Lotayamm

search
မာတိကာ

contents

ထိပ်ဆုံးစာမျက်နှာ > ဝတ္ထုများ

သဘောင်္ကြီးထဲက ရေထည့်ထားတဲ့ ဖန်ခွက်
အစ/အဆုံး
ချိုပိန်းနောင်

သူနဲ့ ကျမ Hangover ဇာတ်ကားကြည့်နေတာ ပထမတော့ အကောင်းပဲ။ နောက်တော့ သူတီဗွီကို ရီမုတ်ကွန်ထရိုးနဲ့ လှမ်းပေါက် လိုက်တာ တီဗွီနည်းနည်းအက်သွားတယ်။ ဖြစ်ပုံက ဒီလို။ ကြည့်နေတာအဟုတ်ပဲ။ ဒါပေမယ်လို့ အဲဒီဇာတ်ကားမှာ သွားဆရာဝန် အဖြစ်သရုပ်ဆောင်တဲ့ ဇာတ်ကောင်ကို သူ့သူငယ်ချင်းတွေက ခရီးထွက်ဖို့ လာခေါ်ကြပါရော။ အဲဒီလို လာခေါ်တော့ သွားဆရာဝန်ရဲ့ အတူနေချစ်သူကို သွားဆရာဝန်က နှုတ်ဆက်အနမ်းလေး နမ်းတယ်။ ဒါကို အတူနေချစ်သူအမျိုးသမီးက အနမ်းမခံဘဲ မျက်နှာကို ဖယ်လိုက်တယ်။ ဒါကို သူမကျေနပ်တာပဲ။ ပါးစပ်ကလည်း ပြောသေးတယ်။ “အဲဒါ မိန်းမတွေ ဘာဖြစ်ကြတာလဲ။ စောက်ရေး မပါတာ။” တဲ့။ ပြောပြီး တီဗွီကို ရီမုတ်နဲ့ ကောက်ပေါက်ပြီး တီဗွီလည်း အက်သွားအပြီး သူလည်းထထွက်သွားတော့တယ်။ သူဘာဖြစ်လို့ ထထွက်သွားသလဲဆိုတာကို ကျမနားလည်တယ်။ ဘာဖြစ်လို့ သွားဆရာဝန်ရဲ့ နှုတ်ဆက်အနမ်းဇာတ်ဝင်ခန်းကို ပြတာလဲ ဆိုတာကိုလဲ ကျမနားလည်တယ်။ ဘာဖြစ်လို့ သွားဆရာဝန်ရဲ့ အတူနေချစ်သူက အနမ်းကို လက်မခံလိုက်တာလဲ ဆိုတာကိုလည်း ကျမ နားလည် တယ်။ သူဘာဖြစ်လို့ နားမလည်သလဲဆိုတာကိုလဲ ကျမနားလည်တယ်။ သူ ဘာဖြစ်သွားတာလဲဆိုတာ ကိုလဲ ကျမနားလည်တယ်။ ကျမနားလည်လိုက်တယ်ဆိုတာကိုလည်း ကျမနားလည်တယ်။ ကျမဘာကို နားလည်လိုက်လဲ ဆိုတာကိုတော့ သူနားမလည်လိုက်ဘူး။ ကျမကျ ဘာဖြစ်လို့ ဒီဇာတ်ဝင်ခန်းကို နားလည်လိုက်လဲဆိုတာကိုလည်း သူနားမလည်ဘူး။

ပြသနာတော့ မရှိလှပါဘူး။ ဒါက ကျမတို့နေ့စဉ်ဘ၀မှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ ကိစ္စတွေထဲက တစ်ခုပဲ။ ကျမတို့ အိမ်ထောင်သက်တမ်းမှာ ကြီးကြီးမားမား ပြသနာဘာမှမရှိခဲ့လှပေမယ်လို့ ဒီလို သေးသေးမွှားမွှားပြသနာလေးတွေကတော့ ခဏပြီးခဏပဲ။ ခုဖြစ်တဲ့ ပြသနာက သူနဲ့လည်း မဆိုင်ဘူး။ ကျမနဲ့လည်း မဆိုင်ဘူး။ Hangover နဲ့ပဲဆိုင်တယ်။ ဒါမှမဟုတ် သူနဲ့ရော ကျမနဲ့ရော Hangover နဲ့ပါ ဆိုင်တယ်လို့လည်း ပြောလို့ရတယ်။ ဘာအကြောင်းကြောင့်ပဲ ဖြစ်ဖြစ် ဒီလိုပြသနာတစ်ခုခုဖြစ်ပြီးတိုင်း ကျမ သူနဲ့စကားမပြောချင်ဘူး။ ကျမ စကားမပြောချင်ဘူးဆိုတာကိုတော့ သူသိတယ်။ သူ့ကြည့်ရတာ ကျမနဲ့လည်း လတ်တလောစကားပြောချင်ပုံ မပေါ်ပါဘူး။ မီးဖိုချောင်ထဲက ရေကိုသွားယူတော့ ကျမသူဘေဇင်နားမှာ ရပ်နေတာကို တွေ့သားပဲ။ ဒါပေမယ်လို့ ကျမ စိတ်အချဉ်ပေါက်နေတာနဲ့ မမြင်ချင်ယောင်ဆောင်ခဲ့တယ်။

အိပ်ယာထဲမှာ လှဲနေရတာ သိပ်သက်သောင့်သက်သာရှိတာပဲ။ သူဝင်မလာရင် ပိုတောင်သက်သောင့်သက်သာရှိဦးမယ်လို့ ကျမ ထင်တယ်။ ကျမတို့ အိမ်ထောင်သက် လေးနှစ်ရှိပြီ။ ဒါပေမယ်လို့ ကျမစိတ်ထဲမှာ သူ့ကိုအတွင်းကျကျ မရင်းနှီးသေးဘူးလို့ ခံစား ရတယ်။ ဥပမာအားဖြင့် သူ့ရှေ့မှာ အတွင်းခံမလဲရဲတာမျိုး၊ ရေချိုးခန်းတံခါး လော့ခ်မချဘဲ ရေမချိုးရဲတာမျိုးတို့ပေါ့။ တခြားအိမ်ထောင် သည်တွေတော့ ကျမ မသိဘူး။ ကျမကတော့ သူ့ကို အဲဒီလိုလုပ်ရမှာ မ၀ံ့ရဲဘူး။ တစ်နည်းပြောရရင် ကျမကိုယ် ကျမ ယုံကြည်ချက် အားနည်းတာက အဓိကပဲ။ ကျမ ဘယ်တုန်းကမှ ကိုယ့်ကိုကိုယ်ယုံကြည်ချက်မရှိခဲ့ဘူး။ ကျမဘယ့်ကလောက် ကိုယ့်ကိုကိုယ် ယုံကြည်ချက် မရှိဘူးလဲဆိုတာကိုတော့ သူမသိဘူး။ ကျမကိုယ့်ကိုကိုယ် ယုံကြည်ချက်မရှိတော့တာ သူနဲ့အိမ်ထောင်ကျပြီး တစ်နှစ်လောက်ကတည်းကပဲ။ ကျမနဲ့ သူအရင်ကထက် ပိုဝေးသွားတယ် (လို့ ကျမခံစားမိတယ်။)။ ဒီအတော အတွင်း သူအိမ်မှာ မရှိတဲ့အချိန်တွေ ကျမတစ်ယောက်တည်း (ပထမတော့ မနေတတ်ပါဘူး။ နောက်တော့) ပျော်တတ်သွားတယ်။ အရင်ကလို သူ အပြင်ထွက်ရင် “ဘယ်သွားမလို့လဲ။ ဘယ်အချိန်ပြန်လာမှာလဲ။” လို့ ကျမ မမေး(မိ) တော့ဘူး။ တစ်နည်း .. ကျမ မမေးချင်တော့ဘူး။ ကျမ စီးကရက်တွေ၊ တစ်ခါတစ်လေ အရက်ပြင်းပြင်းတွေနဲ့ အချိန်ဖြုန်းတတ်လာတယ်။ စာအုပ်ကတော့ အရင်ကတည်းက ဖတ်လေ့ မရှိလို့ ထားပါတော့။ အိမ်မှာတော့ စာအုပ်တွေရှိပါတယ်။ ဒါပေမယ်လို့ အလှကြည့်ထားရုံသက်သက်ပဲ။ တစ်ခါတစ်လေတော့လည်း မလေ့လာတာကြာတဲ့ ဘာသာရေးကို ပြန်ပြီးလေ့လာချင်စိတ်တွေ ပေါ်လာမိတယ်။ ဒါပေမယ်လို့ ကျမက အိမ်ပြင်မထွက်(ရ)တာ ကြာပြီဆိုတော့ အပြင်ကိုထွက်ရမှာကို မထွက်ချင်သလိုလို ၊ အရမ်းထွက်ချင်နေသလိုလို၊ ထွက်ရမှာ ကြောက်သလိုလို ဖြစ်နေတာ ကြောင့် ကျမ မထွက်ဖြစ်တော့ဘူး။ ဘုရားသခင်ကို အိမ်မှာခေါ်ထားချင်တယ်။ ဒါမှ အချိန်မရွေးကျမနဲ့ စကားပြောဖော်တစ်ယောက် ရမှာပေါ့။

