Lotayamm

search
မာတိကာ

contents

ထိပ်ဆုံးစာမျက်နှာ > ဝတ္ထုများ

မိမိကိုယ်ကိုခွေးကျွေးခြင်း
အစ/အဆုံး
သူဝေး

ညကတော်တော်လေးနောက်ကျပြီးမှအိပ်သည့်တိုင် သည်နံနက်ခင်းမှာတော့အလတ်ဆတ်ဆုံးပုံစံ တစ်ခုဖြင့် နိုးထလာခဲ့ သဖြင့် သူကျေနပ်မိသည်။ရေချိုးခန်းထဲမှာ ရေပူရေအေးနှစ်မျိုးလုံးဖြင့်နှစ်ခါချိုးပြီး၊ သွားများကိုဖြူလွှနေအောင် သုံးခါတိတိ တိုက်ကာ၊ဆပ်ပြာကိုလည်း အကြိမ်ကြိမ်တိုက်ခဲ့သည်။ခေါင်းကို ဘယ်နှစ်ကြိမ်လျှော်မိသလဲတော့ မမှတ်မိ။ သူ့အသိထဲ စိုးမိုးနေသည်က သည်ကနေ့သူ့ခန္ဓာကိုယ်ကိုအသန့်စင်ဆုံးဖြစ်နေဖို့ပင် ။

ရေချိုးခန်းထဲက ထွက်ခဲ့တော့ မနေ့ကသွေးထားသောဓားများသည် သိပ်ကိုတောက်ပြောင်လင်းလက်စွာဖြင့် သူ့မျက်နှာကို အရောင်ဟပ်ကာ လှမ်းဝင့်ကြွားပြနေသည်။ သူပြန်ပြုံးပြလိုက်သည်။ မနေ့ညကတည်းကရေများများ၊ မီးနည်းနည်းနှင့် တည်ထားသည့် ဟင်းရည်အိုးကြီးသည် တပွက်ပွက်နှင့် အော်မြည်၍နေသည်။

ဦးစွာပထမသူသည် သူ့လက်ချောင်းတွေကို အကုန်ဖြတ်တောက်လိုက်သည် (လက်သည်းခွံမချွတ်ဘဲနှင့်)။ နောက် ခြေထောက်နှင့်လက်တွေကို ဖြတ်ပြီးရေနွေးအိုးထဲ ပစ်ထည့်လိုက်သည် (အမွှေးနှုတ်ရန်)။ ပြီးသည့်နောက် နံရံတွင် ချိတ်ထားသော ဓားများထဲမှအထက်မြဆုံးဓားတစ်လက်ကိုယူပြီး ရင်ကိုခွဲလိုက်သည်။ အူနှုတ်သည်၊ အသည်းနှုတ်သည်၊ အစာဟောင်းအိမ်နှင့်တခြားအရာတွေကိုလည်း နှုတ်သည်။ ထိုကလီစာအမျိုးမျိုးကို နောက်ထပ်ရေနွေးအိုးတစ်လုံးထဲ ပစ်ထည့်လိုက်သည်။

ရွှီး….ခနဲ သွေးနီတန်းတစ်ခု ပန်းထွက်သွားသည် ( သူ့ခေါင်းကို သူဖြတ်လိုက်တော့)။ အမြန်လင်ပန်းယူပြီး သွေးတွေကို ခံလိုက်ရသည်။ သွေးခဲလုပ်ရမည်ဟု ရေရွတ်သည်။ ကြမ်းပြင်ပေါ်သွေးများ အစီအငေါ်မတည့်စွာ ကစဥ့်ကလျားကျသွား သေးသည်။ အစီအငေါ်မတည့်စွာဟုဆိုသော်လည်း သွေးများသည် အပြင်ကိုဖိတ်စင်သည့်နေရာတွင် အစီအငေါ်တည့်ရန် လိုအပ်သလား၊ မတည့်ရင် ဘာဖြစ်မလဲ၊ စသည့်ပြဿနာများရှိပုံမရ။ ထို့ကြောင့်သွေးများအစီအငေါ်မတည့်စွာ ဖိတ်စင် ကျခြင်းသည် တရားမျှတ သဘာဝကျ၏ ဟုသူတွေးသည်။ ကြမ်းပြင်ပေါ်ကခေါင်းကိုဆံပင်မှဆွဲယူကာ အမွှေးနှုတ်ရန် ခြေတွေလက်တွေထည့်ထားသည့် အိုးထဲသို့ သွားထည့်လိုက်ပါသည်။

