Lotayamm

search
မာတိကာ

contents

ထိပ်ဆုံးစာမျက်နှာ > ဝတ္ထုများ

အပေါ်သွေး အောက်သွေး
အစ/အဆုံး
မင်းလူ

ဆွေဆွေက နားကျပ်ကိုဖြုတ်ပြီး စားပွဲပုကလေးပေါ်တင်လိုက်သည်။ ဒေါ်နုနု၏လက်မောင်းမှာ ပတ်ထားသော သွေးဖိအားတိုင်း ကိရိယာမှလက်ပတ်ကို တစ်ပတ်ချင်းခွာရင်း
"ကောင်းပါတယ်ဒေါ်လေးရဲ့၊ ဘာမှမဖြစ်ပါဘူး၊ ဘာလဲဒေါ်လေးက သွေးတိုးနေတယ်ထင်လို့လား"ဟု မေးလိုက်သည်။
ဒေါ်နုနုက
"ထင်တယ်တော့မဟုတ်ပါဘူး၊ အသက်ကလည်းနည်းနည်းရလာပြီမဟုတ်လား၊ ပြီးတော့ ခုတလော ဒေါ်လေး နည်းနည်း ဝလာသလားလို့"
ဆွေဆွေက သွေးပေါင်ချိန်တိုင်းကိရိယာကိုသိမ်းဆည်းနေသဖြင့် ချက်ချင်းစကားမပြန်နိုင်သေး။ ပြီးမှ
"အသက်လေးဆယ်ကျော်ရင် သွေးသားပြောင်းလဲမှုဖြစ်လို့ ဝလာတတ်ကြတာပဲ၊ ဒေါ်လေးက တရားလွန် မဝသေးပါဘူး၊ ကြည့်ကောင်းရုံပဲ ရှိပါသေးတယ်၊ ဘာလဲဦးဦးက ဒေါ်လေးကိုဝလာရင်သဘောမကျမှာစိုးလို့လား"
"အမယ်လေး၊ နင်တို့ဦးဦးကိုတော့ ဒီဘက်မှာစိတ်ချပြီးသားပါ"
"ဒါတော့ဖြစ်ရမယ်လေ၊ ဒေါ်လေးက အသက်လေးဆယ့်သုံးနှစ်သာဆိုရတယ်၊ သုံးဆယ့်ငါးထက် ကျော်မယ်လို့မထင်ရဘူး၊ အသား အရည်ကလည်း သုံးဆယ်အောက်တွေထက်တောင် စိုပြည်နေသေး"

ဆွေဆွေသည် ဒေါ်နုနု၏ တူမလည်းဖြစ် မိသားစုဆရာဝန်လည်းဖြစ်သည်။ ကျန်းမာရေးကိစ္စရှိရှိ၊ မရှိရှိ တစ်ပတ်တစ်ခါလောက်တော့ ရောက်ဖြစ်နေတတ်သည်။ ဒီနေ့လည်း ဆေးရုံမသွားရသဖြင့် ဒေါ်နုနုဆီလာလည်ခြင်းဖြစ်သည်။ ဒေါ်နုနုက သူ့မှာ သွေးတိုးရှိမရှိ ကြည့်ပေးစမ်းပါဦးဆိုသဖြင့် စမ်းသပ်နေခြင်းဖြစ်၏။
"ဒေါ်လေးနေလို့ထိုင်လို့တော့ ကောင်းတယ်မဟုတ်လား"
ဆွေဆွေကထပ်မေးသဖြင့် ဒေါ်နုနုခေါင်းညိတ်ပြသည်။
"ကိုယ်တွေလက်တွေထုံပြီး မလှုပ်ရှားချင်တာတို့၊ ချွေးတွေအလွန်အကျွံထွက်တာတို့၊ ခေါင်းတွေအုံနေတတ်တာတို့၊ မျက်ခွံတွေ လေးပြီး အိပ်ချင်နေတာတို့များ ဖြစ်သလားဟင်"