“ပြသနာတွေ ရှိခဲ့ပေမယ်လို့ ကျမကို ရှင်ချစ်နေတုန်းလို့ ကျမထင်တာပါပဲ။” လို့ ကျမပြောလိုက်တာကို သူကြားသွားတယ်။ ကျမက တစ်ခါတစ်လေ ဒီလိုပဲ။ တစ်ယောက်တည်း စကားပြောတတ်တယ်။ ဒါကို သူမသိအောင် ကျမဖုံးထားနိုင်ခဲ့တယ်။ ခုနကစကားကို ကျမ မပြောမိလိုက်ခင် အထိပေါ့။ ဒါကို သူကြားသွားတယ်။ ကျမကို သူကြည့်နေတာတွေ့တော့ ကျမရှက်သွားတယ်။ မသိချင်ယောင် ဆောင်ပြီး ကျမ ပြန်လှဲအိပ်လိုက်တယ်။ သူကလည်း ဘာမှမပြောဘဲ ကျမဘေးမှာ သာသာယာယာ (နည်းနည်းတော့ ကြမ်းကြမ်း တမ်းတမ်း) လှဲချလိုက်တယ်။ အိပ်ယာဟာ စွပ်ခနဲ နည်းနည်းမြုပ်ဝင်သွားတယ်။ ရုတ်တရက်တော့ ကျမပျော်သွားတယ်။ ကျမတို့ နေ့စဉ်ဘ၀တွေဟာ လိင်မှုကိစ္စတွေနဲ့ ရောထွေးနေတယ်မဟုတ်လား။ ကျမက ရာဂသိပ်ကြီးတဲ့အမျိုးသမီး မဟုတ်ပေမယ်လို့ ကျမခင်ပွန်းဖြစ်တဲ့ သူ့ဆီကတော့ လိင်မှုတစ်ခုခုကို မျှော်လင့်နေခဲ့တယ်။ မျှော်လင့်တယ် ဆိုတဲ့စကားရဲ့ ဆိုလိုရင်းကို ရှင်တို့သိတယ် မဟုတ်လား။ ဘာလို့ မျှော်လင့်လဲဆိုတော့ မရလို့မျှော်လင့်တာပေါ့။ ကျမနဲ့ ပတ်သက်ဖို့ကိုတော့ သူကအမြဲ (လိုလို) ပင်ပန်းနေလေ့ ရှိတယ်။ ဒါမှမဟုတ် ပတ်သက်ပြီးတောင်မှပဲ ပင်ပန်းလို့ဆိုတဲ့ အကြောင်းကြောင့် သူကျမကို ကြင်ကြင်နာနာစကားတစ်ခွန်းထက် ပိုမပြောနိုင်ရှာဘူး။ တချိုးတည်း အိပ်မောကျသွားလေ့ရှိတယ်။

ကျမ ထုံးစံအတိုင်း သူ့ဆီကတစ်ခုခုကို မျှော်လင့်လိုက်တယ်။သူက သူ့ထုံးစံအတိုင်း သူစာအုပ်ဖတ်နေတယ်။ ကျမ ထုံးစံအတိုင်း သူစာအုပ်ဖတ်နေတာကို သူမမြင်အောင်တစ်ဖက်စောင်းအိပ်နေရင်းနဲ့ စောင့်နေလိုက်တယ်။ သူ့ထုံးစံအတိုင်း စာအုပ်ဖတ် ပြီးတော့ အန်းဒရွိုက်ဂိမ်းဆော့နေတယ်။ ကျမထုံးစံအတိုင်း အိပ်ချင်ယောင်ဆောင်ပြီး ထပ်စောင့်နေလိုက်တယ်။ ခဏနေတော့ သူ့ထုံးစံ အတိုင်း သူအကျောဆန့်လိုက်တယ်။ ကျမ ထုံးစံအတိုင်း ကျမပျော်သွားပေမယ်လို့ သူမသိအောင် ကျမတစ်ဖက်လှည့်ရင်းနဲ့ပဲ အိပ်ချင်ယောင် ထပ်ဆောင်နေလိုက်တယ်။ ဆိုလိုတဲ့သဘောကတော့ ကျမရင်မခုန်ပါဘူးပေါ့။ သိတောင် မသိပါဘူးပေါ့လေ။ ကျမအတွေးနဲ့ ကျမ ပြုံးပစ် လိုက်တယ်။ မျက်စေ့မှိတ်ထားရင်းနဲ့ပေါ့။ သူ့ထုံးစံအတိုင်း သူ့ခန္ဓာကိုယ်ကို တစ်ချက်လွန့်လိုက်တယ်။ ပြီးတော့ သက်ပြင်းတစ်ချက် ချပြီး အိပ်သွားတော့တယ်။ ကျမထုံးစံအတိုင်း မလှုပ်ရှက်တော့တဲ့သူ့ကို ခေါင်းစောင်းပြီး လှည့်ကြည့်လိုက်တယ်။ နောက် ကျမ ထုံးစံ အတိုင်း အိပ်ယာပေါ်မှာ သူ့ကိုကြည့်ရင်း ခဏထိုင်နေလိုက်တယ်။ နောက်တော့ ကျမထုံးစံအတိုင်း ကျမလည်း အိပ်ပျော်သွားတာပါပဲ။