သူသည် သူအကြိုက်ဆုံးဖြစ်နေခဲ့ဖူးသည့် ခါကြက်ဥများနှင့်သူအတုံးအတုံးလေးတွေလှီးထားသော သူ့ ၀မ်းဗိုက်သားများကို ရောမွှေကြော်လိုက်သည်(ကြာညှို့မထည့်ဘဲနှင့်)။ပြုတ်ထားသောအိုးထဲမှ ခေါင်းကိုဆွဲဆယ်ကာ မျက်လုံးနှစ်လုံး၊ နားရွက် နှစ်ဘက်တို့ကို နှိုက်ယူ၊ဖြတ်ယူခဲ့ပြီး (ဂျင်း)ချင်းတုံးတွေပြုတ်ထားသော ဟင်းရည်အိုးထဲပြောင်းထည့်လိုက်ပြန်သည်။

သူသည်လူတစ်ကောင်လုံးကို သူကိုယ်တိုင်ကိုင်နေရတာကြောင့် ညောင်းညာပင်ပန်းနေခဲ့သည်။ ပင်ပန်းပေမယ့်လုပ်ရမှာပဲ။ သူသည် ညနေအမီကျွေးမွေးချင်နေပြီဖြစ်သည်။ တကယ်ဆို ဒီနေ့မိမိကိုယ်ကိုချက်ပြုတ်မည်ဆိုလျှင်မနေ့ကတည်းက မိမိ ကိုယ်ကိုသတ်သေထားသင့်သည် မဟုတ်ပါလား။ သို့သော်သူသည်လတ်ဆတ်သော အသားများကိုသာ ကျွေးမွေးလိုစိတ် ရှိတာကြောင့် ဒီကနေ့မှပဲ အစအဆုံးအပင်ပန်းခံ ကိုင်တွယ်နေခြင်းဖြစ်သည်။သည်ကနေ့အဖို့တော့ သူ့မီးခိုးခေါင်းတိုင်သည် သိပ်အလုပ်ရှုပ်ရတော့မည်ထင်သည် ။

သူသည် ခဏအနားယူသည့်အနေဖြင့် ချွေးသုတ်သဘက်ကို ဂုတ်ပေါ်တင်ကာဧည့်ခန်းမှာ သွားထိုင်နေလိုက်သည်။ သည်အချိန် T.V တွင် ဟင်းချက်အစီအစဉ်လာလောက်မည်ဟုသတိရသောအခါ သူရီမု၏အပေါ်ထောင့်မှ ခလုတ်တစ်ခုကို နှိပ်လိုက်သည်။ T.V တွင် ဟင်းချက်အစီအစဉ်မလာသေးပါ။ မိမိဂိုးမိမိပြန်သွင်းမိသော ဘော်လုံးသမားတစ်ယောက်၏ ယူကျုံးမရဖြစ်နေသော ဟန်ပန်ရိုက်ပြနေသည်။ထိုကစားသမားသည် မြက်ခင်းပြင်တွင် ဒူးထောက်ကျလျှက်၊ ဆံပင်များကို လက်နှစ်ဘက်နှင့်လှန်လိုက်ကာခေါင်းပွက်ပွက်ခါနေသည်။ ထိုကစားသမား၏ကျောနံပါတ်ကို လှမ်းကြည့်မည်ကြံတော့ ကင်မရာက ကျောဘက်သို့ရောက်မလာဘဲဖြစ်နေသည်။ဟင်းချက်အစီအစဉ်ကတော့ သူ့အာရုံထဲမှာ မရှိတော့ပါ ။

