Lotayamm

search
မာတိကာ

contents

ထိပ်ဆုံးစာမျက်နှာ > ဝတ္ထုများ

တွင်းနက်များ၏ လိင်သဘာဝ
အစ/အဆုံး
အောင်သူရ

The I is always in the field of the Other.
. . .Lacan. . .

လူးလွန့်နေတဲ့တောင်တန်းစိမ်းတွေရဲ့နောက်ကနေ မိန်းမတစ်ယောက်ရဲ့ခေါင်းပေါ်လာတာကို ကြောင်က အရင်အနံ့ခံ မိတယ်။ ကြောင်အော်လိုက်တဲ့အသံကြောင့် လူလှည့်ကြည့်လိုက်တဲ့အခါမှာ ဆံပင်အကောက် တွေကို ဖါးလျားချထား တဲ့မိန်းမကို မြင်လိုက်ရတယ်။ လူရောကြောင်ပါခိုက်ခိုက်တုန်အောင် ချမ်းနေပေမယ့် တဒင်္ဂတိတ်တိတ်ဆိတ်ဆိတ် ငြိမ်သက်သွားတယ်။

အနီရောင်မျက်နှာနဲ့မိန်းမဟာ လူနဲ့ကြောင်ကို မျက်လုံးသေကြီးတွေနဲ့ စိုက်ကြည့်နေတယ်။ မျက်တောင်ခတ်တဲ့ပုံလည်း မပေါ်ဘူး။ မိန်းမရဲ့မျက်တောင်ရှေ့ကနေ လေတွေ တဟူးဟူးတိုက်နေတယ်။

မိန်းမရဲ့ခေါင်းနဲ့ရင်ဘတ်အစလေးကိုပဲ လူနဲ့ကြောင်ကမြင်ရတယ်။ ရင်ဘတ်ကစပြီး အောက်ပိုင်းတစ်ပိုင်းလုံးကို လူးလွန့် နေတဲ့ တောင်တန်းတွေက ကွယ်နေတယ်။

***

'' လိင်အင်္ဂါနစ်မျိုးရှိတယ်။ နစ်မျိုးစလုံးဟာ တစ်ခုနဲ့တစ်ခု ချိတ်ဆက်နေတယ်။ ဒါ့အပြင်အဲဒီအင်္ဂါနစ်မျိုးဟာ သူတို့ရဲ့ အရိပ်သဘော အင်္ဂါနစ်ခုနဲ့လည်း ပူးကပ်နေတယ်။ ပထမတစ်မျိုး လိင်အင်္ဂါကို လိင်အင်္ဂါလို့သာ ခေါ်ရပေမယ့် ဒီလိင် အင်္ဂါဟာ ရုပ်ဘဝအလွန်က ယန္တရားတွေနဲ့ လှုပ်ရှားနေတဲ့ လိင်အင်္ဂါဖြစ်တယ်။ ဒီလိင်အင်္ဂါဟာ နလုံးသားကို သူ့ရဲ့ အလွန်ဆီ ခေါ်ဆောင်သွားဖို့အတွက် နှလုံးသားကိုယ်နှိုက်ကို သတ်ဖြတ်ပစ်တဲ့ လိင်အင်္ဂါ ဖြစ်တယ်။ ''
လို့ လူကလှော်တက်ကို ခပ်သာသာဖိလှော်ရင်းပြောလိုက်တယ်။
'' ဒုတိယလိင်အင်္ဂါကတော့ ရုပ်ဘဝနဲ့သူ့ရဲ့ အရိပ် ကိုချိတိဆက်ထားပေမဲ့ ရုပ်ဘဝအမြင်ကြီးစိုးမှုရဲ့ သားကောင်အဖြစ် နဲ့ပဲ အလုပ် လုပ်တယ်။”
လို့ ကြောင်ကိုကြည့်ပြီးပြောလိုက်တယ်။

ကြောင်ကတော့လူနဲ့မျက်နှာချင်းဆိုင်ထိုင်ပြီး လူရဲ့နောက်ကျောဘက်က အုံ့ဆိုင်းလာတဲ့ကောင်းကင်ကို ကြည့်နေတယ်။

***

လူရဲ့လိင်ရမ္မက်တွေနိုးကြွလာတယ်။ တောင်တန်းစိမ်းတွေကတော့ နဂိုကတည်းက လူးလွန့်တွန့်လိမ်နေပြီး သားပဲ။ မျက်နှာအနီရောင်နဲ့မိန်းမရဲ့ရင်သားဟာ တောင်တန်းစိမ်းတွေနောက်ကွယ်ကနေ တဖြည်းဖြည်း ပေါ်ထွက်လာတယ်။ တောင်တန်းစိမ်းတွေရဲ့ရုန်းကြွမှုဟာ အဲဒီမိန်းမရဲ့ရင်သားတွေကို လှုပ်နှိုးထားလို့ နိုးကြား နေတဲ့ ပုံစံမျိုးနဲ့ ဒီမိန်းမရဲ့ ရင်သားတွေဟာ လူရဲ့လိင်ရမ္မက်ကို တွန့်ခေါက်လာအောင် နှိုးဆွနေတယ်။

