Lotayamm

search
မာတိကာ

contents

ထိပ်ဆုံးစာမျက်နှာ > ဝတ္ထုများ

အိမ်နံပါတ် ၁၇
အစ/အဆုံး
နေမျိုး

ပထမပိုင်း


* * *

ဒုတိယပိုင်း

အခန်း (၁)

မောင်။

ဒီစာကို မောင်ဖတ်နေချိန်မှာ မ,ဟာ မောင်တို့နဲ့ ဝေးရာဒေသ တစ်ခုဆီကို ထွက်ခွါသွားနေပါပြီ မောင်။ အမိုက်မ,လို့ ပြောချင်လည်း ပြောပါတော့ မောင်။ အကြင်နာ ကင်းမဲ့တဲ့ မိန်းမလို့ မောင့် လက်သုံးစကားအတိုင်း ဆိုချင်လည်း ဆိုပါတော့မောင်။ မောင်တို့ အားလုံး စိတ်ချမ်းသာစေဖို့ ရွေးချယ်စရာဟာ ဒီတစ်လမ်းပဲ ရှိတော့တဲ့အတွက် ခုလို ဆုံးဖြတ်လိုက်ရတယ် မောင်။ မ,ကို ခွင့်လွှတ်ဖို့ တောင်းပန် စကား မဆိုတော့ဘူး မောင်။ ရွှေပင်မှာ နားခဲ့တဲ့ ကျေးမလေး တောသံကို ပေးပြီလို့ မောင် စိတ်ဆိုးနဲ့ ဆိုချင် ဆိုနိုင်ပါတယ် မောင်။ မောင်တို့ရဲ့ စံအိမ်ကြီးထဲမှာ မပျော်ပိုက်ခဲ့တဲ့ ကျွန်မကို (ကျွန်မလို့ပဲ ရေးပါရစေတော့ မောင်ရေ) တစ်နေ့တော့ မောင် မေ့သွားနိုင် လိမ့်မယ်လို့ ထင်မှတ်ပါတယ် မောင်။ ကျွန်မ မောင့်ကို သိပ်ချစ်ခဲ့တယ် မောင်။ မောင့်မေမေ ရှေ့မှာမို့ ခရာတာတွေ၊ တာ,တာတွေ၊ သိပ်ချစ်တဲ့ အမူအရာမျိုးတွေ လုပ်မပြနိုင်ခဲ့တာကိုတော့ ခွင့်လွှတ်ပါ မောင်။ ဒီအတွက် အကြင်နာ နည်းလှတဲ့ မိန်းမလို့ မောင် ထင်မှတ် ခဲ့တယ်နော်။

ကောင်မ,က ငါ့သားကို ကွယ်ရာမှာ ကပ်ကပ်ပြီး ပလီပလာ လုပ်လွန်းတော့ ဟိုကလည်း ပျော့ကျသွားတာပေါ့။ နွားက နဖားကြိုးကို မမြင်ဘူးလေတဲ့။ ကျွန်မလေ... မောင့်မေမေ စကားတွေ အပေါ်မှာ မောင် စိတ်နဲ့ ပစ်မှားမိမှာစိုးလို့ မောင့်ကို တစ်ဆင့် ပြန်မပြောပြဘဲ တစ်ယောက်တည်း ကျိတ်မှိတ် ခံစားခဲ့ပါတယ် မောင်။ မောင့်မေမေရဲ့ ပြင်းထန် ဆိုးရွားတဲ့ စကားတွေကနေ ကျွန်မ အတတ်နိုင်ဆုံး လွတ်ကင်းအောင် ရှောင်ခဲ့ပါတယ်။ ခုတော့ အဲဒီလို ရှောင်ရင်း တိမ်းရင်းနဲ့ အဝေးဆုံး တစ်နေရာကို လွင့်ခဲ့ရပြီပေါ့ မောင်ရေ။ ကျွန်မ မရှိပေမယ့် မောင့်အတွက် စိတ်ဖြေဆေးတွေက အိမ်မှာ အစီအရီ ရျိပါတယ် မောင်။ မောင် မူးမူးနဲ့ ကျွန်မပါးကို ရိုက်ခဲ့တဲ့ အကြိမ်တွေဟာ များခဲ့ပေမယ့် မောင် မူးမူးနဲ့ ကျွန်မကို တစ်ကြိမ်တလေ ဖက်နမ်းလိုက်ရုံနဲ့ အဲဒီတုန်းက ခံစားခဲ့ရတဲ့ ကြေကွဲဝမ်းနည်းမှုတွေဟာ လွင့်စင် ပျောက်ကွယ်သွား စမြဲပါ မောင်။ မောင်နဲ့ ပတ်သက်လာရင် ကျွန်မ အတတ်နိုင်ဆုံး သဘောထား ကြီးနိုင်အောင် ကြိုးစားခဲ့ပါတယ် မောင်။ ဒါပေမဲ့ မောင်ရေ ... အဲဒီလို ကြိုးစားခဲ့တာကိုပဲ ကြိုးရှည်ရှည်နဲ့ လှန်ထားတာလို့ မောင့်မေမေက ပြောရက်ခဲ့တယ် မောင်။ ကျွန်မရဲ့ မာနကို အကြိမ်များစွာ ထိုးနှက်တိုက်ခိုက်လာတယ် မောင်။ သာယာပျော်ရွှင်တဲ့ အိမ်ထောင်ရေးဖြစ်ဖို့ လင်နဲ့ မယားကြားမှာ မာနဆိုတာ မရှိအပ်သင့်တဲ့ အရာလို့ မောင် တဖွဖွ ပြောဖူးတာကို ကျွန်မ ခုထိ သတိရနေဆဲပါ မောင်။ ဒါပေမဲ့ မတတ်နိုင်တော့ဘူး။ ခွေးဝဲစားလေး တစ်ကောင်ကိုတောင် ချောင်ပိတ်ရိုက်ရင် ပြန်ကိုက်တတ်သေးသတဲ့။ အဲဒီတော့ မောင်ရယ်၊ ကျွန်မ မောင်တို့ကို အကောင်းဆုံး တုံ့ပြန်ဖို့ရာ ဒီနည်းပဲ ရှိတော့တယ်လေ။ မာနဆိုတာ အယဉ်ကျေးဆုံး လက်စားချေခြင်း တစ်ခုလို့ ကျွန်မ မှတ်ယူပါတယ် မောင်။ မောင်တို့ စံအိမ်ကြီးထဲမှာ ကျွန်မဟာ တစ်နေ့ထက် တစ်နေ့ သံပတ်ရုပ် ဘဝကို ကူးပြောင်းလာတယ်လို့ ခံစားရတယ် မောင်။ ကျွန်မအတွက် အစားအသောက်၊ အနေအထိုင်က အစ အစစ အရာရာ လိုလေသေး မရှိအောင် ထားပေမယ့် ကျွန်မ ခြေထောက်ပေါ်ကို ကျွန်မ ရပ်တည်ခွင့် မောင် မပေးခဲ့ပါဘူးလေ။ အဲဒီလို ပေးတာကို ယူ၊ ကျွေးတာကို စားနဲ့ ကျွန်မရဲ့ ဘဝဟာ မောင့်အိမ်မှာ မွေးထားတဲ့ 'ဘော်ဘီ'၊ 'ဂျော်ကီ' တို့ ဘဝနဲ့ တစ်တန်းစားတည်း ဖြစ်နေခဲ့ရတယ် မောင်ရေ။

