Lotayamm

search
မာတိကာ

contents

ထိပ်ဆုံးစာမျက်နှာ > ဝတ္ထုများ

ကျည်ခွံတွေကို အိပ်မက်ခြင်း
အစ/အဆုံး
သူဝေး

တစ်အိမ်သားလုး အိပ်ပျော်သွားချိန်မှ သူနိုးထလာခဲ့သည် ။ နာရီလက်တံနှစ်ချောင်းသည် ထောင့်မှန်သဏ္ဍန်ကို ခပ်ယွင်းယွင်း ပျက်ယွင်း နေသည် ။ 12:15 ။ ပြတင်းပေါက်မှ အပြင်ညကမ္ဘာကို လှမ်းကြည့်လိုက်သည် ။ လရောင်က သတ္ထုခွက်တစ်လုံးလို မွဲခြောက်ခြောက်နိုင် လှသည် ။ လရောင်ခပ်ညံ့ညံ့ထဲတွင် မယ်ဇလီပန်းအနက်ရောင်များက လှုပ်ခတ်နေသည် ။

မယ်ဇလီပန်းများ၏ အရောင်က အဝါရောင်ဖြစ်သင့်သည် ။ သို့သော် ဤအချိန်သည် သုံးစားမရသည့် လရောင်နှင့် ညသန်းခေါင်အချိန် ဖြစ်နေသည်ကို မမေ့သင့် ။

သူ အိပ်ယာမှ ထ၍ စာရေးစားပွဲတွင်ထိုင်သည် ။ စာရေးစားပွဲက အိပ်ယာနံဘေးတွင် ရှိခြင်းဖြစ်သည် ။ စားပွဲပေါ်တွင် စာရွက်တချို့ ကပြန့်ကကြဲ တည်ရှိနေသည် ။ သူသည် ကဗျာရေးသည် ။ သူသည် ဝတ္ထုရေးသည် ။ သူသည် အခြားရေးချင်ရာများကို ရေးသည် ။ မရေးချင်တာများကိုလည်း ရေးကြည့်ဖူးသည် ။ ယခုစားပွဲပေါ်မှ တဆင့် သူ့လက်ထဲ ရောက်ရှိသွားသည်က ကဗျာတစ်ရွက်ဖြစ်သည် ။

ညဦးပိုင်းကမှ ရေးထားသော ကဗျာတစ်ရွက်ဖြစ်သည် ။ ကဗျာတစ်ရွက်ဟု ပြောရခြင်းမှာ စာရွက်တစ်ရွက်ပေါ်တွင် ရေးထား၍ဖြစ်သည် ။ ထို့အပြင် ထိုကဗျာသည် မပြီးသေး (သို့မဟုတ် ) ၊ ပြီးသွားပြီ ( သို့မဟုတ်) ၊ ပြီးရင်ကောင်းမလား ၊ ဆက်ရေးရကောင်းမလား ဟု သူ စဉ်းစားနေဆဲဖြစ်သည် ။ ထို့ကြောင့် ကဗျာတစ်ပုဒ်ဟု သူမသုံးခြင်းဖြစ်သည် ။ ကဗျာအပိုင်းအစ တစ်ပိုဒ်ဟု သုံးလျှင်တော့ ရနိုင်သည် ။ အိပ်မှုန်စုံမွှားနှင့် ရှုစားနေရင်း ဆက်ရေးရကောင်းမလား ၊ ရပ်လိုက်ရကောင်းမလား ဟု စဉ်းစားနေဆဲ ။ စားပွဲမှထ၍ ဧည့်ခန်းဘက် လမ်းလျှောက်ထွက်ခဲ့သည် ။ သီချင်းနားထောင်လျှင်ကောင်းမလားဟု စဉ်းစားဖြစ်ပြန်သည် ။ ည ဆိတ်ဆိတ်မှာ သီချင်းများကို တိတ်တိတ်နားထောင်ရခြင်းအား သူနှစ်ခြိုက်သည် ။ သီချင်း၏ စကားကို ထိုအချိန်များတွင်မှ ကြားရတတ်သည် ။

