Lotayamm

search
မာတိကာ

contents

ထိပ်ဆုံးစာမျက်နှာ > ဝတ္ထုများ

အမှောင်ကဖေး
အစ/အဆုံး
သူဝေး

သူ ထိုမြို့သို့ရောက်ပြီး နှစ်ရက်သုံးရက်အကြာအထိ ထိုဆိုင်ကို သတိမထားမိ ။ သူ သတိထားမိသည့်နေ့ကလည်း မိုးနည်းနည်းအုံ့၍ ထင်ပါသည် ။ လမ်းပေါ်မှ ဖြတ်လျှောက်ရင်းနှင့်ပင် ထိုဆိုင်ကို လှမ်းကြည့်မိတော့ မည်းညစ်ညစ်အရောင်နှင့်အတူ စိတ်ထဲက ကြပ်ခိုးနံ့ပါ ခံစားရရှိနေမိသည် ။ ထိုနေ့က သူ ထိုဆိုင်မှာ မထိုင်ဖြစ်ပါ ။ အလင်းနှင့် စိတ်ဆိုးရန်ဖြစ်ထားသည့် ကဖေးဆိုင်ကလေးလော ဟုတော့ သူတွေးမိသေးသည် ။

ထိုဆိုင်ကလေးအကြောင်းမပြောခင် ထိုမြို့ကလေးအကြောင်း အနည်းငယ်ခင်းကျင်းသင့်သည် ။ ထိုမြို့ကလေးတွင် ယခင်က ပန်းသီး များ ပေါများသည်ဟု ဆိုကြ၏ ။ ခွေးများက လူမျက်နှာများနှင့်တူနေ၍ အရပ်ရှည်ကြသည် ( သူ့အထင်လည်း ဖြစ်နိုင်သည် ) ။ ဈေး ၊ ဘူတာ ၊ ကားကွင်း ၊ ဌာနဆိုင်ရာ နေရာများက နီးကပ်စွာ တည်ရှိ၏ ။ သစ်ပင်ကြီးများ၏ ပင်စည်တွင် ကပ်၍ပေါက်သော အရွက်စိမ်း အပင်သေးသေးလေးများကို တွေ့ရ၏ ။ ထိုမြို့အလယ်တွင် ကြေးရုပ်ကြီးရှိသည် ။ ပတပ်ရပ်နေမြင်းပေါ်တွင် ဓားရဲရဲဝံ့ထားသော ရှေးခေတ်သူရဲကောင်း ကြေးရုပ်တုကြီးဖြစ်သည် ။

ထိုမြို့ကလေးသည် ခရစ်ယန်ဘာသာဝင်သော တိုင်းရင်းသားအများအပြားရှိသော မြို့ကလေးဖြစ်သည် ။ စနေ၊ တနင်္ဂနွေများ တွင် လှပသော ဝတ်စားဆင်ယင်မှုများနှင့် ဆုတောင်းသီချင်းသံများကို နေရာအတော်များများ၌ ကြားရသည် ။

အမှောင်ကဖေးဟု သူ နာမည်ပေးမိသော ထိုဆိုင်ကလေးကိုပိုင်သောသူများမှာတော့ ဗမာလူမျိုးများဖြစ်ပုံရသည် ။ ဆိုင်ရှင်ဖြစ်သော အသားမည်းမည်းလူဝကြီးကိုယ်တိုင် လက်ဖက်ရည်ဖျော်သည် ။ သူ့မိန်းမလည်း ရှိသေးသည် ။ သမီးနှစ်ယောက်လည်း ရှိသေးသည် ။ သမီးအကြီးဖြစ်သူမှာ အပျိုကြီးဖားဖားဖြစ်၍ သမီးအငယ်ဖြစ်သူမှာ ပျိုဖော်ဝင်နေသော အရွယ်ဖြစ်မည် ။ သူတို့အားလုံး တက်ညီလက်ညီ ပင် သူတို့ဆိုင်ကလေးအပေါ် အာရုံရှိကြသည် ။

နေ့ဘက်တွင် ထိုဆိုင်ကလေး၏အမှောင်ကပိုသိသာလာသည် ။ ဆိုင်ထဲကိုလှမ်းကြည့်ရသည်မှာ လှိုဏ်ကျင်းတစ်ခုကိုငုံ့ကြည့်ရသလိုပင်။ ညဘက်တွင် မီးချောင်းတစ်ချောင်းထွန်းထား၍ လင်းသေး၏ ။