မောင့်ကို လုံးဝမှီခိုနေရတဲ့သူ ဖြစ်လာလေတော့ မောင့်မေမေအဖို့ ကျွန်မကို ငြူစူစောင်းမြောင်းဖို့ အခွင့်အလမ်း ပိုသာလာတာပေါ့ မောင်။ ရုံးတစ်ရုံးမှာ တစ်ခုခု ဝင်လုပ်မယ် ဆိုတော့ မောင့်မိတ်ဆွေတွေက ကဲ့ရဲ့ကြလိမ့်မယ် ဆိုပြီး မောင်က ကန့်ကွက်ခဲ့တယ်။ (Thesis) သီးဆစ်စ် တင်နိုင်ဖို့အတွက် ခရီးထွက်ပြီး အချက်အလက်တွေ စုဆောင်းမယ် ဆိုပြန်တော့လည်း မောင်က ခွင့်မပြုခဲ့ဘူး။ မင်းပညာ တွေထက် ပိုပြီး မောင့်ကို ပိုချစ်ပါလို့ တားမြစ်ခဲ့ပြန်ရော။ ကျောင်းတစ်ကျောင်းမှာ ဆရာမ, ဝင်လုပ်မယ် ဆိုပြန်တော့လည်း ဘာ အရူးထ တာလဲ၊ ဘာလဲ မောင်ပေးထားတဲ့ ပိုက်ဆံနဲ့ မသုံးလောက်လို့လား၊ မောင် ထပ်ပေးမယ်၊ လိုချင်သလောက် ပြောစမ်း၊ နောက်ကို ဒါမျိုး မကြားချင်ဘူးတဲ့။ ကျွန်မကို မောင် ဘာကြောင့် သဘောပေါက် နည်းခဲ့တာလဲ မောင်။ မောင်ပေးခဲ့တဲ့ (စားချင်ရာ ဝယ်စားဖို့ မုန့်ဖိုးပေး သလို ပေးထားတဲ့) ပိုက်ဆံတွေ အထပ်လိုက် တစ်ပြားမှ အရာမယွင်းဘဲ အစုလိုက် အပြုံလိုက် ပြန်ပေးတော့ မောင် သိပ်အံ့ဩသွား ခဲ့တယ် မဟုတ်လား။ ကျွန်မဟာ ငွေကို ချစ်ခင်စုံမက်တတ်တဲ့ မိန်းမစား မဟုတ်ဘူးဆိုတာ အစောကြီးကတည်းက ရိပ်မိခဲ့ဖို့ ကောင်းပါ တယ် မောင်။ နိုင်ငံခြားဘာသာသိပ္ပံ သင်တန်း တစ်ခုခုကို တက်ဖို့ ကြိုးစားပြန်တော့လည်း အလကား ပညာတတ်မ၊ လောကမှာ ဟောဒါ အရေးကြီးဆုံးပဲ ဆိုပြီး လက်ညှိုးနဲ့ လက်မကို ကွေးပြီး ဝိုင်းပြခဲ့တယ်။ မောင့်အဖို့တော့ ဟုတ်ပါလိမ့်မယ် မောင်။ ကျွန်မထက် ကိန်းဂဏန်း တွေကို မောင် ပိုပြီး အလေးအနက် ထားခဲ့တာကို မောင် ငြင်းချင်သေးရဲ့လား။မောင် အလေးအနက်ထားတဲ့ ကိန်းဂဏန်းတွေနဲ့ နေရစ် ခဲ့ပေတော့ မောင်ရေ။ မောင့်သမီးလေးကို မောင့်စိတ်တိုင်းကျ ဖြစ်အောင် ကျွန်မ ထားရစ်ခဲ့ပါတယ် မောင်။ အဲဒီအတွက် ကျွန်မ ကြေကွဲ ဝမ်းနည်းရတယ် ဆိုရင် မောင်တို့ ယုံချင်မှ ယုံမယ်။ မောင်ရေ ... ကြေကွဲမှုကို နာကြည်းမှုတွေနဲ့ အစားထိုး ဖြေဖျောက်ပစ်နိုင်အောင် ကျွန်မ ကြိုးစားသွားမယ် မောင်၊ ကျွန်မ ပြောချင်တာကတော့ မောင်တို့ ဘဝထဲမှာ ကျွန်မကို (မောင် တစ်ခါ ဆဲဖူးတဲ့ ပညာငတ်နေတဲ့ ခွေးမ) ကို ဖျောက်ဖျက်ပစ်လိုက် ပါတော့လို့၊ မောင့်ရဲ့သမီးလေးက မေးရင် သမီးရဲ့ အန်တီိမေမေ မရှိတော့ဘူးလို့သာ ပြောလိုက်ပါ တော့။ ကြီးကြီးအုန်းကိုလည်း ပြောလိုက်ပါ၊ သမီးလေးကို အစစ အရာရာ ဂရုစိုက်သွားပါလို့ ...။

တစ်ချိန်က ...
ဖြူဖြူသက်

***

အခန်း (၂)

သား ...

မင်းတို့ကို မေမေ ဖွင့်မတိုင်ပင်ဘဲ ခုလို လုပ်သွားတာကို စိတ်မကောင်း မဖြစ်ပါနဲ့။ သားကို မေမေ သိပ်ချစ်တယ် ဆိုတာ ငါ့သားကြီး အသိ မဟုတ်လား။ မျိုထားမတတ် ချစ်ခဲ့ရတာပါ သားကြီး။ သားတို့ရုပ်ရည် သီတာမည်သား၊ ရေကြည်ချမ်းမြ တစ်ပေါက်ကျလည်း မိဘတို့ဝမ်း မငြိမ်းတမ်းတည်းတဲ့ သား ...။ မင်းကို အချိန်တန် အရွယ်ရောက် လူလားမြောက်တဲ့အထိ မုဆိုးမ ဘဝနဲ့ အမေ မွေးမြူခဲ့ရတယ် သား။ ဖအေကို မမြင်ဖူးလိုက်ရတဲ့ သားမို့ အမေ့မှာ သနားပိုရသလို တစ်ဦးတည်းသော သားမို့လည်း မျိုထားမတတ် ချစ်ရတယ် ငါ့သား။ သားမိုက်ကြီးရေ ... ခုတော့ ကံစီမံရာကိုသာ မေမေ နာခံလိုက်ပြီကွဲ့ သားရဲ့၊ အမေ့ ရင်ထဲမှာ လောင်မြိုက်နေတဲ့ မီးတွေကို အမေ ကြိုးစားပြီး ငြိမ်းတော့မယ် သားရေ ...။

