contents

ထိပ်ဆုံးစာမျက်နှာ > ဝတ္ထုများ

သွေးတွေ
အစ/အဆုံး
သူဝေး

ခြံထဲမှ ဆိတ်အော်သံတွေသည် တဖြည်းဖြည်းတိတ်ဆိတ်သွားကာညသို့ရောက်လာခဲ့ပြီဖြစ်သည် ။သူသည် အချိန်ကြာ အောင် ကိုယ်လက်သန့်စင်လိုက်ရသည် ။ အဘယ်ကြောင့်ဆိုသော် တစ်နေ့လုံးတိရိစ္ဆာန်တွေနှင့် ပွတ်သပ်နေထိုင်ကာ အစာကျွေးခြင်း ၊ ဆေးတိုက်ခြင်း ၊ ရေပတ်တိုက်ခြင်းများ ပြုလုပ်ခဲ့ရသောကြောင့်ဖြစ်သည် ။ညနေဘက်ကလည်းဟိုးဘက် စိုက်ခင်းထဲသို့သွားကာဓာတ်မြေသြဇာဖြူးနေသောစိုက်ပျိုးရေးသမားနှစ်ယောက်နှင့် စကားထိုင် ပြောခဲ့သေးသည် ။

စိုက်ပျိုးရေးသမားတစ်ယောက်ကအရူးကြီးအကြောင်းပြောသည် ။ မြို့ထဲမှ သူတွေ့ခဲ့ရသည့် အရူးကြီးဖြစ်သည် ။ မြို့ထဲမှ အရူးကြီးသည် ရံဖန်ရံခါ သူတို့မြို့စွန်ဘက်သို့ပင် ကြောင်တောင်တောင်နှင့် ရောက်ရှိလာတတ်သည် ။ အရူးကြီး၏ ဆံပင် ရှည်များသည် မညှပ်တာကြာ၍ ရှည်လျားကာအချပ်လိုက်ပင် တောင့်ခဲနံစော်နေပြီဖြစ်သည်။ စိုက်ပျိုးရေးသမားက ထိုအရူး ကြီးအကြောင်းပြောသည် ။

“ အဲ့ဒီအရူးကြီးကအစကသူဌေး ။ တစ်နေ့သူအလုပ်က ပြန်လာတုန်းသူ့မိန်းမကတခြားတစ်ကောင်နဲ့ ဖောက်ပြန်နေတာကို တွေ့ပြီးလူသတ်မိတာ။ အဲ့ဒါနဲ့ ထောင်ကျသွားတာ။ ထောင်က ထွက်လာတော့ ‘နော်မယ်’ မဟုတ်တော့ဘဲ ကြောင်တောင် တောင် ဖြစ်ဖြစ်နေတာ ။ အခုတော့ လုံးလုံးရူးသွားပြီပေါ့ကွာ”

အရူးကြီး၏ အကြောင်းကိုကားမည်သူမျှ တကူးတကမစုံစမ်းသော်လည်းအားလုံးက ကြားဖူးနားဝရှိပြီးသား ဖြစ်သည်။ သူသည် အရူးကြီးအကြောင်းကိုစိတ်ဝင်စားခြင်းမရှိပေ ။ အရူးကြီးကိုလမ်းမှာတွေ့တိုင်း မျက်မှောင်ကျုံ့၍သာ ခဏကြည့်မိ တတ်သည် ။သည့်ထက်ပို၍ သူနှင့်အရူးကြီးအကြားဘာမှဆက်သွယ်မှုမရှိ ၊ရင်းနှီးစရာအကြောင်းလည်းမရှိပေ ။