သူပထမဆုံးအကြိမ် စရောက်တုန်းကလည်း ညခပ်စောစောပင်ဖြစ်သည် ။ ဆိုင်အတွင်းထဲ သူဝင်ထိုင်သည် ။ သူ ပထမဆုံး စိတ်တိုင်း မကျသည်ကိုတွေ့ရ၏ ။ ဆိုင်၏အတွင်းထဲ ရှေ့ဆုံးတွင် တီဗွီကြီးတစ်လုံးရှိသည် ။ ထိုတီဗွီ၏ အနောက် ဘက်နံရံမှာ ထရံများနှင့် ပိတ်ကာ ထား၍ ထိုထရံနံရံ၏အလယ်၌ ဂူသဏ္ဍန်အပေါက် ထပ်ဖောက်ထားခြင်းဖြစ်သည် ။ ထိုအပေါက်ကို ဖျင်စမွဲမွဲကြီးနှင့် ခန်းစီးသဖွယ် ပိတ်ချ ထားသည် ။ ထိုခန်းဆီးနောက်ကွယ်တွင် အမှောင်ခန်းကြီးတစ်ခုရှိသည် ။ ဆိုင်ရှင်မိသားစုက ထိုအထဲတွင် တွင်းအောင်းသတ္တဝါများလို မွန်းကြပ်စွာ နေကြပုံပေါ်သည် ။

ပထမအခေါက် ထိုဆိုင်အရောက်တွင် သူ ကော်ဖီမှာသောက်သည် ။ ရေနွေး ၊ ဇွန်းနှင့် ကော်ဖီမစ်ထုတ်လေး လာချပေးသူမှာ ဆိုရှင် လူဝကြီး၏ သမီးအငယ်မလေးဖြစ်ပြီး မုန့်စားဦးမလားဟု မေးသည် ။ သူ ဘာပြန်ပြေလိုက်လဲ သိပ်မမှတ်မိတော့ ။ မုန့်အကွင်းပွပွကြီးတွေ လာချပေးသည် ။ သူစားချင်စိတ်မရှိ၍ နှစ်ခါလောက်ကြည့်ပြီး ဒီအတိုင်းပဲထားလိုက်ရာ ခုနက ကောင်မလေးက လာပြန်သိမ်းသွားသည် ။

ဆိုင်ထဲတွင် ကြီးမားသော မီးလုံးကြီးသုံးလုံးမရှိပါ ။ ဘိလိယက်ခုံရှည်ကြီးလည်း မရှိ၍ ကျူတံကိုင်ကာ မတ်တပ်ရပ်နေသော လူကြီး တစ်ယောက်လည်း မရှိပါ ။ ထို့ကြောင့် ဗင်းဆင့်ဗန်ဂိုး၏ “ ညကဖေး ” ပန်းချီကားကို မြင်ယောင်နေပါက သင်စိတ်ချလက်ချ အာရုံမှ ဖျောက်ပစ်လိုက်နိုင်ပါပြီ ။ ထိုဆိုင်သည် မြန်မာပြည်၏ မြို့ကလေးတစ်မြို့မှ လက်ဖက်ရည်ဆိုင်ကလေး တစ်ဆိုင်သာ ။

ဆိုင်က အတွင်းအပြင်နှစ်ခြမ်းကွဲနေသည် ။ သူထိုင်ရာဆိုင်အတွင်းထဲတွင်တော့ ဘော်လုံးပွဲပြနေသော တီဗွီတစ်လုံးရှိပြီး အပြင်မှတီဗွီ မှာတော့ မြန်မာဇာတ်လမ်းတစ်ခုကို ပြသထားသည် ။

