Lotayamm

search
မာတိကာ

contents

ထိပ်ဆုံးစာမျက်နှာ > ဝတ္ထုများ

အဝိဇ္ဖာတောလား
အစ/အဆုံး
သစ္စာနီ

(၁)
“ကိုယ့်စိတ်ကိုယ်စစ်”
သဲအင်းဂူ ဆရာတော်ဘုရားကြီး တိုတိုထိထိ ဆုံးမတော်မူခဲ့သော စကားတစ်ခွန်း ဖြစ်ပါသည်။ အသိအာရုံက တံခါး တစ်ချပ်လို ဖျပ်ခနဲ ပွင့်လာ၏။ မျက်လုံးများကို ပိတ်ထားဆဲဖြစ်သော်လည်း အိပ်ယာက နိုးနေသည်။ ခြံထောင့်က စံပယ်ပန်းရုံက ဒီမနက် ပွင့်ပြီထင်၏။ သင်းပျံ့သောရနံ့က နှာခေါင်းထဲသို့ တိုးဝင်လာ၏။ ပြတင်းတံခါးကို တွန်းဖွင့်လိုက်၏။ ကောင်းကင်မှာ ပန်းနုသွေး ပြန့်ကားစ၊ အိမ်ရှေ့လမ်းမပေါ်မှ လေးလံသော တောင်းများကို ရွက်ကာ ဆက်လျှောက်သွား ကြသော ကုန်စိမ်းသည် တစ်သိုက်ကို မြင်ရသည်။ ပုဏ္ဏရိပ်ခြုံပေါ်မှ လိပ်ပြာတစ်ကောင်ကို ပုတ်သင်ညိုတစ်ကောင်က ခုန်ဟပ်ကိုက်ခဲလိုက်၏။ ဝမ်းစာတိုက်ပွဲ၏ စိန်ခေါ်သံမှာ နံနက်ခင်းအလှကို တုန်ခါသွားစေသည်။

မန်ကျည်းပင် အကိုင်းတစ်ကိုင်းမှ နှံပြည်စုတ်ငှက် ကလေးတစ်ကောင်၏ စူးစူးရှရှ အော်သံကို ကြားရပြန်၏။ ထိုကဲ့သို့ အော်နေသည်မှာ သုံးရက်ခန့်ရှိပြီ။ ကွဲသွားသော အဖေါ်ကို တမ်းတနေဟန်တကား။ ထိုအဖော်မှာ ရင်သွေးလား။ တစ်အူထုံ့ဆင်းလား။ ကြင်ဖက်သက်နှံလား။ သူ့အဖော်သည် ကြောင်ခုတ်ခံရလေသည်လား။ လေးဒဏ် ခံခဲ့ရလေသည် လား။ ခြံစည်းရိုးပေါက်မှ ခွေးတစ်ကောင်တိုးထွက်နေ၏။ ခြံထဲသို့ တိုးဝင်ကာ ညအိပ်တတ်သောခွေး။ ဒီခွေးသည် တမြန်နေ့ကပင် ဖိနပ်အကောင်းများကို ကိုက်ဖြတ်ခဲ့သည်။ လက်များက ခုတင်ခေါင်းရင်းတွင် ထောင်ထားသော လှံဆီကို ရောက်သွား၏။ သို့သော် ခွေးက ထွက်ပြေးပျောက်ကွယ်သွားပြီ။ ရင်ထဲတွင် မပျောက်ကွယ်ဘဲ ကျန်ခဲ့ သည်က ဒေါသဂယက်များသာ ဖြစ်သည်။

ရေအေးအေးနှင့် မျက်နှာတွေ့တော့မှ နောက်ကျိနေသော စိတ်တွေ အတန်ငယ် ကြည်လင် လန်းဆန်းသွား၏။ အဆုတ်ထဲကို လေအပြည့်ရှူသွင်းကာ ဖြည်းဖြည်းချင်း ပြန်ထုတ်လိုက်သည်။ လေးငါးကြိမ် လုပ်မိတော့ မြန်နေ သော နှလုံးခုန်သံ မှန်လာ၏။ မှန်ရှေ့တွင် သွားရပ်ကာ မျက်နှာပေါ်မှာ တင်းနေသော အကြောများကို ဖြေလျှော့ဖို့ ကြိုးစားသည်။ ပြီတော့ အိပ်ယာမှ နိုးကာစ စတင်ဖြစ်ခဲ့သော စိတ်တွေကို ပြန်စမ်းစစ်ကြည့်မိ၏။ စံပယ်၊ ကုန်စိမ်းသည်၊ နှံပြည်စုတ်၊ ခွေးတစ်ကောင်၊ လှံတစ်ချောင်း၊ သေဆုံးသွားသော လိပ်ပြာ နှင့် သည်းကြိုပြတ်သွားသည့် ဖိနပ်၊ မုန်းတီးခြင်း၊ နှစ်သက်သာယာခြင်း၊ ကြမ်းကြုတ်ခြင်း၊ ကြေကွဲခြင်း၊ နောင်တ။