လူဟာ ကိုယ့်ကိုကိုယ် အချစ်ဆုံးပဲ ။ ။
(လူတော်တော်များများ ၀န်ခံတတ်ကြတဲ့စကား)

လူတစ်ယောက်ဟာ တစ်သက်မှာ တစ်ခါတော့ ကိုယ်အချစ်ဆုံးလူကိုသေစေချင်စိတ်ပေါ်ခဲ့မှာပဲ။ ။
(မားဆိုး)

ကမျူး၏ Outsider ထဲမှ ဇာတ်ကောင်ပြောခဲ့သော စကား။ အတိအကျမဟုတ်သည့်တိုင် ထိုအဓိပ္ပါယ်ရသော စကားကို မားဆိုးပြောခဲ့ကြောင်း သူသတိရသည်။ တကယ်တော့ ထိုဝတ္ထုတစ်အုပ်လုံးတွင် ထိုဒိုင်ယာလော့ခ်တစ်ခုသာ မှတ်သား လျှက်သားဖြစ်ခဲ့ခြင်းလည်းဖြစ်သည်။

သူ သူ့ကိုယ်သူ အင်မတန်ချစ်ခဲ့ဖူးသည်မှာ သေချာသည်။ထို့ကြောင့်သူ ကေသီ့ကို ဖြတ်ခဲ့ခြင်းဖြစ်မည်။ တက္ကသိုလ်တုန်းက ကေသီ အမည်ရှိ ကျောင်းသူလေးမှာသူ့ရည်းစားဖြစ်သည်။ စာအလွန်ဖတ်ခြင်းနှင့် ပိုးကောင်များကို လက်သည်းနှစ်ခုဖြင့် ဖိသတ်ခြင်းသည်သူမ၏ သည်းခြေကြိုက်ဝါသနာများဖြစ်သည်။