ဒေါ်နုနုကခေါင်းခါပြပြီး
"ဒေါ်လေး ညညကျရင် နည်းနည်းလန့်ချင်သလိုပဲကွယ်"
"အို အရင်ကတည်းက ဒေါ်လေး သတ္တိမှမကောင်းတာ၊ ဆွေဆွေတို့ ငယ်ငယ်က ဒေါ်လေးအိမ်လာရင် ညည အိမ်သာ ထမသွားရဲလို့ ဆွေဆွေ့ကို အမြဲနှိုးရတယ်မဟုတ်လား၊ ပြီးတော့ ဒေါ်လေးကသွေးဆုံးနေတဲ့အချိန်မို့ စိတ်နည်းနည်းအပြောင်းအလဲဖြစ်တာနေမှာပါ၊ ဒါသဘာဝပဲ၊ အရေးမကြီးပါဘူး၊ ခုဆွေဆွေလည်း အပတ်တိုင်း ရောက်နေတာပဲဟာ မပူပါနဲ့၊ ဘာမှမဖြစ်ပါဘူး၊ ညဘက်လန့်သလို ဖြစ်ရင် စိပ်ပုတီးလေးဘာလေးစိပ် ဒါမှမဟုတ်လည်း ဦးဦးကို အတင်းဖက်ထားပေါ့ ဒေါ်လေးရဲ့"
ဒေါ်နုနုက ရှက်ပြုံးပြုံးလိုက်သည်။

* * * * *

ဒေါ်နုနုဘဝသည် အေးချမ်းသာယာသည်ဟု ဆိုရမည်ဖြစ်သည်။ ချမ်းသာကြွယ်ဝသောမျိုးရိုးမှ ဆင်းသက် ပေါက်ဖွားလာခဲ့သည်။ အချိန်တန် အရွယ်ရောက်လာလို့ လူလားမြောက်လာတော့လည် သူတို့လောက် မချမ်းသာတောင် သူတို့နီးပါး ချမ်းသာသော ကိုကိုဦးအောင်မြတ်ထွန်းနှင့် လက်ဆက်ခဲ့သည်။ ကိုကိုနှင့်သူသည် လူကြီးများ မစီစဉ်ကတည်းက တစ်ဦးနှင့်တစ်ဦး သိကျွမ်း ခင်မင်ခဲ့ကာ သံယောဇဉ်တွယ်တာမိပြီးဖြစ်သည်။ ထို့ကြောင့် သူတို့၏အိမ်ထောင်ရေးကသာယာခဲ့သည်။ သမီးတစ်ယောက်နှင့် သားတစ်ယောက် ထွန်းကားသည်။ အိမ်ထောင်သက် နှစ်ပေါင်း နှစ်ဆယ် ကျော်လာသည်အထိ ပြဿာနာတစ်စုံတစ်ရာ မပေါ်ပေါက်ခဲ့။ ကိုကိုနှင့်သူတို့သည် ခုထိတိုင် တစ်ဦးပေါ်တစ်ဦးကြင်နာကြဆဲ။

* * * * *

သူတို့သည် တစ်ခုသော ဆိတ်ငြိမ်ချမ်းသာရပ်ကွက် အတွင်းရှိအသင့်အတင့် ကျယ်ဝန်းသော ခြံထဲတွင် နှစ်ထပ်တိုက်ကလေး တစ်လုံးဖြင့် နေထိုင်သည်။ ခြံနီးချင်းများမှာလည်း သဘောကောင်းသူများသာဖြစ်သည်။ ပြီးတော့ ဒီရပ်ကွက်ထဲနေသူများမှာ အခြေအနေအဆင့်အတန်းချင်းညီကြသူတွေသာဖြစ်သည်။ ထို့ကြောင့် တစ်ယောက်နှင့်တစ်ယောက် ကြောချင်လို့မရ။ ဂုဏ်တု ဂုဏ်ပြိုင်လုပ်စရာမလို။ လုပ်လျှင်လည်း 'သရေပွဲ'သာ ဖြစ်ပေလိမ့်မည်။ ကိုယ်လုပ်နိုင်သလောက်တော့ သူများတွေလည်း လုပ်နိုင် နေတာကိုး။ အားလုံးက တတ်နိုင်ကြသူတွေချည်းဖြစ်သည်။ယောက်ျားချင်းပြိုင်လို့လည်းမဖြစ်ချေ။ ယောက်ျားတွေအားလုံးက ရာထူးကြီးကြီးရှိသူ ဖြစ်ချင်ဖြစ် သို့မဟုတ် လုပ်ငန်းရှင်တွေဖြစ်ကြသည်။ ဒီတော့ ပြိုင်ဖို့နေနေသာသာ တစ်ယောက်အကူအညီကို တစ်ယောက် ယူရသည့်အခါမျိုးပင်ရှိသည်။ ညှိပြီး လုပ်ကြရတာမျိုးရှိသည်။

