Lotayamm

search
မာတိကာ

contents

ထိပ်ဆုံးစာမျက်နှာ > ဝတ္ထုများ

အပွင့်သဘော၏ ဝေဒနာ
အစ/အဆုံး
အောင်သူရ

The open is nothing but a grasping of the animal not-open.
. . .Agamben. . .

ရေထဲမှာခိုက်ခိုက်တုန်နေတဲ့ လူနဲ့ကြောင်ဆီကို သူတို့စိုက်ကြည့်နေတဲ့လှေကလေးဟာ တဖြည်းဖြည်း တိုးကပ်လာတယ်။ လှေပေါ်ကလူနဲ့ကြောင်ကတော့ ရေထဲကလူနဲ့ကြောင်ကိုမော့ပြီး ကြည့်နေကြတယ်။ လူကလှော်တက်ကို ဖြည်းဖြည်းချင်းခတ်ပြီး မော့ကြည့်နေတဲ့အချိန်မှာ ကြောင်ကအမြီးကို တဖုတ်ဖုတ် ရိုက်ရင်း မော့ကြည့်နေတယ်။

မော့ကြည့်နေတဲ့လူနဲ့ကြောင်ရဲ့မျက်နာကို မိုးတွေပက်နေလို့ ခဏကြည့်လိုက်ခေါင်းငုံ့လိုက်နဲ့တဖြည်းဖြည်း တိုးလာကြတယ်။

ရေထဲကလူနဲ့ကြောင်ဟာ သူတို့နားကို တိုးလာတဲ့လှေကလေးနဲ့ လှေကလေးထဲကလူနဲ့ကြောင်ကို အတော်ကြီး ခါးကုန်းပြီးမှ ကြည့်လို့ရတယ်။

ရေထဲကလူဟာ လှေထဲကလူကိုညာလက်နဲ့ယူလိုက်ပြီး သူ့ရဲ့ဘယ်လက်ဖဝါးပေါ်ကို တင်လိုက်တယ်။ လူလည်း လေထဲမှာတွဲလောင်းဖြစ်နေရင်းကအော်နေတယ်။ လက်ဖဝါးပေါ်ရောက်မှလူးလဲပြီးထတယ်။ ပြီးမှ သူ့ရှေ့ကလူရဲ့မျက်လုံးကြီးတွေကို စိုက်ကြည့်နေတယ်။ လက်ထဲမှာလည်းဓားမြှောင်ကို အဆင်သင့် ကိုင်ထားတယ်။

'' ငါဟာမင်းရဲ့သူစိမ်းတစ်ယောက်ဖြစ်နေလို့ မင်းက ငါ့ကိုဓားနဲ့ထိုးဖို့ချိန်ထားတာ။ ငါကလည်း မင်းကို သူစိမ်းတစ်ယောက်ဖြစ်နေလို့ ငါ့လက်ပေါ်တင်ပြီး မင်းကိုကြည့်နေတာ။ သူစိမ်းဆန်မှုဟာ ငါတို့ရဲ့အရွယ် အစားနဲ့မဆိုင်ဘူး။ ဒါပေမဲ့ ငါတို့ရဲ့အရွယ်အစားကြောင့်သာ ငါတို့ရဲ့သူစိမ်းဆန်မှုကို ငါတို့သတိပြုမိ နိုင်ကြတယ်။ '' လို့လူကသူ့လက်ပေါ်ကလူနားကို ခေါင်းရှေ့တိုးပြီး ပြောလိုက်တယ်။

လက်ပေါ်ကလူလည်း နောက်ကိုခြေတစ်လှမ်းဆုတ်ပြီး '' သူစိမ်းဆန်မှုကပဲ မင်းတို့ဆီကို ငါတို့ရောက်လာ အောင် တွန်းအားပေးခဲ့တာပဲ။ တကယ်တော့ငါတို့က မင်းတို့ကိုရေထဲပစ်ချပြီး ထွက်သွားဖို့ ကြိုးစားခဲ့တယ်။ ဒါပေမဲ့ ငါတို့က မင်းတို့ရှိနေတဲ့နေရာကို တစိုက်မတ်မတ်နဲ့ ရောက်လာခဲ့တယ်။ '' လို့ပြန်ပြောလိုက်တယ်။

လှေထဲကကြောင်ရော ရေထဲကကြောင်ပါ လူနစ်ယောက်ကို တိတ်တိတ်ဆိတ်ဆိတ်ကြည့်နေတယ်။

ရေထဲကလူနဲ့လက်ပေါ်ကလူကလည်း တစ်ယောက်ကိုတစ်ယောက် တိတ်တိတ်ဆိတ်ဆိတ် ကြည့်နေ ကြတယ်။

တောင်တန်းတွေကတော့ဘာမေးခွန်းမှထပ်မမေးကြမေမယ့် တရုန်းရုန်းနဲ့ကြွနေကြတယ်။ အစိမ်းရောင် တောင်တန်းတွေဟာ မြွေတွေလိုတွန့်လိမ်ကောက်ကွေးပြီး ရုန်းကြွနေကြတယ်။ သူတို့ရဲ့ရုန်းကြွမှုကြောင့် မိုးသံတွေထဲမှာ မိုးခြိမ်းသံတွေအပြင် တောင်တန်းတွေရဲ့တွန့်ခေါက်သံတွေပါ ရောပြီးတုန်ဟီးနေတယ်။