မနက်မိုးလင်းတော့ သူ့ဆီဖုန်းတစ်ခုဝင်လာပြီး သူပျာယီးပျာယာအိပ်ယာထသွားတာကို ကျမတွေ့လိုက်တယ်။ သူ့မှာ တခြားယောက်ျား တွေနဲ့ မတူတဲ့ (ကျမအတွက် ကောင်းတယ်ခေါ်မလား) အချက်တစ်ခုရှိတယ်။ ဘာလဲဆိုတော့ ယောက်ျားအိပ်ပြီးမှ အိပ်ရမယ်၊ ယောက်ျား မထခင် ထရမယ်ဆိုတဲ့အချက်တွေ သူ့မှာမရှိဘူး။ ဒါမှမဟုတ် ရှိရင်တောင် သူကျမကို မပြောဘူး။ ဒါ သူကျေနပ်လို့လည်း ဖြစ်ချင်ဖြစ်မယ်။ မဖြစ်ချင်လည်း မဖြစ်ဘူး။ သူ့ရင်ထဲက အတွေးအထိတော့ ကျမလိုက်မသိချင်ဘူး။ ကျမအိပ်ချင်ယောင် ဆက်ဆောင် နေလိုက်တယ်။ နောက်တော့လည်း တကယ်အိပ်ပျော်သွားတာပါပဲ။ ခဏနေတော့ သူ အိပ်ခန်းကိုတံခါးလာခေါက်တယ်။ နှစ်ချက်ခေါက် တယ်။ ကျမ မကြားချင်ယောင်ဆောင်နေလိုက်တယ်။ “ကျွတ် .. ” ဆိုတဲ့ စုတ်သပ်သံတစ်ချက် ကြားတယ်။ ပြီးတော့ ကျမနံမည်ကို ခေါ်ပြီး သူတံခါးကို ခပ်ဆတ်ဆတ်လေး ထပ်ခေါက်တယ်။ သူစိတ်ဆိုးနေပြီ။ ခဏနေလို့မှ ကျမထပ်မထူးရင် သူကျမကို တစ်နေကုန် စိတ်ခုပြီး အလုပ်သွားတော့မယ်။ နေ့လယ်လောက်ကျရင် ကျမသူ့ဆီဖုန်းဆက်မယ်။ သူသာမန်ပြောလေ့ပြောထရှိတဲ့ အသံမျိုးနဲ့ ကျမကို စကားပြောမယ်။ ပြီးတော့ အိုကေအိုကေဆိုပြီး သူဖုန်းချသွားလိမ့်မယ်။ ကျမကျတော့ သူချသွားတဲ့ဖုန်းကိုကြည့်ပြီး “ချစ်တယ်နော်” လို့ သူမသိအောင် ပြောမိလိမ့်မယ်။ ပြီးတော့ဖုန်းချပြီး ကျမလုပ်စရာရှိတာတစ်ခုကို လုပ်နေလိမ့်မယ်။

ဒါကျမရဲ့ နေ့စဉ်ဘ၀ဖြစ်တယ်။ ကျမ အိပ်ယာကနေ ခုမှနိုးဟန်နဲ့ ထလိုက်တယ်။ ဆံပင်တွေကို သပ်တင်လိုက်တယ်။ အညီညာဆုံး ဖြစ်အောင် လုပ်ယူလိုက်တယ်။ အကျီတွေကို ဆွဲဆန့်လိုက်ပြီး ပြန်ထူးရင်း ခေါ်ရာကိုသွားလိုက်တယ်။ သူကပြောတယ်။ အကျီအပို တစ်စုံ မီးပူတိုက်ပေးပါတဲ့။ ဒီည သူပြန်လာမှာမဟုတ်ဘူးလို့လည်း ပြောတယ်။ ကျမ ခေါင်းညိတ်လိုက်တယ်။ သူကယုံကြည်ရတဲ့ ယောက်ျားပဲ။ ကျမ ယုံကြည်ထားတာလည်း ဖြစ်ကောင်းဖြစ်မယ်။

မျက်နှာကျက်ကို မော့ကြည့်လိုက်တော့ ပန်ကာက တဂျီးဂျီးလည်နေတယ်။ ပန်ကာဆီထည့်ရမယ်။ ဒါပေမယ်လို့ အမြင့်ကြီးမို့ ကျမ မတက်နိုင်ဘူး။ ဒီကြားထဲ ကျမက ၀လာလိုက်သေးတယ်။ ကျမ ကိုယ့်ကိုကိုယ်ပိုပြီးယုံကြည်မှုနည်းသွားစေတာ အဲဒါကြောင့်လည်း ပါတယ်။ တစ်အိမ်လုံးထဲမှာ တစ်အိမ်လုံးရယ်နဲ့ ကျမတစ်ယောက်တည်း။ ကော်ဖီတစ်ခွက် ဖျော်သောက်လိုက်တယ်။ ပြီးတော့ ဂိမ်းဆော့ နေလိုက်တယ်။ ပြီးတော့ ခဏအိပ်ကြည့်လိုက်တယ်။ ပြီးတော့ သူ့စာအုပ်စင်ပေါ်က စာအုပ်တစ်ချို့ယူကြည့်လိုက်တယ်။ ပြီးတော့ .. ပြီးတော့ ကျမတစ်ယောက်တည်း စကားပြောလိုက်သေးတယ်ထင်တယ်။ များသောအားဖြင့် ကျမက တစ်ယောက်တည်း စကားပြော ဖြစ်ရင် အိမ်သာထဲမှာပဲ ပြောဖြစ်တာများတယ်။ ရယ်တော့ရယ်ရတယ်။ အိမ်သာထဲမှာ ထိုင်နေရင်း နံနံစော်စော်နဲ့ ကျမ စကားပြောနေ တတ်တယ်။ တစ်ယောက်တည်း လေသံလေးနဲ့ပေါ့။ တစ်ခါတစ်လေတော့လည်း ကျမဖာသာ ဇာတ်လမ်းတွေထွင်ရင်း စကားပြော တာပါ။ တစ်ခါတစ်ခါကျတော့လည်း သူ့အလိုလို ပါးစပ်က ထွက်ချင်ရာ ထွေရာလေးပါးတွေ လျှောက်ထွက်နေတာပါပဲ။

ဒီနေ့ အိမ်သာတက်တော့ ကျမဇာတ်လမ်းတစ်ခုကိုယ့်ဖာသာကိုယ် ထွင်ပြီး စကားပြောနေလိုက်တယ်။ လူတစ်ယောက်နဲ့ ကျမ စကား ပြောခန်းပေါ့လေ။ ဇာတ်လမ်းအစလည်း ကျမမသိဘူး။ အဆုံးလည်း ကျမမသိဘူး။ ဘာပြောဖြစ်ခဲ့လဲဆိုတာလည်း ကျမ မမှတ်မိတော့ ဘူး။ အိမ်သာထဲကအထွက် ဘေဇင်မှာ လက်ဆေးရင်း လက်ဆေးရေနဲ့ ကျမရဲ့စကားပြောဇာတ်လမ်းလေးလည်း ပါသွားတယ်။