သူလည်းဘော်လုံးပွဲကြည့်ချင်၍ ထိုဆိုင်ထဲသို့ဝင်ခဲ့ခြင်းဖြစ်သည် ။ ဆိုင်နံရံတစ်လျှောက်တွင် သူမကြိုက်သော သရုပ်ဆောင်မင်းသား၏ ပုံများကို ဖရိုဖရဲကပ်ထားသည့် မြင်ကွင်းကလည်း တစ်မျိုးတော့ဒုက္ခပေးသည် ။ သူလွတ်လပ်စွာ မှီထိုင်နေသော ထိုင်ခုံကြီးမှာလည်း ပန်းခြံထဲမှာ တွေ့ရတတ်သော ခုံတန်းလျားလောက်ရှိနေသည် ။ စိတ်လိုလက်ရ မှီပြုအညောင်းဆန့်ကာ ထိုင်၍ရသော်လည်း သူစိမ်း တစ်ယောက်က ကိုယ့်အနားလာထိုင်ရန် အလိုအလျှောက် ရာခိုင်နှုန်းရှိနေသလို ဖြစ်နေသည် ။ သူသည် ကော်ဖီကိုသာ တစိမ့်စိမ့် သောက်၍ ဘော်လုံးပွဲထဲ အာရုံနှစ်ထားလိုက်သည် ။

ဘော်လုံးပွဲစပြီး သိပ်မကြာခင်မှာ ဝင်လာသော လူကြီးတစ်ယောက်ကိုလည်း သူသဘောမကျပေ ။ စကားများလွန်းသောကြောင့်ဖြစ် သည် ။ ထိုလူကြီးက ဝတ်ထားသော မိုးကာလိုလို အနွေးထည်လိုလို အပေါ်အကျီ င်္ကြီးကို ချွတ်ပြီး ကြွပ်ကြွပ်အိတ်ထဲ ထည့်ကာ ကိုင်ထားသည် ။ ဆံပင်များမှာလည်း အဖြူများများတွင် အမည်းနှင့်ညိုဝါရောင်များ ရောပြွန်းနေသည် ။ ထိုလူကြီးက အသံကျယ်ကျယ် နှင့် နောက်ကလူကိုလှည့်ပြောသည် ။

“ ……….. တော့ ဒီပွဲမနိုင်ရင် တန်းဆင်းဇုံနား ရောက်ရောပေါ့ ”

ထိုစကားကိုပင် သုံးကြိမ်လောက်ဆက်တိုက်ပြောသည် ။ ကံကောင်းသည်က သူသည် ထိုလူကြီးနှင့်ဝေးသောနေရာတွင် ရှိနေခြင်း ဖြစ်သည် ။ ကံဆိုးသည်က ထိုလူကြီး၏ အသံက တောက်တော်ကျယ်လွန်း၍ တစ်ဆိုင်လုံးကို လွှမ်းနေခြင်း ဖြစ်သည် ။ သူက ဆိုင်၏ အနောက်ညာဘက်ထရံနားမှာ အသာမှီ၍ရှိနေပြီး ထိုဆံပင်ဖြူများသော စကားပေါသောလူကြီးမှာ တီဗွီရှေ့တည့်တည့် ရှေ့ဆုံးအလယ်ခုံ မှာ ရှိနေခြင်းဖြစ်သည် ။

အပြင်ကတီဗွီမှ ဇာတ်လမ်းကြည့်ပြီး ရယ်မောသံတချီု့က ဘော်လုံးပွဲကြည့်သူများကို အနှောင့်အယှက်ပေးသည် ။

ဘော်လုံးပွဲသည် တစ်ဘက်နှင့်တစ်ဘက် ဂိုးအပြန်အလှန်သွင်းသော်လည်း ဆွဲဆောင်မှုအားနည်းသည်ဟု သူထင်မိသည် ။ သူကိုယ်တိုင် နေမကောင်းသလိုဖြစ်နေ၍ အာရုံနည်းတာလည်းဖြစ်မည် ။ ပွဲပြီးတော့ ပြန်သူများပြန်၍ ကျန်သူများကျန်ခဲ့သည် ။ သူထပြန်ခဲ့သည် ။ ကော်ဖီတစ်ခွက်ဖိုးက ငွေနှစ်ရာဖြစ်သည် ။

သူ တည်းခိုသည့် အခန်းရောက်တော့ သူ ခေါင်းမူးလာသည် ။ သူ့ ပစ္စည်းများ၏ မြင်ကွင်းက သူ့ကိုပြန်စိတ်ရှုပ်ထွေးစေသည် ။ ခါးပတ် ခေါင်းများ ၊ စာအုပ်များ ၊ ဆိုးဝါးသော အနံ့ထွက်နေပြီဖြစ်သော အဝတ်အစားများ ၊ ရေသန့်ဗူးအပုတ်များ ၊ တစ်သျှူး စများ ၊ မသေချာမှု များ ၊ ကျရှုံးခါနီးများ ၊ နောင်တအတိုအစများနှင့် သူခေါင်းတွေမူးလာသည် ။ သို့သော် သူမသေနိုင်သေး ဟုတော့ သူ့ကိုယ်သူ သိသည် ။ နောက်တော့ သူ အိပ်ပျော်ရန်ကြိုးစားသည် ။ ကော်ဖီအရှိန်ကြောင့် သူ နာရီအတော်ကြာ ဒုက္ခရောက်ရသေးသည် ။