“ နင်ကပိုးကောင်လေးလို နုနယ်သူပဲ” လို့ သူမက သူ့ကိုပြောချိန်မှာတော့ သူထွက်ပြေးခဲ့သည်။ သူ့ကို ပိုးကောင်လို သဘောထားသော သူမကို သူကြောက်သည်။ သူမ၏လက်သည်းတွေနှင့်ဖိသတ်ခံရသည်ဟု ထိုရက်ပိုင်းက အိပ်မက်တွေ ဆက်တိုက်မက်ခဲ့သည်မဟုတ်လား ။သူ သိပ်ချစ်ပေမယ့်အသက်ခံရလောက်အောင်တော့ မချစ်နိုင်။ မိမိလုံခြုံမှုအတွက် သူ ကေသီ့ကို ရှောင်ပုန်းခဲ့တော့သည်။သည်ဖြစ်ရပ်မှာ သူ့ကိုယ်သူ မည်မျှချစ်ကြောင်းဖော်ပြနိုင်သော အစိတ်အပိုင်းတစ်ခုပင်။
ယခု သူအတွေးလွန်ရင်း ကေသီ့ကို လွမ်းလာသည်။ သူ ကေသီ့ကိုသိပ်ချစ်သည်။ သူတို့နှစ်ယောက်မပြတ်ခင်က “ မိမိမှာ ခန္ဓာရှိတာ သိပ်ရယ်ရတယ်နှင့် တခြားဝတ္ထုတိုများ”ဟူသည့် သူမကိုယ်တိုင်ရေးလက်ရေးမူစာအုပ်ကို သူ့ကိုပေးခဲ့သည်။ သူမသည် စကားပြေအရေးကောင်းသူလည်းဖြစ်သည်။ယခုသူသည်လည်း သူ့ခန္ဓာကိုယ်ကို ကိုယ်တိုင်ချက်ပြုတ်နေသည် ဖြစ်၍ သူမ၏ ၀တ္ထုထဲမှ ခန္ဓာကိုယ်နှင့်ပတ်သက်သောအချက်တစ်ခုခုကများ ယခုလုပ်ငန်းစဉ်ကို အထောက်အကူပြုနိုင် မလား ဟု တွေးမိသည် ။ စာကြည့်ခန်းထဲဝင်၍သူထိုစာအုပ်ကိုသွားရှာသည်။ မတွေ့ပါ။ စာအုပ်စင်အောက်ဘက်ထိရှာပြီး မတ်တပ်ပြန်ရပ်လိုက်တော့ခပ်လှမ်းလှမ်းနံရံက White-board တစ်ချပ်နှင့် မျက်နှာချင်းဆိုင်မိသွားသည်။ ထိုWhite-board တွင် မိမိကိုယ်ကို ခွေးကျွေးခြင်းဖြင့် ဂုဏ်ယူပါ ဟူသောစာတမ်းကို ရေးမည်ဟု လွန်ခဲ့သည့် ရက်သတ္တပတ်ခန့်က စဉ်းစား ခဲ့ဖူးကြောင်း ပြန်သတိရမိသွားသည်။ ယခုသတိရတုန်းရေးမည်ဟု ဆုံးဖြတ်ကာ သွားရေးတော့ဖောင်တိန်က မင်ခမ်းနေ သည်။ ထို့ကြောင် မရေးဖြစ်တော့ဘဲ လွင့်နေသည့် အာရုံများကို လတ်စသတ်ကာမီးဖိုခန်းထဲပြန်လျှောက်ခဲ့လိုက်သည်။
မီးဖိုခန်းထဲမှာ သူအချောသတ်ချက်ပြုတ်စရာတွေကို ဆက်လက်ချက်ပြုတ်နေသေးသည်။သူသည် ချက်ပြုတ်မှုတွင် ကျွမ်းကျင်သူမဟုတ်ချေ ။ထို့ကြောင့် တစ်သက်တွင်တစ်ခါသာ အခွင့်ကြုံနိုင်သောမိမိကိုယ်ကိုချက်ပြုတ်မှုတွင် လှပ အမယ်စုံစွာ ခင်းကျင်းမချက်ပြုတ်နိုင်ဘဲဖြစ်နေသည်။ ထို့ကြောင့်သူဝမ်းနည်းလာသည်။ထိုင်ခုံတွင် မှိုင်နေမိသေး၏။ သို့သော် သူ တခစ်ခစ်နှင့် ထရယ်ပြန်၏။ သူ့မိတ်ဆွေတစ်ဦးအကြောင်းတွေးမိ၍ဖြစ်သည်။

“ကျုပ်တို့ခန္ဓာကိုယ်က သေသွားရင် ကျုပ်တို့အတွက်ဘာမှ အသုံးမ၀င်တော့ဘူးမို့လား။ ဒါကြောင့် တခြားသူတွေကို လှူဒါန်းခဲ့သင့်တယ်”

သူ့မိတ်ဆွေထိုသို့ပြောစဉ်တုန်းက သူသည် ခါးပတ်ခေါင်းကို တစ်ထစ်လျှော့၍နေချိန်ဖြစ်သည်။နောက်တော့ မိတ်ဆွေက ခန္ဓာကိုယ်သွားလှူသည်။ ထိုညတွင်ပဲ မိတ်ဆွေ၏အိမ်မီးလောင်ကာ မိတ်ဆွေမီးထဲပါသွားပြီးသူ့အလောင်းကို မည်းတူး နေသည့် အိမ်တိုင်လုံးတွေအောက်ကဆွဲဆယ်ခဲ့ကြရသည်။ သူ့ခန္ဓာကိုယ် မည်သည့်အစိတ်အပိုင်းမှတခြားလူအတွက် ပြန်လည်အသုံးပြု၍မရတော့ဟု သူပြန်ကြားရသည်။ ထိုအကြောင်းကိုတွေးမိ၍ သူရယ်မိခြင်းဖြစ်သည်။သို့သော် ဒါက ရယ်စရာမှမဟုတ်ဘဲ ဟု သူပြန်သတိဝင်မိပြန်သည်။ ငိုစရာ၊ ဒါ ငိုစရာပဲ ။ ထို့ကြောင့်သူငိုဖို့ပြင်သည်။သို့သော် ငိုခါနီးမှာပဲ အပွက်လွန်နေသော ဟင်းရည်အိုးက ဝေကျသဖြင့် သူအမြန်မီးသွားလျှော့ကာအိုးအဖုံးလှပ်လိုက်ရသည်။ မငိုဖြစ်တော့ ။

