Lotayamm

search
မာတိကာ

contents

ထိပ်ဆုံးစာမျက်နှာ > ဝတ္ထုများ

Democratic Jails
Chapter 1
ချိုပိန်းနောင်

သူငယ်ချင်းတစ်ယောက် ထောင်ကနေ ပြန်လွတ်လာတယ်။ သူ့ရဲ့ ထောင်အတွေ့အကြုံကို ကျွန်တော်မေးတော့ သူ့စကားတွေက ကျွန်တော်တစ်ခါမှ မကြားဖူးတဲ့ စကားမျိုးတွေဖြစ်နေတယ်။ ကျွန်တော် အံ့သြသွားတယ်။

သစ်ပင်တွေ စာအုပ်စင်တွေနဲ့ အိမ်ထဲမှာပဲနေနေတာ အတော်ကြာခဲ့ပြီဆိုတော့ အပြင်ထွက်ဖို့ မ၀ံ့သလိုတောင် ဖြစ်နေမိတယ်။ အပြင် ထွက်ကော ထွက်သင့်ရဲ့လားလို့ တွေးမိတော့ မထွက်သင့်ဘူးလို့ အတွေးတွေက ပြောပေမယ့် ကျွန်တော့်ကိုယ်နှိုက်ကတော့ အပြင်ကို ထွက်လိုက်ပါတယ် ။

အပြင်မှာ ကျွန်တော် အပြင်မထွက်တဲ့ နှစ်တွေအတွင်း အနည်းငယ် ပြောင်းလဲသွားတယ်။ လမ်းတွေ ကျယ်လာတယ်။ ပုလိပ်တွေ လမ်းပေါ်မှာ တွေ့လာရတယ်။ ဆိုင်ကယ်တွေ ပြန်တွေ့လာတယ်။ ပုံစံစုံ ကားတွေလည်း တွေ့ရတယ်။ ဒါပေမယ့် ကားပုံစံတွေကတော့ ကြည့်ရတာ ခပ်ပျော့ပျော့ရယ်ပါ။ တိုက်တာနဲ့လွင့်ထွက်သွားမယ့်ပုံမျိုး။ အမှိုက်တွေ ပစ်စလက်ခတ်ပစ်တဲ့လူတွေလည်း သိပ်မရှိတော့ သလောက်ပဲ။ နေရှိန်ကတော့ တအားပြင်းလာတယ်။ အပြင်ထွက်တာနဲ့ မြေပြင်က တံလျှပ်က မျက်လုံးကို တလက်လက် ပြေးပြေး ထိုးတယ်။ လမ်းလျှောက်ရ အဆင်မပြေဘူး။ ဒါပေမယ့် အပြင်မှာ ဘာတွေဖြစ်နေတယ်ဆိုတာသိရဖို့ ကျွန်တော်မြို့ရဲ့ နံမည်ကြီး ထောင် တစ်ခုရှေ့ကို ရောက်အောင် သွားခဲ့တယ်။

ထောင်ရှေ့မှာ ယာယီတဲခပ်ကြီးကြီးတစ်လုံး ထိုးထားတယ်။ အဲဒီရှေ့မှာ လူတွေ တအုပ်အုပ်နဲ့ ။ ဘေးမှာလည်း လူတစ်ချို့က ဖုန်းတွေနဲ့ ဖိုင်တွဲတွေ အင်္ကျီအဖြူတွေနဲ့ စကားတွေပြော အလုပ်တွေ ရှုပ်လို့။ သူတို့ဟာ ချွေးတွေထွက်လို့ စိုလက်နေတဲ့မျက်နှာတွေ ကြားထဲ ကနေ တစ်စုံတစ်ခုကို အပြင်းအထန် ကြိုးစားဖို့ ပြင်ဆင်နေကြတဲ့ပုံမျိုးတွေပြနေကြတယ်။ လူတစ်ယောက်တစ်လေကလွဲလို့ တစ်ယောက်မှ ထီးမဆောင်းကြဘူး။ တဲအထဲကို ၀င်ပြီး တန်းစီနေတဲ့ လူတွေရှိတယ်။ တဲအပြင်မှာ ထွက်ပြီး တန်းစီနေကြတဲ့ လူတန်းကြီး လည်းရှိတယ်။ တန်းစီရတာ ကြာလို့ ဘေးထွက်ပြီး နေပူထဲ ငုတ်တုတ်ထိုင်နေကြတဲ့ လူတစ်ချို့ကိုလည်း တွေ့ရတယ်။ တစ်ချို့ကိုတော့ တဲနားက လက်ဖက်ရည်ဆိုင်တွေမှာ တရုံးရုံးတွေ့ရတယ်။ လူတွေ သိပ်များပြီး နေက တအားပူနေတာကြောင့် စိတ်တွေ တအားအူနေ တာကြောင့် သူတို့တစ်ယောက် တစ်ပေါက်ပြောနေကြတဲ့ စကားသံတွေကို ကျွန်တော် မကြားနိုင်ဘူး။ ဒါနဲ့ ကျွန်တော်နေရိပ်ထဲမှာ ရပ်နေတဲ့ အင်္ကျီ အဖြူဝတ်ထားတဲ့ (ပေါက်ရောက်တယ် ထင်ရတဲ့) လူတစ်ယောက်ဆီ သွားပြီးမေးလိုက်တယ်။

“ဒါဘာလုပ်နေကြတာလဲဗျ။ လူတွေ သိပ်များတာပဲ။”
အင်္ကျီဖြူနဲ့လူက သူ့လက်ထဲက ဖိုင်ကို ဟန်ပါပါလှန်ရင်း ကျွန်တော့်ကို လှမ်းကြည့်တယ်။
“ဘာပြောလိုက်တာလဲဗျ။”
မကြားဟန်နဲ့သူပြန်မေးတယ်။ ကျွန်တော်ပြန်မေးလိုက်တယ်။
“ ထောင်ရှေ့မှာ လူတွေ တအားများနေလို့ ဘာဖြစ်ကြတာလဲလို့သိချင်လို့ပါ။ ထောင်ဝင်စာ လာတွေ့ကြတာလား။”
အင်္ကျီဖြူနဲ့လူကကျွန်တော့်ကို အထူးအဆန်းတစ်ခုခုကို ကြည့်သလိုမျိုး ကြည့်တယ်။
“ထောင်ဝင်စာ တွေ့ဖို့တန်းစီနေကြတာ မဟုတ်ဘူးဗျ။ထောင်နှစ်ရှည်ကျအောင် လုပ်ပေးဖို့ တန်းစီနေကြတာ။ ”

သူပြောတာကိုကျွန်တော် နားမလည်ဘူး။ ထောင်ဆိုတာ အင်မတန် နေချင်စရာ မကောင်းတဲ့နေရာပဲ။ ထောင်ထဲရောက်သွားတဲ့လူကိုဆို အပြင်မှာ လူတွေက ကောင်းကောင်း မဆက်ဆံချင်ကြဘူး။ ထောင်ထွက်ရဲ့ သားသမီးတွေဆိုလည်း သူတို့ရဲ့ ပတ်ဝန်းကျင်တွေမှာ မျက်နှာကောင်း မရကြဘူး။ သူတို့ ဘာကြောင့် ထောင်နှစ်ရှည်ကျချင်ကြတယ် ကျွန်တော် နားမလည်ဘူး။

တစ်ချက် ကျွန်တော့်သူငယ်ချင်း ထောင်ထွက် ပြောသွားတဲ့စကားကို ကျွန်တော်ပြန်သတိရလာတယ်။