တစ်ခါတစ်လေ ကျမကိုယ် ကျမတွေးတယ်။ ဘာရယ်မဟုတ်ပါဘူး။ များသောအားဖြင့်တော့ စိတ်ကျအောင် ကိုယ့်ဟာကိုယ် လုပ်နေ တာပါပဲ။ ကျမ ဆယ့်ရှစ်နှစ်တုန်းက (ထင်တယ်) ။ စိတ်ကျန်းမာရေး ဆေးရုံတစ်ခေါက်ရောက်ဖူးတယ်။ တရားမ၀င်ဆေးဝါးလို့ ကျမတို့ နိုင်ငံမှာသတ်မှတ်ထားတဲ့ ဆေးဝါးတစ်ချို့ကို ကျမမှီဝဲဖူးတယ်။ အဲဒီိတုန်းကဆို ကျမဇာတ်လမ်းတွေ သိပ်ထွက်တာပေါ့။ အဲဒီတုန်းက ကျမအသိဥာဏ်က ကလေးအဆင့်လောက်ပဲရှိသေးတော့ ကလေးဇာတ်လမ်းလေးတွေပေါ့လေ။ ကျမ တောင်ကုန်းကြီးပေါ် ရောက်သွား တယ်ပေါ့။ အဲဒီမှာ ကြောင်လေးတစ်ကောင်နဲ့တွေ့တယ်။ အဲဒီကြောင်လေးက အစိမ်းရောင်လေး။ ကျမကိုကြည့်ပြီး တခိခိ ရယ်တယ်။ ကျမက စိတ်ဆိုးပြီး လိုက်ရိုက်တယ်။ သူက ထွက်ပြေးတယ်။ ကျမမိသွားတော့ သူကရှင်းပြရှာတယ်။ သူရယ်တာ ကျမကို ကြည့်ရယ်တာ မဟုတ်ပါဘူးတဲ့။ လေဒီဂါဂါကို တွေ့လို့ ချောင်းဆိုးတာပါတဲ့။ ကျမ ခွင့်လွှတ်လိုက်တယ်။ ခွင့်လွှတ်တယ်လို့ သူ့ကို မပြောလိုက်ခင်မှာ ကျမက သူ့ကိုလူကြီးပီပီ ဆုံးမစကားတွေတောင် ပြောလိုက်သေးတယ်။ သူက ဟုတ်ကဲ့ ဟုတ်ကဲ့နဲ့ ပြောပြီး ခေါင်းငုံ့လို့ ထွက်သွား တယ်။ ကျမ ခေါင်းကြီးညိတ်ပြီး ကျန်ခဲ့သတဲ့။

ဒီနေ့ သူမရှိတော့ ကျမဇာတ်လမ်းတစ်ပုဒ် တွေးမိတယ်။ သူနဲ့ စတွေ့ကတည်းက ခုထိ ကျမဖြစ်ချင်တဲ့ ဆန္ဒတွေပါတဲ့ ဇာတ်လမ်းတစ်ခု ပေါ့။ အပြင်မှာ တကယ်ဖြစ်နေတာလည်းမဟုတ်၊ ကျမနားမှာ သူလည်းမရှိ၊ ရှိရင်တောင်မှ ကျမတွေးနေတာကို သူသိမှာ မဟုတ်တဲ့ အတွက် စိတ်လွတ်ကိုယ်လွတ်နဲ့ သူ့ကိုအားနာစရာမလိုဘဲ တွေးချင်ရာတွေးနေလို့ရတယ်။ ပထမဇာတ်လမ်းတစ်ပုဒ်ကို တွေးလိုက် ပြီးတော့ ကျမသူငယ်ချင်း(လို့ထင်ရတဲ့) ကျမဖုန်းထဲမှာ ရှိနိုင်မယ့် လူတွေကို လိုက်ရှာကြည့်တယ်။ ပြီးတော့ ဖုန်းဆက်ကြည့်တယ်။ တစ်ယောက်က ပြောတယ်။ သူအလုပ်ထဲမှာတဲ့။ ဟုတ်မှာပဲ။ ကျမ ဖုန်းချပေးလိုက်ရတယ်။ နောက်တစ်ယောက်ကို ဖုန်းဆက်ကြည့်လိုက် တယ်။ သူ့အတူနေချစ်သူနဲ့ တခြားမြို့တစ်ခုမှာတဲ့။ ဟုတ်မှာပဲ။ သူ့အသံက ပျော်နေပုံပဲ။ သူ့အပျော်ကို ကျမ ဝေမျှမခံစားနိုင်တာက တစ်ကြောင်း၊ ကျမစိတ်ထဲမှာ သူများပျော်နေတာကို မခံစားနိုင်တာကတစ်ကြောင်း၊ ကျမစိတ်ထဲ ကိုယ့်ကိုကိုယ် ဘာဖြစ်နေမှန်းမသိလို့ စိတ်ညစ်နေတာကို သူသိသွားရင် သူပါစိတ်ညစ်သွားမှာ စိုးတာကတစ်ကြောင်းတို့ကြောင့် ကျမဖုန်းချပေးလိုက်ရတယ်။ သူကတော့ မေးရှာပါတယ်။ ကိစ္စတစ်ခုခုရှိနေလားတဲ့။ နောက်တစ်ယောက်ကို ထပ်ဆက်မိသေးတယ်ထင်တယ်။ ကျမမမှတ်မိတော့ဘူး။