ငါ့သား ... အမေ့ချွေးမ, မနီလာ မရှိတော့တဲ့နောက်မှာ ဘယ်ကောင်မ,ကိုမှ ချွေးမ, မတော်ချင်ဘူး၊ မိဖြူသက်ကို ငါ့ချွေးမအဖြစ် မေမေ မသတ်မှတ်နိုင်ဘူး သား။ မင်း အမေ့ကို ဒီကိစ္စနဲ့ ပတ်သက်ပြီး မကျေနပ်ခဲ့ဘူးနော်။ မင်းနဲ့ အမေ့ မြေးမလေးကြားမှာ သူစိမ်း တစ်ယောက် ယောက် ဝင်လာမှာကို အမေ သိပ်စိုးရိမ်ခဲ့တယ်။ အမေ စိုးရိမ်တဲ့အတိုင်း တစ်နေ့တော့ ဖြစ်လာတာပဲ မဟုတ်လား။ တစ်ပင်လဲမူ တစ်ပင်ထူဆိုတဲ့ စကားကို အမေ လက်မခံခဲ့ပေမယ့် ငါ့သားကတော့ ဒီအတိုင်းပဲ ကျင့်သုံးခဲ့တယ်။ မင်းမှာလည်း ရွေးစရာရှားလို့ အဲဒီ ဖြူဖြူသက်ဆိုတဲ့ စိတ်ကြီးဝင်နေတဲ့ မိန်းကလေးကိုမှ မင်းက ရွေးခဲ့တယ်နော်။ အဲဒီ မင့်မယား ဖြူဖြူသက် ရောက်လာတဲ့ နေ့ကစပြီး အမေ့မှာ စိတ်လက်ချမ်းသာ မနေခဲ့ရဘူး သား။ ကျွန်တော်တို့ တစ်ယောက်အကြောင်း တစ်ယောက် သိပြီးသား နားလည်ပြီးသားတွေ ပါတဲ့။ မင်း အမေ့ကို ပထမဆုံး ပြန်ပြောခဲ့တဲ့ စကားလေ။ အဲဒီကောင်မ, ရောက်လာပြီးမှ မင်းလည်း အမေ့ကို ပြန်ပြောတတ်လာတော့ တာပါပဲကလား။ အမေ့ မွေးကျေးဇူးတွေကို ဆပ်ပြလိုက်တာပေါ့ ဟုတ်လား။ ပညာတတ်ပြီး၊ စာတွေဖတ်ပြီး ပညာရူး စာရူး ရူးနေတဲ့ အဲဒီမိန်းကလေးကို အမေ ဘယ်လိုမှ ချစ်လို့ မရခဲ့ဘူး သား။ အမေ ချစ်ကြည့်ပေမယ့် မရခဲ့ဘူး သား။ အမေ မိဘ ပြောတော့ တစ်လ၊ မယား ပြောတော့ တစ်ညတဲ့။ ငါ့သား နဖားကြိုး ထိုးခံရတာကို အမေ ရင်အနာဆုံးပဲ သား၊ ငါ့သားတင်မက အမေ့ မြေးမလေးကိုပါ သူက အပိုင် လုပ်ထားနိုင်ခဲ့တယ်။ အမေ့မှာတော့ မျက်ရည်နဲ့ မျက်ခွက် ဖြစ်ခဲ့ရတယ် သား။

ဒါတွေတင်မက မင့်မိန်းမက အမေ့ကို မျောက်မကြီးလို့တောင် စောင်းမြောင်း ပြောတာကို အမေ ခံခဲ့ရတယ် သား။ လူဆိုတာ မျောက် တွေက ဖြစ်လာတာတဲ့လေ။ အမေ မကြားကြားအောင် ဧည့်ခန်းထဲက သူုဧည့်သည်တွေ ရှေ့မှာ သူ ပြောခဲ့တာပဲ သား။ မင်း စဉ်းစား ကြည့်စမ်းပါ သားရယ်၊ အမေတို့ဟာ မျောက်တွေက ဖြစ်လာသတဲ့။ အမေ မကြား,ကြားအောင် ဧည့်ခန်းထဲက သူ့ ဧည့်သည်တွေ ရှေ့မှာ သူပြောခဲ့တာပဲ သား။ မင်း စဉ်းစားကြည့်စမ်းပါ သားရယ်၊ အမေတို့ဟာ မျောက်တွေက ဖြစ်လာသတဲ့၊ ဒါ အမေ့ကို သက်သက် စောင်း ပြော တာပဲ။ တကယ်လည်း အမေ့မှာ မျောက်မီးခဲ ကိုင်မိသလို ဖြစ်ခဲ့ရတာပါပဲ သားရယ်။ ဗေဒင်တွေကလည်းခဏခဏ ဟောတယ်၊ အမေ့ မွေးနံ ဂြိုဟ်ပေါ်မှာ ရာဟု စီးနင်းနေသတဲ့၊ သိရဲ့လား သား။ မင်းမိန်းမဟာ ရာဟုသမီးပဲ ဆိုတာ အမေ သိပြီးပြီကွဲ့။ ဒါကြောင့် နေမှာပါ၊ အမေ့မှာ စိတ်ဆင်းရဲပြီး မျက်ရည်နဲ့ မျက်ခွက် ဖြစ်ခဲ့ရတယ် သားရေ။ ဝဋ်ရှိသရွေ့လို့ အမေ အောက်မေ့မိတာလည်း ခဏခဏ ပါပဲကွယ်။ ခုတော့ အမေ့ဘဝဟာ လောကီကိစ္စတွေထဲမှာပဲ တဝဲလည်လည်နဲ့ နေလာခဲ့ရတာ အနှစ် ၅၀ ကျော် ၆၀ ထဲရောက်လာပြီ။ သံသရာကောင်းအောင် အမေ လုပ်စရာရှိတာတွေ ဘာမှ ဟုတ္တိပတ္တိ မလုပ်ခဲ့ရသေးဘူး။ ဒီတော့ ရိပ်သာတစ်ခုခုကို သွားပြီး တရား အားထုတ်တော့မယ်လို့ အမေ ဆုံးဖြတ်ပြီးပြီ။ လှူချင်တာ ရှိရင် လှူနိုင်အောင် တန်းနိုင်အောင်လို့ ပိုက်ဆံ တစ်ချို့တစ်ဝက် အမေ ယူသွားတယ်။ အမေ့ လက်ဝတ်ပစ္စည်းတွေ အားလုံး ထားခဲ့တယ်။ အဲဒါတွေဟာ အမေ့ မြေးမလေးအတွက်ပဲ ဖြစ်ရမယ်။ ဘယ်သူ့ အတွက်မှ မဖြစ်ရဘူး။ ရိပ်သာမှာ ကြာရင် ကြာသွားနိုင်တယ်။ အမေ ပျော်သလောက် နေမှာပဲ။ အမေ ဆန္ဒပေါက်လာရင် အဲဒီမှာတင်ပဲ ဘိက္ခူနီမ, ဝတ်ပြီး တစ်သက်လုံး အရိုးထုတ်သွားမယ် သား။

အစိန်တို့ ယူသွားတဲ့ ငွေ လစေ့သွားပြီ၊ ပြန်လာပေးရင် ယူထားလိုက်။ တူးမာဆီက အတိုးနှစ်ထောင်က သပ်သပ် ကျန်သေးတယ်။ မေမေ သော့တစ်ချောင်း ယူသွားတယ်။

မေမေ
သိန်းရွှေ

***

အခန်း (၃)