“ငါကွာ .. ထောင်ကနေ လွတ်တောင်မလွတ်ချင်ဘူး ။ ထောင်တွေကအရင်လို မဟုတ်တော့ဘူး င့ါလူ။ ထောင်ဝင်စာဆိုလည်း အချိန် မရွေးတွေ့လို့ရနေပြီ။ အရင်လိုပုံစံခွက်နဲ့တော့ ကျွေးတယ်။ ဒါပေမယ့် အလျှံပယ်ကျွေးတာ ဘူဖေး ထည့်ထားနေရသလိုကို ကျွေးတာ။ စားဖိုမှူးတွေဘာတွေနဲ့ ။ ထမင်းဆိုလည်း ကြိုက်သလောက်စားပဲ ။ ပြီးတော့ ကိုယ့်အခန်းနဲ့ကိုယ် လုံလုံခြုံခြုံ။ အရင်လို ကြမ်းပိုးတွေ ကြွက်တွေ မရှိတော့ဘူး ။ သန့်တယ်။ ကုတင်တွေဘာတွေနဲ့ ခင်ဗျ။ ပြီးတော့ မနက်မိုးလင်းရင် မျက်နှာသစ်ဖို့ အခန်းထဲမှာပဲ ဘေဇင် တစ်လုံးရှိတယ်။ ကြည့်မှန်ရှိတယ်။ဘီး ၊ ဆပ်ပြာ၊ သွားတိုက်ဆေး ၊ သွားပွတ်တံ နဲ့။ အံမယ်.. ဘိုထိုင်ပါပါသေးခင်ဗျ။ အခန်းထဲမှာပဲနော်။ ရေဆိုတာလည်း ကောင်းမှကောင်း။ အရင်လိုညစ်ပတ် စုတ်ပဲ့နေတာမဟုတ်ဘူး။ ထောင်ခန်းတွေက သန့်ရှင်းတော့ ခြင်တောင် သိပ် ကိုက်တာ မဟုတ်ဘူး။ အ၀တ်ဆိုလည်း လျှော်ပေးမယ့်ဒိုဘီနဲ့ ။ အားကစားလုပ်ချိန်က သက်သက်။ ဘက်စကက်ဘော ကစားမလား။ ဘောလုံးကန်မလား။ စာဖတ်မလား။ တခြား ဘာအလုပ်မှ လုပ်စရာလည်း မလိုဘူး။ ထောင်ဝန်ထမ်းတွေကလည်း အေးဆေးပဲ။ ကြောက်နေဖို့လည်း မရှိတော့ဘူး။ သူတို့နဲ့သူငယ်ချင်းပြောတောင် ပြောလို့ရတယ်။ စလိုက် နောက်လိုက်နဲ့ပဲ။ ရေချိုးချိန်ကျရင်လည်း ရေပန်းတွေဘာတွေနဲ့ ကိုယ့်အတွက် မျက်နှာသုတ်ပ၀ါက သီးသန့် ။ အရမ်းကို ကောင်းတာကွာ။ အပြင်မှာတောင် အလုပ်လုပ်ရသေး တယ်။ ထောင်ထဲမှာ ဘာမှကို လုပ်ဖို့မလိုတာ ။ ကောင်းရောပဲ။ ”
(အပြင်မှာတောင် အလုပ်လုပ်ရသေးတယ်။ ထောင်ထဲမှာဘာမှကို လုပ်ဖို့မလိုတာ။)
ကျွန်တော့်သူငယ်ချင်း ပြောသွားတဲ့စကားတွေကို ကျွန်တော် အင်္ကျီဖြူနဲ့လူကို ပြန်ပြောပြလိုက်ပြီး “အဲဒါ တကယ်ဟုတ်သလား” လို့ပါ ထပ်လောင်းမေးလိုက်တယ်။

“ဒါတင် ဘယ်ကမလဲဗျ။ ကျန်းမာရေး စောင့်ရှောက်မှုဆိုလည်းအပြည့်။ ထောင်သားတွေကို တစ်ယောက်တစ်ခန်းထားတာ ။ အရင်လို စုထားတာ မဟုတ်ဘူး ။ကိုယ့်အခန်းနဲ့ကိုယ်။ ဒီလိုဆိုတော့ ထောင်သားအချင်းချင်း အနိုင်ကျင့်တာမျိုးတွေ မဖြစ်ကြတော့ဘူးပေါ့။ စာဖတ်တာ ၀ါသနာပါတဲ့လူတွေအတွက် စာအုပ်အမျိုးမျိုးလည်း ရှိတယ်။ ကိုယ့်အိမ် ကိုယ့်ယာထက်တောင် ပိုပြီး ဇိမ်ကျသေးတယ်။ ကိုယ့်အိမ်မဟုတ်တာ တစ်ခုပဲ။”
နေကာမျက်မှန်ကို ပင့်တင်လိုက်ရင်း သူသတိရသွားသလို ဆက်ပြောတယ်။
“အဲ..ဟိုတစ်နေ့ကပဲ ပန်းချီဆရာတစ်ယောက်အေးအေးဆေးဆေး ပန်းချီဆွဲချင်လို့ဆိုပြီး ကျွန်တော့်ကို လာတိုင်ပင်တယ်။ ကျွန်တော်က အကြံပေးလိုက်တယ်။ ထောင်ထဲဝင်ချင်တယ် ဆိုရင်ပေါ့။ အလွယ်ဆုံးနည်းက အနီးဆုံးစုပါမားကက်ထဲဝင်လိုက်၊ အဲဒီမှာရှိနေတဲ့ ပစ္စည်း တစ်ခုကို အလစ်သုတ်လိုက် ။ CCTV မှာ သူတို့မြင်သွားတာနဲ့ ခင်ဗျားကိုဖမ်းလိမ့်မယ်။ ပစ္စည်းရဲ့ ဆယ်ဆ အလျော်တောင်းတဲ့အခါမှာ ခင်ဗျားက မလျော်နိုင်ဘူးပြောလိုက်။ ဒါဆို ခင်ဗျားထောင်ထဲရောက်ပြီလို့။ သူအဲ့ဒီလို လိုက်လုပ်တယ်။ ခု သူ ထောင်ထဲမှာလေ။ ၂ နှစ် ကျသွားတယ်။”

သူက သူ့ကြောင့် ပန်းချီဆရာ ထောင်ကျသွားတဲ့အကြောင်းကို ရောမခေတ်က စစ်နိုင်ပြီးပြန်လာတဲ့ စစ်သူကြီးတစ်ယောက်က ဂုဏ်ယူ ၀ံ့ကြွားပြီး ပြောသလို ဖိုင်တွဲကြီးကို ချိုင်းကြားညှပ်ပြီး အားပါးတရ ပြောပြတယ်။
“ခင်ဗျားက ဒီမှာဘာလဲဗျ။”
ကျွန်တော်က မေးတော့ သူက ဖိုင်တွဲကြီးကိုချိုင်းကပြန်ထုတ်ပြီး ဟန်ပါပါကြည့်ရင်း ပြန်ဖြေတယ်။
“ပွဲစား။ ပွဲစားပေါ့ ။ ထောင်ပွဲစားလေ။”

ကျွန်တော် အပြင်မထွက်တာ တော်တော်ကို ခေတ်နောက်ကျသွားတာပဲ။ ကျွန်တော် ဒီလို ပထမဆုံးတွေးမိတယ်။ ထောင်ပွဲစား ဆိုတဲ့ အသုံးအနှုန်းကို ကျွန်တော်တို့ဘာသာစကားမှာသာမက အဘိဓါန်တွေထဲမှာတောင် မမြင်ဖူးသလောက်ပဲ။ ရှိတာတော့ ရှိချင် ရှိနိုင် ပါတယ်။ ကျွန်တော်ကတော့ မမြင်ဖူးဘူး။

“ဒီ၂နှစ်အတွင်းမှာတော့ ဒီပန်းချီဆရာ အေးအေးဆေးဆေး ပန်းချီဆွဲပေတော့ပဲ ။ အပြင်မှာဆို သူ့မိန်းမက ပန်းချီပဲ အမြဲဆွဲနေလို့ ခဏ ခဏ စကားများနေကြရတာ။ ခုတော့အေးသွားပြီလေ။ စားချိန်တန်စားပြီး ကိုယ့်အခန်းထဲမှာကိုယ် ပန်းချီထိုင်ဆွဲနေပေတော့ပဲ။ သူ့မိန်းမ အတွက်လည်း အများကြီးပူဖို့မရှိပါဘူး။ ရုံးကြီးတစ်ရုံးမှာ အလုပ်လုပ်တယ်လေ။ ဒီပန်းချီဆရာက သူထောင်ကထွက်လာရင် ပန်းချီပြခန်း တစ်ခုငှားပြီး ပန်းချီပြပွဲတစ်ခု လုပ်မယ်လို့တောင် ကြိမ်းဝါးထားသေးတယ်။ ဘယ်လောက်ကောင်းထားလဲ။”

ဒီအကြံကို တွေးမိတဲ့ ပန်းချီဆရာဟာ တော်တော်ဥာဏ်သွားတဲ့လူလို့ ကျွန်တော်တွေးမိတယ်။ သူ့ဘ၀အပူအပင် မရှိတော့ဘူးလေ။ နားလည်း မပူတော့ဘူး။ ၂ နှစ်အတွင်းမှာသူ့ရဲ့ လက်ရာကောင်းတွေ အများကြီး ထွက်လာတော့မယ်။ ပြန်ထွက်လာရင် ပန်းချီပြပွဲ လုပ်ပြီး ပန်းချီကားတွေ ပြန်ရောင်းစားချင် ရောင်းတော့မယ်။ ဒါမှမဟုတ် အလှသက်သက် NFS ဆိုပြီး ပြချင်ပြမယ်။