တိတ်ဆိတ်တာကို ကျမကြိုက်ပေမယ်လို့ တစ်ခုခုလိုအပ်နေသလို ခံစားရတာကိုတော့ ကျမ မကြိုက်ဘူး။ ကျမအသက် ၂၅ နှစ်ရှိပြီ။ ကျမစိတ်ထဲမှာ အသက် ၅၀ ကျော်ပြီလို့ ခံစားရတယ်။ ကျမလိုအပ်တဲ့ အခါလောက်ကလွဲလို့ မှန်မကြည့်ဘူး။ မှန်မကြည့်တော့ဘူး။ ဒါမှ မဟုတ် မှန်ကြည့်ဖို့ စိတ်မပါတော့ဘူး။ လက်ရှိ ကျမ အလုပ်မရှိဘူး။ အလုပ်မရှိတာဟာ ၀ဋ်ကြွေးကြီးတစ်ခုလို ကျမကို ခံစားရစေတယ်။ ကျမ တစ်နှစ်ကျော်ရှိပြီ ခြံထဲကို မဆင်းဘူး။ အပြင်က လူတွေဘယ်လိုသွားလာလှုပ်ရှားနေကြလဲ ကျမ မသိတော့ဘူး။ ကျမ နေ့စဉ် တီဗွီ ကြည့်တယ်။ တချို့ဇာတ်ကားတွေ ကျမကြိုက်တယ်။ တချို့ဇာတ်ကားတွေ ကျမမကြိုက်ဘူး။ တချို့ဇာတ်ကားတွေက မရယ်ရပေမယ် လို့ ရယ်ရအောင် ကြိုးစားဖန်တီးထားတာတွေ့ရတော့ ကျမရယ်ပေးလိုက်ပါတယ်။ အနည်းဆုံး သူတို့ကြိုးစားမှုကို ကျမ အသိအမှတ် ပြုတယ်ဆိုတာကို ကျမသိသွားတာပေါ့။ ကျမ တခြားလုပ်စရာမရှိလို့ ပျင်းလာတော့ အပြင်ကိုထွက်ဖို့ ကြိုးစားလိုက်တယ်။ ကျမတို့ နိုင်ငံရဲ့ ရာသီဥတုက အရင်ကထက် အများကြီးပိုပူလာသလိုပဲ။ ကျမ ချက်ချင်းခေါင်းတွေကိုက်လာတယ်။ နားတွေအူလာတယ် ။ ကျမတို့ နှစ်ယောက်အိပ်တဲ့အခန်းထဲကို ကျမ၀င်လာလိုက်တယ်။ ပန်ကာကို ဖွင့်လိုက်တယ်။ ပန်ကာနဲ့ အနီးဆုံးနေရာမှာ ကျမခေါင်း ကို ထားလိုက်တယ်။ ခေါင်းက အအေးဓါတ်ကို ခံစားရတယ်။ ကျမနည်းနည်းတော့ အေးသွားသလိုပဲ။ ကျမပြုံးကြည့်တယ်။ စိတ်လို လက်ရတစ်ချက်ပြုံးဖြစ်အောင် ကြိုးစားကြည့်တယ်။ တစ်စုံတစ်ခုက ကျမကို မပြုံးနဲ့လို့ အမိန့်ပေးတယ်။ တစ်ခြားတစ်ဖက်ကကျတော့ ကျမမပြုံးရင် မြင်ရတာ စိတ်ဆင်းရဲတယ်လို့ ပြောဖူးတဲ့ ကျမခင်ပွန်းကို မြင်ရတယ်။ ကျမ အစွန်းနှစ်ဖက်ကလွတ်အောင် ကြိုးစားလိုက် တယ်။ ပြီးတော့ ပြုံးလိုက်တယ်။ ကျမ အပြုံးကကြောက်စရာကြီး။ တော်တော်ရုပ်ဆိုးတဲ့ အပြုံးဆိုတာကို မှန်မကြည့်ဘဲ ကျမသိလိုက် တယ်။ ကျမမှာ ဖက်လုံးတစ်လုံးရှိတယ်။ အဲဒီဖက်လုံးထက်နည်းနည်းကြီးရင် ကျမခင်ပွန်းခန္ဓာကိုယ်ဆိုက်ပဲ။ ကျမ ဖက်လုံးကို ဖက်လိုက် တယ်။ အခန်းထောင့်မှာ ကွေးကွေးလေးအိပ်လိုက်တယ်။ ပြီးတော့ ဖက်လုံးခံပြီး မျက်ရည်ကျလိုက်တယ်။ ကျမက မျက်ရည်ကျရတာ သိပ်လွယ်တဲ့ အမျိုးသမီးပဲ။ ကျမဘ၀မှာ ကြိုက်ရာကို တွေးလိုက်။ အဲဒီမှာ မျက်ရည်ကျစရာအကြောင်းက အနည်းဆုံးတစ်ခုတော့ ရှိတတ်တယ်။ မျက်ရည်အမြဲကျချင်နေတဲ့ လူတစ်ယောက်အတွက်တော့ ကျမဘ၀က ရှယ်ပဲ။

အကြာကြီးတော့လည်း အိပ်ယာထဲမကွေးနေနိုင်ပါဘူး။ ကျမ ထလိုက်တယ်။ ဖုန်းကိုကြည့်လိုက်တယ်။ သူဖုန်းမခေါ်ဘူး။ ကျမ ဖုန်းခေါ် ချင်ပေမယ်လို့ သူဖုန်းစခေါ်တာကို စောင့်နေချင်ခဲ့တယ်။ ဒါပေမယ်လို့ ကျမမစောင့်နေနိုင်ခဲ့ဘူး။ ဒါကြောင့် ကျမ သူ့ဆီမတ်ဆေ့ တစ်စောင်ပို့လိုက်တယ်။ သူမအားဘူးထင်တယ်။ ကျမကို စာမပြန်ခဲ့ဘူး။ ကျမဖုန်းကို ကောက်ပေါက်လိုက်တယ်။ ဘယ်နှကြိမ်မြောက် ကောက်ပေါက်မိတာလဲတော့ မသိတော့ဘူး။ အကြိမ်အရေအတွက်က များနေတာကတစ်ကြောင်း၊ တကယ်လည်း မှတ်မထားချင်တာက တစ်ကြောင်း၊ မှတ်ထားဖို့ မလိုဘူးလို့တွေးမိတာကတစ်ကြောင်းတို့ကြောင့်ပါ။ တခြားကြောင့်တော့ မဟုတ်ပါဘူး။ ကျမ အိပ်ယာက ထပြီး ကော်ဖီတစ်ခွက် ဖျော်လိုက်တယ်။ သူမနက်က ပြောတာကို သတိရတယ်။(အက်စ်ပရက်ဆို)။ ကျမကျတော့ ကော်ဖီမှုန့်အကြမ်း တွေကို ပိုကြိုက်တယ်။

(ဘယ်သူမှ မရှိကြဘူးလား။) လို့ တံခါးအပြင်ဘက်က အသံတစ်ခုကြားလိုက်တယ်။ ဘယ်သူမှ မရှိဘူးလို့ ထင်သွားအောင် ကျမ တိတ်တိတ်လေး နေနေလိုက်တယ်။ နောက်တစ်ခေါက် ထပ်ခေါ်သံကြားတယ်။ သေချာနားထောင်လိုက်တော့ ကျမအမေပဲ။ ဘယ်သူမှ မရှိဘူးလို့ ထင်သွားအောင် ကျမ ဟန်ဆောင်နေလိုက်ဖို့ ပိုသေချာသွားတယ်။ ကျမအိမ်ထဲကို ကျမကို ဒီထက်ပိုတိတ်ဆိတ်အောင် လုပ်မယ့်လူတွေ မ၀င်ရ ဘူး။ အပြင်က ခေါ်သံရပ်သွားတာနဲ့ ကျမ ကြမ်းပြင်ပေါ်မှာ ကျနေတဲ့ ဖုန်းကို သွားကောက်လိုက်တယ်။ ဘယ်တုန်းကတည်းက နောက်ဆုံး လွှင့်ပစ်ထားမိသလဲမသိဘူး။ ဖုန်းကပိတ်နေတယ်။ ကျမ ပြန်ဖွင့်လိုက်တယ်။ ပြီးတော့ ကျမ သူငယ်ချင်းတစ်ယောက်နဲ့ ဖုန်း ပြောနိုင်ဖို့ လူတစ်ယောက်ကို ရှာလိုက်တယ်။ ဘယ်သူမှ မတွေ့ဘူး။ ဒါနဲ့ ကျမ ဂိမ်းကစားနေလိုက် တယ်။ ခဏနေတော့ ပျင်းလာတယ်။ ကျမ ကိုယ့်ကိုကိုယ် ကလိထိုးကြည့်တယ်။ မရယ်ရဘူး။ ဒါပေမယ်လို့ ကျမရယ်နိုင်အောင် ကျမရဲ့ ကြိုးစားအားထုတ်မှုအတွက် ဂုဏ်ပြုတဲ့အနေနဲ့ ကျမရယ်ပေးလိုက်ပါတယ်။

