contents

ထိပ်ဆုံးစာမျက်နှာ > ဝတ္ထုများ

အထမမြောက်သော သေကြောင်းကြံစည်မှု
အစ/အဆုံး
သစ္စာနီ

ကောင်းကင်က ပြာစင်ကြည်လင်နေသည်။ လေအေးများ ညင်သာစွာ တိုက်ခတ်နေ၍ နေခြည်က နွေးထွေးရုံ ဖြာကျနေ၏။

ထိုသို့ သာယာလှပသော တစ်ညနေတွင် မြေကပ်ပန်းဝါဝါများ ပွင့်နေသည့် မြတ်ခင်းဘေးက အေးအေးလူလူ သူ လမ်း လျှောက်ပြန်လာခိုက် အနီးရှိ ကစားကွင်းထဲမှ ကျွံထွက်လာသော ဘောလုံးတစ်လုံးသည် သူ့ကုပ်ပိုးကို အရှိန်ပြင်းစွာ လာရောက်ထိမှန်ခဲ့၏။ ထိုဒဏ်ချက်ကြောင့် ကိုသက်ခိုင် ကိုယ်တစ်ပိုင်း သေသွားခဲ့သည်မှာ ဆယ်နှစ်ရှိခဲ့ပြီ။

“ မျှော်လင့် ထင်မှတ် မထားတဲ့ ခုလို အဖြစ်အပျက်လေးတွေဟာ လူတစ်ယောက်ရဲ့ဘဝကို အဓိက ချုပ်ကိုင်ဖန်တီး နိုင်တယ် ဆိုတာကို ကျွန်တော် ခုချိန်ထိ ယုံကြည်ရခက်နေတုန်းပဲ ”

ဘီးတပ်ကုလားထိုင်ပေါ်တွင် ဆေးတံကို ဆေးဖြည့်ရင်း ကိုသက်ခိုင်က ပြော၏။ မိဘများ ထားရစ်ခဲ့သော အမွေအနှစ် များဖြင့် ခုချိန်ထိ ဒုက္ခိတဘဝတွင် သူ မကြောင့်မကြ နေနိုင်သော်လည်း စေ့စပ်ထားသူ မယားလောင်းကမူ လက်ထပ်ရန် ငြင်းပယ်ခဲ့လေသည်။ ခုတင်ပေါ်တွင် လက်လက်လှန်လှဲရင်း အခန်းမျက်နှာကျက်ကို မော့ငေးနေသော ကိုအောင်မော်က “အဲဒါ ကံကြမ္မာပေါ့ ” ဟု တီးတိုး ပြောလိုက်၏။

ဤအခန်းထဲရောက်လျှင် အမြဲတမ်းလိုလို (ကုလားထိုင် ရှိသော်လည်း) စားပွဲပေါ်တွင် တင်ပါးလွှဲတက်ထိုင်တက်သော ကိုမြင့်လွင် ကတော့ သူ့ဆံပင် တွန့်ခွေခွေများအကြားကို လက်ချောင်းများ ထိုးသွင်းရင်း...

“ ဘဝဆိုတာ အစီအစဉ်မဲ့ သူ့ဘာသာ ဖြစ်ပျက်နေတဲ့ အရာဗျ။ အဲဒါဟာ အနှစ်သာရပေါ့။ လောကမှာ ဇီဝသဘော၊ ဒါမှမဟုတ် သက်ရှိသတ္တဝါရယ်လို့စတင်ဖြစ်လာရတဲ့ အကြောင်းရင်းကိုက ပြေပြေပြစ်ပြစ် မရှိဘူး။ သိပ္ပံပညာရှင်တွေ အားလုံးကတော့ ဒါဟာ မတော်တဆ တိုက်ဆိုင်မှု တစ်ခုလို့ပဲ တညီတညွတ်တည်း ယူဆထားကြတယ် ”

“ ဒါဆိုရင် လူဆိုတာ မတော်တဆ ဖြစ်လာတာပေါ့ ”

တည်းခိုခန်းပိုင်ရှင် ကိုကျော်ဝေက စီးကရက်ကို ရှိုက်ဖွာရင်း အနည်းငယ်အံ့အားသင့်ဟန်ဖြင့် ဆိုလိုက်သည်။ အခန်းထဲသို့ လေချွန်ကာဝင်လာသော ကိုခင်လှိုင်က နားစွန်နားဖျားကြားကာ ပြတ်လုံးထုတ်လိုက်၏။

“ ကျွန်တော်တောင် ဒီအခန်းထဲကို ဝင်လာခါနီး မတော်တဆ ခလုတ်တိုက်မိသေးတယ် ”

“ ခင်ဗျား ခလုတ်တိုက်မိတာ ရွှေထုပ်ကြီးများလား ”