ကျွန်တော် ဘာသာပြန်တဲ့ အလုပ်ကိုလုပ်တယ်။ ကျွန်တော့်အလုပ်က အိမ်ပြင်ထွက်ဖို့မလိုဘူး။ ကျွန်တော့်ကို အလုပ်အပ်ချင်တဲ့ လူက အိမ်ကိုလာတယ်။ သူတို့ရဲ့ နိုင်ငံခြား ၀တ္ထုတိုတွေ ၀တ္ထုရှည်တွေ ဆောင်းပါးတွေ ဝေဖန်ရေးတွေ စတာအတော်များများကို ကျွန် တော့်ကို ဘာသာပြန်ပေးဖို့အလုပ်အပ်ကြတယ်။ နောက်ပိုင်းတော့ ဘာသာပြန်သူရဲ့နေရာမှာသူတို့နံမည်တွေ တပ်ပြီး စာအုပ်ပြန်ထုတ်ချင်ထုတ် ကြမှာပေါ့ ။ ကျွန်တော့်အလုပ်ကတော့ လာအပ်တဲ့အလုပ်ကို သတ်မှတ်ထားတဲ့အချိန်အတွင်း ပြီးစီးအောင်လုပ်ဖို့ပဲ။ ကျွန်တော့်အလုပ်က အချိန်မှန် မီးလာဖို့နဲ့ Laptop တစ်လုံးရှိနေဖို့ပဲလိုတယ်။ မီးမလာရင်လည်း ကျွန်တော့်အတွက် ပြသနာကြီးကြီး မရှိပါဘူး။ ဖယောင်း တိုင်နဲ့ စာရွက်တွေ ဘောပင်တွေရှိရင် အလုပ်ဖြစ်တယ်။ အခုတော့ မီးက အချိန်တိုင်းလိုလို မှန်နေတယ်။ ကျွန်တော့်အတွက် အလုပ်က ပိုမြန်တယ်။ ကျွန်တော် ဒီလောကထဲမှာပဲ နေပြီး ဒီအလုပ်ကို လုပ်နေခဲ့တာ နှစ်ပေါင်းအတော်ကြာခဲ့ပြီ။ ကျွန်တော် အပြင်မထွက်ချင်လို့ မထွက်တာတော့ မဟုတ်ဘူး။ အပြင်မှာ မြင်နေရတဲ့ လူပေါင်းစုံရဲ့ မျက်နှာအမူအရာပေါင်းစုံနဲ့ အတွေးအခေါ် ဗြောက်သောက်ကို မခံစား နိုင်တော့လို့ လူ့အဖွဲ့အစည်းကို တတ်နိုင်သလောက် ရှောင်ရင်း ကျွန်တော် ကွန်ပျူတာနဲ့ စာအုပ်တွေ သစ်ပင်တွေကြား ပျော်မွေ့လာ တာပဲ။ သူတို့တွေဟာ သိပ်ငြိမ်းချမ်းတယ်။ အမူအရာကို အမျိုးမျိုးမပြကြတဲ့အပြင် ကိုယ်တန်ဖိုးထားပြုစုရင် ပြုစုသလောက် အသီင်္းအပွင့် တွေ ပေးကြတယ်။ စိမ်းလန်းမှုတွေ ပေးကြတယ်။ အေးချမ်းမှုကိုပေးကြတယ်။ တိတ်ဆိတ်မှုတွေကို ပေးကြတယ်။ နောက်ဘ၀ဆိုတာ ရှိရင် ကျွန်တော့်လို တန်ဖိုးထားတတ်တဲ့ သစ်ပင်စိုက်သမား တစ်ယောက်ရဲ့ လက်ထဲမှာ သစ်ပင်ကောင်းတစ်ပင် ဖြစ်ချင်နေမိတယ်။

ကျွန်တော့်မှာ အပူဆိုလို့ တစ်ခုပဲရှိတယ်။ အေးချမ်းနေတဲ့ ကျွန်တော့ဘ၀အတွက် အကြီးမားဆုံး အပူထုံးကြီးပေါ့။ ကျွန်တော့်မှာ အင်မတန် အသုံးအဖြုန်းကြီးတဲ့ အမေတစ်ယောက်ရှိတယ်။ ကျွန်တော်နဲ့မိုင် ၂၀၀ လောက် ဝေးတဲ့ မြို့မှာ သူနေတယ်။ အရင်က ကျွန်တော်နဲ့ အတူတူလာနေတယ်။ ပတ်ဝန်းကျင်ကမိန်းမတွေ ယောကျာ်းတွေ အားလျားနေတဲ့လူတွေကို ခေါ်ပြီး လောင်းကစားလုပ်ကြ တယ်။ ပိုက်ဆံထပ်ပြီးဖဲကစားကြတယ်။ အိမ်ပေါ်လာပြီး အစုအဝေးနဲ့ အတင်းတွေပြောကြတယ်။ ဟီးဟီးဟားဟား လုပ်ကြတယ်။ သူရှိ နေတုန်းက သူ ကျွန်တော့်ကို နေ့တိုင်းဟင်းချက်ကျွေးတယ်။ အိမ်သန့်ရှင်းရေးတွေ လုပ်ပေးတယ်။ ဒါပေမယ့် သူလုပ်ပေးတာထက် သူ လုပ်နေတာတွေက ကျွန်တော့်အတွက် စိတ်ခုစရာ အကြီးကြီးတွေ တဖြည်းဖြည်းဖြစ်လာတယ်။ ကျွန်တော် မခံနိုင်ဘူး။ ကျွန်တော် နားမ ငြီးချင်ဘူး။ သူက အစောကြီးမဟုတ်တာတောင် မနက် ငါးနာရီခွဲလောက်ဆို အိပ်ယာကထတယ်။ ကျွန်တော့်ကို ပုံမှန် မနက် ၇နာရီမှာ နှိုး တယ်။ ကျွန်တော်က အိပ်ချင်တဲ့ အချိန်မှာ အိပ်ပြီး နိုးချင်တဲ့ အချိန်မှာ နိုးတယ်။ သူက အဲဒါကို မကြိုက်ဘူး။ ပုံမှန် နိုးထခိုင်းတယ်။ ကျွန်တော်က ဘာသာပြန်တဲ့ အလုပ်အပြင် တစ်ခါတစ်ရံမှာ ကဗျာတွေ စာတွေ ရေးလေ့ရှိတယ်။ အာရုံလာတဲ့အချိန်တွေဆိုရင် အိပ်ယာ ထဲရောက်ပြီး အိပ်ပျော်နေပြီးတစ်ရေးနိုးလည်း စာတွေ ထရေးချင် ရေးတတ်တယ်။ တစ်ခါတစ်ရံမှာ အာရုံစီးသွားတဲ့ အချိန်မျိုးဆိုရင် ကျွန်တော် မနက်အထိ တစ်မှေးမှ မမှေးဘဲ အလုပ်လုပ်ဖြစ်တယ်။ မနက်ကျမှ တံခါးဝမှာ လာထားသွားတဲ့နို့ပုလင်းကိုယူပြီး မနက်စာ စားပြီး ပြန်အိပ်တတ်တာမျိုးတွေရှိတယ်။ သူက ဒါကို မကြိုက်ဘူး။ကျွန်တော် အဲဒီလိုလုပ်တဲ့အချိန်တိုင်းမှာ သူကျွန်တော့်ကို ပွစိပွစိ အမြဲပြော တတ်တယ်။ အိမ်ထဲမှာ စာအုပ်တွေ ပွနေတာ အကျီတွေ မီးပူမတိုက်ရသေး မလျှော်ရသေးတာတွေရှိရင် သူအမြဲအော်တတ် ဆူတတ်တယ်။ အဲဒီလို ဆူနေ အော်နေတဲ့ အချိန်တွေဆိုရင် ကျွန်တော် နားငြီးလွန်းလို့ အိပ်လို့မရတော့ဘူး။ တစ်နေကုန်လည်း စိတ်မကြည်တော့ဘူး ။ အလုပ်လုပ်ရတာလည်း စိတ်မပါတော့ဘူး။

နေ့လယ်လောက်ဆို သူ့အပေါင်းအသင်းတွေလာပြီ။ တနင်္ဂနွေနေ့ဆို ပိုဆိုးတယ်။ သူတို့က ဘုရားကျောင်းသွားကြတာမဟုတ်ဘူး။ အိမ်မှာတင် ရှိခိုးကြတယ်။ သူတို့ အပေါင်းအသင်းတွေထဲမှာ သင်းအုပ်ဆရာတစ်ယောက်ပါတယ်။ သိပ်စကားများတဲ့လူပေါ့။ နေ့လယ် ပိုင်းဆို ကျွန်တော် ကျွန်တော့်ကို အလုပ်အပ်တဲ့လူတွေနဲ့ စကားပြောချင် ပြောမယ်။ ကျွန်တော့် အာရုံနဲ့ကျွန်တော် စာရေးချင် ရေးမယ်။ အလုပ် လုပ်ချင်လုပ်မယ်။ အခုတော့ သူတို့ရှိနေတဲ့အတွက် ကျွန်တော်လုပ်ချင်တာကို လုပ်လို့မရဘူး။ သူတို့ စကားသံတွေ ရယ်မော သံတွေ အတင်းပြောသံတွေက ကျွန်တော့်အာရုံကို လာလာထိခိုက်နေတယ်။ ကျွန်တော် နားထဲမှာ နားကြပ်တပ်ပြီး သီချင်းတွေ နားထောင်ရင်း အလုပ်ကိုလုပ်ရတယ်။ အရေးထဲမှာ ဖွင့်ထားတဲ့ သီချင်းက အေးအေးဆေးဆေး ပေါ့ပ် သီချင်းမျိုးတွေဖြစ်နေရင် သူတို့ ရယ်မော အော်ဟစ်နေသံတွေ ချက်ပြုတ်နေသံတွေက ကျွန်တော့်နားထဲ ပြန်ဝင်လာပြန်ရော။ ရော့ခ်တို့ မက်တယ်တို့ နားထောင်ပြန် တော့လည်း တအားနားငြီးပြန်တော့ အလုပ်က လုပ်မရပြန်ဘူး။ သူတို့ရှိနေတာ ကျွန်တော့် အတွက်တော့ အကြီးအကျယ် အနှောင့် အယှက်ပဲ ။ ကျွန်တော့်အိမ်ကိုလူတွေ အများကြီးခေါ်ပြီး မဆူညံပါနဲ့လို့ ကျွန်တော် ပြောကြည့်ဖူးတယ်။ သူက