သို့သော် သူသီချင်းနားထောင်ရန် စိတ်ကူးလည်း ပျော်ကသွားသည် ။ တခြား စိတ်ကူးဝင်လာ၍ဖြစ်သည် ။ ထမင်းစားပွဲမြင်မိကာ ထမင်းစားမည်ဟု စိတ်ကူးဝင်လာခြင်းဖြစ်သည် ။ ညဦးပိုင်းတုန်းကတော့ စားခဲ့ပြီးဖြစ်သည် ။ ယခုလည်း ဗိုက်ကမဆာ ။ မဆာဘဲနှင့် စားလျှင် ဆာလျှက်နှင့် မစားနိုင်သူများကို တစ်မျိုးတစ်ဖုံ ရက်စက်ရာကျမလား ဟု သူတွေးမိသွားသည် ။ ထို့ကြောင့် သူမစားဖြစ်ောတ့ဘဲ သူ့အခန်းထဲ သူပြန်ဝင်သွားသည် ။

နံရံနှင့် သေတ္တာကြားတွင် ထောင်ထားသော ဂစ်တာကို မြင်လိုက်ပြန်သည် ။ ငါဂစ်တာမတီးတာ ကြာပြီပဲ ဟု တွေးမိပြန်သည် ။ ဂစ်တာ တီးမည်ဟု ဆုံးဖြတ်ကာ ဂစ်တာကို ကောက်ကိုင်၍ အိမ်ရှေ့မှ ဆင်းလာခဲ့သည် ။ အိမ်ရှေ့တွင် စိန်ပန်းပင်တစ်ပင်ရှိသည် ။ ထိုအပင်ကို ပတ်၍ဆောက်ထားသော ခုံဝိုင်းကလေးရှိသည် ။ ထိုခုံဝိုင်းကလေးပေါ်တွင် ထိုင်၍ဂစ်တာတီးရန်ပြင်သည် ။

ဂစ်တာကို ဖွဖွလေးတစ်ချက်ဆွဲချပြီး ခတ်လိုက်သည် ။ သူစိတ်တိုင်းမကျဖြစ်သွား၏ ။ ငုံ့ကြည့်လိုက်တော့ နံပါတ်တစ်ကြီုး ပြတ်နေ သည်ကို တွေ့လိုက်ရ၏ ။ ထိုကြိုးပြတ်နေ၍ ထိုရက်ပိုင်းအတွင်း သူဂစ်တာမတီးဖြစ်ခြင်းကိုလည်း ပြန်လည်သတိရမိသည် ။

နံပါတ်တစ်ကြီုးပြန်နေသည်က သိပ်တော့ အဆိုးမဟုတ် ။ နံပါတ်သုံးကြိုးမပြတ်တာ အများကြီးကောင်းသည်ဟု သူတွေးကာ ကျေနပ်မိ သည် ။ သူတို့ရပ်ကွက်ကလေးက ဆိတ်ငြိမ်၏ ။ ညဆယ့်တစ်နာရီဆိုလျှင် လူတိုင်းနီးပါးအိပ်ဖြစ်ကြပြီဖြစ်သည် ။ ထိုသို့ ဆိတ်ငြိမ်ချိန်တွင် သူ့လက်ခတ်ကြမ်းကြမ်းနှင့် ဂစ်တာသံက ပီသစွာ ထွက်ပေါ်လာသည် ။

သူ သီချင်းတွေကို တစ်ပုဒ်ပြီးတစ်ပုဒ် ဟစ်သည် ။ သီချင်းငါးပုဒ်လောက် ပြီးဆုံးချိန်တွင်တော့ သူ့အနားသို့ အဖော်တစ်ယောက် ရောက်လာသည် ။ ညိုဝါရောင်နှင့်အဖြူရောင်များ စပ်ကြားထားသော ခွေးတစ်ကောင်ဖြစ်သည် ။ ခွေးပုံက ခပ်ဒူဒူ ခပ်နနဖြစ်သည် ။ အဟောင်သန်၍ မကိုက်တတ်သော ခွေးမျိုးဖြစ်သည် ။ ခွေးက သူထိုင်နေရာ ခုံဝိုင်းကလေးပေါ် ခုန်တက်၍ ခွေသည် ။