ခုတင်ပေါ်မှ ကိုအောင်မော်၏ ပြတ်လုံးကို သူတို့ပို၍ ပွဲကျသွားကြသည်။

ကိုအောင်မော်သည် ရွှေထွက်သည်ဆိုသော အရပ်ကို ရွှေရှာမည်ဟူသော ရည်ရွယ်ချက်ဖြင့် မျှော်လင့်တကြီး ရောက်သွား ခဲ့သူဖြစ်သည်။

သုံးနှစ်ခန့်ကြာသောအခါ သူ့စည်းစိမ်ချမ်းသာများ ကုန်ခမ်းကာ ရွှေအစား ငှက်ဖျားရောဂါရခြင်းသာ အဖတ်တင်လျက် ဤတည်းခိုခန်းတွင် သောင်တင်လာခဲ့၏။

သူ့ခန္ဓာကို ပိန်ပါးပါးကို ရာသီမရွေး သူ ဝတ်ဆင်ထားသော ကုတ်အင်္ကျီပွပွကြီးနှင့် ဖုံးကွယ်ထားသလို သူ့အတိတ်ကိုလည်း ဖုံးကွယ်ထားတတ်၏။ တချို့က ရွှေထွက်သော အရပ်တွင် လူသတ်မှုဖြစ်ကာ ရှောင်တိမ်းလာသူဟု သံသယရှိကြ၏။

ကိုသက်ခိုင်ကတော့ “ ဒီလူက ခြင်တောင်ရိုက်မယ့်လူ မဟုတ်ဘူး ” ဟု ဆိုသည်။

သူတို့အထဲတွင် အပွင့်လင်းဆုံးလူကတော့ ကိုမြင့်လွင် ဖြစ်သည်။ ကိုမြင့်လွင်သည် တစ်ခါက ဇာတ်သဘင်တစ်ခုတွင် အတော်အသင့် အောင်မြင်သော ရှေ့ပိုင်းမင်းသားတစ်ယောက် ဖြစ်ခဲ့သည်။ ယိမ်းသမလေး တစ်ဦးကို စော်ကားရန် ကြံနေသော ဇာတ်ပိုင်ရှင်အား လက်သီးနှင့် ဆွဲထိုးရာမှ အလုပ်ပြုတ်လာခဲ့သူဖြစ်၏။ သူက ရယ်ကာ...

“ ဇာတ်ထဲမှာတုန်းက ကျွန်တော်က ပြဇာတ်မင်းသား အတုဗျ၊ အခုမှ အစစ် ဖြစ်တော့တယ် ” ဟု ဆို၏။

“ လူ့ ဘဝဆိုတာကမှ တကယ့်ပြဇာတ်အစစ်ဗျ၊ ကျွန်တော် မွေးဖွားလာပုံကိုက ဘယ်လောက် ပြဇာတ်ဆန်သလဲ ”

သူရော သူ့အမေပါ သူ့အဖေဖြစ်သူ၏ မျက်နှာကို မမြင်ဖူးခဲ့။

“ လောကကြီးက ဆန်းတယ်။ ရွှေ ရှိတယ်ဆိုတဲ့ အရပ်ကို ရွှေသွားရှာလည်း တွေ့ချင်မှ တွေ့တယ် ”

ထိုစကားပြောသော ကိုအောင်မော်ကို ကိုသက်ခိုင်က လှမ်းကြည့်ရင်း

“ ချမ်းသာချင်ရင် ရွှေရှာမနေနဲ့ကိုယ့်လူ၊ ကိုခင်လှိုင်လို ကိုယ့်မိန်းမ ကိုယ် ရောင်းစားရတယ် ”

“ သူက သူ့မိန်းမကို ဘယ်သူ့ကို ရောင်းခဲ့တာလဲ ”

“ သူ့ယောက္ခမကိုလေ ”

ချမ်းသာသော မိဘများက သူတို့သမီးနှင့် ကွာရှင်းပြတ်စဲရန်အတွက် ကိုခင်လှိုင်အား ငွေတစ်သိန်းပေးခဲ့ခြင်းကို ရည်ရွယ်နောက်ပြောင်နေခြင်း ဖြစ်သည်။

သူ့ဇနီးဖြစ်သူကတော့...

