Lotayamm

search
မာတိကာ

contents

ထိပ်ဆုံးစာမျက်နှာ > ဝတ္ထုများ

နှစ်ပေါင်းများစွာ
အစ/အဆုံး
သူဝေး

ရှေးဟောင်း အဆောက်အဦးပျက်ကလေးတစ်ခု ဖြစ်သည် ။ ဂရိနတ်ကွန်းတစ်ခုလည်း ဖြစ်ခဲ့နိုင်၏ ။ ထွေလီယှက်သန်းနေသော နွယ်ပင်များက ဝင်္ကပါဆန်ဆန် ခံစားရစေနိုင်သေး၏ ။ ကြွင်းကျန်နေသော အုတ်တိုင်လုံးပဲ့ကြီးများကလည်း နတ်ဒေဝတာတစ်ဦး၏ ဦးချိုကဲ့သို့ ခံ့ညားနေသေးသည် ။ ယိုင်နဲ့နေသော အုတ်တံတိုင်းကြီးများတွင် လှိုင်းထနေသော ပက်ကြားအက်ကြီးဖြစ်ပေါ်နေသည် ။ ထိုအက်ကြောင်းများထဲတွင် သစ်ရွက်ဆွေးနှင့် အမှိုက်သရိုက်များ ရှိနေသည်။ ငှင်းတို့အပေါ်တွက် အဆိပ်ရှိသော သတ္တဝါများက တွားသွားနေသည် ။ ပင့်ကူမျှင်ကြီးများကလည်း ဟိုပြေးသည်ပြေးယှက်သွယ်နေသည် ။ ခြုံငုံကြည့်ပါက ပျောက်ဆုံးနေသော မြို့တော်ဟောင်းကြီးတစ်ခုနှင့်ပင် တူနေသေး၏ ။ သို့သော် ဤသည်မှာ ရှေးဟောင်းအဆောက်အဦးပျက်ကလေးပင်ဖြစ်သည် ။

ထိုအဆောက်အဦးပျက်ကလေးကို ပိုပြီးဆွဲဆောင်မှုဖြစ်စေသော အရာတစ်ခုလည်း ရှိသေးသည် ။ ထိုတစ်ခုမှာ ကျောက်ရုပ်ကြီး ဖြစ်သည် ။ ကျောက်ရုပ်ကြီးသည် အဆောက်အဦးပျက်ကလေး၏ ရှေ့တွင် မားမားမတ်တည်ရှိနေခြင်းဖြစ်သည် ။ တံခါးစောင့် စစ်သည်ကြီးတစ်ဦးနှင့်တူလှသည် ။ ရှည်လျားတုတ်ခိုင်သော ခန္ဓာကိုယ်ဖွဲ့စည်းပုံနှင့် ရှေ့စူးစူးသို့သာ စိုက်စိုက်ကြည့်နေသော မျက်လုံးများက မာန်ရှိလှသည် ။ လက်တစ်ဘက်က ခါးထောက်၍ ကျန်လက်တစ်ဘက်က ရှေ့တည့်တည့်သို့ ဆန့်ထုတ်ကာ တစ်စုံတစ်ရာကို တင်းတင်းဆုပ်ကိုင်ထားသည် ။ တစ်စုံတစ်ရာဟု ဖော်ပြရခြင်းမှာ သူကိုင်ထားသော အရာဝတ္ထုမှာ မရှိတော့ခြင်းကြောင့် ဖြစ်သည် ။ ကျိုးပဲ့တိုက်စားခံလိုက်ပြီဖြစ်သည် ။ လှံရှည်တစ်ခု ဟုတော့ ယူဆရသည် ။ ခါးထောက်ထားသောကြောင့် ကွေးညွတ် နေသော လက်ကြား ၊ လစ်လပ်နေသော နေရာတွင်တော့ ငှက်များပင် အသိုက်ဆောက်နေကြသည် ။ ခြေဦးမှ ရစ်ခွေတက်လာသော နွယ်များမှာလည်း ဦးခေါင်းထက်သို့ပင် ရောက်ရှိနေချေပြီ ။

