contents

ထိပ်ဆုံးစာမျက်နှာ > ဝတ္ထုများ

အချစ်ဟု အဓိပ္ပာယ်သက်ရောက်ခြင်းမရှိစေရ
အစ/အဆုံး
မင်းလူ

(၁)
သူနှင့်ကျွန်တော်သည် အကြီးအကျယ် စကားများခဲ့ကြသည်။ ထုံးစံအတိုင်းပင် ကျွန်တော်သည် စကားကို ဖြည်းဖြည်းမှန်မှန်ပြောသည်။ အမူအရာသည်လည်း အေးစက်စက်ရှိသည်။ သူကမူ စကားကို အော်ကြီးဟစ်ကျယ်ပြောသည်။ စားပွဲကို လက်သီးဖြင့် ထု၍ထု၍ ပြော သည်။ ကျွန်တော့်စကားလုံးတစ်လုံးသည် သူ့ကို အထိခိုက်ဆုံးဖြစ်ပြီး သူ့ဒေါသကို အစွန်းရောက်သွားစေသည်။ ကျွန်တော့်ကို စိုက် ကြည့်သော သူ့ဒေါသမျက်လုံးများသည် စတော်ဘယ်ရီသီးကဲ့သို့ ရဲရဲနီနေ၏။ ကျွန်တော့်အင်္ကျီရင်ဘတ်စကို ဆုပ်ကိုင်ဆွဲပြီး လက်သီး ဖြင့် ရွယ်သည်။ ကျွန်တော်၏တည်ငြိမ်ဆဲဖြစ်သော ဟန်ပန်ကြောင့်ထင်သည်။ သူ ကျွန်တော့်ကို မထိုးဖြစ်တော့။ အင်္ကျီစကို လွှတ်လိုက် ပြီး တောက်တစ်ချက်ခေါက်သည်။ ချာခနဲ လှည့်ထွက်သွား၏။ ထိုအခါမှစ၍ သူ့ကို နောက်ထပ် မတွေ့ရတော့။ ကျွန်တော် သူ့ကို အနာကျင်ဆုံးဖြစ်အောင် ပြောခဲ့သည်မှာ "မင်း ကြာကူလီပဲ မျိုးဇော်"ဟူသော စကားဖြစ်လေသည်။

(၂)
သူသည် ခရစ်ယာန်သာသနာပြုကျောင်းတစ်ကျောင်းမှ ကျွန်တော်တို့ အစိုးရအထက်တန်းကျောင်းသို့ ပြောင်းလာခြင်းဖြစ်သည်။ ကျွန်တော်တို့ကျောင်းသို့ သူရောက်လာသောအခါ ကျောင်းသားသစ်တို့ထုံးစံအတိုင်း ယောင်လည်လည်ဖြစ်နေသော သူ့ကို ကျွန်တော် က အကူအညီပေးခဲ့သည်။ ထိုအခါမှစ၍ မျိုးဇော်နှင့်ကျွန်တော်သည် သူငယ်ချင်းဖြစ်သွားခဲ့သည်။

ကျွန်တော်က ဆယ်တန်းကို တစ်နှစ်တည်းနှင့်အောင်ပြီး တက္ကသိုလ်ရောက်သွားသည်။ သူကမူ သုံးလေးနှစ်ဆက်ကျသဖြင့် မဖြေတော့ ဘဲ သူ့မိဘလက်ငုတ်ဖြစ်သော စီးပွားရေးလုပ်ငန်းကိုဆက်လုပ်သည်။ သူ့မိဘလုပ်ငန်းမှာရိုးရိုးကုန်စုံဆိုင်မျှသာဖြစ်သည်။သူ့လက်ထက် တွင် တောင်ဥက္ကလာ၊ ဆယ်ရပ်ကွက်ဈေး၊ စိန်ဂျွန်းဈေး၊ လဟာပြင်ဈေး၊ ဗိုလ်ချုပ်ဈေး၊ မြေနီကုန်းဈေးတို့သာမက မုတ္တမ၊ မော်လမြိုင် အထိ လုပ်ငန်းကို ဖြန့်ကြက်ပစ်လိုက်သည်။

ကျွန်တော်ဘွဲ့ရပြီး စာရေးဆရာပေါက်စ ဖြစ်လာသောအချိန်တွင် သူသည် စီးပွားရေးသမားပေါက်စကလေး ဖြစ်နေလေပြီ။ သူ့ကို စီးပွားရေးသမား'ပေါက်စ'ဟု ပြောရခြင်းမှာ သူသည် ငွေရင်းလေးငါးသောင်းလောက်သာ ကိုင်၍ အလုပ်လုပ်နိုင်သောကြောင့်ဖြစ်သည်။

မျိုးဇော်နှင့်ကျွန်တော်သည် သူငယ်ချင်းဆိုသော်လည်း အသွင်ချင်း သိပ်တူကြသည်မဟုတ်ချေ။ ကျွန်တော်က အေးအေးဆေးဆေး သမား။ စကားနည်းသည်။ သူ့စကားအရဆိုလျှင် ကျွန်တော်သည် သိပ်စဉ်းစားလွန်းသည်။ ထက်ထက်မြက်မြက်မရှိ။ ဆယ်တန်းစာမေးပွဲ ကို တစ်နှစ်တည်းနှင့်အောင်ခဲ့သည်ကိုပင် တစ်ခါတစ်ရံ သူက လှောင်ချင်သည်။