သားသမီးချင်းပြိုင်လို့လည်းအပိုပါပဲ။ အားလုံးကျူရှင်ယူကြသည်။ သူတို့ချင်းစုပြီး နာမည်အကြီးဆုံးဆရာတွေကိုလခ ထောင်ချီ ပေးကာ 'ဝိုင်း'ကျူရှင်လုပ်ပေးထားနိုင်သည်။ သားသမီးထဲမှာ ဆရာဝန်၊ အင်ဂျင်နီယာမပါလို့လည်းအရေးမကြီး။ ဆယ်တန်း မအောင်လို့လည်း ပြဿနာမရှိ။ သင်္ဘောလိုက်လို့ရသည်။ သည်တော့ကာ ဘာတွေများ ပြိုင်စရာ ရှိပါတော့သနည်း။

"ကိုယ်ဖြင့်သေသာသေလိုက်ချင်တာပဲကွယ်"
ဟု တစ်ယောက်ကပြောရာ အကြောင်းသိတွေချင်းဖြစ်သောကြောင့် အခြားတစ်ယောက်က-
"ဘာလဲဖောက်လာပြန်ပြီလား"ဟု စကားထောက်ပေးသည်။ သူတို့ကတော်တစ်စု ဒေါ်နုနုတို့အိမ်မှာဆုံမိပြီး စကားပြောနေကြခြင်း ဖြစ်၏။
"အင်းပေါ့ ဟိုတလောက 'အာတပ္ပဆရာဉာဏ်'ပေးတဲ့ဆေးပြာမှုန့်ကို လိမ္မော်ရည်ထဲဖျော်တိုက်လိုက်တာ နှစ်ပတ်လောက်တော့ ခြေငြိမ်သွားသေးတယ်၊ ခုပြန်ပြီးဗွေဖောက်လာပြန်ပြီ၊ သောကြာ၊ စနေဆို အိမ်ပြန်မအိပ်တော့ဘူး"

"အင်း ဒါမျိုးကပြောရခက်သားပဲ၊ ကိုယ့်တုန်းကလည်း ဒီလိုပါပဲ၊ အိမ်ကလူကတောင် နည်းနည်းပိုဆိုးမလားပဲ၊ ဘာလို့ဆို သူက လူကိုပါရန်ရှာချင်တာကိုး၊ ခုတော့ ကိုယ်လည်းထုံသွားပြီ၊ ဘယ်တော့ ကိုယ့်ဆီ စိတ်ပြန်လည်လာမလဲလို့ မျှော်လင့်ရင်း လွှတ်ပေးထားရတော့တာပဲ"
"အစ်ကိုကြီးကတော့ ဒါမျိုးတွေမရှိပါဘူး၊ ဒါပေမယ့်ညတိုင်းသောက်သောက်လာပြီး ဂျီတိုက်တာက ခက်တယ်"
တစ်ယောက်က ဝင်ပြောပြန်ရာ အခြားတစ်ယောက်ကလည်းအားကျမခံ။
"အမလေး ယူတို့ချည်း ပြဿနာရှိတယ်မှတ်နေ၊ ကိုယ့်မှာဖြင့် ခေါင်းမီးတောက်နေပြီ"
"ဟယ် အငယ်ကောင် ဘာဖြစ်ပြန်ပြီလဲ"
"ဟုတ်တယ်၊ သားအငယ်ကောင်ပဲပေါ့၊ ဟိုနေ့က အံဆွဲထဲက ပိုက်ဆံတစ်ထောင်ယူသွားတယ်"
"ဂျင်တွေဘာတွေများ ထိုးနေလို့လား"
"ကစားပစ်တာတို့ သုံးပစ်တာတို့ဆို အရေးမကြီးပါဘူး၊ ဖိုးတို့၊ တက်ဘလက်တို့ လုပ်မှာပဲကြောက်တာ"
"အို တော်ကြပါတော့ကွယ်၊ ကြားရတာ စိတ်မချမ်းသာစရာတွေချည်းပဲ၊ မြိုင်ရင်တုန်လွန်းလို့ပါ"
နှလုံးရောဂါရှိသည်ဆိုသော တစ်ယောက်က ရင်ဘတ်ကိုလက်ဖြင့်ဖိပြီး ကတုန်ကယင် ပြောလိုက်သည်။ စပတ်ကလင်လီမွန်ကို တစ်ငုံငုံချလိုက်ပြီးမှ
"ခုတလောက ပိုတောင်ဆိုးလာသလိုပဲ၊ နည်းနည်းလေးမှစိတ်လှုပ်ရှားလို့မရဘူး"ဟု လေသံပျော့ပျော့ဖြင့် ပြောသည်။