ဟောင်းနွမ်းခဲ့ပြီ။ စုတ်ပြတ်ခဲ့ပြီ ။ တစ်ချိန်က မဟာဆန်မှုများနှင့် ထည်ဝါနိုင်သော်လည်း ယခု နိမ့်ပါးခဲ့ပြီ ။ ကျဆုံးခဲ့ပြီ ။ ကြွေပျက်ခဲ့ပြီ ။ သို့သော် လိမ္မော်ရောင်ပြေးသော ဆည်းဆာချိန်တွင်တော့ ကျောက်ရုပ်ကြီးသည် ခမ်းခါနီးနေရောင်တွေအကြား အလင်းပါးပါးနှင့် လှနေသေး၏ ။ သူရဲကောင်းတစ်ပါးလို မာန်တဖွားဖွားနှင့် ရင့်ကျူးလှသည် ။

တစ်နေ့မှာတော့ ထိုနေရာသို့ လူရွယ်တစ်ယောက်ရောက်ရှိလာခဲ့သည် ။ လူရွယ်၏ လျှောက်လှမ်းလာသော ခြေလှမ်းများမှာ သစ်တုံး ဆန်လှသည် ။ အပျော့အပျောင်းမရှိ ၊ တောင့်တောင့်ကြီးရွေ့လျားလာခြင်းဖြစ်သည် ။ အသက်မဲ့လှသည် ။ မျက်လုံးမျက်ဆန်များ မှာလည်း ရှေ့တူရူကိုသာ တည့်တည့်ကြည့်နေသည် ။ ထိုသို့ ကြည့်နေသည့်တိုင် ဘာကိုမှ မြင်နိုင်ခြင်းမရှိသလို ဖြစ်နေသည် ။

လှမ်းလာသော ခြေလှမ်းများမှာ ကျောက်ရုပ်ကြီးနံဘေးသို့ ရောက်သောအခါ ရပ်တန့်သွားသည် ။ နံဘေးမှာ ကျောက်ရုပ်ကြီး ရှိနေသည်ကိုလည်း လူရွယ်က သတိထားမိပုံမပေါ် ။ နှုတ်ခမ်းများက ဖွဖွရုန်းကန်နေသည် ။ တစ်စုံတစ်ရာကို ရွတ်ဆိုနေသည့်အလား ။ တစ်စုံတစ်ရာကို ပြောပြချင်နေသည့်အလား ။

သို့သော် သူ့ထံမှ မည်သည့်အသံမျှထွက်ပေါ်မလာ ။ မည်သည့် လှုပ်ရှားမှုမှလည်း မရှိတော့ ။ တောင့်တောင့်ကြီးသာ တုတ်တုတ် မလှုပ်ပဲ တည့်တည့်ကြီး တည့်မတ်စွာ ရပ်တန့်နေတော့၏ ။ ဖြည်းဖြည်းလှုပ်ခတ်နေသော နှုတ်ခမ်းသားများမှာလည်း ငြိမ်ကျသွားပြီ ။ လေသွဲ့သွဲ့တွင် ဆံနွယ်မျှင်များ လှုပ်ရမ်းသွားသည်မှအပ အားလုံးဆိတ်ငြိမ်သွားပြီ ။ သူထိုသို့ ဖြစ်သွားသည်မျာ အတော်ကြာသွားခဲ့၏ ။

နေကားဝင်၏ ။ ငှက်များပျံ၍ ပြန်၏ ။ ငှက်တွေမည်သည့်အရပ်သို့ ပြန်သနည်း ။ သိုက်မြုံအိမ်ဆီလား ။ အိပ်မရှိသော ငှက်ရှိသလား ။ ရှိလျှင်လည်း ကိစ္စမရှိပါ ။ သစ်ပင်ရှိသရွေ့ အိမ်တစ်လုံးချက်ချင်းပိုင်ဆိုင်နိုင်မည် ။

