Lotayamm

search
မာတိကာ

contents

ထိပ်ဆုံးစာမျက်နှာ > ဝတ္ထုများ

စိတ္တဇ ရိုစီ
အစ/အဆုံး
သူဝေး

(၁)

“ ကော်ဖီသောက်ဦးမလား”
“ …………………………….”
“ အဲ့ဒီအကြောင်းတွေတော့ မပြောပါနဲ့တော့”
“ …………………………….”
“ အမှားတွေက လွတ်လပ်နေတုန်းလား ”
“ …………………………….”
“ အင်း … ဟုတ်မှာပေါ့ ”
“ …………………………….”
“ ဘယ်လို သူက နေကိုအစအဆုံးမြင်ဖူးတယ် ဟုတ်လား ”
“ …………………………….”
“ အအေးသောက်မလား အသင့်ရှိပါတယ် ”
“ …………………………….”
“ အင်း …. သဲတစ်မှုန်နဲ့တော့ ကမ်းခြေဘယ်လုပ်လို့ ရမလဲ ”
“ …………………………….”
“ မယုံပါဘူး … သူ သုညကျမ်းကြေသွားပြီဆိုတာ ”
“ …………………………….”
“ ခစ်ခစ် ခပ်နိမ့်နိမ့်ကနေ ခဏခဏပြုတ်ကျတာလား”
“ …………………………….”
“ ရှားရှားပါးပါးအမှိုက်တစ်စပေါ့ ဆော့ခရေးတီးသောက်တဲ့ အဆိပ်ခွက်ရဲ့ ပဲ့နေတဲ့ အနားစလေး”
“ …………………………….”
“ ဝိုင်ဖြစ်ဖြစ် သောက်မလား”
“ …………………………….”
“ ရင်ကြပ်နေလို့ ”
“ …………………………….”
“ ဘာလို့ ရင်သေးသေးလေးထဲ အများကြီးထည့်ထားတာလဲ ”
“ …………………………….”
“ လေကောင်းလေသန့်ရအောင် ကိုယ့်ကိုကိုယ် သတ်သေကြည့်မလို့ ”
“ …………………………….”
“ ကောင်းပါတယ် သူဒီလိုဖြစ်သွားတာ ”
“ …………………………….”
“ အို …. အခုမှတော့ ဒါတွေ ပြောမနေချင်တော့ပါဘူး ”
“ …………………………….”
“ ဘယ်အချိန်မဆို ဝန်ခံနိုင်တာတစ်ခုက သူ့ကိုကျွန်မချစ်တယ်ဆိုတာပဲ ”
“ …………………………….”
“ ဟုတ်တယ် ဟုတ်တယ် ။ အဲ့ဒီတုန်းက သူ ကျွန်မရဲ့အပေါ်နှုတ်ခမ်းကလေးကို သိပ်လှတာပဲလို့ ပြောခဲ့တာ ”
“ …………………………….”
“ ဘယ်သူကချစ်ခြင်းတရားကိုအကြောင်းပြချက်တောင်းတာလဲ ။ ရိုင်းလိုက်တာရှင် ”
“ …………………………….”
“ ဘဝတွေကသာဆုံးသွားတာ ဒိုင်ယာရီတွေကမဆုံပါဘူး ”
“ …………………………….”
“ ချစ်သူနဲ့ မုန်းသူထပ်တူကျဖို့ ဖြစ်နိုင် မဖြစ်နိုင် အင်း … ကျွန်မ မဖြေနိုင်ဘူး ”
“ …………………………….”
“ စင်ကြယ်တဲ့ညတွေလား …. ဝေးခဲ့ပါပြီ ”
“ …………………………….”
“ ရယ်ရွှင်ဖွယ် လရိပ် စိတ်ကူးလေးတွေပါ ”
“ …………………………….”
“ အိုဟောင်းနေတဲ့ ဖဲကြိုးပြာလေးက နောက်ဆုံးပေါ့ ”
“ …………………………….”
“ သိပ်တော့ စိတ်မဝင်စားပါဘူး ”
“ …………………………….”
“ E = mc2 ကျွန်မကိုအထင်ကြီးတာ နည်းနည်းလျှော့ပါဦး ”
“ …………………………….”
“ သိပ်မှန်တာပေါ့ ။ မိဘမဲ့ကျောင်းတွေကဘယ်တုန်းကမှ မြေကြီးထဲက သူ့အလိုလိုထွက်မလာခဲ့ဘူး ”
“ …………………………….”
“ မနက်ဖြန် အသေခံဗုံးခွဲမယ့်သူက သူ့ရည်းစားလေးရဲ့ နဖူးကိုငုံ့နမ်းနေတဲ့ မြင်ကွင်းမျိုးလား ”
“ …………………………….”
“ နတ်ဆိုး … နတ်ဆိုး … ”
“ …………………………….”
“ ခံတွင်းချဉ်ရင် ပြောနော် ”
“ …………………………….”
“ ဒါကစီးကရက်မီးခိုးတွေပါ ။ အယူမသီးစမ်းပါနဲ့ ”
“ …………………………….”
“ ရှင့်ရည်းစားရဲ့ လေယာဉ်က … ”
“ …………………………….”
“ မေးမိတာ တကယ်စိတ်မကောင်းပါဘူး ။ ကျွန်မက အရိပ်သုံးပါးနားမလည်ဘူး ”
“ …………………………….”
“ အနိမ့်ဆုံးလူသားဆိုတာ ဘာကိုပြောတာလဲ ”
“ …………………………….”
“ ပြန်တော့မလို့လား ”
“ …………………………….”
“ စကားကပြောကောင်းတုန်း ”
“ …………………………….”
“ သတိထားသွားနော် ။ ခွေးတွေက တကယ်ကိုက်တတ်တယ် ”

