Lotayamm

search
မာတိကာ

contents

ထိပ်ဆုံးစာမျက်နှာ > ဝတ္ထုများ

ကမ္ဘာကြီးမှာ တွေးစရာတွေများတယ် ။ ကမ္ဘာကြီးဟာ သိပ်သနားဖို့ကောင်းတယ် ။
အစ/အဆုံး
ချိုပိန်းနောင်

ကမ္ဘာကြီးက ဒီနေ့နေပြည်တော်ရုံမှာThe Amazing Spider Man ကား သွားကြည့်တယ် ။အဲဒီအချိန်မှာပဲ ကမ္ဘာကြီးကစတင် ဇာတ်လမ်း စတော့တာပဲ ။ ကလေးတွေ စကားနဲ့ဆိုရင်တော့ အဲ့မှာ စတွေ့တာပဲပေါ့ ။ ဒါပေမယ့် ကမ္ဘာကြီးက အသက်ကြီး (သင့်သလောက်ကြီး ) နေပြီဆိုတော့ .. အဲ့မှာစတွေ့တာနဲ့တင် မပြီးဘူး ။ မရပ်ဘူး ။ ဆိုတော့ အဲ့မှာ စတွေး တော့တာပဲ ။

သူ … ရုံထဲဝင်သွားတော့ ရုပ်ရှင်က စနေပြီ ။ ရုပ်ရှင်ပြတဲ့ ရုံတစ်ခုလုံး မှောင်မဲနေတာပဲ ။ သူ့ခုံရှိတဲ့နေရာကို သူ လမ်းလျှောက်သွားတဲ့ အချိန်မှာ ပထမဆုံးကြားလိုက်ရတာက “ကယ်ကြပါဦးရှင် .. ကယ်ကြပါဦးရှင် .. ” ဆိုတဲ့ တယ်လီဖုန်း Ringtone မြည်သံပဲ ။ “ဟဲလို” လို့ပြန်ထူးလိုက်တဲ့အသံက ကမ္ဘာကြီးရဲ့ အနောက်မှာကျန်ရစ်ခဲ့တယ် ။ ကမ္ဘာကြီး ကြား ဖူးတာက တခြားနိုင်ငံတွေမှာဆို ရုပ်ရှင်ရုံထဲ ၀င်ရင် ဖုန်းပိတ်ထားရတယ်ဆိုပဲ ။ ဟုတ် မဟုတ်ကတော့ ကမ္ဘာကြီးက နိုင်ငံ ခြားလဲ မရောက်ဖူးဘူးဆိုတော့ မသိဘူး ။ ကမ္ဘာကြီးက အဲဒီတော့မှ ”အော် … ငါလဲ ဖုန်းမပိတ်ထားမိပါလား ။ မပိတ်ရင် တောင်ပဲ Silent လေးတော့ လုပ်ထားမှပဲလေ .. ”လို့တွေးမိပြီး သူ့ ဖုန်းပိစိလေးကို Silent လုပ်လိုက်တယ် ။

ဆက်တွေးမိတာက ရုပ်ရှင်ရုံထဲမှာတော့ ဖုန်းမပိတ်ကြဘူး ။ ဟုတ်ပြီ ။ ဒါဆို မီးရထားတို့ ၊ ဘတ်စ်ကားတို့ အပေါ်မှာ ကျတော့ရော .. ? ကမ္ဘာကြီးက မီးရထားမစီးဖူးသေးတော့ မီးရထားထဲမှာ ဖုန်းပိတ်ရ မပိတ်ရ မသိဘူး ။ (လူတိုင်းလည်း ဖုန်းမကိုင်ကြသေးပါဘူး ။) ဒါပေမယ့် ကမ္ဘာကြီးက ဂျပန်စာသင်တန်းတက်ဖူးသေးတော့ Yokohama မှာနေတဲ့ Yosukei San ဆိုတဲ့ ဆရာတစ်ယောက်ဆီကနေ ကြားဖူးတယ် ။ သူတို့ဂျပန်မှာ မီးရထားတို့ဘတ်စ်ကားတို့ စီးမယ်ဆို ဖုန်းပိတ် ထားရတယ်တဲ့ ။ ဘာကြောင့်လဲလို့ ကမ္ဘာကြီးက မေးတော့ တခြားလူတွေကိုယ့် အသံကြောင့် ဆူညံမှုဖြစ်မှာ ၊ အနှောင့် အယှက် ဖြစ်မှာစိုးလို့တဲ့ ။ Message ပို့တာ ၊ အင်တာနက်သုံး တာတွေလောက်တော့ လုပ်လို့ရပါတယ်တဲ့ ။ Taxi ပေါ်မှာ တော့ ဖုန်းပြောလို့ရတယ်တဲ့ ။ ကမ္ဘာကြီးက တွေးမိတယ် ။ အင်တာနက်ကို လှုပ်ရှားခုန်ပေါက်နေတဲ့ မီးရထားတွေ၊ ဘတ်စ် ကားတွေပေါ်မှာ ဘယ်လိုများ Type( ရိုက်)ပြီး သုံးကြတာလဲလို့ .. ။ အဲဒီလောက်တောင် ခုန်နေ ၊ လှုပ်နေ ၊ ကြပ်ပိတ်သပ် နေတဲ့ လူတွေကြားမှာ အင်တာနက်က လိုင်းရောမိလို့လားလို့ .. ။ မတော်တဆများ ဒရိုင်ဘာက ကား လုမောင်းရင်းနဲ့ ဘရိတ်အုပ်ချလိုက်ရင် Chatting၀င်နေတဲ့လူတွေ ၀ုန်းးးး ကနဲဆို လဲကျသွားမှာပဲ ။ ဒီဆရာ ငါ့ကို လိမ်ပြောသွားတာ ထင်တယ်လို့တော့ ပထမဆုံးမှာ ကမ္ဘာကြီးက တွေးလိုက်မိသေး ။ ဒါပေမယ့် ဆရာ …ဆိုတာမျိုးက အကုန်သိ အကုန် တတ်တယ်လေ။ ကျောင်းတုန်းကဆို ကမ္ဘာကြီးက မသိလို့ ဘာပဲထမေးမေး ဆရာတွေက ဒေါက်ဆို ဖြေချလိုက်နိုင်တာပဲ ။ စာအုပ်ကို ခွကျော်ရင် စာ မဖတ်တတ်ဘဲ ဖြစ်ပြီး မြေမြိုတတ်တဲ့အကြောင်းကမ္ဘာကြီးအစက မသိဘူး ။ ဆရာတစ်ယောက်က ပြောပြထားဖူးတာပေါ့ ။

