Lotayamm

search
မာတိကာ

contents

ထိပ်ဆုံးစာမျက်နှာ > ဝတ္ထုများ

အငွေ့၏ ဘာသာဗေဒ
အစ/အဆုံး
အောင်သူရ

I speak only one language, and it is not my own.
. . .Derrida. . .

တောင်တန်းတွေဟာ လူနဲ့ကြောင်ဆီကနေတဖြည်းဖြည်းဝေးကွာသွားကြတယ်။ တောင်တန်းတွေ ထွက်သွားတဲ့နောက် ကို သဲသဲမဲမဲရွာနေတဲ့ မိုးလည်း လိုက်သွားတယ်။ သူတို့နဲ့ ကျန်ခဲ့တာဆိုလို့ သူတို့ခန္တာကိုယ်ကို ထိနေတဲ့ ရေတွေပဲ ရှိတော့တယ်။

တောင်တန်းတွေနဲ့မိုးရေတွေ ထွက်သွားတဲ့နောက်မှာ လူနဲ့ကြောင်ဆီကို ကုန်းမြေဟာ တဖြည်းဖြည်းချင်း ရွေ့လာတယ်။ သူတို့ဆီ တဖြည်းဖြည်းရွေ့လာတဲ့ကုန်းမြေနဲ့အတူ နေရောင်ခြည်လည်း ပါလာတယ်။

နေရောင်ခြည်ဟာ လူနဲ့ကြောင်ရဲ့စိုစွတ်နေတဲ့ခန္တာထဲကိုအရင်ဝင်သွားတယ်။ လူနဲ့ကြောင်ရဲ့ခန္တာကိုယ်ကနေ အငွေ့တွေ တဖျစ်ဖျစ်မြည်ပြီး ထွက်လာတယ်။

'' အသွေးအသားတွေဟာ အငွေ့ဆီ ရောက်လာတာမဟုတ်ဘူး။ အငွေ့အဖြစ်နဲ့ပဲ အသွေးအသားဆီ ပြန်ရောက်လာတာ။ ဒီလို ပြန်ရောက်လာတဲ့ခရီးဟာ ထာဝရအပြန်ခရီးပဲ။'' ဆိုပြီး မျက်နှာအနီရောင်နဲ့မိန်းမက ပြောလိုက်တယ်။ လူရော ကြောင်ပါ အဲဒီမိန်းမဘက်ကို လှည့်ပြီး ငေးကြည့်နေမိကြတယ်။

'' အသွေးအသားကနေ အငွေ့ဆီကို ပြောင်းလဲသွားတဲ့ ဖြစ်စဉ်တွေဟာ အနုပညာအမြောက်ဆုံး ဖြစ်စဉ်တွေပဲ။ ဒီဖြစ်စဉ် တွေကို ငြင်းဆန်နေတဲ့ ခန္တာဟာ သဘာဝကျတယ်။ အဲဒီသဘာဝကျမှုကပဲ နင်တို့ကိုသတ်ပစ်နေတာ။'' လို့ အဲဒီမိန်းမက မျက်တောင်မခတ်ဘဲ ဆက်ပြီးပြောလိုက်တယ်။

လူနဲ့ကြောင်ကတော့ တုတ်တုတ်မှမလုပ်ဘူး။

ကုန်းမြေပေါ်ကို ရေထဲကနေ ကြောင်က အရင်ဆုံး ခုန်တက်လိုက်တယ်။ မြေပေါ်မှာ ရေတွေရွှဲသွားတယ်။

ကြောင်ရဲ့နောက်ကနေ လူကလည်း ခြေတစ်လှမ်း လှမ်းလိုက်ပြီး မြေပေါ်ကို တက်လိုက်တယ်။ မြေပေါ်မှာ ရေတွေ အိုင် သွားတယ်။

ကြောင်က ရေတွေကို ခါချနေတယ်။ ခါချလိုက်တဲ့ရေတွေဟာ လူကို လာစင်တယ်။

လူကလည်း သူ့ဆံပင်က ရေတွေကို ခေါင်းဘယ်ညာရမ်းရင်း ခါလိုက်တယ်။ ပြီးမှ သူတို့ရပ် နေခဲ့ကြတဲ့ရေပြင်ကို နောက် ပြန် လှည့်ကြည့်လိုက်တယ်။