ပထမဆုံး စပြောသော တစ်ယောက်က
"အေးကွယ် ဆောရီးပဲ၊ ခုလိုကြုံတုန်းဆုံတုန်းကျမှကိုယ့်ဒုက္ခကိုယ်ပြောကြရတာကလား၊ တို့တွေထဲမှာနုနုကတော့ အေးတယ်၊ ဘာပြဿနာမှမရှိဘူး၊ ကျန်းမာရေးကလည်းဒေါင်ဒေါင်မြည်လို့၊ နုနုသိပ်ကံကောင်းတာပဲ"
တစ်ချိန်လုံးဘာမျှဝင်မပြောဘဲ ငြိမ်နေသော ဒေါ်နုနုသည် ပြုံးရုံသာပြုံးနေလိုက်ရသည်။ သူ့မှာကလည်း သူတို့လို ပြောစရာ စကားမှမရှိဘဲ။ သူကကံကောင်းတယ်တဲ့။ ဟုတ်ကော ဟုတ်ရဲ့လား။

* * * * *

ဟုတ်သည်။ ကိုကို ဦးအောင်မြတ်ထွန်းသည် လခထောင်ကျော်စားအရာရှိကြီးတစ်ဦးဖြစ်သည်။ ငွေတစ်ထောင်ကျော်စားအရာရှိကြီး တစ်ဦးဖြစ်သည်။ ငွေတစ်ထောင်ဆိုသည်မှာ သူတို့အဖို့ တစ်ပတ်စာ အိမ်သုံးစရိတ်ပဲရှိသည်။ သို့ရာတွင် ငွေကကိစ္စမရှိ။ သူတို့မှာ ပြည့်စုံပြီးသား။ နောက်ပြီး မိဘတွေလက်ထက်ကတည်းက ရင်းနှီးမြုပ်နှံခဲ့သောလုပ်ငန်းတစ်ခုမှ အချိုးကျ အမြတ်ငွေကလည်း ရနေသေးသည်။ ကိုကိုသည် အလုပ်ကြိုးစားသူဖြစ်သည်။ လာဘ်မစားတတ်၊ ကူညီသင့်သူကို ရိုးရိုးသားသား ကူညီသည်။ လုပ်ငန်းခွင်တွင် ကိုကို့ကို အထက်ကရော အောက်ကပါ ချစ်ချင်လေးစားကြသည်။ ကိုကို၏ ရှေ့တက်လမ်းက ဖြောင့်ဖြောင့်ဖြူးဖြူး။

အရက်မသောက်တတ်။ လောင်းကစားဝါသနာမပါ။ အသက်လေးဆယ်ကျော် ယောက်ျားတို့ ဖြစ်တတ်သော နံပါတ်တူးပြဿနာ မျိုးလည်းမရှိ။ ခုထိဒေါ်နုနုအပေါ် အချစ်မလျော့သေး။ သားသမီးတွေကို သံယောဇဉ်ကြီးနေဆဲ။ သားသမီးတွေကျတော့ကော။ သမီးကြီးက ရန်ကုန်တက္ကသိုလ်မှာ ဂုဏ်ထူးတန်း၊ သားငယ်က စက်မှုတက္ကသိုလ်ကျောင်းသား၊ နှစ်ယောက်စလုံးလိမ္မာသည်။ မိဘစကားနားထောင်သည်။ သားငယ်သည် ဆေးလိပ်မသောက်တတ်။ ဒေါ်နုနုက အိမ်ထောင်မှုကို နိုင်နင်းသည်။ ထမင်းချက် မိန်းမကြီးတစ်ယောက်၊ တောက်တိုမည်ရ ခိုင်းဖို့ ကောင်မလေးနှစ်ယောက်၊ မာလီတစ်ယောက်၊ ဒရိုင်ဘာတစ်ယောက်တို့ဖြင့် အိမ်၏ကိစ္စအဝဝကို ကောင်းစွာစီမံအုပ်ချုပ်နိုင်သည်။ ကဲ ဘာများလိုပါသေးသလဲ။