ကမ္ဘာကြီးက ကိုယ့်ကိုကိုယ်ပြန်မြိုရမှာ သိပ်ကြောက်တဲ့ကောင် ။ ဆိုတော့ ခုထိ စာအုပ်တွေဆို ခွမကျော်ရဲဘူး ။ နိုင်ငံခြားရောက်နေတဲ့ လူတွေများ သိပ်ခက်တယ် ။ သိပ်ညာပြောတတ်တာပဲ ။ ဒါကမ္ဘာကြီးကိုယ်တွေ့ ။ ကမ္ဘာကြီးကို နိုင်ငံခြားက သူငယ်ချင်းတစ်ယောက်က ညာပြောဖူးတယ် ။ ကမ္ဘာကြီးက သီချင်းတစ်ပုဒ်ကို သိပ်ကြိုက်တယ် ။ ဒါကို ကမ္ဘာကြီးက သူငယ်ချင်းကိုနားထောင်စေချင်တော့ Download ချပြီး နားထောင်ကြည့်ပါလားလို့ ပြောဖူးတယ် ။ကမ္ဘာကြီး ပြောပြီးလို့မှ သိပ်မကြာသေးဘူး ။ တစ်ဖက်ကနေ သူငယ်ချင်းက လှမ်းပြောတယ် ။ “အေး .. ငါနားထောင်နေပြီ။ တယ် ကောင်းတဲ့ သီချင်းပဲကွ ။”တဲ့ ။ နိုင်ငံခြားရောက်သွားတဲ့လူတွေ ဘာကြောင့်များ လိမ်ပြောတတ်ရတာပါလိမ့်လို့ ကမ္ဘာကြီး တွေးမိတယ် ။

အော် .. စကားစ ပြတ်သွားတယ်။ ဆရာတွေအကြောင်းပြောပြမို့လို့။ တစ်ခါကဆိုလေ ဆရာတစ်ယောက်က ပြောဖူးတယ်။ ကမ္ဘာကြီး တို့အိမ်မှာ အလှူလုပ်တုန်းကပေါ့ ။ ကမ္ဘာကြီးအမေ ထည့်ပေးတဲ့ ဒံပေါက်နဲ့ ကျွဲရိုင်းကိုသောက်ရင်း ကလေးကို အပ်ပါတယ် မလိမ်မာ တာရှိရင် ဆုံးမပါပေါ့ အမေက ပြောတော့ … ဆရာက ပြောရှာတယ် ။ “ကမ္ဘာကြီးက သိပ်တော်ပါတယ် ။ ကျုပ်တို့ဆရာတွေဆိုတာ ကလည်း တပည့်မရှား ၊ တစ်ပြားမရှိ ၊ ပီတိကိုစား ၊အားရှိပါ၏ ပေါ့ဗျာ ။ ဒီလိုပဲ ကောင်းတဲ့ ကလေးမိဘ ရှိသလို မကောင်းတဲ့ကလေး မိဘလဲ ရှိကြတာပဲ ” တဲ့ ။ ကမ္ဘာကြီးသိပ်ကြည်ညိုလွန်းလို့ သူ့ကျူရှင်မှာ သုံးနှစ်တက်ဖူးတယ် ။ သိလား ။ ဆရာတွေများ ကိုယ်ကျိုး စွန့်ပြီး ပညာတွေ သင်ပေးနေကြရရှာတာ ။ အဲ့လို ပြန်သင်ပေးနိုင်အောင်လည်း သူတို့ သင်ထား လေ့လာဖတ်ရှု မှတ်သားထားရတဲ့ ဗဟုသုတတွေဆိုတာ နည်းတာမှ မဟုတ်ဘဲ ။

ရုတ်တရက် .. ကမ္ဘာကြီး အတွေးလွန်သွားတော့ ဘေးကနေ “၀ိုးးးးးးးး” ဆိုတဲ့ အသံကြီးထွက်လာမှ ရုပ်ရှင်ပိတ်ကားကို ကမ္ဘာကြီး
ကြည့်မိတယ် ။ Spider Man က တိုက်တွေကြားမှာ ကားတွေကြားမှာ ပင့်ကူအိမ်မျှင်တွေ ထုတ်လွှတ်ပြီး ပြေးသွားလိုက်တာများ အံ့သြဖို့
ကောင်းလိုက်တာ ။ “ အော် … ဒီလိုအကောင်တစ်ကောင်လောက်များ မြန်မာနိုင်ငံကိုရောက်လာခဲ့ရင် တိုက်ပြိုလို့ တိုက်ပိပဲသေမလား၊ ကားတိုက်လို့ပဲသေမလား ” လို့ ကမ္ဘာကြီး တွေးပူလိုက်မိသေးတယ် ။

ပြီးတော့ ဘေးကနေ တဖျောက်ဖျောက်မြည်သံကြားလို့ လှည့်ကြည့်လိုက်တော့ ဘေးက ကလေးမက ရုပ်ရှင်ကြည့်ရင်း နေကြာစေ့ ခွာစားနေတာ တွေ့တယ် ။ အမှိုက်တွေဆိုတာ သူ့အောက်မှာပွကြဲနေမှာပဲ ။ နေကြာစေ့ခွံတွေ အောက်ကို ပစ်ပစ်ချတာ ကမ္ဘာကြီးက မြင်လိုက်ရတာကိုး ။ ဒါနဲ့တင်ပဲ ကမ္ဘာကြီးတွေးမိသေးတယ် ။ ဟိုတလောက ဂျာနယ်ထဲမှာ အမှိုက်စို ၊ အမှိုက်ခြောက် ခွဲခြားစွန့်ပစ်လို့ ရအောင် အမှိုက်ပုံးကြီးတွေ ထားထားပေးတာ ပျောက်သွားလို့ဆိုပဲ ။ ဘာကြောင့်ပါလိမ့် .. လို့ ကမ္ဘာကြီး အတွေးမမီဘူး ။