နံရိုးအခုံးကြီးပေါ် ယင်ကောင်တွေနားနေတာမြင်တော့ သူပြေး၍ယပ်ခတ်ခြောက်လန့်လိုက်သည်။ရေသေချာဆေးပြီးမှ နံရိုးကို ရှာမကာရည်နှင့် လောင်းလိုက်သည်။ မိန်းမတစ်ယောက်မဟုတ်ပေမယ့်ငါ့ပေါင်အတွင်းသားတွေက သိပ်နူးညံ့ နေမှာပဲ ဟု သူ မျှော်မှန်းမိသည်။ မနူးမနပ်လေးပြုတ်၍ သခွားသီးအချဉ်နှင့် ဆော့ချဉ်နှစ်မျိုးလုံး တွဲစားရအောင် ဖန်တီး လိုက်သည်။ ခြေဖ၀ါးထဲ ချင်းနှင့်ပင်စိမ်းတွေမြှုပ်လိုက်သည် ။ခြေမျက်စိကသိပ်မာနေတော့ ၀ါးလို့ရပါ့မလား ။

အသားထက်အရိုးတွေက အရသာပိုပေးနိုင်သည်ဟု သူထင်ထားသည်။သူ့တစ်ကိုယ်လုံးက တစ်ကယ့်ကို ပစ်ရက်စရာ မရှိမှန်း လက်တွေ့သိတော့ သူပျော်သွားသည် ။

အင်း…. ခွေးကျွေးဖို့အတွက်ဆိုရင်ပေါ.. ။

ညနေသုံးနာရီလောက်မှာတော့ ဟင်းရည်အိုးထဲက တင်ပဆုံသားတွေတပွက်ပွက်ခုန်ဆွနေပါပြီ။ ကျက်ပြီ ။ မနူးမနက် ပြုတ်ထားသည့် အသားတွေကို ဆီနည်းနည်း၊ မီးနည်းနည်းနှင့် ဒယ်ရှပ်လှိမ့်လိုက်သည်။ ကြွပ်ကြွပ်ကြော်ထားသည့် ခြေချောင်းလက်ချောင်းတွေကို ထရပ်ကားပေါ်အရင်ပြေးတင်လိုက်သည်။ယင်လုံဇကာအုပ်ခဲ့သည် ။

ခြေတွေလက်တွေကို နူးနေအောင်ကင်ပြီး ဓားပါးပါးနှင့် တစောင်းခြစ်ထားသည့် နေရာတွေကြားသို့ အပေါ်မှ ကော်ရည် ပူပူစမ်းလိုက်တော့ သိပ်လှသည့် ဟင်းပွဲဖြစ်လာသည်။ ကလီစာတွေကိုတော့ ပြုတ်ပြီးသုတ်ထားသည်။ ဦးစွာ အအေး ခံထားသည့် သွေးခဲတွေကိုလည်း ဆီနည်းနည်းနှင့် အပူပေးပြီး ခပ်တောင့်တောင့်လေးဖြစ်ကာမှ အနှစ်များများနှင့် ချက်လိုက်သည်။