* * * * *

လာနေကျအတိုင်း စနေနေ့ညနေဘက်တွင် ဆွေဆွေရောက်ရှိလာသည်။ ခရီးရောက်မဆိုက်ပင်
"ဒေါ်လေးတို့များ ကိုယ့်တူမစကားကို အယုံအကြည်မရှိဘဲကိုး၊ ဆွေဆွေက အထူးကုဆရာဝန်ကြီး မဟုတ်လို့လားဟင်"
ဟု ခနဲ့သည်။ ပြီးတော့ လွန်ခဲ့သော နှစ်ရက်လောက်က ဆရာကြီးသွေးတိုးဦးသန်းမောင်အခန်းထဲက ဒေါ်နုနု ထွက်လာသည်ကို မြင်လိုက်သည်ဟု ပြောသည်။
"ဟယ် အဲဒါက ဒေါ်လေးသူငယ်ချင်းတစ်ယောက်နဲ့ အဖော်လိုက်သွားတာပါ"
"အဖော်လိုက်သွားရင်းနဲ့ ဒေါ်လေးပါဝင်ပြီး စမ်းသပ်ခဲ့တယ်ဆိုပါတော့"
ဒေါ်နုနုက ရယ်လျက်သာနေသည်။
"ဘာမှမဖြစ်ဘူးလို့ ဆရာဦးသန်းမောင်ကပြောလိုက်တယ်မဟုတ်လား"

ဒေါ်နုနုက ခေါင်းညိတ်ပြသည်။
"ဒေါ်လေးစိတ်ထဲမှာ မရှင်းသေးရင်လည်း ဆွေဆွေတို့ဆရာကြီးဆီခေါ်သွားပေးမယ် ဟုတ်လား၊ တစ်ခုတော့ရှိတယ် ဒေါ်လေးရဲ့၊ ကိုယ့်ကိုယ်ကို သွေးတိုးများရှိနေသလား၊ နှလုံးရောဂါများရှိနေသလားလို့ စိတ်ထင်ပြီး စွဲလမ်းနေရင် မကောင်းဘူး၊ အဲဒါဆိုရင် ကားဒစ်နယူရိုဆစ်လို့ခေါ်တဲ့ စိတ္တဇနှလုံးရောဂါသည် ဖြစ်သွားလိမ့်မယ်"
"စိတ္တဇနှလုံးရောဂါသည်ဟုတ်လား"

"ဟုတ်တယ်ဒေါ်လေး၊ ဘာရောဂါမှမဖြစ်ဘဲနဲ့ မူးသလိုလို မောသလိုလိုဖြစ်နေတာမျိုးပေါ့၊ ကြားဖူးနားဝရှိတဲ့လူဆို ပိုဆိုးတယ်၊ နှလုံးရောဂါလက္ခဏာတွေထဲက ဟိုစပ်စပ် ဒီစပ်စပ်သိထားသမျှ ဖြစ်တယ်လို့ထင်လာရော၊ ဆွေဆွေတို့ဆီကို အဲဒီလူနာတွေ မကြာခဏရောက်လာတတ်တယ်၊ သူတို့က နှလုံးရောဂါတကယ်ဖြစ်တဲ့လူထက် ကုသရတာ ပိုခက်တယ်၊ ဘာမှမဖြစ်ဘဲကိုး၊ ဒီတော့ ဘာမှမဖြစ်ပါဘူး၊ ကောင်းပါတယ်လို့ အာပေါက်အောင် ရှင်းပြလည်းမရဘူး၊ တချို့ဆို ဆေးရုံတက်ပါရစေလို့ ဇွတ်ပြောတဲ့သူက ရှိသေးတယ်၊ ဒီလိုနဲ့ ဟိုဆရာဝန်ကြီးသွားပြ၊ တိုင်းရင်းဆေးသမားတော်ဆီသွားလိုသွားနဲ့ ငွေကုန်တာပဲ အဖတ်တင်ကြတာပေါ့"