ရုပ်ရှင်ပြီးသွားတော့  ကမ္ဘာကြီး အပေါ့သွားချင်လာတယ် ။ အိမ်သာကို သွားတော့ အိမိသာမှာ တန်းစီစောင့်ဆိုင်းနေတဲ့လူတွေဆိုတာ မနည်းဘူး ။ ကမ္ဘာကြီးတနေရာရအောင် နောက်ကနေ ၀င်တန်းစီတယ် ။ ၁၅မိ နစ်လောက်နေတော့ ကမ္ဘာကြီးရှေ့မှာ လူတစ်ယောက်ပဲ ကျန်တော့တယ် ။ ဒါပေမယ့် နောက်ကလူနှစ်ယောက်က ကမ္ဘာကြီးကို တွန်းပြီး ကမ္ဘာကြီးရှေ့မှာ ၀င်ရပ်လိုက်ကြတယ်။ ကမ္ဘာကြီး ၀မ်းနည်းသွားတာပေါ့ ။ ဘာကြောင့်များတန်းမစီပါလိမ့် … လို့ ကမ္ဘာကြီးက ထပ်တွေးမိပြန်ရော ။ ရုံပြင်ကိုထွက်လာတော့ မိုးတွေ တအားသည်းနေတယ်။ ကားဂိတ်မှာ သူငယ်ချင်းနဲ့နှုတ်ဆက်ပြီး တစ်ယောက်တည်းဘတ်စကားစောင့်နေတဲ့ မိန်းကလေးတစ်ယောက် ကို ကမ္ဘာကြီးမြင်လိုက်တယ် ။ မိုးက လေတွေပါ ပါတယ် ။ တအားသည်းပြီး တ၀ုန်းဝုန်းနဲ့ ထိုးရွာနေတယ်။ Taxi ကို တစ်စီးလာတယ် ။ ကောင်မလေးတားတယ်။ မရဘူး။ နောက်တစ်စီးလာတယ် ။မရဘူး။ နောက်ဆုံးလေကတစ်ချက်ဝုန်းဆိုတိုးထည့်လိုက်တာကောင်မလေး ထီးကလေး ဗြောင်းကနဲကျိုးသွားပါရောလား ။ ထီးကြီးလဲလန်သွားရော ။ တကိုယ်လုံးမိုးရေတွေရွဲကုန်တာပေါ့။ အဲဒီအချိန်မှာ ကောင်မ လေးနားကို လူတစ်ယောက်ရောက်လာတယ် ။ ဘာပြောလိုက်တယ် မသိဘူး ။ ကောင်မလေးက ထီးအကျိုးနဲ့ ရွယ်လိုက်တာမြင်လိုက် တယ်။ အဲဒီလူလဲ ထွက်သွားတယ် ။ ကောင်မလေးက ကမ္ဘာကြီးထိုင်နေတဲ့ ကော်ဖီဆိုင်မှာ လာဝင်ထိုင်တယ် ။ ရင်တော်တော်တုန်နေတဲ့ ပုံပဲ ။ သနားပါတယ်လို့ ကမ္ဘာကြီးတွေးတယ် ။ အရင်ကအကြောင်းနှစ်ခုသုံးခုကိုတောင် ကမ္ဘာကြီး ဒီကောင်မလေးနဲ့ ဆက်စပ်မိလို့ ပြန်တွေးမိသေးတယ် ။

အဲ့တုန်းက ကမ္ဘာကြီးက ဘတ်စကားစီးလာတာပေါ့ ။ကားကကြပ်တော့ မိန်းကလေးတွေလည်း ကားတိုးစီးလာကြရတယ် ။ ကမ္ဘာကြီး ကတော့ သက်သာတယ် နေရာရတော့လေ ။ အဲဒီအချိန်မှာ ကမ္ဘာကြီးရှေ့မှာ မတ်တပ်ရပ်နေတဲ့ ကောင်မလေးက မျက်စိပျက် မျက်နှာ ပျက်နဲ့ ကမ္ဘာကြီးကို မျက်ရိပ်ပြတယ်။ သူ မျက်ရိပ်ပြတာကိုမြင်တာနဲ့ ဘာဖြစ်နေတယ်ဆိုတာကို ကမ္ဘာကြီးသိလိုက်တယ်။ကောင်မလေး နောက်ကကောင်က ပြီတီတီနဲ့ကိုး ။ ကမ္ဘာကြီးနားလည်လိုက်တယ် ။ ကောင်မလေး ကမ္ဘာကြီးကို အကူအညီတောင်းနေပြီဆိုတာ ။ ဒါပေမယ့်ကမ္ဘာကြီးအသိတစ်ယောက်က အဲ့လိုကားပေါ်မှာ မဖွယ်မရာလုပ်တာကိုမြင်ပြီး ၀င်ပြောလိုက်မိတာနဲ့ အဲ့ဒီအသိရဲ့ လက်မောင်း ကို မဖွယ်မရာလုပ်သွားတဲ့လူက ဆင်းကာနီးမှာ တစ်ကျပ်စေ့ကို မြိနေအောင် ချွန်ထားတဲ့ အချွန်နဲ့ ထိုးခွဲသွားတယ် ။ ကမ္ဘာကြီးအဲ့လို အဖြစ်တွေကို ကြောက်တယ် ။ ကိုယ်နဲ့ မဆိုင်တာကို ဘာလို့ ဝင်ပါမှာလဲ ဆိုတဲ့အသိ ကမ္ဘာကြီးမှာ ၀င်လာတယ် ။မြင်နေပေမယ့် ဘာမှ မတတ်နိုင်ဘူးလေ ။ ကမ္ဘာကြီး ကောင်မလေးကို မမြင်ချင်ယောင် လျစ်လျူရှုလိုက်တယ် ။ ဒါပေမယ့်စိတ်ထဲကတော့ တွေးလိုက်ပါတယ်။ ကောင်မလေးသနားပါတယ်။အဲ့လိုမှ အလုပ်ထွက်မလုပ်ရင်လည်း ခုခေတ်ကုန်ဈေးနှုန်းနဲ့က ကောင်မလေးတွေ အိမ်တွင်းပုန်းဖို့မလွယ် ဘူး။ လူတိုင်းလဲ ကိုယ်ပိုင်ကားတွေ တက်စီတွေ စီးနိုင်ကြသေးတာ မဟုတ်တော့ ဒီလိုပဲ ပြသနာတွေ ဖြစ်နေကြမှာပဲလို့ ကမ္ဘာကြီး တွေးမိတယ် ။