“ မင်းလာတာ နောက်ကျတယ် ”

သူက ခွေးကို ပြောလိုက်ခြင်းဖြစ်သည် ။ ခါတိုင်းတွင် ထိုခွေးသည် သူဂစ်တာတီးရန် ကြိုးညှိနေချိန်တွင်ပင် ရောက်နှင့်နေပြီ ။ သို့မဟုတ် ဂစ်တာသံစကြားရသည်နှင့် အပြေးလာတတ်သည် ။ ယခုတော့ နည်းနည်းနောက်ကျခဲ့သည် ။ သူသီချင်းတွေကို တစ်ပုဒ်ပြီးတစ်ပုဒ် ဟစ်အော်သည် ။ ဆိုနေကျ သီချင်းများ ၊ မဆိုတာကြာပြီဖြစ်သော သီချင်းများ ၊ ယခုမှ ဆိုချင်၍ ဆိုသော သီချင်းများနှင့် စုံလှသည် ။ လက်ထဲရှိတာတီး၍ ပါးစပ်ထဲ ရှိတာဆိုသော သီချင်းများက ပါသေးသည် ။

သူသီချင်းအေးအေးလေးတစ်ပုဒ်ကို ခပ်ဆွေးဆွေးဆိုနေစဉ် အရှေ့လမ်းမမှ ဆူညံသံတစ်ုခု ထွက်ပေါ်လာသည် ။ အမူးသမား တစ်ယောက် စက်ဘီးမှောက်လဲခြင်းဖြစ်သည် ။ နောက်တော့ ကုန်းရုန်းထပြီး စက်ဘီးကို ပိတ်ကန်လေသည် ။ စက်ဘီးနှင့် ရန်ဖြစ် နေသော အမူးသမားကြောင့် သူဂစ်တာတီးချင်စိတ် မရှိတော့ ။ အိမ်ပေါ်ပြန်တက်ခဲ့သည် ။

စာရေးစားပွဲတွင် ပြန်ထိုင်လိုက်သည် ။ ကဗျာတစ်ရွက်ကို မျက်နှာရှေ့တွင် ပြန်တည့်လိုက်သည် ။ ဆက်ရေးရင်ကောင်းမလား ၊ ရပ်လိုက်ရကောင်းမလား တွေဝေခြင်းကို ပြန်စဉ်းစားသည် ။ ထိုအချိန် စားပွဲအစွန်းသို့ တစ်စုံတစ်ရာ ရောက်လာသည် ။

တစ်စုံတစ်ရာဆိုသည်မှာ အိမ်မြှောင်ကြီးကို ပြောခြင်းဖြစ်သည် ။ အိမ်မြှောင်ကြီးသည်နှစ်ချို့အိုမင်းနေသည် ။ မည်းမနက်သော အရေပြားနှင့် ဖောယောင်ပွနေသည် ။ မျက်လုံးကြီးနှစ်လုံးကို မှေးစင်းထားတတ်သဖြင့် အမြဲတစေအိပ်နေသယောင် ဖြစ်နေသည် ။ လှုပ်ရှးမှုကလည်း ထုံထိုင်းနှေးကွေးလှသည် ။ အတင့်ရဲသော ပိုးဖလံတစ်ကောင်ကလည်း ထိုအိမ်မြှောင်အိုကြီး၏ ခေါင်းအထက်နားတွင် ပမာမခန့်ရစ်ဝဲနေသည် ။ သူ ခေါင်းခါလိုက်သည် ။ အိမ်မြှောင်ကြီးထံမှ ကဗျာစာရွက်ထံ အာရုံပြန်ပို့လိုက်သည်။ ဒီညတော့ ကဗျာတစ်ပုဒ် ပြီးအောင်ရေးမည်ဟု သူဆုံးဖြတ်လိုက်သည် ။