အရွှေနှင့် မောင်စိုး မသက်တို့အားလုံး မိသားစုသို့

ငါ ပြန်ဒေါ့မယ် အရွှေ၊ ခု ငါစာရေးကဲ့ဘီ။ ငါစိတ်မ ပျော်ထာကြာဘီ။ အရွှေရယ်မောင်စိုးရယ် မသက်တို့ ခနခန စကားများကြရင် ငါ မနေတတ်ဘူး။နင် ဒို့က တစ်ရောက်နဲ့တစ် ရောက်မတဲ့ ကြဘဲ ငါဘသူ့စကားကို နားထောင်ရမှာမသိ ဘူး။ငါခူးပြီး ဘသူမ မစားဒဲ့ ထမင်းပွဲကို ခနခနသိမ်းရ တာ ကိုလည်း စိတ်မှာမကောင်းဘူး။ မောင်စိုးက အရက် ခနတိုင်းမူးတော့ မသက်ကလည်း ညတိုင်းပဲလောက် ငိုပြီးတော့ အရွှေကလည်း ရင်ဘတ်ကို လက်သီးနဲ့ ထုထုပြီး နေကြတော့ ငါစိတ် ခနတိုင်းညစ်လို့မို့ ရွာပြန်ချင်တော့ထာ။ အခုဒေါ့ ငါပြန်ဘီ။ အရင် လို မလိုက်ကဲ့ကြနဲ့တော့။ လခလည်းငါ မရချင်ပေါင်ဘူး။ မြေးကလေးစိတ်ကြောင့် ငါရွာ မပြန်ဘဲမှိတ်နေ ခဲ့ရတာ။ ခုတောလဲ ငါပြန်ဘီ။မြေးကလေးကို သတိရလို့ဆိုလို့ရှိ ရင် ကြိရအောင်လို ငါဓာတ်ပုံကလေး ရူးသွားတယ်။

ငါ့ကိုမအောက်မေကြနှင့်တော်
ကြီကြီအုံ

***

အခန်း (၄)

သက်သက် ...

ကိုယ်ဟာ ဒီလို စာတစ်တန် ပေတစ်တန်တွေ ရေးတဲ့ အလုပ်မျိုးကို ဝါသနာ မပါဘူး။ ဒါကို မင်းလည်း သိပါတယ်။ သက်သက် လုပ်စရာ ရှိရင် လက်တွေ့ပဲ ထလုပ်ချင်တယ်။ြေ၆ာစရာ ရှိရင်လည်း တိုက်ရိုက်ပဲ ပြောချင်တယ်။ အေး ... ဒါပေမဲ့ ခုတော့ ကိုယ်မလုပ်ချင်တဲ့ အလုပ်ကို လုပ်နေရပြီပေါ့။ ဒါဟာ ကိုယ် မလုပ်ချင်ဘဲ လုပ်ရတဲ့ အလုပ်တွေထဲမှာ နောက်ဆုံး အလုပ်ပဲ ဖြစ်သွားလိမ့်မယ်လို့ ကိုယ် ထင်တယ်။ ကိုယ်ပြောချင်တာတွေကို မပြောဖြစ်ခဲ့၊ မပြောနိုင်ခဲ့ မပြောလိုတော့တဲ့ အဆုံးမှာ ဒီစာကို ကိုယ်ရေးခဲ့ခြင်းပဲ သက်သက်။

သက်သက် ... မင်း ကိုယ့်ကို နားလည်သလိုလို ရှိခဲ့ပေမယ့် တကယ်တမ်းမှာတော့ နားမလည်ခဲ့ဘူး ဆိုတာ သဘောပေါက် လာတယ်။ ကိုယမလည်း မင်းကို ဘယ်လို နားလည်ရမလဲ ဆိုတာ မပြောတတ်အောင်ပဲ သက်သက်။ တစ်ချက် ငါ အသေအချာ ပြောချင်တယ် သက်သက်။ မင်းနဲ့ ငါဟာ နောက်ပိုင်းမှာ တစ်ဦးကို တစ်ဦး ချစ်ခင်မြတ်နိုးကြတာထက် ဟန်ဆောင် ကောင်းခဲ့ကြတာ ဖြစ်ဖို့က ပိုပြီး များလိမ့်မယ်လို့ ထင်တယ်။ မင်းရဲ့ ငါ့အပေါ် လိုက်လျောမှုတွေကို အားမလို အားမရ ဖြစ်နေခဲ့ရတဲ့ ငါဟာ မင်းအပေါ်မှာ ပိုပြီး လိုက်လျော မှုတွေ ပေးခဲ့တယ်။ အေး ... ထူးဆန်းတာ တစ်ခုက ငါ့လိုက်လျောမှုတွေဟာ မင်းအဖို့ ဘာမှ အသုံးမဝင်ဘဲ ဖြစ်နေတာပဲ။ ငါလည်း တော်တော် အံ့ဩရပါတယ် သက်သက်။ (မောင်သုံးဖို့ ပေးတဲ့ ငွေတွေက ဘာလုပ်ဖို့လဲ၊ အဲဒီလို အဝတ်အစားမျိုးတွေ သက်သက် မဝတ်ချင်ပါဘူးတဲ့။ ရွှေဝတ်ရတာ သက်သက်မှ ဝါသနာ မပါတာတဲ့။) ကိုယ့်ရဲ့ လိုက်လျောမှုတွေဟာ သဲထဲကို ရေသွန်ပစ်ချ နေရသလိုပဲ ဖြစ်ခဲ့တယ် သက်သက်။ အချစ်ဆိုတာဟာ ခွဲခွါဖို့ အချိန်မကျမီ အတွင့းမှာ အတူတကွ နေထိုင်ကြခြင်းပါပဲ။ အဲဒီလောက်ပါပဲ။ ဘယ့်နှယ်လဲ သက်သက် ... ကိုယ့်ရဲ့ အတွေးအခေါ်ကို မင်းဖတ်ဖူးတဲ့ စာအုပ်တွေထဲ ပြန်ရှာပြီး ကိုယ်ပြောတာနဲ့ တိုက်ကြည့်စမ်းပါ။ တစ်နေရာရာမှာတော့ တွေ့နိုင်ကောင်းပါရဲ့။ အေး ... ဘယ်မှာမှ ရှာလို့ မတွေ့ခဲ့ဘူး ဆိုရင်တော့ မင်းအဖို့ ကံဆိုးတာပဲ သက်သက်။ မိန်းမတစ်ယောက် ဆီက စာအုပ်တစ်အုပ်လောက်တောင်မှ အရေးတယူပြုခြင်း မခံခဲ့ရတဲ့ ယောက်ျားတစ်ယောက်ဟာ စာအုပ်တွေကိုပဲ စက်ဆုပ်မုန်းတီး ရမှာလား၊ မိန်းမကိုပဲ စိတ်နာရတော့မှာလား။ မင်းသိရင် ဖြေစမ်းကွာ၊ ငါကတော့ နှစ်ခုစလုံးပဲ စိတ်နာမိတယ်ကွာ။ အေး ... မုန်းလဲ မုန်းတီးတယ်ကွာ ဘာဖြစ်လဲ။