သူသည်တစ်ကိုယ်လုံးခုတ်ထွင်ခဲ့ရသဖြင့် သွေးတွေ၊ညှီတွေနှင့်အော်ဂလီဆန်ချင်စရာကောင်းနေသည်။ ထို့ကြောင့်သူသည် ရေချိုးခန်းထဲဝင်၍ ရေချိုးခဲ့သည်။ရေချိုးခန်းထဲကမှန်ထဲတွင် သူ့ပုံရိပ်သည် ထင်နေမလား၊မထင်ဘဲဖြစ်နေမလားတော့ သူသေချာမကြည့်သဖြင့်သူမသိချေ။ ဘယ်ထင်တော့မလဲ ငါကရှိမှမရှိတော့တာပဲ။ ငါ့ကိုယ်ငါ ကိုယ်တိုင်ချက်ပြုတ်ခဲ့တာပဲ။ အခုဆို စားရန်အသင့်အနေအထားတောင်ရောက်နေခဲ့ပြီပဲ။ ဟုတ်ပါသည်။ သူ့ဟင်းသူ မြည်းမကြည့်တာကလွဲလျှင် သူ့ ချက်ပြုတ်မှုအောင်မြင်စွာပြီးဆုံးခဲ့ပါပြီ။

သူသည် သန့်ရှင်းမွှေးကြိုင်စွာ ၀တ်စား၍ထရပ်ကားကို မောင်းနှင်ခဲ့ပါသည်။ ဂီယာတံဘုလုံးပေါ်လက်တင်မိသည့် တစ်ကြိမ်တွင် အာရုံများတတ်သော သူသည် စတင်အာရုံလွင့်ပျံလာပြန်ပါသည်။သည်တစ်ခါသူတွေးမိသည်က အဘိုးအို ကော့လု ။

ဂျက်လန်ဒန်၏ ၀တ္ထုတိုတစ်ပုဒ်ထဲမှ အဘိုးအိုကော့လု။ အဘိုးအိုကော့လုကိုသူ့သားနှင့် မျိုးနွယ်စုတွေက ချန်ထားခဲ့ကြပြီး တခြားနေရာသို့ ရွှေ့ပြောင်းသွားသည်။ သူတို့မျိုးနွယ်တွေအတွက်အိုမင်းမစွမ်းတွေကိုထားရစ်ခဲ့ကြခြင်းမှာ ရက်စက်မှုဟု မမြင်ကြသော ရိုးရာအစဉ်အလာတစ်ခုပင်။ကော့လု မီးပုံလေးတစ်ပုံနှင့် ကျန်ခဲ့သည်။ ၀ံပုလွေတွေအဝေးက အူသံပေးပြီး အနီးသို့ လာကြသည်။ကော့လု မီးပုံဘေးမှာ ၀ံပုလွေတွေဝန်းရံလာတာကို ခံစားရင်း သူ့အသက်ဓာတ် ဆုံးခန်းတိုင်သွား သည်။ထို ဂျက်လန်ဒန်ဝတ္ထုထဲမှ ကော့လုနေရာကို သူမကြာခဏကိုယ်စားဝင်ခံစားဖြစ်သည်။ ဆာလောင်နေသည့် ၀ံပုလွေတွေ၏သွားများနှင့် အသားထဲ အရှင်လတ်လတ်ထိုးဖောက်သွားမည့် အရသာ။

“ အိုး…. သိပ်ကိုစိမ့်ဝင်နေမှာပဲ…”

သူ့ကိုများ ၀ံပုလွေတွေလာစားမလားဟု သူအမြဲတွေးသည်။ လပြည့်ညရောက်တိုင်း ပြတင်းပေါက်ဘာဂျာအစင်းကြားကနေ သူ့အိမ်နီးချင်းတွေ ဘယ်သူဝံပုလွေဖြစ်နေပြီလဲ ဟု သူချောင်းကြည့်တတ်သည်။ သမန်းဝံပုလွေတွေအကြောင်း စာကြည့် တိုက်က ငှားခဲ့သည့် စာအုပ်ကို သူပြန်မအပ်ရသေးတာကိုပင် သူသတိရမိသေးသည်။ ကားအနောက်မှန်ကနေ ဟင်းအိုး တွေကိုတစ်ချက်အကဲခတ်လိုက်သည်။ ဟင်းအိုးတွေ မပေပွ၊ မတိမ်းစောင်းအောင် သူ ဂရုတစိုက်မောင်းနှင်လာသည်။