မျိုးဇော်ကတော့ လူသွက်တစ်ယောက်။ သူနှင့်ပတ်သက်၍ ကျွန်တော်မကြိုက်သောအချက်များမှာ စကားများလွန်းခြင်း၊ သူ့ကိုယ်သူ လူအများနှင့် ၀င်ဆံ့အောင်ဆိုပြီး သိသိ မသိသိ ၀င်ရောတတ်ခြင်း၊ ဆုံးဖြတ်လွယ်ခြင်းတို့ဖြစ်သည်။ သူလုပ်သောအလုပ်တစ်ခုသည် အမြဲမှန်သည်ဟု ထင်တတ်သည်။ အဝေဖန်မခံ။ သူက စကားတတ်သောကြောင့် ဆင်ခြေပေးတတ်သည်။ သူ့ဆင်ခြေများသည် အမှန် စင်စစ် အခြေအမြစ်ရှိလှသည်တော့မဟုတ်။ သူ့ကို စကားဖြင့်နိုင်အောင်ပြောနိုင်ဖို့ ခဲယဉ်းသည်။ သူပြောသောစကားများသည် မခိုင်လုံ ကြောင်း သိသော်လည်း လက်ငင်းအခြေအနေတွင် ငြင်းဆိုဖို့မလွယ်အောင် သူ လှည့်ပတ်ပြောတတ်သည်။

မည်သို့ပင်ဖြစ်စေ မျိုးဇော်နှင့်ကျွန်တော်သည် သူငယ်ချင်းသာဖြစ်၍ ဆက်လက်လို့ ပေါင်းသင်းမြဲ။ ပြီးတော့ သူ့မှာ ကောင်းသောအချက် တွေလည်း ရှိနေသေးသည်။ သူတစ်ပါးကို အကူအညီပေးတတ်ခြင်း၊ တစ်ကိုယ်ကောင်းမဆန်တတ်ခြင်းတို့ဖြစ်သည်။ အထူးသဖြင့် ကျွန်တော့်အပေါ် သူ တော်တော်ခင်မင်ရှာသည်။

(၃)
ကျွန်တော် တက္ကသိုလ်ရောက်ခါစတွင်လည်း သူနှင့်မကြာခဏတွေ့ဖြစ်သေးသည်။ ညနေတိုင်ကျပြီဆိုလျှင် ရွှေစပါးနှံ လက်ဖက်ရည်ဆိုင် မှာဖြစ်စေ၊ ဧရာဝတီရုပ်ရှင်ရုံရှေ့က မန်ကျည်းဖျော်ရည်ဆိုင်မှာဖြစ်စေ ထိုင်ကြသည်။ ကျွန်တော်က ကျောင်းက အကြောင်း။ သူက သူ့အလုပ်အကြောင်း။ တစ်ခါတစ်ရံ တခြားအကြောင်းတွေ ပြောကြသည်။ ည ကိုးနာရီလောက်တွင် လူခွဲသည်။

ထိုအချိန်ထိ ကျွန်တော်တို့နှစ်ယောက်စလုံးမှာ ရည်းစားတွေဘာတွေမရှိကြသေး။ မျိုးဇော်၏ထူးခြားချက်တစ်ခုမှာ မိန်းကလေးများအပေါ် စိတ်ဝင်စားမှုနည်းပါးခြင်းပင်ဖြစ်သည်။ လူအများနှင့် အရောတ၀င်နေတတ်သော်လည်း မိန်းကလေးများနှင့်ပတ်သက်၍မူ သာမန်ထက် မပိုခဲ့။ သူ့နှလုံးသားထဲတွင် အချစ်ဆိုသောအရာ မရှိသေးချေ။ ရှိကောရှိပါရဲ့လားဟု ကျွန်တော် သံသယဖြစ်ခဲ့ဖူးသည်။ မျိုးဇော်ကတော့ ၀ါသနာအတိုင်း ခပ်ကြွားကြွားပြန်ပြောခဲ့လေ၏။

"ငါ့ဆီမှာ အချစ်စိတ်ရှိလား၊ မရှိဘူးလားဆိုတာ မင်းကိုပြောပြလို့ မင်း နားလည်မှာမဟုတ်ပါဘူး။ လောလောဆယ်မှာတော့ အချစ်စိတ် မရှိအောင် ငါ လုပ်ထားတယ်။ ၀င်မလာအောင် တားထားတယ်ဆိုပါတော့ကွာ"

အချစ်စိတ်ဆိုသည်မှာ အကန့်အသတ်နှင့်ထားလို့ရသည်။ လိုချင်တဲ့အချိန်ကျမှ ခေါ်ယူလို့ရသည်ဟု သူ ယူဆဟန်တူသည်။