(၂)
တံခါးတစ်ချပ်လို သူ့အသိအာရုံတွေ ဖျက်ကနဲ ပွင့်ကာ အိပ်ယာမှ နိုးစတုန်းက အဲဒါတွေအား ဘယ်မှာ ရှိသေးလို့လဲ။ အဆင်း၊ အနံ့၊ အသံ၊ အရသာ၊ အတွေ့အထိ၊ အတွေး ဆိုတာတွေနဲ့ ပတ်သတ်ထိခိုက်ပြီး၊ ဖြစ်လိုက်တာတွေ၊ ဖြစ်လာတာတွေ၊ အဲဒီလိုသိလိုက်ရတော့ သူ့ရင်ထဲမှာ ခေတ္တငြိမ်းအေးသွား၏။ အာရုံနှင့် မငြိသော အိပ်ငိုက်စိတ်ကား စိတ်သက်သက် (ဘဝင်စိတ်) ဖြစ်၏။

မဇ္ဈမနိကာယ်၊ သဠာယတန သံယုတ်ပါဠိတော်၌-- “မီးသည် (ရှေးဦးစွာ) မရှိငြားသော်လည်း ကျောက်၊ မီးစာ၊ အပူ စသည်တို့ ပေါင်းစုံမိသည်ရှိသော် ဖြစ်ပေါ်လာသကဲ့သို့၊ ဝတ္ထု၊ အာရုံ၊ မနသိကာရ စသော အကြောင်းတရားတို့ ပေါင်းစုံ မိသည်ရှိသော် စိတ်သည် (ဥပါဒ်နေအားဖြင့်) ဖြစ်ပေါ်ရှိလာ၏” ဟု ရှင်းလင်းပြဆိုထားလေသည်။ မရှုတတ်သော် ထိုစိတ်ကို အဖြေခံကာ တဏှာ၊ ဥပါဒါန်၊ ကံဖြစ်၏။ ကံဖြစ်လျှင် ဇာတိဖြစ်တော့မည်။ ဇာတိဖြစ်လျှင် ဆင်းရဲဖြစ်တော့မည်။ ထိုစိတ်ကို ဖဿမှ ဝေဒနာ မကူးအောင် အနတ္တလက္ခဏာနှင့် ရှုမှ ပြတ်ပေမည်။


(၃)
အသက်ကြီးသော ကျွန်တော်၏ အဘွားသည် လူကို အမည်နာမနှင့် တွဲကာမှတ်မိခဲ့၏။ ထို့ကြောင့် လူတစ်ဦးစီကို ထူးခြားသော သူ့ဂုဏ်နှင့်သူ ခွဲခြားမှတ်ထားလေ့ရှိ၏။ ကျွန်တော့တွင် တန်ဖိုကြီးခွေးများကို အမြတ်တနိုး မွေးမြူသော သူငယ်ချင်းတစ်ဦး ရှိ၏။ ကျွန်တော်မရှိခိုက် သူရောက်လာလျှင် ကျွန်တော့်အဘွားက မှတ်သားထားကာ “နင့်ခွေးသူငယ်ချင်း လာသွားတယ်” ဟု အသိပေးလေ့ရှိ၏။ ကျွန်တော့ သူငယ်ချင်းကား ကျွန်တော်နှင့် ဆုံဖြစ်လျှင်ဖြစ်စေ၊ တခြား မည်သူမည်ဝါနှင့် ဆုံသည်ဖြစ်စေ၊ သူ့ခွေးများအကြောင်းကိုသာ အားပါးတရ ပြောလေ့ရှ၏။ ခွေးစကားကလွဲ၍ မပြောတတ်။ သူ့တွင် စားလည်းဒီစိတ်၊ အိပ်လည်းဒီစိတ်၊ ခွေးစိတ်ပဲ ရှိတော့၏။

ကျွန်တော်တို့၏ မူလစိတ် ဆိုသည်မှာ အိုးနှင့်တူ၏။ အထဲတွင် ဘာမှ မရှိသော အိုးဖြစ်သည်။ ဘာမှ မရှိသောကြောင့် ထပ်ဖြည့်စရာမလို။ သို့သော် ကျွန်တော်တို့က ထိုအိုးထဲကို ကျွန်တော်တို့ အလိုကျ (လောဘ၊ ဒေါသ၊ မောဟ၊ စေတသိက် ၂၅ ပါး၊ ကုသိုလ်၊ အကုသိုလ်) ဆိုတာတွေ ထည့်ကြ၏။ ကျွှန်တော့သူငယ်ချင်းကဲ့သို့ ခွေးထည့်ထားသူလည်း ရှိ၏။ မရှိအိုး ဘောင်ဘင်ခတ်သည်ဆိုခြင်းမှာ ကျွန်တော်တို့ ပုထုစဉ်များ၏ စိတ်သဘာဝကို ရည်ညွှန်းဖွဲ့ဆိုသော စကားဟု ထင်မြင်မိသည်။ အမှန်တော့ ကျွန်တော်တို့ သံသရာ တစ်လျှောက်လုံး ပိုင်ဆိုင်လာခဲ့သည်မှာ ဤအိုးတစ်လုံးထဲသာ ဖြစ်၏။

အိုးထဲတွင် ဘာမှမရှိ(အနတ္တ) ဟုသိခြင်း(ဝိဇ္ဇာ) သည်ပင် တရား(ဓမ္မ) ဖြစ်တော့သည်။ ဘုရား၊ ရဟန္တာတို့ စိတ်ကား ထိုအိုးကို မှောက်ထားတာနှင့် တူလိမ့်မည်ဟု ထင်ပါသည်။

သစ္စာနီ

ပင်မစာမျက်နှာသို့ပြန်သွားမည် >>
နေ့စဉ် အသစ်အသစ်သော သတင်းများ ကို သိရှိနိုင်ရန် လိုတရ Application အား ဤနေရာတွင် နှိပ်၍ အခမဲ့ Download ရယူပါ။