နောက်တစ်ယောက်ကျတော့ ကမ္ဘာကြီးတို့ ရပ်ကွက်မှာ ဖြစ်တာပေါ့ ။ ကမ္ဘာကြီးနေတဲ့ ရပ်ကွက်က သိပ်စရိုက်ကျတယ် ။ ဒါပေမယ့် မကြာသေးမီကမှ ပြောင်းလာတဲ့အိမ်က ကလေးမလေးတစ်ယောက်ရှိတယ် ။ ကမ္ဘာကြီးတို့ရပ်ကွက်ထဲမှာတော့ အဲဒီကလေးမလေးက ၀တ်စားဆင်ယင်တာ ဒူးဖုံးဂါဝန်လေးတွေ ၊ ဂျင်းဘောင်းဘီရှည်ရှည်ကျပ်ကျပ်လေးတွေနဲ့ဆိုတော့ တမျိုးအမြင်ဆန်းနေတာပေါ့လေ ။ တစ်နေ့ကောင်မလေးက လမ်းထဲကနေ ကားဂိတ်ကို ထွက်လာတယ် ။ဖြစ်ချင်တော့ ကမ္ဘာကြီးတို့ အိမ်ရှေ့အရောက်မှာ ကောင်မလေး က လူနှစ်ယောက်နဲ့ ထိပ်တိုက်တိုးတယ် ။ ကောင်မလေးက ချက်ချင်းမျက်နှာထားကို တင်းလိုက်တယ် ။ တင်းမှလဲဖြစ်မှာ။ ကမ္ဘာကြီးတို့ ရပ်ကွက်ထဲမှာ အဲဒီမိန်းကလေးကို ပြောချင်ဆိုချင် မျက်စိကျနေတဲ့ အကောင်တွေက တပုံကြီး ။ ကောင်မလေးက ပြောင်းလာတာ မကြာ သေးပေမယ့် ဒါတွေကို သိပုံရတယ် ။ ကောင်မလေးက အိမ်ထောင်ရှိတယ်လို့လဲ ကမ္ဘာကြီးကြားဖူးတယ်။ သူ့အမျိုးသားက နိုင်ငံရပ်ခြား မှာမို့ မိဘနဲ့ တူတူလာပြန်နေနေတာတဲ့ ။ ထားပါတော့ ။ ကောင်မလေးက မျက်နှာကို တင်းလိုက်ပြီး လမ်းရဲ့ ဒီဘက်ကနေ ပတ်ထွက်ဖို့ ကြိုးစားလိုက်တယ် ။ ဖြစ်ချင်တော့ အဲဒီလမ်းဘက်ကနေ နောက်ထပ် လူတစ်ယောက်က ထပ်ထွက်လာတယ် ။ ဘာလုပ်မလို့ပါလိမ့်လို့ ကမ္ဘာကြီးက တွေးမိတုန်းပဲရှိသေး ။ အဲဒီနောက်ထပ်ထွက်လာတဲ့ လူက ကောင်မလေးကို ကမ္ဘာကြီးကြားဖူးသမျှထဲမှာ အရင့်သီးဆုံးနီးနီး စကားတစ်ခွန်းကို သာမန် စကားပြောတဲ့အသံအကျယ်လောက်နဲ့ ဗြောင်ကြီးပြောချလိုက်တယ် ။ ကမ္ဘာကြီးအံ့သြသွားတယ် ။ အိမ်ထဲ ကနေ ပုန်းနေရင်း ကောင်မလေး ဘာလုပ်မလဲလို့ လှမ်းကြည့်မိတော့ ကောင်မလေးက ပြန်မပြောတော့ပါဘူးဆိုတဲ့ အသိနဲ့ ငြိမ်နေ လိုက်တယ် ထင်ပါရဲ့ မျက်နှာကတော့ ပန်းသီးနီနီလောက် နီးနီးကိုနီရဲတွတ်နေတယ် ။ ဒါပေမယ့် ကောင်မလေးက လမ်းရဲ့ ဟိုမှာဘက် ကို မျက်လုံးဝေ့ကြည့်လိုက်တော့ ဟိုဘက်မှာ လမ်းလျှောက်လာတဲ့ လူနှစ်ယောက်က ကောင်မလေးကို အကူအညီမပေးတဲ့အပြင် ဟိုကောင်ပြောသွားတာ အဟုတ်ကြီးလား ဆိုတဲ့ အကြည့်မျိုးနဲ့ ကောင်မလေးကို ၀ိုင်းကြည့်ကြတယ် ။ ပြီတီတီနဲ့ပေါ့ ။ ကောင်မလေး အရင်ထက်ပိုပြီး မျက်နှာထူအမ်းပြီး ပန်းသီးလုံးကြီးလို နီရဲသွားတာတွေ့လိုက်တယ် ။ အဲဒီအချိန်မှာ ကောင်မလေးက သူ့ကို ရင့်ရင့် သီးသီးပြောသွားတဲ့လူကို လှမ်းအော်ပြီး နောက်ကနေ ထီးနဲ့လှမ်းပစ်လိုက်တယ် ။ ဟိုလူထွက်ပြေးသွားတော့ ကောင်မလေးကို လမ်း
ဘက်ကနေ အကဲခတ်နေတဲ့ လူနှစ်ယောက်က ပြုံးစိစိနဲ့ ကြည့်နေကြတယ် ။ ကောင်မလေး ပိုရှက်သွားပုံပဲ ။ ချက်ချင်း မျက်ရည်တွေ ၀ဲတက်လာပြီး အဲ့ဒီဝေးသွားတဲ့ အကောင်ကို အဆဲပေါင်းစုံနဲ့ ကလော်တုတ်တော့တာပဲ ။ နင့်ကို ရပ်ကွက်လူကြီးနဲ့တိုင်မယ်လို့  ပြောလိုက်တာလဲကြားလိုက်တယ် ။ ကမ္ဘာကြီးက အဲ့ဒီလိုတွေ မျက်စိရှေ့မှာ မြင်ရင် မနေတတ်ပေမယ့် ၀င်မပါဘူး ။ ကိုယ့်အန္တရာယ် ကိုယ်သိရမယ် မဟုတ်လား ။ ဒါပေမယ့်မိန်းကလေးတွေကို အဲ့ဒီလောက်ထိတော့ ရိုင်းပျ နောက်ပြောင်ဖို့မသင့်ဘူးလို့တော့ ကမ္ဘာကြီး ကိုယ့်ဟာကိုယ်တွေးမိတယ် ။