သူ့အကြောင်းကို ပြောသောအခါ အနှိုင်းယှဉ်ခံဖြစ်သော ကျွန်တော့်အကြောင်းကိုလည်း တစ်စွန်းတစ်စတော့ ပြောပြရပေလိမ့်မည်။ ထိုအချိန်တွင် ကျွန်တော်သည် 'မလေးမေ'ကို စိတ်ပါဝင်စားနေပါပြီ။ သူမသည် ကျွန်တော်တို့တက္ကသိုလ်ကျောင်းသူတစ်ယောက်ပင် ဖြစ်ပါသည်။ နှစ်ချင်းတူသော်လည်း အဓိကဘာသာရပ်ခြင်းမတူပါ။ သူ့ကို စိတ်ဝင်စားနေကြောင်း လေးမေကလည်း သိနေပြီထင်သည်။ ဖွင့်တော့ မပြောရသေးပါ။ မျိုးဇော်ကတော့ ကျွန်တော့်ကို ကြောင်သည်ဟု ပြောလေသည်။

ကျွန်တော်က တက္ကသိုလ်တွင် အတန်းကြီးလာသည်နှင့်အမျှ မျိုးဇော်က စီးပွားရေးနယ်ပယ်တွင် ၀င်ဆံ့လာသည်နှင့် တစ်ယောက်နှင့် တစ်ယောက် တွေ့ကြသောရက်တွေခြားလာသည်။ အချိန်အားရလျှင်တော့ အရင်လိုပင် လက်ဖက်ရည်ဆိုင်၊ အအေးဆိုင်ထိုင်တတ် ကြမြဲ။

ကျောင်းမှာ နောက်ဆုံးနှစ်အစပိုင်းရောက်သောအခါ လေးမေကို ကျွန်တော် ဖွင့်ပြောဖြစ်သည်။ နှစ်လယ်လောက်တွင် လေးမေထံမှ အဖြေရခဲ့သည်။ မျိုးဇော်ကမူ အချစ်နှင့်ပတ်သက်၍ လှုပ်ရှားမှုမရှိသေးချေ။

(၄)
ထို့နောက်ပိုင်းတွင် သူနှင့်ကျွန်တော် ပို၍အဆက်ပြတ်နေခဲ့သည်။ ကျောင်းက ကဗျာစာပေအသိုင်းအ၀ိုင်းတွင် ကျွန်တော် ကျင်လည် နေသည်။ ပြီးတော့ လေးမေနှင့် တွဲတွဲသွားသွားနေခဲ့သောအချိန်များသည်လည်း မျိုးဇော်နှင့်ကင်းကွာနေရသောအကြောင်းရင်းတစ်ခု ဖြစ်သည်။

ကျွန်တော် ဘွဲ့ရပြီးနောက် မျိုးဇော်က သူနှင့်အတူတူ အလုပ်လုပ်ဖို့ပြောသေးသည်။ အစစအရာရာ သူ ကူညီမည်ဟု ဆိုသည်။ သူ့ စေတနာကို ကျွန်တော် နားလည်၏။ သို့ရာတွင် အရောင်းအ၀ယ်လုပ်ငန်းကို စိတ်မ၀င်စားသောကြောင့်တစ်ကြောင်း၊ စာပေနယ်သို့ ခြေတစ်လှမ်းဝင်ပြီးပြီဖြစ်သောကြောင့်တစ်ကြောင်း ငြင်းလိုက်သည်။ သူ့ကိုမူ "ငါက သိပ်အားနာတတ်တာကွ၊ မင်းသိတဲ့အတိုင်းပဲ၊ နှုတ်စ လျှာစလည်းမရှိဘူးမဟုတ်လား။ မင်းတို့အလုပ်နဲ့မဖြစ်ပါဘူးကွာ"ဟု ပြောခဲ့ရ၏။ သူနှင့်ကျွန်တော်သည် သိပ်မတွေ့ဖြစ်ကြ သော်လည်း တစ်ခါတစ်ရံ ဆုံမိလျှင် အရင်ကလိုပင် တရင်းတနှီးရှိနေမြဲပင်ဖြစ်ပါသည်။

တစ်နေ့သောအခါတွင် မျိုးဇော်နှင့်ပတ်သက်သော ထူးထူးခြားခြားအကြောင်းတစ်ခုကို ကြားလိုက်ရသည်။ လေးမေက ပြန်ပြောပြခြင်း ဖြစ်သည်။ မျိုးဇော်နှင့် အမျိုးသမီးတစ်ယောက်ကို ဘားလမ်းက ကိုတင်အုန်းအအေးဆိုင်ထဲဝင်သွားတာ တွေ့လိုက်သည်တဲ့။ ကျွန်တော် အံ့သြသွားရသည်။ မျိုးဇော်သည် အသိအကျွမ်းများသူဖြစ်သော်လည်း မိန်းကလေးတွေနှင့် နှစ်ယောက်တည်းတွဲ၍ ဘယ်တော့မှ မသွား တတ်။ တစ်ခုခုထူးခြားနေပြီဟု ကျွန်တော်သိလိုက်၏။

