contents

ထိပ်ဆုံးစာမျက်နှာ > ဝတ္ထုများ

ရွေးချယ်မှုပတ်လမ်းတို
အစ/အဆုံး
အောင်သူရ

ကောင်းကင်ဟာ ပိန်းပိတ်အောင် မှောင်နေတယ်။ လှိုင်းတွေ တဝုန်းဝုန်း ရိုက်ခတ်နေတဲ့ ပင်လယ်ရဲ့ရေအရောင်ဟာလည်း မဲညစ်ညစ်ဖြစ်နေတယ်။ လေကတော့ စောစောကထက် ပိုပြီးထန်လာတယ်။

ကောင်မလေးရဲ့ ကောက်ကွေးကွေး ဆံပင်တွေဟာ သူ့ကျောပေါ်ကနေ နောက်ကို လွင့်နေတယ်။ ဆံပင်ကောက်ကောက် ကလေးတွေ နောက်ဘက်ကို လွင့်သွားတိုင်းမှာ သူ့ရဲ့မျက်နှာဝိုင်းဝိုင်းကလေး ပေါ် ပေါ်လာတယ်။

မှောင်မဲနေတဲ့ကောင်းကင်နဲ့ ညစ်ထေးနေတဲ့ ရေအရောင်တွေဟာ ကောင်မလေးရဲ့ မျက်နှာမှာ အရိပ်ထင်နေတယ်။ လေတဟူးဟူးတိုက်နေလို့ ကျောနောက်ဘက်မှာ လွင့်ပြီးသားဆံပင်တွေဟာ ကျောပေါ်ကိုပြန်မကျတော့ဘူး။

ကောင်မလေးရဲ့ဘေးကို အရုပ်ကြီးတွေ တစ်ရုပ်ပြီးတစ်ရုပ် ကောင်းကင်ကနေ ကျ ကျလာတယ်။ လေတိုက်သံနဲ့အရုပ်ကြီး တွေ မြေကြီးကို ထိသံတွေပဲ လေထဲမှာတွဲလွဲခိုနေတယ်။

တစ်ခါတစ်ခါ ကောင်မလေးက အရုပ်ကြီးတွေ သူ့ခေါင်းပေါ်ပြုတ်ကျလာပြီအထင်နဲ့ သူ့ခေါင်းကလေးကို လက်ကလေး နှစ်ဖက်နဲ့ အုပ်လိုက်အုပ်လိုက်လုပ်နေသေးတယ်။

အရုပ်ကြီးတွေဟာ ကမ်းခြေပေါ်ကို တဗုတ်ဗုတ်နဲ့ပြုတ်ကျနေတယ်။ ကမ်းခြေအပြည့်နေရာယူထားတဲ့အရုပ်ကြီးတွေဟာ တစ်ချိန်တုန်းက ကောင်းကင်အပြည့်နေရာယူထားခဲ့ကြတဲ့ အရာတွေဖြစ်တယ်။

တဖွဲဖွဲကျလာနေတဲ့ အရုပ်ကြီးတွေဟာ ကမ်းခြေကို သူတို့ရဲ့ခန္ဓာကိုယ်ကြီးတွေနဲ့ ထိသွားတဲ့အခါမှာ' ဗွက်ခနဲ' ဆိုတဲ့ အသံမြည်ပြီး ဗိုက်တွေ ကွဲထွက်သွားတယ်။

ကွဲထွက်သွားတဲ့ဗိုက်ထဲကနေ အစိမ်းရောင်အရည်တွေထွက်ကျလာတယ်။ ကမ်းခြေတစ်ခုလုံးမှာ ရှိနေတဲ့ သဲတွေထဲကို အစိမ်းရောင်အရည်တွေ စိမ့်ဝင်သွားကြတယ်။

ကမ်းခြေဟာ တဖြည်းဖြည်းနဲ့ ပိုပိုပြီးစိမ်းလာတယ်။

ကောင်မလေးရဲ့ခြေထောက်မှာ သဲပွင့်တွေကပ်နေတယ်။ ခြေထောက်ဗလာနဲ့ ကောင်မလေးရဲ့ခြေသလုံးမှာ အစိမ်းရောင် အရည်တွေစွန်းပေနေတယ်။

ကမ်းခြေကိုလာရိုက်တဲ့ရေတွေဟာ ကမ်းပေါ်က အစိမ်းရောင်အရည်တွေကို ဆွဲဆွဲပြီးယူသွားကြတယ်။

ဟိုးအဝေးကနေ ငှက်ကလေးတစ်ကောင် ပျံလာတာကို ကောင်မလေးကတွေ့တယ်။ ငှက်ကလေးဟာတဖြည်းဖြည်းနဲ့ ကောင်မလေးနားကို ရောက်လာတယ်။

ကောင်မလေးက သူ့လက်ကလေးတွေနဲ့ ငှက်ကလေးကို ဖမ်းဖို့ကြိုးစားတယ်။

ငှက်ကလေးကတော့ ပေါက်ထွက်ပြီး အစိမ်းရောင်အရည်တွေ တစက်စက်ကျနေတဲ့ ကောင်မလေးရဲ့ဗိုက်ထဲကို ဝင်သွား တယ်။

ဆံပင်ကောက်ကောက်ကလေးတွေ ဝေ့ဝဲဝဲနဲ့ကောင်မလေးဟာ ကွဲထွက်နေတဲ့ သူ့ဗိုက်ထဲကို ဝင်သွားတဲ့ ငှက်ကလေးကို ကြည့်ရင်း ပြုံးလိုက်တယ်။ ။

. . . . . . . . . . . . . . . . . . . .

အောင်သူရ

ပင်မစာမျက်နှာသို့ပြန်သွားမည် >>
နေ့စဉ် အသစ်အသစ်သော သတင်းများ ကို သိရှိနိုင်ရန် လိုတရ Application အား ဤနေရာတွင် နှိပ်၍ အခမဲ့ Download ရယူပါ။