တစ်ခါကပေါ့ ။ ကမ္ဘာကြီး လှည်းတန်းကနေ တက်စီတားစီးလာတယ် ။ သူငယ်ချင်းနောက်တစ်ယောက်နဲ့ အတူပေါ့ ။ ည ၇ နာရီလောက်
ရှိမယ် ထင်တယ် ။ ကောင်မလေးတစ်ယောက်က ကားတားတယ် ။ မိုးကရွာနေတယ် ။ကောင်မလေးက တစ်ယောက်တည်း ။ တက်စီ သမားက“ခဏဗျာ ။ ကျွန်တော် ညှိလိုက်ဦးမယ် ။ဆိုပြီး ကားရပ်လိုက်တယ် ။ ကောင်မလေးက မြန်မာဆန်ဆန် ၀တ်စားထားပါတယ်။ ဘယ်နေရာမှ မကောင်းတာ လုပ်စားမယ့် မိန်းကလေးလို့မထင်ရဘူး ။ “ဘယ်သွားမှာလဲ။”လို့ ကားသမားကမေးလိုက်တော့ ကား အတွင်းထဲကို ကောင်မလေးကလှမ်းကြည့်ပြီး “ကျွန်မ လူမပါဘူးထင်လို့ တားလိုက်တာ ။ တခြားကားငှားပါ့မယ် ။ ” လို့ ပြန်ပြောလိုက် တယ် ။ ကားသမားက မရမက ဒီကောင်မလေးကို အတင်းခေါ်တော့တာပဲ ။ “ လိုကိခဲ့စမ်းပါ ။ လုပ်မနေပါနဲ့ ” တို့ ဘာတို့ပေါ့ ။ ကောင်မလေးကမျက်နှာကြီးရဲပြီး ပြန်ပြောတယ်။“နင်တို့ကားနံပတ်ကို ငါမှတ်လိုက်ပြီ။ ငါတိုင်မယ် ။ ငါ့ကို ဘာအောက့်မေလို့လဲ”တဲ့။ အဲ့ဒီတော့မှ ကားသမားက ပြုံးဖြီးဖြီးနဲ့ ကားမောင်းထွက်လာခဲ့တော့တယ် ။ ကမ္ဘာကြီးက မေးတာပေါ့ ။ “ ဘာလို့  မိန်းမကောင်းလေးကို အဲ့လိုသွားပြောတာလဲ။တကယ်တိုင်လိုက်ရင် ဘယ်လိုလုပ်မလဲ”လို့ဆိုတော့ ဆရာသမားက ရယ်ပြီးပြောပြတယ်။“တချို့ ပြည့်တန်ဆာ တွေက ဒီလိုပဲဝတ်စားကြတာပဲ ။ ရဲတွေမာဖီနဲ့ ဖမ်းရင် မသိအောင်လို့ပေါ့ ။မိန်းမကောင်းဖြစ်လည်းပဲ ဈေးကောင်းပေးရင် လိုက်တဲ့ မိန်းမတွေ ပုံလို့ပါဗျာ။ သူတို့ ဘယ် လိုပဲဝတ်စား ထားထား လိုက်တဲ့မိန်းမက လိုက်တာပါပဲ ။ သူတိုင်ချင်တယ်လား ။ တိုင်ကြည့်လေ ။ ဘယ်ကိုတိုင်မှာလဲ ။ ဘယ်က အရေးယူပေးမှာလဲ ။ တိုင်လို့ အထက်က အရေးယူမယ် ထားဦး ။ဝှီးတက်သိမ်းမယ် ဆိုတာကလွဲလို့  ဘာလုပ်လို့ရမှာလဲ။ ကျွန်တော်က အငှားမောင်းတာ။ ကျွန်တော့ကားလဲမဟုတ်ဘူး။ ဖြစ်ချင်းဖြစ် အုံနာ့ကားပဲနံမည်ပျက်မှာ။ဘယ်ကမှလဲ အဲ့လိုတာဝန်ယူ ဖြေရှင်းပေးတာမျိုးမရှိပါဘူးဗျာ ။ပူမနေပါနဲ့ အေးဆေး။ ” တဲ့ ။ ကမ္ဘာကြီး အတွေးပေါင်းစုံ ချာလပတ်ရမ်းသင့်တယ်နော်။