မျိုးဇော်နှင့်တွေ့၍ မေးမြန်းကြည့်သောအခါ သူက ငြင်းသည်။ လူမှားတာဖြစ်ပါလိမ့်မည်ဟု ရယ်ရယ်မောမောပြောဆိုသွား၏။ လေးမေကို သေသေချာချာပြန်မေးကြည့်သည်။ သူ သေသေချာချာမြင်တာပါဟု အခိုင်အမာဆိုသည်။ မျိုးဇော်သည် ကျွန်တော့်ကို အဘယ်ကြောင့် လိမ်ညာခဲ့ရသနည်းဟု စဉ်းစားလို့မရဘဲရှိနေသည်။

ထို့နောက် ရက်သတ္တနှစ်ပတ်၊ သုံးပတ်လောက်အကြာတွင် ကျွန်တော်ကိုယ်တိုင်ပင် တွေ့ခဲ့ရလေတော့သည်။ တွေ့တာမှ ပက်ပင်းကြီး။ ပြီးတော့ ဘယ်လိုမှလှည့်ပတ်ပြောဆို ငြင်းဆန်လို့မဖြစ်နိုင်သောအခြေအနေ။

ထုတ်ဝေသူတစ်ယောက်က ကျွန်တော်နှင့်စာအုပ်ကိစ္စပြောချင်သည်ဆိုပြီး ကုက္ကိုင်းလမ်းဆုံက တရုတ်ဘုံကျောင်းစားသောက်ဆိုင်သို့ ခေါ်သွားသည်။ ထိုနေရာမှာ သူတို့ကို တွေ့ရခြင်းဖြစ်သည်။ မျက်နှာချင်းဆိုင်တိုးနေသဖြင့် မလွှဲသာဘဲ မိတ်ဆက်ပေးလိုက်ရဟန် ရှိသော်လည်း မျိုးဇော် မျက်နှာပျက်၍မနေ။

"ဒါ မနှင်းဆီ တဲ့"

အသက် သုံးဆယ်ကျော်လောက်ရှိမည်။ မျိုးဇော်ထက် သုံးလေးနှစ်လောက် ကြီးပုံရလေသည်။ အလုံးအရပ်ကောင်းသည်။ ရုပ်ရည် ကတော့ အသင့်အတင့်သာရှိသည်။ ဟန်ပန်အမူအရာက ဆွဲဆောင်မှုရှိသည်။ အထူးခြားဆုံးက အသံ။ ဆွဲငင်အား အလွန်ကောင်းသော အသံမျိုး။ ပြီးတော့ မျက်လုံး။ ထွက်ခွာခါနီးတွင် ကျွန်တော့်ကို တစ်ချက်စူးခနဲကြည့်သွားပုံမှာ တစ်မျိုးကြီး။ ထိုအကြည့်ကို ကျွန်တော် သိပ်သဘောမကျ။ ဘာကြောင့်လဲတော့ ကျွန်တော်လည်း သေသေချာချာမသိချေ။

(၅)
"မင်း ငါ့ကို ဘာဖြစ်လို့ လျှိုထားရတာလဲ မျိုးဇော်"
"မလျှိုပါဘူးကွ၊ ငါ မင်းနဲ့ အေးအေးဆေးဆေးမတွေ့ရသေးလို့ မပြောဖြစ်တာပါ"
သူ့မျက်နှာသည် တစ်ခုခုထူးခြားနေသည်ဟု ကျွန်တော်ထင်သည်။ သူသည် ကျွန်တော့်ဘက်သို့ ထိုင်ခုံကို နည်းနည်းရွှေ့၍ထိုင်သည်။
လေသံကို ပို၍တိုးလိုက်ပြီး
"မင်းကို ငါ အရင်းနှီးဆုံးသူငယ်ချင်းတစ်ယောက်အနေနဲ့ တိုင်ပင်စရာရှိတယ်ကွာ"
သူ့ပါးစပ်မှာ အရက်နံ့နည်းနည်းရသည်။

...........................................

မျိုးဇော်နှင့်မနှင်းဆီတို့သည် စိန်ဂျွန်းဈေးမှာတွေ့ကြသည်။ မနှင်းဆီသည် ယိုးဒယားသကြားလုံး၊ အချို့မှုန့်၊ ဘီစကွတ်၊ ဆပ်ပြာ၊ ကော်ဖီမှုန့် စသည်တို့ကိုင်သည်။ လက်လီမဟုတ်။ ဈေးအတွင်းရှိ ဆိုင်ငယ်ကလေးများနှင့် မြို့ထဲကိုပါ တစ်ဆင့်ဖြန့်သောလက်ကားဆိုင်။ မျိုးဇော်နှင့် မနှင်းဆီတို့ ပစ္စည်းအပေးအယူရှိသည်။ ငွေ အပေးအယူရှိသည်။ လုပ်ငန်းချင်းဆက်သွယ်နေသောကြောင့် ရင်းနှီးကျွမ်းဝင်မိ ကြသည်။

