ်။ သမီး ကဗျာပွဲတွေသွားတယ်။ အလုပ်တော့လုပ်တယ်။ ဒါပေမယ်လို့ ကဗျာဆရာ တစ်ယောက်ရဲ့ ခါးသီးတဲ့ဘ၀ထဲကို သမီးကို မ၀င်စေချင်ခဲ့ဘူး ။ သမီးရဲ့ ကောင်လေးကို သမီးကို နားချဖို့အတွက်ပြောတော့ ကောင်လေး အင်းမလုပ် အဲမလုပ် ငြင်း တယ်။ သားသမီးတွေအတွက် စိတ်ပူတာ မိဘရဲ့ သဘာဝပဲ ဆိုတာကို သူတို့ မိဘဖြစ်မှ နားလည်မယ်။

သမီးနဲ့ သမီးရဲ့ ကောင်လေး အလုပ်လုပ်နေတာကို တွေ့ရတယ်။ နှစ်ယောက်လုံး အလုပ်ကြိုးစားကြတယ်။ သမီးနဲ့ သမီးရဲ့ ကောင်လေးမှာ သမီးရဲ့ကောင်လေးကို ကျွန်မပိုပြီး သဘောကျတယ်။ ပိုချစ်သလိုတောင်ရှိတယ်။ မကြာခင်မှာပဲ သမီးဟာ ဘာသာမဲ့တစ်ယောက် လုံးလုံးဖြစ်သွားတယ်။ ဖြစ်သွားတယ်လို့ ကျွန်မ ထင်တယ်။ သမီးဟာ ဘုရားကျောင်း ဘက် ဘယ်တော့မှ ခြေဦးမလှည့်တော့ဘူး။ ဘုရားကျောင်းသွားဖို့ ကျွန်မ ခေါ်ရင် သူအမြဲငြင်းတယ်။ ငြင်းတယ်ဆိုပေ မယ်လို့ သူဟာ ကျွန်မကို ငယ်စဉ်ကတည်းက သေလုအောင်ကြောက်တဲ့အတွက် ` ဟင့်အင်း ´ လို့ သူ ဘယ်တုန်းကမှ မပြောခဲ့ဘူး။ တစ်ခါကဆို လိုက်မလိုလိုလုပ် ပြီးတော့မှ လမ်းမှာ ခဏ ဆိုပြီးပျောက်သွားလိုက်တာ အိမ်ကို သုံးရက် ပြန်မလာခဲ့ဘူး။ ကျွန်မ သူ့ကြောင့် အမြဲ စိတ်ဒုက္ခရောက်ရတယ်။ သူ့ဘ၀ကို ဘုရားမှ မကယ်ရင် ဘယ်သူက ကယ်မှာလဲ။ တစ်ခေါက် .ကျွန်မနဲ့ သူ အကြီးအကျယ် စကားများကြတော့ ကျွန်မက သူ့ကို ` နင့်ဘ၀ကို ဘုရားမှ မကယ်ရင် ဘယ်သူ က ကယ်မှာလဲ။ ´ လို့မေးတော့ သူတစ်ခုခုပြောမလိုလို လုပ်ပြီးတော့မှ ဘာမှ မပြောဘဲ ထွက်သွားတယ်။ ` ပြောလည်း နားလည်မှာ မဟုတ်ပါဘူး။’ ဆိုတဲ့ သဘောမျိုးလို့ ကျွန်မထင်လိုက်တယ်။ ကျွန်မ အဲဒါကို ပိုပြီး ဒေါသဖြစ်တယ်။ ကျွန်မနဲ့ သမီးကြားက ပြဿနာတွေကို (ကျွန်မက အစအဆုံးပြောပြထားလို့) အစအဆုံးသိနေတဲ့ ကျွန်မရဲ့ အမျိုးသားက ကျွန်မကို နားချခဲ့တယ်။ ` သူ မိဘနေရာကို ရောက်မှ သိလိမ့်မယ်။ ´တဲ့ ။