သူစုံစမ်းထားသည့် ခွေးလေခွေးလွင့်တွေများသည့် လမ်းဆုံသို့ရောက်ရှိလာပါသည်။သို့သော် ခွေးတစ်ကောင်တစ်မြီးလေမှ မတွေ့သောအခါ သူအနည်းငယ်အားပျက်မိသွားသည်။ သို့သော်လုပ်စရာရှိတာတွေကိုလုပ်သည်။ ဟင်းအိုးများစွာကို သယ် မကာ လမ်းဆုံမှာ ခင်းကျင်းသည်။ ပါးစပ်က ခွေးတွေလာနိုင်ချေရှိသောအသံမျိုး အော်သံပြုနေမိသည်။

“ အို့ အို ….တလုတ် တလုတ်…အို့အို….တလုတ်တလုတ်…..”

ခြံပုတ်တစ်ခုအတွင်းမှ ခွေးတစ်ကောင်ကို သူ တွေ့ရသည်။ ခွေးက သူ့ဟင်းအိုးတွေအနားမလာ။ သူ အသားတုံးတစ်တုံး ပစ်ကျွေးလိုက်သည်။ခွေးက လန့်ပြီးထွက်ပြေးသွားသည်။ သူ့အသားကို ခွေးကတောင် မစားချင်၊ ငြိုငြင်နေသောအခါ သူစိတ်မကောင်းဖြစ်သွားသည်။ သို့သော် သူနားလည်ပေးလိုက်သည်။

“ ဒါ သူဗိုက်မဆာသေးလို့..၊ ဒါမှမဟုတ် ငါ့ရှိနေတုန်း ငါ့ရှေ့မှာ ငါ့အသားကိုစားရမှာ အားနာနေလို့ နေမှာ..၊ အင်း…ဒါမှ မဟုတ် သူ့အဖော်တွေသွားခေါ်ပြီးပျော်ပျော်ပါးပါးစားမလို့နေမှာပါ”
ဟု သူပြန်တွေးလိုက်သည်။ ထို့ကြောင်ခွေးတွေ လွတ်လွတ်လပ်လပ်လာစားနိုင်အောင် သူဒီနေရာက ခွာခဲ့သည်။

ကားကို လယ်ကွင်းတွေရှိသည့် လမ်းဘက်က ဖြတ်မောင်းခဲ့သည်။ လေညင်းတွေ အေးစက်စက် သူ့မျက်နှာကို ရိုက်ပက် ကြသည်။ နေလို့ကောင်းလိုက်တာ ။တိမ်တွေကလည်းကောင်းကင်မှာပါးလျကြည်လင်နေသည်။ သူ အပေါ့သွားချင်သလို ဖြစ်မိရာမှ သတိရလိုက်ပြန်သည်။ သူ့လိင်အင်္ဂါကိုသူဘယ်လိုချက်ပြုတ်လိုက်သလဲဆိုတာ သူမေ့နေသည်။ ဟင်းရည်အိုးထဲ ထည့်မိသလား၊ ကလီစာတွေနှင့်အတူသုပ်မိသလား၊ ဒါမှမဟုတ် ၀မ်းဗိုက်သားတွေနှင့် ရောကြော်မိသလား ။ သူ လုံးဝ စဉ်းစားမရသဖြင့် မစဉ်းစားတော့ပေ ။ ထိုအချိန် ခြောက်ခြားစရာ အတွေးတစ်ခုကလည်း အရှိန်ပြင်းပြင်း ၀င်လာသည်။ သွားပြီ ။ သူခွေးတွေစားဖို့ ချက်ပြုတ်ထားသည့် အစာတွေကို လူတွေတွေ့ပြီး ၀ိုင်းဝန်းစားသောက်လိုက်ကြရင် ဘယ်လို လုပ်မလဲ ။' ခွေးများသာစားရန်' လို့ ဟင်းအိုးတွေဘေးမှာ စာတစ်စောင်မှမရေးခဲ့မိ ။လူတွေကသူတို့စားဖို့ နတ်သုဒ္ဓါတွေလို့ ထင်ပြီး စားသောက်ကြမှာကို သူမလိုလား။ သူ့အသားကို လူတွေစားကြမှာသူသိပ်ကြောက်သည်။ လူတွေကို ငါ့အသား မကျွေးနိုင်ဘူး။ ဘယ်ကောင်မှ ငါ့အသားမစားရဘူး ။