မနှင်းဆီက မျိုးဇော်ကို အရေးပေးသည်။ သူ့ဟန်အမူအရာတို့သည်လည်းကောင်း၊ သူ့ရယ်သံလွင်လွင်သည်လည်းကောင်း မျိုးဇော်အဖို့ စိတ်ဝင်စားစရာဖြစ်လာသည်။ ဤသို့ဖြင့် အလွန်ရှင်းလင်းသော ဇာတ်ရှုပ်တစ်ခုဖြစ်လာလေ၏။

တစ်နေ့ ပစ္စည်းတွေအတွက် ငွေပေးချေရန် ငွေအရေးတကြီးလိုလာသည်။ မျိုးဇော်က မနှင်းဆီထံ ခဏလှည့်ဖို့ပြောသည်။ မနှင်းဆီက ဆိုင်မှာ ငွေများများမရှိ။ သူနေသောတိုက်ခန်းမှာ လိုက်ယူဖို့ပြောသည်။ ဆိုင်ကိုလူစောင့်ထားခဲ့ပြီး သူတို့နှစ်ယောက် ထွက်သွားကြသည်။

မနှင်းဆီ၏တိုက်ခန်းတွင် အခြားမည်သူမျှမရှိ။

.......................................

သူ ပြောပြသည့်အခါ ကျွန်တော်မအံ့သြချေ။ စပြောကတည်းက ဒီလိုဖြစ်လာမည်ကို ကြိုသိခဲ့ပြီးသား။ ကျွန်တော် ဘာမျှထင်မြင်ချက် မပေးဘဲနေသည်။ သူတို့လိုလူမျိုးတွေအဖို့ လက်ထပ်ကြရန် သုံးနှစ်သုံးမိုး စုဆောင်းနေစရာမလို။ ငွေက အဆင်သင့်။ ထို့ကြောင့် ဒီအခြေ ဆိုက်ခဲ့ခြင်းအတွက် ကျွန်တော်မအံ့သြ။ အမျိုးသမီးသည် ကောင်းကောင်းမွန်မွန်ဆိုပါက ကျွန်တော် ကန့်ကွက်ရန်မရှိပါ။ သို့ရာတွင် မျိုးဇော် ဆက်ပြောသောစကားကို ကြားရသောအခါ ကျွန်တော် ပြင်းထန်စွာ တုန်လှုပ်သွားရသည်။

"တစ်ခုတော့ရှိတယ်ကွာ။ သူက လွတ်လွတ်လပ်လပ်မဟုတ်ဘူး"

ကျွန်တော်က သူ့ကို ရုတ်တရက် ဘာမျှမပြောနိုင်။ တအံ့တသြကြည့်နေမိသည်။ မျိုးဇော်ကမူ ထိုစကားကို ပြောလိုက်ရသည့်အတွက် သိပ်ထူးထူးခြားခြားအမူအရာပြောင်းလဲမသွားချေ။ သူ ဆက်ပြော၏။
"ဒါပေမယ့် သိပ်အရေးမကြီးပါဘူး။ သူ့ယောက်ျားက နယ်မှာရောက်နေတာပဲ"
"ဘာကွ"
ခုမှ ကျွန်တော် တစ်ခွန်းပြောမိသည်။ သူ ကျွန်တော့်ကိုကြည့်၍ တစ်ချက်ပြုံးသည်။
"အေးကွ၊ နယ်ကိုပြောင်းသွားရတာ နှစ်နှစ်လောက်ရှိပြီ။ လေးငါးလနေမှ တစ်ခေါက်လောက် ရန်ကုန်ပြန်လာနိုင်တာ။ သူတို့လင်မယားလည်း သိပ်အဆင်မပြေကြဘူးလို့ မနှင်းဆီကပြောတယ်။ ပြီးတော့ ငနဲကြီးက ခပ်တုံးတုံးပါ"
"တော်ကွာ မျိုးဇော်။ မင်း မင်း သူများသားမယားကို"
မျိုးဇော်နှင့်ကျွန်တော် စကားအချေအတင်ပြောကြရသည်။ သူသည် ထုံးစံအတိုင်းပင် 'စကားအားဖြင့်'အနိုင်ရအောင် လှည့်ပတ်သိုင်းဝိုင်း ပြီး ပြောသည်။ ကျွန်တော်ကတော့ ခပ်ရိုးရိုးပင်။

"ဒီမှာမျိုးဇော်၊ မင်း ဒီကိစ္စကြီးကို ရပ်တန်းက ရပ်လိုက်ပါကွာ"
သူ့မျက်နှာသည် ရုတ်တရက်တည်သွား၏။ ခေါင်းကို ယမ်းသည်။
"မဖြစ်ဘူးကွာ။ ငါ သူ့ကို တကယ်ချစ်နေပြီ"
ကျွန်တော် ဘာစကားမှပြန်မပြောဖြစ်သေးဘဲ သူ့မျက်နှာကို ငေးကြည့်နေမိသည်။ သူ့ဟန်သည် အတန်ငယ်လေးနက်နေပြန်သည်။ တဖြည်းဖြည်းပြန်လည်၍ ပြုံးယောင်သမ်းလာသောအခါ ကျွန်တော် အလျင်အမြန်ဝင်ပြောသည်။