သူတို့အိမ်တစ်လုံးပိုင်ဆိုင်ဖို့ ငွေစက္ကူမလိုပါ ။ ငွေဒင်္ဂါး ၊ ရွှေဒင်္ဂါးမလိုပါ ။ ချက်လက်မှတ်မလိုပါ ။ ဘဏ်စာအုပ်မလိုပါ ။ မြက်ခြောက် အမျှင်များနှင့် သစ်ရွက်အမှိုက်တချို့သာ လိုအပ်၏ ။ ဟုတ်ပါသလား ။ ထိုသို့ ဟုတ်ပါသလား ။ ငှက်များပျံကြ၏ ။ နေကားဝင်သွား၏ ။

ကျောက်ရုပ်ကြီးသည် နေမြဲအတိုင်း ရပ်တန့်လျှက် ၊ လူရွယ်သည်လည်း ထိုအတိုင်းမလှုပ်မယှက် ။ လနှင့်နေများ၏ အလင်းရောင်ကို အလှည့်ကျ ရရှိလျှက် ။ နှင်းပွင့်များ ပီပီသသမရှိသော ပုံသဏ္ဍန်တို့နှင့် ကြွေ၏ ။ ကျောက်ရုပ်ကြီးက မအေး ။ လူရွယ်ကလည်းချမ်းပုံမရှိ ။ နွေဦးစမ်းစမ်းတွင် အဝါရောင်ပန်းများ ပွင့်လန်းကြ၏ ။ ရနံ့လှိုင်းများကို အနီးဝန်းကျင်သို့ ဖြည်ချမွှေးပျံ့စေခဲ့၏ ။ ကျောက်ရုပ်ကြီးလည်း မမွှေး ။ လူရွယ်ကလည်း ခံစားမှုမဲ့ ။ မိုးတိမ်ခရီးသွားတို့ ရောက်လာကြ၏ ။ ပင်လယ်တွေဆီက စုပ်ယူထားသမျှတွေကို မနိုင်မနင်း အန်ချကြ ။ ကျောက်ရုပ်ကြီးက မိုးသည်းထဲ ။ လူရွယ်ကလေးလည်း မိုးရေရွှဲ ။

အတော်ကြာသွားပြီ ။ ထိုအတော်ကြာသွားပြီဆိုသည်မှာ နှစ်ပေါင်းများစွာ ကြာသွားခြင်းကို ဆိုလိုသည် ။ လူရွယ်၏ ကိုယ်ခန္ဓာမှာလည်း ရှုပ်လီလိမ်ထွေးနေသော နွယ်ပင်များ ။ ငှက်သိုက်အပျက်များ ။ သစ်ရွက်ဆွေး အမှိုက်များနှင့် ။

ထို့ထက်များစွာတို့ နွယ်ယှက်တွယ်ကပ်ပြီးဖြစ်သည်မှာ ကြာခဲ့ပြီ ။ ကျောက်ရုပ်ကြီးနှင့်အပြိုင် ကျောက်ရုပ်ဆန်ခဲ့တာ ကြာခဲ့ပြီ ။

အတော်ဝေးဝေးက လှမ်းကြည့်လျှင် ကျောက်ရုပ်နှစ်ရုပ်ဟုသာထင်ကြတော့မည် ။ အာကာအထက် တစ်ယူဇနာစူးစူးကနေ အောက်သို့ ငုံ့ကြည့်လျှင်တော့ သူတို့ကို ( သူတို့ = လူရွယ် + ကျောက်ရုပ်) မြင်ရမည်မဟုတ်ပေ ။ လူဟု အသိအမှတ်ပြုရန်အမှတ်အသား လူရွယ်ကလေးတွင် ရှာဖွေမလွယ်တော့ ။ ထိုသို့ဖြစ်သည်မှာ အတော်ကြာသွားခဲ့ပြီ ။ ငှက်သံ ၊ လေသံ ၊ ပန်းပွင့်သံ ၊ သစ်သီးကြွေသံ ၊ ရှဥ့်ငယ်ပြေးသံ ၊ ရံဖန်ရံခါ သားကောင်ကြီးများအော်တတ်သံ ၊ ခြုံအတွင်း ယုန်ငယ်များ တိုးဝှေ့သံ ။ ထိုအသံတို့နှင့်အတူ နှစ်ပေါင်းများစွာ ကြာသွားခဲ့ပြီ ။