“ နင်က တစ်နေကုန် အိမ်မှာ ဘာအလုပ်မှ မလုပ်ဘဲနေနေပြီးတော့ ဒီလောက်လေးဆူညံတာကို ဘာအပြစ်ပြောချင်နေတာလဲ” တဲ့။

အနုပညာဟာအလုပ်တစ်ခုပါလို့သူ့ကိုပြောရင် သူနားလည်မှာမဟုတ်တော့ ကျွန်တော်တိတ်လိုက်တော့တယ်။ နှစ်ယောက်တည်းနေပြီး စကားတွေများနေရမယ့် အဖြစ်မျိုးကိုလည်း ကျွန်တော် မလိုချင်ဘူးလေ။ ဒါပေမယ့် ဒီအလုပ်ကနေ သူနဲ့ကျွန်တော် ထမင်းစားဖို့ ပိုက်ဆံရနေတယ်ဆိုတာကိုတော့ သူမေ့ထားတယ်။ သူ့အပြောကတော့ အပြင်က ရုံးတွေ Company တွေမှာ အလုပ်လုပ်ရင် ကျွန်တော် ရထားတဲ့ ဘွဲ့တွေနဲ့ဆို လစာ ကောင်းကောင်းရနိုင်တယ်။ တိုက်အသစ်ဝယ်နိုင်တယ်။ ကားအသစ်ဝယ်နိုင်တယ်တဲ့။သူများလက်အောက် မှာ အလုပ်လုပ်ရတာ ဘယ်လောက်အထိ စိတ်ဖိစီးစရာတွေများတယ်၊ ဘယ်လောက်သေချင်စော်နံချင်စရာကောင်းတယ် ဆိုတာကို သူ နားမလည်ဘူး။ သူကိုယ်တိုင်လည်း သူများလက်အောက်မှာ တစ်ခါမှ အလုပ်မလုပ်ခဲ့ဖူးဘူးလေ။ တကယ့်တကယ် အလုပ်လုပ်ရတာက နည်းနည်း။ တစ်ယောက်နဲ့ တစ်ယောက် ကျော်ခွ တိုက်ခိုက်နေကြတာတွေကို ကျွန်တော် သည်းမခံနိုင်ဘူး။ ဒီကြားထဲ သူဌေးက ပါဝါပြ တာနဲ့၊ မန်နေဂျာက သူ့ကို ဆရာမခေါ်လို့ နှိမ်ရတာနဲ့ ၊ အို ..ဘာတွေမှန်းကို မသိပါဘူး။ ကျွန်တော် လူ့အဖွဲ့အစည်းကြီးကို သိပ်စိတ် ပျက်တယ်။ ကျွန်တော်ဆယ်ကျော်သက်ဘ၀က အဲ့ဒီလိုပြောပြခဲ့ဖူးတယ်။ သူ ကျွန်တော့်ကို အမြင်မကြည်ဘဲ ဖြစ်နေခဲ့တာ အခုအရွယ် အထိပဲ။

ကျွန်တော်သူတို့ပါးစပ်တွေ တိတ်သွားတဲ့အချိန် ညဘက်ဖြစ်စေ နေ့ခင်းနေ့လယ် သူတို့ တစ်ရေးတစ်မော အိပ်နေတဲ့အချိန်တွေဖြစ်စေ အဲ့လိုအချိန်တွေမှာ အလုပ်လုပ်တယ်။ အိပ်ရေးမ၀တာတွေ ၊ စိတ်မကြည်တာတွေကြောင့် ကျွန်တော် အလုပ်ကို ကောင်းကောင်းလုပ်လို့ မရဘူး ။ ဒီကြားထဲ သူက မုန့်ဖိုးခဏခဏတောင်းတယ်။ မရှိတော့ဘူးလို့ ပြောမိရင် “ငါ မင်းတို့ငယ်ငယ်တုန်းက မင်းတို့တောင်းရင် တစ်ခါမှ မျက်နှာမမဲ့ဖူးဘူး။မင်းအလှည့်ကျတော့ .. ”ဆိုပြီး တစ်နေကုန် ဓါတ်ပြားအစုတ်ကြီးကို တဂီးဂီးလှည့်တော့တာပဲ။ သူ အနီးနားမှာ ရှိနေတဲ့အတွက် ကျွန်တော် ထမင်းကို ပုံမှန် စားရတယ်။ အချိန်မှန် အိပ်ယာထရတယ်။မနက် မထနိုင်ရင် နားငြီးလွန်းလို့ ညတွေ ကျွန်တော် စာရေးချင်ရင်တောင် မရေးတော့ဘဲ ကျိတ်မှိတ်အိပ်ရတယ်။ သူအလုပ်မလုပ်ဘူးလို့ပြောနေတဲ့ ကျွန်တော့်ကို အလုပ်လုပ် နေပါတယ်ဆိုတာ သူသိရအောင် အလုပ်တွေသူ့ရှေ့မှာ တမင်ကြိုးစားပြရတယ်။ ဒီလို ဟန်ဆောင်နေရတဲ့ အမှုကို ကြာတော့ ကျွန်တော် ငြီးငွေ့ပင်ပန်းလာတယ်။ နောက်ဆုံးတနင်္ဂနွေ တစ်နေ့မှာ ကျွန်တော် သူ့ကို အကြေအလည် ဆွေးနွေးပြီး တစ်လကို သူ့အတွက် ငွေ အလုံအလောက်ပို့ပေးပါမယ်ဆိုတဲ့ ကတိနဲ့ ကျွန်တော်နဲ့ မိုင် ၂၀၀ ဝေးတဲ့ သူ့ရပ်ရွာကို ပြန်ခိုင်းလိုက်တော့တယ်။

ဒီလိုကတိခံလိုက်ရတဲ့အတွက် ကျွန်တော် ပိုက်ဆံကို ပိုရှာလာရတယ်။ အရင်က အေးအေးချမ်းချမ်း နေလာခဲ့တဲ့ ကျွန်တော့်ဘ၀ဟာ လကုန်ရင် သူ့ကို ပို့ရတော့မယ့်ပိုက်ဆံအတွက် ပူတတ်လာတယ်။ ကျွန်တော်အလုပ်ပိုလုပ်ရတယ်။ တစ်လတစ်ခါ ပုံမှန်ပို့ရတဲ့အပြင် ကြားထဲမှာ သူဖုန်းဆက်ရင် ဆက်သလိုကျွန်တော် ပိုက်ဆံ ပို့ပို့ပေးရတယ်။ မပို့ရင် ကျွန်တော့်ဆီ ပြန်လာနေတော့မယ်လို့ သူခဏခဏ ပြောတတ်တယ်။ ကျွန်တော်ကလည်း သူပြန်မလာရင် ပြီးရော သူတောင်းတဲ့ ပိုက်ဆံကို အလျင်မီအောင် ကျွန်တော်ပို့တယ်။ ပို့နိုင်ဖို့ကို ကျွန်တော် အလုပ်တွေအများကြီးလုပ်လာရတယ်။ ကျွန်တော်ကဗျာမရေးဖြစ်တော့ဘူး။ ကျွန်တော် တဖြည်းဖြည်းနဲ့ စီးပွားရေးသမားကြီး တစ်ယောက်နဲ့ တူတူလာတယ်။ လောဘထားတတ်လာတယ်။ ကြာတော့ စိတ်ညစ်လာတယ် ။စိတ်ပျက်လာပြီး သူဖြစ်စေ ကျွန်တော် ဖြစ်စေ တစ်ယောက်ယောက်တော့ မရှိတော့မှ ဖြစ်မယ်ဆိုတဲ့အထိကို ကျွန်တော် တွေးမိလာတယ်။

“ခင်ဗျားရောဘာအလုပ်လုပ်လဲဗျ။”
ကျွန်တော့်ဘေးကအင်္ကျီဖြူနဲ့လူက မေးတယ်။
“ကျွန်တော်ဘာသာပြန်ပါတယ်။”
“အော်.. ဒါဆို အင်္ဂလိပ်စာ ကျွမ်းရမှာပေါ့။”