'' ခန္ဓာတွေရဲ့ဇီဝဖြစ်စဉ်အပြောင်းအလဲကြားမှာ သဘာဝတရားဆိုတဲ့ ပထဝီမြေကြီးဟာ သက်ရောက်မှုကို အမြဲတမ်းခံရတယ်။ ပထဝီမြေကြီးဟာ သူ့အပေါ်က ခန္ဓာတွေရဲ့ ပြောင်းလဲကြီးထွားမှု ပြောင်းလဲသေးငယ် မှုတွေ အပေါ်မှာ သဘာဝတရားအဖြစ်နဲ့ဆိတ်ဆိတ်နေနိုင်ဖို့ဆိုတာ သဘာဝမဟုတ်ဘူး။ ''

'' ခန္ဓာကိုပေးပြီး ဖန်တီးခြင်းအစဟာ သေဆုံးခြင်းဖြစ်တယ်။ နာမတစ်ခုကိုပေးပြီး ဖန်တီးခြင်းအစဟာ သေဆုံးခြင်း မတိုင်ခင်မှာ ရှိခဲ့တဲ့ သေဆုံးမှုဖြစ်တယ်။ '' လို့လက်ပေါ်ကလူက သူ့ရဲ့ဓားမြှောင်ကို အိတ်ထဲ ပြန်ထည့်ပြီးပြောလိုက်တယ်။ '' ဒါကြောင့် ခန္ဓာတစ်ခု နာမတစ်ခုပေးပြီး ဘဝတစ်ခု အသက်တစ်ခု ဖန်တီးတဲ့ ဖြစ်စဉ်ဟာ ဝေဒနာဆိုတာထက်ပိုတယ်။ အဲသလိုဖန်တီးလိုက်တဲ့အသက်နဲ့ ရှင်သန်ချင်တဲ့ဆန္ဒ သေဆုံး ချင်တဲ့ဆန္ဒဟာလည်း ဝေဒနာတစ်ခုထက်ပိုလာတယ်။ တကယ်တော့ ဒီလို ' ပေးအပ်ခြင်း' ဟာ သဘာဝတရား မဟုတ်သလို သဘာဝတရားကပေးအပ်တဲ့ ပေးအပ်မှုမျိုးလည်း မဟုတ်ဘူး။ '' လို့ လူကဆက်ပြောပြီး သူ့ရှေ့က မျက်လုံးကြီးနစ်လုံးကို စိုက်ကြည့်နေတယ်။

မျက်လုံးကြီးနစ်လုံးကနေ မျက်ရည်တွေ တစိမ့်စိမ့်ထွက်လာတယ်။ အသက်ကို ခပ်ဖြည်းဖြည်းရှူထုတ်လိုက်ရင်း ရေထဲကကြောင်နဲ့လှေထဲကကြောင်ကို ငုံ့ကြည့်လိုက်တယ်။

'' သဘာဝတရားဟာအပြစ်တင်ခံရတဲ့အရာမဟုတ်သလိုကြီးမြတ်နေအောင်လုပ်ရတဲ့အရာလည်းမဟုတ်ဘူး။ ဒီသဘောကို မင်းတို့နဲ့ဆုံတဲ့အခါမှပဲ နားလည်လာတယ်။ ဒါပေမယ့် ငါတို့ကိုတွေ့တာတောင် မင်းက မျက်ရည်တွေ ကျနေတယ်။ '' လို့ မျက်ရည်တွေကို သူ့လက်သေးသေးလေးနဲ့သုတ်ပေးရင်း လူကပြောလိုက် တယ်။

မျက်လုံးမပါတဲ့ ကြောင်နစ်ကောင်ကတော့ ခေါင်းတွေကိုငုံ့ထားရင်း တွေဝေနေကြတယ်။

လူဟာ သူ့လက်ပေါ်ကလူကို ညာလက်နဲ့ယူလိုက်ပြီး လှေကလေးထဲကို ပြန်ထည့်ပေးလိုက်တယ်။ လှေပေါ်ကို ရောက်သွားတဲ့လူဟာ ကြောင်ကို ပွေ့ချီလိုက်ပြီး ရေထဲကလူနဲ့ကြောင်ကို မော့ကြည့်နေတယ်။

ရေထဲကကြောင်ဟာ လှေကလေးကို သူ့ရဲ့ရှေ့ဘယ်လက်နဲ့ တွန်းပြီး ရွှေ့လိုက်တယ်။ တွန်းလိုက်တဲ့
အရှိန်ကြောင့် လှေကလေးဟာသူတို့နဲ့ဝေးရာဆီကို ခပ်ဖြည်းဖြည်း မျောသွားတယ်။

လူလည်း ကြောင်ကို ပြန်ချလိုက်ပြီး လှော်တက်ကိုယူ ခပ်ပြင်းပြင်းလှော်လိုက်တယ်။ နောက်ကို လှည့်တကြည့် ကြည့်နဲ့လှော်ရင်း ရေထဲက လူနဲ့ကြောင်ရဲ့ဝေးရာကို အပြင်းလှော်နေတယ်။

လူနဲ့ကြောင်ကတော့ ရေထဲမှာတော့ ထီးထီးကြီးကျန်နေခဲ့တယ်။ လှေကလေးဟာလူနဲ့ကြောင်ရဲ့ မြင်ကွင်း ထဲကနေ ပျောက်သွားတယ်။

ကြောင်က လူကို ကြည့်လိုက်တယ်။

လူက ကြောင်ရဲ့ခေါင်းကို သပ်ပေးလိုက်တယ်။
. . . . . . . . . . . . . . . . . . . . . . . . . . . . . .

အောင်သူရ

ပင်မစာမျက်နှာသို့ပြန်သွားမည် >>