တစ်နေ့ ကမ္ဘာကြီးအင်တာနက်ဆိုင်ထိုင်တယ်။ လမ်းပေါ်မှာ လှုပ်ရှားသွားလာနေရတဲ့ မိန်းမကောင်းလေးတွေကို ကာကွယ်စောင့်ရှောက် ပေးနိုင်တဲ့ ပရဟိတ လုပ်ငန်းမျိုးတွေ မရှိဘူးလားပေါ့ ။ ပြီးတော့ခုတလော ကလေးတွေကို မရမက တောင်းစားခိုင်းတာ၊ မရ ရအောင် တောင်းခိုင်းတာတွေ ခေတ်စားနေတယ် ။ ဒါတွေကို ကာကွယ်ပေးနိုင်မယ့် အဖွဲ့အစည်းမျိုးတွေ မရှိဘူးလားဆိုတဲ့ အတွေးနဲ့ ကမ္ဘာကြီး ဖေ့စ်ဘွတ်ခ်ကို ၀င်ရှာကြည့်မိတယ် ။ တွေ့တော့ တွေ့ပါရဲ့ ။ နောက်ဆုံး The Last Activity က လွန်ခဲ့တဲ့ သုံးလေးလ လောက်က ရိုက်ပြီးတင်ထားတဲ့ပုံတွေ။များများစားစားမရှိပါဘူး ။ အဲ့လိုဆိုက် လေးခုလောက်တွေ့တယ် ။ နှစ်ခုက ဘာမှလုပ်လို့မရဘူး။ အဖွဲ့ကိုလဲ Join လို့မရဘူး ။ ကျန်တဲ့နှစ်ခုကတော့ အဲဒီလို ဓါတ်ပုံတွေတင်ထားတာတွေ့တယ် ။ အဲ့နောက်ပိုင်းတော့ ဘာမှမတွေ့ တော့ဘူး ။ ဘာမှ မလုပ်ဖြစ်ဘူးထင်ပါရဲ့ ။ မအားကြဘူးထင်တယ.် ။ပြီးတော့ အစိုးရမဟုတ်တဲ့ ပြင်ပ အဖွဲ့အစည်းတွေကလား။ဆိုတော့  ကိုယ်ထိလက်ရောက် စိတ်သွားတိုင်းကိုယ်ပါ လုပ်ဆောင်နိုင်ဖို့ ငွေကြေးအင်အား နည်းတာ လူအင်အားနည်းတာ ဖြစ်နိုင်တာပဲလေ။ ပြီးတော့  လူစုလူဝေးနဲ့နေတာကို အစိုးရက မကြိုက်ဘူးမဟုတ်လား ။ အကူအညီတောင်းခံဖို့ကျပြန်တော့လည်း ဟိုအထက်တင်ပါဦး ။ ဒီလွှတ်တော် ရုံးတင်ပါဦးနဲ့ ကြာသွားမယ်။ ခုတင်ပဲ လွှတ်တော်မှာ တင်ထားတဲ့ မေးခွန်းပေါင်း အခု၄၀၀ကျော်ရှိသေးတယ်တဲ့။ မပြီးပြတ် သေးဘူးလို့ ကြားတယ် ။ ဆိုတော့ ဒီလို အဖြစ်အပျက်မျိုးတွေ အဖွဲ့အစည်းတွေဘက် လှည့်ဖို့ သူတို့မှာ ဘယ်အားလပ်ဦးမလဲ ။ ဘယ်တော့မှ အားလပ်ကြမှာလဲ ။ အားလပ်ရင်ကော တကယ် အင်တိုက် အားတိုက်နဲ့ ကူညီဖြေရှင်းပေးကြမှာလား ။ မိန်းမကောင်းလေး တွေကို စောင့်ရှောက်ပေးကြမှာလား ။ အမျိုးသမီးရေးရာ လွတ်လပ်ခွင့်ဆိုတာ ဘာလဲ ကမ္ဘာကြီး မသိဘူး ။ လူအတော်များများ လိင် ဆက်ဆံတာကို ကမ္ဘာကြီးမြင်ဖူးတယ် ။ ဒီလို အလိုမတူဘဲ နှောင့်ယှက်တာမျိုးတွေကျ မလုပ်သင့်ဘူးလို့ ကမ္ဘာကြီးက တွေးတယ်။နောက် တစ်ခုလဲ တွေးမိသေးတယ် ။ “အေးလေ ။ ငါတို့လူငယ်တွေတောင် မပါဝင်နိုင်တာ၊ မစောင့်ရှောက်နိုင်တာပဲ”လို့ ။ ဟိုစာရေးဆရာကြီး ပြောသလိုပဲ နောက်ဆုံး စိတ်ဖြေတွေးလိုက်တယ် ။ သဗ္ဗေသတ္တာ ကမ်မသကာပေါ့ ။

တစ်နေ့ တောင်ငူမှာ …အင်း …မြို့အမည်ကို ကမ္ဘြာ့ကီးမပြောဘဲ ထိန်ဝှက်ထားတယ်ပဲ ဆိုပါစို့ ။ အဲ့ဒီမြို့မှာပေါ့ ။ ကမ္ဘာကြီး အသိ
တစ်ယောက် ဆေးရုံတက်တယ် ။ သွားကြည့်တော့ ဆရာဝန် Round မယ့်အချိန်ဆိုလားပဲ ။ အဲဒါနဲ့ ယူနီဖောင်းမ၀တ်ထားတဲ့ Nurse တစ်ယောက်က အခန်းထဲ ဇောက် ဇောက် နဲ့ ၀င်လာပြီး အခန်းတွင်းမှာ ရှိတဲ့ လူနာတွေ လူနာစောင့်တွေ အကုန်လုံးကို အထက်စီး ကနေ ဝေ့ကြည့်လိုက်တယ် ။ သူ့အကြည့်တစ်ချက်မှာအခန်းထဲမှာ ပြောဆိုနေကြတဲ့ ခုနက အသံတွေ ၊ ခုနကလို မျက်နှာအမူအရာ တွေ အကုန်ပြောင်းလဲပြီး တိတ်ဆိတ်သွားကြတယ် ။ သူက အော်ပြောတယ် ။ “ဆရာဝန်ကြီး Round တော့မယ် ။ လူနာစောင့်တွေ အကုန်အပြင်ထွက် ။ မြန်မြန်လုပ် ။ မြန်မြန်လုပ် ။” တဲ့ ။ အသံမာမာကြီးနဲ့ အော်တယ် ။ ဒါမယ့် လူတိုင်းလိုလိုက သူမပြောခင် ကတည်းက ထွက်သွားကြပါပြီ ။ ကိုယ့်အထုပ်လေးတွေကိုယ်ကိုင်ပြီးတော့ .. .အိပ်နေတဲ့ လူနာစောင့်တွေကလဲ မျက်လုံးတွေ အတင်း ဖြဲကြည့်ပြီးမနိုးသေးတဲ့ ခန္ဓာကိုယ်ကို အတင်းကိုယ့်ကိုကိုယ်လှုပ်နှိုးပြီး အခန်းထဲကနေ ကသုတ်ကရိုက် ခြေတရွတ်ဆွဲပြီးထွက်သွား ကြတယ် ။ ကမ္ဘာကြီးက မသိသေးတော့ ကြောင်ကြည့်နေတာပေါ့ ။ ကမ္ဘာကြီးမသွားသေးတာ မြင်ပြီး အဲဒီ Nurse က ကမ္ဘာကြီးကို တည့်တည့်ကြည့်ပြီးအော်တယ် ။ “မြန်မာလိုပြောနေတာ နားမလည်ဘူးလား ။ ဆရာဝန်ကြီးလာတော့မယ် ။အခန်းထဲမှာ လူနာရှိတာ ကလွဲလို့ တခြားဘယ်သူ့မှ မမြင်ချင်ဘူး ။ အကုန်ထွက် ။ မြန်မြန်ထွက် ။ လာတော့မှာ ။” တဲ့ ။