ဘာသာပြန်တယ်ဆိုတာ အင်္ဂလိပ်စာတစ်ခုတည်းက ပြန်တာမဟုတ်ဘူးဆိုတာရယ် .. ကျွန်တော် ဘာသာပြန်နေတာက ဂျပန်ဘာသာ ကနေ ပြန်နေတာဆိုတာရယ်ကိုတော့ သူ့ကိုပြန်မရှင်းပြမိဘူး။ ဒါပေမယ့် ဒီလူကိုတော့ ကျွန်တော် စိတ်ဝင်စားတယ်။ ကျွန်တော်သာ ထောင်ကျခဲ့မယ်ဆိုရင် ကျွန်တော့်မှာ အခုရှိနေတဲ့ အပူတွေကို ကျွန်တော် မခံစားရတော့ဘူး ။ အခုလက်ရှိဘ၀ကြီးကို ကျွန်တော် သိပ် စိတ်ညစ်တယ်။ ပိုက်ဆံရဖို့ အလုပ်လုပ်နေရတဲ့အတွက် လူပေါင်းစုံကို မဆက်ဆံချင်လည်း ဆက်ဆံနေရတယ်။ ကျွန်တော် ရူးချင်နေပြီ။ စိတ်ပျက်စပြုနေပြီ။ ကျွန်တော် ဒီလူကို မေးလိုက်တယ်။

“တကယ်လို့ပေါ့။ကျွန်တော် ထောင်ထဲဝင်ချင်တယ်ဆို ခင်ဗျား ကျွန်တော့်ကို ဘယ်လိုကူညီနိုင်မလဲ။”

အင်္ကျီဖြူနဲ့လူကကျွန်တော့်ကို ဘေးဘီကြည့်ပြီး ယာယီတဲနဲ့ ခပ်လှမ်းလှမ်း ကော်ဖီဆိုင်ထဲ ဆွဲခေါ်သွားတယ်။သူ့လိုမျိုး ဖိုင်တွဲ တွေနဲ့ လူတစ်ချို့ကိုလည်း ကျွန်တော် ထောင်ဗူးဝ အနီးနားတွေမှာတွေ့နေရတယ်။ ထောင်ရဲ့ အုတ်နံရံတွေမှာတော့ “ ပွဲစားများ မ၀င်ရ” ဆိုတဲ့ ဆိုင်းဘုတ်ကြီးတွေက ထင်းလို့ပေါ့။

ဆိုင်ထဲရောက်တာနဲ့ဘာမှမမှာဘဲ အဲဒီ အင်း .. ပွဲစားပေါ့ ။ အဲဒီပွဲစားက ကျွန်တော့်ကို မေးတယ်။
“ခင်ဗျားအရင်က ထောင်ကျဖူးလား။”
“ဟင့်အင်း။ ခုမှ ကျွန်တော် စ၀င်မှာ။ အထဲရောက်ရင် ခင်ဗျားပြောသလို အားလုံး ဖြစ်မယ်ဆိုတာ သေချာပါတယ်နော်။”
ပွဲစားကဟန်ပါပါပြန်ပြောတယ်။
“မဖြစ်ရင် ခင်ဗျားပိုက်ဆံ ပြန်အမ်းမယ်။ ဒါထက် ခင်ဗျား ဘာမှုနဲ့ ၀င်ဖို့ စိတ်ကူးထားလဲ။”
ကျွန်တော်က ဘာမှမတွေးရသေးကြောင်းနဲ့ ကျွန်တော် အပြင်မထွက်တာ ကြာပြီလို့ပါ ထည့်ပြောလိုက်တယ်။ ဘာကြောင့်မှန်းမသိ ပွဲစားရဲ့ မျက်လုံးက အရောင်တစ်ချက် ထွက်လာတာကို ကျွန်တော် တွေ့လိုက်သလိုပဲ။ သူကခေါင်းညိတ်ပြတယ်။
“ကျွန်တော်နားလည်ပြီ။ဒါဆို ခင်ဗျားက ခုမှ စ try မှာပေါ့ ။ ဆိုတော့ … ”
ကော်ဖီခုံကိုသူလက်ဆစ်နဲ့ တဒေါက်ဒေါက်နဲ့ ခေါက်ရင်း အံကြိတ်ရင်း တွေးတွေးဆဆဟန်နဲ့ ပြောတယ်။
“ဒီလိုလုပ်။ ခင်ဗျားက ဘာသာပြန်ဆရာဆိုတော့ စာအုပ်ဆိုင် တစ်ဆိုင်ဆိုင်ဝင်ပြီး စာအုပ်တစ်အုပ်ဝယ်လိုက်။ အဲဒီစာအုပ်ကို ပိုက်ဆံ မပေးဘဲ နေလိုက်။ ဒါဆို ခင်ဗျားကို သူတို့ဖမ်းကြလိမ့်မယ်။ ဒါဆိုခင်ဗျားထောင်ထဲရောက်ပြီ။”
“ပန်းချီဆရာနဲ့ခပ်ဆင်ဆင်ပဲပေါ့။”
“ဟုတ်တယ်။”
သူခေါင်းညိတ်ပြတယ်။
“ဒါဆိုကျွန်တော် ဘယ်နှနှစ်လောက် နေရမလဲ။”
ကျွန်တော့်အမေးကိုသူ ကျွန်တော့်ကိုကြည့်ပြီး ပြန်ဖြေတယ်။
“ပုံမှန်ကတော့ သာမန်ခိုးမှုတွေက တစ်ပတ်နှစ်ပတ်နဲ့ ဒဏ်ငွေလောက်ပဲရိုက်တယ်။ ဒါပေမယ့် ခင်ဗျား ကျွန်တော်နဲ့လုပ်မယ်ဆိုရင်တော့ ခင်ဗျားကို ပန်းချီဆရာလိုမျိုး နှစ်နှစ်လောက်နေလို့ရအောင် လုပ်ပေးမယ်လေ။”

၂နှစ် ။ အင်း .. ဒါလောက်ဆို မဆိုးလှဘူး။ ၂ နှစ်လောက်အတွင်းမှာ ကျွန်တော်အလုပ်တွေ အများကြီးပြီးနိုင်တယ်။ အနည်းဆုံးတော့ နားအေးပါးအေးရှိမယ်။ ဘာတာဝန်မှ ယူဖို့မလိုတော့ဘူး။ ပိုက်ဆံ အများကြီးမရလည်း ကျွန်တော် စိတ်ချမ်းချမ်းသာသာ နေနိုင်သွားပြီ။ ဖတ်ချင်တဲ့ စာအုပ်ကို ဖတ်နိုင်မယ် ။ရေးချင်တဲ့စာကို ရေးနိုင်မယ်။ ၀ါသနာပါရာအလုပ်ကို ကျွန်တော် စိတ်ဖြောင့်ဖြောင့်နဲ့ လုပ်နိုင်သွား တော့မယ်။

ပွဲစားနဲ့ကျွန်တော် ဈေးညှိတယ်။ သူတောင်းတဲ့ဈေးက တော်တော်မြောက်ပေမယ့် ၂ နှစ်ဆိုတဲ့ မက်လုံးက ကျွန်တော့်ကို မြှူဆွယ်နေပြီ ဆိုတော့ ကျွန်တော် အများကြီးမငြင်းလိုက်ဘူး။ သူက ကျွန်တော့်ကို ကျွန်တော့်မိသားစုတွေဘယ်သူမှထောင်ဝင်စာလာမတွေ့နိုင်အောင် လုပ်ပေးမယ်လို့ပါဆိုတယ်။

“ခင်ဗျားရှေ့မှာ ခင်ဗျားလိုပဲ အကြောင်းအမျိုးမျိုးကြောင့် ထောင်ထဲဝင်ချင်နေကြတဲ့လူတွေ အများကြီးရှိတယ်ဗျ။ အထူးသဖြင့်ကတော့ ထောင်ထဲမှာ အေးအေးနေရတော့ အပြင်မှာ နေပူကျောပူ လက်ကြောတင်းအောင် အလုပ်မလုပ်ချင်တဲ့လူတွေပေါ့။ သူတို့လုပ်ထားတဲ့ အမှုတွေကို ရုံးတင်ရဦးမှာတွေ အများကြီး ကျန်သေးတယ်။ ဒါကိုတော့ ခင်ဗျားစောင့်ရမယ်။”
ကျွန်တော်ဘယ်လောက် စောင့်ရမလဲဆိုတဲ့ အမေးကိုသူက ..
“သေချာတော့မပြောနိုင်ဘူး။ တစ်နှစ်လည်း ဖြစ်နိုင်တယ်။ နှစ်နှစ် သုံးနှစ်လည်း ဖြစ်နိုင်တယ်။ ခုချိန်က အပြင်မှာ ဘယ်သူမှ မနေချင် ကြတော့ဘူး။ အပြင်မှာဆို မိသားစု အရေးတွေ တခြားတခြား အရေးတွေနဲ့စိတ်ရှုပ် ခေါင်းပူကြရတော့ အေးအေးနေရတဲ့ ဒီလမ်းကိုပဲ ရွေးချင်နေကြတော့တာပဲ။ ဒါကြောင့်ခင်ဗျား စောင့်ရလိမ့်မယ်။ ခင်ဗျားလိုလူ ခင်ဗျားတစ်ယောက်တည်းတော့ မဟုတ်ဘူး။”