မြက်ခင်းပြင်တစ်ခုပေါ် ရောက်နေတယ်လို့ ကျမတွေးလိုက်တယ်။ မြက်ခင်းကြီးဟာ အကျယ်ကြီး၊ စိမ်းနေတာပဲ။ ကျမ ပက်လက်လှန် လှဲချလိုက်တယ်။ အိစက်နေမယ်လို့ထင်ခဲ့ပေမယ်လို့ တကယ်တမ်းက ရေနည်းနည်းစိုနေတာကြောင့် စိုစိစိဖြစ်နေတယ်။ ဒါပေမယ်လို့ ကျမ ဂရုမစိုက်ဘဲလှဲပစ်လိုက်တယ်။ ကျမ မျက်လုံးပိတ်လိုက်တယ်။ မျက်လုံးထဲမှာ အလုပ်ကို ပျာယီးပျာယာထွက်သွားတဲ့သူ့ကို မြင် သွားတယ်။ အဝေးကြီး ရောက်သွားတဲ့အခါ သူက ကျမကြည့်နေတဲ့ဘက်ကိုလှည့်ပြီး (Freedom!!!) လို့ လက်နှစ်ဖက်မြှောက်ပြီး အော်ပြတယ်။ ကျမ စိတ်ထဲမကောင်းလိုက်ပေမယ်လို့ ကျမသူ့ကို ရယ်ပြလိုက်တယ်တဲ့။ စိတ်ကူးကို ကျမ ဆက်မယဉ်တော့ဘူး။ မျက်လုံးကို ပြန်ဖွင့်လိုက်တယ်။ ကျမမျက်လုံးဖွင့်လိုက်ရာနဲ့ တည့်တည့်ကြီးမှာ ကျမကို ငုံ့ကြည့်နေတာက ကျမစိတ်ကျန်းမာရေး ဆေးရုံ မရောက်ခင် ကျမတို့အိမ်တွင်းရေး ကမောက်ကမ ဖြစ်နေစဉ်အချိန်တုန်းက ကျမကို မတရားကြံဖို့ ကြံစည်ခဲ့ဖူးတဲ့ ကျမရဲ့ဘကြီး။ ကျမ ရုတ်တရက် ရွံရှာတဲ့စိတ်နဲ့ လက်ထဲရောက်လာတဲ့ဓါးနဲ့ သူ့ကိုတဇွပ်ဇွပ်ထိုးပစ်လိုက်တယ်တဲ့။ သူ့သွေးတွေဟာ ကျမခန္ဓာကိုယ်ပေါ်ကို ကျလာတော့မယ်တဲ့။ အဲဒီအချိန်မှာ ကျမလမ်းထလျှောက်ခဲ့တယ်။ နောက်ကို ပြန်လှည့်ကြည့်လိုက်တော့ ကျမအမေကို အဲဒီဘကြီးနား မှာတွေ့လိုက်တယ်။ အမေက မေးတယ်တဲ့။( အကိုကြီး ဘယ်နားနာသွားလဲ။) သမီးဖြစ်သူကို မတရားကြံဖို့ ကြံစည်ခဲ့ဖူးတယ်လို့ သိနေလျက်နဲ့ ဒီလူကို အမေဒီလိုဘာကြောင့် ကောင်းကောင်းမွန်မွန်ဆက်ဆံနေရတုန်းလဲလို့ ကျမတွေးတယ်တဲ့။ နောက်တော့ အမေ့ကို ကျမဓါးနဲ့ ပြေးထိုးပစ်လိုက်တယ်တဲ့။ ပြီးတော့ ကျမအော်ရယ်လိုက်တယ်တဲ့။ ပြီးတော့ ကျမရွံလွန်းလို့ တွေ့ကရာ ရေကန်လေးတစ်ခုမှာ ရေဆင်းကူးလိုက်တယ်တဲ့။ အဲဒီဇာတ်လမ်းမှာ ကျမက အရင်ဘ၀က ရေတပ်ကွန်မန်ဒိုတစ်ယောက်ဆိုတော့ ရေကူးသိပ်ကျွမ်းတာပဲတဲ့။ နောက်တော့ ကျမအခုရောက်နေတာ အရင်ဘ၀မဟုတ်ဘူး၊ အခုလက်ရှိဘ၀လို့ တွေးမိတာကြောင့် ကျမ ရေနစ်သွားတယ်တဲ့။ ရေအောက်မှာ သိပ်မွန်းတာပဲ။ ကျမ ခင်ပွန်းရဲ့နံမည်ကို တနေလိုက်တယ်။ ရေပေါ်ကို ခဏပြန်ပေါ်လာတယ်။ ကျမကို ကျမမဟုတ်တဲ့ တခြားမိန်းကလေးတစ်ယောက်နဲ့ တွဲပြီး ငုံ့ကြည့်နေတဲ့ သူ့ကိုကျမ မြင်လိုက်တယ်။ ရေတွေ … ရေတွေ … တအားမွန်းနေပြီ။ ကျမ သူ့ကို လက်ကမ်းလိုက်တယ်တဲ့။ သူက လက်ပြန်ကမ်းပေမယ်လို့ သူ့ဘေးကမိန်းကလေးက မျက်နှာ မကြည်လင်တာကြောင့် လက်ပြန်ရုတ်သွားတယ်တဲ့။ ကျမ စိတ်ကူးကို ရပ်ပစ်လိုက်တယ်။ တော်ပါသေးရဲ့။ ကျမ သေတော့မလို့။

ကျမ သူပြန်လာရင် ကောင်းကောင်းမွန်မွန်ကြိုမယ်လို့ ဆုံးဖြတ်လိုက်တယ်။ ကျမ တစ်ချက်ပြုံးလိုက်တယ်။ ရေချိုးတယ်။ အ၀တ်လဲပြီး ဆံပင်ကို ဖြီးတယ်။ သီချင်းနားထောင်နေလိုက်တယ်။ ဖုန်းထဲက သီချင်းတွေကဟောင်းနေပြီ။ အားလုံးပေါင်းမှ ၂၂ ပုဒ်ပဲရှိတယ်။ အားလုံး အလွတ်ရနေပြီ။ ဒါပေမယ်လို့ တခြားသီချင်း ကျမမှာမရှိဘူး။ ဘာပဲပြောပြော သီချင်းနားထောင်တာက ကျမကို နည်းနည်းတော့ အပျင်းပြေစေတယ်။ ညရှစ်နာရီခွဲသွားတယ်။ သူပြန်မလာသေးဘူး။ ကျမ ဖုန်းဆက်ကြည့်ရင် ကောင်းမလား။ သူတောင် ဖုန်းဆက်ဖို့ မေ့နေနိုင်သေးတာလို့ ကျမတွေးတယ်။ မဆက်ဘဲနေလိုက်တယ်။ ခဏနေတော့ ကျမမတ်ဆေ့တစ်စောင်လောက် ပို့ကြည့်ချင်လာ တယ်။ ပို့လိုက်တယ်။ သူချက်ချင်းနီးနီးဖုန်းပြန်ဆက်တယ်။ သူပြန်မလာနိုင်လို့ စိတ်မကောင်းပါဘူးလို့ ကျမကို ပြောတယ်။ သူငယ်ချင်း တစ်ယောက်ရဲ့ ပါတီရှိလို့ပါလို့ပါ ထပ်ဖြည့်ပြောတယ်။ အော် .. လို့ ကျမပြောလိုက်တယ်။ စိတ်ဆိုးသွားတာမဟုတ်လား လို့ ကျမကို သူမေးတယ်။ မဟုတ်ပါဘူးလို့ ကျမခပ်ဆတ်ဆတ် (ဒါပေမယ်လို့ အမြင်ကြည်တဲ့ပုံနဲ့) ပြန်ပြောလိုက်တယ်။ အင်းအင်း ဒါဆိုလဲ ပြီးတာပဲ လို့ သူပြောပြီး ဖုန်းချသွားတယ်။ ကျမ ပြုံးလိုက်တယ်။ မှန်သွားကြည့်လိုက်တယ်။ မှန်ထဲက ကျမကို ကျမ ပြုံးပြလိုက် တယ်။ မှန်ထဲက ကျမက ကျမကိုပြုံးပြနေတယ်။ ငယ်ငယ်တုန်းကနဲ့ အတတ်နိုင်ဆုံးတူအောင် ကျမပြုံးပြလိုက်တယ်။ မင်း လှတုန်းပဲ.. မင်းတစ်ယောက် တည်းကိုပဲ ကိုယ် တစ်သက်လုံးချစ်မှာ သိလားလို့ မှန်ထဲမှာ ကျမပြုံးရင်း ကျမကို စိတ်လိုလက်ရ ပြောလိုက်တယ်။ အနည်းဆုံးတော့ ကျမရဲ့ ကြိုးစားအားထုတ်မှုကို ကျမဂုဏ်ပြုသင့်တယ် မဟုတ်လား။