"ဘာပဲဖြစ်ဖြစ်လေ၊ ကြိုတင်ကာကွယ်ထားတာကောင်းတာပေါ့"
"ဒါကတော့ကောင်းပါတယ်၊ တစ်ခုရှိတာက သွေးမတိုးအောင် အငန်မစားပဲနေတာတို့ ဘာတို့လောက် လုပ်စရာမလိုသေးပါဘူး။ တကယ်ဖြစ်လာမှသာ လျှော့စားသင့်တာပါ သွေးတိုးတယ်ဆိုတာက အငန်ဓာတ်ကြောင့်လို့ တစ်ထစ်ချပြောလို့မရဘူး၊ တခြားအချက်အလက်တွေရှိသေးတယ်၊ တခြားရောဂါတစ်ခုခု၊ ဥပမာ ကျောက်ကပ်ရောဂါကြောင့်လည်း သွေးတိုးဖြစ်လာနိုင်တယ်၊ အဲ၊ ဘာကြောင့်ဖြစ်ရတယ်ဆိုတာ အကြောင်းတရားရှာမတွေ့တာမျိုးလည်းရှိသေးတယ်"
"အကြောင်းတရား ရှာမတွေ့တာ ဟုတ်လား"
"ဟုတ်တယ်၊ ဒေါ်လေးအနေနဲ့တော့ သိပ်ပူစရာမရှိပါဘူး၊ ဒေါ်လေးရဲ့ ကိုယ်အလေးချိန်၊ အစားအသောက်၊ အနေအထိုင်က သင့်တင့်မျှတမှုရှိပါတယ်၊ ပြီးတော့ ဒေါ်လေးက စိတ်လည်းချမ်းသာတယ် မဟုတ်လား"
ဒေါ်နုနုက ပြုံးပြီးတစ်စုံတစ်ရာကို စဉ်းစားနေသည်။

* * * * *

ညဘက်ရုပ်မြင်သံကြား အစီအစဉ်ပြီးပြီဆိုလျှင် အိမ်ရှေ့လသာဆောင်မှာ မိသားစုတစ်စုဝိုင်းထိုင်ပြီး ထွေရာလေးပါးစကားပြောတတ် ကြတယ်။ များသောအားဖြင့် လုပ်ငန်းခွင်အတွင်းမှာ၊ ကျောင်းမှာ တွေ့ကြုံခဲ့ရသော ရယ်စရာ၊ မောစရာအကြောင်းများသာဖြစ်သည်။ စကားပြောရင်း စားစရာတစ်ခုခုစားကြပြီး ကိုယ်နှစ်သက်ရာ အရည်တစ်မျိုးမျိုးသောက်ကြသည်။ အရင်ကဆိုလျှင်ဒေါ်နုနုသည် သစ်သီးရည်တစ်ခုခုသာ သောက်လေ့ရှိသည်။ ခုနောက်ပိုင်း မယ်လ်တိုဗာကို ပြောင်းသောက်နေသည်။ ဦးအောင်မြတ်ထွန်းက ဒေါ်နုနုကို စောင်းငဲ့ကြည့်ပြီး