ကျွန်တော်ဒီလောက်ထိ မစောင့်နိုင်ဘူး။ ဒီလောက်မစောင့်နိုင်ဘူးလို့ပါ ပွဲစားကိုပြောပြလိုက်တယ်။ ပွဲစားက သူ့ခွင်ထဲရောက်လာတဲ့ အမဲလို ကျွန်တော့်ကို ကြည့်ပြီး ပြုံးပြတယ်။ သူ့ထုံးစံလားမသိတဲ့လက်ဝါးကြီးနှစ်ဖက်ကို တဂျိဂျိ ပွတ်ပြီး ကျွန်တော့်ကိုပြောတယ်။
“ဒါဆိုရင်တော့ ခင်ဗျား အမှုကို အရင်ဆုံး ရုံးတင်အောင်ကျွန်တော် လုပ်ပေးလို့ရတယ်။ အထဲမှာ ကျွန်တော့်လူတွေချည့်ပဲ ။ ခင်ဗျားကို ကျွန်တော့်တရားသူကြီးနဲ့ အမှုစစ်အောင် လုပ်ပေးလို့ရတယ်။ ဘယ့်နှယ်လဲ။”

သူ တောင်းတဲ့ဈေးကို ကျွန်တော် မငြင်းဘူး။ သူနဲ့ ကျွန်တော် ဈေးညှိပြီးသွားတဲ့အချိန်မှာ ကျွန်တော် အိမ်ပြန်လာတယ်။ ကျွန်တော့် အကောင်အထည်ကို နက်ဖြန် ဖော်ဖို့နဲ့ အဲဒီစာအုပ်ဆိုင်မှာ သူပါရှိနေမယ့်အကြောင်း သူပြောတယ်။ ကျွန်တော့ ခြေလှမ်းတွေ သွက်နေ တယ်။ တစ်ညလုံးလည်း အိပ်မပျော်ဘူး။ကျွန်တော် ပျော်သလို ဖြစ်နေမိတယ်။ ထောင်ထဲရောက်ရင် ကျွန်တော် စာတွေရေးမယ်။ စာတွေ ဖတ်မယ်။ ဘာသာပြန်တဲ့ အလုပ်ကို ဆက်လုပ်မယ် ။ အားကစားလုပ်မယ်။ ကိုယ့်ကိုကိုယ် သန့်သန့်ရှင်းရှင်းနဲ့ထောင်ထဲမှာ ဘ၀သစ် ပြန်စဖို့ ကျွန်တော် စိတ်ကူးရတယ်။

နောက်နေ့မနက် ကျွန်တော် အဲဒီစာအုပ်ဆိုင်ကို သွားတယ်။ ကြိုတင်ကြံစည်ထားတဲ့အတိုင်းပဲ အဲဒီစာအုပ်ဆိုင်က စာအုပ်တစ်အုပ်ကို ကျွန်တော်ခိုးယူလိုက်တယ်။ အားလုံးဟာကြိုတင်ပြင်ဆင်ထားတဲ့အတိုင်းပဲကွက်တိဝင်သွားပြီးတော့ကျွန်တော့်ပွဲစားဟာလည်း ကျွန်တော် စာအုပ်ခိုးတာကို မြင်လိုက်ရတဲ့ သက်သေအဖြစ် တရားရုံးမှာအတူတူတွဲတင်ခံလိုက်ရတယ်။ ကျွန်တော့်အမှုဟာ တစ်ပတ်တောင် မကြာ လိုက်ပါဘူး။ ပွဲစားပြောလိုက်သလိုပဲ ကျွန်တော် ထောင်နှစ်နှစ်ကျသွားတယ်။ ကျွန်တော့်ကို ကျွန်တော်နေနေတဲ့မြို့နဲ့ နှစ်မြို့ကျော် လောက် ဝေးတဲ့ ထောင်ကို ပို့လိုက်ကြတယ်။

ထောင်ဟာ ကျွန်တော့်သူငယ်ချင်း ထောင်ထွက်ပြောလိုက်တဲ့အတိုင်းပဲ။ အားလုံးပြည့်စုံတယ်။ ကျွန်တော်အရင်က စာအုပ်တွေထဲ ဖတ်ခဲ့ ဖူးသလို ထောင်ထဲမှာ ဆူညံ နံစော်နေမယ်ဆိုတာတွေ တစ်ခုမှ မရှိဘူး။ကျွန်တော့်အခန်းကိုရောက်ဖို့ ကျွန်တော့်ကို လက်ထိပ်ခတ်ပြီး ခေါ်သွားပေမယ့် အခန်းထဲရောက်တဲ့အခါမှာသူတို့ ကျွန်တော့်ကို လက်ထိပ်ဖြုတ်ပေးပြီး လိုက်ပို့တဲ့ အရာရှိက သူ့နံမည်နဲ့သူ့ရာထူးကို မိတ်ဆက်ပြီး သူဟာ ဒီထောင်မှာ တာဝန်ကျနေသူ ဖြစ်တဲ့အတွက် လိုအပ်သမျှ သူလုပ်နိုင်တာဆို လုပ်ပေးပါ့မယ်ဆိုတဲ့အကြောင်း ပြော တယ်။

ထောင်ထဲမှာကျွန်တော် စာရေးတယ်။ စာဖတ်တယ်။ ကျွန်တော့်ကို အလုပ်လာအပ်တဲ့လူတွေကိုလည်း ကျွန်တော်ထောင်ဝင်စာတွေ့တဲ့ အချိန်မှာ အေးအေးဆေးဆေး တွေ့နိုင်တယ်။ ကျွန်တော် ထောင်ကျနေတဲ့အတွက်အလုပ်လည်းမပျက်ဘူး။ laptop သုံးလို့ မရပေမယ် လို့ စာအုပ်နဲ့ ဘောပင်ကတော့ ဖောဖောသီသီရတယ်။ကျွန်တော်ဟာ ၀တ္ထုတို ရှည်တွေနဲ့ ဆောင်းပါး တွေကို ဘာသာပြန်ရာမှာ အတိုင်းအတာတစ်ခုအထိ နံမည်ရပြီး ဖြစ်တာရယ် .. စီးပွားရေးသမား တစ်ယောက် မဟုတ်တာရယ်တွေကြောင့် ကျွန်တော့်ဆီမှာအလုပ် အပ်ချင်တဲ့လူတွေ ပေါများတယ်။ ဒါကြောင့် ကျွန်တော် ထောင်ကျနေတယ်ဆိုတာရယ် .. လက်ရှိနေတဲ့မြို့နဲ့နှစ်မြို့ကျော် ဝေးတဲ့ ခရီး ရယ် ဆိုတာတွေဟာ အလုပ်တကယ်အပ်ချင်သူတွေအတွက် အခက်အခဲ မဟုတ်လှဘူး။

နှစ်နှစ်ဆိုတဲ့အချိန်ဟာ ဖျော ခနဲ ကုန်ဆုံးသွားတယ်။ ကျွန်တော် ထောင်ထဲက မထွက်ချင်ဘူး။ မထွက်ချင်သေးဘူး။ ကျွန်တော် လောက အပူကို မနင်းချင်ဘူး။ ထောင်ဟာ ကျွန်တော့်အတွက် အေးချမ်းတယ်။ ဖော်ရွေတယ်။ တိတ်ဆိတ်တယ်။ထောင်ထဲမှာနေရတာဟာ အပြင်မှာလို နေပူလည်းမခံရဘူး ။ အမေ့အတွက်ဆိုပြီး တစ်လနဲ့ တစ်လ ပိုက်ဆံကိုကုတ်ခြစ်နေဖို့လည်း မလိုဘူး။ ကျွန်တော်ထောင်ထဲ မှာပဲ နေချင်တယ်။ ဒါပေမယ့် ကျွန်တော့် ထောင်သက်က စေ့သွားပြီ။

ကျွန်တော်ထောင်က ထွက်လာတော့ ထောင်တံခါးက ထွက်ထွက်ချင်း ထိလိုက်ရတဲ့လေဟာ တအားကို ပူတယ်။ ကျွန်တော်ထောင်က ထွက်လာတဲ့အခါမှာ ဘယ်သူကမှလာမကြိုကြသလို ဘယ်ခိုအုပ်မှလည်း ကျွန်တော့်ရှေ့ကဖြတ်မပျံကြဘူး။ ကျွန်တော်ကတော့ဘယ်သူ့ ကိုမှ မတွေ့ရတာကို ပိုကြိုက်တယ်။