“ လူဆိုတာ တစ်ခုခုကိုတော့ ချစ်နေဖို့သင့်တယ်။ ရှင်ကတော့ အေးစက်လွန်းအားကြီးတယ်။ ရှင်ဟာ ကျောက်ခဲတစ်ခဲ ကိုပဲ ချစ်ဖို့ကောင်းတယ် ”

ဟု နောက်ဆုံးခွဲခွာခါနီးတွင် ကျောက်ခဲတစ်ခဲ လက်ဆောင်ပေးခဲ့သည်။

ထိုကျောက်ခဲမှာ ယခုအချိန်ထိ ကိုခင်လှိုင်၏ ခုတင်ဘေးစားပွဲပေါ်တွင် ရှိကာ သူရေးသားနေဆဲ ဂီတသင်္ကေတစာရွက်များ အတွက် စက္ကူဖိတုံးအဖြစ် ကောင်းစွာ အသုံးဝင်နေလေသည်။

ဂီတပါရမီရှင်ဟု သူ့ကိုယ်သူခေါ်လေ့ရှိသော်လည်း တူရိယာပစ္စည်းဟူ၍ တစ်စုံတစ်ရာမှမရှိသည့်အပြင် ကိုခင်လှိုင် တီးမှုတ် နေခြင်းကိုလည်း မြင်ဖူးသူ တစ်ယောက်မှ မရှိ။

သို့သော် ကိုခင်လှိုင်က သူသည် အင်မတန် ကြီးကျယ်သော ဆင်ဖိုနီခေါ် စကားလုံးမဲ့ တေးဘွဲ့ကြီးတစ်ပုဒ်ကို ကြိုးစားရေးဖွဲ့ နေသည်ဟု ဆိုသည်။

ဤတေးဘွဲ့ကြီးသာ သူ့ဘဝတန်ဖိုး အစစ်အမှန် ဖြစ်သည်ဟုလည်း ဆိုသည်။ သူ့အခန်းထဲတွင် သူရေးခြစ်ထားသော ဂီတ သင်္ကေတ စာရွက်များ အစဉ်အမြဲပြန့်ကျဲရှုပ်ပွနေ၏။(သူ ရေးဖွဲ့နေသော အကြောင်းအရာမှာ ကမ္ဘာမြေကြီး၏ နောက်ဆုံးနေ့ အကြောင်းဖြစ်ကာ ထိုနေ့၌ ကမ္ဘာမြေကြီး အဆုံးတိုင် ပျက်စီးသွားပုံကို အသေးစိတ် ဂီတဖြင့် ခြယ်မှုန်း ပုံဖော်မည် ဟု ဆိုလေသည်။)

သူ့ထံတွင် ဘီထိုဗင်၊ ချိုက်ကော့စကီ၊ မိုးဇက် စသူတို့၏ ဆင်ဖိုနီ ဓါတ်ပြားကြီးများကို တွေ့ရ၏။ သို့သော် ဖွင့်စရာ ဓါတ်စက် ကား မရှိ။

“ အဲဒီ ဓါတ်ပြားတွေကို ပလက်ဖောင်းပေါ်မှာ ချရောင်းနေတာ တွေ့တာနဲ့ ဝမ်းသာအားရ ဝယ်လာတာ။ သည်တုန်းက ကျွန်တော့်မှာ ဓါတ်စက်မရှိတာ မေ့နေတယ် ” ဟု ပြောပြခဲ့သည်။

“ အရာရာတိုင်းဟာ ဖြစ်လာကတည်းက ပျက်ပြီးသားဗျ၊ လူဆိုတာလည်း အဲသလိုပေါ့၊ ခင်ဗျားရင်ခုန်သံကို ခင်ဗျား နားထောင် ကြည့်ဖူးလား၊ အဲဒါ ကမ္ဘာပျက်တီးလုံးပဲ ”

ကိုသက်ခိုင်က ဘီးတပ်ကုလားထိုင် လက်တန်းကို ဆေးတံဖြင့် ခေါက်ရင်းပြောသည်။ ကိုခင်လှိုင် မျက်လုံးများက အရောင်လက် လာကာ...

“ တော်သေးတယ်ဗျို့၊ အဲဒီအသံကို ကျွန်တော် မေ့ကျန်တော့မလို့ ”

ဟု ဝမ်းသာအားရ ဆိုသည်။

တည်းခိုခန်းပိုင်ရှင် ကိုကျော်ဝေက သူတို့နှစ်ယောက်လုံးကို ခပ်တည်တည်ကြည့်ရင်း...

“ ဘဝဆိုတာ ရေခဲငရဲတစ်ခုပါဗျာ၊ အေးစက်တယ်၊ ဒါပေမယ့် လောင်ကျွမ်းတယ် ”

“ ဟုတ်တယ် ခင်ဗျားတို့ကတော့ ကျွန်တော့်ကို ရူးတယ်လို့ထင်ချင်ထင်မယ်၊ ကျွန်တော်ကတော့ ခုချိန်ထိ တယ်လီဖုန်း ဘဲလ်သံ မြည်လာရင် သက်ထားက ကျွန်တော့်ကို ခေါ်တဲ့ဖုန်းလို့ အကြိမ်တိုင်း ထင်မိတုန်းပဲ ”