တစ်နေ့မှာတော့ ကြားနေကျအသံများမှ ဖောက်ထွက်လာသော အသံတစ်သံကို ကြားလိုက်ရ၏ ။

" ငါ သံသယဖြစ်လာပြီ ၊ ငါ သံသယဖြစ်လာပြီ "

နှစ်ပေါင်းများစွာ တည်ငြိမ်နေသော လူရွယ်ကလေးပြန် အသက်ဝင်လာပြီဖြစ်မည်ဟု တချို့များ အတွေးဝင်သွားကြသေး၏ ။ တကယ်တမ်း ထိုသို့ အသံပြုလိုက်သူမှာ ကျောက်ရုပ်ကြီးပင်ဖြစ်၏ ။ကျောက်ရုပ်ကြီး၏ ခြေလှမ်းများက ရှေ့သို့ ရွေ့လျားလျှောက်လှမ်း သွား၏ ။ ခုနက စကားလုံကို ထပ်မံအော်ဟစ်၏ ။ လက်ရုံးသွင်း၍ မာခေါက်သော အသံတင်းတင်းကြီးနှင့် ။

" ငါသံသယဖြစ်လာပြီ ၊ ငါသံသယဖြစ်လာပြီ "

အော်သံအဆုံးမှာ ဖျပ် ခနဲ လူရွယ်ကို လှည့်ကြည့်၏။ လူရွယ်က တုတ်တုတ်မျှမလှုပ် ။ ကျောက်ရုပ်ကြီးထက်ပင် ကျောက်ရုပ်ဆန်နေ သေး၏ ။ ကျောက်ရုပ်ကြီးက လူရွယ်ကို နက်နက်ရှိုင်းရှိုင်းကြည့်ပြီး

" မင်းဘယ်သူလဲ ၊ ဒီကို ဘာလာလုပ်တာလဲ "

"................."

" ပြောလေ ... ပြော ... ပြော ... စမ်း ...ပါ .."

ကျောက်ရုပ်ကြီးမှာ သိချင်စွာမေးသော်လည်း ထင်ထားသည့်အတိုင်း အတုံ့အပြန်မရှိချေ။ လူရွယ်ကိုစေ့စေ့ကြည့်ပြီး တမြေ့မြေ့လည်း ခံစားလာရ၏ ။ အနီးအနားရှိ သစ်ပင်မှ ငှက်ကလေးတစ်ကောင်က ကျောက်ရုပ်ကြီးကို လှမ်းပြောလိုက်၏ ။

" ခင်ဗျားမေးမနေပါနဲ့ ။ သူမှ မဖြေချင်တာ "

" မခြေချင်တာလား ၊ မဖြေတတ်တာလား ၊ ဖြေလို့ကို မရတော့တာလား "

ကျောက်ရုပ်ကြီးက ထောင့်စေ့နိုင်သလောက်စေ့အောင် ပြန်အမေးပြု၏ ။ ငှက်ကလေးကလည်း စိတ်ရှုပ်သည့် ပုံစံနှင့် ပြောပြန်၏ ။

“ သူ့မှာ နေစရာ မရှိလို့ ဒီမှာ လာနေတာထင်ပါတယ်။ တခြားနေရာ မရှိဘူးလား ကမ္ဘာကြီးက အကျယ်ကြီးပဲ

အဲ့ဒီအကျယ်ကြီးမှာကို သူပိုင်တဲ့ နေရာမရှိလို့ နေမှာပေါ့ ။ ပြီးတော့ သူဒီမှာ ဒီလိုနေနေတာလဲ ကျုပ်တို့ကို ဘာတာဝန်မှ မကြီးစေပါဘူး”