မင်းနဲ့ ငါ့ရဲ့ အိပ်ရာထဲအထိ ကျူးကျော်ဝင်ရောက်လာတဲ့ အဲဒီစာအုပ်တွေကို ငါမုန်းတယ်။ အသေအချာကို မုန်းတယ်။ ငါပြန်မအိပ်တဲ့ ညတွေမှာ ဝရန်တာ ထွက်ပြီး ဘယ်နှစ်မိနစ်လောက်များ မင်း ကြာကြာ ရပ်စောင့်နေခဲ့ဖူးသလဲ။ ငါသိနေတယ်၊ အိပ်ရာထဲမှာ ငါပြန်မလာတော့တာကိုတောင် သတိမရနိုင်ဘဲ စာအုပ်တွေနဲ့အတူ မင်း ရှိနေမှာကို။ ဘယ့်နှယ်လဲ သက်သက် ... မဟုတ်လား၊ ငါဟာ လူတစ်ယောက် ...၊ ယောက်ျားတစ်ယောက်၊ မင်းဖတ်ဖို့ စာအုပ်တစ်အုပ် မဟုတ်ဘူး။ ငါဟာ မင်းရဲ့ တစ်ဦးတည်းသော ခင်ပွန်းကွ၊ မင်း ချစ်ဖို့၊ ကြင်နာဖို့၊ ယုယဖို့ လိုအပ်နေတဲ့ လူတစ်ယောက်။ မင်းဖတ်တဲ့ စာအုပ်တွေထဲမှာ ဒီအကြောင်းတွေ မပါဘူး ဆိုရင်တော့ ငါ သိပ် အံ့ဩရလိမ့်မယ် သက်သက်။ မိန်းမတစ်ယောက်ဟာ ကိုယ့်ယောက်ျားကို `မောင်´ လို့ ခေါ်တတ်ရုံနဲ့ သူ့ရဲ့ တာဝန်တွေ ကျေပွန်ြုပီ လို့များ မင်းထင်နေသလား။ မင်းတတ်ထားတဲ့ ပညာတွေ၊ မင်းသိထားတဲ့ အသိတွေဟာ ငါတို့ အိမ်ထောင်ရေးကု ပြိုကွဲစေရုံက လွဲလို့ ဘာတစ်ခုမှ အသုံးမကျဘူးလို့ ငါပြောတယ်၊ မင်း စိတ်ဆိုးချင် ဆိုးလိုက်ပါဦး။ ငါ အသေအချာကို ပြောတာကွာ၊ မင်း တတ်မြောက်ထားတဲ့ ပညာတွေဟာ ငါတို့ရဲ့ အိမ်ထောင်ရေးကို လှလှကြီး ဒုက္ခပေးခဲ့တဲ့ အရာတွေ၊ ကောင်းကောင်း ပညာပြခဲ့တဲ့ အရာတွေပဲကွ။

မင်းဟာ ငါ့ရဲ့ အချစ်ရဆုံးပါ။ အချစ်ဦးပါ။ ဒါကို မင်းသိပါတယ်လေ။ မင်းရဲ့ အချစ်ခဲ့ရဆုံးနဲ့ အမြတ်နိုးခဲ့ရဆုံးဟာလည်း စာအုပ်တွေက လွဲရင်တော့ ငါပဲ ဖြစ်ခဲ့တယ်လို့ ငါထင်တယ်။ အခြေအနေ အရပ်ရပ်ကြောင့် မင်းဟာ ငါ့ရဲ့ ဇနီးဦး မဖြစ်ခဲ့ရပေမယ့် မင်းကို ငါ ဘယ်လောက်ထိ ချစ်ခဲ့တယ်ဆိုတာ ပြန်စဉ်းစားကြည့်ရင် မင်း သိနိုင်ပါတယ်။ နီလာ ရှိစဉ်တုန်းကတည်းက မင်းကို ငါ ဘာတွေ ပြောခဲ့တယ်ဆိုတာ ပြန်တွေးကြည့်ပေါ့ကွာ။ အေး .. နီလာ မရှိတော့တဲ့ အခါမှာ ငါတို့ ပြန်ဆုံစည်းဖို့ ဖန်လာခဲ့တယ်။ မင်းရဲ့ သစ္စာကြီးမှု ကိုတော့ ကိုယ်ချီးကျူးပါတယ် သက်သက်။ မင်းနဲ့ ကိုယ် လက်ထပ်ဖြစ်ကြတဲ့အခါ သာယာပျော်ရွှင်တဲ့ အိမ်ထောင်ရေးကို ဖန်တီးနိုင် လိမ့်မယ်လို့ ကြိုတင် တွက်ထားမိခဲ့တယ်။ သမီးလေးကိုလည်း (ကျွန်မရဲ့ ငယ်ဘဝနဲ့ တူလွန်းလို့ ဆိုပြီး မင်းက သဘောထား ကြီးခဲ့၊ သံယောဇဉ် ထားနိုင်ခဲ့တာကို ကိုယ် မယုံနိုင်အောင် ဖြစ်ပြီး ကျေနပ်ဝမ်းသာမိတာ အမှန်ပဲ။ ဒါကြောင့်လည်း အမေ မကြာမကြာ ပြောတတ်တဲ့ မင်းရဲ့ အကြောင်းတွေကို ကိုယ် လျစ်လျူရှုခဲ့တယ်။ မင်းနဲ့ မေမေရဲ့ ကြားမှာ ကိုယ် အတတ်နိုင်ဆုံး အဆင်ပြေအောင် ကြိုးစားခဲ့တယ်။ မင်းကြောင့် မေမေ သွေးတက်ပြီး အိပ်ရာထဲ ခဏခဏ မူးလဲသွားတာတွေ ဖြစ်ခဲ့တာတောင် မင်း အပေါ်မှာ ကိုယ် စိတ်မကွက်ခဲ့ဘူး၊ စိတ်မပျက်ခဲ့ဘူး သက်သက်။ မင်းရယ်၊ ငါရယ်၊ မေမေရယ်ဟာ တစ်အိမ်တည်းမှာ နေနေကြပေမယ့် တစ်ယောက်နဲ့ တစ်ယောက်ဟာ သီးခြားစိံ ဖြစ်ပြီး ဝေးသထက် ဝေးလာကြတာမျိုး ဖြစ်လာခဲ့တယ်။ မေမေ့အပေါ်မှာတော့ မင်း ထင်သလို ငါ မမြင် နိုင်ဘူး သက်သက်။ မင်း ထင်သလို မေမေဟာ အရာရာကို တွက်ချက်ပြီး ဆက်ဆံ နေထိုင်တတ်တဲ့ ကွန်ပျူတာစက်ကြီး မဟုတ်နိုင် ပါဘူး။ အေး ... အဲသလိုပဲ မင်းအပေါ်မှာလည်း မေမေ ထင်သလိုတော့ ကိုယ် မထင်ရက်ပါဘူးသက်သက်ရယ်။ မေမေ ပြောသလို မင်းဟာ ကပ်ပလီမ, မဟုတ်တာ သိပ်ကို သေချာပါတယ်။ တချို့ ကိစ္စတွေ ငါ မပြောချင်ဘူးကွာ။ ဒီမှာ ကြာကြာနေရင် ငါ ရူးတောင် သွားမယ် ထင်တယ် သက်သက်။ ငါ အိမ်ကို မကပ်ချင်ဘူး။ ငါ့စိတ်တွေ လေနေတယ်။ ခုလောလောဆယ်မှာ အားလုံးနဲ့ ဝေးရာကို ထွက်သွားချင်တာပဲ ရှိတယ်။ ငါ ကားယူသွားတယ်၊ မေမေ မေးခဲ့ရင် ပြောလိုက်၊ ဘယ်ကိုလဲလို့ မေးရင် မသိဘူးလို့သာ ပြောလိုက်။ ငါကိုယ်တိုင်လည်း ဘယ်ကို သွားရမယ်ဆိုတာ မသိသေးဘူး။ ဘယ်လောက် ကြာမယ် ဆိုတာလည်း မသိဘူး။ ဘာဆို ဘာမှလည်း မသိချင်တော့ဘူးကွာ။