ဒုတိယစိုက်ပျိုးရေးသမားသည် ဝါဝါ့အကြောင်းပြောသည် ။ ဝါဝါဆိုသည်မှာသူ့ချစ်သူကောင်မလေးဖြစ်သည် ။ ဝါဝါသည် သူတို့မြို့ကလေးတွင် မရှိ။ ရန်ကုန်တွင် အဆောင်နေ၍အလုပ်လုပ်နေသည်။ သူသည်ဆယ်တန်းကျ၍ ဝါဝါသည်ဆယ်တန်း အောင်ခဲ့သည် ။ ထို့ကြောင့်သူသည် သူ့အိမ်၏ ပင်မအလုပ်ဖြစ်သည့် မွေးမြူရေးအလုပ်ကိုလုပ်နေခဲ့ရသည်။ ဝါဝါသည် ကျောင်းတက်ရန် မြို့သို့တက်သွားခဲ့ပြီးကျောင်းပိတ်သည့်အခါ ပြန်လာသည်။ အခုကျောင်းပြီးသောအခါ ရန်ကုန်မှာပင် အလုပ်လုပ်၍ နေနေသည် ။

ဒုတိယစိုက်ပျိုးရေးသမားက
“ ဟေ့ကောင် မင်းဝါဝါတော့ ရန်ကုန်မှာနောက်ရည်းစားရနေလောက်ပြီ ”
သူကစိတ်မပါသလိုတစ်ချက်ရယ်လိုက်သည် ။ ဒုတိယစိုက်ပျိုးရေးသမားက
“ မင်းဖုန်းဆက်ရင် နည်းနည်းပါးပါးအစ်ကြည့်လိုက် ။ မင်းနဲ့ ဒီလောက် အနေဝေးတာသူ့မှာနောက်ရည်းစားရှိကိုရှိမှာ ”
ဟုဆက်ပြောလာသည် ။ သူခုနလိုပဲစိတ်မပါသလိုရယ်နေလိုက်သည် ။ သို့သော် ထိုစိုက်ပျိုးရေးသမားမှာလွန်လာသည် ။ ပိုမိုစိတ်အနှောင့်အယှက်ဖြစ်စရာကောင်းသောစကားလုံးများနှင့် စနောက်လာသည်။ သူဘာမှ ပြန်မပြောသေး။ စိုက်ပျိုးရေး သမားသည် ညစ်ညမ်းသောအကြောင်းအရာများနှင့်ပါ သူစိတ်ရှုပ်ထွေးအောင် စနောက်လာသည် ။ သူသည် သည်းမခံနိုင် တော့ဘဲရေပန်းကရားနှင့် ကောက်ရိုက်လိုက်သည် ။ စိုက်ပျိုးရေးသမားကအမြန်ရှောင်လိုက်သဖြင့် ချက်ကောင်းမထိတော့ ဘဲ ရေပန်းကရား၏ ထိပ်မှ ရေထွက်သည့် ဇကာပေါက်များနှင့် ခြစ်မိကာလည်ပင်းနားမှာသွေးစို့သွားသည် ။ အနည်းငယ် လုံးလားထွေးလားဖြစ်သွားကြသည် ။

ကျန်သည့် ( ခုနကအရူးကြီးအကြောင်းပြောသည့် ) စိုက်ပျိုးရေးသမားက ကြားကဝင်ဆွဲသည် ။ သူတို့နှစ်ယောက်ကို တွန်းလွှတ်လိုက်သည် ။ ရေပန်းကရားကိုလည်းလွှင့်ပစ်လိုက်သည် ။ ဒဏ်ရာရသွားသောစိုက်ပျိုးရေးသမားက သူ့ကို ဆဲသည် ။ သူကအံကြိတ်ပြီးစိုက်ကြည့်နေလိုက်သည် ။ ပြီးနောက် သူပြန်ခဲ့သည် ။