အခွံမာသစ်သီးတစ်လုံးကို ကုတ်နေသော ရှဥ့်ကလေးတစ်ကောင်ကလည်း စကားဝိုင်းထဲ ဝင်လာ၏ ။

“အဲ့ဒါတွေ ထားပါဦး သူက ဘာလို့ စကားမပြောတာလဲ ။ အဲ့ဒါက ပိုစိတ်ဝင်စားစရာပဲ”

ကျောက်ရုပ်ကြီးက ထင်မြင်ချက်ပေး၏ ။သူ့မှာ ပြောစရာစကားမရှိလို့ နေမှာပေါ့ ။ နောက်ပြီး စကားလုံးတွေက မယုံကြည်ရလို့ ၊ စကားပြောတာ အဓိပ္ပါယ်မဲ့တာနဲ့ တူတယ်လို့ သူတွေးမိသွားလို့လားထင်တာတွေ ပြောပြီး ငြိမ်သွားကြပြန်သည် ။ အတွေးများစွာနှင့် ရှုပ်ထွေးသွားကြခြင်းဖြစ်သည် ။

“အိုး .... ခေါင်းရှုပ်လာပြီ ... ခေါင်းရှုပ်လာပြီ .......”

ကျောက်ရုပ်ကြီးက ခေါင်းကို လက်နှစ်ဘက်နှင့် ညှပ်ဖိပြီး ပြင်းထန်စွာအော်သည်။

ရှဥ့်ကလေးက တွေးတွေးစစဝင်ပြောပြန်သည် ။

" သူတစ်ခုခုကို ဒါမှမဟုတ် အရာအားလုံးကို စိတ်ကုန်လာတာလည်း ဖြစ်နိုင်တယ် "

" မသိဘူးကွာ ငါတို့တောင် အခု သူ့အကြောင်းခဏဆွေးနွေးတာတောင် ရူးချင်လာပြီ "

ကျောက်ရုပ်ကြီးက များများတွေးလျှင် ခေါင်းကိုက်ပုံရသည် ။ ငှက်ကလေးက ပြောသေးသည် ။

" လူတွေက ဒါမျိုးဖြစ်တတ်ကြသလား ။ ဘာလို့လဲ ။ ဘာကြောင့်လဲ "

နောက်ဆုံးမှာတော့ သူတို့အားလုံးတိုင်ပင်ပြီး လူရွယ်၏ ခန္ဓာကိုယ်ကို ထိတွေ့စမ်းသပ်ကြည့်ရန် ဆုံဖြတ်လိုက်၏ ။ ကျောက်ရုပ်ကြီးက လူရွယ်၏ ပါးကလေးတစ်ခြမ်းကို လက်ညှိုးနှင့် ထိကပ်ရန် တိုးသွား၏ ။ ထိုအချိန် ရည်ရွယ်ချက်မရှိရိုးမှန်သော လေအေးတစ်ချက်က သိမ့် ခနဲ တိုက်ခတ်သွားသည် ။ လူရွယ်၏ ခန္ဓာကိုယ်သည် ဝုန်း ခနဲ အနောက်သို့ လှန်ကျသွားသည် ။ ပက်လက်လှန်လဲကျသွားသော လူရွယ်၏ ကိုယ်ခန္ဓာအစိတ်အပိုင်းအချို့မှ မြေမှုန့်များတဖြည်းဖြည်းလျှောဆင်းသွားသည် ။

အားလုံးမှင်သက်ကာ ကြည့်မိနေကြသည် ။ သူ အသက်မရှိတော့တာ သေချာသွားပြီဟု အတည်ပြုလိုက်ကြသည် ။ သူ၏ ခန္ဓာကိုယ် အစိတ်အပိုင်းအချို့သည် မြေတစ်ပိုင်းပင်ဖြစ်နေပြီ မဟုတ်လား ။

"သူသေသွားပြီ "

"အင်း ... ဟုတ်တယ် ။ သေတာမှ နှစ်ပေါင်းများစွာ တောင်ကြာလှပြီ"

ကျောက်ရုပ်ကြီးက သေနေသော လူရွယ်၏ အလောင်းကို နားမလည်ရှုပ်ထွေးစွာ ၊ ဘာလုပ်ရမှန်းမသိစွာ ငေးကြည့်နေလေသည် ။ ငှက်ကလေးက စကားဝင်ပြောသည် ။

