Lotayamm

search
မာတိကာ

contents

ထိပ်ဆုံးစာမျက်နှာ > ဝတ္ထုများ

သစ်ခြောက်ပင်ကိစ္စ
အစ/အဆုံး
သစ္စာနီ

ကျွန်းသားခုတင်ပေါ်တွင် တိမ်လို ဆွတ်ဆွတ်ဖြူသော ခေါင်းတလား တစ်လုံးရှိကာ ထိုခေါင်းတလားထဲတွင် သေဆုံးနေပြီး လူလေး ရှိနေပြီး လူလေး၏ ရင်ဘတ်ပေါ်တွင် ခရမ်းရောင် သစ်ခွပန်းများရှိကာ ထိုသစ်ခွပန်းများပေါ်တွင်လောဘကြီးသော ပျားတစ်ကောင် ရှိနေလေသည်။ သိခြင်းကြောင့် ရှိသည် ဆိုသော အယူအဆကို ရွှေဥဒေါင်း၏ “ဒိဌေ ဒိဌ မတ္တံ”ဆောင်းပါး တစ်ပုဒ်တွင်လား၊ ကွန်တမ်သီအိုရီတွင်လား၊ ကျွန်တော် တွေ့လိုက်ဖူး၏။ ထိုပျားကို တော့ တစ်ခါက မေ၏ နှင်းဆီခြံတွင် တွေ့ဖူးသည် ထင်ပါသည်။

မေ့ နှင်းဆီခြံကား ပိုးကျကာ သေဆုံးခဲ့ပြီ။ လူလေး မသေဆုံးမီ လအနည်းခန့်က ဖြစ်၏။ ထိုကာလတည်းက ရက်တစ်ရက် ကျွန်တော့် ထံသို့ သံကြိုးစာ တစ်စောင် ရောက်ရှိလာ၏။ ထိုသံကြိုးစာမှာ...

“ဇော်မြင့် ( ကျွန်တော့်နာမည်) မင်းလိုချင်နေတဲ့ ပစ္စည်းကို စာတိုက်ကနေ ငါ ပါဆယ်နဲ့ တင်ပေးလိုက်ပြီ”

အောက်တွင် ပေးပို့သူအမည်ကို ရေးမထား။ ရေးရန် မေ့လျော့သွားလေသလား။ ရေးရန်မလိုဟု ပေးပို့သူက ယူဆလေ သလား မသိ။ သေချာတာ တစ်ခုကတော့ ထိုသံကြိုးစာပို့သူသည် ကျွန်တော့်ကို ကောင်းစွာသိကျွမ်းရမည် ဆိုသော အချက်ဖြစ်၏။ ဥပမာ- ခရီးထွက်နေသော ကျွန်တော့် မိဘနှစ်ဦး သို့မဟုတ် ရပ်ဝေးနေ ကျွန်တော့် မိတ်ဆွေတစ်ဦးဦး၊ သို့မဟုတ် ကွဲကွာနေသော ကျွန်တော့် သူငယ်ချင်းဟောင်း တစ်ယောက်ယောက်။

သံကြိုးစာတွင် “မင်းလိုချင်တဲ့ ပစ္စည်း” ဆိုသော စကား၏ မတိကျမှုမှာ ကျွန်တော့်စိတ်ကို ရှုပ်ထွေးနောက်ကျိစေပါ သည်။ လောက ကြီးမှာ ကျွန်တော် လိုချင်နေတာက အများကြီး။

၁။ ရွှေရောင် တောက်ပနေသော နာရီသစ်တစ်လုံး ( အချိန်မမှန်လျှင်လည်း အရေးမကြီး)။

၂။ အဖြူရောင် ဆီဆေးတောင့် တစ်တောင့် (ထိုအရောင် မရှိသည့်အတွက် ကျွန်တော်ပန်းချီမရေးဘဲ နေခဲ့ရသည်မှာ နှစ်နှစ်ကျော် ကြာခဲ့ပြီ)။