သူ စားပွဲပေါ်မှာ ထိုင်နေသည်မှာ လေးဆယ့်ခုနှစ်မိနစ်ခန့်ရှိပြီဖြစ်သည် ။ ကဗျာကတော့ မဖြစ်သေး ။ စိတ်က ညစ်ညူးလာပြန်သည် ။ ထိုသို့ဖြစ်လျှင် ရေဆာလာတတ်သော သူက ရေတစ်ခွက်ထသောက်ရန်ပြင်သည် ။ ရေအိုးစင်ရှိရာသွားရန် ဧည့်ခန်းကိုဖြတ်ရသည် ။ မျက်ကြည်လွှာ မည်းမည်းချပြီး အိပ်နေသော T.V ကြီးကိုလည်း မြင်လိုက်ရပြန်သည် ။ ဒီအချိန် ဂြိုလ်တုစလောင်းက ဘာအစီအစဉ်များ လာနေမခဲဟု တွေးကာ သူT .V ကို ဖွင့်ကြည့်လိုက်သည် ။

ရုပ်သံလိုငးတစ်ခုက အားကစားပြိုင်ပွဲတစ်ခုကို ထုတ်လွှင့်နေသည် ။ နောက်တစ်လိုင်းချိန်းကြည့်လိုက်ရာ အမေရိကန် ရုပ်ရှင် ဇာတ်လမ်းတွဲတစ်ခု ပြသနေသည် ။ တစ်ကိုယ်လုံး အနီရောင်ဝတ်ထား ( နှုတ်ခမ်းလည်း နီရဲရဲဆိုးထား ) သည့် အမျိုးသမီးတစ်ဦးနှင့် ကိုယ်ကာယဗလတောင့်တင်းသော သွားကြီးကြီးနှင့် အမျိုးသားတစ်ယောက်တို့ ဝိုင်သောက်ကာ စကားပြောနေသော ဇာတ်ဝင်ခန်း ဖြစ်သည် ။ သူ သတိရသွားသည် ။ ကဗျာရေးရန် မဟုတ် ။ ရေသောက်ရန်ဖြစ်သည် ။ ရေသွားသောက်သည် ။ ရေသောက်ပြီးသည့်အခါ အပေါ့သွားချင်၍ နောက်ဖေးဆင်းပြန်သည် ။ သူ ထိုကိစ္စများ ပြုလုပ်နေစဉ် T.V ဖန်သားပြင်တွင် အနီရဲရဲ အမျိုးသမီးနှင့် ဗလတောင့် တောင့် အမျိုးသားကြီးတို့က လိင်ဆက်ဆံမှု ကိစ္စကို အစပျိုးနေသည် ။

သူ ဧည့်ခန်းထဲ ပြန်ရောက်ချိန်တွင်တော့ T.V ထဲတွင် ဗလတောင့်တောင့်နှင့် လူကြီးက အပေါ်ပိုင်း ဗလာကျင်းလျှက် လဲသေနေသည် ။ ဝိုင်ခွက်တွေ မှောက်လဲနေသော စားပွဲပေါ်တွင် ယမ်းငွေ့လက်ကျန်နှင့် ခြောက်လုံးပြူးတစ်လက်ကို တွေ့ရသည် ။ အနီရောင် အမျိုးသမီး ကိုတော့ မတွေ့ရတော့ပေ ။ သူ မိနစ်အနည်းငယ် ဆက်ကြည့်နေလေသေးသည် ။ သူ သတိပြန်ရသေးသည် ။ ရေသောက်ရန်မဟုတ် ။ ကဗျာရေးရန်ဖြစ်သည် ။ ဒီညတော့ ကဗျာတစ်ပုဒ်ပြီးအောင်ရေးသင့်ပြီဟု သူ့စိတ်ကို စိတ်ပျက်လက်ပျက်ပြောလိုက်သည် ။