အဲဒီစကား အမှန်ဆုံးပဲ။ အရင်ကဆို .. အရင်ကဆိုတာ .. သမီးအိမ်ထောင်မကျခင် နှစ်တွေလောက်အထိ သမီးဟာ ကျွန်မ စကားဆို မြေ၀ယ်မကျပဲ။ ကျွန်မကို ဘယ်လောက်ရိုကျိုးသလဲဆိုရင် သူထမင်းစားနေတုန်း ကျွန်မက သူ့ကိုလှမ်းကြည့် လိုက်တယ်ဆိုကြပါစို့။ သူ့ဇွန်းပေါ်က ထမင်းဟာ ပန်းကန်ထဲ ပြန်ကျသွားတယ်။ အဲဒီလို တမင်ဖြစ်အောင် ကျွန်မ လုပ်ယူ ထားခဲ့တယ်။ သမီးကို ဒီလောက်စောစီးစွာ အိမ်ထောင်ပြုလိုက်လိမ့်မယ် လို့ ကျွန်မ ဘယ်တုန်းကမှ မတွေးခဲ့မိဘူး။ ဒါပေမယ်လို့ ဖြစ်လာတဲ့အခါကျတော့လည်း ဖြစ်သင့်လို့ ဖြစ်သွား တယ်လို့ပဲ ကျွန်မ သဘောပိုက်လိုက်တော့တယ်။ သမီးဟာ အသက်ကြီးလာလေလေ ပိုပြီးပြောရခက်လာလေလေ၊ ကျွန်မက ရိုက်လေလေ သူက ပိုပိုပြီး မာမာလာလေလေ လို့ ကျွန်မ ထင်တယ်။ ထင်သလိုလဲ ဟုတ်တဲ့ အကြောင်း ကျွန်မရဲ့ အမျိုးသားကလည်း ထောက်ခံခဲ့တယ်။ သမီးရဲ့ မသိကျိုးကျွံ ရိုင်းပျလာမှုတွေကို ဘယ်လို ထိန်းကျောင်းရမလဲ ကျွန်မ မသိခဲ့ဘူး။

နောက်ပြီး .. ကျွန်မသမီးဟာ သိပ်မိုက်ရူးရဲဆန်တယ်။ သိပ်ပြီး မိုက်ရူးရဲဆန်လာတယ်။ ပိုပြီး ဒေါသကြီး ကြွတ်ဆတ်လာ တယ် လို့ ကျွန်မခံစားရတယ်။ သူဟာ ဘယ်သူ့ကိုမှ သည်းမခံဘူး။ မိသားစုနဲ့လည်း စကား သိပ်မပြောတော့ဘူး။ တကယ်တမ်းမှာ သူ ကျွန်မတို့နဲ့ စကားပြောမှာကိုလည်း ကျွန်မ စိုးရွံ့နေမိတယ်။ အရင် နှစ်တွေတုန်းကလို ကျွန်မတို့ အိမ်ထောင်ရေး လွဲလွဲချော်ချော် ပြန်ဖြစ်မှာကို ကျွန်မ စိုးရိမ်နေမိတယ်။ ဒါကြောင့် သူကျွန်မတို့ကို စကားသိပ်မပြောတော့ တာကို ကျွန်မ လျစ်လျူရှုထားလိုက်တယ်။ သမီးဟာ သူ့ကိုယ်သူ စာပေလောကထဲ ၀င်ရောက်လိုက်ပြီလို့ အတိအလင်း မကြေငြာခင်ကတည်းက သူဟာ စာတွေရေးတတ်တယ် ။ ကဗျာတွေ ရေးတတ်တယ် ။ အဲဒီအချိန်တုန်းက သူဟာ အလယ်တန်းကျောင်းသူဘ၀ရောက်ကာစပဲ ရှိသေး တယ်။ တကယ်တမ်းမှာ လူတစ်ယောက်ရဲ့ဘ၀ အရှိန်အဟုန် မြင့်တက်ခြင်းဟာ ဒီကဗျာတွေ စာတွေရေးခြင်းနဲ့ လားလားမှ မဆိုင်တာကြောင့် ကျွန်မ သူ့ကို အတင်းအကျပ် ပိတ်ပင် တားမြစ်ထားခဲ့ရတယ်။ ဒါပေမယ်လို့ ကျွန် မရဲ့ သမီးဟာ ဖိလေ ကြွလေ ဆိုသလိုမျိုးပဲ။ ဒီလို သမီးမျိုးကို ကျွန်မ ဘယ်လို ထိန်းသိမ်းရမလဲလို့ ကျွန်မ အမြဲ ခေါင်းခြောက်နေခဲ့တယ်။ အခုအချိန်ထိ ရိုက်နှက်ဆုံးမနေရဆဲပဲ။ သမီးက အသက်ကြီး လာတာနဲ့အမျှ ပိုပိုပြီး သီးခြားဆန်လာတယ်။ တစ်အိမ်လုံးမှာ သူ့အမျိုးသားကိုပဲ သူဟက်ဟက်ပက်ပက် စကားပြော တယ်။ မနက်ဆို သူအလုပ်သွားတယ်။ ညဘက်ပြန်လာပြီး စာဖတ်တယ်။ ပြီးရင် သူ့အမျိုးသားကိုစောင့်တယ်။ ပြီးရင် အိပ်တယ်။ မနက်ဆို သူအလုပ်ပြန်သွားတယ်။ သူ့ဘ၀ဟာ ဒီလိုပဲ ချာလပတ်ရမ်းနေခဲ့တယ်။