ဆရာဝန်လာတာ ဘာလို့ လူနာစောင့်က အပြင်ထွက်ရတာပါလိ မ့်လို့ ကမ္ဘာကြီးတွေးပြီး ကော်ရစ်တာကို ထွက်လာတယ် ။ ကော်ရစ် တာဟာ နေပူတယ် ။ အဲဒီနေပူကြီးထဲမှာပဲ လူနာစောင့်တွေဟာ မြက်ဖျာလေးတွေ ခင်းလို့ အိပ်နေကြ အစားစားနေကြ စကားတိုးတိုး ပြောနေကြတယ်။ ထူးခြားတာက သူတို့မျက်လုံးတွေပဲ ။ သူတို့မျက်လုံးတွေမှာ အရောင်အဆင်းမရှိဘူး ။ မျှော်လင့်ချက်ပဲမဲ့နေသလိုလို ၊ တခုခုကိုပဲကြောက်နေသလိုလို အမူအရာတွေရှိနေကြတယ် ။ ဘာကြောင့်ပါလိမ့်လို့ ကမ္ဘာကြီးထပ်တွေးမိပြန်ရော ။

နောက်ရက်တွေမှာ ကမ္ဘာကြီးရဲ့ လူနာဟာ မသက်သာဘူး ။ အစိုးရမဟုတ်တဲ့ အခြားဆေးရုံတစ်ခုကို ပြောင်းမယ်လို့ တွေးပြီးဆင်းမယ်
လုပ်တော့ ဆရာဝန်မတစ်ယောက်နဲ့ ကမ္ဘာကြီးရဲ့ လူနာ နဲ့ စကားများကြတယ်တဲ့ ။ ဘာကြောင့်ရယ်တော့ သေချာမသိလိုက်ပေမယ့် ဆရာဝန်မက စကားပြောတာ ကြမ်းတမ်းလို့ ကမ္ဘာကြီးရဲ့ လူနာက မခံနိုင်လို့ ပြန်ပြောရင်း အခြေအတင်ဖြစ်ကြတယ်လို့ ဘေးက လူနာတွေအပြောအရ သိရတယ် ။ ဆေးရုံပြောင်းလာတယ်ပေါ့။ ပြောင်းလာတော့ …. ညနေစောင်းတဲ့ထိ ဆရာဝန်က ရောက်မလာဘူး ။ ကမ္ဘာကြီးရဲ့ လူနာက အသည်းအသန်နီးနီးဖြစ်နေပြီ ။ ဒီအချိန်မှာ အဲဒီဆေးရုံက Nurse တစ်ယောက်က ကမ္ဘာကြီးကို လူနာစောင့်ဆိုရင် အောက်ကို ခဏလိုက်ခဲ့ပါ ပြောစရာရှိလို့ပါ လို့ ပြောလာတယ် ။ ကမ္ဘာကြီးလိုက်သွားတဲ့ အခါမှာ အစိုးရ ဆေးရုံကနေ ဆရာဝန်စကား နားမထောင်ဘဲ ဆင်းပြေးလာတဲ့လူနာမို့လို့သူတို့ဆေးရုံကလက်ခံလို့မရပါဘူး လို့ ကမ္ဘာကြီးကို ပြောပြကြတယ် ။ ကမ္ဘာကြီး တတ်နိုင် သလောက် ရှင်းပြပါသေးတယ် ။ ဒါပေမယ့် သူတို့ကပြောတယ် ။“ဆရာဝန်ချင်း၊ ဆေးရုံချင်း ပြသနာ မတက်ချင်လို့ပါ။ ဖြစ်ပျက်တာကို နားမလည်ပေးတာတော့ မဟုတ်ပါဘူး ။ ”တဲ့ ။ လက်မခံနိုင်ဘူးဆိုတာ လုံးဝသေချာသွားတော့ ကမ္ဘာကြီး သူတို့ကို ပြောခဲ့တယ် ။ “ဆရာဝန်ချင်း ဆေးရုံချင်း ပြသနာမဖြစ်ချင်ရင် အစကတည်းက ပြသနာမဖြစ်အောင် နေနိုင်ရမှာပေါ့ ဒေါက်တာ ။ အစိုးရဆေးရုံကို လာ တက်တဲ့လူနာဆိုတာ နွမ်းပါးလို့လာတက်တာပါ ။ မြေနိမ့်ရာလှံစိုက်သလို လူနာကို ဆရာဝန်က ကုသလိုမဟုတ်ဘဲ ၀က်သတ်သမားက သတ်မယ့်ဝက်ကို ကြည့်သလို ပြုမူသလို လုပ်တာတော့ ဘယ်ကောင်းပါ့မလဲ ။”လို့ ပေါ့ ။ဒီလိုနဲ့ ကမ္ဘာကြီးပဲ တာဝန်ယူပြီး ရန်ကုန်ကို အဲဒီလူနာကို ခေါ်လာပြီး ခွဲစိတ်ကုသပေးခဲ့တယ်။ ၂၄သိန်းကုန်ပြီးနောက်.. ခုတော့  လူကောင်းပကတိ ကျန်းမာစွာရှိနေပါပြီ ။