စာရေးစားပွဲတွင် သူထိုင်ရင်း ကဗျာတစ်ပုဒ်ရရန် အပြင်းအထန်အားထုတ်နေသည် ။ တကယ်တော့ သူက ထိုသို့ အပြင်းအထန် အားထုတ်လျှင် ပို၍ပင် အားယုတ်တတ်သေးသည် ။ သူ စိတ်ညစ်လာသည် ။ ကဗျာမပြီး၍ မဟုတ် ။ ငွေလိုနေခြင်းကြောင့်ဖြစ်သည် ။ သူ့ဆန္ဒအရဆိုလျှင် ငွေစက္ကူများကို သူ အလိုရှိမည်မဟုတ် ။ ဂဏန်းအက္ခရာပါသော ငွေစက္ကူများထက် လမ်းဘေးတွင် အပေါ့သွားရင်း တွေ့ရတတ်သော ဗေဒါရောင် မြက်ရိုင်းပန်းကလေးများကို မှ သူ မက်မောသေးသည် ။ သို့သော်ယခု သူ ငွေများစွာ အလိုရှိနေသည် ။ များလေကောင်းလေ သူလိုချင်နေသည် ။ ငွေများများရမည့် နေရာများကို သူရှာဖွေတွေးနေသည် ။

လက်နက်ကိုင်ပြီး ဘဏ်ဖောက်လျှင်ကောင်းမလား ။ ခက်သည်က သူ့တွင်မောင်းချတစ်လက်ပင် မရှိ ။ ဟို ဝတ္ထုထဲက နေရာတကာ မိန်းမရသော လူဆိုးကြီးတ်စယောက်လို မြေအောက်ကျင်းတူး၍ ဘဏ်ဖောက်ရမည်လော ။ မဖြစ် ။ အချိန်နည်းနည်းနှင့် ငွေများများ ရနိုင်သော အလုပ်ထဲတွင် လောင်းကစားခြင်းက ထိပ်ဆုံးက ဖြစ်ကြောင်း သူတွေးမိပြန်သည် ။ောင်ကစားခြင်းသည် မကော်ငးဟု လူအများက ပြောကြသည် ။ ထိုမှ ရသော ငွေများကို မသန့်ဟု ဆိုကြသည် ။ လောလောဆယ် သူကတော့ သန့်သန့် မသန့်သန့် ငွေစက္ကူဖြစ်လျှင် လိုချင်သည် ။ လောင်းကစားခြင်းသည် ကံနှင့်ပိုဆိုင်သည်ဟု သူကြားဖူးပြန်သည် ။ ထို့ကြောင့် သူလောင်းကစားခြင်းကို အတွေးထဲမှ ဖျောက်လိုက်သည် ။ သူသည် နှဖူးက ခြေမအထိ ကံမကောင်းသူလည်းဖြစ်သည် ။

သူ ပိုစိတ်ညစ်လာသည် ။ ငွေလို၍ မဟုတ် ၊ ကဗျာမရေးနိုင်၍ဖြစ်သည် ။ ကဗျာကို တွေးရင်း အခြားအကြောင်းအရာများကိုပါ ရောပြွန်း စဉ်းစားနေမိသည့် စိတ်ကို သူ မုန်းတီးနေသည် ။ သူ ဒီညကဗျာတစ်ပုဒ်ပြီးအောင် ရေးမည်ဟု သူ့ကိုယ်သူ ထပ်ပြီး သတိပေးလိုက် ပြန်သည် ။

သူကဗျာကို ပြီးချင်သည် ။ ကောင်းချင်သည် ။ ကောင်းကောင်းပြီးချင်သည် ။ စားပွဲပေါ်က ရေးလက်စ ကဗျာအတိုအနတွေကို စုပုံ၍ ခပ်ဝေးဝေးပို့လိုက်သည် ။ သူ့ရှေ့တွင် စာရွက်ဖြူဖြူတသစ်တစ်ရွက်သာ ဖြန့်ချလိုက်သည် ။ စာရွက်အသစ်တွင် စိတ်ဥာဏ်အသစ်နှင့် ကဗျာအသစ်ကို ရေးရန်သူပြင်သည် ။