အားလုံးဂွတ်ဘိုင်ပဲ
သိန်းစိုးမြင့်

* * *

အခန်း (၁)

ဤအခန်း တစ်ခုလုံးကို ငြိမ်သက်ခြင်းက ဖုံးလွှမ်းထားသည်။

အခန်း အတွင်းရှိ အရာဝတ္ထုများ အားလုံးမှာ အသံဗလံ ကင်းမဲ့လျက် ၂၅ ဝပ် မီးရောင်ပျပျက အခန်းထဲမှာ လင်းလဲ့နေသည်။ နစ်ကယ် ရောင် ဝင်းလက် တောက်ပနေသော သံပုခက်ကြီးက ဧရာမ ပင့်ကူကြီး တစ်ကောင်လား။ ခြေလေးချောင်း ထောက်ကာ အခန်းတွင်းမှာ ရပ်တန့်နေ၏။ ပျပျအလင်းက ခြင်ထောင်ဇာလွှာ ဖြူဖြူကို ဖြတ်သန်း၍ ပုခက်အတွင်းသို့ ထိုးဖောက် ကျရောက်လျက် ရှိ၏။

ကလေးငယ် တစ်ဦး ...

ပုခက်အတွင်းမှာ နှစ်ခြိုက်စွာ အိပ်မောကျနေလျက်။ အခန်း အပြင်ဘက်မှာတော့ အမှောင်။ ကြောက်ဖွယ် ပိန်းပိတ်အောင် မည်းမှောင် နေသော အမှောင်ထု။

* * *

တတိယပိုင်း

ကျွန်တော်သည် ဤမြို့ကလေးသို့ စာပို့လုလင်အဖြစ် ရုတ်တရက် တာဝန်ပြောင်းရွှေ့ ထမ်းဆောင်ရန် ရောက်ရှိလာခဲ့သည်။ စတင် ရောက်ရှိလာသည့် နေ့မှာပင် မြို့ကလေး အတွင်းရှိ လမ်းများ၊ အိမ်နံပါတ်များ၊ထင်ရှားသော အဆောက်အုံများကို တစ်နေကုန်အောင် လည်ရင်းပတ်ရင်း ကြည့်ရှုခဲ့သည်။ ယခင်ကမူ ဤမြို့ကလေးသည် လူနေကျဲပါးကာ အေးချမ်းငြိမ်သက်သော သာမန်မြို့ငယ်လေး တစ်မြို့သာ ဖြစ်ခဲ့ပြီး လွန်ခဲ့သည့် နေ့က စီးပွါးရေး ဗဟိုချက်မ မြို့ကြီး နှစ်မြို့ကို ဆက်သွယ်၍ အသစ်ဖောက်လုပ်သော အဝေးပြေး ကားလမ်းမကြီးသည် ဤမြို့ကလေးကို ဖြတ်သန်းသွားပြီးနောက်တွင် မြို့ငယ်ကလေးသည် အရွယ်ရောက်လာသော လူရွယ် တစ်ယောက်ပမာ လှုပ်လှုပ်ရှားရှားနှင့် သန်မာထွားကျိုင်းကာ ဖွံ့ဖြိုးလာတော့၏။ အခြားသောမြို့များ နည်းတူ မြို့အင်္ဂါ အစိတ်အပိုင်းများ အဖြစ် ဆေးရုံ နှစ်ရုံ၊ မီးသတ်မျှော်စင် တစ်ခု၊ စာသင်ကျောင်း သုံးကျောင်း၊ ရုပ်ရှင်ရုံ နှစ်ရုံ၊ ရဲစခန်း တစ်ခု၊ ဈေးများနှင့် ဌာနဆိုင်ရာ အဆောက်အအုံများ၊ ဘုရားရှိခိုးကျောင်းနှင့် သင်းချိုင်း စသည်တို့ ရှိကြသည်။ မြေပုံကားချပ်ထဲတွင် မြို့ကလေးကို ဗွီ ပုံသဏ္ဌာန် တွေ့မြင်ရပါသည်။ ဤမြို့ကလေး၌ ကျွန်တော် တာဝန် ထမ်းဆောင်နေစဉ် ကာလအတွင်း လက်ခံယူမည့်သူ မရှိသော စာသုံးစောင်နှင့် ပါဆယ်တစ်ထုပ် ရောက်ရှိလာခဲ့ဖူးသည်။

အိမ်နံပါတ်(၁၇)
................
... ... ... ... ... ပေးပို့ရန် ညွှန်းထားသော လိပ်စာမှာ တစ်နေရာတည်းသို့ပင် ဖြစ်ပြီး စာသုံးစောင်မှာ တစ်စောင်နှင့် တစ်စောင် လအတန်ကြာ ခြားပြီးမှ ရောက်ရှိလာခဲ့ကြသည်။ ထိုစာများတွင် တပ်ဆင်ထားသော လိပ်စာများမှာ ချွတ်ယွင်းမှု မရှိပါ။ စာသုံးစောင်နှင့် ပါဆယ်ထုပ်တွင် လိပ်စာရေးထားသော လက်ရေးမှာ တစ်မျိုးစားတည်းပင် ဖြစ်သည်။ ကျွန်တော့် အတွေ့အကြုံများအရ ထိုလက်ရေး ပိုင်ရှင်မှာ အမျိုးသမီးတစ်ဦး ဖြစ်ကြောင်းကို အသေအချာ ပြောနိုင်ပါသည်။ ထိုလက်ရေးနှင့် ပထမဦးဆုံး ပေးပို့ရမည့်စာ ရောက်လာ သည့်နေ့ကို ကျွန်တော် အမှတ်ရနေမိပါသေးသည်။ စာအိတ်တွင် ရေးထားသော လိပ်စာအရ မြို့ကလေး၏ တောင်ဘက်စွန်း ဗွီ (V) ပုံသဏ္ဌာန် ထောင့်ချွန်းနေရာတွင်ရှိ အိမ်တစ်အိမ်သို့ သွားရောက် ပေးပို့ရန် ဖြစ်သည်။