၃။ “မေ” ဆိုသော ကောင်မလေးရဲ့ အချစ်(မြန်မြန်ဆန်ဆန်)။

၎။ ကြည်လင်သော ကောင်းကင်တစ်ဝက်( ကျွန်တော်နေထိုင်ရာ ကမ္ဘာခြမ်းအတွက်သာ ဖြစ်သည်)။

၅။ ပန်းသီးတစ်လုံး(ဆာလျှင် စားရန်)။

၆။ ရေနံဆီ မှန်အိမ်တစ်လုံး(မကြာခဏ မီးပျက်တက်သဖြင့်)။

၇။ ညင်သာသော သေခြင်းတရား(လောလောဆယ် မဟုတ်)။

၈။ ရေခဲသေတ္တာတစ်လုံး(အိပ်မက်ဟောင်းများကို သိမ်းသိုရန်)။

၉။ ချိုင်းထောက်တစ်စုံ ( ခြေတစ်ဖက်ပြတ်နေသော အိမ်နီးချင်း တစ်ဦးအတွက်)

ထိုစာရင်းကို ပြုစုရလျှင် အတော်ပင်ရှည်လျားကောင်း ရှည်လျားပေလိမ့်မည်။ သံကြိုးရိုက်လိုက်သူက မည်သည့်ပစ္စည်းကို ပို့ပေးနိုင်မည် နည်း။

လူလေး၏ အသုဘ၌ နေကာမျက်မှန်အနက်များကို မချွတ်တမ်း တပ်ဆင်ထားသည့် လူလေး၏ မိဘနှစ်ပါးကို ကျွန်တော် တွေ့ခဲ့ရသည်။ လူလေးခေါင်းမှာ အဖြူရောင်ဖြစ်၏။ နှင်းဆီပန်းများမှာ ရောင်စုံဖြစ်သည်။ ယခင်က မေသည် နှင်းဆီပန်း ရောင်စုံများအကြားတွင် ကြိမ်လက်ဆွဲခြင်း တစ်လုံးကို တံတောင်ဆစ်တွင် ချိတ်လျက် ကတ်ကြေး တစ်လက်နှင့် အပွင့် များကို ကိုက်ဖြတ်နေတတ်သည်။ အခုတော့ နှင်းဆီခြံတစ်ခုလုံးမှာ ရုတ်တရက် ပိုးကျကာ သေဆုံးခဲ့၏။ မေသာ စကာ ပြောတတ်သူဆို ဘာပြောမည်နည်း။ ကျွန်တော် သိချင်လှသည်။

မေသည် ဆွံ့အနေသူကလေးဖြစ်၏။ ထိုဆွံ့အနေသူကလေးကို ကျွန်တော်ရော လူလေးပါ ပြိုင်တူချစ်မိကြသည်။ ကျွန်တော် တို့မှာ တစ်မြို့တည်းနေ သူငယ်ချင်းများလည်း ဖြစ်ကြ၏။

ရန်ကုန်သို့ကျောင်းနေရန် ထွက်ခွာသွားသော လူလေး၊ ကျွန်တော်တို့ မြို့သို့ပြန်လာသောအခါ စပိန်ဂစ်တာတစ်လက်၊ ဆရာဝန်ဘွဲ့ နှင့် တညင်းသီး ဆားရည်စိမ် တစ်ထုပ် ပါလာလေသည်။ လူလေးမိဘများက ချမ်းသာသူများ ဖြစ်ကြ၏။

ကျွန်တော့်အိမ် ပြတင်းပေါက်မှနေ၍ အပြင်သို့ မျှော်ငေးကြည့်လိုက်လျှင် တောင်ကုန်းတစ်ကုန်းနှင့် တောင်ကုန်းထိပ်မှ သစ်ခြောက်ပင် ကို မြင်တွေ့နိုင်လေသည်။ ဤမြင်ကွင်းမှာ ကျွန်တော် မွေးဖွားခဲ့သည့် ကာလမှစ၍ ယနေ့တိုင်တိုင် (ကျွန်တော့်အသက် ၂၅ နှစ် ရှိပါပြီ) မပြောင်းလဲ သော မြင်ကွင်းဖြစ်၏။ ထိုသစ်ခြောက်ပင်ပေါ်၌ ငှက်တစ်ကောင်တစ်လေ နားနေတာမျိုး မြင်ရခြင်းမှာ တစ်ခါတစ်ရံ ကြုံတောင့်ကြုံခဲကိစ္စဖြစ်သည်။ ထိုသစ်ပင်ခြေရင်းမှာတော့ ထိုတောင်ကုန်းပေါ်သို့ တက်ရာ ကွေ့ကောက်သော လမ်းကလေးရှိသည်။