သူယခုရေချိုးပြီးမှ စပ်ဖျင်းဖျင်းခံစားရကာသူ့ကိုယ်ပေါ်တွင်လည်းဒဏ်ရာတစ်ချို့ပွန်းရှမှုရှိခဲ့ကြောင်းသတိထားမိသည် ။ ရန်ဖြစ်သည့်အကြောင်းကို ပြန်စဉ်းစားကြည့်တော့ ဝါဝါ့ကြောင့်မှန်း ပြန်သတိရသည် ။ သူသည် ဝါဝါ့ကို ဆယ်တန်း ကတည်းက ချစ်သည် ။ ဝါဝါကတော့ သူ့ကိုတက္ကသိုလ်ကျောင်းတက်ရန် ရန်ကုန်သွားခါနီးမှ အဖြေပေးသွားသည် ။ ဝါဝါကနောက်နှစ်ဆယ်တန်းအောင်အောင်ပြန်ဖြေဟုပြောခဲ့သော်လည်းသူဆယ်တန်းစာမေးပွဲနီးသည့်အချိန်တွင် သူတို့ခြံမှ တိရိစ္ဆာန်များဆိတ်များ ၊ နွားများ ၊ ဝက်များမှာအလှည့်ကျ ကလေးမွေးလိုက် ၊အလှည့်ကျနေမကောင်းဖြစ်လိုက် ဖြစ်နေ သဖြင့် သူစာမကျက်နိုင်ဘဲထပ်ကျသည် ။ (၂) နှစ်လောက်ကျသောအခါ သူစာတွေကို ငြီးငွေ့လာသည် ။ စာမေးပွဲကို စိတ်ပျက်လာသည် ။ သူဆယ်တန်းမအောင်လဲချစ်နိုင်မည် မဟုတ်လားဟုဝါဝါ့ကိုမေးလိုက်သည် ။ ဝါဝါကချစ်နိုင်ကြောင်း ၊ စာမေးပွဲအောင်လျှင်တော့လည်း ပိုကောင်းကြောင်းပြောသည် ။ သို့သော် စိတ်မပါရင်လည်း ထပ်မဖြေပါနှင့် ဟုလည်း သူ့သဘောအတိုင်းခွင့်ပေးလိုက်သည် ။ ဝါဝါနှင့် သူ့ကြားတွင် စိတ်ဆိုး ၊ စိတ်ကောက် ကြသောသာမာန်သမီးရည်းစားများ ကဲ့သို့ ပြဿနာများရှိခဲ့ကြသည်ပဲ ဖြစ်သည် ။ စိတ်နာစရာကောင်းသည့် ကိစ္စတော့ မရှိသေးပါ ။

သူသည် ရေချိုးပြီးသောအခါ အနည်းငယ်ကြည့်ကောင်းသောအဝတ်အစားတစ်ချို့ကိုဝတ်လိုက်သည်။ သူသည် လယ်ကွင်း လမ်းက ဖြတ်ရမည်ဖြစ်သောကြောင့် လည်ရှည်ဖိနပ်ကိုစီးလိုက်သည် ။ သူ့အမေသည်T.V ကြည့်နေရာမှ လှမ်းပြောသည်။
“ နင် ဖုန်းသွားဆက်မလို့လား ”
“ ဟုတ် ”
ထိုအချိန်က ဖုန်းများပေါပေါများများမရှိသေးပေ ။ သူတို့မွေးမြူရေးခြံမှ တစ်မိုင်ခန့်သွားရပြီးလယ်ကွင်းတချို့ကိုကျော်ကာ မြို့ကူးလမ်းမကြီးဆီရောက်လျှင်လမ်းတစ်ဘက်တွင် ဓာတ်ဆီဆိုင်ရှိသည် ။ ထိုဓာတ်ဆီဆိုင်ကမှ သူတို့၏ ကြိုးတယ်လီဖုန်း ကို လမ်းမအစပ်နားထိ တိုးကာ မှန်လုံအိမ်အဆောင်လေးတစ်ခုဆောက်ကာ ထားထားသည် ။ ထိုဆိုင်မှာ မိနစ်အလိုက် ပိုက်ဆံပေး၍ ဆက်ရသည် ။ အစိုးရဈေးမှာတစ်မိနစ်လျှင် သုံးဆယ် ၊ ငါးဆယ် ရှိသော်လည်းထိုဆိုင်ကတစ်မိနစ်လျှင် ခုနှစ်ဆယ်ယူသည် ။ တစ်မိနစ်တည်းဆက်လျှင် တစ်ရာယူသည် ။ ဈေးကြီးသော်လည်းအနီးနားတွင် ထိုတစ်ဆိုင်သာ ရှိလေသည် ။