နွေဦးပေါက်နေ့ တစ်နေ့၏ တစ်ခုသော ညနေစောင်းတွင် ထိုလိပ်စာ တည်နေရာသို့ ဆိုက်ဆိုက်မြိုက်မြိုက် ကျွန်တော် ရောက်ရှိသွား ခဲ့သည့် နေရာမှာ မြို့ကလေး၏ အဖျားပိုင်းကျကျ လူနေအိမ်ခြေ ကျဲပါးလှသော နေရာတစ်နေရာရှိ အတန်ပင် ကျယ်ဝန်းသော ခြံကြီး တစ်ခြံ ဖြစ်သည်။ ခြံကြီးအတွင်းဝယ် တိုက်မြင့်မြင့်ကြီး တစ်လုံး၊ ခြံဝင်းအတွင်း၌ ပေါင်းမြက်ရိုင်းပင်များ ထူထပ်စွာ ပေါက်ရောက်နေ သည်။ ထို ပေါင်းမြက်ရိုင်းပင်များ အလည်၌ တိုက်မြင့်မြင့်ကြီး တစ်လုံး တည်ရှိနေပုံမှာ တစ်စုံတစ်ရာသော ပြစ်ဒဏ် ကျခံနေရသလိုပင် လေဒဏ်မိုးဒဏ်ကြောင့်ပင် ဖြစ်မည် ထင်ပါသည်။ အဆောက်အအုံကြီးမှာ ဝါကျင်မွဲညံ့ကာ အချို့နေရာများ၌ အင်္ဂတေနံရံမှာ စီးကြောင်း များ စွန်းထင်းနေပြီး အချို့နေရာများ၌ အက်ကြောင်းများပင် ဟနေလေသည်။ ကျွန်တော် ရောက်ရှိသွားသည့် အချိန်မှာ ညနေခင်းပင် ဖြစ်သော်လည်း ကောင်းကင်မှာ လင်းလင်းချင်းချင်းပင် ရှိ၏။ ပြွတ်သိပ်ကာ ဖရိုဖရဲ ပေါက်ရောက်နေကြသော ချုံနွယ်ပိတ်ပေါင်းများ အကြား ခပ်မို့မို့ ကုန်းမြေထက်ဝယ် ကုန်းကွကွနှင့် အထီးတည်း ဖြစ်နေသော အဆောက်အအုံကြီးကို မျှော်ငေးကြည့်နေဆဲမှာပင် အခန်းပြတင်းတံခါး တစ်ချပ် ဖျတ်ခနဲ ပွင့်သွားသည်ကို တွေ့လိုက်ရ၏။ ပြတင်းတံခါးရွက်သည် ဘယ်ညာ အတန်ကြာအောင် ယမ်းခါနေ သေး၏။ ဆယ်ကြိမ်ထက်မနည်း လှုပ်ယမ်းနေပြီးနောက်တွင် ဆတ်ခနဲ ပြန်ပိတ်သွားတော့သည်။ ယခု ပြန်စဉ်းစားကြည့်သောအခါ ထိုအချိန်က ကျွန်တော် မှင်တက်မိသလို ဖြစ်နေခဲ့ပေမည်။ ထိုခဏ၌ပင် ကျွန်တော် မျှော်လင့်မထားမိခဲ့သည်များ ဆက်တိုက် ဖြစ်ပွါး လာခဲ့သည်။ စောစောက ငြိမ်သက်တိတ်ဆိတ်နေသော ပေါင်းမြက်ရိုင်းပင်များက ခုမှ အသက်ဝင်လာသူတွေလို လွန့်လူး လှုပ်ရှားလာ၏။ ပုန်းလျှိုးကွယ်ဝှက်ကွယ် နေရာမှ ဘွားခနဲ ဒေါသတကြီး ပြေးထွက်လာသူလို လေပြင်းများက ပေါင်းမြက်ရိုင်းပင်များ ကြားတွင် တဝီဝီ အော်မြည် တိုက်ခတ်လာသည်။ တဝီဝီ အော်မြည် တိုက်ခတ်နေသော လေပြင်းထဲတွင် မြက်ရိုင်းပင်များက တုန်တုန်ယင်ယင် ဖြစ်လာ ကာ ထိုမှတစ်ဆင့် ထိတ်လန့်စွာ ထခုန်တော့မလို ရူးသွပ်စွာ လှုပ်ရှားယမ်းခါ နေကြတော့သည်။ စောစောက လင်းလင်းချင်းချင်း ဖြစ်နေ သော ညနေခင်း ကောင်းကင်မှာ ကောက်ကာငင်ကာ မှိုင်းညို့သွားချေပြီ။ ဤအဖြစ်အပျက်များက ကျွန်တော့်ကို အငိုက်မိစေကာ ခဏနှင့်ပင် ညှို့ငင်လိုက်ကြတော့သည်။ ပြင်းထန်စွာ တိုက်ခတ် ဝှေ့ယမ်းနေသော လေပြင်းထဲဝယ် မြက်ရိုင်းပင်များက ငိုညည်းသံလိုလို မျိုး တဝူးဝူး တဝေါဝေါ မြည်လာတော့သည်။ တစ်စုံတစ်ရာကို အလိုမတူ ငြင်းဆန်ကာ ယမ်းခါနေသလိုမျိုးနှင့်။ ကျွန်တော့် ရင်ထဲ၌ အမည်ဖော်မပြတတ်သော တုန်လှုပ်မှုမျိုး ပေါ်ပေါက်လာခဲ့သည်။

"အိမ်ရှင်တို့ ... အိမ်ရှင်တို့ ... စာဗျို့၊ စာပါတယ်"

မှင်တက်မိနေရာမှ ကျွန်တော် သတိပြန်ဝင်လာသည်။ ကံကောင်းထောက်မစွာပင် ကျွန်တော့်နှုတ်ဖျားမှ ရွတ်ဆိုအော်ဟစ်နေကျ အသံများ ခုန်ထွက်လာကြသည်။ သို့ရာတွင် အခြေအနေမှာ ကျွန်တော် ထင်မှတ်သလို ဖြစ်မလာခဲ့ပါ။ မည်သို့သော အခြေအနေမျိုး မှာပင် ဖြစ်စေ မိမိတာဝန်ကို အတတ်နိုင်ဆုံး ကျေပွန်အောင် ဆောင်ရွက်နိုင်ရမည်။ ချုံနွယ်ပိတ်ပေါင်းများ အကြားမှ ရှေ့သို့ ထပ်မံ တိုးကပ်လိုက်သည်။ နွယ်ပင်များ လိမ်ယှက်နေသော သံတံခါးကြီး တစ်ချပ်၊ သံချေးအလိမ်းလိမ်း ထ,နေသော သံကြိုး တစ်ချောင်း၊ အညှိတက်နေသည့် ကြေးဝါ သော့ခလောက်ကြီး တစ်ခု။ သော့ခလောက်ကြီးက တွားသွား သတ္တဝါ တစ်ကောင်လို တွယ်ကပ်နေသည်။ သံကြိုးကြီးကလည်း ကြောက်မက်ဖွယ်ကောင်းသော လက်တံများလို သံတံခါးကို ရစ်ပတ် လိမ်ညစ်ထားသည်။ ရုတ်တရက် လျှောခနဲ တစ်စုံတစ်ရာ လူးလွန့် ပြေးသွားပုံမျိုး မြက်ရိုင်းပင်များကြားတွင် လှုပ်လှုပ်ရှားရှား ဖြစ်သွားသည်။ အသံကို မြှင့်ကာ ထပ်အော်လိုက်သည်။

"စာဗျို့...စာ...စာပါတယ်၊အိမ်ရှင်တို့...စာ"
"ဒီမှာ ... လူမရှိကြဘူးလား"

ကျွန်တော်၏ ဟစ်အော်သံ အဆုံးတွင် ပေါင်းမြက်ရိုင်းပင်များကြား တိုက်ခတ်နေသော လေသည် ပို၍ ခက်ထန်လာ၊ ပို၍ ဒေါသကြီး လာကာ တဝီဝီ ဝှေ့ယမ်းတိုက်ခတ်သံများ ကျယ်လောင်စွာ မြည်ဟည်းလာခဲ့သည်။ ကျွန်တော် ကျောစိမ့်လာမိပြီ။ တုန်ယင် ယမ်းခါ နေသော မြက်ရိုင်းပင်များကြားမှ တဝူဝူ ငိုညည်းသံများ ...