ထိုတောင်ကုန်းတစ်ဘက်တွင်တော့ (ကျွန်တော် မမြင်ရသော်လည်း) ယိုင်ရွဲ့သော ဓါတ်တိုင်များနှင့် ဖုန်ထူသော ကျွန်တော်တို့မြို့ကလေး ရှိမည်။ လူလေးတို့နှစ်ထပ်တိုက်ရှိမည်။ ဈေးထောင့်မှ ချက်နို့ဆီဖြင့် ဖျော်သည့် “ရွှေနန်းတော်” လက်ဖက်ရည်ဆိုင် ရှိမည်။ ထိုဆိုင်တွင် အတူထိုင်ရင်း မကွယ်လွန်မီ တစ်ပတ်ခန့်က လူလေးပြောခဲ့သော စကားများကို ကျွန်တော် ကောင်းစွာ အမှတ်ရနေလေသည်။

“ငါ့မိဘတွေက ငါ့ကို သိပ်ချစ်တယ်။ ဒီတော့ ငါ့ဘဝမှာ ဘာမှ လိုလေးသေးမရှိအောင် ကြိုတင်စီစဉ် ဖန်တီးပေးထားတယ်။ ငါ ဟာ မွေးကတည်းက ငါ့မိဘတွေ စီမံထားတာတွေနဲ့ အံကိုက် ကြီးပြင်းခဲ့ရတယ်။ ငါ့အတွက် နေစရာ ကျောင်း၊ စီးစရာ ကား၊ ဝတ်စရာ အဝတ်၊ ဘွဲ့ယူပြီး မြို့ ကိုပြန်လာတော့လည်း အဆင်သင့် ငါ ထိုင်ဖို့ဆေးခန်းနဲ့ ငါ အမွေဆက်ခံရမယ့် စည်းစိမ်နဲ့ငါ ယူရမယ့် မိန်းမနဲ့...”

“သီတာဟာ မိန်းမချောလေး တစ်ယောက်ပါ လူလေး”

ကျွန်တော့်နှစ်သိမ့်စကားကို သူလက်မခံ။ ခေါင်းယမ်းရင်း...

“မင်း စဉ်းစားကြည့်၊ ခေါင်းပန်းလှန်တာကမှ ဘာကျမယ်ဆိုတာ ကြိုတင်တွက်ဆမရလို့ ရင်ခုန်ဖို့ကောင်းသေးတယ်။ ငါ့ဘဝကတော့ အမြဲတမ်း ခေါင်းချည်းကျနေရသလိုပဲ။ ဘာအဓိပ္ပါယ် ရှိတော့မှာလဲ”

နွေဦးပေါက် တစ်ရက်ကတော့ သူ့အတွက် အဓိပ္ပါယ် အနည်းငယ်ရှိခဲ့သည်။ ကျွန်တော်တို့သုံးဦး မြို့ပြင် စမ်းချောင်းဘေးကို ပျော်ပွဲစားထွက်ကြသည်။ ကျွန်တော်က ငါးမျှား၏။ လူလေးက ဂစ်တာတီး၏။ မေက ငါးကြော်ပေး၏။

မေသည် လှပသော်လည်းဆွံ့အနေသူကလေးဖြစ်သည်။ မေ့အမေက မေ့ကိုကိုယ်ဝန်ဆောင်ထားရစဉ်ကပင် မေ့အဖေသည် ကားတိုက်ခံရကာ ဆုံးပါးခဲ့သည် ဆို၏။ မေ့အမေကတော့ မေသုံးနှစ်သမီးအရွယ်တွင် မေ့ကို ကြမ်းတမ်းသောအရက်သမား ပထွေး၏ထံတွင် ထားရစ်ကာ လောကကို စွန့်ခွာသွားလေသည်။