ကျွန်တော်အိမ်ပြန်ရောက်တာနဲ့ ကျွန်တော့်ကိုအလုပ်အပ်လေ့ရှိတဲ့လူတွေဆီဖုန်းဆက်ပြီး ကျွန်တော် ထောင်ကလွတ်ပြီဖြစ်တဲ့အကြောင်း ဖုန်းဆက်ရတယ်။ အမေ့ဆီတော့ မဆက်တော့ပါဘူး။ သူ့မပြောလည်းပြသနာမှ မရှိတာ။ ကျွန်တော် မရှိတဲ့အတွက် သူ့မှာအသုံးအစွဲ နည်းနည်း ကြပ်သွားနိုင်တာကလွဲရင် သူ့မှာသီးပင်စားပင်တွေ စိုက်တဲ့ စိုက်ခင်းကြီးတစ်ခုရှိနေတာကြောင့် ငတ်မယ်တော့ မထင်ဘူး။ ပုံမှန် ၀င်ငွေတော့ ရနေမှာပဲ ။ ကျွန်တော် သူ့အတွက် မပူပါဘူး။ ထောင်ထဲဝင်လိုက်ရတဲ့အတွက်ကျွန်တော့်မှာပိုပြီးလွတ်လပ် အေးချမ်း လာသလိုပဲ။ စာတွေပိုဖတ်ဖြစ်တော့ ဗဟုသုတပိုကြွယ်လာတယ်။နေရတာပိုပြီးပေါ့ပါးလာသလိုပဲ။ ကျွန်တော့် သစ်ပင်တွေနဲ့ ကျွန်တော် ပျော်ပျော် ပြန်နေတယ်။ အရင်လိုပဲအလုပ်အပ်တဲ့လူတွေနဲ့ အေးအေးဆေးဆေး ပြန်ပေါင်းသင်းတယ်။ ထောင်ဟာ ကျွန်တော့်ကို အရာ အားလုံး အရင်လိုနေသားတကျဖြစ်အောင် ပြန်ပြီးလုပ်ပေးလိုက်တဲ့နေရာပဲ ။ ကျွန်တော်နေခဲ့ရတဲ့ နေရာကို ပြန်လွမ်းတယ်။

အရာရာအားလုံးနေသားတကျ အရင်အတိုင်းပြန်ဖြစ်ပြီလို့ တွေးနေတုန်းမှာထောင်ကထွက်လာပြီး ၁၁ ရက်လောက်အကြာ တနင်္ဂနွေ နေ့တစ်နေ့မှာအမေဟာအပူထုံးကြီးတစ်ခုကိုသိုးမွေးတုံးကြီးလိုပိုက်ပြီး ကျွန်တော့်အိမ်ကိုရောက်လာပြန်တယ်။ ကျွန်တော့်ကိုတွေ့တော့ အမေငိုတယ်။ ကျွန်တော် ထောင်ကျသွားတဲ့နေရာကိုသူစုံစမ်းပေမယ့် သူမသိရလို့ လာမတွေ့ခဲ့ရတာကိုခွင့်လွှတ်ပါတဲ့။ သူဒီလိုစုံစမ်းလို့ မရအောင်ဘဲ ကျွန်တော် လုပ်ခဲ့တာလေ။ သူလာရင် ပြသနာတစ်ခုပါလာမယ်ဆိုတာ ကျွန်တော် သိနေလို့ဘာဖြစ်လာတာလဲလို့ မေးလိုက်တော့ အစကတည်းကပြောချင်လွန်းလို့ရောက်လာတဲ့ သူဟာ ပါးစပ်ကိုရေပန်းတစ်ခုလိုတရဟောဖွင့်ချတော့တာပဲ။

သူလောင်းကစားလုပ်လိုက်လို့သူ့သီးပင်စားပင် စိုက်ခင်းနဲ့ အိမ်ကိုရောင်းလိုက်ရတဲ့အကြောင်းနဲ့ ခု သူ့သူငယ်ချင်းတစ်ယောက်အိမ်မှာ ကပ်နေနေတဲ့အကြောင်းတွေကို ကျွန်တော့်ကို လွမ်းလောက်အောင် ပြောတယ်။ ကျွန်တော်တို့မှာ သိပ်ချမ်းသာတဲ့ ဘီလျံနာအဒေါ် တစ်ယောက်ရှိတယ်။ သူ့ကို ကျွန်တော်ကလုံးဝကင်းကင်းနေပေမယ့် ကျွန်တော့်အမေကတော့ လုံးဝမကင်းဘူး။ ခု သူကလည်းအမေ့ကို မကူညီနိုင်တော့ဘူးလို့ပြောလွှတ်လိုက်တယ်တဲ့။ ဒီတစ်ခါ သူကကျွန်တော့်ကို အလဲအလှယ်တစ်ခုလုပ်သလိုပြောလာတယ်။ စိုက်ခင်းကို ပြန်ဝယ်ပေးပါတဲ့။ စိုက်ခင်းကရှာလို့ရတဲ့ငွေနဲ့ပဲ သူသုံးမယ် ။ သူ့ငွေသူ ရှာမယ့်သဘောပေါ့။ နေတာကတော့ ကျွန်တော့်အိမ်မှာပဲနေပါ မယ်တဲ့။ သူဒီမှာနေနေတဲ့အတွက် သူ့ရဲ့ကုန်ကျစရိတ်တွေကို ကျွန်တော်က ပေးဖို့မလိုပါဘူးတဲ့ ။

ကျွန်တော် လေးရက်တိတိစဉ်းစားပြီးလက်ခံလိုက်ရတယ်။ ဒါပေမယ့်သူအိမ်မှာလာနေမယ့်ကိစ္စကတော့ ကျွန်တော့်အတွက် အများကြီး ပိုကောင်းလာဖို့မရှိဘူး။ သူ့စကားကိုလည်း ကျွန်တော် မယုံဘူး။ ဒါပေမယ့် ကျွန်တော်ငယ်ငယ်တုန်းက သူဘယ်လိုလုပ်ပေးခဲ့တယ် ဆိုတာတွေ ပြန်ပြောပြီးဓါတ်ပြားဟောင်းကြီး ပြန်လည်နေမှာစိုးလို့ ကျွန်တော် ထောင်ထဲမှာရလာခဲ့တဲ့ ငွေတွေနဲ့ သူ့စိုက်ခင်းကို ပြန် ၀ယ်ပေးလိုက်ရတယ်။ နှစ်နှစ်တိတိ ကျွန်တော် အချိန်ယူတည်ဆောက်လာတဲ့ ကျွန်တော့်ရဲ့ ကိုယ်ပိုင်ကမ္ဘာလေးဟာ အဲဒီတနင်္ဂနွေ တစ်နေ့ထဲနဲ့တင် အားလုံးအငွေ့ပျံသွားခဲ့တယ်။

နောက်နေ့မနက်ကျွန်တော် မြို့ထဲကိုထွက်တယ်။ မြို့ထဲကနေ ကျွန်တော့်ကို ထောင်ထဲရောက်ဖို့ ကူညီခဲ့တဲ့ ပွဲစားင်္ဆီ ဖုန်းဆက်တယ်။ ကံကောင်းတာက သူအဲဒီဖုန်းကိုကိုင်တုန်းပဲ။ ကျွန်တော် ဘယ်သူဘယ်ဝါဖြစ်ကြောင်းနဲ့ကျွန်တော် သူ့ကိုအခုထပ်တွေ့ချင်ကြောင်း ဖုန်းထပ်ဆက်လိုက်တယ်။ သူနဲ့ ကျွန်တော် အချိန်းအချက်ပြုပြီး ထောင်ဗူးဝက ကော်ဖီဆိုင်ထဲမှာပဲတွေ့ဖို့ပြောလိုက်တယ်။ ကျွန်တော် ထောင်ဗူးဝရှေ့ ရောက်သွားတော့ သူမရောက်သေးဘူး။ ကျွန်တော် ထောင်ဗူးဝကို ကြည့်မိတယ်။ ထောင်ဗူးဝမှာ လူတွေဟာအရင်လိုပဲ တရုန်းရုန်းနဲ့။ အရင်ကထက်တောင် ပိုများလာသလိုပဲ။ ထောင်ထဲဝင်ဖို့ Form တွေ လိုက်ရောင်းနေတယ်။“ဖောင်ဖြည့်ဖို့လား။ ဖောင်ဖြည့်ဖို့လား ”ဆိုပြီး ဖြတ်သွားတဲ့လူတိုင်းကို ပွဲစားတွေကအတင်းဝိုင်းဆွဲပြီး မေးနေကြတယ်။

အဲဒီနားကမိတ္တူဆိုင်တွေလည်းအရမ်းကိုအလုပ်ဖြစ်နေ ကြတာတွေ့ရတယ်။ထောင်ဗူးဝရှေ့ကိုရပ်လိုက်တဲ့ ကားတိုင်းကိုလည်း တံခါး တွေထိ အတင်းဝိုင်းဖွင့်ပေးပြီး ကားထဲက မထွက်ရသေးတဲ့လူကို “ ထောင်ဖောင်ဖြည့်ချင်လို့လား။ ထောင်ဖောင်ဖြည့်ချင်လို့လား။ ” ဆိုပြီး အတင်း ဆွဲမတတ် လွဲမတတ် ၀ိုင်းမေးနေကြတာတွေကိုတွေ့ရတယ်။