“ မနက်ဖြန်ကျရင် တယ်လီဖုန်းဆက်မယ် ” ဟူသော စကားတစ်ခွန်းကို ပြောကာ သူ့ချစ်သူ သက်ထား သူ့ဘဝထဲမှ ထွက်ခွာသွားခဲ့သည်မှာ အနှစ် နှစ်ဆယ်ခန့် ရှိခဲ့လေပြီ။ အိပ်ရာဝင်ချိန်တိုင်းတွင် မနက်ဖြန်ကျရင် သူ့ကို သက်ထား ဖုန်းဆက်လိမ့်မယ် ဟူသော အတွေးဖြင့် ကိုကျော်ဝေ အိပ်စက်ခဲ့သည်ချည်းဖြစ်၏။

“ ကျွန်တော့်ကို ဖုန်းမဆက်ဘဲ သူ မန္တလေးကို ပြန်သွားခဲ့တယ်လေ ”

“ မန္တလေးဆိုတာ ဝေးတဲ့အရပ်မှ မဟုတ်တာ၊ ခင်ဗျား မစုံစမ်းဘူးလား” ဟု မေးသူတိုင်းကို ကိုကျော်ဝေက ခေါင်းယမ်းကာ...

“ ဘာဖြစ်လို့ စုံစမ်းရမှာလဲ၊ သူ ဖုန်းဆက်မယ်လို့ပြောထားတာပဲ ” ဟု ရိုးသားစွာ ဖြေ၏။

ကိုအောင်မော်က သူ့စားပွဲထဲမှ ဖဲထုပ်ကိုထုတ်ကာ ကုလားဖန်ထိုးရင်း

“ ဘဝဆိုတာ သိပ်စိတ်ဝင်စားစရာကောင်းတဲ့ လောင်းကစားတစ်ခုပါဗျာ၊ ကဲ... ကျွန်တော်တို့ ရှိုးတစ်ပွဲလောက် ကစားလိုက်ကြရအောင် ၊ ညနေ ကျွန်တော် အဖျားတက်ချိန် မတိုင်ခင်ပေါ့ ”

သူတို့ရှေ့ကို ဖဲတစ်ချပ်စီ စတင်ဝေဆဲမှာပင် အခန်းထဲသို့ ကိုကျော်ဝေ၏ တပည့်ကလေး ဝင်လာကာ...

“ ဆရာ... ဆရာ့အတွက် တယ်လီဖုန်း လာနေတယ်၊ မန္တလေးက သက်ထားလို့ပြောတယ် ”

ကိုကျော်ဝေက ကုလားထိုင်တွင် ငြိမ်သက်စွာ ထိုင်မြဲထိုင်ရင်း...

“ နောက်ဆုံးတော့ သူ ကျွန်တော့်ဆီကို ဖုန်းဆက်တာပါပဲ ”

ဟု လေးတွဲ့စွာ ဆိုသည်။ သက်ခိုင်က “ ဖဲဝိုင်းတော့ ပျက်ပြီ ” ဟု ညည်း၏။

ကိုအောင်မော်က မှောက်ထားသော သူ့ဖဲကို လှန်ကြည့်သည်။ ထိုဖဲမှာ ရှစ်ဖဲဖြစ်နေသည်။

ကိုခင်လှိုင်က...

“အချိန်ဆိုတာ အလကားအရာပါဗျာ” ဟု ဘာကို ရည်ရွယ်ချင်မှန်း မသိဘဲပြောသည်။

ကိုကျော်ဝေက သူ့စကားပြန်ကို ရပ်စောင့်နေသော တပည့်ကလေးအား “ ငါ မရှိဘူးလို့ ပြောလိုက် ” ခပ်ပြတ်ပြတ် အမိန့်ပေးလိုက်တော့ အခန်းထဲတွင် ခေတ္တမျှ တိတ်ဆိတ်သွားသည်။

အတန်ကြာတော့ ကိုအောင်မော်က ပြုံးမဲ့မဲ့မျက်နှာဖြင့် ဖဲဆက်ဝေ၏။

သူ့ရှေ့ကို ကျလာသည့် ဒုတိယ ဖဲချပ်အား ကိုကျော်ဝေ ကောက်ကိုင်လိုက်ပုံကို လှမ်းကြည့်ရင်း ပြဇာတ်မင်းသားဟောင်း ကိုမြင့်လွင်က...

“ သိပ်ကောင်းတဲ့ပြဇာတ်တစ်ပုဒ်ပဲ ” ဟု တီးတိုးရွတ်ဆိုလိုက်လေသည်။


သစ္စာနီ

ပင်မစာမျက်နှာသို့ပြန်သွားမည် >>
နေ့စဉ် အသစ်အသစ်သော သတင်းများ ကို သိရှိနိုင်ရန် လိုတရ Application အား ဤနေရာတွင် နှိပ်၍ အခမဲ့ Download ရယူပါ။