မေ ကိုးနှစ်သမီးအရွယ်ခန့်က ပုလင်းတစ်လုံး လက်မှလွတ်ကျကာ ကွဲခဲ့၏။ ထိုပုလင်းမှာ မေ့ပထွေးဖြစ်သူ အဝယ်ခိုင်း လိုက်သော အရက်ပုလင်းဖြစ်သည်။ ထိုအပြစ်ကြောင့် မေ့ပထွေးက မေ့ပါးကို ခပ်ကြမ်းကြမ်း ရိုက်နှက်ကာ ဆုံးမခဲ့လေ သည်။ အဲဒီကတည်းက မေသည် စကားမပြောနိုင်ဘဲ ဆွံ့အသွားခဲ့၏။ မေ့ပထွေးသည် ထိုအချိန်က စ၍ အိမ်တွင် စကားပြောတတ်သော ကြက်တူရွေး တစ်ကောင်ကို မွေးမြူထား တော့သည်။

စိတ်ပညာသဘောအရ အထိတ်တလန့်ကြောက်ရွံ့မှုက ကလေးငယ်၏ အာရုံကြောများကို ဆွံ့အအောင် ထိခိုက်သွား စေခဲ့သည်ဟု လူလေးက ရှင်းပြဖူးသည်။ အခုတော့ လူလေး သေဆုံးခဲ့လေပြီ။ လူလေး ဂစ်တာမတီးနိုင်တော့။ “အချိန်နှင့်အလျား” အကြောင်းကိုသော် လည်းကောင်း၊ သေခြင်းတရား အကြောင်းကိုသော်လည်းကောင်း၊ ကျွန်တော်နှင့် မဆွေးနွေးနိုင်တော့။ (သူနှင့် ကျွန်တော် နောက်ဆုံး ဆွေးနွေးခဲ့ သော အရာမှာ သေခြင်းတရားအကြောင်းဖြစ်ပါသည်။)

“ငါ့ဘဝအတွက် ငါ့မိဘတွေ ကြိုတင် စီစဉ်မထားတဲ့အရာတစ်ခု ရှိတယ်ကွ၊ အဲဒါဟာ သေခြင်းတရားပဲ”

ထိုအချိန်က သူ့မျက်နှာမှာ တောထဲတွင် လမ်းပျောက်နေသူ တစ်ယောက် လမ်းစ ရှာတွေ့သလို ရွှင်ပျနေသည်။

“ငါ့ဘဝဟာ အတော် ပြည့်စုံပါတယ်။ ဒါပေမယ့် လောကမှာ အပြည့်စုံဆုံး အရာကတော့ သေခြင်းတရားပါပဲလေ”

တောင်ကုန်းပေါ်မှာ အရွက်ကင်းမဲ့သည့် သစ်ခြောက်ပင်ကြီး ဘာကြောင့် ရှည်မြင့်စွာ ရှင်သန်နေနိုင်ပါသနည်း။ လူလေးကတော့ အသက်ရှူပြွန်လမ်းကြောင်း ပိတ်ဆို့ကာ သေဆုံးခဲ့လေသည်။ သူ့လည်ချောင်းထဲတွင် ပုလင်းအဖုံး ဖော့ဆို့တစ်ခုကို တွေ့ကြရ၏။

မေတို့အိမ်သို့ ကျွန်တော် ရောက်သွားတိုင်း မေသည် စက္ကူလွတ်တစ်ရွက်ပေါ်တွင် ခဲတံဖြင့် တစ်စုံတစ်ရာကို ရေးခြစ် နေလေ့ရှိတာ သတိထားမိ၏။ ကျွန်တော့်ကို မြင်လျှင် သူသည် ရေးလက်စ ရပ်က ပုံကို သိမ်းဆည်းထားလိုက်လေသည်။ မေ ရေးနေသော ရုပ်ပုံသည် မည်သူ့ပုံဖြစ်မည်နည်း။ လူလေးပုံလား၊ ကျွန်တော့်ပုံလား။ သို့မဟုတ် ပိုးကျကာ ပျက်စီး သွားသည့် သူ့နှင်းဆီခြံထဲမှ နှင်းဆီနီတစ်ပွင့်၏ ပုံလေလား။ သို့မဟုတ် သူ မမြင်ဖူးလိုက်သော သူ့မိဘများ ပုံလေလား။ ကျွန်တော် သိခွင့်မရခဲ့။ စားပွဲတစ်လုံးတွင် အရက်ထိုင်သောက်နေသော မေ့ပထွေးက...