ကျွန်မ သူ့ကို ဒီထက်ပိုပြီး တိုးတက်အောင်မြင်စေချင်တယ်။ ကျွန်မ တက္ကသိုလ်ကောင်းကောင်းမှာ သူ့ ကိုထားခဲ့တယ်။ သူပြီးဆုံးအောင် မတက်ဘူး။ စာမေးပွဲကျတယ်လို့ ပြောပြီး ကျောင်းထွက်ပစ်လိုက်တယ်။ တကယ်တမ်း သူ စာမေးပွဲ ကျတယ် မကျဘူးဆိုတာကိုလည်း ကျွန်မတို့ သူ့ကျောင်းကို မလိုက်သွားဖြစ်တဲ့အတွက် မသိရဘူး။ ငယ်စဉ်က နှစ်တိုင်း ကျောင်းမှာ ပထမချည့်ရအောင် စွမ်းဆောင်နိုင်ခဲ့တဲ့ သမီးဟာ စာမေးပွဲ ကျတယ်လို့ ကျွန်မ မယုံဘူး။ သူ့ကျောင်းကို လိုက်သွားကြည့်ဖို့ ကျွန်မအမျိုးသားကို ကျွန်မပြောခဲ့ပေမယ်လို့ အိမ်ပြန်ရောက်လာပြီးကတည်းက သမီးနဲ့ အစေးတကပ် မရှိတော့တဲ့ ကျွန်မအမျိုးသားဟာ သမီးရဲ့ကျောင်း ကိုလိုက်သွားဖို့အတွက် ငြင်းဆန်ခဲ့တယ်။ သမီးနဲ့ ရင်းနှီးတဲ့ သူ့အဒေါ် တစ်ယောက်ကို မေးခိုင်းကြည့်တော့ သမီးက ` ဒီခေတ်ရဲ့ ပညာရေးစနစ်ကို အယုံအကြည်မရှိဘူး။´ လို့ သူ ပြောသတဲ့ ။

ရှင်တို့ပဲ တွေးကြည့်ပါဦးတော့။ ဒီခေတ်ကြီးထဲမှာ သူ့ကို မွေးခဲ့တယ်။ ဒီခေတ်ကြီးထဲမှာ သူ့ကို ကျောင်းမထားလို့ ကျွန်မ တို့ ဘယ်ခေတ်ထဲ သူ့သွားထားရမလဲ။ ဒီခေတ်ရဲ့ ပညာရေးစနစ်ကို သူအယုံ အကြည် မရှိရအောင် သူက ဘာမို့လို့လဲ။ အယုံအကြည်မရှိတော့ သူ့သူငယ်ချင်းတွေ တိုက်ဆောက် ကားစီးနေရတဲ့အချိန်မှာ သူဘာလုပ်နေရလဲ။ စာရေးစားပွဲ တစ်လုံးမှာထိုင်ပြီးတော့ စာတွေဖတ်နေရတယ်။ ဒီဘ၀ကို သူကျေနပ်နေတယ်။ ကျွန်မ သမီးနဲ့ သိပ်ခက်လွန်းတယ်။ ဒါဟာ ဘုရားကို မချစ်ခင်တဲ့အတွက် ဘုရားက သူ့ ကို ဒဏ်ခတ်ထားခြင်းပဲလို့ ကျွန်မယုံကြည်ခဲ့တယ်။

သူဟာ အထက်လူကြီးတွေနဲ့လဲ အဆင်ပြေအောင်မပေါင်းသင်းဘူး။ ဆရာတန်သည် ခေါ်ရမယ့်နေရာမှာ လူတစ်ယောက် ကို `ဆရာ ´ လို့ ခေါ်လိုက်ရုံနဲ့ သူ့ဘ၀ ဘာမှ မနစ်နာသွားဘူး။ သူ့အတွက် ကောင်းဖို့ပဲ ရှိကောင်းရှိနိုင်မယ်။ သူက အဲဒီလိုမဟုတ်ဘူး။ ဥပမာအားဖြင့် ကျွန်မရဲ့ ရုံးကို သူ့ကိုခေါ်သွားတယ်။ ကျွန်မရဲ့ ရုံးဟာ လစာကောင်းတယ်။ အမှုများများ နိုင်အောင် လုပ်ပေးနိုင်လေလေ ကိုယ့်အတွက် ၀င်ငွေကောင်းလေလေပဲ။ ကျွန်မရဲ့ မျက်နှာနဲ့ကျွန်မတို့ရုံးမှာ သူအလုပ်ရ အောင် ကျွန်မရုံးကို သူ့ကိုခေါ်သွားခဲ့တယ်။ ကျွန်မရဲ့ အထက်လူကြီးနဲ့ တွေ့တဲ့အခါမှာ သူ့ကို `ဆရာ´လို့ ခေါ်တတ် အောင် ကျွန်မ သင်တယ်။ သူမခေါ်ဘူး။ အလုပ်နဲ့ ဘာမှမဆိုင်တဲ့ စကားတွေကို သူပြောတယ်။ ဥပမာအားဖြင့် `ကပ်ဖ်ကာ ကို သိသလား။ ´လို့ ဘာတို့လို ပေါ့။ အဓိပ္ပါယ်မရှိတဲ့ လူတွေအကြောင်းကို သူ့ဘ၀အတွက် အဓိပ္ပါယ်တွေပြည့်ဝလာမယ့် နေရာမျိုးမှာ သူဝင် ၀င်ပြောတတ်တယ်။ ကျွန်မ သမီးရဲ့ဘ၀ကို သူများတွေထက် ပိုပြီး ထွန်းတောက်စေချင်ခဲ့တယ်။ ဒါပေမယ်လို့ သမီးမှာ မိစ္ဆာဝိဥာဉ်ကပ်တွယ်နေခဲ့ပြီ။