“ ဝါဝါကနင်နဲ့ မပြတ်သေးဘူးလား ”
အမေကလှမ်းမေးသည် ။
“ ဘာဖြစ်လို့ပြတ်ရမှာလဲ ”
“ နင်ကဆယ်တန်းကျတယ်လေ ”

သူ့အမေသည် သူ့ကိုအထင်သေးပြီးသူပညာရေးမအောင်မြင်ခဲ့သည်ကိုလည်း နှိမ်ချပြောဆို၍ သူနာကျင်အောင် ထိုးဆွ နေရသည်ကိုအရသာရှိနေပုံပေါ်သည် ။ သူသည် သူ့အမေအကျင့်ကိုသိသည် ။ အကယ်၍ သူ့အမေသည် သူ့ကိုမမွေးရ သေးသည့်အချိန်သို့ ပြန်သွားခွင့်ရှိသေးသည်ဆိုလျှင် ချက်ချင်းပြန်သွားမည့်သူမှန်းသူသိသည် ။

“ သူနဲ့ရည်းစားဖြစ်ပြီးကတည်းကသားကဆယ်တန်းကျပြီးသားပဲ ”
“ နင်ကအခုထိလည်းမအောင်ဘူးလေ ။ သူကဘွဲ့ရပြီးအလုပ်တောင် လုပ်နေပြီ ”
“ သွားတော့မယ် ”
သူဆက်မပြောချင်၍ ထွက်ခဲ့သည် ။

အပြင်တွင် အေးနေသည် ။ ခြံထဲတွင် မအိပ်သေးသည့် နွားများမှာအမြီးနှင့်ယပ်ခတ်နေကြသည် ။ သူဓာတ်မီးကိုထိုးကာ လယ်ခင်းဘောင်များမှ လျှောက်လာခဲ့သည် ။ ဆောင်း၏ နောက်ဆုံးလက်ကျန်နှင်းများသည် လယ်ကွင်းများပေါ်ကျရောက် နေသည် ။ မြူတွေထဲလက်နှိပ်ဓာတ်မီး၏အရောင်မှာမှေးမှိန်နေသလိုရှိသည် ။ စပါးခင်းထဲကရေများလှုပ်သွားသံတချို့ကို ကြားရသည်။ သူသည် မိနစ်အနည်းငယ်ကြာအောင် လျှောက်ပြီးသောအခါ လမ်းမကြီးဘေးရောက်သွားသည်။ လမ်းမကြီး ၏ ဟိုဘက်မှ ဖုန်းဆိုင်ကိုလှမ်းမြင်ရသည် ။ ဖုန်းဆိုင်နှင့် ဖုန်းဆိုင်ကိုပိုင်သောဓာတ်ဆီဆိုင်၏ အိမ်မှာအနည်းငယ် လှမ်း သည် ။ နေရာကိုသေချာခြားထားပုံရသည် ။ ဖုန်းပြောသူများလွတ်လွတ်လပ်လပ် ပြောဆိုရအောင် စီစဉ်ထားတာလည်း ဖြစ်ချင်ဖြစ်မည်။ ဖုန်းပြောပြီးလျှင်တော့ ထိုအိမ်ဆီသို့သွားကာဖုန်းပြော၍ ကျသင့်ငွေကိုဈေးကြီးကြီးပေးချေရမည်ဖြစ်သည်။