“ဟေ့ကောင် ဇော်မြင့် မင်းကို ငါ့ကြက်တူးရွေးက စကားပြောနေတယ်ကွ။ နေကောင်းလား၊ ထမင်းစားပြီးပြီလား၊ ဒီနေ့ရာသီဥတု သာယာတယ်နော်တဲ့”

ကျွန်တော့် နားတွင်တော့ သူ့ကြက်တူရွေး မပီကလာ၊ ပီကလာ တွေ့ကရာအော်နေသံကိုသာ ကြားနေရပါသည်။

“သမီးတစ်ကောင် မွေးထားပါတယ်။ ကြက်တူးရွေးလောက်တောင် အသုံးမကျဘူး”

မေ့ပထွေးက အရက်ပုလင်းတစ်လုံး၏ အဖုံးဖော့ဆို့ကို “ဖောင်း” ကနဲ မြည်အောင် ပါးစပ်နှင့် ကိုက်ကာ ဖွင့်လိုက်၏။ မေတို့အိမ် တွင် ထိုဖော့ဆို့ဟောင်းမျိုး များစွာ ရှိပါသည်။ ကျွန်တော် နှင့် မေတို့အိမ်သို့လိုက်ပါလာသော လူလေးသည် (သူ့အဖို့ နောက်ဆုံး အခေါက်ဖြစ်၏) မေ့ထံမှ ထို ဖော့ဆို့ဟောင်းတစ်ခုကို တောင်းယူခဲ့၏။ ကျွန်တော်က သူသည် မေ့ မေတ္တာကို တောင်းယူလိမ့်မည်ဟု ထင်ခဲ့သည်။ သို့မဟုတ် မေ့ ခေါင်းတွင် ပန်ထားသော ပန်းကလေးဖြစ်ဖြစ်၊ မေ ကိုင်နေ ကျ လက်ကိုင်ပုဝါဖြစ်ဖြစ် တောင်းယူလိမ့်မည်ဟု ထင်နေခဲ့၏။ အခုတော့ ဖော့ဆို့ဟောင်း တစ်ခုကိုသာ တောင်းယူခဲ့သည်။

နောက်နေ့မနက်တွင် အိပ်ရာထဲတွင် သေဆုံးနေသော လူလေးကို သူ့မိဘများ တွေ့ကြရလေသည်။ ဆရာဝန်၏ စစ်ချက် အရ အသက်ရှူပြွန်လမ်းကြောင်း ပိတ်ဆို့မှုကြောင့် သေဆုံးခဲ့ခြင်းဖြစ်ကာ သူ့အသက်ရှူလမ်းကြောင်းတွင် ပိတ်ဆို့နေသော အရာမှာ ဖော့ဆို့တစ်ခု ဖြစ်နေသည်ဟု ဆို၏။ ထိုဖော့ဆို့မှာ လူလေး၏ လည်ချောင်းထဲကို မတော်တဆ ကျသွားလေ သလား၊ သို့မဟုတ် လူလေးကပင် တမင်မျိုချခဲ့လေသလား ဆိုသော မေးခွန်းကိုမူ လူလေးကလွဲ၍ မည်သူမှ ဖြေဆိုနိုင် လိမ့်မည် မဟုတ်ချေ။