နေရတာ အရမ်းပျင်းနေရင် သင်တန်းတစ်ခုခုတက်ပါလား။ ဒါမှမဟုတ် သူငယ်ချင်းတွေနဲ့ ဖုန်းပြော၊ လျှောက်လည် .. ဒါဆိုရင်ကော .. လို့ အသိတစ်ယောက်က ကျမကို အရင်တလောတုန်းက အကြံပေးဖူးတယ်။ သူပြောတာက ဟုတ်သလိုလိုပဲ။ ဒါပေမယ်လို့ ကျမ အတွက် အသုံးမ၀င်ဘူး။ သင်တန်းတစ်ခုခုတက်ဖို့က ကျမ အပြင်မထွက်တာကြာပြီမို့ အပြင်ထွက်ပြီး လူတွေနဲ့ ဆက်ဆံရမှာကို ကြောက်နေတယ်။ လူတွေဟာ ကျမအိမ်ထဲမှာ တစ်ယောက်တည်း နေ့စဉ်ဖြတ်သန်းနေကျ ဘ၀လောက်တောင် မလှဘူးလို့ ကျမ ကြိုးစားယုံကြည်ပစ်ထားတယ်။ နောက်တစ်ချက်က ကျမအမေနဲ့ အဖေ။ သူတို့က ကျမဟာ အိမ်ထောင်ကျပြီးပြီဖြစ်တာကြောင့် ဘယ်အပြင်မှ ထွက်စရာမလိုတော့ဘူးလို့ တင်းကြပ်စွာတားမြစ်တယ်။ အိမ်ထောင်သည်တစ်ယောက် အပြင်ထွက်လည်တာ၊ ဒါမှမဟုတ် ပြင်ဆင်ဝတ်စားတာဟာ လူမှုပတ်ဝန်းကျင်မှာ အပြစ်တစ်ခုဖြစ်နိုင်တယ်လို့ အကြိမ်ကြိမ်ပြောပြထားတယ်။ မဟုတ်ဘူးဆိုတာ သိပေ မယ်လို့ ကျမ သူတို့ကို မငြင်းဆန်ခဲ့ဘူး။ အချိန်အတန်ကြာ မငြင်းဆန်လာတာကြောင့် ခုချိန်မှာ မငြင်းဆန်နိုင်တော့ဘူး။ သူငယ်ချင်း တွေနဲ့ ဖုန်းပြောဖို့ဆိုတာကိုတော့ မဖြစ်နိုင်ဘူးဆိုတာ ကျမသိတယ်။ ကျမက အမြဲအားလျားနေပေမယ်လို့ သူတို့က အားဦးမှ။ အားရင်တောင် သူတို့အားလပ်ချိန် ဖုန်းပြောချင်ဦးမှ။ ဖုန်းပြောချင်ရင်တောင် အမြဲတစ်ခုခုလိုနေတဲ့ ကျမနဲ့ စကားပြောချင်ဦးမှ။ ကျမတစ်ယောက်တည်းပဲ ကောင်းပါတယ်။

ကျမ်းစာအုပ်တစ်အုပ် ယူဖတ်လိုက်တယ်။ ပြီးတော့ ကျမတွေးတယ်။ ကျမရဲ့ နေ့စဉ်ဘ၀ကပြီးသွားပြီလား။ ဒါပဲလား။ ဟိုနေ့က ကြည့်တဲ့ ဇာတ်ကား Hang Over ။ အဲဒီဇာတ်ကားထဲက သွားဆရာဝန်ရဲ့ ချစ်သူဟာ ကျမပဲလား။ ဟုတ်မှာပါ။ ဒါကြောင့်လဲ သူက အဲဒီဇာတ်ကားထဲက အမျိုးသမီးကို ဒေါသထွက်တာပေါ့။ ကျမ ငါးမိနစ်ကြာအောင် အော်ရယ်မယ်လို့ ဆုံးဖြတ်လိုက်တယ်။ တကယ်လည်း အော်ရယ်လိုက်တယ်။ ဒါပေမယ်လို့ ငါးမိနစ်မပြည့်ပါဘူး။ ပါးညောင်းလို့ ခပ်တည်တည်ပဲ ပြန်နေလိုက်တယ်။

သောက်နေကျ ဆေးကိုသောက်တယ်။ ခေါင်းက တဒုတ်ဒုတ်ကိုက်တယ်။ ခဏနေရင် သူပြန်လာတော့မှာပဲ။ ကျမ သူ့ကိုပြုံးပြပြီး ကြိုရမယ်။ သူငယ်ချင်းတွေနဲ့ တွေ့ရတာ သိပ်ပင်ပန်းတယ်။ အလုပ်ကလည်း ပင်ပန်းတယ်။ နေလည်းမကောင်းဘူးလို့ သူညည်းပြလိမ့် မယ်။ ဒါဆို ကျမက သူ့ကိုဂရုစိုက်ရလိမ့်မယ်။ ခဏနေရင် သူရေချိုးမယ်။ ပြီးရင် ထမင်းစား။ ဂိမ်းကစားမယ်။ ပြီးရင် အိမ်သာခဏ၀င်။ အိပ်ယာထဲဝင် စာအုပ်ဖတ်။ ပြီးရင် အိပ်တော့မယ်နော်လို့ နှုတ်ဆက်လိမ့်မယ်။ ကျမက ပြုံးပြီးခေါင်းညိတ်ပြလိုက်လိမ့်မယ်။ ကျမပြုံးပြ တယ်ဆိုတာကို သူ့ကိုရွဲ့တာလို့ သူသိချင်မှသိမယ်။ သိချင်လည်း သိမယ်။ သိရက်နဲ့ မသိချင်ယောင်ဆောင်နေတာလည်း ဖြစ်နိုင် တာပဲ။ အိပ်ပျော်နေတဲ့ သူ့ကိုကျမကြည့်မယ်။ မျက်ရည်ကျရဦးမယ်။ ပြီးတော့ သက်ပြင်းတစ်ခုချမယ်။ သူနဲ့အနီးဆုံးကပ်ပြီး အိပ်မယ်။ မနက်မိုးလင်းရင် သူအလုပ်သွားလိမ့်မယ်။