သူဖုန်းဆိုင်ဘက် ကူးဖို့လုပ်တော့ ကုန်တင်ကားကြီးတစ်စီးလာနေသည် ။ ကားကြီးသည် နှင်းခွဲမီးကိုအစွမ်းကုန် ထွန်းဖွင့် ကာ သူ့ရှေ့လမ်းမပေါ်မှ ဖြတ်သန်းမောင်းနှင်သွားသည် ။ သူသည် ကားရှင်းမှ လမ်းဟိုဘက်သို့ ကူးလိုက်သည် ။ ကားရှင်း သော်လည်းလူမရှင်းသေးပေ။ ဖုန်းဆိုင် မှန်အိမ်ကလေးထဲမှာလူလတ်ပိုင်းအမျိုးသမီးတစ်ယောက်ရောက်နေသည် ။ လက်ဖဝါးပေါ် ဘောလ်ပင်နှင့် ရေးထားသောဖုန်းနံပါတ်ကို ကြည့်၍ ဖုန်းခေါ်နေသည် ။ လက်ဖဝါးပေါ်မှ ဖုန်းနံပါတ်တချို့ မှာပျက်ယွင်းနေသည် ။ အမျိုးသမီးခေါ်သည့်ဖုန်းတိုင်းမှာမှားယွင်းနေပုံရသည် ။ အမျိုးသမီးသည် ဖုန်းနံပါတ်များကို တစ်ခု ပြီးတစ်ခု မှန်းဆနှိပ်၍ ဆက်နေသည် ။ သို့သော် ဖုန်းနံပါတ်များမှ ဖုန်းဝင်သွားတိုင်းလည်းသူနှင့်မသိသော သူစိမ်းများထံ မှားယွင်း၍ ဝင်သွားခြင်းပင် ဖြစ်ဖြစ်နေသည် ။ အမျိုးသမီးသည် ဖုန်းမှန်ရုံလေးထဲမှ ထွက်ခဲ့သည် ။ ဖုန်းမှန်ရုံလေးမှာ တံခါး ပေါက် မရှိပါ ။ နံရံသုံးဖက်ကာထားပြီးလူဝင်လူထွက်ပေါက်ကိုဟင်းလင်းဖွင့်ထားသည်။ အမျိုးသမီးထိုအပေါက်မှ ထွက်လာ တော့ သူနှင့် ခဏမျက်နှာချင်းဆိုင်မိသွားသည် ။ အမျိုးသမီး၏ မျက်လုံးများသည် လှုပ်နေပြီးမျက်ရည်များပေါက်ခနဲ စီးကျ လာတော့သည် ။ ပြီးအမျိုးသမီးသည် ငိုသံကိုမကျယ်လောင်စေရန် ပါးစပ်ကိုလက်နှင့်အုပ်၍ ပြေးထွက်သွားလေသည် ။ ထိုအမျိုးသမီးဘာကြောင့် ငိုကြွေးသွားမှန်းကိုသူမသိပေ ။ ဖုန်းလေးတစ်ခုခေါ်မရရုံနှင့် ငိုစရာလား ။ အင်း … ငိုချင်လည်း ငိုမှာပေါ့။ ဒါ…သူ့သဘောပဲ ။ ပြီးတော့ ဒီဖုန်းလေးတစ်ကောလ်ကလည်းသူ့အတွက် သေရေးရှင်ရေးလောက် အရေးကြီးရင် ကြီးနေမှာပဲ ။

သူထိုအမျိုးသမီးအကြောင်းခဏတွေးလိုက်မိသေးသည် ။ ပြီးနောက်မှ ဖုန်းရုံလေးထဲသို့ဝင်ကာကော်ထိုင်ခုံတွင် ထိုင်၍ ဖုန်းကိုခေါ်သည် ။ ဖုန်းနံပါတ်များကို နှိပ်သည် ။ ဖုန်းကမအားပေ ။ ဝါဝါ့ဖုန်းကိုဆက်နေခြင်းဖြစ်သည် ။ အချိန်အတော် ကြာမှ ဖုန်းကဝင်သွားသည် ။ သို့သော် ဖုန်းမှာချက်ချင်းမကိုင်သေးပေ ။ နှစ်ခါ သုံးခါလောက်ထပ်ခေါ်ရပြီးမှ ဖုန်းကို ဝါဝါ လာကိုင်သည် ။