"ခုတလော နည်းနည်းဝလာသလိုပဲ"
"ဟုတ်တယ်ကိုကို၊ ထမင်းလဲ ပိုပြီးစားနိုင်လာတယ်"
"မေမေက ဝလာပေမယ့် ပုံမပျက်သေးပါဘူး ဖေဖေရာ၊ လှတုန်းပါပဲနော်"
သမီးကြီးကဝင်ပြောသည်။ သားငယ်ကလည်း
"ဟုတ်တယ်မေမေ၊ ဟိုတစ်ခါ သားကိုကျောင်းလာကြိုတော့ မေမေလည်းပါလာတယ်လေ၊ မေမေ့ကို သူငယ်ချင်းတွေက မြင်သွားတော့ ဘာပြောတယ်မှတ်သလဲ၊ မင်းတို့အစ်မက တယ်လှပါလားတဲ့၊ မေမေ့ကို သားရဲ့အစ်မမှတ်လို့တဲ့"ရယ်ကြသည်။ မနေ့ညက ဗီဒီယိုသုံးကား ဆက်တိုက်ကြည့်ထားသဖြင့် အိပ်ရေးပျက်ခဲ့ကြသည်။ နေ့လည်ကလည်း မအိပ်ဖြစ်ခဲ့ကြ။ ထို့ကြောင့် စောစောအိပ်မည်ဟု စိတ်ကူးပြီးကိုကိုနှင့် သားသမီးများကို နှုတ်ဆက်၍ စကားဝိုင်းမှထလိုက်သည်။

ခေါင်းထဲမိုက်ခနဲဖြစ်သွား၏။ ကုလားထိုင်နောက်မှီကို ကိုင်၍ထိန်းထားလိုက်ရ၏။
"ဘာ၊ ဘာဖြစ်တာလဲ"
"နု ဘာဖြစ်တာလဲဟင်"
ကိုကိုက လက်မောင်းကိုလာကိုင်၏။
"အိပ်ရေးပျက်လို့ထင်ပါရဲ့၊ နည်းနည်းမူးတာပါ၊ ဘာမှမဖြစ်ပါဘူး"
"အို၊ ဘယ်ဟုတ်ပါ့မလဲ၊ အိပ်ရာပေါ်လှဲနေလိုက်၊ ကိုကိုလိုက်ပို့မယ်၊ သမီးက ဆွေဆွေ့ဆီကိုဖုန်းဆက်စမ်း၊ သားက ကားယူပြီး သွားခေါ်ခဲ့"

ဆွေဆွေက ဒေါ်နုနုကို စမ်းသပ်သည်။ သွေးဖိအားတိုင်းကြည့်သည်။ မကျေနပ်သေးသဖြင့် နောက်တစ်ကြိမ်ထပ်တိုင်းသည်။ ပြီးတော့-
"ဆွေဆွေ မရောက်တာတစ်ပတ်ပဲရှိပါသေးတယ်၊ ဘယ်လိုဖြစ်သွားတာလဲ"
"မိုက်ခနဲဖြစ်သွားတာပါပဲကွယ်၊ အရင်ကမဖြစ်ဖူးဘူး"
"သိပ်တော့အရေးမကြီးပါဘူးလေ၊ နည်းနည်းပါးပါးစိုးရိမ်စရာမရှိပါဘူး၊ ဆေးလေးဘာလေးသောက်လိုက်ရင် ကောင်းသွားမှာပါ"

ဦးအောင်မြတ်ထွန်းက ဘာဖြစ်တာလဲဟု စိုးရိမ်တကြီးဝင်မေးသည်။ ဆွေဆွေက
"သွေးဖိအားက တစ်ရာ့ငါးဆယ်ကိုးဆယ်ဆိုတော့ သွေးနည်းနည်းတိုးတယ်လို့ ဆိုရမှာပဲ"
"သွေးတိုးဟုတ်လား"
သွေးတိုးဟု ဒေါ်နုနုက ခပ်တိုးတိုးရေရွတ်သည်။ စိတ်ထဲကတော့ ကျိတ်၍ဟင်းချလိုက်၏။ နောက်တစ်ကြိမ် သူတို့မိန်းမချင်း ဆုံကြလျှင် ကိုယ်ဖြင့် လန့်သွားတာပဲကွယ်ဟု အစချီကာ သူ့အဖို့ပြောစရာစကားတစ်ခုရသွားပြီဖြစ်သည်။ သို့မဟုတ်လျှင် သူများတကာတွေ ကြားထဲမှာမဝင်ဆံ့သလို ခံစားရသည်။ ကိုယ်က ချမ်းလည်းချမ်းသာသည့်အပြင် အရာရှိကတော်ကြီး တစ်ယောက်လုံးလုပ်နေပြီး သွေးတိုးကလေးမှမရှိဘူးဆိုလျှင် ရှက်စရာကြီးမဟုတ်လား။

မင်းလူ

ပင်မစာမျက်နှာသို့ပြန်သွားမည် >>