ကြောင်ကတော့ သူ့ကိုယ်ပေါ်ကရေတွေကို လျှာနဲ့လျက်နေတယ်။

သူတို့ဝန်းကျင်မှာတော့ စကားဆက်မပြောဘဲ ရပ်နေတဲ့ မျက်နာအနီရောင်နဲ့မိန်းမ ရှိနေတုန်းပဲ။

'' အလိုအလျောက် ငြိမ်ဆိတ်ခြင်းတွေ ဖြစ်လာအောင် တကယ်လုပ်နိင်တဲ့အရာတွေကို အခုမှ ငါတို့ကြုံရတယ်။ တကယ် ကြုံရတော့မှ ငြိမ်ဆိတ်ခြင်းဟာ တွင်းထဲမှာ အောင်းနေတဲ့မြွေလိုပဲ အပြင်ဘက်ကို လျှောကနဲ ထွက်ကျလာတယ်။ ''

'' ဒီငြိမ်ဆိတ်ခြင်းတွေဟာ ဘာသာစကားနဲ့တည်ဆောက်ထားတဲ့အတွေးတွေကို တခါတည်း သတ်ပစ်လိုက်တာကို ငါ အခုမှ သဘောပေါက်သွားတယ်။ ဒါကို ငါ မင်းကို ပြောစရာတောင် မလိုတော့ဘူး။ '' ဆိုပြီး မိန်းမကိုကြည့်ရင်း ကြောင်ကို သူ့စိတ်ထဲကနေ ပြောလိုက်တယ်။

လူဟာ သူ့ဘယ်ဖက်ဘောင်းဘီအိတ်ကပ်ထဲကနေ အိတ်သေးသေးလေးတစ်လုံးကို ထုတ်လိုက်တယ်။ အိတ်ကလေးကို ဖွင့်ပြီး ဆေးလုံးနစ်လုံးကို ယူလိုက်တယ်။ ဆေးလုံးတွေ ရေစိုနေလို့ လက်ဖဝါးပေါ် တင်ပြီး နေလှန်းနေတယ်။

အဲသလိုလုပ်နေတဲ့လူကို ကြောင်က ခဏရပ်ပြီး မော့ကြည့်တယ်။ ပြီးမှ သူ့အမြီးကိုဆက်ပြီးလျက်နေတယ်။

ဆေးလုံးတွေဟာ နေအပူရှိန်ကြောင့် အငွေ့တွေထွက်လာပြီး ခဏအကြာမှာပဲပေါက်ထွက်သွားတယ်။ ပေါက်ထွက်သွားပြီး အတွင်းထဲကနေ မဲမဲအလုံးနစ်လုံးထွက်လာတယ်။

လူက အဲဒီဆေးမဲနစ်လုံးကို ညာလက်နဲ့ယူပြီး ညှစ်လိုက်တယ်။ အတော်ကြာကြာ လက်ညှိုး လက်မနဲ့တစ်လုံးစီကို ညှစ်ပြီး ပွတ်ခြေနေတယ်။

'' ပါးစပ်ဟ။ '' ဆိုပြီးပြောလိုက်တော့ ကြောင်ကပါးစပ်ဟပေးလိုက်တဲ့အခါမှာ ဆေးတစ်လုံးကို လူက ကြောင်ရဲ့ပါးစပ်ထဲကို ထည့်လိုက်တယ်။

သူလည်း ကျန်တဲ့တစ်လုံးကို ပါးစပ်ထဲထည့် မျိုချလိုက်တယ်။

*
မှောင်မိုက်နေတဲ့တွင်းနက်ကြီးတစ်တွင်း. . . . . . . . . .

*
လူဟာ မျက်လုံးကို အားယူပြီးဖွင့်လိုက်ပေမယ့် ခေါင်းတွေကတော့ မူးနောက်နေတယ်။

ကြောင်ကလည်း ထဖို့ကြိုးစားပေမယ့် ပြန်လဲကျသွားတယ်။

လှေကလေးကတော့ လူနဲ့ကြောင်ရဲ့လှုပ်ရှားမှုကြောင့် နည်းနည်းလူးသွားတယ်။
. . . . . . . . . . . . . . . . . . . . . . . . . . . . . . . . .

အောင်သူရ

ပင်မစာမျက်နှာသို့ပြန်သွားမည် >>