တစ်ခါ အဲဒီအရှေ့ကိုလာရပ်နေတဲ့ ကောင်လေးတစ်ယောက်ကိုတွေ့ရတယ်။ ကောင်လေးဟာ ခပ်ငယ်ငယ်ပဲ။ သူတစ်ယောက်တည်း ကျောပိုးအိတ်ကလေးနဲ့ ။ ဟိုကြည့် သည်ကြည့်နဲ့ ။ ပွဲစားလေးယောက်လောက်က သူ့ကို ၀ိုင်းပြီးမေးနေတာကို ကျွန်တော် မြင်နေရ တယ်။ မိတ္တူတွေ ၀ိုင်းကူးပေးနေတာလည်း တွေ့ရတယ်။ ကောင်လေးက သူတို့ကိုပိုက်ဆံတွေ ထုတ်ပေးလိုက်တာကိုလည်း တွေ့ရ တယ်။ ယာယီတဲလည်းဖွင့်ရော အဲဒီကောင်လေးကို အဲဒီတဲထဲအတင်းထိုးထည့်လိုက်ကြပြီး သူတို့လေးယောက်ဟာဘယ်နားရောက်လို့ ရောက်မှန်းမသိလောက်အောင် မြန်မြန်ဆန်ဆန် ထွက်ပြေးသွားကြတယ်။ ကောင်လေးက ကြောင်တောင်တောင်ပုံလေးပါ။ ယာယီတဲထဲ ၀င်သွားပြီးနောက်တော့ ဒေါသဖြစ်နေတဲ့ မျက်နှာနဲ့ ပြန်ထွက်လာတာကိုတွေ့ရတယ်။ ကျွန်တော် ထိုင်နေတဲ့ကော်ဖီဆိုင်ထဲကို ၀င်လာ ပြီး လူလွတ်နေတဲ့ ကျွန်တော့်ခုံမှာ လာဝင်ထိုင်တယ်။

“တကယ့်လူတွေဗျာ။ ကျွန်တော် ထောင်ဖောင် လာဝယ်တဲ့ဟာကို ကျွန်တော့်ကို ကိုယ်တိုင်လိုက်လုပ်စရာမလိုဘူး။ နေပူထဲတန်းစီစရာ မလိုဘူး။ အထဲမှာပေးရမယ့် ပိုက်ဆံတွေ သူတို့ကိုပေး။ သူတို့တန်းစီပေးမယ်ဆိုပြီး ကျွန်တော့်ကိုပိုက်ဆံတောင်းတယ်.။ ကျွန်တော်က ဒီမြို့ကမဟုတ်ဘူးဗျ။ သူတို့ပြောတာတကယ်ထင်ပြီး သူတို့တောင်းသလောက်လည်းပေးလိုက်ပြီးရော ကျွန်တော့်ကို ယာယီတဲ ဖွင့် တာနဲ့တဲထဲတွန်းထည့်ပြီး ကျွန်တော့်ပိုက်ဆံတွေနဲ့ ထွက်ပြေးသွားကြတယ်။ ဒီလောက်မျက်နှာပြောင်တိုက်တဲ့ကောင်တွေ တစ်ခါမှ မမြင် ဖူးဘူး။”

ယာယီတဲရှေ့မှာအရင်တုန်းက မမြငဖူ်းတဲ့ ဆိုင်းဘုတ် အသစ်တွေချိတ်ထားတာကိုတွေ့ရတယ်။

“ရုံးအလုပ်များနှင့် ထောင်ဖောင်များအား ကိုယ်တိုင်ဖြည့်ရန် မေတ္တာရပ်ခံပါသည်။ ပွဲစားများနှင့် ဆက်စပ်ပြီး လုပ်သောအလုပ်များ မှားယွင်းမှု၊ လိမ်လည်ခံရမှုများရှိပါက ရုံးမှ မည်သို့မှ တာဝန်ယူမည် မဟုတ်ကြောင်း။”

ထောင်တွေဟာ သိပ်ကိုလူသားဆန်တဲ့ ထောင်တွေ ဖြစ်လာတာကြောင့် လွတ်လပ်မှုတွေ အပြည့်ရှိလာတယ်။ အပြင်မှာ လုပ်ကိုင် စားသောက်ရတာတွေဟာ သိပ်ကိုခက်ခဲပင်ပန်းလာတာကြောင့် လူတွေဟာသက်သာရာသက်သာကြောင်းရှိတဲ့ ထောင်တွေကိုပဲကိုယ့်ရဲ့ ထွက်ပေါက်အဖြစ် ရွေးချယ်လာကြတယ်။ ကျွန်တော့်လိုပေါ့။ ကိုယ်တိုင် အလုပ်မလုပ်ချင်တဲ့လူတွေပါတယ်။ အေးအေးဆေးဆေး နားအေးပါးအေးနဲ့ ကိုယ့်အလုပ်ကိုယ် အပူကင်းကင်းလုပ်ချင်ကြတဲ့ လူတွေပါတယ်။ အကြောင်းအမျိုးမျိုးနဲ့ ထောင်ထဲကိုရောက်လာ ကြတယ်။ ဘာကြောင့်ပဲဖြစ်ဖြစ် ထောင်တွေကတော့ အတော်ကို အလုပ်များကြမှာပဲလို့ ကျွန်တော်တွေးတယ်။ ဒါပေမယ့် ဒါဟာ ကျွန်တော်တို့ဘ၀ရဲ့လွတ်မြောက်ရာ ဖြစ်နေရင်တော့ ကျွန်တော်တို့ ဒါကိုရွေးချယ်ရမှာပဲ။

ကျွန်တော့်လူ ရောက်လာတယ်။ သုကအရင်လိုပဲ ။ အင်္ကျီဖြူနဲ့ ဖိုင်တွဲကြီးနဲ့ ဖုန်းနဲ့ ချွေးတွေနဲ့ အလုပ်တွေရှုပ်တုန်းပဲ။
“ကိုယ့်လူပြန်လွတ်လာပြီလား။ ကျုပ်ကြားတယ်ဗျ။”
ကျွန်တော်တို့အလာပသလာပ နည်းနည်းလုပ်ကြပြီးနောက် ကျွန်တော် နောက်တစ်ခေါက် ထောင်ထဲ ထပ်ဝင်ချင်တဲ့အကြောင်း သူ့ကို ပြောပြလိုက်တယ်။ သူက မျက်လုံးပြုးကြည့်ပြီး ရယ်တယ်။
“ဘယ်လိုလဲကိုယ့်လူရဲ့ ။ လွတ်လာတာမှ နှစ်လမပြည့်သေးဘူး။ ပြန်ဝင်ချင်နေပြီလား ။ ”
ကျွန်တော့်မှာ ကိုယ်ရေးကိုယ်တာ အခက်အခဲလေးတွေရှိကြောင်း အကြမ်းဖျင်းပြောပြလိုက်ပြီး ဘယ်လိုလုပ်ရင် အဆင်ပြေနိုင်မလဲလို့ ကျွန်တော် မေးလိုက်တယ်။ သူကပြောတယ်။

“ခုက အရင်လို သိပ်မချောင်တော့ဘူးဗျ။ ထောင်ရှေ့မှာဆိုင်းဘုတ်တွေ ချိတ်ထားတာတွေ ခင်ဗျားလည်းတွေ့မှာပေါ့။ အလိမ်အလည် တွေကတအားများလာတာ။ များလာဆိုထောင်ထဲ ၀င်ချင်တဲ့လူတွေကလည်းများလာတာကိုး။ ဆိုတော့ ခုထောင်တွေကရောက် လာသမျှ အကျဉ်းသားတွေကိုအတော်ကိုစီစစ်ပြီးရွေးချယ် ထောင်ချနေရတယ်ဗျ။ အရင်လိုအမှုသေးသေးလေးတွေလောက်ဆိုဒဏ်ရိုက် လိုက်တာ လောက်နဲ့ဆိုပြီးသွားပြီ။ ခင်ဗျားအရင်တစ်ခါကလိုမျိုးခိုးမှုလောက်နဲ့ ထောင်နှစ်နှစ်တို့ ဘာတို့မရတော့ဘူး။ ခုက ကြပ်သွားပြီ”

ဒါဆိုဘယ်လိုလုပ်ရင် ရနိုင်မလဲဆိုတာကို ကျွန်တော် သူ့ကိုတိုင်ပင်လိုက်တယ်။ သူက အရင် ကျွန်တော်ထောင်ကျခါနီးတုန်းက အပြုံးမျိုး မပြောင်းမလဲ ကျွန်တော့်ကို ပြန်ပြုံးပြတယ်။ ပြီးတော့ ပြောတယ်။

“ဘယ်လောက်ပဲကြပ်ကြပ် လမ်းကြောင်းဆိုတာကတော့ ရှိတာပဲပေါ့ဗျာ။ အထဲမှာ ကျွန်တော့်လူတွေ တပုံကြီးပါ။ ခင်ဗျားအရင်ကထက် ပိုကြီးတဲ့ ပိုလေးတဲ့ အမှုမျိုး ကျူးလွန်ဖို့တော့ လိုလိမ့်မယ်။”

ဒီတစ်ခါတော့ ကျွန်တော် တတ်နိုင်သမျှ ကြာကြာ .. ထောင်ထဲမှာနေဖို့ တွေးထားတယ်။ ကျွန်တော့် ဆုံးဖြတ်ချက်ကို မပြင်နိုင်ဘူး ။ ကျွန်တော် လောကအပူတွေကို မနင်းနိုင်ဘူး။ ကျွန်တော့်ကို နင်းတာလည်း မခံချင်ဘူး ။ ဒီတော့ ထောင်ထဲမှာ တတ်နိုင်သလောက် ကြာကြာနေဖို့ ဆုံးဖြတ်ထားတယ်။

ချိုပိန်းနောင်

ပင်မစာမျက်နှာသို့ပြန်သွားမည် >>