“ ဘာလို့ ဖုန်းကိုမကိုင်တာလဲ”
“ ကိုင်တယ်လေဟာ”
“ ခုနကမကိုင်ပါဘူး
“ ပန်းကန်ဆေးနေလို့ အသံမကြားလို့ ”
“ လျှောက်ပြောမနေနဲ့ ။ ဖုန်းမဝင်ခင်ကလည်းနင့်ဖုန်းကမအားဘူး ”
“ ဟော … ငါဘယ်သူနဲ့ မှမပြောပါဘူးဆိုတာကိုငါကဘယ်လိုပြောရမှာလဲ ”

သူသည် ဖုန်းပြောရင်းသူ့လက်ကိုသူငုံ့ကြည့်ဖြစ်နေသည် ။ သူ့လက်ခုံပေါ်တွင် ခြစ်ရာတစ်ခုပွန်းပဲ့ထားသည် ။ နေ့လည်က စိုက်ပျိုးရေးသမားနှင့်ရန်ဖြစ်တော့ ဒဏ်ရာရခဲ့ခြင်းဖြစ်မည်ဟုသူတွေးမိသည် ။

“ နင် နောက်ရည်းစားရနေပြီမို့လား ”
“ ဟာ … ထွန်းထွန်း … နင် ဘလိုင်းကြီးလာမရစ်နဲ့ ”
“ ငါကရစ်နေတာဟုတ်လား ။ နင်ကမှ မူမမှန်ဖြစ်နေတာ ”
“တော်စမ်းဟာ ။ငါကဘာတွေမူမမှန်ဖြစ်နေလို့လဲ ”

သူတို့စကားပြောအဆင်မပြေဖြစ်သွားကြသည် ။ သူသည် အဘယ်ကြောင့် ဝါဝါ့အပေါ်မယုံသင်္ကာစိတ်များ ရုတ်တရက် ဝင်သွားသလဲကို ပြန်မဆင်ခြင်ဖြစ်တော့ပေ ။ ဝါဝါကသူနှင့်အဝေးမှာတခြားတစ်ယောက်နှင့် ပျော်ပါးနေပြီဟု သူထင်နေ သည် ။ ထိုတစ်ယောက်မှာလည်းပညာလည်းတော် ၊ ငွေကြေးလည်းအနည်းငယ်ချမ်းသာပြီးသူ့ထက် လှပစွာဝတ်စား တတ်သော ၊ သူ့ထက်ပေါ့ပါးပြီးဆွဲဆောင်မှုရှိသော စကားအဆန်းများပြောတတ်သောလူတစ်ယောက်ဖြစ်မည် ဟု သူ ထင်လာသည် ။ သူသည် ဝါဝါ့အပေါ်ဆက်တိုက် စွပ်စွဲနေမိသည် ။

ဖုန်းရုံကလေးထဲမှ မီးရောင်သည် ခပ်မှိန်မှိန်ဖြစ်သည် ။ သူသည် ဖုန်းကိုငုံ့ပြောနေရာမှ သူ့အပေါ်အရိပ်တစ်ခုထိုးကျလာ သည် ။ သူဖုန်းပြောလျှက် အနောက်ဘက် အပေါ်သို့ မော့ကြည့်လိုက်တော့ အရူးကြီးကိုတွေ့လိုက်ရသည် ။ ထိုအရူးကြီး သည် သူမော့ကြည့်လိုက်သောအခါ နောက်သို့ပြန်လှည့်သွားသည် ။ သို့သော် သူ့ဗိုက်နားမှ အောင့်ခနဲတစ်ချက်ခံစားလိုက် ရသည် ။ ခဏကြာတော့ သူ့ဗိုက်ထဲမှ သွေးများစိမ့်ထွက်လာသည် ။ အရူးကြီးကတော့ ထိပ်တွင်ချွန်ထက်သော သံချောင်း အရှည်တစ်ချောင်းကိုဝှေ့ရမ်းကာအဝေးသို့ ထွက်သွားပြီဖြစ်သည် ။ သူသည် ဗိုက်ကိုလက်နှင့်ဖိရင်းတဖြည်းဖြည်း ခွေကျ လာသည် ။ သွေးများတစိမ့်စိမ့်ထွက်ရာမှ ပိုမိုမြန်ဆန်သည့်နှုန်းနှင့် ခပ်သွက်သွက် ထွက်လာသည် ။