သမီးကို ကျွန်မ ဆုံးမဖို့ ဘယ်လိုမှ မဖြစ်နိုင်တော့ဘူး။ ရိုက်နှက်ဆုံးမ လိုက်ရင် ရပေမယ်လို့ ကျွန်မ သူ့ကို လွန်ခဲ့တဲ့ လေးနှစ်ကျော်က နောက်ဆုံးတစ်ခေါက် ရိုက်ပြီးဆုံးမပြီးတဲ့အခါမှာ သူဘာမှ မပြောဘဲ အိမ်ကနေ သုံးနှစ်ကျော်လောက် ထွက်သွားခဲ့တယ်။ ခု သူ့ကို ရအောင်ပြန်ခေါ်ထားရ တာမကြာသေးဘူး။ အပြင်မှာ နေခဲ့တော့လည်း အပြင်က အပျော်တွေ ပဲ မက်ပြီး အခုလိုဖြစ်လာတာထင်ပါရဲ့။ ဘယ်လိုမှကို ပြောမရတော့ဘူး။ သမီးဟာ အပြင်မှာကျတော့ မိုက်ရိုင်းဆိုးသွမ်း နေသလားဆိုတော့ အဲ့ဒီလိုလဲ မဟုတ်ပြန်ဘူး။ အစကတည်းက သမီးကို ကျွန်မ နားမလည်ခဲ့တဲ့အတွက် အခုလည်း ကျွန်မ သူ့ကို နားမလည်နိုင်ပြန်ဘူး။ သားသမီးလက်ဆောင်နဲ့ ပတ်သက်ပြီး ဘုရားဟာ ကျွန်မကို မချစ်ခင်ခဲ့ဘူး။

သမီးကို ကျွန်မ တစ်ခေါက်ပြောခဲ့တယ်။ ` နင်မိဘနေရာရောက်မှ သိမယ်။ ´ လို့ .. ။

သူကပြန်ပြောတယ်။ အဲဒါကျွန်မကို သူပြောခဲ့တဲ့ နောက်ဆုံးတစ်ခွန်းပဲ။

သူပြောခဲ့တယ်။`ကျွန်မတို့မှာ ကံကောင်းတဲ့အချက်တစ်ချက်ရှိတယ်။ ကျွန်မတို့ လူငယ်တွေက မိဘနေရာကို ရောက်နိုင် သေးတဲ့အတွက် ငါတို့သားသမီးတွေအလှည့်ကျရင် ဘယ်လိုလမ်းညွှန်ရမယ်ဆိုတာကို သိနိုင်တယ်။ ဒါပေမယ့် လူကြီးတွေ အတွက်ကတော့ သားသမီးနေရာကို ပြန်မရောက်နိုင်တော့တဲ့အတွက် သားသမီးတွေရဲ့ ဘ၀ ခံယူချက်နဲ့ အိပ်မက်တွေ ကို နားမလည်နိုင်ကြတော့ဘူး။ ´ တဲ့ ။

ကျွန်မသမီးဟာ အဲဒီလိုကိုဆိုးတယ်။ ရှင်တို့သာ ကျွန်မနေရာမှာဆိုရင် ကျွန်မရဲ့ သမီးကို ရှင်တို့ ဘယ်လို ဆုံးမကြမလဲ။ ဘယ်လို ထိန်းကျောင်းကြမလဲ။ ဘုရားဟာ ဒီနေရာမှာတော့ ကျွန်မကို လမ်းမညွှန်ပြသခဲ့ဘူး။

ချိုပိန်းနောင်

ပင်မစာမျက်နှာသို့ပြန်သွားမည် >>