မိန်းမရဲ့ရင်သားပေါ်မှာ အနီရောင်ဆိုတဲ့ ပုဝါပါးပါးကလေးကလွဲရင် ဘာမှမရှိဘူး။

လူရဲ့ ပုံမှန်မဟုတ်တဲ့အသက်ရှူသံတွေကို ကြောင်ကကြားနေရတယ်။

မိန်းမရဲ့ပုံန်မှန်မဟုတ်တဲ့အနံ့တွေကို ကြောင်ကအနံ့ခံနေတယ်။

ရင်သားတွေ တွန့်ခေါက်လာလို့မြည်လာတဲ့အသံတွေကို ကြောင်က နားစွင့်နေတယ်။

***

မိန်းမရဲ့အနီရောင်မျက်နှာဟာ လူနဲ့ကြောင်ကို ဖောက်ထွက်သွားပြီး သူတို့နဲ့ဝေးကွာသွားတဲ့ လှေကလေး နောက်ကို လိုက်သွားတယ်။ လှေကလေးနောက်ကိုလိုက်သွားတယ်လို့လူနဲ့ကြောင်ကမသိပေမဲ့ လှေထဲက လူနဲ့ကြောင်ကတော့ သူတို့ဆီကို မီးမုန်တိုင်းတစ်ခု အပြင်းနှင်လာနေတာကို သတိထားမိကြတယ်။

ဒါကြောင့် လှေကို တတ်နိုင်သမျှ မြန်မြန်ရွေ့အောင် အပြင်းလှော်နေတယ်။

ကြောင်ကလည်း မီးမုန်တိုင်းကြီးလာနေတဲ့ဘက်ကို မျက်နှာမူပြီး ကြည့်နေတယ်။

မျန်းမရဲ့မျက်နှာဟာ နီနေပေမဲ့ မျက်လုံးတွေကတော့ စိမ်းနေတယ်။ ဆံပင် ကောက်ကောက်ကွေးကွေးတွေဟာ ပြဒါးရောင်သမ်းနေပြီး လေအဝှေ့တွေမှာ တဖါးဖါးနဲ့လွင့်နေတယ်။

***

ဆံပင်ဖါးလျားနဲ့မိန်းမရဲ့နှုတ်ခမ်းဟာ လူရဲ့နဖူးကို ခပ်ဖွဖွထိသွားပြီး ဖိနမ်းလိုက်တယ်။ နမ်းနေတဲ့အချိန်မှာလည်း သူ့မျက်လုံးထဲကနေ ပါးပြင်ပေါ်ကို ပြဒါးရည်တွေ ကျနေတယ်။

မျက်လုံးနစ်လုံးစလုံးထဲကနေ ပြဒါးရည်တွေကျတာ ကုန်သွားတဲ့အချိန်မှာ မိန်းမရဲ့မျက်လုံးတွေဟာ ဟောင်းလောင်း ပေါက် ဖြစ်သွားတယ်။

နက်ရှိုင်းတဲ့ ချောက်နက်ကြီးနှစ်ခုဟာ မျက်လုံးနစ်လုံးဖြစ်လာတယ်။

***

မိန်းမရဲ့ ပြဒါးရောင်မျက်လုံးတွေ အနက်ရောင်ပြောင်းသွားတဲ့အချိန်မှာ လေဟာ ရုတ်တရက် ငြိမ်သွားတယ်။

တောင်တန်းအစိမ်းတွေဟာ ပိုပြီးကြီးထွားလာတဲ့ပုံစံနဲ့ မျက်နှာအနီရောင်နဲ့မိန်းမဟာ တဖြည်းဖြည်းနဲ့ သေးငယ်သွား တယ်။

ရုတ်တရက် လွင့်မျောသေးငယ်သွားတဲ့မိန်းမရဲ့ အနီရောင်မျက်နှာ အနက်ရောင်မျက်လုံး ဆံပင် ကောက်ကောက် ကွေးကွေးတွေနဲ့ ရင်သားတွေဟာ စောစောက သူရပ်နေတဲ့ဗလာထဲမှာ အမှုန်အဖြစ်နဲ့ ကျန်ရစ်နေတယ် လို့ ထင်ရလောက်အောင် လူဟာ သေးငယ်သွားတဲ့မိန်းမကို လွမ်းမောနေတယ်။

တုန်ရီနေတဲ့နလုံးသား လွမ်းမောနေတာကို လူဟာခံစားနေရတဲ့တစ်ချိန်တည်းမှာပဲ သူ့ရဲ့လိင် ရမ္မက်ဟာ နလုံးသားရဲ့ ချောက်အနက်ကြီးထဲ ပြုတ်ကျသွားတာကို သတိထားမိနေတယ်။

. . . . . . . . . . . . . . . . . . . . . . . . . .

အောင်သူရ

ပင်မစာမျက်နှာသို့ပြန်သွားမည် >>
နေ့စဉ် အသစ်အသစ်သော သတင်းများ ကို သိရှိနိုင်ရန် လိုတရ Application အား ဤနေရာတွင် နှိပ်၍ အခမဲ့ Download ရယူပါ။