"ချစ်လို့မရဘူးကွ၊ ဒါမဖြစ်နိုင်ဘူး ဒု သ န သောကွ။ မရဘူး"

သူ ရယ်ဖြစ်သွားသည်။
"သူငယ်ချင်းရာ မင်း တော်တော်အစိုးရိမ်ကြီးတဲ့ကောင်၊ ပြီးတော့ သိပ် ရှေးရိုးဆန်တယ်။ နေရာတကာတိုင်းမှာ ဥပဒေတို့ လူမှုစည်းကမ်း တို့ ဘက်ကချည်း ကြည့်လို့မရဘူး"
ကျွန်တော့်ကို လှောင်သလိုကြည့်၍ရယ်ပြီး
"တစ်ခါတစ်လေ အချစ်တစ်ခုတည်းဘက်ကနေကြည့်သင့်တဲ့အခါ ကြည့်ရတယ်"
"အဲ့ဒါ အချစ်မဟုတ်ဘူး"
"အချစ်ဆိုတာကို မင်း သေသေချာချာနားမလည်သေးပါဘူး။ ငါပြောပြရင်လည်း မင်း သိမှာမဟုတ်ဘူး။ မင်းသိတဲ့အချစ်ဆိုတာက လေးမေနဲ့သာ ဆိုင်တာပါ"

သူ ကျွန်တော့်ပခုံးကို ပုတ်လိုက်သည်။ "ဒီမှာ ဖိုးတေ"ဟု ကျွန်တော့်ငယ်နာမည်ကို ခေါ်သည်။
"အချစ်ဆိုတာ လက်ထပ်ဖို့ ငွေစုနေတာ တစ်ခုတည်းမဟုတ်ပါဘူးကွာ"

ကျွန်တော် သူ့ကို ဆတ်ခနဲကြည့်လိုက်သည်။ သူသည် ကျွန်တော်နှင့်လေးမေတို့ လက်ထပ်ဖို့ငွေစုနေကြသည်ကို ပြက်ရယ်ပြုလေပြီ။ ကျွန်တော် စိတ်ဆိုးသွားသည်။

"မျိုးဇော် ငါတို့နှစ်ယောက်ငွေစုနေကြတာ မင်းလိုကောင်မျိုးအတွက် ရယ်စရာ ဖြစ်ချင်ဖြစ်နေလိမ့်မယ်။ ဒါပေမယ့် ငါ သူများသားမယားကို ပြစ်မှားနေတာမဟုတ်ဘူး။ အေး၊ ငါ့ဘက်ကကြည့်ရင်လည်း မင်းဟာ ရယ်စရာအကောင်တစ်ကောင်ပဲ။ ဒါ့ထက်ပိုပြောရရင် စက်ဆုပ်စရာ ကောင်းတဲ့ ကောင်တစ်ကောင်ပဲ။ မင်း ကြာကူလီပဲ မျိုးဇော်"

သူ့မျက်နှာသည် မကြုံစဖူးအောင် တင်းမာသွားသည်။

(၆)
ထို့နောက်တွင် သူနှင့်ကျွန်တော် အဆက်အသွယ်ပြတ်သွားသည်။ မှတ်မှတ်ရရ တစ်ခါတည်းသာ လမ်းမှာဆုံဖူးသည်။ ဗိုလ်ချုပ်ဈေးထဲမှာ ကျွန်တော်နှင့်လေးမေ ဈေးအလယ်ပေါက်အတိုင်း လျှောက်အလာတွင် ရွှေဆိုင်တစ်ဆိုင်ကို ၀င်ကြည့်ခါနီးဆဲဆဲဖြစ်သော သူတို့ကို တွေ့ ရခြင်းဖြစ်သည်။ မျိုးဇော် ကျွန်တော်တို့ကိုမြင်သည်။ နှုတ်မဆက်။ ကျွန်တော်ကလည်း နှုတ်မဆက်။ သူသည် မထီတရီပြုံးပြီး မျက်နှာလွှဲ လိုက်သည်။ မနှင်းဆီကမူ ကျွန်တော်တို့ကိုမမြင်။ ရွှေဆိုင်ကအမျိုးသမီးနှင့် တစ်စုံတစ်ရာ ပြောဆိုနေသည်။

မျိုးဇော်သည် သူ့ကိုယ်သူအထင်ကြီးစွာ အချစ်အကြောင်းတွေ ပြောသွားခဲ့သည်။ အမှန်စင်စစ် သူ နားမလည်ချေ။ သူ့မှာ ဘာအတွေ့ အကြုံမှမရှိ။ ထိုအချိန်တွင် မနှင်းဆီကိုတွေ့သည် မနှင်းဆီ၏ကောင်းသောဆွဲဆောင်အားကြောင့် သူ အရူးအမူးပါသွားသည်ဟု ထင်သည်။ ကျွန်တော့်အထင် မှန်လိမ့်မည်ဟုလည်း ယူဆသည်။ မနှင်းဆီနှင့်သူ့ယောက်ျားကွဲကြခြင်း၊ နောက် သူတို့နှစ်ယောက် လက်ထပ်လိုက်ကြခြင်း စသောသတင်းများကို ဆက်လက်ကြားခဲ့ရသောကြောင့်ပင်။