ဤဖြစ်အပျက်များက ရက်ပေါင်းများစွာပင် ကြာမြင့်ခဲ့ပြီ။ ဤအဖြစ်အပျက်များကို စတင် တွေ့ကြုံရပုံနှင့် မည်ကဲ့သို့ အဆုံးသတ်သွားပုံ တို့ကို မည်သူ တစ်ဦးတစ်ယောက်ကိုမျှ ကျွန်တော် ဖွင့်ဟ မပြောခဲ့ပါ။ လုံလောက်သော အကြောင်းပြချက် တစ်စုံတစ်ရာ မရှိပါဘဲလျက် သိုဝှက်တိတ်ဆိတ်စွာ ကျွန်တော်နေခဲ့သည်။ ဤသို့ဖြင့် နောက်ထပ် နှစ်လခန့် ကြာမြင့်လာခဲ့သည်။ ထိုအဆောက်အအုံကြီး ရှိရာသို့ သွားရောက် ပေးပို့ရမည့် စာတစ်စောင် စာတိုက်သို့ ထပ်မံ ရောက်ရှိလာခဲ့ပြန်သည်။

အိမ်နံပါတ်(၁၇)
......................
……………………..
စာတိုက်မှူးကြီးသည် သူ့ပါးစပ်တွင် ခဲထားသော ဆေးပြင်းလိပ်ကို ချွတ်၍ ကျွန်တော့် ပခုံးတစ်ဖက်ကို ဖျစ်ညှစ်ကာ "မင်းဟာ စာပို့လုလင်ကောင်း တစ်ယောက် ပီသပါတယ်ကွယ်၊ ဒီစာတိုက်မှာ အမှုထမ်းသွားကြတဲ့ သူတွေထဲက တာဝန်ကျေပွန်အောင် ထမ်းဆောင်တတ်ကြတဲ့ သူတွေထဲမှာ မင်းလဲ ပါပါရဲ့၊ ငါ အသိအမှတ် ပြုပါတယ်၊ ဒါပေမဲ့ အဲဒီစာကိုတော့ မင်းသွားပို့ဖို့ မလိုအပ်တော့ဘူး လို့ ငါ ယူဆတယ်၊ အဲဒီအတွက် မင်းမှာ စိတ်အနှောင့်အယှက် မဖြစ်ပါနဲ့ကွယ်"

ကျွန်တော်သည် စာအိတ်တွင် ရေးထိုးထားသော လိပ်စာကို ငုံ့ဖတ်နေရာမှ မော်၍ ကြည့်လိုက်သည်။ စာတိုက်မှူးကြီးက ကျွန်တော့်ကို ကြည့်နေ၏။ အိတွဲ၍ ကျနေသော သူ၏ ပါးစုံ့နှစ်ဖက်ကို ပြွတ်ခနဲစုပ်ကာ မီးသေနေပြီဖြစ်သည့် ဆေးပြင်းလိပ်ကို ပါးစပ်တွင် ပြန်၍ တပ်လိုက်သည်။ ထို့နောက် ကာကီဘောင်းဘီထက်တွင် စူပွနေသော သူ၏ ဝမ်းဗိုက်ကြီးကို လက်တစ်ဖက်ဖြင့် ပွတ်၍ တစ်ဖက်သို့ လှည့်ကာ ဝဖိုင့်ဖိုင့် သူ့ခန္ဓာကိုယ်ကြီးကို သယ်ဆောင် ထွက်ခွါသွားတော့၏။ ဤမြို့ကလေးတွင် တာဝန်ထမ်းဆောင်နေစဉ်ကာလအတွင်း ကြားရခဲ့ သိရခဲ့သည်တို့ အတန်ပင် ရှိခဲ့ပြီ။

အိမ်နံပါတ်(၁၇)
……………………….
……………………….
ထိုလိပ်စာပါ စာအိပ်ကလေးကို ကြည့်၍ ကျွန်တော့် နားထဲတွင် ကလေးငယ် တစ်ယောက်၏ အားငယ်စိုးရွံ့စွာနှင့် အထိတ်တလန့် ဟစ်အော် ငိုကြွေးနေသံများ ကြားလာရသည်။ အစွယ်ဖွေးဖွေးနှင့် မွတ်သိပ်ဆာလောင်နေသော ဧရာမခွေးကြီး နှစ်ကောင် ခုန်ပေါက် ပြေးဝင်လာနေဟန်ကိုလည်း မျက်စိထဲတွင် မြင်လာရသည်။ လွန်ခဲ့သော နှစ်အနည်းငယ်က ဤမြို့ကလေး၌ ရက်ပေါင်း အတန်ကြာ အောင် ပြောခဲ့ကြ ဆိုခဲ့ကြ စုတ်တသပ်သပ် ဖြစ်ခဲ့ကြသော အဖြစ်အပျက် တစ်ခု၏ ထိတ်လန့် ကြေကွဲဖွယ် အဆုံးသတ်သွားပုံကို ကျွန်တော် တွေးနေမိသည်။ နောက်ဆက်တွဲ တီးတိုး သတင်းစကားများကိုလည်း ကြားယောင်လာပြန်သည်။

လပြည့်လကွယ် ညများတွင် အဆောက်အအုံဆီမှ ပုခက်လွှဲသံ တကျွီကျွီ မြည်တဲ့အကြောင်း၊ ကလေးငယ်တစ်ယောက်ရဲ့ ငိုသံသဲ့သဲ့ ကိုလည်း ကြားရတတ်ကြောင်း၊ တစ်ခါတစ်ရံတွင်တော့ တစ်ကိုယ်လုံး ပတ်တီးအဖွေးသား ဖြစ်နေသော လူတစ်ယောက်အလား ဖြူဖြူသဏ္ဌာန်တစ်ခု ခြံဝမှာ ရပ်နေဟန် မြင်တွေ့တတ်ကြရကြောင်းများပင်။

နေမျိုး
ဟန်သစ်မဂ္ဂဇင်း ၊၁၉၉၁၊ ဇန်နဝါရီလ

ပင်မစာမျက်နှာသို့ပြန်သွားမည် >>
နေ့စဉ် အသစ်အသစ်သော သတင်းများ ကို သိရှိနိုင်ရန် လိုတရ Application အား ဤနေရာတွင် နှိပ်၍ အခမဲ့ Download ရယူပါ။