သူရေးသောကဗျာသည် ထူးဆန်းသော အခိုးအငွေ့များ စူးဝင်နေသည် ။ လူ့လောက ကြမ်းပြင်နှင့် သဘာဝတရားမျက်နှာကျက်တို့တွင် ကွယ်ဝှက်ထားသော အနက်သဘောများ ဖောင်းကြွပါဝင်နေသည် ။ ထိုကဗျာရေးအပြီ.မှာူ သွေးမဲ့စွာ ၊ အကြောင်းမဲ့စွာ သေဆုံးသွား သည် ။ မိုးသောက်နံနက်ခင်းမှာတော့ ထူးဆန်းစွာ သေဆုံးနေသော သူ့ကို လူအများစုက ဝိုင်းဝန်းကြည့်ကြသည် ။ သူ နောက်ဆုံး ရေးခဲ့သော ကဗျာကို အံ့သြတကြီး ခြောက်ခြောက်ခြားခြား ဖတ်ရှုကြသည် ။

တကယ်တော့ ဤသို့ မဖြစ်ပါချေ ။ သူလည်း မသေ ။ ကျမ်းဆန်သော ကဗျာကိုလည်း သူ မရေးခဲ့နိုင် ။ လောကသဘာဝ ကောင်းကင် မြေကြီး အကြောင်းကိုလည်း သူမတွေး ။ သူက ကဗျာကို ရိုးရိုးကးလေးရေးချင်သူသာဖြစ်သည် ။ မမီတာများကို လှမ်း၍ ခြေစမ်း လက်စမ်းရေးသော မျက်ကန်းကဗျာများစွာကိုလည်း သူရေးခဲ့ဖူးလေသည် ။ သူနှင့်မလိုက်ဖက် ။ သူက တက်ယောင်ကားရေးရတာ သိပ်အဆင်မပြေ ။ သူ့ကိုယ်သူလည်း ပြတင်းပေါက်အပြင်က လရောင်ကဲ့သို့ ခပ်ညံ့ညံ့ဘဲ ဖြစ်ကြောင်း သူ နားလည်ပြီးသားဖြစ်သည် ။ နောက်ပိုင်းတွင်တော့ သူ့နှလုံးသားဆန္ဒကို တကယ်ကြည်လင်သည်ဟု ခံစားရသော ကဗျာများကိုသာ သူရေးတော့သည် ။

ပြတင်းပေါက်မှ လေညင်းခါးခါးများ ဝင်တိုးလာသည် ။ လွန်ခဲ့သော ရက်သတ္တပတ်မှစ၍ ခပ်စိမ့်စိမ့်ဖြစ်သော ရာသီဥတုကို သူသတိထား မိလာသည် ။ ထိုင်ရာမှ ထ၍ ပြတင်းပေါက်ပိတ်လိုက်သည် ။ နေရာတွင် ပြန်ထိုင်တော့ သူ့စာရွက်သည် အဖြူသက်သက်ပင်ဖြစ်သည် ။ မည်သည့်အက္ခရာမှ မစွန်းထင်းသေး ။ သည်ညတော့ ကဗျာတစ်ပုဒ်ပြီးချင်တယ် ဟု သူ့ဘာသာ အားလျော့စွာ ရေရွတ်သည် ။ စားပွဲ ပေါ်တွင် မျက်နှာမှောက်အပ်၍ သူ စဉ်းစားပြန်သည် ။ စာရွက်ဖြူလေးပေါ်တွင် မျက်နှာအပ်၍ သူစဉ်းစားပြန်သည် ။ အတန်ကြာသည် အထိ သူစဉ်းစား၍ မရသေး ။ သူ့လက်ချောင်းကလေးများ ပျော့အိလာသည် ။ အကြောများလည်း လျော့ကျလာသည် ။ အိမ်မြှောင် အိုကြီးကလည်း သူ့ခေါင်းအထက်နားမှ နှေးကွေးစွာ ဖြတ်သွား၍ တစ်နေရာသို့ ဦးတည်နေသည် ။ စက္ကူဖြူဖြူကလေးပေါ်တွင်တော့ တစ်စုံတစ်ရာ စွန်းထင်းလာသည် ။တစ်စုံတစ်ရာဆိုသည်မှာ သွားရည်မျှင်များဖြစ်သည် ။ သူ့ပါးစောင်မှ စီးကျလာသော သွားရည် ပျစ်ပျစ်များ ဖြစ်သည် ။ သူအိပ်ပျော်သွားတာ အတော်ကြာနေပြီဖြစ်သည်။ အိပ်မက်တချို့ပင် မက်နေသည် ။