ကမ္ဘာကြီး တစ်နေ့ကဗိုက်ဆာတော့ စည်ပင်ကို အခွန်ဆောင်ပြီး လမ်းဘေးတွေမှာ ဖွင့်ထားတဲ့ ငါးကင်ဆိုင်လေးတစ်ဆိုင်မှာ သူငယ်ချင်း
တစ်ယောက်နဲ့တူတူ ငါးစားဖြစ်ကြတယ် ။ အဲဒီအချိန်မှာ စည်ပင်ကပဲ ယူနီဖောင်းဝတ်ထားတဲ့လူကြီးတစ်ယောက်က ဆိုင်ရှေ့မှာ လာရပ်ပြီး စားနေတဲ့ ကမ္ဘာကြိးတို့ကို သူ့လက်ထဲက ကင်မရာလေးနဲ့ ဖျတ်ဆို ရိုက်သွားတယ်။ ကမ္ဘာကြီးရဲ့ သူငယ်ချင်းက ထက်တယ်။ သူက ဒေါသချက်ချင်းဖြစ်သွားတယ်။ နောက်တစ်ခေါက်ထပ်ရိုက်မယ်လုပ်တဲ့အခါမှာ သူကချက်ချင်းပဲ ပါးစပ်ကြီးဖြဲပြပြီး လက်လေး နှစ်ချောင်း ထောင်ပြလိုက်တယ် ။ Post ပေးလိုက်တယ်ပေါ့ ။ ကမ္ဘာကြီးက ရယ်မိတယ် ။ အဲဒီယူနီဖောင်းနဲ့ လူကြီးက ဆိုင်ထဲ ၀င်လာပြီး ဘာလုပ်တာလဲ ဘာရယ်တာလဲ လို့ ကမ္ဘာကြီးတို့ကို မာမာထန်ထန်နဲ့ အော်မေးတယ် ။ “ငါက အထက်က အမိန့်နဲ့ လာတာ ။ ဘာ ပြောင်စပ်စပ်လာလုပ်တာလဲ ။ ”ဘာလဲ ပေါ့လေ။ ယူနီဖောင်းမြင်ရင် ကြောက်တတ်တာက ကမ္ဘာကြီးရဲ့ အကျင့်ပဲ။ ကမ္ဘာကြီး ခေါင်းလေး ငုံ့ပြီးဆိုင်ကနေ အသာလေးထွက်လာခဲ့တယ် ။ သူငယ်ချင်းနဲ့ ဘာဆက်ဖြစ်ကြတယ်တော့ မသိဘူးပေါ့ ။ စိတ်ထဲမှာတော့ တွေးမိတယ် ။ “စည်ပင်မှာ အခွန်ဆောင်ထားတယ်ဆိုရင် ဘာလို့ အထက်ကအမိန့်နဲ့ အေးအေးဆေးဆေးစား သောက်နေကြတဲ့ လူတွေကို အသိ မပေးဘဲ ဓါတ်ပုံရိုက်ရသလဲ ” လို့ပေါ့ ။အင်း ……. ကမ္ဘာကြီးက ဥာဏ်မမီတော့ အတွေးတွေ ချာချာလည်နေတာပေါ့ ။ ကိုယ်ကိုယ်တိုင် လဲ ထုံရ အရ ကောင်းလားလို့ပြန်ပြန်တွေးမိတာ အခါခါ ။ ဒါပေမယ့် ဘာမှမလုပ်နိုင်ဘူးလေ ။ ဒါတွေက နိုင်ငံရေးထဲမှာ ပါတယ် မဟုတ် လား ။ သူတို့ကို ပြန်ပြောရင် ထောင်ကျမှာပေါ့ ။ ထောင်ထဲမှာ ငပိထောင်းနဲ့ ဆန်ကွဲကြိုတိုက်တာ အရသာမ ကောင်းဘူးလို့ ကြားဖူး တယ် ။ အို .. ကိုယ်နဲ့ မဆိုင်တာတွေကို ဘာလို့လျှောက်တွေးနေဦးမှာလဲ ။ ဒီတိုင်း အေးအေးလေးနေလိုက်လဲပြီးတာပဲ မဟုတ်လား ။ ဟိုကဗျာတစ်ပုဒ်ထဲကလိုပေါ့ ။ “သူများက ကော်ပီဆိုတာနဲ့ ကျွန်မတို့ ပေ့စ်လိုက်ဖို့အဆင်သင့် ”ဆိုတာမျိုး ။ ရှေ့က မားမားမတ်မတ်နဲ့ ဦးစီးဦးဆောင်လုပ်ဆောင်သွားမယ့် လူမျိုး ၊ အန္တရာယ်လဲ မရှိဘူးဆိုရင်တော့ ကမ္ဘာကြီးလဲ ပရဟိတတွေလုပ်ချင်တာပေါ့ ။ နော် ။

တွေးမိတာတွေက သိပ်များနေတယ်။ တွေးစရာတွေကများလာတော့ ကမ္ဘာကြီးခေါင်းတွေရှုပ်လာတယ်။ ကိုယ်နဲ့လဲ မဆိုင်ဘဲ လျှောက် တွေးနေတာ ကြာတော့ ခေါင်းပူလာတာပေါ့ ။ ကမ္ဘာကြီးခေါင်းလျှော်မယ်လို့ တွေးလိုက်သေးတယ် ။ဒါပေမယ့် ဒီနေ့ က ဗုဒ္ဓဟူးနေ့ မဟုတ်လား ။ ကမ္ဘာကြီး မေမေက မှာထားတယ်။ဗုဒ္ဓဟူးနေ့မှာ ခေါင်းလျှော်ရင် ၄၉ ရက် လာဘ်ပိတ်တတ်တယ်တဲ့။ ဒီတစ်ရက်တော့  ကမ္ဘာကြီးအောင့်အီး သည်းခံပြီး အိပ်ပျော်အောင် အိပ်ချလိုက်တယ် ။ ကမ္ဘာကြီးက တစ်ခြမ်းမှောင်သွားတာပေါ့ ။ ကမ္ဘာကြီးလဲ အိပ်မက် ကမ္ဘာကြီးထဲ ရောက်သွားတော့တာပဲ ။ဒါပေမယ့်တွေးစရာတွေက တပုံတပင်ပဲ ။ မကုန်မခမ်းပဲ ။ နောက်လည်း ကမ္ဘာကြီးက ဆက်တွေးရ ဦးမှာပဲ ။ စိတ်ညစ်ပါတယ် ။

ကမ္ဘာကြီးမှာ တွေးစရာတွေများတယ် ။ ကမ္ဘာကြီးဟာ သိပ်သနားဖို့ကောင်းတယ် ။

ချိုပိန်းနောင်

ပင်မစာမျက်နှာသို့ပြန်သွားမည် >>
နေ့စဉ် အသစ်အသစ်သော သတင်းများ ကို သိရှိနိုင်ရန် လိုတရ Application အား ဤနေရာတွင် နှိပ်၍ အခမဲ့ Download ရယူပါ။