မနှင်းဆီနှင့် သူ့ယောက်ျားကွဲကြပြီးမှ မျိုးဇော်နှင့်လက်ထပ်ခဲ့ခြင်းဖြစ်သည်မှာ မှန်သော်လည်း ထိုသို့အကွဲအပြဲဖြစ်အောင် မျိုးဇော်က ဖန်တီးခဲ့ခြင်းဖြစ်သည်ဟု ထင်သည်။

ကျွန်တော်နှင့်လေးမေတို့ ငွေစုနေကြသည့်အကြောင်ကို သူ လှောင်ပြောင်ခဲ့သည်။ တကယ်တော့ ကျွန်တော်တို့နှစ်ယောက်သည် စိတ်ကူးယဉ်ဆန်လွန်းခြင်းဖြစ်ချင်ဖြစ်မည်။ သို့တည်းမဟုတ် လက်တွေ့ကျလွန်းခြင်းဖြစ်ချင်ဖြစ်မည်။

အဘယ်ကြောင့်ဆိုသော် လေးမေသည် သူရရှိသော လခတစ်ရာ့ရှစ်ဆယ်ခန့်မှ တစ်လလျှင် သုံးဆယ်ခန့်စုပြီး ကျွန်တော်ကလည်း ၀တ္ထုရေးခရရှိသော ငွေအတန်အသင့်ထဲမှ အနည်းအကျဉ်းဖဲ့စုနေကြသောကြောင့်ဖြစ်သည်။

(၇)
ကျွန်တော် မမြင်ချင်ယောင်ဆောင်လိုက်သော်လည်း သူ အတင်းလိုက်ခေါ်သည်။ တစ်နေရာသွားရအောင်ဟုဆိုပြီး သူငှားစီးလာဟန် တူသည့်ကားပေါ် တက်ခိုင်းသည်။ သမ္မတဟိုတယ်ကို မောင်းခိုင်းသည်။ စားပွဲတွင်ထိုင်မိသောအခါ "ဘီယာလား၊ ဘာသောက်မလဲ"ဟု သူ မေးသည်။ ကျွန်တော် ခေါင်းခါသည်။

"သောက်လို့မဖြစ်ပါဘူးကွာ။ ညနေကျရင် လေးမေတို့အိမ်မှာ ထမင်းသွားစားရမယ်။ အအေးတစ်ခုခုပဲ သောက်တော့မယ်"

သူ ပြုံးသည်။ သွက်လက်သောအပြုံးမဟုတ်။ သူနှင့်ကျွန်တော်လုံးဝမတွေ့ခဲ့သည်မှာ တစ်နှစ်ကျော်တော့ရှိမည်။ ထိုအချိန်အတွင်း သူ တော်တော်ပြောင်းလဲသွားသည်။ ၀လာသည်ဟု ထင်ရသည်။ သေသေချာချာကြည့်မှ မျက်နှာတစ်ခုတည်းကွက်၍၀နေခြင်းဖြစ်ကြောင်း တွေ့ရသည်။ သူ အရက်စွဲသောအဆင့်သို့ ရောက်နေပေလိမ့်မည်။ သူ့မျက်နှာသည် ပို၍ရင့်လာသည်။ ဟန်အမူအရာသည် ခပ်ထိုင်း ထိုင်းဖြစ်နေသည်။

မျိုးဇော်က ကျွန်တော့်အလုပ်ကိုင်အခြေအနေကို မေးသည်။ လေးမေနှင့်ကျွန်တော် ဘယ်တော့လောက် လက်ထပ်ဖြစ်မလဲမေးသည်။ ကျွန်တော်ကဖြေသည်။ သို့ရာတွင် ကျွန်တော့်အဖြေများကို သူ သိပ်စိတ်မ၀င်စားကြောင်း သိသာသည်။ သူ့မှာပြောစရာစကားတစ်ခုခု ရှိနေပုံရ၏။