တစ်ဘက်မှ ဝါဝါသည် သူ့ကိုအော်ခေါ်နေသည် ။ သူကတော့ အသံပင်မထွက်လာနိုင် ။ သူဗိုက်ကိုလက်နှင့်ဖိထားသလို လက်တွင်ကိုင်ထားသော ဖုန်းကိုလည်းလွတ်မချပေ ။ ထို့ကြောင့် ဖုန်းသည်လည်းသူ့ဗိုက်နှင့်ထိကပ်ကာ သွေးတွေထွက် သောအခါ ဖုန်းထဲသို့ သွေးတွေ စီးဝင်ကုန်သည် ။ ဖုန်း၏ အသံထွက်သော ၊ အသံကြားနိုင်သောအပေါက်ကလေးတွေ ထဲသို့ သူ့သွေးများစီးဝင်ကုန်သည် ။

ဝါဝါသည် တစ်ဘက်မှ ဖုန်းကိုနားမှာကပ်ရင်းသူ့ကိုအော်ခေါ်နေသည် ။ ထိုသို့အော်ခေါ်ရင်းသူ့နားရွက်မှာစိုစွတ်လာသည် ။ ဖုန်းကိုနားမှခွာ၍ တခြားလက်တစ်ဘက်နှင့် နားရွက်ကိုစမ်းကြည့်သောအခါ လက်တွင်သွေးများပေလာသည် ။ ဝါဝါ ကြောင်သွားသည် ။ ဝါဝါကိုယ့်ဖုန်းကိုငုံ့ကြည့်လိုက်သောအခါ ကိုယ့်ဖုန်းခလုတ်လေးတွေကြားထဲမှ သွေးများစိမ့်ထွက် လာသည်ကိုတွေ့လိုက်ရတော့သည် ။ ဝါဝါလန့်ပြီးဖုန်းကိုနံရံကိုပစ်ပေါက်လိုက်သည် ။ ဖုန်းသည် နံရံကိုမှန်ရာမှတဆင့် ကြမ်းပြင်ပေါ်သို့ပြုတ်ကျပြီးသွေးများအကွက်လိုက်ယိုစီးလာနေတော့သည် ။

ရဲစခန်းထဲတွင် ရဲသားတစ်ဦးအိပ်ငိုက်နေသည် ။ စားပွဲခုံကိုလက်တင်၍ ၊ ထိုလက်ပေါ်ကိုမှ ခေါင်းအုံးကာမှေးရန်ပြင်ချိန် ဖုန်းမည်သံထွက်ပေါ်လာသောအခါ ထိုရဲသားလန့်သွားသည် ။ ဖုန်းကိုကောက်ကိုင်ပြီး ‘ အမိန့်ရှိပါ ’ ဟုအမြန်ပြောလိုက် သည် ။ သို့သော် တစ်ဘက်ကဘာမှပြောသံမကြားဘဲသူ့နားတွင်သာ စေးပျစ်ပျစ်အရာတစ်ခုထိတွေ့လာသလို ခံစားလိုက် ရသည် ။ ရဲသားသည် ဖုန်းကိုနားရွက်မှ ခွာကြည့်သောအခါ ဖုန်းခွက်ထဲမှ သွေးတွေ ပွက်ထွက်နေတာကို အံ့သြဖွယ် တွေ့လိုက်ရလေသည် ။