နေ့စဉ်ဘ၀မှာ အဲဒီအတွက်ပဲ ကျမရှင်သန်ရတော့မှာလား။ ကျမဆိုတာ ဘာလဲ။ ကျမဟာ ရုပ်နာမ်မရှိတဲ့ ပစ္စည်းဥစ္စာတစ်ခုပဲ။ ဒြပ် မရှိဘူး။ နာမ်မရှိဘူး။ စိတ်ဝိဥာဉ်မရှိဘူး။ ခံစားချက်မရှိဘူး။ ကျမမှာရှိတာ ဆေးပုလင်းအချို့ပဲ။ ကျမ တစ်ခုဆုံးဖြတ်လိုက်တယ်။ ကျမမှာ အိမ်ထောင်မကျခင်က အတူနေခဲ့ဖူးတဲ့ မိန်းကလေးတစ်ယောက်ရှိတယ်။ သူမက ကျမကို အခုအချိန်ထိ အရမ်းချစ်တုန်းပဲ။ ကျမ ဗိုလ်ကျလို့ရတာ သူတစ်ယောက်ပဲရှိတာကြောင့် ကျမလည်း သူ့ကိုသိပ်ချစ်တယ်။ ဒါပေမယ်လို့ သူနဲ့ကျမက အနေဝေးတယ်။ သူကျမ ကို ဖုန်းတစ်ခါဆက်ဖူးတယ်။ သူခဏပြန်လာတယ်တဲ့ သူ့ကိုလာတွေ့ပါတဲ့။ ကျမ သွားမတွေ့(ဖြစ်)ခဲ့ဘူး။ ခု ကျမသူ့ဖုန်းနံပတ်ကို ရှာတယ်။ ဟုတ်တယ်။ ကျမ သူနဲ့တွေ့ရမယ်။ သူနဲ့ ရက်ပိုင်းလောက် အပြင်မှာသွားနေရမယ်။ ကျမခင်ပွန်းကို ကျမမှာလည်း အစစ အရာရာ ဝေမျှနိုင်တဲ့ချစ်ရသူတွေရှိတယ်ဆိုတာကို ကြွားရမယ်။ ကျမ သူနဲ့ အပြင်မှာ ရက်ပိုင်းလောက်တူတူနေရင်း စားချင်တာစားမယ်။ ပန်းခြံတွေ လျှောက်လည်မယ်။ စာအုပ်ဖတ်ဝါသနာပါတဲ့ သူ့ကို စာအုပ်အရောင်းဆိုင်တွေ လိုက်ပို့မယ်။ အခန်းလေးတစ်ခုထဲမှာ တိတ်တိတ်ဆိတ်ဆိတ်နဲ့ ခြေပစ်လက်ပစ် အတူတူထိုင်ရင်း စာအုပ်တူတူဖတ်ကြမယ်။ အပြင်က ရွာနေတဲ့မိုးသံလေးတွေကို နားထောင် မယ်။ ပြီးတော့ ရုပ်ရှင်တစ်ကားလောက် တူတူကြည့်ဦးမယ်။ ဟာသကားဖြစ်ရင် ပိုကောင်းမယ်။ သူနဲ့ ကျမ အတူတူ ရယ်ကြမယ်။ အတူတူ ညဥ့်နက်မှ အိပ်ကြမယ်။ တစ်ယောက်ကို တစ်ယောက်နွေးနေအောင်ဖက်အိပ်မယ်။ မအိပ်ခင် ရေချိုးလိုက်ဦးမယ်။ ရေကို အတူတူ ချိုးမယ်။ ပြီးတော့ တဘက်တစ်ထည်တည်းကို အတူတူသုတ်မယ်။ သူ့ဆံပင်လေးတွေကို ကျမရေသုတ်ပေးမယ်။ မနက်ကျ ဘာစားချင်လဲလို့ သူနဲ့တိုင်ပင်ကြမယ်။ မနက်ရောက်တော့ စားချင်တာကို အတူတူချက်ပြုတ်ရင်း ညကကြည့်ခဲ့တဲ့ ရုပ်ရှင်ကား အကြောင်း ပြန်ပြောကြရင်းရယ်ကြမယ်။ စားသောက်ပြီးကြတဲ့အခါမှာ တနေရာရာကို အတူတူလက်တွဲသွားရင်း အေးချမ်းတိတ်ဆိတ်တဲ့ နေရာတစ်ခုမှာ အတူတူထိုင်ကြမယ်။

ကျမ သူဆက်ခဲ့တဲ့ဖုန်းနံပါတ်ကို ပြန်ရှာလိုက်တယ်။ ပြန်ရှာရင်းနဲ့ ကျမ တွေးမိသွားတယ်။ ကျမ Call logs တွေ အကုန်ဖျက်ပစ်လိုက်မိ တယ်။ ဒါပေမယ်လို့ သူ့ဖုန်းနံပါတ်ကို Save မိခဲ့တယ်ဆိုရင် ရှိမှာပဲ။ ကျမက အမြဲကံဆိုးတတ်တာကြောင့် သူ့ဖုန်းနံပါတ်ကို အကြောင်း ကြောင်းကြောင့် မှတ်မထားမိခဲ့ဘူး။ ကျမ အနည်းငယ်ရယ်လိုက်တယ်။

ကျမတို့တိုက်ခန်းရှိတဲ့ အဆောက်အအုံရဲ့ အပေါ်ဆုံးထပ်ဟာ သိပ်လေတိုက်တာပဲ။ ညဘက်ဆိုရင် လေတဟူးဟူးနဲ့ သိပ်နေလို့ ကောင်းတယ်။ ကျမ သိပ်ဝမ်းနည်းတဲ့အချိန်တွေမှာ တစ်ယောက်တည်း အဲဒီမှာထိုင်တတ်တယ်။ ဟိုးအောက်မှာ သွားလာနေတဲ့ ကား တွေက မီးရောင်တွေကို လင်းခနဲ လက်ခနဲ မြင်ရတတ်တယ်။ လူတွေ လူတွေ သွားလာနေလိုက်တာ။ သူတို့တွေဟာ သဘောင်္အကြီးကြီး တစ်စီးဆိုပါစို့။ က်မဟာ အဲဒီၤ သေဘာၤအၾကီးၾကီးထဲက ရေထည့်ထားတဲ့ဖန်ခွက်လေးတစ်ခွက်ပေါ့။ ကြည်လင်တယ်။ ဒါပေမယ်လို့ သိပ် သေးငယ်တာကြောင့် ဘယ်သူမှ မမြင်ဖူးဘူး။ ရေဖန်ခွက်လေးဟာ ခေါင်မိုးပေါ်က လေသာဆောင်မှာ တစ်ယောက်တည်း သိပ်ပျော် တာပဲ။ ဘယ်လိုဖော်ပြရမလဲ။ စောက်ရမ်းပျော်တယ်လို့ ပြောရင် ခန့်မှန်းလို့ ရလောက်မလား။

ချိုပိန်းနောင်

ပင်မစာမျက်နှာသို့ပြန်သွားမည် >>

နေ့စဉ် အသစ်အသစ်သော သတင်းများ ကို သိရှိနိုင်ရန် လိုတရ Application အား ဤနေရာတွင် နှိပ်၍ အခမဲ့ Download ရယူပါ။