စကားအဆုံးမှာ ရိုစီဟာ မှန်ကို ရိုက်ခွဲလိုက်ပါတယ်။ မှန်ကွဲစတွေ ဖြာထွက်လာလို့ သူမ မျက်လုံးမှိတ်လိုက်ပါတယ် ။ “ သွား …..” လို့ သူ ကြောက်လန့်ရွံရှာတဲ့ တစ်စုံတစ်ရာကို နှင်ထုတ်သလိုမျိုး အော်ပြီး အိပ်ခန်းထဲဝင် ပြေးပါတယ် ။ အိပ်ခန်းထဲရောက်တော့ မွေ့ယာကြီးပေါ် ဝုန်းခနဲလဲချပြီး သူ့မျက်နှာကို ခေါင်းအုံးဆီ အပ်လိုက်တယ် ။ ရိုစီ တရှိုက်ရှိုက်ငိုနေတယ် ။ သူ့အိပ်ယာအောက်က ဓာတ်ပုံကလေးတစ်ပုံ ထွက်ကျလာတယ် ။ အဲ့ဒီဓာတ်ပုံကလေးကို ရိုစီမမြင်ပါဘူး ။

ဓာတ်ပုံထဲမှာ ရိုစီဟာ သိပ်လှပတဲ့ မိန်းမပျိုလေးပေါ့ ။ ရိုစီ့ဘေးမှာတော့ လေယာဉ်မောင်းတဲ့ အကျီ င်္ထူထူကိုဝတ်ဆင်ထားတဲ့ အမျိုးသား တစ်ယောက် ၊ အဲ့ဒီအမျိုးသားက ရိုစီခါးသိမ်သိမ်လေးကို ဖက်ထားတယ် ။ ရိုစီမျက်နှာကလည်းသိပ်ရွှင်ပျနေသလိုပဲ ။ စစ်တိုက်လေယာဉ် တစ်စင်းကို နောက်ခံထားပြီး ရိုက်ထားတဲ့ ဓာတ်ပုံကလေးပေါ့ ။

( ၂ )

ကလေးငယ်သုံးယောက်ဟာ ဥယျာဉ်ကနေ ပြန်လာကြတယ် ။ သူတို့ထဲကတစ်ယောက်က ဘော်လုံးကလေးကို ပုတ်ကစားရင်း လျှောက် လာတယ် ။ တခြားတစ်ယောက်က အဲ့ဒီဘော်လုံးကလေးကို ဝင်လုတော့ ခြေထောက်နဲ့ ခတ်မိပြီး ဘောလုံးကလေးဟာ အစီအစဉ်မရှိ လွင့်သွားတယ်။ ကစဥ့်ကလျားခုန်ထွက်သွားတယ်။ သံပန်းတံခါးကြီးကိုကျော်ပြီး နှင်းဆီပင်တွေ အများကြီးရှိတဲ့ခြံထဲကို ဘော်လုံးကလေး ဝင်သွားတယ် ။

ကလေးတွေဟာ သံပန်းတံခါးဆီ အပြေးသွားပြီး ကြည့်လိုက်ကြတယ် ။ ဘော်လုံးကလေးဟာ တဒုတ်ဒုတ်ခုန်ပြီး နှင်းဆီခြုံတစ်ခုထဲ တစ်ဝက်လောက် တိုးဝင်သွားပါတယ် ။ ကလေးတွေဟာ သူတို့နဲ့ မရင်းနှီးတဲ့ ခြံထဲကို ဘော်လုံးဝင်ကောက်ရမှာ မရဲဘူးဖြစ်နေတယ် ။ ခြံထဲကို အကဲခတ်ကြည့်တော့ နှင်းဆီပင်တွေဟာ မြက်ရိုင်းပင်တွေနဲ့ ရောနှောနေတယ် ။ အမှိုက်သိမ်းတဲ့ တွန်းလှည်းကြီးကလည်း ပက်လက်လှဲလို့ ။ လမ်းခင်းထားတဲ့ ကျောက်ခဲတွေကလည်း မညီမညာ ဖုထွက် ပြန့်ကျဲနေတယ် ။ သံကြိုးဒန်းကလေးကလည်း ကြိုးပြတ်နေတယ် ။ မှိုင်းညှို့ညှို့ကြီး ဖြစ်နေတယ် ။ ပြတင်းပေါက်တွေကလည်း စောင်းရွဲ့နေတယ် ။

လူမနေတဲ့ အိမ်ကြီးဖြစ်မှာပဲလို့ ထင်ပြီး ကလေးငယ်တစ်ယောက်ဟာ ဘောလုံးဝင်ကောက်ဖို့ပြင်တယ် ။ အဲ့ဒီအချိန် အိမ်ကြီးထဲကနေ “ခွမ်း. . . ” ခနဲ ကွဲရှသံစူးစူး ထွက်ပေါ်လာတယ် ။ တစ်ဆက်တည်း “ သွား …” ဆိုတဲ့ အသံနက်ကြီးကိုပါ ကြားလိုက်ရချိန်မှာတော့ ကလေးငယ်တွေဟာ ကြောက်လန့်တကြား ထွက်ပြေးကြတော့တယ် ။

သူတို့ဟာ နှင်းဆီတွေ အများကြီးစိုက်ထားတဲ့ အိမ်ကြီးကို လုံးဝလှည့်မကြည့်ဘဲ ထွက်ပြေးသွားကြတယ် ။

သူဝေး

ပင်မစာမျက်နှာသို့ပြန်သွားမည် >>

နေ့စဉ် အသစ်အသစ်သော သတင်းများ ကို သိရှိနိုင်ရန် လိုတရ Application အား ဤနေရာတွင် နှိပ်၍ အခမဲ့ Download ရယူပါ။