မင်္ဂလာညစာစားပွဲတစ်ခုတွင် သတို့သားနှင့် သတို့သမီးကိုသူတို့ သူငယ်ချင်းများကစနောက်နေကြသည်။ စားသောက်ဖွယ် ရာများနှင့် မီးရောင်စုံတွေကြားလူတွေလည်းစည်ကားနေကြသည် ။ ထိုအချိန် သတို့သား၏ အိတ်ကပ်ထဲမှ ဖုန်းမြည်သံ ထွက်ပေါ်လာသည် ။ သတို့သမီးကဘယ်ကဖုန်းလဲဟုမေးသည် ။ သတို့သားကမသိဘူးလေဟု ဖြေရင်းအိတ်ကပ်ထဲမှ ဖုန်းကိုထုတ်လိုက်သည် ။ ခေါက်ဖုန်းလေးကိုခွာ၍ ဖွင့်လိုက်သောအခါ ဖုန်းခလုတ်များကြားမှ သွေးများ တဖြည်းဖြည်း ထွက်ပေါ်လာလေသည် ။ သတို့သားနှင့် သတို့သမီးမျက်လုံးများ ပြူးသွားကြသည် ။

ရုံးပြန်နောက်ကျနေသောရုံးစာရေးအဖိုးကြီးသည် ရုံးဖုန်းဖြင့် နိုင်ငံခြားရောက်နေသောသူ့သမီးထံဖုန်းခိုးဆက်ရန် ရုံးခန်းထဲမှ ဖုန်းရှိရာဆီသွားလိုက်သည်။ ဖုန်းကိုဖုန်းခွက်မှ မ ကာ နားရွက်မှာတော့လိုက်သည်။ ဖုန်းထဲမှ သွေးတွေတစ်ပေါက်ပေါက်နှင့် ပြုတ်ကျလာသည်ကိုရုံးစာရေးအဖိုးကြီးကမျက်စိမှုန်သဖြင့် ချက်ချင်းမသိသေးပေ ။

စင်တင်ဘီယာဆိုင်ရှေ့လမ်းပေါ်မှ အမိုးဖွင့်ကားတစ်စီးပေါ်တွင် မူးနေသောလူငယ်တစ်ယောက်ရှိသည် ။ သူသည် ဆိုင်ထဲမှ သီချင်းဆိုနေသောကောင်မလေးကိုစောင့်နေခြင်းဖြစ်သည် ။ လာချိန်တန်သည့်တိုင်အောင် မလာသေးသဖြင့် ဒေါသထွက် လာသည်။ ဆဲဆိုကာဖုန်းဆက်ရန် ဖုန်းကိုအိတ်ကပ်ထဲမှ ထုတ်လိုက်သည်။ ထိုအခါမှ သူ့အိတ်ကပ်မှာရေစိုနေမှန်း သူ လက်နှင့် စမ်းမိသည်။ ကားအတွင်းမီးကိုဖွင့်ကာ အိတ်ကပ်ထဲလက်ပြန်နှိုက်ရန်ပြင်လိုက်သည်။ ထိုအခါမှ သူ ဖုန်းထည့်ထား သော အိတ်ကပ်တစ်ခုလုံးသွေးတွေနှင့် ရွှဲနစ်နေမှန်းသွေးပျက်ဖွယ်မြင်တွေ့လိုက်ရတော့သည် ။

စပါးခင်းတွေထဲသွေးတွေ တဖြည်းဖြည်းမြင့်တက်လာသည် ။
အဝေးပြေးလမ်းဘေးမှ ဖုန်းရုံကလေးမှာသွေးထဲနစ်မြှပ်နေသည် ။

သူဝေး

ပင်မစာမျက်နှာသို့ပြန်သွားမည် >>
နေ့စဉ် အသစ်အသစ်သော သတင်းများ ကို သိရှိနိုင်ရန် လိုတရ Application အား ဤနေရာတွင် နှိပ်၍ အခမဲ့ Download ရယူပါ။