စားသောက်စရာတွေ ရောက်လာ၏။ ရောက်ရောက်ချင်းပင် ဖန်ခွက်ဖြင့်သီးသန့်ထည့်ထားသော 'ရမ်'ကို ဘီယာခွက်ထဲသို့ ခပ်များများ ထည့်လိုက်သည်။ ဘီယာကိုနည်းနည်းသာရောသည်။ တစ်ဝက်လောက်ကုန်အောင် တစ်ကျိုက်တည်းနှင့်သောက်သည်။ သူသောက်ပုံမှာ အငမ်းမရရှိလှ၏။ ကျွန်တော်လည်း စပတ်ကလင်းလီမွန်ကို ဖန်ခွက်ထဲထည့်ပြီး တစ်ကျိုက်သောက်သည်။ သူကလည်း ဖန်ခွက်ထဲတွင် ကျန်နေသောလက်ကျန်အရက်ကို ကုန်အောင်သောက်လိုက်ပြီး ထပ်ငှဲ့ပြန်သည်။ ထို့နောက်
"ဒီမိန်းမကို ငါ ဆက်ပေါင်းသင့်သေးရဲ့လားကွာ"ဟု အစချီပြီး
"ငါ သူ့ကို မသင်္ကာတာကြာပြီ။ ဒါပေမယ့် တိတိကျကျမပြောနိုင်သေးလို့။ ခုတော့"
သူ ကော့ကရိတ်ဘက်သွားနေတုန်း မနှင်းဆီက သူ့ဆိုင်နှင့်တစ်ဆိုင်ကျော်က ကောင်လေးတစ်ယောက်ကို တိုက်ခန်းမှာခေါ်ထားသတဲ့။
"ငါ သူ့ကို တော်တော်ချစ်တာပါကွာ။ ဒါပေမယ့် သူ ငါ့အပေါ် သစ္စာမရှိဘူး"
အဲဒီအကြောင်းတွေကို သူနဲ့မင်း လက်မထပ်ခင်ကတည်းက သိခဲ့တာပဲမဟုတ်လားဟု ကျွန်တော် မေးလိုက်ချင်သည်။ မမေးဖြစ်။ ရှင်းရှင်းကလေး။

မနှင်းဆီသည် တစ်ချိန်က သူ့ယောက်ျားအပေါ်သစ္စာဖောက်၍ မျိုးဇော်နှင့်ရှုပ်ခဲ့သည်။ ခုတစ်ဖန် ယောက်ျားဖြစ်နေသော မျိုးဇော်ကို သစ္စာဖောက်ပြီး နောက်တစ်ယောက်နှင့် ရှုပ်ပြန်သည်။ ဘာဆန်းသနည်း။ ဒီမိန်းမသည် သစ္စာဖောက်တတ်သောကြောင့်သာ သူနှင့် တွေ့ခဲ့ခြင်း ဖြစ်သည်။ သစ္စာစောင့်သိတတ်သော အမျိုးသမီးဖြစ်ခဲ့လျှင် မျိုးဇော်နှင့်လည်း ဘာမှပတ်သက်ခဲ့ရန်မလို။ သူ့အရင်ခင်ပွန်းနှင့် ခုထက်တိုင်မြဲနေရပေမည်။ ထိုအချက်ကို မျိုးဇော် အစကတည်းက မသိခဲ့လေသလား။ သို့တည်းမဟုတ် မျိုးဇော်သည် မိမိနေ့စဉ်ဆင်းနေ တက်နေကျဖြစ်သော ကိုယ့်အိမ်လှေကားသည် ဘယ်နှထစ်ရှိကြောင်း သတိမထားမိတတ်သလို ဖြစ်ခဲ့ခြင်းဟု ဆိုရတော့မည်။

ညနေ ငါးနာရီခွဲပြီ။ သူလည်း နည်းနည်းတော့မူးနေပြီ။ ကျွန်တော်လည်း ပြန်ချင်ပြီ။ သွားကြရအောင်ဆိုသောစကားကိုမူ ကျွန်တော် မပြောဖြစ်သေး။ သူပြောခဲ့သောစကားများနှင့်ပတ်သက်၍ ကျွန်တော် ဘာမျှထင်မြင်ချက်မပေးမိချေ။ သူက ဒီမိန်းမကို ဆက်ပေါင်းသင့် သေးရဲ့လားဟု ကျွန်တော် ပြောချင်သော်လည်း မပြောဖြစ်။ အကြောင်းမှာ သူသည် မနှင်းဆီကိုမပြတ်နိုင်သေးကြောင်း ရိပ်မိ သောကြောင့်ဖြစ်သည်။ ထို့အပြင် အစတုန်းက ငါ တားသေးတယ်မဟုတ်လားကွ။ ခုတော့ မင်းသိပြီမဟုတ်လားစသော စကားမျိုး ကိုလည်း ပြောနေလို့မထူးပြီ။

......................................

မျိုးဇော်သည် အချဉ်ရည်ပန်းကန်ထဲတွင်ကျနေသော အာလူးကြော်တစ်ဖတ်ကို စိုက်ကြည့်နေသည်။ ထို့နောက် လက်ဖြင့်နှိုက်ယူလိုက် သည်။ ပွစိစိဖြစ်နေသော အာလူးကြော်သည် ပျော့ဖတ်နေပြီ။ လွှင့်ပစ်မည်ပြုပြီးမှ မပစ်တော့ဘဲ အချဉ်ရည်ပန်းကန်ထဲ ပြန်ထားလိုက် သည်။

ခုလောက်ဆို လေးမေသည် ကျွန်တော်ကြိုက်တတ်သော ငါးဆုပ်ဟင်းနှင့် ဘူးသီးဟင်းခါးကို အကျအနပြင်ဆင်၍ စောင့်နေပေတော့မည် ဟု တွေးနေမိပြန်သည်။

မင်းလူ

ပင်မစာမျက်နှာသို့ပြန်သွားမည် >>
နေ့စဉ် အသစ်အသစ်သော သတင်းများ ကို သိရှိနိုင်ရန် လိုတရ Application အား ဤနေရာတွင် နှိပ်၍ အခမဲ့ Download ရယူပါ။