အိပ်မက်ထဲတွင် သူသည် ဝိုင်ခွက်များကို သေနတ်နှင့်ပစ်ခတ်ကာ သတ်ခွဲနေသည် ။ သေနတ်ပြောင်းဝမှ ယမ်းငွေ့လေးတွေသည် ညဝတ်ရုံလွှာပါး ဝတ်ဆင်ထားသော မိန်းမပျိုင်တစ်ဦး အိပ်စက်ရာမှ ညင်သာစွာ နိုးထလာသည်နှင့် တူလှ၏ ။ သူက ယမ်းငွေ့ တွေကို နှုတ်ခမ်းနှင့်အသာမှုတ်မထုတ်ချေ ။ နှာခေါင်းအနားကပ်ကာ ခပ်ပြင်းပြင်းရှူရှိုက်လိုက်သည် ။ သူက ယမ်းငွေ့ကို နှစ်သက်ပုံရသည် ။ ဤသည်မှာ ပထမအိပ်မက်ဖြစ်သည် ။

နောက်အိပ်မက်တစ်ခုကိုတော့ သူနှစ်သက်ပုံရသည် ။ ထိုအိပ်မက်မက်နေစဉ် သူ့နှုတ်ခမ်းနှင့်ပါးပြင်မှားမှာ ပြုံးယောင်သမ်းနေခြင်း ကြောင့်ဖြစ်သည် ။ ထိုအိပ်မက်ထဲတွင် သူသည်ကဗျာကောင်းတွေအများကြီးကို ရေးနိုင်နေလေသည် ။ အံ့သြဖွယ်ပင် သူ့ကဗျာများကို ဈေးကြီးပေး၍ပင် ဝယ်ယူကြသည် ။ ထို့ကြောင့် သူမလိုချင်ပဲ လိုချင်နေရသော ငွေစက္ကူအများကြီးကိုလည်းရသည် ။ သူ့ကဗျာများသည် အလွန်ကောင်းလွန်းသည့်အပြင် နောင်နှစ်ပေါင်းများစွာ ဝေဖန်အငြင်းပွား ဖြေရှင်းယူရဖွယ်ရှိသော ကဗျာရှည်ကြီးတစ်ပုဒ်က ပါဝင်သေး သည် ။ ထိုကဗျာကောင်းများကြောင့် သူ့ကို ကမ္ဘာက ဆုပေးပြန်သည် ။ ထိုဆုသည် နိုဗဲ ဟူသော ဆုထက်ပင်မြင့်နေသည်ဟု သူမြင်မက် နေလေသည် ။

အိပ်မက်ပြင်ပတွင်တော့ သူသည် စာရွက်ဖြူဖြူကလေးကို ခေါင်းအုံး၍ အိပ်ပျော်နေသည် ။ ထိုညလည်း သူ ကဗျာတစ်ပုဒ် ပြီးနိုင်တော့ မည်မဟုတ် ။ နံရံပေါ်က နာရီသည် ရွေ့လျားနေသည် ။ သူကဗျာမရေးနိင်ခဲ့သည်မှာ (၁) နှစ် ၊ (၁) လ၊ (၃၉) နာရီ ၊ မိနစ်(၄၀) နှင့် ခြောက်စက္ကန့် ၊ ခုနှစ်စက္ကန့် ၊ ရှစ်စက္ကန့် ၊ ……………………ဆယ့်သုံးစက္ကန့် ……………. ဆယ့်သုံးဒဿမ သုံးစက္ကန့် ရှိပြီဖြစ်သည် ။

သူဝေး

ပင်မစာမျက်နှာသို့ပြန်သွားမည် >>