လူလေး အသုဘချသော နေ့က ကျွန်တော်သည် တစ်ညလုံး ပြတင်းဝမှာ ထိုင်ငေးနေမိသည်။ ထိုညမှာ ကြယ်ကြွေ များသော ညဖြစ်၏။ တောင်ကုန်းတစ်ဝိုက်တွင် လေပြင်းများ တိုက်ခတ်နေရာ၊ သစ်ခြောက်ပင်သည် မိုးမသောက်မီပင် ပြိုလဲကျလိမ့်မည်ဟု ကျွန်တော် တွေးထင်နေမိ၏။

မနက်မိုးလင်းသောအခါ သစ်ခြောက်ပင်အောက်မှ ဖြတ်သန်းကာ ကျွန်တော့် အိမ်သို့ လာနေသော မေ့ကို တွေ့ရလေသည်။ မေက ကျွန်တော့်ကို စက္ကူခေါက်ကလေးတစ်ခု ပေး၏။ ဖြန့်ကြည့်လိုက်သော် မေ နေ့စဉ်နှင့်အမျှ တကုပ်ကုပ် ရေးဆွဲ နေသော ပုံကို မြင်ရလေသည်။ ထိုပုံထဲတွင် မေ့ပထွေးသည် လက်တစ်ဖက်တွင် အရက်ပုလင်းကို ကိုင်ကာ ပက်လက် လဲကျ သေဆုံးနေလေသည်။ သူ့ရင်ဘတ်တွင် သံချေးတက် နေသော ကတ်ကြေးတစ်လက် စိုက်ဝင်နေသည်ကို တွေ့ရ၏။ ထိုကတ်ကြေးမှာ မေ့နှင်းဆီခြံ ရှင်သန်စဉ်က မေ အသုံးပြုခဲ့သော ကတ်ကြေးဖြစ် ကြောင်း ကျွန်တော် ကောင်းကောင်း မှတ်မိနေသည်။

ကျွန်တော် မေ့ကို ပြုံးပြ၏။ မေကလည်း ကျွန်တော့်ကို ပြုံးပြ၏။ ထိုအရာမှာ ထိုမျှသာ ဖြစ်ပါသည်။

မနေ့ကမူ ကျွန်တော်သည် အိမ်ရှေ့ခြံထဲတွင် လမ်းလျှောက်နေစဉ် အတော်ကြီးမားသော စက္ကူစုတ်ကြီး တစ်ခုကို တွေ့ရ၏။ ကောက်ယူ ကြည့်လိုက်သောအခါ ထိုစာရွက်တစ်နေရာတွင် ကျွန်တော့်အမည်နှင့် နေရပ်လိပ်စာကို ထင်ထင်ရှားရှား ရေးသားထားတာ မြင်ရ၏။ ဤစက္ကူမျိုးမှာ စာတိုက်မှတစ်ဆင့် ပစ္စည်းတင်ပို့ရာတွင် ပါဆယ်ထုပ်ရာ၌ အသုံးပြုလေ့ရှိသော စက္ကူဖြစ်၏။ လပေါင်း အတော်ကြာက ရရှိခဲ့သော သံကြိုးစာကို ကျွန်တော် ပြန်လည် အမှတ်ရလာသည်။

ဤအိမ်တွင် ကျွန်တော် တစ်ယောက်တည်း နေနေသည်ဖြစ်ရာ ကျွန်တော် လက်မခံရပါဘဲ ဘာကြောင့် ဤပါဆယ် ထုပ်သော စက္ကူစုတ်က ခြံဝင်းထဲ ရောက်ရှိနေရသနည်း။ စက္ကူအတွင်းတွင် မည်သည့် ပစ္စည်းမျိုးကို ထုပ်ပိုးကာ မည်သူက ပို့လိုက်ပါသနည်း။

စိတ်ရှုပ်ထွေးနောက်ကျိစွာဖြင့် ထိုစက္ကူကို အစိတ်စိတ်အမြွာမြွာ ဆုတ်ဖြဲ၍ လွှင့်ပစ်လိုက်ရာ စက္ကူအပိုင်းအစ များစွာသည် လွတ်လပ်သော လေနှင့်အတူ အဝေးသို့လွင့်ပါသွားလေသည်။

သစ္စာနီ

ပင်မစာမျက်နှာသို့ပြန်သွားမည် >>