သူ ချက်ချင်းကားကို ကျွီ …ခနဲ ဆွဲကွေ့လိုက်သည် ။ ထိုအချိန်နောက်က အရှိန်နှင့် ကျော်တက်လာသော ကားလေး တစ်စင်းသည် သူ့ထရပ်ကား ဘော်ဒီ၏ ထုထည်ကို မယှဉ်နိုင်ဘဲဘေးသို့လွင့်စင်က ပိုးလိုးပက်လက်ဖြင့် လယ်ကွင်းထဲ ထိုးကျသွားသည်။ သူလည်း ကားပေါ်ကဆင်းကာ ထိုမှောက်သွားသော ကားထံပြေးလေသည်။

ကားထဲတွင် အမျိုးသမီးတစ်ဦးသွေးတွေနှင့် ညည်းညူနေသည်။ သူကားတံခါးဆွဲပြီး ထိုအမျိုးသမီးကိုပွေ့ထုတ်လိုက်တော့ ထိုအမျိုးသမီး၏မျက်နှာကို မြင်လိုက်ရသည်။

“ဟင်…. ကေသီ…”
အမျိုးသမီးကလည်း မှတ်မိသွားသည်။ ပြုံးသွားသည်။ နှုတ်ခမ်းတွေက ရုန်းကန်နေသော်လည်း ဘာသံမှထွက်မလာ။
“ ငါ နင့်ကို လိုက်ရှာနေတာ နှစ်တွေအကြာကြီးပဲ ”
သူပြောသည်။ ကေသီ့ ဆီမှလည်း အသံတစ်ခုတီးတိုးနွမ်းဖျော့စွာထွက်လာသည်။
“ ငါ သိတယ်၊ နင်လိုက်ရှာနေတာ ငါသိတယ် ”
“ နင့်ကို ငါဆေးရုံပို့မယ် ”
လယ်ကွင်းလမ်းကနေ အရှိန်ပြင်းစွာမောင်းနေသော ထရပ်ကားအိုကြီးသည် ဆေးရုံတစ်ခုဆီသို့ ဦးတည်နေသည်။ သူ့ ထရပ်ကား ရှေ့ခန်းတစ်ခုလုံး သွေးတွေဖြင့် စိုရွှဲနေသည်။ အမျိုးသမီးမှာ သွေးတွေအန်ကာအသက်ငင်နေသည်။

သူ ခွေးလေခွေးလွင့်တွေများသော လမ်းဆုံကနေဖြတ်မောင်းလာခဲ့သည်။သူတည်ခင်းခဲ့သော ဟင်းအိုးများကို ခွေးတွေ အုံခဲစားသောက်နေသည်ကို တွေ့လိုက်သဖြင့် သူတစ်ချက်ပြုံးမိသည်။သို့သော် သူ့လက်ထဲမှ သွေးတွေနှင့် မလှုပ်မယှက် ဖြစ်နေသော အမျိုးသမီးကို ငုံ့ကြည့်မိသောအခါမှာတော့ သူ မျက်ရည်တစ်ပေါက်ကျသွားပါတော့သည်။

သူဝေး

ပင်မစာမျက်နှာသို့ပြန်သွားမည် >>
နေ့စဉ် အသစ်အသစ်သော သတင်းများ ကို သိရှိနိုင်ရန် လိုတရ Application အား ဤနေရာတွင် နှိပ်၍ အခမဲ့ Download ရယူပါ။