သူ ထိုဆိုင်တွင် သုံးခါတိတိထိုင်ဖြစ်ခဲ့သည် ။ သုံးခါစလုံး ကော်ဖီများကိုသာ မနှစ်သက် မငြီးငွေ့စွာ သောက်သုံးခဲ့သည် ။ သူ့အတွက် အမှတ်တရဖြစ်စရာမရှိသော ထိုဆိုင်ကလေးကို သူမကြာခင်ပဲ အလွယ်တကူမေ့လျော့သွားမည်ဖြစ်သည် ။ တစ်ခါတစ်လေလည်း သတိရကောင်း ရနိုင်ပါသေးသည် ။

သူ နောက်ဆုံးအခေါက်ရောက်သောညက မိုးဖွဲဖွဲရွာနေသည် ။ လျှပ်စစ်မီးများ ပြတ်တောက်နေသည် ။ ပင်ကိုယ်အမှောင်အားများသော ဆိုင်ကလေးထဲမှာ ဖယောင်းတိုင်မီးသုံးတိုင်ကို နေရာမျှအောင် ထွန်းထားသည်။ ဆိုင်အလယ်တည့်တည့်တွင် လူနှစ်ယောက် စကားပြော နေသည်မှအပ ကျန်ဧည့်သည်မရှိပေ ။ အခုရောက်လာသောသူက တတိယမြောက်ဧည့်သည် ဖြစ်သည် ။ သူဝင်လာပြီး မကြာခင်မှာပင် ဖယောင်းတိုင်တစ်တိုင်က ငြိမ်းသေသွားသည် ။

ဆိုင်ရှင်လူဝကြီးက သူ့ကို တနယ်တကျေးကမှန်းသိသည် ။ ကော်ဖီလာချပေးရင်း သူတို့မြို့အတွက် မှတ်ချက်တစ်ခွန်း တလေကြားချင် နေသည် ။

“ ဒီကိုလာဖူးလား ၊ ပျော်ရဲ့လား ”

သူက ခေါင်းညိတ်၍ ပြန်ဖြေလိုက်သည် ။

“ ဒါ ပထမဆုံးပါ ။ ပျော်ပါတယ် ”

ဆိုင်ရှင်ကြီးက သူ့အမူအရာကို ကြည့်၍ ထပ်မေးလိုက်သေးသည် ။

“ ဘယ်တော့ ပြန်မှာလဲ ”

“ မနက်ဖြန် ”

ဆိုင်ရှင်ကြီးက နောက်ဆုံးတစ်ခွန်းထပ်မေးသည် ။

“ နောက်တစ်ခါ လာဦးမှာလား ”

“ ဟင့်အင်း … မသိဘူး ”

သူ ထိုသို့ ဖြေစဉ်မှာ အနည်းငယ်ဝမ်းနည်းသံ ဖက်သွားသည် ။

“ သြော် … ”

ဆိုင်ရှင်ကြီးက စိတ်မကောင်းစွာ ညည်းတွား၍ ပြန်ထွက်သွားသည် ။ ထိုစဉ် ဖယောင်းတိုင်တစ်တိုင်က ထပ်ငြိမ်းသွားပြန်ပြီ ။ အမှောင်ကဖေးဟူသော သူခေါ်ဝေါ်နေကျအမည်နှင့် ပိုလိုက်ဖက်လာသည် ။

သူဆိုင်ထဲက ထွက်ခဲ့တော့ နောက်ဆုံးဖယောင်းတိုင်မှာ “ဝပ်” ခနဲ ငြိမ်းသွားသည် ။ လေတိုက်၍ မဟုတ်ချေ ။

သူဝေး

ပင်မစာမျက်နှာသို့ပြန်သွားမည် >>
နေ့စဉ် အသစ်အသစ်သော သတင်းများ ကို သိရှိနိုင်ရန် လိုတရ Application အား ဤနေရာတွင် နှိပ်၍ အခမဲ့ Download ရယူပါ။