" လူတွေသေရင် မြေမြှပ်ပြီး မှတ်တိုင်စိုက်ပေးရတယ်တဲ့ "

ကျောက်ရုပ်ကြီးက လူအကြောင်း ငှက်လောက်ပင်မသိချေ ။ ကျော်ရုပ်ကြီးက ငှက်ကလေးပြောသည့်အတိုင်း လူရွယ်ကလေးကို မြေကျင်းနက်နက်တူး၍ မြှုပ်ပေးလေ၏ ။ မှတ်တိုငကလေးစိုက်ရင်းနှင့်လည်း

" နောက်ဆုံး မင်းပိုင်တဲ့ နေရာတစ်ခုတော့ ရသွားပြီပေါ့ "
ဟု ရေရွတ်လိုက်သေးသည် ။ အရာအားလုံး ပြန်အေးချမ်သွားပြီဟု ထင်ရသည် ။

သို့သော် သူတို့စိတ်က ပြီးဆုံးသွားပြီ ဟု မထင်မိသေးချေ ။တစ်စုံတစ်ခုက ခေါင်းထဲကို တဇွတ်ဇွတ် ထိုးစိုက်နေသည် ။ ထိုသို့ ဖြစ်နေ သည်က ကျောက်ရုပ်ကြီး ၊ ငှက်ကလေးနှင့် ရှဥ့်ကလေးတို့ သုံးယောက်လုံးဖြစ်သည် ။ရှဥ့်ကလေးက သူ့အတွေးစကို စကားအဖြစ် အရင်ပြောင်းသည် ။

" အင်း ... ဒီလိုဖြစ်တာ ဒီလူတစ်ယောက်တည်းမှ ဟုတ်ရဲ့လား "

" ဟုတ်တယ် ငါလည်း အဲ့ဒါကို တွေးနေတာ "

" ကျုပ်ကောပဲ "

သူတို့ အားလုံးလောကဓာတ်တစ်ခုလုံးကို ကျီးကန်းတောင်းမှောက်ကြည့်ကာ မလုံခြုံသလို သိမ့်ခနဲ ခံစားလိုက်၏ ။ အားလုံး မျက်လုံးချင်းဆိုင်မိကြသည် ။ အကြည့်တွေထဲတွင် အသိများ နေထိုင်နေကြသည် ။ ငှက်ကလေးက ခေါင်းညိတ်ပြသည် ။

" ကောင်းပြီ ကျုပ်သွားကြည့်လိုက်မယ် "

" အင်း .... အစစအရာရာ ဂရုစိုက်ပါ"

ငှက်ကလေး ဖျပ် ခနဲ ထပျံတက်သွားသည် ။ ကျောက်ရုပ်ကြီးနှင့် ရှဥ့်ကလေးက မော့ကြည့်ရင်း ကျန်ခဲ့၏ ။

ဟိုးအဝေးက လူများစွာ ရှိသော နယ်နိမိတ်များထံ သင်္ကာမကင်းစွာ ငှက်ကလေးသွားစုံစမ်းမည်ဖြစ်သည် ။ ခရီးအဆုံးမှာ ကျောက်ရုပ် တွေချည်းသာ ရှိတော့သော ကမ္ဘာ့မြို့ပြများကို တွေ့ရမည်လော ။ ငှက်ကလေး မမောမပမ်း ပျံသန်းလျှက် ။ ပင်လယ်နှင့်တောင်တန်း တွေကိုလည်းဖြတ် ။ စိတ်တွေရှုပ်ထွေးပူအိုက်စွာဖြင့် စကားတစ်ခွန်းကို ထပ်ခါထပ်ခါ အော်မြည်နေသေးတော့၏ ။

" ငါ သံသယဖြစ်လာပြီ ငါသံသယဖြစ်လာပြီ "

သူဝေး

ပင်မစာမျက်နှာသို့ပြန်သွားမည် >>